တိုက်ပွဲဖြစ်ပွားမှုများ(ဇန်နဝါရီ ပထမပတ်)

Post By Nyein Ko Ko Soe, On January 9, 2020

တိုက်ပွဲဖြစ်ပွားမှုများ(ဇန်နဝါရီ ပထမပတ်)

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃ ရက်မှ ဇန်နဝါရီ ၈ ရက်အထိ (ဇန်နဝါရီ ပထမပတ်)ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) မင်းပြား၊ ကျောက်တော်၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ကရင်ပြည်နယ် ဖာပွန်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၀ ကြိမ်ထက် မနည်းရှိခဲ့ပြီး မိုင်းပေါက်ကွဲမှုကြောင့် ကျောင်းသားကလေးငယ်လေးဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ဇန်နဝါရီ ပထမပတ်ကာလအတွင်း တိုက်ပွဲဖြစ်ပွားမှုများအနက် ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တပ်မတော်နှင့် AA အဖွဲ့အကြား ဖြစ်ပွားမှုအများဆုံးဖြစ်ခဲ့ပြီး NCA လက်မှတ်ထိုးထားသည့် KNU နှင့် တပ်မတော်တို့ အကြား လေးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့မှုလည်း ရှိခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီပထမပတ်ကာလအတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့်သာမက မိုင်းပေါက်ကွဲမှုများကြောင့် ရခိုင်ပြည်နယ်(မြောက်ပိုင်း)ဘူးသီးတောင်မြို့နယ်တွင် ကျောင်းသားကလေးငယ် လေးဦး သေဆုံး၊ ကျောင်းဆရာတဦးအပါအဝင် ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့သကဲ့သို့ ကျောက်တော်မြို့နယ် မဟာမုနိ ဘုရားအနီးပစ်ခတ်မှုတွင်လည်း အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့ပါသည်။

အရပ်သားသေဆုံးမှုများခဲ့သည့် မိုင်းပေါက်ကွဲမှုမှာ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ ဘူးသီး တောင်မြို့နယ် ကျောက်ရန်အုပ်စု ထိပ်ထူးပေါက်ကျေးရွာအနီး တောင်တန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိုင်းပေါက်ကွဲမှုကြောင့် ထင်းရှာသွားသည့် ကျောင်းသားကလေးငယ် လေးဦး သေဆုံးခဲ့ကာ ကျောင်းဆရာ တဦး အပါအဝင် ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်နှင့် AA အဖွဲ့အကြား အပြန်အလှန်စွပ်စွဲပြစ်တင်ခဲ့ကြသည်။
အလားတူ အရပ်သားထိခိုက်မှုဖြစ်ခဲ့သည့် တိုက်ပွဲဖြစ်စဉ်မှာ ဇန်နဝါရီ ၅ ရက် ညနေပိုင်းက ကျောက်တော်မြို့ နယ် မဟာမုနိဘုရားအနီးတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ပစ်ခတ်မှုအတွင်း အမျိုးသမီးတဦး လက်နက်ကြီး ကျည်စ ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ပါသည်။

ဇန်နဝါရီပထမပတ်ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) မင်းပြားမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ရာမောင်တံတားအနီးတွင် ဇန်နဝါရီ ၅ ရက်က တိုက်ပွဲဖြစ်ပွားခဲ့သကဲ့သို့ ဇန်နဝါရီ ၇ ရက်ကလည်း ရာမောင်တံတားအနီး ချင်းဖားပြိုကျေးရွာအနီး ပြည်ထောင်စုကားလမ်းပေါ်တွင် တပ်မတော်ထောက်ပို့ယာဉ်တန်းကို AA အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းကြောင့် ကားနှစ်စီး မီးလောင်ပျက်စီး ခဲ့ပါသည်။

ထို့ပြင် မင်းပြားမြို့နယ် ခွဆုံကျေးရွာအနီးတွင် ဇန်နဝါရီ ၈ ရက် မနက်ပိုင်းမှစ၍ တပ်မတော်နှင့် AA အဖွဲ့အ ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး တပ်မတော်ဘက်က လေယာဉ်နှစ်စီးဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ဇန်နဝါရီ ပထမပတ်အတွင်း ချင်းပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့သော်လည်း ပလက်ဝမြို့နယ် ငရှားကျေး ရွာတွင် ဇန်နဝါရီ ၇ ရက်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့ပါသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့်အဖွဲ့က ထောင်ထားသောမိုင်းကြောင့် ဖြစ်ပွားခြင်းဖြစ်သည်ကို မသိရှိရသေးကြောင်း သိရပါသည်။

တပ်မတော်နှင့် KNU တို့ တိုက်ပွဲဖြစ်ပွားမှု

ဇန်နဝါရီ ပထမပတ်ကာလအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများအနက် သတိပြုစရာတိုက်ပွဲဖြစ်ပွားမှုမှာ ဇန်နဝါရီ ၂ ရက်မှ ၅ ရက်အထိ ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင် တပ်မတော်နှင့် KNU တပ်မဟာ ၅ တို့ တိုက်ပွဲငယ်များ ရက်ဆက်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ဇန်နဝါရီ ၂ ရက်က ဖာပွန်မြို့နယ် ဝါသိုးခိုကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း တပ်မတော်ဘက်က တဦး ကျဆုံးကြောင်း အတည်ပြုခဲ့သော်လည်း လေးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ပထမပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။