တိုက်ပွဲဖြစ်ပွားမှုများ(ဇွန် ဒုတိယပတ်)

Post By Nyein Ko Ko Soe, On June 17, 2020

တိုက်ပွဲဖြစ်ပွားမှုများ(ဇွန် ဒုတိယပတ်)

၂၀၂၀ ပြည့်နှစ် ဇွန် ၁၀ ရက်မှ ၁၆ ရက်အထိ (ဇွန် ဒုတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ စစ်တွေမြို့နယ်များနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်တို့တွင် တိုက်ပွဲ ခြောက်ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သား သုံးဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ယခုရက်သတ္တပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင်လည်း တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် RCSS/SSA အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

တပ်မတော်၏ အပစ်ရပ်ကြေညာထားမှုတွင် ပါဝင်သည့် ရှမ်းပြည်နယ်အတွင်း တပ်မတော်နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် RCSS/SSA အဖွဲ့တို့ ရက်သတ္တပတ် နှစ်ပတ်ဆက် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။

ဇွန် ၁၀ ရက် ညနေပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်အတွင်း တပ်မတော်နှင့် RCSS/SSA အဖွဲ့တို့ တနာရီခန့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ ကျဆုံးဒဏ်ရာရမှုများ ရှိခဲ့ကြောင်း သျှမ်းသံတော်ဆင့်သတင်းဌာန၏ ဇွန် ၁၁ ရက် သတင်းဖော်ပြမှုအရ သိရပါသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုမူ နှစ်ဖက်စလုံးက ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံမြို့နယ်၊ နားဖယောင်းကျေးရွာ အနီးတွင် တပ်မတော်နှင့် RCSS/SSA အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်းခံထားရသည့် ULA/AA အဖွဲ့နှင့် တပ်မတော်အကြား ယခုရက်သတ္တပတ်အတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း)တွင် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ဒေသခံထောင်နှင့် ချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သတင်းဌာနများ၏ ဖော်ပြမှုအရ သိရပါသည်။

ဇွန် ၁၀ ရက် နံနက်ပိုင်းက မင်းပြားမြို့နယ် ကျောက်ခုတ်နှင့် သစ်ပုတ်တောင်ကျေးရွာတို့ကြားတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပစ်ခတ်တိုက်ခိုက်သံများ ထွက်ပေါ်လာ၍ ယင်းကျေးရွာနှစ်ရွာမှ ဒေသခံ ခြောက်ထောင်ခန့်မှာ နီးစပ်ရာ ကျေးရွာများကို ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း RFA သတင်းဌာနက သတင်းဖော်ပြခဲ့ပါသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော်စစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်ပြီး ရွာထဲ ဝင်ပြေးသွား၍ တပ်မတော်က စစ်ဆေးမှုများ ပြုလုပ်ခဲ့ရကြောင်း RFA သို့ ပြောကြားခဲ့သည်။

တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသကဲ့သို့ တိုက်ပွဲများအတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ၍ ဒေသခံများ ထိခိုက်သေဆုံးသည့် ဖြစ်စဉ်များလည်း ရှိနေပါသည်။

ဇွန် ၁၀ ရက် နံနက် ၁ နာရီခန့်က စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာအတွင်း လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲခဲ့၍ အသက် ၉၀ ကျော် အရွယ် အဘွားအို တဦးသေဆုံးပြီး ဒေသခံ သုံးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဧရာဝတီသတင်းဌာန၏ သတင်းဖော်ပြမှုအရ သိရပါသည်။

စစ်တွေမှ ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ သွားရောက်သည့် တပ်မတော်စစ်ရေယာဉ်များကို အမြင့်ကျွန်းကျေးရွာအနီးမှ AA တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့၍ ပြန်လည်ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး အရပ်သားထိခိုက် သေဆုံးမှုနှင့် ပတ်သက်၍ မသိရှိကြောင်း တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

