တိုက်ပွဲဖြစ်ပွားမှုများ (ဒီဇင်ဘာ ပထမပတ်)

Post By On December 10, 2020

တိုက်ပွဲဖြစ်ပွားမှုများ (ဒီဇင်ဘာ ပထမပတ်)

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂ ရက်မှ ၉ ရက်အထိ (ဒီဇင်ဘာ ပထမပတ်) ကာလအတွင်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲ လေးကြိမ် ဖြစ်ပွားခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တလခွဲကြာ တိုက်ပွဲ မရှိခဲ့ခြင်းကြောင့် စစ်ရှောင် သောင်းနှင့် ချီ၍ နေရပ်ပြန်နိုင်ခဲ့ကြပါသည်။ သို့ရာတွင် ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင် တပ်မတော်နှင့် KNU တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သကဲ့သို့ ရှမ်းပြည်(မြောက်ပိုင်း) သီပေါ၊ နမ္မတူမြို့နယ်များတွင်လည်း RCSS နှင့် SSPP ၊ TNLA အဖွဲ့အကြား တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် အရပ်သားရာနှင့် ချီ၍ တိမ်းရှောင်နေရပါသည်။

 

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ယခုရက်သတ္တပတ်အတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် NCA မထိုးထားသည့် အဖွဲ့နှစ်ဖွဲ့ဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ တအာင်းအဖွဲ့(PSLF/TNLA)အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။

မဇ္ဈိမသတင်းဌာန၏ ဖော်ပြမှုအရ ဒီဇင်ဘာ ၇ ရက်နံနက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ်အတွင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် တအာင်းအဖွဲ့ (PSLF/TNLA)အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါသည်။ နမ္မတူမြို့နယ်၊ ပန်တောင်းတံတားအနီး၊ မိုင်းမုကျေးရွာဘက်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရွာနှင့် အနည်းငယ်ဝေး၍ ဒေသခံများ ထိခိုက်မှု မရှိခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။

ဒီဇင်ဘာ ၅ ရက်က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)တို့ ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း မဇ္ဈိမသတင်းဌာနကပင် သတင်းဖော်ပြခဲ့ပါသည်။ သီပေါမြို့နယ်၊ ဖားလိုင်းတောင်၊ ဖားလိုင်းရွာ မြောက်ဖက်၊ လွယ်လမ်တောင်အနီးတွင် တနာရီခွဲခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံများကို မထိခိုက်ခဲ့ကြောင်း နမ္မတူမြို့နယ် စစ်ဘေးရှောင် စခန်းတာဝန်ခံ စိုင်းဘဉာဏ်က မဇ္ဈိမကို ပြောကြားခဲ့သည်။

ထို့အပြင် ဒီဇင်ဘာ ၉ ရက်တွင်လည်း RCSS နှင့် SSPP ၊ TNLA အဖွဲ့တို့အကြား နမ္မတူမြို့နယ် နားကျွဲရွာအနီး တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံ နှစ်ရာခန့် တိမ်းရှောင်ထွက်ပြေးခဲ့ရကြောင်း VOA သတင်းဌာနက သတင်းဖော်ပြခဲ့ပါသည်။ ယခုတိုက်ပွဲဖြစ်ပွားမှုတွင် RCSS ဘက်မှ တပ်မတော်က ဝင်ရောက်တိုက်ခိုက်ပေးကြောင်း TNLA အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး တာ့အိုက်ကျော်က VOA သို့ ပြောကြားခဲ့သော်လည်း တပ်မတော်ဘက်ကမူ တစုံတရာတုံ့ပြန်ပြောကြားခြင်း မရှိခဲ့ပေ။

 

မန္တလေးတိုင်းဒေသကြီးအတွင်း တိုက်ပွဲဖြစ်ပွားမှု

ဒီဇင်ဘာ ပထမပတ်အတွင်း မိုးကုတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့သော်လည်း TNLA နှင့် SSPP အဖွဲ့ များက အရပ်သားများကို ဖမ်းဆီးမှုများ ရှိနေပါသည်။

ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက မိုးကုတ်မြို့က SP မုန့်တိုက်ပိုင်ရှင်ကို TNLA အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုအဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာ့အိုက်ကျော်က VOA ကို အတည်ပြုခဲ့သော်လည်း အသေးစိတ်အခြေအနေကိုမူ ပြောပြခဲ့ခြင်း မရှိကြောင်း သိရပါသည်။

