မြန်မာ့လူမျိုးစုနှင့် ဖက်ဒရယ် ပြဿနာအပေါ် အတွေးတချို့

Post By Ashley South, On September 13, 2018

မြန်မာ့လူမျိုးစုနှင့် ဖက်ဒရယ် ပြဿနာအပေါ် အတွေးတချို့

■ နိဒါန်း

အတိတ်ရဲ့ အရိပ်ရှည်ကြီးက မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေအပေါ်မှာ သက်ရောက်လျက် ရှိပါတယ်။ ဒါ့အပြင် တစိတ်တပိုင်း ဒီမိုကရေစီစနစ်အတွက် လူမျိုးစုရေး၊ ဖက်ဒရယ်အရေး မြော်မြင်ချက်တွေ၊ ပုံဖော်ချင်တာတွေကလည်း တစ်ခုနဲ့တစ်ခု အားပြိုင်နေကြပါတယ်။ ဒီဆောင်းပါးက လူမျိုးစုရေး၊ ဖက်ဒရယ်အရေးတွေရဲ့ နက်နဲရှုပ်တွေးမှုကို သမိုင်းရေးအမြင်နဲ့ ချဉ်းကပ်ရှုမြင်ထားတာ ဖြစ်ပါတယ်။

■ ကိန်းဂဏန်း အရေအတွက်များ၊ လူမျိုးတွေကို ခွဲခြားသတ်မှတ်မှုများ

၂၀၁၄ ခုနစ် မတ်နဲ့ ဧပြီလဆန်းမှာ သန်းခေါင်စာရင်း ကောက်ယူ ပြီးစီးခဲ့ပေမယ့်၊ မြန်မာနိုင်ငံရဲ့ လူဦးရေ စာရင်းဇယားတွေဟာ အခုချိန်ထိ အငြင်းပွားစရာ ဖြစ်နေတုန်းပါပဲ။ ပြီးခဲ့တဲ့ သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ ဒသမ ၄ သန်း ရှိတယ်လို့ ဆိုပါတယ်။ ဒီ သန်းခေါင်စာရင်းကောက်ယူမှုကို နိုင်ငံတကာ အလှူရှင်တွေက အမေရိကန်ဒေါ်လာ ၇၅ သန်း ထောက်ပံ့ကူညီပေးခဲ့ဲပြီး ကမ္ဘာ့ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့ (UNFPA) ရဲ့ အကူအညီနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဂျိမ်းဖာဂူဆန် (James Ferguson 2015) ရဲ့ လေ့လာတွေ့ရှိချက်အရ (၁၉၉၁ ခုနှစ်က အန်ဒါဆန် (Anderson) အပြီး ဆက်လက်လေ့လာမှုအရ) မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်း ကောက်ယူကြခြင်းဟာ ခေတ်သစ် ကိုလိုနီပြုသူတွေက ဆက်လက် ကိုလိုနီပြုနိုင်ရေးအတွက် ကျမ်းရိုးနည်းတွေနဲ့ လူမျိုးတွေကို ထိန်းချုပ်တာ၊ အမျိုးအစား ခွဲခြားသတ်မှတ်ကြခြင်းသာ ဖြစ်ပါတယ်။

“ဖြေဆိုသူတွေဟာ မိမိလူမျိုး သို့မဟုတ် တိုင်းရင်းသားမျိုးနွယ်ကို ဖော်ပြဖြေဆိုဖို့ လိုအပ်တယ်။ တိုင်းရင်းသားလူမျိုး ရှစ်ခုနဲ့ လူမျိုးနွယ်စု ၁၃၅ မျိုး ရှိတယ်လို့ ဖော်ပြထားပြီး စီမံဖွဲ့စည်းထားတဲ့ ကုဒ်စနစ်၊ လုပ်ငန်းစဉ်ကို အများဆုံး ဝေဖန်ကြပါတယ်။ အဲဒီလိုလူမျိုးတွေ ခွဲခြားသတ်မှတ်ထားမှုဟာ နက်နဲ ရှုပ်ထွေးတဲ့ မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးနဲ့ ဘာသာစကားဆိုင်ရာ သမိုင်းကြောင်း ကွဲပြားခြားနားမှုတွေလည်း ဖြစ်ပါတယ်။ လူမျိုးတွေ ကွဲပြားခြားနားမှုနဲ့ ဘာသာစကား ကွဲပြားခြားနားမှုကို ကဏ္ဍအလိုက် ခွဲခြားတဲ့ မူဘောင်ဇယားထဲကို ထည့်သွင်းပြီး ခွဲခြားတာကို ကိုလိုနီအစိုးရနဲ့ နောက်ပိုင်း အစိုးရအဆက်ဆက်က လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို ခွဲခြားသတ်မှတ်မှုတွေဟာ ဆက်လက် ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ ခုခံတော်လှန်ရေး လှုပ်ရှားမှုတွေရဲ့ ရိုက်ခတ်မှု အကျိုးဆက်တွေကြောင့် ဖြစ်ရသလို အဓိပ္ပာယ်ဖွင့်ဆိုမှု အမျိုးမျိုးကနေ ဆင်းသက်လာတာလည်း ဖြစ်ပါတယ်။”

အမျိုးအစား အသီးသီးအလိုက် လူမျိုးတွေကို သန်းခေါင်စာရင်း ကောက်ယူ၊ ရေတွက်ခြင်းကနေ တိုင်းရင်းသား လူမျိုးစု အစုအဖွဲ့တွေကို ဖန်တီးလိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီလို လူမျိုးတွေ တိတိကျကျ ဖန်တီးခြင်းကို သမိုင်းအရ တရားနည်းလမ်း မကျတဲ့နည်းနဲ့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာ သင်္ကေတသဘောနဲ့ နိုင်ငံရေး အရင်းအမြစ်တွေကို လေ့လာသုံးသပ်ပြီး လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီ အမျိုးအစားခွဲခြား သတ်မှတ်မှုတွေက ဗြိတိသျှ ကိုလိုနီခေတ်ကတည်းက ဆောင်ရွက်ခဲ့တဲ့ အမျိုးတူရာ စုပေါင်းခွဲခြားတဲ့ အစီအစဉ်တွေကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ (Ferguson, 2015)

နိုင်ငံတကာ ပညာရှင်အဖွဲ့ တစ်ခုဖြစ်တဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (Crisis Group) ရဲ့ အဆိုအရ သန်းခေါင်စာရင်း ကောက်ယူသူတွေ လတ်တလော အသုံးပြုတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကို အခြေခံတဲ့ကဏ္ဍတွေ အပါအဝင် သန်းခေါင်စာရင်း ကောက်ယူမှုနည်းနာက ပြဿနာတွေ ရှိနေပါတယ်။ (Crisis Group, 2014) ဒီလို အမျိုးအစားခွဲခြားမှုတွေကို ပထမဦးဆုံးအကြိမ်အဖြစ် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှုမှာ စတင် အသုံးပြုခဲ့ပါတယ်။ (Ferguson, 2015) အဲဒီမှာ ဖြေဆိုသူက အမျိုးအစားတစ်ခုကို ရွေးချယ်ပြီး (သို့မဟုတ် အခြားတစ်ခုကို ရွေးချယ်ပြီး) ကိုယ့်ဘာသာ မည်သည့်လူမျိုးဆိုတာ သတ်မှတ်ဖြေဆိုနိုင်ပါတယ်။ ဒါပေမဲ့ လူအများက ရောနှောကြတဲ့ မျိုးရိုးဆင်းသက်မှုတွေ ရှိနေကြပါတယ်။ ဒါကိုလည်း ပစ်ပယ်ထားခဲ့ကြပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဖာဂူဆန်က အောက်ပါအတိုင်း မှတ်ချက်ပေးခဲ့ပါတယ်။

