တိုက်ပွဲဖြစ်ပွားမှုများ(ဇွန် နောက်ဆုံးပတ်)

Post By Nyein Ko Ko Soe, On July 1, 2020

တိုက်ပွဲဖြစ်ပွားမှုများ(ဇွန် နောက်ဆုံးပတ်)

၂၀၂၀ ပြည့်နှစ် ဇွန် ၂၄ ရက်မှ ၃၀ ရက်အထိ (ဇွန် နောက်ဆုံးပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ရသေ့တောင်၊ စစ်တွေ၊ မြေပုံ၊ ကျောက်ဖြူမြို့နယ်များ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်နှင့် ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တို့တွင် တိုက်ပွဲ ၁၃ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး အရပ်သား လေးဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့အကြား ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။ ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် RCSS/SSA အဖွဲ့တို့ ငါးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်တွင်လည်း KIO/KIA အဖွဲ့နှင့် တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားမှုများ ရှိခဲ့ပါသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့အကြား တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံရာနှင့် ချီ၍ နေရပ်စွန့်ခွာခဲ့ရပါသည်။

ကျောက်မဲမြို့နယ် ပန်လော့ကျေးရွာအုပ်စု၊ ပန်ကျဲန်၊ နမ့်ဖတ် ကျေးရွာများအနီးတွင် တပ်မတော်နှင့် RCSS တို့ ဇွန် ၂၅ ရက်မှ ဇွန် ၂၉ ရက်ထိ ငါးရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မဇ္ဈိမသတင်းဌာန၏ ဇွန် ၂၉ ရက် သတင်းဖော်ပြချက်အရ သိရပါသည်။

ဇွန် ၂၉ ရက် နံနက်ပိုင်းက ဖြစ်ပွားသော တိုက်ပွဲတွင် ပန်ကျဲန်ရွာထဲသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ၍ အမျိုးသားတဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပြီး အမျိုးသမီးတဦးလည်း ဒဏ်ရာများ ရရှိကာ ဆေးရုံသို့ တင်ပို့ထားရကြောင်း အဆိုပါသတင်းတွင် ဖော်ပြခဲ့သည်။

RCSS အဖွဲ့က နယ်မြေကျော်လွန်လှုပ်ရှားမှုများရှိခြင်းအပြင် မူးယစ်ဆေးဝါးတိုက်ဖျက်မှု အယောင်ပြ၍ အင်အား ဖြည့်တင်းမှုများ ပြုလုပ်နေခြင်းကြောင့် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် တိုက်ပွဲဖြစ်ပွားကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မဇ္ဈိမသတင်းဌာနသို့ ပြောကြားခဲ့ပြီး RCSS ဘက်ကမူ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စအကြောင်းကြားပြီးမှ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု တုံ့ပြန်ပြောကြားခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်းခံထားရသည့် ULA/AA အဖွဲ့နှင့် တပ်မတော်အကြား ယခုရက်သတ္တပတ်တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် အရပ်သားထိခိုက် သေဆုံးမှု များ ရှိသကဲ့သို့ တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်မည့် ညွှန်ကြားချက်ကြောင့် ရသေ့တောင် မြို့နယ်မှ ဒေသခံထောင်နှင့် ချီ၍ တိမ်းရှောင်ခဲ့ရပါသည်။

ဇွန် ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ရသေ့တောင်မြို့အနီးတွင် တပ်မတော်စစ်ကြောင်းများ မိုင်းဆွဲ တိုက်ခိုက်ခံ ရပြီးနောက် အပြန်အလှန် ပစ်ခတ်မှုအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ရသေ့တောင်မြို့ပေါ်ရှိ ရွှေပါရမီစစ်ဘေးရှောင်ဘုန်းတော်ကြီးကျောင်းမှ စစ်ရှောင်အမျိုးသားတဦး လက်နက်ကြီးကျည်စ ထိမှန်ခဲ့ ကြောင်း VOA သတင်းဌာနက ဇွန် ၂၅ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။ ရသေ့တောင်မြို့အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့မှုများ ရှိခဲ့သည်ဟု တပ်မတော်နှင့် AA အဖွဲ့ နှစ်ဖက်တာဝန်ရှိသူ များက အတည်ပြုခဲ့ကြကြောင်း အဆိုပါ VOA သတင်းတွင် ပါရှိခဲ့ပါသည်။

ထို့ပြင် ဇွန် ၂၄ ရက် နံနက်ပိုင်းကလည်း ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း တပ်မတော်စစ်ရေယာဉ် များကို AA အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့၍ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အနီးရှိ ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း VOA သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရပါသည်။

မြောက်ဦးမြို့နယ် ကျောက်တွင်းကုန်းကျေးရွာမှ ရွာသားတဦးလည်း ဇွန် ၂၅ ရက်ညပိုင်းက လေးမြို့မြစ် ကမ်းဘေးတွင် ငါးရှာနေစဉ် မြစ်တဖက်ကမ်း ပန်းမြောင်းကျေးရွာ ဘုရားတောင်ကုန်းပေါ်တွင် တပ်စွဲထားသည့် တပ်မတော်က ပစ်ခတ်၍ သေဆုံးခဲ့ကြောင်း ဧရာဝတီသတင်းဌာနက ဇွန် ၂၇ ရက်တွင် သတင်း ဖော်ပြခဲ့ပါသည်။

တပ်မတော်က မြစ်ကမ်းဘေးတွင် မီးအလင်းရောင်မြင်သည့်အတွက် မသင်္ကာမှုဖြစ်ကာ လှမ်းပစ်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆနေကြပြီး တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီကမူ ယင်းဖြစ်စဉ်အပေါ် ၎င်းအနေဖြင့် မသိရှိသေးကြောင်း ဧရာဝတီသတင်းဌာနသို့ ဖြေကြား ခဲ့ပါသည်။

