တိုက်ပွဲဖြစ်ပွားမှုများ(ဧပြီ ပထမပတ်)

Post By Nyein Ko Ko Soe, On April 8, 2020

တိုက်ပွဲဖြစ်ပွားမှုများ(ဧပြီ ပထမပတ်)

၂၀၂၀ ပြည့်နှစ် ဧပြီ ၁ ရက်မှ ၇ ရက်အထိ (ဧပြီ ပထမပတ်)ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ်များ၊ ရခိုင်ပြည်နယ်(တောင်ပိုင်း) ဂွမြို့နယ်၊ ချင်းပြည်နယ် ပလက်၀မြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်နှင့် ကရင်ပြည်နယ် ဖာပွန်မြို့နယ်တို့တွင် တိုက်ပွဲ ဖြစ်ပွားမှု ဆယ်ကြိမ်ထက် မနည်း ရှိခဲ့ပြီး အရပ်သားသေဆုံးမှု ၁၃ ဦး ရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ဧပြီ ပထမပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)၊ (တောင်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် AA အဖွဲ့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင်လည်း တပ်မတော်နှင့် TNLA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါသည်။ ထို့ပြင် ကရင်ပြည်နယ် ဖာပွန်မြို့နုယ်တွင် တပ်မတော်နှင့် NCA လက်မှတ်ထိုးထားသည့် KNU အဖွဲ့တို့အကြား တိုက်ပွဲ တစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နှင့် မိုးကုတ်မြို့ကြားတွင် ဧပြီ ၅ ရက်က တပ်မတော်နှင့် TNLA အဖွဲ့ကြား တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း VOA သတင်းဌာနက ဧပြီ ၇ ရက်တွင် သတင်းဖော်ပြခဲ့သည်။

မိုင်းလုံမြို့နယ်ခွဲ ၊ မန်ပွန်းရွာနဲ့ ဝင်္ကပါရွာကြားတွင် ဧပြီ ၅ ရက် နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တားအိုက်ကျော်က VOA သတင်းဌာနသို့ အတည်ပြုပြောကြားခဲ့ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းကမူ အဆိုပါတိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းမရသေးကြောင်း ဖြေကြားခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်းခံထားရသည့် ULA/AA အဖွဲ့နှင့် တပ်မတော်အကြား ဧပြီ ပထမပတ်တွင်လည်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) ကျောက်တော်မြို့နယ်တွင် တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး ပြည်နယ် တောင်ပိုင်းရှိ ဂွမြို့တွင်လည်း တိုက်ခိုက်မှုဖြစ်စဉ်များ ရှိခဲ့ပါသည်။

ကျောက်တော်မြို့အနီးတွင် ဧပြီ ၁ ရက် ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့၍ ပြည်တော်သာရပ်ကွက်က အရပ်သား သုံးဦးနှင့် မြို့အရှေ့ဘက်ကမ်း ပိန္နဲချောင်းကျေးရွာက သားအမိ နှစ်ဦး၊ စုစုပေါင်း ငါးဦး လက်နက်ကြီးအစများ ထိမှန်သေဆုံးခဲ့ကြောင်း RFA သတင်းဌာနက ဧပြီ ၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ထို့ပြင် ဧပြီ ၃ ရက်ညနေပိုင်းကလည်း ရခိုင်ပြည်နယ် ကျောက်တော်မြို့ အဝင် ကစ္ဆပနဒီတံတားအနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့၍ ပိုက်သည်ရပ်ကွက်မှ အမျိုးသား နှစ်ဦးနှင့် ကျောက်တော်မြို့ တဖက်ကမ်း ပိန္နဲချောင်း ကျေးရွာမှ အမျိုးသမီး တဦး စုစုပေါင်း သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဧရာဝတီသတင်းဌာန၏ သတင်းဖော်ပြမှုအရ သိရပါသည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ ကျောက်တော်မြို့ပေါ်နှင့် ကျောက်တော်မြို့နယ်အတွင်း လုံခြုံရေး တာဝန်ယူနေသည့် တပ်မတော်တပ်ဖွဲ့ဝင်များကို AA တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် ပြန်လည်ပစ်ခတ်ခဲ့ရကြောင်း တပ်မတော်ဘက်မှ ဧပြီ ၄ ရက်တွင် သတင်း ထုတ်ပြန် ရှင်းလင်းခဲ့ ပါသည်။

ထို့ပြင် ဧပြီ ၃ ရက် ညနေပိုင်းကလည်း ရခိုင်ပြည်နယ်(တောင်ပိုင်း) ဂွမြို့ အခြေစိုက် တပ်မတော် တပ်ရင်းကို AA အဖွဲ့က လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဧရာဝတီသတင်းဌာနက သတင်းဖော်ပြခဲ့သည်။