“စာရင်းဇယားတွေကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာကြည့်ရင် ရှေ့နောက်မညီတာတွေ အများကြီးတွေ့နိုင်ပါတယ်။ ဥပမာပြောရရင် တချို့အုပ်စုတွေ (လူမျိုးစု) ကို ပြင်ပမျိုးနွယ်စုနဲ့ လက်ထပ်ထိမ်းမြားမှု အပေါ်မှာ အမည်သတ်မှတ် ဖော်ပြထားပြီး အချို့ကိုတော့ လူမျိုးစုအတွင်း လက်ထပ်ထိမ်းမြားမှုအပေါ် အမည်သတ်မှတ် ဖော်ပြထားကြပါတယ်။ လူအများကို သူတို့ ပြောဆိုတဲ့ ဘာသာစကားအပေါ် အခြေခံပြီး အမျိုးအမည် သတ်မှတ်ဖော်ပြပြီး အချို့ကိုတော့ သူတို့ အခြေချနေထိုင်ရာ ဒေသ၊ မြို့တွေကို အခြေခံပြီး အမည်ပေး သတ်မှတ်ပါတယ်။ အုပ်စုတစ်စုဖြစ်တဲ့ မြို၊ ဝါကင်ကို ချင်းလူမျိုးအုပ်စုနဲ့ ရခိုင်လူမျိုး အုပ်စုအောက်မှာ စာရင်းလုပ်ပြီး ထည့်ထားတာ တွေ့ရပါတယ်။ လူဦးရေ စုစုပေါင်း တစ်သန်းလောက်ပဲရှိတဲ့ ချင်းလူမျိုးအတွင်းမှာ လူမျိုးခွဲ ၅၃ မျိုးကို စာရင်းလုပ် ဖော်ပြထားပါတယ်။ အဲဒီ စာရင်းပြုစုထားတဲ့ ချင်းလူမျိုးခွဲ အချို့မှာဆိုရင် တူညီတဲ့ အမည်တူ တစ်ခုတည်းကိုပဲ စာလုံးပေါင်းပုံ မတူဘဲ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဘာသာစကား တစ်ခုတည်းအပေါ်မှာ ပြောဆိုကြရာ အသံထွက်ပုံ ထွက်နည်း ကွဲပြားမှုအပေါ်မှာ ဒါမှမဟုတ် လူမျိုးခွဲတစ်ခုတည်းက ဆွေမျိုးအုပ်စု တစ်ခုကိုလည်း နောက်ထပ် အမည်ပေး စာရင်းလုပ်ထားပြန်ပါတယ်။”

အချို့အမျိုးအစားများ ကျတော့ စာရင်းမှာ ထည့်ပြုစုထားတာတောင် မရှိပါဘူး။ အထူးသဖြင့် တောင်အာရှကနေ မူလ ဆင်းသက်လာတဲ့ ဂေါ်ရခါး၊ ပန်းသေး မွတ်ဆလင်တို့နဲ့ ရိုဟင်ဂျာ (ဘင်္ဂါလီ) တို့လို အုပ်စုမျိုးတွေ ဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရထိန်းချုပ်မှုအောက်မှာ မရှိတဲ့ ဒေသတွေမှာ နေထိုင်တဲ့ ပြည်သူတွေကိုလည်း ထည့်ပြီး ရေတွက်ထားခြင်းလည်း မရှိပါဘူး။ (အရေအတွက်ကို ခန့်မှန်းထားပြီးသား ဖြစ်ပါတယ်) နိုင်ငံရပ်ခြားမှာ နေထိုင်တဲ့ ရွှေ့ပြောင်း လုပ်သားတွေ (မိသားစုဝင် အပါအဝင် လေးသန်းခန့် ရှိနိုင်ပါတယ် ၂)၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်နဲ့ မလေးရှားမှာနေကြတဲ့ ဒုက္ခသည်တွေကိုလည်း ထည့်သွင်း ရေတွက်မထားပါဘူး။ နှစ်ပေါင်း ၃၁ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ပြုလုပ်တဲ့ သန်းခေါင်စာရင်း ကောက်ယူမှုရဲ့ ရလဒ်တွေဟာ အငြင်းပွားဖွယ် ဖြစ်နေပါတယ်။

ဥပမာအားဖြင့် ကချင်လူမျိုးစုအကြားမှာ အတော်များများက သူတို့ကို စာရင်းကောက်ယူ ရေတွက်တဲ့အခါ ထူးခြားပြီး သူတို့နဲ့ စိမ်းတဲ့ (တရားဝင်နည်း မဟုတ်ဘဲ ဖန်တီးထားတဲ့) လူမျိုးကဏ္ဍတွေကို လက်ခံဖို့ ငြင်းပယ်ခဲ့ကြပါတယ်။ (Kiik,2016) မြန်မာနိုင်ငံရဲ့ သန်းခေါင်စာရင်းမှာ လူမျိုးတွေကို ခွဲခြားသတ်မှတ်မှုက ထိလွယ်ရှလွယ်ဖြစ်လို့ လူမျိုးစုနဲ့ ပတ်သက်ပြီး တိကျတဲ့ စာရင်းဇယားတွေကို ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းထိတိုင် ဖော်ပြနိုင်ခြင်း မရှိပါဘူး။ ဒါဟာ ဘာကို ညွှန်ပြနေသလဲဆိုရင် ကိုယ့်ကိုကိုယ် ဘာလူမျိုးဖြစ်တယ်လို့ ဖော်ပြကြတဲ့ နိုင်ငံသား အရေအတွက်ဟာ အချို့ လူမျိုးစုအရေး တက်ကြွ လှုပ်ရှားသူတွေ ပြောဆိုနေကြတာထက် အရေအတွက် နည်းပါးနိုင်တယ်ဆိုတာ ပြသနေပါတယ်။ သို့မဟုတ်ရင်လည်း သန်းခေါင်စာရင်း ကောက်ယူတဲ့ နည်းနာမှာ ပြဿနာတွေ ရှိနေလို့ ဖြစ်နိုင်ပါတယ်။ (လူမျိုးစု နိုင်ငံသားတွေရဲ့ အရေအတွက်ကို လျှော့ပေါ့ပြီး ကောက်ယူထားသလို ဖြစ်နေပါတယ်) ဒါ့အပြင် လူမျိုးစုအရေး တက်ကြွလှုပ်ရှားသူတွေရဲ့ ပြောဆိုချက်တွေဘက်မှာ အလွန်အမင်း အထင်ကြီးခြင်း၊ အကောင်းမြင်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် လူမျိုးရေးသမား မျိုးချစ်တွေက မြန်မာနိုင်ငံမှာ ဒုက္ခသည်တွေရော အခြားနိုင်ငံတွေမှာ နေထိုင်ကြတဲ့ သူတွေပါ အပါအဝင်ဆိုရင် ကရင်လူမျိုး ကိုးသန်းလောက် ရှိမယ်လို့ ဆိုပါတယ်။ အရင်အစိုးရရဲ့ ခန့်မှန်းချက်ကတော့ ဒီထက်အများကြီး နည်းပါတယ်။

သန်းခေါင်စာရင်း ဖော်ပြချက်အရ ရေတွက်ပြီး လူဦးရေရဲ့ ၈၉ ရာနှုန်းဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တယ်။ ၆ ဒသမ ၃ ရာခိုင်နှုန်းက ကိုယ့် ကိုယ်ကိုယ် ခရစ်ယာန်ဘာသာဝင်လို့ ဖော်ပြသူတွေ ဖြစ်ပါတယ်။ (ချင်း ၊ ကရင်နဲ့ ကရင်နီ ပြည်နယ်တွေမှာ အများစုဖြစ်တယ်။) ၀ ဒသမ ၈ ရာခိုင်နှုန်းက နတ်စားတွေ ဖြစ်ပါတယ်။ (ကရင်နီနဲ့ ရှမ်းပြည်နယ်တွေမှာ အများစု နေထိုင်ကြပါတယ်) ၂ ဒသမ ၃ ရာခိုင်နှုန်းဟာ မွတ်ဆလင်တွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာ (ဘင်္ဂါလီ) အပါအဝင် ထည့်သွင်းပြီး သန်းခေါင်စာရင်း အကောက်မခံရသူတွေ အပါအဝင်ဆိုရင် ဒီစာရင်း ဟာ ၄ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်မားနေနိုင်ပါတယ်။ (ပြည်သူ့အင်အားဦးစီးဌာန၊ ၂၀၁၆) နောက်ပိုင်းကျန်တဲ့ စာရင်းကတော့ ၀ ဒသမ ၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ၁၉၇၃ ခုနှစ်နဲ့ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းတွေအရ ဆိုရင်တော့ ၃ ဒသမ ၉ ရာခိုင်နှုန်းဖြစ်ခဲ့ပြီး ယခုထက် မြင့်တယ်လို့ ဆိုနိုင်ပါတယ်။ အချို့ ဝေဖန်သူတွေကတော့ ဒါ အစစ်မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။