ထို့ပြင် အမ်းမြို့နယ် ဒလက်ချောင်းရှိ နတ်မော်ကျေးရွာအတွင်း ဇွန် ၂၆ ရက် ညနေပိုင်းက လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦး သေဆုံးပြီး ကလေးတစ်ဦးအပါအဝင် သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဇွန် ၂၈ ရက်ထုတ် 7 Day Daily သတင်းစာတွင် သတင်းဖော်ပြခဲ့ပါသည်။

လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် (၂)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် လေးဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကာ လုံခြုံရေးအခြေအနေေကြာင့် လူနာများကို ဆေးရုံသို့ ညတွင်းချင်း ပို့ဆောင်ခွင့်မရရှိ၍ ဒဏ်ရာရအမျိုးသားတဦး ထပ်မံသေဆုံး ခဲ့ကြောင်း အမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက 7 Day သတင်းစာသို့ ပြောကြားခဲ့ကြောင်း သိရပါသည်။

ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲဖြစ်ပွားမှုများအပြင် မိုင်းပေါက်ကွဲမှုများလည်း ဆက်တိုက်ဖြစ်ပွားနေပြီး စစ်တွေ၊ ရသေ့တောင်နှင့် မြေပုံမြို့နယ်တို့တွင် ဇွန် ၂၇ ရက် တရက်တည်း၌ မိုင်းပေါက်ကွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် အရပ်သားထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့ကြောင်း DVB သတင်းဌာန၏ သတင်း ဖော်ပြချက်အရ သိရပါသည်။

ဇွန် ၂၇ ရက် နေ့လယ်ပိုင်းက စစ်တွေ-ရေချမ်းပြင်သွားလမ်း GTC ကျောင်းအနီးရထားလမ်းဘေးတွင် မိုင်း နှစ်လုံး ပေါက်ကွဲခဲ့သကဲ့သို့ မြေပုံမြို့နယ်၊ စညင်း ကျေးရွာအနီးတွင်လည်း မိုင်းနင်းမိ၍ အမျိုးသမီးတစ်ဦး ခြေပြတ်သွားခဲ့ကြောင်း DVB သတင်းတွင် ပါရှိခဲ့ပါသည်။ ထို့ပြင် ဇွန် ၂၇ ရက် ညနေပိုင်းတွင်လည်း ရသေ့တောင်မြို့အတွင်း ပြန်ဝင်လာသည့် တပ်မတော်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရပါသည်။

ရသေ့တောင်မြို့နယ်ကျောက်တန်းကျေးရွာအနီးဝန်းကျင်ကို တပ်မတော်က နယ်မြေရှင်းလင်းရေး ပြုလုပ်မည် ဖြစ်၍ ဒေသခံပြည်သူများ တိမ်းရှောင်ကြရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်ကို ပြန်လည်ရုပ်သိမ်းခဲ့သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံများလည်း ထွက်ပြေး တိမ်းရှောင်နေဆဲဖြစ်ကြောင်း VOA သတင်းဌာနက ဇွန် ၂၉ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအနီးရှိ အောင်သာစည်ကျေးရွာဘက် တောင်ကုန်းပေါ်တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေပြီး အနီးရှိ ကျေးရွာများကို လက်နက်ကြီး ထိမှန်ပျက်စီးမှုများ ရှိကြောင်း ဒေသခံများ၏ ပြောကြားမှုကို ကိုးကား၍ VOA သတင်းတွင် ဖော်ပြ ထားပါသည်။ ရသေ့တောင်မြို့နယ်ကျောက်တန်းကျေးရွာအနီးဝန်းကျင်ကို တပ်မတော်က နယ်မြေ ရှင်းလင်းရေး ပြုလုပ်မည့် ညွှန်ကြားချက်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဇွန် ၂၃ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ဇွန် ၂၆ ရက်တွင် ရုပ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ VOA သတင်းတွင် ပါရှိခဲ့ပါသည်။

ထို့ပြင် ဇွန် ၃၀ ရက်နံနက်ပိုင်းကလည်း ကျောက်ဖြူမြို့နယ်၊စစ်တောကျေးရွာအနီးရှိ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်များ၏လစာငွေများထုတ်ယူရန်အတွက် ကျောက်ဖြူမြို့သို့ ထွက်ခွာလာ သော တပ်မတော်ယာဉ်တန်းကို AA အဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါသည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ဇွန် ၂၉ ရက် နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် ဗန်းမော်မြို့နယ်အတွင်း တပ်မတော်နှင့် KIO/KIA အဖွဲ့အကြား တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း VOA သတင်းဌာနက ဇွန် ၃၀ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

ဗန်းမော်မြို့အနောက်ဘက်တွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုခဲ့ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိဘဲ တပ်မတော်စစ်ကြောင်းတခု မိုင်းနင်းမိခဲ့၍ ထိခိုက်မှုရှိခဲ့ကြောင်း VOA သို့ ပြောကြားခဲ့ပါသည်။

လွယ်ဂျယ်မြို့အနီးတွင် KIA က ဖွင့်ထားသည့် COVID-19 စစ်ဆေးရေးဂိတ်ကို ဇွန် ၂၂ ရက်က တပ်မတော်မှ ဖယ်ရှားခဲ့၍ နှစ်ဘက်အကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ သော်လည်း နှစ်ဖက်တာဝန်ရှိသူများကမူ အဆိုပါသတင်းများကို ငြင်းဆန်ခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဇွန် နောက်ဆုံးပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။