ယင်းတိုက်ပွဲဖြစ်စဉ်မှာ နာရီဝက်နီးပါး ဖြစ်ပွားခဲ့သော်လည်း ထိခိုက်ကျဆုံးမှု မရှိကြောင်းနှင့် AA အဖွဲ့အနေဖြင့် ရခိုင်တောင်ပိုင်း ဒေသတွင်ပါ လက်နက်ကိုင်တိုက်ပွဲများထဲသို့ ပါဝင်လာအောင် နယ်မြေချဲ့ လာသည့်သဘောဟု သုံးသပ်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ပလက်ဝမြို့နယ် ကုလားတန်မြစ်ကမ်းအနီးတွင် တပ်မတော်နှင့် AA အဖွဲ့အကြား ဧပြီ ၇ ရက်နံနက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားမှု ရှိခဲ့ကြောင်း ဧရာဝတီသတင်းဌာန၏ သတင်းဖော်ပြမှုအရ သိရပါသည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားပြီးနောက် နေ့လယ်ပိုင်းတွင်လည်း ပလက်ဝမြို့၏ တဖက်ကမ်း ပလက်ချောင်းအနီးတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားလျှက်ရှိပြီး တပ်မတော်မှ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် လာရောက်တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း ဧရာဝတီသတင်းဌာန၏ သတင်းတွင် ပါရှိခဲ့ပါသည်။

ဧပြီ ၇ ရက် ညနေပိုင်းကလည်း ပလက်ဝမြို့နယ် နန်းချောင်းဝကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် နန်းချောင်းဝဒေသခံ ခုနစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဧရာဝတီသတင်းဌာနက ဧပြီ ၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။

တိုက်ပွဲဖြစ်ပွားရာနေရာသို့ လေကြောင်းတိုက်ခိုက်ရာမှ ရွာအတွင်း ထိမှန်သေဆုံးခြင်းဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးစိုးထက်က ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့ပြီး ကုလားတန်မြစ်ကူးတံတားစီမံကိန်းမှ ပန်းရန်ဆရာတဦးလည်း တံတားပေါ် အလုပ်လုပ်နေစဉ် ကျည်ဆန်ထိမှန်ခဲ့ကြောင်း သတင်းတွင် ဖော်ပြမှုအရ သိရပါသည်။

ပလက်ဝမြို့နယ် မီးချောင်းတံထားအနီးရှိ ဗျူဟာကုန်းကို သိမ်းပိုက်ရန် ကြိုးပမ်းသည့် AA အဖွဲ့ကို တိုက်ထုတ်နိုင်ခဲ့ကြောင်း တပ်မတော်မှ မတ် ၁၉ ရက်က သတင်းထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ တိုက်ပွဲဖြစ်စဉ်များ ပြန်လည်ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။

ကရင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင် ဧပြီ ၁ ရက် နံနက်ပိုင်းက တပ်မတော်စစ်ကြောင်းနှင့် NCA လက်မှတ်ထိုးထားသည့် KNU အဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း DVB သတင်းဌာနက သတင်းဖော်ပြခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဘော်စဲခို- လွယ်မူပလောလမ်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းတစ်ခုကို KNU အဖွဲ့မှ အင်အား ခုနစ်ဦး ခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းက ပြန်လည်ပစ်ခတ်ခဲ့ရာ KNU အဖွဲ့မှ အရပ်ဝတ် ဝတ်ဆင်ထားသည့် အလောင်း တလောင်းနှင့် ကျည်အချို့ သိမ်းဆည်ရမိခဲ့ကြောင်း တပ်မတော်က ဧပြီ ၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) အဖွဲ့၏ ထုတ်ပြန်ချက်တွင်မူ စစ်ရှောင်ဒုက္ခသည် များအတွက် ထောက်ပံ့ရေးပစ္စည်းများ သွားဝယ်သည့် ရပ်ကျေးခေါင်းဆောင်တဦးနှင့် ရွာသားများကို တပ်မတော်က ပစ်ခတ်ခဲ့၍ စောသက်မီးဆိုသူ သေဆုံးခဲ့ကြောင်း DVB သတင်းဖော်ပြမှုတွင် ပါရှိခဲ့ပါသည်။

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်နှင့် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း လမ်းဖောက်လုပ်နေမှုကို လုံခြုံရေး ယူနေသည့် တပ်မတော်စစ်ကြောင်းများကို KNU အဖွဲ့က မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ၂၀၁၉ နိုဝင်ဘာမှ ၂၀၂၀ ဧပြီ ၂ ရက်အထိ ထိတွေ့တိုက်ခိုက်မှု အကြိမ် ၄၀ ဖြစ်ပွားပြီး အရာရှိ စစ် သည်အချို့ ကျဆုံးခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်ဟု 7 Day သတင်းဌာနက ဧပြီ ၇ ရက်တွင် သတင်း ဖော်ပြခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဧပြီ ပထမပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။