ဒီ မပြည့်မစုံတဲ့ ပြဿနာဖြစ်နိုင်တဲ့ ကိန်းဂဏန်း အချက်အလက်တွေ ဖော်ပြထားချက်အရ မြန်မာနိုင်ငံဟာ လူမျိုးတွေ အလွန်ကွဲပြား နေထိုင်တဲ့ နိုင်ငံဖြစ်ပြီး၊ ဒီ နက်နဲရှုပ်ထွေးမှုဟာ အုပ်စုအချင်းချင်းအတွင်း ဆက်ဆံရေး အခြေအနေတွေအထိကို ပျံ့နှံ့တည်ရှိနေပါတယ်။ ဥပမာအားဖြင့် မြို့ပြ၊ မြို့ပြအနီးအနားနဲ့ ကျေးလက်ဒေသတွေမှာ နေထိုင်တဲ့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ နတ်စားနဲ့ မွတ်ဆလင်တွေ အပါအဝင် ကရင်စကားပြောတဲ့ ကရင်မျိုးနွယ်စု တစ်ဒါဇင်လောက် စသည်ဖြင့် တည်ရှိမှုပါ။ ကိစ္စအတော်များများမှာ မျိုးနွယ်စု (လူမျိုးစုခွဲလေးများ) ဟာ သမိုင်းအရ ဦးဆောင်တဲ့ အခန်းကဏ္ဍမှာ ရှိတယ်လို့ ယူဆနိုင်ပြီး ဒါကို ပြန်လည်မှန်းဆ၊ ပြန်လည်ဖော်ထုတ်ကြပြီးတော့ တစ်မျိုးတည်းသော လူမျိုးစုအုပ်စုအနေဖြင့် ပြန်လည်ဖော်ထုတ်ဖို့ ကြိုးစားကြပါတယ်။ ယဉ်ကျေးမှု ဓလေ့ထုံးစံ ကျင့်သုံးမှုတွေ၊ ဘာသာစကားပြောဆိုမှုတွေအရ တိကျတူညီတဲ့ ပုံရိပ်တစ်ခုကို ဖော်ထုတ်ပြီး ကြိုးစားကြတာ ဖြစ်တယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဒေသ တော်တော်များများမှာ ကရင်လို၊ ကချင်လို လူမျိုးစုတွေဟာ မွန်လို၊ ပအို့ဝ်လို၊ လားဟူလို လူနည်းစုလူမျိုးစုတွေနဲ့ အတူတကွ အခြေစိုက်နေထိုင်ကြပါတယ်။ ဒါဟာ လွှမ်းမိုးနိုင်ခွင့်ရှိတဲ့ လူမျိုးစုကြီးတွေအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်ဟာ ၎င်းလူမျိုးစုတွေအတွင်းမှာ နေထိုင်တဲ့ လူနည်းစု လူမျိုးစုတွေရဲ့ အမျိုးသားရေးလက္ခဏာနဲ့ အကျိုးစီးပွားတွေကို ဘယ်လောက်အထိ သက်ရောက်မှုရှိသလဲဆိုတဲ့ မေးခွန်းတွေကို ဖြစ်ပေါ်စေပါတယ်။ နောက်ထပ် မြန်မာပြည်ရဲ့ လူဦးရေစာရင်းမှာ အပြောင်းအလဲ ဖြစ်နိုင်တဲ့ စီးကြောင်းတစ်ခုက ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတွေအတွင်းမှာ ဖြစ်ပါတယ်။ အဲဒါကတော့ ဒေသခံ ဌာနေတိုင်းရင်းသား မဟုတ်တဲ့ အုပ်စုတွေ တိုင်းပြည်တွင်းမှာ ရွှေ့ပြောင်းနေထိုင်ကြခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ပြည်နယ်တွေရဲ့ အစဉ်အလာဖြစ်တဲ့ လူမျိုးတစ်မျိုးတည်းဆိုတဲ့ ကြန်အင်လက္ခဏာကို လျော့ပါးစေပါတယ်။ (ဒါ့အပြင် သမိုင်းအရ တောင်းဆိုထားတဲ့ နယ်မြေတွေရဲ့ ကိုယ်စားလှယ်တွေအဖြစ် လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ တရားဝင်မှုကိုလည်း လျော့ကျစေနိုင်ပါတယ်။ ၃)

ယေဘုယျအားဖြင့် ဗမာမဟုတ်တဲ့ လူမျိုးတွေဟာ လူဦးရေ စုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်း ဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။ ၄ သို့သော်လည်းပဲ ဒီကိစ္စဟာ တိုင်းရင်းသား လူမျိုးစုဆိုတာတွေကို ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ၊ ဘယ်သူက ဖွင့်သလဲဆိုတဲ့ မေးခွန်းကို ဖြစ်ပေါ်စေတယ်။ လူမျိုးစုတစ်ခု (သို့မဟုတ် ရောနှော)ရဲ့ ခွဲခြားထားတဲ့ ကဏ္ဍနဲ့အတူ အဲဒီလူမျိုးရဲ့ အမျိုးသားရေး ကြန်အင်လက္ခဏာ (ကရင်၊ ကချင်၊ သို့မဟုတ် ကရင်-ကချင် စသည်ဖြင့်) ဆိုရင် နေ့စဉ်နေထိုင်မှု လူမှုရေး ရှုထောင့်ကဆိုလျှင် နှိုင်းယှဉ်မှုအရ ပြဿနာမဖြစ်နိုင်ပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ အကျိုးမများနိုင်တဲ့ လူမျိုးစုတွေရဲ့ အမျိုးသားရေးလက္ခဏာရဲ့ လိုအပ်မှုကို ပြန်လည်အားဖြည့်ဖို့ ကြိုးစားမယ်ဆိုရင်တော့ အ္တရာယ်ရှိနိုင်ပါတယ်။ လူမျိုးစုဆိုတာ ပုံသေကားချပ်မရှိတဲ့ ပြုလွယ်ပြောင်းလွယ်ရှိတဲ့ ကိစ္စရပ်တစ်ခု၊ ကဏ္ဍတစ်ခု ဖြစ်နေပါတယ်။ အချိန်တိုင်း ပြန်လည်စိတ်ကူးပြီး ဖော်ထုတ်နိုင်ပါတယ်။ ဒါမှမဟုတ် ကွဲပြားခြားနားတဲ့ နောက်ခံ အခြေအနေတွေအတွင်းမှာ ဖော်ထုတ်လို့ရပါတယ်။ နယ်နမိတ်တွေကို လေ့လာတဲ့ မနုဿဗေဒဘာသာဆိုင်ရာ လေ့လာမှုဟာ ဒီကိစ္စကို အကျိုးသက်ရောက်စေတယ်။ အက်ဒ်မွန်လိချ် (Edmund Leach) က ဗမာပြည်ရဲ့ အထက်ပိုင်းမှာ နေထိုင်ကြတဲ့ ကချင်နဲ့ ရှမ်းတို့ရဲ့ ဆက်ဆံရေးအခြေအနေကို ၁၉၅၀ ပြည့်နှစ်က လေ့လာခဲ့ပါတယ်။ လူမျိုးစုနှစ်ခုဟာ ဒေသခံ လူမှုစီးပွား အခြေအနေတွေအပေါ်မှာ မူတည်ပြီး တစ်စုနဲ့တစ်စု အပြန်အလှန် အမှီ သဟဲပြုထားတဲ့ အခြေအနေကို တွေ့ကြရပါတယ်။ (Leachç 1960)

