တိုက်ပွဲဖြစ်ပွားမှုများ(ဇူလိုင် ပထမပတ်)

Post By Nyein Ko Ko Soe, On July 8, 2020

တိုက်ပွဲဖြစ်ပွားမှုများ(ဇူလိုင် ပထမပတ်)

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁ ရက်မှ ၇ ရက်အထိ (ဇူလိုင် ပထမပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့အပါအဝင် ယခင်တိုက်ပွဲဖြစ်ပွားရာဒေသများတွင် တိုက်ပွဲ မဖြစ်ပွားခဲ့သကဲ့သို့ အရပ်သား ထိခိုက်သေဆုံးမှုလည်း မရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များ အရ သိရပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်း ခံထားရသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့အကြား ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့သော်လည်း တပ်မတော်က နယ်မြေရှင်းလင်းမည့်သတင်းများကြောင့် ကျောက်တော်၊ မြောက်ဦးနှင့် အမ်းမြို့နယ်များမှ ဒေသခံထောင်နှင့် ချီ၍ ထွက်ပြေးတိမ်းရှောင်နေကြရပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ယခုရက်သတ္တပတ်အတွင်း အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် တပ်မတော်အကြား ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့သော်လည်း ဒေသခံထောင်နှင့် ချီ၍ တိမ်းရှောင်ခဲ့ရပါသည်။

တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်မည်ဟု နှုတ်ဖြင့် အမိန့်ပေးမှုကြောင့် အမ်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ ဒေသခံ ငါးထောင်ကျော်မှာ အမ်းမြို့ပေါ်အပါအဝင် နီးစပ်ရာကျေးရွာများကို ရွှေ့ပြောင်းခဲ့ရကြောင်း RFA သတင်းဌာနက ဇူလိုင် ၅ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

သို့ရာတွင် ဒလက်ချောင်းဘက်တွင် နယ်မြေရှင်းလင်းရန် စာထုတ်ထားခြင်း မရှိကြောင်းနှင့် ယင်းဘက်တွင် တိုက်ခိုက်မှုများ ရှိခဲ့၍ နယ်မြေလုံခြုံရေးအရ စစ်ဆေးဆောင်ရွက်မှုအချို့သာ ရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက RFA သို့ ပြောကြားခဲ့ပါသည်။

အလားတူ ရသေ့တောင်မြို့နယ်တွင်လည်း တပ်မတော်က နယ်မြေရှင်းလင်းမည်ဆိုသော သတင်းများကြောင့် ရွာလုံးကျွတ်အလိုက် ပြောင်းရွှေ့မှုအပါအဝင် ထွက်ပြေးရသူ ၂၆၀၀၀ ကျော် ရှိလာပြီဟု ဒေသခံများနှင့် အရပ်ဖက်အဖွဲ့အစည်းများက ပြောကြားမှုကို ကိုးကား၍ မဇ္ဈိမသတင်းဌာနမှ ဇူလိုင် ၆ ရက် သတင်းဖော်ပြမှုအရ သိရပါသည်။

ဇူလိုင် ၆ ရက် ညနေပိုင်းအထိ ရသေ့တောင်မြို့နယ်အတွင်း ရွာပေါင်း (၁၆) ရွာမှ လူ ၂၀၀၀၀ ခန့် ထွက်ပြေးခဲ့ရပြီး အမ်းမြို့နယ်ရှိ ရွာ ငါးရွာမှလည်း ထွက်ပြေးတဲ့သူ ၆၀၀၀ ကျော် ပတ်ဝန်းကျင်ရှိနေကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။ တပ်မတော်ဘက်ကမူ နယ်မြေရှင်းလင်းမည်ဆိုသောစာကို ပြန်ရုပ်သိမ်းပြီးသားဖြစ်ကြောင်း ထပ်လောင်းပြောဆိုခဲ့ပြီး AA အဖွဲ့ဘက်က လှုံ့ဆော်မှုဟု စွပ်စွဲလိုက်ကြောင်း မဇ္ဈိမသတင်းတွင် ပါရှိခဲ့ပါသည်။

BBC သတင်းဌာနကလည်း ရသေ့တောင်မြို့နယ်တွင် ဇွန်တတိယပတ်က စတင်၍ တပ်မတော်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ ပြုလုပ်မည်ဟု ထုတ်ပြန်ခဲ့ခြင်းကြောင့် ရသေ့တောင်အပြင် အမ်း၊ မြောက်ဦးမြို့နယ်များက ဒေသခံ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဇူလိုင် ၅ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

တပ်မတော်၏ စစ်ဆင်ရေးသတင်းကြောင့် ရခိုင်ပြည်နယ်(မြောက်ပိုင်း)ရှိ ရသေ့တောင်၊ အမ်းနှင့် မြောက်ဦး မြို့နယ်များမှ နေရပ်စွန့်ခွာနေကြသူတွေ နေ့စဉ်ရှိနေပြီး ဇွန် နောက်ဆုံးပတ်နှင့် ဇူလိုင် ပထမပတ်တို့တွင် နေရပ်စွန့်ခွာသူ သုံးသောင်းခန့် အထိရှိလာကြောင်း အဆိုပါစစ်ရှောင်ဒုက္ခသည်များကို အကူအညီပေး နေသူများ၏ ပြောကြားမှုကို ကိုးကား၍ BBC သတင်းတွင် ဖော်ပြထားပါသည်။

ပြည်နယ်အစိုးရနှင့် တပ်မတော်ဘက်မှ အဆိုပါစစ်ဆင်ရေးများကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ပြောဆိုနေကြသော်လည်း မြေပြင်အခြေအနေတွင် ဒေသခံ ကျေးရွာသား အများအပြားမှာ နေရပ် စွန့်ခွာတိမ်းရှောင်နေရဆဲဖြစ်ကြောင်း အဆိုပါသတင်းတွင် ပါရှိခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဇူလိုင် ပထမပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။