ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (စက်တင်ဘာ နောက်ဆုံးပတ်)

Post By Nyein Ko Ko Soe, On October 2, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (စက်တင်ဘာ နောက်ဆုံးပတ်)
၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၁ ရက်အထိ (စက်တင်ဘာ နောက်ဆုံးပတ်) ကာလအတွင်း ကိုဗစ် – ၁၉ ကပ်ရောဂါ ဖြစ်ပွားမှု မြင့်တက်နေခြင်းကြောင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးနှင့် ထာဝရ ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်က အပစ်ရပ်ကြေညာမှု တလသက်တမ်း တိုးမြှင့်ခဲ့သည့်သတင်းမှာ ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်တခုအဖြစ် ရှိခဲ့ပါသည်။

ထို့အပြင် AA အဖွဲ့က တိုက်ခိုက်မှုများလုပ်နေ၍ တနိုင်ငံလုံးအပစ်ရပ်ကြေညာမှု လက်တွေ့လုပ်ရန် ခက်ခဲဟု တပ်မတော်က ပြောကြားခဲ့ခြင်း၊ ကော့ကရိတ်လမ်းဟောင်းတွင် တပ်မတော်သားအချို့ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ တပ်မတော်၏ စွပ်စွဲမှုကို ကရင်အမျိုးသား အစည်းအရုံး(KNU) က ငြင်းဆန်ခဲ့ခြင်းစသည့် သတင်းများလည်း ရှိခဲ့ပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

ယခုရက်သတ္တပတ်အတွင်း NCA လက်မှတ်မထိုးရသေးသော အဖွဲ့များနှင့် ပတ်သက်သော သတင်းများအနက် သတိပြုစရာသတင်းမှာ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရသည့် AA အဖွဲ့က တိုက်ခိုက်မှုများလုပ်နေ၍ တနိုင်ငံလုံးအပစ်ရပ်ကြေညာမှု လက်တွေ့လုပ်ရန် ခက်ခဲဟု တပ်မတော်က ပြောကြားခဲ့ကြောင်း စက်တင်ဘာ ၂၇ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြခဲ့သော သတင်းဖြစ်ပါသည်။

လက်ရှိအခြေအနေ၌ တည်ဆောက်ရေး ကိစ္စများနှင့် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေး လုပ်ဆောင်မှုများ အပေါ် ပိုမိုအာရုံစိုက်သင့်သည်ဟု ထင်သော်လည်း AA အဖွဲ့က တိုက်ပွဲဆင်နွှဲမှုများ၊ ချောင်းမြောင်း တိုက်ခိုက်မှု များ လုပ်ဆောင်နေ၍ တစ်နိုင်ငံလုံး အပစ်ရပ်ကြေညာမှုကို လက်တွေ့ လုပ်ဆောင်ရန် ခက်ခဲသည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက စက်တင်ဘာ ၂၆ ရက်က အွန်လိုင်းမှ ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း 7 Day သတင်းတွင် ဖော်ပြခဲ့ပါသည်။

ထို့အပြင် “၀”အဖွဲ့ (UWSP/UWSA)ကို ပုံရိပ်ကျဆင်းစေမည့်သတင်းမှားများ၊ ရန်တိုက်ပေးသည့် သတင်းမှား များ လူမှုကွန်ရက်တွင် မကြာခဏ ထုတ်လွှင့်နေကြသည့်အပေါ် မယုံကြည်ရန် ယင်းအဖွဲ့၏ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံဦးညီရန်းက ပြောက‌ြားခဲ့မှုကို 7 Day Daily သတင်းစာက အောက်တိုဘာ ၁ ရက်တွင် ဖော်ပြခဲ့ သည့် သတင်းလည်း ရှိခဲ့ပါသည်။

၂၀၂၁ ဇန်နဝါရီ ၁ ရက်က စ၍ “၀”ဒေသ၏ ဝေဟင်ပိုင်နက်သို့ မည်သည့်နိုင်ငံလေယာဉ်မျှ ပျံသန်းရန် ခွင့်မပြုကြောင်း၊ ကြိုတင်ခွင့် ပြုချက်မယူပါက သတိပေးပစ်ခတ်သွားမည် ဖြစ်ကြောင်း လူမှုကွန်ရက်၌ ရေးသားချက်အပြင် UWSA က ကိုယ်ပိုင်ငွေကြေးထုတ်လုပ်သုံးစွဲနေသည်ဆိုသည့် လုပ်ကြံဖန်တီးသည့် သတင်းများကို UWSA အဖွဲ့က ပြန်လည်ရှင်းလင်းခဲ့ကြောင်း သတင်းတွင် ပါရှိခဲ့သည်။

သတင်းမှားများနှင့် ပတ်သက်၍ သိရှိလိုသည်များကို ၎င်းတို့ထံ တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ကြောင်း UWSA လားရှိုးဆက်ဆံရေး ရုံးတာဝန်ခံဦးညီရန်းက 7 Day ကို အသိပေးပြောကြားခဲ့ပါသည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

စက်တင်ဘာ ၃၀ ရက် ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြမှုအရ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်၏အပစ်ရပ်ကြေညာမှုကို စက်တင် ဘာ ၂၉ ရက်က တလ သက်တမ်း တိုးမြှင့်ခဲ့ကြောင်း သိရပါသည်။

နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ် ကြေညာထားသောအကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများ မှအပ ကျန်နယ်မြေများတွင် တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းကြောင်း ကြေညာချက်ကို မေလ ၉ ရက်မှ သြဂုတ်လကုန်အထိ ပထမအကြိမ် ထုတ်ပြန်ခဲ့ပြီး စက်တင်ဘာလကုန်ထိ သက်တမ်း တိုးမြှင့်ခဲ့ပြီးနောက် ယခုနောက်ထပ် တစ်လ ထပ်မံသက်တမ်းတိုးမြှင့်ခြင်းဖြစ်ကြောင်း 7 Day သတင်းတွင် ပါရှိခဲ့ပါသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ဒုတိယလှိုင်းအတွင်း ကူးစက်နှုန်းမြင့်မားခြင်း နှင့် သေဆုံးမှုများရှိနေခြင်းကြောင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို တနိုင်ငံလုံး အတိုင်းအတာဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်နှင့် အမျိုးသားအကျိုးစီးပွားအတွက် အင်တိုက်အားတိုက် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

နောက်ထပ်သတင်းတပုဒ်မှာ ကရင်ပြည်နယ် မြဝတီ – ကော့ကရိတ်လမ်းဟောင်းတွင် တပ်မတော်သားအချို့ သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ တပ်မတော်၏ စွပ်စွဲမှုကို ကရင်အမျိုးသားအစည်းအရုံး(KNU) က ငြင်းဆန်ခဲ့ကြောင်း RFA သတင်းဌာနက အောက်တိုဘာ ၁ ရက်တွင် ဖော်ပြခဲ့သည့်သတင်းဖြစ်ပါသည်။

ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းက ဖြစ်ပွာခဲ့သည့် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးရမိထားသူ နှစ်ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ရာ KNU နှင့် ဆက်စပ်မှုရှိသည်ဟု ကနဦး တွေ့ရှိထားကြောင်း တပ်မတော်တင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စွပ်စွဲပြောကြားမှုကို KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးက ငြင်းဆိုခဲ့ပြီး တုံ့ပြန်ကန့်ကွက်သွားမည်ဟု RFA ကို ပြောကြားခဲ့ကြောင်း သိရပါသည်။

 

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ နောက်ဆုံးပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။