လူမျိုးစုတွေရဲ့ အမျိုးသားရေး ကြန်အင်လက္ခဏာကို ခွဲခြားသတ်မှတ်ထားခြင်းက အုပ်ချုပ်ရေးနဲ့ နိုင်ငံရေး ရေပေါ်ဆီ လူတန်းစားအတွက် အဆင်သင့် သက်သောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့လည်း ဒီကိစ္စဟာ လက်တွေ့နေထိုင်မှု ဘဝအခြေအနေတွေကို ထင်ဟပ်နေတာမျိုးတော့ မဟုတ်ပါဘူး။ (Sadan, 2013 ကို ကြည့်ပါ။) အထူးသဖြင့် ဒီကိစ္စဟာ သွေးနှောတဲ့ ကလေးသူငယ်တွေအပေါ် သက်ရောက်မှု ကြီးပါတယ်။ (ဥပမာ- ကျွန်တော်ကိုယ်တိုင် ဘဝအခြေအနေပါပဲ။) မြန်မာနိုင်ငံသား စိစစ်ရေးကဒ်တွေမှာ နိုင်ငံသားတွေရဲ့ လူမျိုးအမည်ကို ဆက်လက်ပြီး မှတ်တမ်းတင်ထားတယ်။ အဲဒီမှာဖော်ပြထားတဲ့ တရားဝင်လူမျိုးဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသတွေ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ အမျိုးသားကိုယ်စားလှယ်တွေအဖြစ် ရွေးကောက်ပွဲတွေမှာ ပါဝင်ခြင်းအပါအဝင် နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ အရင်းအမြစ်တွေ ရရှိနိုင်ဖို့ အတွက် အခွင့်အလမ်း သာစေနိုင်တာနဲ့ ဆက်စပ်လျှက် ရှိပါတယ်။ အဲဒီလို အမြစ်တွယ်နေတဲ့ အလေ့အထတွေက မြန်မာ့နိုင်ငံရေးနယ်ပယ်ကို လွှမ်းမိုးနေလို့ တခါတရံမှာ အလွန်ကွဲပြားခြားနားမှုကို ဖြစ်စေပြီး တခါတရံမှာ အလွန်သီးခြားဆန်တဲ့ အုပ်စုတွေကို ဖြစ်ပေါ်စေတယ်။ အထူးသဖြင့် ဦးနေဝင်းအစိုးရနဲ့ နောက်ပိုင်း ပုံသဏ္ဍာန်မျိုးစုံနဲ့ အစိုးရအဆက်ဆက်က (Taylor, 2015) နိုင်ငံရေး အမှတ်လက္ခဏာအမြင်တွေနဲ့ အခြား အပြိုင်ရွေးချယ်စရာ ဆုံချက်တစ်ခုကို ဖော်ထုတ်မြှင့်တင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဥပမာအားဖြင့် ပြည်သူလူထုရဲ့ “နိုင်ငံသား မျိုးချစ်စိတ်” (တိုင်းချစ်ပြည်ချစ်ဝါဒ) ကို မြှင့်တင်ပြီး လူမျိုးရေးလက္ခဏာ အရောင်အသွေးမရှိတဲ့ နိုင်ငံတော်၊ သို့မဟုတ် မတူခြားနားတဲ့ အယူဝါဒရေးရာ တစ်ခုခုကို မြှင့်တင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ (ဥပမာအားဖြင့် အခြား ဒီမိုကရက်တစ် ဆိုရှယ်လစ်ဝါဒလို တစ်ခုခုပါ)။ သို့သော်လည်း အောက်မှာ ဆက်လက် ဆွေးနွေးမယ့်အတိုင်း အဲသည်လို ကြိုးပမ်းစီမံချက်တွေကို မြန်မာပြည်က သမိုင်းအစဉ် အလာ အစိတ်အပိုင်းတွေကို အရာရှိတွေ၊ နိုင်ငံသားတွေက ပြောဆိုနေကြတဲ့ ဖြစ်ရပ်ဇာတ်ကြောင်းတွေ၊ ယဉ်ကျေးမှုအဖွဲ့တွေက ဖော်ပြပြောဆိုချက်တွေ၊ အတိအလင်း သို့မဟုတ် အတွင်းစိတ်ထဲ ရှိနေကြတဲ့ ဗမာဆိုတဲ့ အကျယ်တဝင့် ရေးသားဖော်ပြချက် ဒါနဲ့တွဲပြီး နိုင်ငံတော်ဆိုတဲ့ အယူအဆတွေက ပြန်လို့ ဖျက်ဆီးစေသလို၊ ပြန်လို့ ဆုတ်ယုတ်အား လျော့စေသလို ဖြစ်စေပြန်ပါတယ်။ ယဉ်ကျေးမှုအရ လူမျိုးကြီးဝါဒ ကျင့်သုံးတယ်လို့ ဆိုနေကြတဲ့ “မဟာဗမာ”လို့ ရည်ညွှန်းဖော်ပြမှုတွေ ဖြစ်လာခဲ့ပါတယ်။ လူမျိုးစုကြီးတစ်ခုရဲ့ အစိတ်အပိုင်းတွေက၊ အထူးသဖြင့် လူအများစု အုပ်စုကြီးက အခြားလူမျိုးစုကဏ္ဍတွေကို လက်ခံ သင့်၊ မသင့်၊ တရားဝင်တည်ရှိမှု ဖြစ်၊ မဖြစ် ဆိုတာတွေအပေါ် ပုလိပ်ကြီးသဖွယ် ပြုမူနေတာမျိုး၊ ဗိုလ်ကျတာမျိုး ဖြစ်လာတော့ ပြဿနာရှိလာပါတယ်။ ကနေ့ ခေတ်ပြိုင် မြန်မာနိုင်ငံမှာ အနောက်ဖက် ရခိုင်ဒေသ (ဒါ့အပြင် နေရာဒေသ တော်တော်များများမှာလည်း ရခိုင်လိုပဲ ဒီဂရီ အနိမ့်အမြင့်တော့ ကွာနိုင်ပါတယ် ၅) က ရိုဟင်ဂျာ (ဘင်္ဂါလီ) လို့ ကိုယ့်ကိုယ်ကို ခေါ်ဝေါ်သတ်မှတ်တဲ့ မွတ်ဆလင် အသိုက်အဝန်းက ပြဿနာတစ်ခု ဖြစ်လာပါတယ်။ ရိုဟင်ဂျာ(ဘင်္ဂါလီ) ဆိုတာကို မြန်မာ (ဗမာ လူမျိုးတင် မဟုတ်) ဗုဒ္ဓဘာသာအများစုက လူမျိုးစုတစ်ခုအနေနဲ့ လက်မခံလိုကြပါဘူး။ ၆

လူမျိုးရေး၊ အမျိုးသားရေး ကြန်အင်လက္ခဏာနဲ့ ပတ်သက်လို့ ပဋိပက္ခဖြစ်ရခြင်းရဲ့ အခြားအကြောင်းရင်း တစ်ခုကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တစ်ခုနဲ့တစ်ခုအကြား နယ်မြေပိုင်ဆိုင်မှု ပဋိပက္ခ ဖြစ်ကြတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် မြန်မာပြည်ရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ဘုရားသုံးဆူတဝိုက်က ဒေသတွေမှာ မွန်ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသားအစည်းအရုံးအကြား လက်နက်ကိုင်ပဋိပက္ခ ဖြစ်ခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။ အခု လတ်တလောအားဖြင့် မြောက်ပိုင်းရှမ်းပြည်က ဒေသတွေမှာ တအောင်းဝ်/ပလောင် အမျိုးသားလွတ်မြောက်ရေး တပ်မတော်နဲ့ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) အကြား လူမျိုးရေးပဋိပက္ခတွေ ပေါ်ပေါက်ခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် နောက်ပိုင်းနဲ့ ၂၀၁၆ ခုနှစ်အတွင်းမှာ အဲဒီအဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ခဲ့တယ်။ ဖြစ်နိုင်ခြေရှိတာက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးသူတွေ (သို့မဟုတ် လက်မှတ် မရေးထိုးသူတွေ) ရဲ့ အဆင့်နေရာနဲ့ ပတ်သက်ပြီး ကွဲပြားခြားနားမှုတွေက ဒီပဋိပက္ခကို မီးလောင်ရာလေပင့် ဖြစ်စေခဲ့ပါတယ်။ (Keenan, 2016)

မြန်မာစကားကို သီးခြား အသံထွက်နဲ့ပြောဆိုတဲ့ ထားဝယ်ဒေသက လူတွေလို အုပ်စုတွေရဲ့ အခြေအနေကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ အချို့ ထားဝယ်သားတွေက သူတို့ဟာ သီးခြားလူမျိုးလို့ ပြောဆိုတယ်။ ၇ ဗမာလူမျိုးရဲ့ လူမျိုးခွဲ မဟုတ်ဘူးလို့ ဆိုကြပါတယ်။ ရှုပ်ထွေး ခက်ခဲစေတဲ့ ပြဿနာကတော့ မြန်မာပြည်တောင်ပိုင်းမှာရှိတဲ့ မြိတ်မြို့ (သမိုင်းအရ မြောက်ဘက်ပိုကျတဲ့ နေရာမှာ ရှိနေတဲ့ သူတို့စီးပွားပြိုင်ဖက် ထားဝယ်နဲ့) တဝိုက်မှာ နေထိုင်သူတွေကလည်း မြိတ် (သို့မဟုတ် ဘိတ်) လမျိုးလို့ဆိုတဲ့ လူမျိုးစုငယ်/ခွဲကဏ္ဍကို တောင်းဆိုနေကြပါတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်ရဲ့ မူအခြေခံတွေအရ (၎င်းအပြင် လူပုဂ္ဂိုလ်တွေ၊ လူအုပ်စုတွေက သူတို့ကိုယ်သူတို့ ဘယ်လိုခေါ်စေချင်တယ်၊ ဘယ်လိုဖြစ်စေချင်လဲ ဆိုတဲ့အပေါ် သူတို့ရဲ့ လုပ်ကိုင်နိုင်စွမ်း) မြန်မာနိုင်ငံအတွက် ဒေသဆိုင်ရာ အမြင်တွေ ဒေသဆိုင်ရာ သမိုင်းတွေကို အများသိအောင် ဖော်ထုတ်ဖြန့်ချိပေးဖို့၊ လေ့လာသိရှိနိုင်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေကို ဖန်တီးပေးဖို့ လိုသလို၊ လုပ်နိုင်ကိုင်နိုင်ရှိမယ့် အခြေအနေ အခွင့်အလမ်းတွေကိုလည်း ဖန်တီးပေးဖို့ လိုအပ်ပါလိမ့်မယ်။ ပြဿနာဖြစ်နိုင်ခြေ ပိုများတာကတော့ အဲဒီလို ကွဲပြားခြားနားတဲ့ လူမျိုးစုအုပ်စုတွေက နိုင်ငံရေးအရ ဘယ်လိုကိုယ်စားပြုနိုင်တယ် ဘယ်လိုကိုယ်စားပြုခွင့် ရှိသင့်တယ် ဆိုတာပါပဲ။ ၈

