တိုက်ပွဲဖြစ်ပွားမှုများ (ဩဂုတ် နောက်ဆုံးပတ်)

Post By Nyein Ko Ko Soe, On September 2, 2020

တိုက်ပွဲဖြစ်ပွားမှုများ (ဩဂုတ် နောက်ဆုံးပတ်)

၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၆ ရက်မှ စက်တင်ဘာ ၁ ရက်အထိ (ဩဂုတ် နောက်ဆုံးပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ရသေ့တောင်၊ ကျောက်တော်မြို့နယ်များတွင် တိုက်ပွဲ နှစ်ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး အရပ်သား သုံးဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့ အကြား ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုမြင့်မားနေချိန်တွင် စစ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေသည်။ ထို့အပြင် ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီကားလမ်းဟောင်းရှိ ဆက်သွယ်ရေးစခန်းတွင် တာဝန်ထမ်းဆောင်နေသော တပ်မတော်သားအချို့ တိုက်ခိုက်ခံခဲ့ရခြင်းကြောင့် ထိခိုက်သေဆုံးမှုများ ရှိခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုမြင့်မားနေသော်လည်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် ယခုရက်သတ္တပတ်အတွင်း တပ်မတော်နှင့် ULA/AA အဖွဲ့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားထိခိုက်သေဆုံးမှုများ ရှိသကဲ့သို့ ဒေသခံ ရာနှင့်ချီ၍ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရပါသည်။

ကျောက်တော်မြို့နယ်တွင် ဩဂုတ် ၂၇ ရက်က ပစ်ခတ်မှုများအတွင်း ဒေသခံနှစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ဧရာ၀တီသတင်းဌာနက ဩဂုတ် ၂၈ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

ကျောက်တော်မြို့ ရှမ်းရွာရပ်ကွက်မှ ရွာသားတဦးမှာ နေအိမ်မှ အပြင်ထွက်စဉ် တပ်မတော်စစ်ကြောင်းနှင့် တွေ့ဆုံပြီး ပစ်သတ်ခံရခြင်းဖြစ်သည်ဟု မိသားစုဝင်များက ဧရာ၀တီသို့ ပြောကြားခဲ့ပါသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်ဘက်က သတင်းထုတ်ပြန်ခဲ့ရာ တပ်မတော်သားများ လုံခြုံရေး ဆောင်ရွက်နေစဉ် သြဂုတ် ၂၇ ရက် နံနက်အစောပိုင်းက ကျောက်တော်- ဝါးကင်းကျေးရွာ အသွားလမ်းကြောင်းပေါ်၌ လူနှစ်ဦးက မသင်္ကာဖွယ်ရာ မီး အပြန် အလှန် အချက်ပြမှု ပြုလုပ်နေသည်ကို တွေ့ရ၍ စစ်ဆေးနိုင်ရန် ခေါ်ယူစဉ် ထွက်ပြေးသဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ တဦးကို အသေဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

အလားတူ ဩဂုတ် ၂၇ ရက် နံနက်ပိုင်းကလည်း ကျောက်တော်မြို့အနီး ရန်ကုန်- စစ်တွေ ကားလမ်းပေါ်ရှိ အပေါက်ဝကျေးရွာမှ ကောက်စိုက်နေသော အမျိုးသမီး သုံးဦး လက်နက်ကြီးကျည် ထိမှန်ခဲ့၍ တဦး သေဆုံး၊ နှစ်ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း အဆိုပါဧရာ၀တီသတင်းတွင် ပါရှိခဲ့ပါသည်။ ရခိုင် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မင်းသန်းက အဆိုပါအပေါက်ဝ ကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားမှု မရှိကြောင်းနှင့် လက်နက်ကြီး ကျည် ကျရောက်ခြင်းမှာလည်း မည်သူက ပစ်ခတ်မှန်း မသိကြောင်း ဧရာ၀တီသို့ ဖြေကြားခဲ့ပါသည်။

ဩဂုတ် ၂၉ ရက်က ရသေ့တောင်မြို့နယ် ငစံဘော်ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့၍ အိမ်ထဲရှိ ရွာသားတစ်ဦးဒဏ်ရာရခဲ့ကြောင်း စက်တင်ဘာ ၁ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြခဲ့ပါသည်။ လက်နက်ကြီးကျည်များမှာ ငစံဘော်ကျေးရွာအနီးရှိ အခြားကျေးရွာများကိုလည်း ကျရောက်ပေါက်ကွဲခဲ့ပြီး ရသေ့တောင်ဘက်မှ ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားခဲ့သည်ဟု 7 Day သတင်းတွင် ဖော်ပြထားပါသည်။

ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာတွင်လည်း ဩဂုတ် ၃၁ ရက် နံနက်ပိုင်းက ကျည်ဆံအချို့ ကျရောက်ခဲ့ခြင်းကြောင့် ဒေသခံလူငယ်တဦး ခြေထောက်ကို ထိမှန်ခဲ့ကြောင်း RFA သတင်းဌာန၏ ဖော်ပြမှုအရ သိရပါသည်။ ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့် AA အဖွဲ့အကြား ပစ်ခတ်တိုက်ခိုက်မှုများ ရက်ဆက်ဖြစ်ပေါ်ခဲ့ပြီးနောက် အနီးရှိ ကျေးရွာများကို ကျည်ဆန်များ ကျရောက်လာခြင်းဖြစ်သည်ဟု အဆိုပါသတင်းတွင် ပါရှိခဲ့သည်။

ထို့အပြင် ဩဂုတ် ၃၁ ရက် ညနေပိုင်းက ကျောက်တော်မြို့နယ် ကျောက်ဂူစုကျေးရွာတွင် တပ်မတော် စစ်ကြောင်းက ပစ်ခတ်ခဲ့၍ အရပ်သား တစ်ဦး သေဆုံးခဲ့ပြီး အနီးရှိကျေးရွာများမှ ရွာသားများကို ဖမ်းဆီး စစ်ဆေးနေခြင်းကြောင့် ဒေသခံ တထောင်ကျော် ထွက်ပြေးနေရကြောင်း RFA သတင်းဌာနက စက်တင်ဘာ ၁ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။ သေဆုံးခဲ့သူ အရပ်သားမှာ ကွမ်းစိုက်ခင်းက ပြန်လာစဉ် တပ်မတော် စစ်ကြောင်းနှင့် တွေ့ဆုံ၍ ပစ်ခတ်ခံ ရခြင်းဖြစ်သည်ဟု ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်တို့က RFA ကို အတည်ပြု ပြောကြားခဲ့ကြောင်း သိရပါသည်။

ဩဂုတ် ၃၁ ရက်မှာပင် ပုဏ္ဏားကျွန်းမြို့နယ် စပါးထားကျေးရွာကို တပ်မတော်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်း ရောက်ရှိလာခဲ့ပြီး ဆန်စက်ပိုင်ရှင်တဦးကို ဖမ်းဆီး၍ ဆန်အိတ်များ သိမ်းယူသွားခဲ့ကြောင်း အဆိုပါ RFA သတင်းတွင် ပါရှိခဲ့ပါသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ AA အဖွဲ့အတွက် ဆန်အိတ်များ သိုလှောင်ထား၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါသည်။

ကရင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ဩဂုတ် နောက်ဆုံးပတ်တွင် ကရင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့သော်လည်း ကော့ကရိတ်-မြဝတီ ကားလမ်းဟောင်းရှိ ဆက်သွယ်ရေးစခန်းတွင် တာဝန်ထမ်း ဆောင်နေသော တပ်မတော်သား အချို့ တိုက်ခိုက် ခံခဲ့ရပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း 7 Day Daily သတင်းစာက စက်တင်ဘာ ၁ ရက်တွင် သတင်း ဖော်ပြခဲ့ပါသည်။

ဩဂုတ် ၃၀ ရက် နံနက်ပိုင်းက ဓမ္မံအောင်တောင်ကုန်းရှိ ဆက်သွယ်ရေးစခန်း တိုက်ခိုက်ခံရပြီး တပ်မတော် သား နှစ်ဦး ကျဆုံးခဲ့ကြောင်း၊ အဆိုပါစခန်းကို ဆက်သွယ်၍ မရခြင်းကြောင့် သွားရောက်စစ်ဆေးရာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး သုံးဦး သေဆုံးကာ ရဲတပ်ဖွဲ့ဝင်တစ်ဦး အပါအဝင် ငါးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းတွင် ပါရှိခဲ့ပါသည်။

7 Day သတင်းတွင် ဖော်ပြမှုအရ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့်လက်နက်ကိုင်အဖွဲ့က ပြုလုပ်ခဲ့သည်ကို စုံစမ်းစစ်ဆေးနေကြောင်း တပ်မတော်က ပြောကြားခဲ့ပြီး KNU နှင့် DKBA အဖွဲ့များကမူ ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ငြင်းဆန်ခဲ့ကြပါသည်။

 

၂၀၂၀ ပြည့်နှစ် ဩဂုတ် နောက်ဆုံးပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။