ထို့ပြင် ဇွန် ၁၁ ရက် နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့ပေါ်တွင် တပ်မတော်အရာရှိ တဦးနှင့် စစ်သည်တဦးကို AA တပ်ဖွဲ့ဝင်များက ဓားဖြင့် ဝိုင်းဝန်းတိုက်ခိုက်၍ စစ်သည်ကို ဖမ်းဆီးသွားခဲ့ပြီးနောက် တပ်မတော်က ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း VOA သတင်းဌာနက ဇွန် ၁၂ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။တပ်မတော်၏ ပစ်ခတ်မှုအတွင်း အရပ်သားတဦး သေဆုံးခဲ့ပြီး အဆိုပါသေဆုံးသူမှာ လုံခြုံရေးတပ်ဖွဲ့များကို ဓားဖြင့် ရန်ပြုလာ၍ ပစ်ခတ်ခဲ့ရခြင်းဖြစ်ပြီး လက်လုပ်မိုင်းတလုံး သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိ ခဲ့ရကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါသည်။

ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ကျောက်တော်နှင့် မင်းပြားမြို့နယ်များအတွင်း ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ရာ ဒေသခံ ထောင်နှင့် ချီ၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း VOA သတင်းတွင် ဖော်ပြထားပါသည်။

ထို့ပြင် ရသေ့တောင်မြို့နယ် ဒုံးပိုက်နယ်ခြားစောင့် ရဲကင်းစခန်းကို ဇွန် ၁၃ ရက် နံနက် ၅ နာရီခန့်က AA အဖွဲ့မှ လာရောက်တိုက်ခိုက်ခဲ့၍ တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဧရာဝတီသတင်းဌာနက သတင်းဖော်ပြခဲ့သည်။ မေ ၂၉ ရက် နံနက်ပိုင်းကလည်း ရသေ့တောင်မြို့နယ်အတွင်းရှိ သဇင်မြိုင် နယ်ခြား စောင့် ရဲကင်းစခန်းကို AA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့၍ ရဲတပ်ဖွဲ့ဝင် လေးဦး ကျဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။

ဇွန် ၁၄ ရက် ညနေပိုင်းတွင်လည်း ရသေ့တောင်မြို့နယ် ရေဇိုးချောင်းဗျူဟာအနီးရှိ အုန်းချောင်းကျေးရွာပတ်ဝန်းကျင်တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲ ပြင်းထန်နေ၍ အနီးရှိ ကျေးရွာများမှ ဒေသခံ တထောင်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း VOA သတင်းဌာန၏ သတင်းဖော်ပြမှုအရ သိရပါသည်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ပလက်ဝမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း ဇွန် ၁၀ ရက် နံနက်ပိုင်းက ဆန်သွားသယ်သည့် စစ်ဘေးရှောင်ဒုက္ခသည်များ လမ်းတွင် ပစ်ခတ်ခံရပြီး အမျိုးသားတဦး သေဆုံးခဲ့ကြောင်း ဧရာဝတီသတင်းဌာနက သတင်းဖော်ပြခဲ့ပါသည်။

သေဆုံးသူမှာ စိမ့်စင်းကျေးရွာရှိ စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ဒုက္ခသည်တဦး ဖြစ်ပြီး ၎င်းအပါအဝင် စိမ့်စင်းဝ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်အချို့သည် နေရပ်ရင်း နန်းချောင်းဝ ကျေးရွာသို့ ပြန်ပြီး ကားဖြင့် ဆန်သွားသယ်ရာမှ ရွာသို့ မရောက်မီ တောတွင်းတနေရာမှ လှမ်းပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း သတင်းတွင် ပါရှိခဲ့ပါသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်ဘက်မှ ပစ်ခတ်စရာ အကြောင်းမရှိကြောင်း ဧရာဝတီသတင်း ဌာနသို့ ပြောကြားခဲ့သည်ဟု သိရပါသည်။

 

၂၀၂၀ ပြည့်နှစ် ဇွန် ဒုတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။