မွတ်ဆလင် အသိုက်အဝန်းကလည်းပဲ ကွဲပြားခြားနားပါတယ်။ ရိုဟင်ဂျာ (ဘင်္ဂါလီ) လို အဖက်ဖက်က ထိလွယ်ရှလွယ် အလွန်အမင်း အားနည်းနေတဲ့ မွတ်ဆလင် အသိုက်အဝန်းကလည်း မြန်မာ မွတ်ဆလင်ထဲမှာ ပါပါတယ်။ သူတို့က နိုင်ငံရေးအရ စွပ်စွဲခံထားရတဲ့ အုပ်စုတစ်ခုဖြစ်ပြီး နိုင်ငံရေး အသိုက်အဝန်းနဲ့ (ရခိုင်မွတ်ဆလင် အသိုက်အဝန်း အပါအဝင်) အရပ်ဘက် လူမှုအဖွဲ့အစည်းကြားထဲမှာလည်း ပြင်းထန်တဲ့ ငြင်းခုန်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ ၉ ဒါ့အပြင် ပိုမိုကျယ်ပြန့်တဲ့ ပညာရှင်အသိုက်အဝန်းတွေမှာလည်း အဲဒီလို ပြင်းထန်တဲ့ ငြင်းခုန်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ အခြား မွတ်ဆလင်အုပ်စုတွေထဲမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံသားတွေအဖြစ် ကာလအတော် ကြာကြာ ကတည်းက လက်ခံ သတ်မှတ်ထားတဲ့ ကမန်လူမျိုးတွေလည်း ပါဝင်တယ်။ ကမန်တွေဟာ လူဦးရေများတဲ့ ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာ (ဘင်္ဂါလီ) တွေအကြား ဆူးကြားက ဘူးခါးလို ကြားညှပ်နေကြရပါတယ်။ (ညီညီကျော်၊ ၂၀၁၇) ၁၀

အရှေ့တောင်အာရှနဲ့ တောင်အာရှမှာ ဗြိတိသျှ ကိုလိုနီဝါဒ အခြေမခိုင်မီ ကာလတွေမှာ လူမျိုးစုတွေရဲ့ ကြန်အင် လက္ခဏာတွေဟာ အတည်တကျ မရှိပါဘူး။ လူမျိုးအခြေခံ ဘာသာစကား ပြောဆိုမှု လက္ခဏာတွေဟာ နိုင်ငံရေးနဲ့ လူမှုရေးဆိုင်ရာ ရပ်တည်မှုတွေကို ဖော်ဆောင်တဲ့ အကြောင်းအချက် အများအပြားကြားထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ အနောက်တိုင်း ကိုလိုနီဝါဒရဲ့ အကျိုးသက်ရောက်မှုအဖြစ် ဥရောပမဟုတ်တဲ့ ဒေသက နိုင်ငံတော်တော်များများမှာ ဒီကိစ္စဟာ ပြဿနာဖြစ်လာပါတယ်။ ခေတ်သစ် သဘောတရားတွေမှာ လူမျိုးစုဆိုတာ ကိုယ့်ရဲ့ အမျိုးသားရေး ကြန်အင်လက္ခဏာအဖြစ် ဖော်ထုတ်တဲ့ ကိစ္စရပ်တစ်ခု ဖြစ်လာပါတယ်။ (Anderson, 1991) ဗြိတိသျှလက်ထက်က စပြီး အုပ်ချုပ်သူတွေနဲ့ အရာရှိတွေက လူမျိုးစု ဆိုတာကို နှိုင်းယှဉ်မှုအရ ပြဿနာမရှိဘူူး၊ သေချာ သတ်မှတ်ထားတဲ့ အမျိုးအစားခွဲခြားမှု တစ်ခုလို့ပဲ ရှုမြင်ကြပါတယ်။ ဒီကိစ္စဟာ တခါတရံမှာ ရှုပ်ထွေးတဲ့၊ ငြင်းခုန်ဖွယ်ဖြစ်တဲ့ အတိတ်ကို ပြန်မှန်းဆကြည့်ပြီး သမိုင်းသစ်တွေ ဖန်တီးဖို့ ကြိုးစားမှုတွေနဲ့လည်း ပါဝင် ပတ်သက်နေတတ်ပါတယ်။ အဲဒီလို ဖန်တီးကြတဲ့ နေရာမှာ ကမ္ဗည်းကျောက်စာလို သမိုင်းသက်သေ အထောက်အထားမရှိဘဲ ဖန်တီးကြတာ ဖြစ်တယ်။

■ ဖက်ဒရယ် စနစ်

ဖက်ဒရယ်စနစ် ဆိုတာဟာ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို အားလုံးက စုပေါင်းပြီး ကျင့်သုံးတဲ့ အစိုးရစနစ် ဖြစ်ပါတယ်။ (Alan Smith, 2007 ၁၁) အဲဒီစနစ်မှာ ဗဟိုအစိုးရ (ဖက်ဒရယ်အစိုးရ) တစ်နည်း ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတွေ (ပြည်တွေနဲ့ တိုင်းဒေသကြီးများ) အကြား အာဏာကို ခွဲခြားပြီး မျှဝေကျင့်သုံးတဲ့ အစိုးရစနစ် ဖြစ်ပါတယ်။ မြန်မာပြည်က ကွဲပြားခြားနားတဲ့ လူမျိုးစုတွေက ဖက်ဒရယ်စနစ်ကို ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိဖို့အတွက် အစွမ်းထက်တဲ့ လက်နက်တစ်ခုလို ရှုမြင်ကြပါတယ်။ ဆက်စပ်မှုတော့ ရှိနေပေမယ့် ကွဲပြားတယ်လို့ ယူဆရတဲ့ အခြားအခြေခံ အယူအဆတွေကတော့ “ဗဟိုချုပ်ကိုင်မှုကို အောက်ခြေအဆင့်ဆင့်ထိ လျှော့ချခြင်း” နဲ့ “ဒေသ္တရ ကိုယ်ပိုင်အုပ်ချုပ်ရေး”တို့ပဲ ဖြစ်ပါတယ်။ ၁၂

အခြားပုံစံ တစ်ခုဖြစ်တဲ့ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းကိုတော့ ပထဝီဒေသ တစ်ခုအတွင်းမှာ အစုအဖွဲ့တစ်ခုခု သို့မဟုတ် လူအများ သိပ်သည်းနေထိုင်ကြတဲ့အခါ အဲဒီဒေသမှာ နိုင်ငံရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တောင်းဆိုကြတာ ဖြစ်ပါတယ်။ ဒီဒေသတွေက နှိုင်းယှဉ်မှုအရ အလွယ်တကူ နယ်မြေပိုင်းခြား သတ်မှတ်ထားနိုင်ကြပါတယ်။ မြန်မာနိုင်ငံ ဥပမာဆိုရင်တော့ ၁၉၉၀ ပြည့်နှစ်များ အစောပိုင်းကာလ အပစ်အခတ် ရပ်စဲပြီးကတည်းက မြန်မာနိုင်ငံရဲ့ အချို့ဒေသတွေမှာ ဖက်ဒရယ်စနစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ခု မလိုအပ်ဘဲ တရားဝင်သဘော မဟုတ်ဘဲ “အထူးဒေသများ”အဖြစ် အငြင်းပွားဖွယ်ရာဖြစ်ပေမယ့် စတင် ကျင့်သုံးခဲ့ကြပါတယ်။ ဒါပေမဲ့ တိုင်းပြည်ထဲက လူမျိုးစု ခေါင်းဆောင်အများစုကတော့ ဗဟိုချုပ်ကိုင်မှု လျှော့ချတဲ့စနစ်၊ ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေးပေးတဲ့ ပုံစံထက် ဖက်ဒရယ်စနစ်ကို ပိုမိုပြီး နှစ်သက်လိုလားကြပါတယ်။ ဒီကိစ္စအတွက်ဆိုရင် နိုင်ငံတော်ကို အခြေခံကျကျ ပြန်လည်မြော်မြင် သုံးသပ်ဖို့၊ တရားဝင် ဖွဲ့စည်းပုံကို ပြန်လည်တည်ဆောက်ဖို့ လိုအပ်ပါလိမ့်မယ်။ အထူးသဖြင့် ဥပဒေကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေကြောင်း ကိစ္စတွေကို ပြန်လည်ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အောင်မြင်ဖို့ဆိုရင် လွတ်လပ်တဲ့ ပြည်နယ်တွေ ဆန္ဒအလျောက် အတူတကွ ပူးပေါင်းပြီး ပြည်ထောင်စုကို ဖော်ဆောင်တဲ့ “ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်တဲ့ ဖြစ်စဉ်”ကို ဖြတ်ရပါလိမ့်မယ်။ ဒါမှမဟုတ် နိုင်ငံရေးယူနစ် အစုအဖွဲ့ကြီးတစ်ခုကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ ပြည်နယ်တွေ အစုအဖွဲ့တွေအဖြစ် ခွဲခြားလိုက်တဲ့ (ဗဟိုချုပ်ကိုင်မှုကို လုံးဝဥဿုံ လျှော့ချပစ်လိုက်တဲ့) “ဖက်ဒရယ် ပြည်ထောင်စုဖော်ဆောင်တဲ့ ဖြစ်စဉ်”ကို ဖြတ်သန်းရပါလိမ့်မယ်။