ထို့အပြင် ဒီဇင်ဘာ ၅ ရက်ညပိုင်းတွင်လည်း မိုးကုတ်မြို့နယ် ကျောက်တစ်လုံးကျေးရွာနေ အမျိုးသမီးတဦးကို SSPP အဖွဲ့က သေနတ်ပစ်ဖောက် ဖမ်းဆီးသွားခဲ့ကြောင်း 7 Day Daily သတင်းစာက သတင်းဖော်ပြခဲ့ပါသည်။ ထိုအမျိုးသမီးကို ဖမ်းဆီးရခြင်းမှာ မူးယစ်ဆေးဝါးရောင်းချသည်ဟု တိုင်ကြားမှုကြောင့် ဖြစ်သည်ဟု SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းသန်းအောင်က 7 Day ကို ပြောကြားခဲ့ပြီး ထိုအမျိုးသမီးတဦးတည်းပင် မဟုတ်ဘဲ မိုးကုတ်-မိုင်းလုံဒေ သမှ မူးယစ်ဆေးဝါးသုံးစွဲရောင်းချသူ ၁၅ ဦးကို ဒီဇင်ဘာ ၃ ရက်က စတင်၍ ပြည်သူလူထု၏ တိုင်ကြားမှုကြောင့် ထိန်းသိမ်းခေါ်ဆောင်ထားကြောင်း ပြောကြားခဲ့ပါသည်။

ထိုကဲ့သို့ လက်နက်ကိုင်အဖွဲ့များက အရပ်သားများကို ဖမ်းဆီးနေမှုများ ရပ်တန့်ပေးရန် မိုးကုတ် အရပ်ဘက်အဖွဲ့အစည်းများမှ သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်၍ တောင်းဆိုနေကြပါသည်။

 

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

အောက်တိုဘာ နောက်ဆုံးပတ်မှစ၍ လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA အဖွဲ့တို့ တလခွဲကြာ တိုက်ပွဲမဖြစ်ပွားတော့ခြင်းကြောင့် စစ်ရှောင် ခုနစ်သောင်းခန့် နေရပ်ပြန်သွားခဲ့ကြပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)၏ အချက်အလက်များကို ကိုးကား၍ 7 Day နှင့် RFA သတင်း ဌာနများက သတင်းဖော်ပြခဲ့ကြပါသည်။

RFA သတင်းဌာန၏ ဒီဇင်ဘာ ၆ ရက် ဖော်ပြမှုအရ အဆိုပါနေရပ်ပြန် ခုနစ်သောင်းခန့်တွင် စစ်ရှောင်စခန်းများ မှ ပြန်သူ သုံးသောင်းခန့်နှင့် စခန်းများပြင်ပမှ လေးသောင်းခန့်ရှိပြီး ရသေ့တောင်နှင့် မြောက်ဦးမြို့နယ်များမှ အများဆုံးဖြစ်ကြောင်း REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောကြားခဲ့သည်ဟု သိရပါသည်။ သို့ရာတွင် နေရပ်ပြန်သူများအားလုံးမှာ အပြီးပြန်ခြင်းမဟုတ်ဘဲ တိုက်ပွဲများ ရပ်ဆိုင်းနေချိန်တွင် လယ်ယာလုပ်ငန်းခွင် ရိတ်သိမ်းကာလဖြစ်၍ ယာယီသဘောပြန်ကြခြင်းသာ ဖြစ်ပြီး မြေမြှုပ်မိုင်းအန္တရာယ်နှင့် တိုက်ပွဲများ ပြန်ဖြစ် လာမည်ကို စိုးရိမ်၍ အပြီးပြန်ရန် မသေချာသေးကြောင်း RFA သတင်းတွင် ဖော်ပြထားပါသည်။

သို့ရာတွင် ရသေ့တောင်မြို့နယ်မှ နေရပ်ပြန်သူများအနေဖြင့် ပစ်ခတ်မှုများရှိနေခြင်းကြောင့် စပါးရိတ်သိမ်း၍ မရသေးကြောင်း VOA သတင်းဌာနက ဒီဇင်ဘာ ၅ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။ ရသေ့တောင်မြို့နယ် ကျောက်ရံနှင့် မောင်ဖြူရွာများမှ ရွာသားများ စပါးရိတ်သိမ်းရာဘက်ကို အမျက်တောင်နှင့် ရေစိုးချောင်းဗျူဟာက သေနတ်ဖြင့် ပစ်ခတ်နေသည့်အတွက် အလုပ်လုပ်၍ မရကြောင်း အဆိုပါသတင်းတွင် ပါရှိပါသည်။

 

ကရင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ဖာပွန်မြို့နယ်တွင် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ ဒီဇင်ဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဧရာ၀တီသတင်းဌာန၏ ဖော်ပြမှုအရ သိရပါသည်။

တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မတော်နှင့် KNU တပ်မဟာ ၅ တို့ အကြား ဖာပွန်မြို့နယ်တွင် ဒီဇင်ဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီသို့ ပြောကြားခဲ့သည်။
ထိုတိုက်ပွဲနှင့် ပတ်သက်ပြီး တပ်မတော်မှ KNU က လာပစ်သဖြင့် ပြန်လှန်ပစ်ခတ်ရကြောင်း ပြောကြားခဲ့ပြီး KNU ဘက်ကလည်း တပ်မတော်ဘက်က အကြောင်းမကြားဘဲ တပ်လှုပ်ရှားမှု ဆောင်ရွက်သဖြင့် ထိတွေ့ တိုက်ပွဲ ဖြစ်ရသည်ဟု စွပ်စွဲခဲ့ကြောင်း ဧရာ၀တီသတင်းတွင် ဖော်ပြထားပါသည်။

 

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ပထမပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။