မြန်မာနိုင်ငံရဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေဟာ ဖက်ဒရယ်ပုံစံဖြစ်ပြီး နိုင်ငံရေး ကောင်းမွန်တဲ့ ဆန္ဒကောင်းတွေ ရှိနေပါတယ်။ သို့သော်လည်း လက်တွေ့မှာ ဗဟိုအစိုးရရဲ့ တစ်တိုင်းပြည်လုံးအပေါ် တင်းတင်းကျပ်ကျပ် ထိန်းချုပ်မှုကို သေချာအောင် လုပ်ဆောင်ထားခဲ့ပါတယ်။ (Yawnghwe and Sakhong, 2003) ဒါ့အပြင် ဥပဒေမူဘောင်အရ ဆိုရင်လည်း ပြည်နယ်အစိုးရတွေမှာ (နိုင်ငံရေး အခွင့်အာဏာ နည်းနည်းပဲရှိတာအပြင်) ပြည်နယ်ဒေသဆိုင်ရာ ပြည်သူပြည်သားတွေနဲ့ သက်ဆိုင်တဲ့ကိစ္စတွေ ပြဿနာတွေအပေါ် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ဘတ်ဂျက် ငွေရေးကြေးရေး မရှိတာက ပြဿနာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီနေရာမှာ အရေးကြီးတဲ့ သင်ခန်းစာတစ်ခုက နိုင်ငံရေးအရ ဖွဲ့စည်း တည်ဆောက်ထားမှု (ဖက်ဒရယ် သို့မဟုတ် အခြားနည်းအားဖြင့်) က အရေးကြီးပါတယ်။ ဒါပေမယ့် ခေါင်းရှုပ်စရာ ပြဿနာတွေက အသေးစိတ်ကိစ္စတွေမှာ ရှိနေပါတယ်။ အထူးသဖြင့် လုံလောက်တဲ့ ငွေရေးကြေးရေး ရင်းမြစ်မရှိရင် ပိုဆိုးပါလိမ့်မယ်။ ဗဟိုအဆင့် မဟုတ်တဲ့ အောက်ခြေ ပြည်နယ်အစိုးရတွေအတွက် များများစားစား အရင်းအမြစ်ရဖို့ကလည်း ခက်ခဲပါလိမ့်မယ်။ တကယ်တော့ ဖွဲ့စည်း တည်ဆောက်ထားမှုတွေအတွက် လုံလောက်တဲ့ ဘတ်ဂျက် ငွေရေးကြေးရေး မရှိဘဲ တည်ဆောက်မယ်ဆိုရင် ဖက်ဒရယ်နိုင်ငံရေး ဖွဲ့စည်းထားမှုကို သေးသိမ်ပျက်ပြယ်အောင် လုပ်သလို ဖြစ်ပါလိမ့်မယ်။ (သေချာတာက အချို့သော နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ တမင်ရည်ရွယ် လုပ်ဆောင်ထားချက်လည်း ဖြစ်နိုင်ပါတယ်။) ဗိုလ်ချုပ်နေဝင်း သုံးခဲ့တဲ့ သဘောထား၊ မြန်မာပြည်ရဲ့ အရပ်သားဦးဆောင်တဲ့ ဖက်ဒရယ်စနစ်ဟာ အမျိုးသား သွေးစည်းညီညွတ်မှုကို ပြိုကွဲပျက်စီးလိမ့်မယ် ဆိုတဲ့ အယူအဆကိုလည်း အားလုံး ပြန်အမှတ်ရစရာပါ။ ဒီလို စိုးရိမ်ပူပန်မှုတွေကို အကြောင်းပြပြီး ၁၉၆၂ ခုနှစ် မတ်မှာ စစ်တပ် အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။

ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ သို့မဟုတ် ဖြေရှင်းဖို့ ပုံဖော်ထားတဲ့ ဥပဒေရေးရာ မှတ်တမ်းတစ်ခု ဖြစ်ပါတယ်။ ဒီအတွက်လည်း ဖွဲ့စည်းပုံဟာ မြန်မာပြည်မှာရှိတဲ့ လူမျိုးစုတွေကို သတ်မှတ်တဲ့ စက်ဝိုင်းထဲကို ရောက်လာစေပါတယ်။ ဒီအတွက် ဘာတွေ လိုအပ်သလဲ၊ ဘာတွေရရှိဖို့ လိုအပ်သလဲဆိုတာ အသေးစိတ်ကို သေသေချာချာ မစဉ်းစားဘဲ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ တောင်းဆိုမှုတွေကလည်း မြန်မာနိုင်ငံမှာ အကျယ်အပြန့် ရှိနေဆဲပါ။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီမှာ ကျင်းပတဲ့ လူမျိုးစုခေါင်းဆောင် တော်တော်များများ တက်ရောက်တဲ့ ပင်လုံညီလာခံကို ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်တဲ့ ကာလလို့ ဆိုနိုင်ပါတယ်။ သို့သော်လည်း ညီလာခံကို တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တွေဟာ လူမျိုးစုပြည်နယ်တွေရဲ့ ကိုယ်စားလှယ်တွေလို့တော့ မဆိုနိုင်ပါဘူး။ (အထူးသဖြင့် ရှမ်း၊ ချင်း၊ ကချင်တို့က) ဗြိတိသျှ ကိုလိုနီတွေ ဆုတ်ခွာသွားပြီးရင် လွတ်လပ်တဲ့ ပြည်ထောင်စုကို အတူတကွ တည်ထောင်ကြမယ်လို့ သဘောတူညီခဲ့ကြတာ ဖြစ်တယ်။ ပင်လုံစာချုပ်ကို ဦးအောင်ဆန်းနဲ့ တခြားပါဝင်သူတွေက ဘယ်လိုနားလည်သလဲ ဆိုတာ မေးခွန်းထုတ်စရာ ရှိပါတယ်။ သို့သော်လည်း ရာစုနှစ် တစ်ဝက်ကျော်ပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖက်ဒရယ်စနစ်ကို ချဉ်းကပ်တော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်လျှောက်လှမ်းနိုင်မယ့် ပုံသ္ဌာန်တစ်ခုခုကို ဖော်ဆောင်ဖို့ ကနေ့ ဖက်ဒရယ် မဟုတ်တဲ့ နိုင်ငံရေးအခြေအနေတွေကို ပြန်လည်ညှိနှိုင်းပြီး အပေးအယူလုပ်တဲ့ “ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဖြစ်စဉ်” (federating process) လိုအပ်ပါတယ်။ (လူမျိုးစု ခေါင်းဆောင်တွေဘက်မှာလည်း အထူးသဖြင့် ကရင်နီနဲ့ ရှမ်းတွေချည်း သီးသန့်မဟုတ်ဘဲ သီးခြားလွတ်လပ်တဲ့ အချုပ်အခြာအာဏာကို ကာလကြာမြင့်စွာ အရေးဆိုနေမှုတွေကိုလည်း ထည့်သွင်း စဉ်းစားဖို့လည်း လိုအပ်ပါတယ်။)

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအတွင်းမှာ ဖက်ဒရယ်စနစ်ကို ဘယ်အတိုင်းအတာထိ အကောင်အထည်ဖော်လျှင် ဖြစ်နိုင်ခြေ ရှိမလဲဆိုတာက မေးခွန်းတစ်ခု ဖြစ်လာပါတယ်။ အဲဒီမှာ ပြဿနာဖြစ်နိုင်ခြေတွေကတော့ အများကြီး ရှိသော်လည်းပဲ (ဥပမာ- တိုင်းပြည်ရဲ့ လူချစ်ခင်မှုအများဆုံး၊ အကျော်ကြားဆုံး နိုင်ငံရေးခေါင်းဆောင်ကို သမ္မတဖြစ်နိုင်ခွင့်ကနေ တားမြစ်ထားတာမျိုး ဖြစ်တယ်။ ၁၃) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်နယ်အဆင့် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် အခွင့်အလမ်းတွေ ပေးအပ်ထားခြင်းက တခါတရံမှာ အသိအမှတ်ပြုခံရခြင်းထက် ပိုတယ်။ နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုအစိုးရရဲ့ အခွင့်အာဏာတွေကို လျှော့ချပြီး ပြည်နယ်၊ တိုင်းဒေသကြီးတွေကို ဘယ်အတိုင်းအတာအထိ ပေးအပ်မလဲဆိုတာ ဆုံးဖြတ်နိုင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ အစီအစဉ်တွေကို ပြန်လည်သုံးသပ် ပြင်ဆင်မယ်ဆိုရင် ပြည်နယ်အဆင့်တွေကို ဆုံးဖြတ်ခွင့်တွေနဲ့ ပတ်သက်လို့ ကိုယ်ပိုင်အုပ်ချုပ်ရေး အခွင့်အာဏာကို ပိုပြီးတော့ ပေးအပ်တာကို သိသာထင်ရှားတဲ့ အာဏာခွဲဝေမှု ဖြစ်ပေါ်လာနိုင်ပါတယ်။ (ပိုမိုတဲ့ ဘဏ္ဍာရေး အရင်းအမြစ်နဲ့အတူ အခွင့်အာဏာ ပေးအပ်ခြင်းကို မှတ်ချက်ပြုကြပါတယ်)။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လိုအပ်တာတွေကို ပြန်လည်ပြင်ဆင်ခြင်းဟာ တပ်မတော်ကို ရန်ပြုနိုင်တဲ့အခြေအနေ နည်းပါးလိမ့်မယ်။ နောက်ထပ် ထောက်ပြလိုတဲ့ အချက်ကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအသစ် ရေးဆွဲခြင်းကလည်း သင့်တော်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ လျင်လျင် မြန်မြန် အောင်မြင်နိုင်တဲ့ နည်းလမ်းတစ်ခုကတော့ နိုင်ငံတော်သမ္မတ အနေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေကနေပြီး သူတို့ရဲ့ ဝန်ကြီးချုပ်တွေကို သူတို့ဘာသာ အဆိုပြုတာကို ခွင့်ပြုသင့်ပါတယ်။ နေပြည်တော်အနေနဲ့ အချို့ ခြွင်းချက် အခြေအနေတွေမှာသာ မဲပေးတာမျိုး လုပ်သင့်ပါတယ်။ ဒါဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲက ဥပဒေ တစ်ခုလုံးကို ပြောင်းလဲပစ်တာ မဟုတ်ဘဲ ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းပါ။ ၁၄

မြန်မာနိုင်ငံရဲ့ကာလကြာရှည်စွာ ဖြစ်တည်နေတဲ့ နိုင်ငံတော်နဲ့ လူမှုအဖွဲ့အစည်းအကြား (ဗဟိုနဲ့ အောက်ခြေ၊ အများစုနဲ့ အနည်းစု) ပဋိပက္ခတွေကို ဖက်ဒရယ်စနစ်နဲ့ ဖြေရှင်းဖို့ဟာ လိုအပ်လှပါတယ်။ သို့သော်လည်းပဲ ဆယ်စုနှစ်နဲ့ ချီပြီးဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို ပြေလည်စေဖို့ကတော့ (ဖြစ်နိုင်ခြေ ရှိတာက) မလုံလောက်ပါဘူး။ မြန်မာနိုင်ငံဟာ လူမျိုးစုအများအပြားနဲ့ စုဖွဲ့ထားတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ လူမျိုးစု အရေအတွက်တွေက နယ်မြေဒေသတွေကို ဘယ်လိုပုံစံနဲ့ ဘယ်သူတွေက ပိုင်းခြား သတ်မှတ်ထားတယ် ဆိုတဲ့အပေါ် မူတည်ပါတယ်။ ပညာရေးနဲ့ ဘာသာစကားဆိုင်ရာ မူဝါဒတွေဘက်က ကြည့်ရင် (ဥပမာအားဖြင့်) ကရင်စကား ၁၂ မျိုးကို စုပေါင်းပြီး ကရင်အနေနဲ့ ကိုယ်စားပြုတဲ့ ဘာသာစကားကို သတ်မှတ်မယ်ဆိုရင် မျှော်မှန်းပုံဖော်မယ့် လူမျိုးစု အဝန်းအဝိုင်းကို အထောက်အကူပြုနိုင်ဖို့ နိုင်ငံရေးအရ သက်ရောက်မှုတွေ ရှိပါတယ်။ (Anderson, 1991) အဲဒီမျှော်မှန်းထားတဲ့ ကရင်လူမျိုး အဝန်းအဝိုင်းဆိုတာ ကရင်အမျိုးသားနိုင်ငံ ဖြစ်တယ်။ အရေးကြီးတဲ့ ပြဿနာတွေကတော့ ဘယ်ဘာသာစကား၊ ဘယ်ယဉ်ကျေးမှု ဓလေ့ထုံးစံက တရားဝင် အမျိုးသား ဘာသာစကား ဓလေ့ထုံးစံ ဖြစ်လာမလဲ ဆိုတာပါ။ (ပုံမှန်အားဖြင့် သိသာတဲ့ အခြေအနေ မရှိပေမယ့် ပိုပြီးလွှမ်းမိုးနိုင်တဲ့ စကောကရင်အစုရဲ့ ဘာသာစကား၊ ဓလေ့ထုံးစံတွေကို သတ်မှတ်ထားတယ်။) ဒါကြောင့် အခြား ကရင်မျိုးနွယ်ကွဲ အစုတွေကို ဘေးဖယ်သလို အခြေအနေကို ရောက်စေပါလိမ့်မယ်။ နယ်မြေကို ဘယ်လို သတ်မှတ်မလဲ၊ လုပ်ပိုင်ခွင့်အာဏာ (ဘာသာစကား၊ ယဉ်ကျေးမှုတွေ အပါအဝင်) တွေ ဘယ်သူ့မှာ ရှိမှာလဲ၊ အဲဒီနယ်မြေ၊ လုပ်ပိုင်ခွင့် အာဏာတွေကို လူမျိုးစု အဝန်းအဝိုင်းတစ်ခုရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ သြဇာလွှမ်းမိုးနိုင်တဲ့ လူမျိုးကွဲတစ်ခုက တောင်းဆိုခဲ့ရင် ဘယ်လိုကိုင်တွယ်မလဲ စတဲ့ ဖက်ဒရယ်စနစ်ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေအတွက် ဖော်ပြပါ ပြဿနာတွေဟာ အကြုံးဝင်နေ ပါတယ်။ အလားတူ စိုးရိမ်မှုတွေဟာ လူနည်းစု လူမျိုးတွေအကြားမှာ နေထိုင်တဲ့ လူနည်းစုလူမျိုးတွေအတွက် ဆက်စပ်ပြီး တည်ရှိနေတယ်။ တစ်မျိုးနဲ့တစ်မျိုး အတူယှဉ်တွဲ နေထိုင်ကြတဲ့ လူဦးရေ များပြားတဲ့ လူမျိုးစုတွေ (ဖော်ပြပြီး) ကြားမှာ ဆိုလိုတာဖြစ်တယ်။ ဥပမာအားဖြင့် မြန်မာပြည် အရှေ့တောင်ပိုင်းက နေရာတော်တော်များများမှာ မွန်အမျိုးသားတွေ နေထိုင်ကြပါတယ်။ အနီးတဝိုက် ဒေသတွေမှာ ကရင်တွေ လူနည်းစုအဖြစ် နေထိုင်ကြတယ်။ အလားတူပဲ ကရင်လူဦးရေ များပြားတဲ့ ဒေသတွေမှာ မွန်အနည်းစု နေထိုင်တာတွေ ရှိနေကြပါတယ်။

ဒီလို အခြေအနေမျိုးတွေက နိုင်ငံအနှံ့မှာ တည်ရှိနေပါတယ်။ (ဥပမာ အများကြီးထဲက တစ်ခုကို ယူမယ်ဆိုရင်) ပအို့ဝ်နဲ့ ရှမ်းတွေ ရေနှောနေတာ အထင်အရှားပဲ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်ရဲ့ အနောက်တောင်ဘက်မှာ အခြားလူမျိုးစုတွေ ရှိသေးတယ်။ လူမျိုးတွေ စနစ်တကျ အစီအစဉ်ရှိရှိ ရွှေ့ပြောင်း နေထိုင်ကြတာကိုပါ ထည့်သွင်းစဉ်းစားရင် ပြဿနာကပိုပြီး နက်ရှိုင်း ရှုပ်ထွေးသွားတယ်။ ဥပမာအားဖြင့် လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်း များစွာကတည်းက အစိုးရနဲ့ မြန်မာ့တပ်မတော်ဟာ မြန်မာလူမျိုးမိသားစုတွေကို (တပ်မတော် အငြိမ်းစားနဲ့ သူတို့ရဲ့ မိန်းမတွေ၊ ကလေးတွေ) ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးများရဲ့ ဒေသတွေကို ရွှေ့ပြောင်း နေထိုင်စေပါ တယ်။ ၁၅ ၁၉၉၀ ပြည့်နှစ်များ ကာလတွေမှာ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်က တရုတ်နယ်စပ်မှာရှိတဲ့ သူတို့ရဲ့ ဌာနချုပ်နေရာ တဝိုက်က ဝလူမျိုး ရွာသားတွေကို ရှမ်းလက်နက်ကိုင်တွေဆီက တိုက်ခိုက် သိမ်းယူထားတဲ့ ထိုင်းနယ်စပ်ကို ရွှေ့ပြောင်းပေးခဲ့ပါတယ်။ အဲဒီဒေသတွေဟာ မူလက ရှမ်းနဲ့ အခြားလူမျိုးတွေရဲ့ ကျေးရွာတွေဖြစ်ပါတယ်။

အဲဒီလို ရှုပ်ထွေးပြီး အငြင်းအခုန်ဖြစ်ဖွယ် အခြေအနေတွေမှာ “လူနည်းစု လူမျိုးစုတွေအတွင်းက သြဇာလွှမ်းမိုးမှု မရှိတဲ့ လူနည်းစုတွေ” (minorities within minorities) ရဲ့ အခွင့်အရေးနဲ့ အဆင့်အတန်းအတွက် မေးခွန်း ထုတ်စရာတွေ ရှိလာပါတယ်။ အထူးသဖြင့်တော့ ဖက်ဒရယ်စနစ် သက်ရောက်တဲ့ ဒေသတွေမှာ လူနည်းစုတစ်ခုကို အခြေခံပြီး အောက်ခြေကို အာဏာ ဖြန့်ဝေမှု လုပ်တဲ့အခါ ဒေသဆိုင်ရာ အခွင့်အာဏာ ရယူတာမျိုးကို ဆိုလိုတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းရဲ့ ကနေ့အဆင့်မှာ ဒေသတစ်ခုနဲ့အတူ လူမျိုးတစ်မျိုးရဲ့ အမျိုးသားရေး ကြန်အင်လက္ခဏာ သတ်မှတ်တာကို ရှောင်လွှဲလို့ ရနိုင်ချေမရှိပါဘူး။ ဒါပေမဲ့ လူမျိုးစုအခြေခံဟာ မဖြစ်မနေ လိုအပ်တယ်လို့ ပြောမယ်ဆိုရင်တော့ ပြဿနာအမြောက်အမြား ရှိနေတယ်။ ရိုးရိုးရှင်းရှင်းပဲ နားလည်နိုင်တာကတော့ လူပုဂ္ဂိုလ်တွေ၊ မိသားစုတွေ ရပ်ရွာ အသိုက်အဝန်းတွေနဲ့ လွယ်လွယ်ကူကူ သတ်မှတ်နိုင်တဲ့ ပြောင်းလဲလို့မရတဲ့ လူမျိုးလက္ခဏာတွေကို ခွဲခြားထားတဲ့ ကဏ္ဍကြောင့် ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ် နောက်ခံအခြေအနေအရ ကြည့်ပြန်ရင်လည်း နယ်မြေဒေသ တစ်ခုနဲ့အတူ လူမျိုး သတ်မှတ်ချက်ဟာ ပြဿနာရှိပါတယ်။ မြန်မာနိုင်ငံက လူမျိုးစု တော်တော်များများရဲ့ အတူတကွ ယှဉ်တွဲပြီး ရောနှောအခြေချ နေထိုင်မှုတွေက ပျံ့နှံ့နေလို့ ဖြစ်ပါတယ်။ ဒါ့အပြင် နယ်မြေနဲ့ လူမျိုးကို တွဲပြီး တရားသေ သတ်မှတ်ခြင်းက အဲဒီလူမျိုးနေထိုင်ရာ (မျှော်မှန်းထားတဲ့ လူမျိုးစု အဝန်းအဝိုင်း) အပြင်ဘက်မှာ အဲဒီ လူမျိုးတွေအတွက် ပြဿနာရှိပါတယ်။ ဥပမာအားဖြင့် မွန်ပြည်နယ်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီနဲ့ တနင်္သာရီဒေသတွေမှာ နေထိုင်ကြတဲ့ ကရင်လူမျိုး အများအပြားအတွက် ဖက်ဒရယ် ကရင်ပြည်နယ် ဖော်ဆောင်ခြင်းက ဘယ်လို အဓိပ္ပာယ် သက်ရောက်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ အဲဒီဒေသတွေက ကရင် နိုင်ငံရေးခေါင်းဆောင်တွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကရင်ပြည်နယ်အတွက် နောက်ထပ် အခွင့်အာဏာတွေ ပိုရမယ်လို့ ရိုးရိုးသားသားပဲ နားလည်ထားပြီး ဖက်ဒရယ်စနစ်နဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှု ရှိနေမှာကို နားလည်ထားကြပုံ ရပါတယ်။ (South, 2014)

မြန်မာနိုင်ငံအတွက် နေရာဒေသ မခွဲခြားဘဲ နိုင်ငံသားတွေအတွက် အခွင့်အရေး ပေးနိုင်မယ့် နိုင်ငံရေးစနစ်ကို တည်ဆောက်ပြီး အဲဒါကို ဖွံ့ဖြိုးအောင် လုပ်ဖို့ဆိုရင် ဖက်ဒရယ်စနစ် ဆိုတာထက်ကို ကျော်လွန်ပြီး သွားဖို့ လိုပါလိမ့်မယ်။ ဥပမာအားဖြင့် ကရင်စကားပြောသူတွေ (ဘယ် ကရင်ဘာသာစကားခွဲကို ပြောသည်ဖြစ်စေ) သူတို့ရဲ့ မိခင်ဘာသာစကားကို ပညာရေးနဲ့ အစိုးရဌာနတွေမှာ (တရားစီရင်ရေးစနစ် အပါအဝင်) အသုံးပြုနိုင်ဖို့ သူတို့ ဘယ်မှာ နေထိုင်သည်ဖြစ်စေ ကရင်ဘာသာစကားနဲ့ လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်နိုင်တဲ့ အခွင့်အရေး ရရှိဖို့ဆိုတာတွေအတွက် ဖြစ်တယ်။ ဆယ်စုနှစ်ပေါင်း များစွာ လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ တိုင်းပြည်အတွက် နိုင်ငံရေးအရ ဖြေရှင်းပြီး စနစ်တစ်ခု တည်ဆောက်ဖို့ဆိုရင် တိုင်းရင်းသားလူမျိုးစု အခွင့်အရေးတွေကို ပြည်ထောင်စုတဝန်းမှာ လူမျိုးစုတွေကို အာမခံချက်ပေးတဲ့ ဥပဒေကြောင်းဆိုင်ရာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ အစီအစဉ်တွေ လိုအပ်ပါတယ်။ သတ်မှတ်ထားတဲ့ ဒေသအချို့ကိုသာ ပေးခြင်းမျိုး မဟုတ်ဘဲ ပြည်ထောင်စုတဝန်း ဒီအခွင့်အရေးတွေ တည်စေဖို့ လိုအပ်ပါတယ်။

ဖက်ဒရယ် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေအရ အအောင်မြင်ဆုံး တိုင်းပြည်တွေ (ဥပမာ- သြစတေးလျ၊ ဂျာမနီ၊ အမေရိကန်လို့ ဆိုနိုင်ပါတယ်) ဟာ လူမျိုးပေါင်းစုံကို အခြေခံတဲ့ လူ့အဖွဲ့အစည်းတွေ မဟုတ်ကြပါဘူး။ ဖက်ဒရယ်စနစ် အနည်းနဲ့အများ ဆိုသလို အလုပ်ဖြစ်နေတဲ့ လူမျိုးများ စုပေါင်းနေထိုင်တဲ့ နိုင်ငံတွေမှာ အဲဒီ ဖွဲ့စည်းပုံဆိုင်ရာ အစီအစဉ်တွေဟာ သမိုင်းဆိုင်ရာ နိုင်ငံရေး အခြေအနေ အချက်အလက်တွေက တစ်ဆင့် ပေါ်ထွန်းလာတာ ဖြစ်ပါတယ်။ (အိန္ဒိယလို နိုင်ငံမျိုးပါ။) သို့မဟုတ် နှစ်ရာနဲ့ချီပြီး ဖွံ့ဖြိုးတိုးတက်လာခဲ့ကြတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ (ဆွစ်ဇာလန်လိုမျိုးပါ။) မြန်မာပြည်ကို ဘယ်လို ပြန်လည် တည်ဆောက်မယ်ဆိုတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြန်လည် ပုံဖော်လိုတဲ့ မျှော်မှန်းချက်တွေ ပါဝင်တဲ့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးဖြစ်စဉ်ဟာ ဘဝတစ်သက်တာမှာ တစ်ခါတည်း ရနိုင်တဲ့ အခွင့်အရေး ဒါမှမဟုတ် ဘဝအတော်များများ ဖြတ်သန်းပြီးမှ တစ်ခါရနိုင်တဲ့ အခွင့်အရေး တစ်ခုဖြစ်ပြီး၊ အဲဒီကမှ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ နိုင်ငံကို ဘယ်လိုပုံဖော်ကြမလဲ ဆိုတဲ့ကိစ္စ ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။ ဒီကိစ္စမှာ ဖက်ဒရယ်စနစ်ကို ပြဿနာတွေရဲ့ အဆုံးလို့ မြင်မယ့်အစား ပြဿနာတွေ ပြီးဆုံးဖို့အတွက် နည်းလမ်းအဖြစ် စဉ်းစားမယ်ဆိုရင် အလွန်အသုံးဝင်မှာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ ပါဝင် ပတ်သက်သူတွေ (Stakeholders) အနေနဲ့ သူတို့ရဲ့မျှော်မှန်းချက်တွေ၊ စံတန်ဖိုးတွေကို ရရှိဖို့ မျှော်လင့်နိုင်ပါတယ်။ ပြီးတော့ အဲဒီမျှော်မှန်းချက် ပန်းတိုင်ကို ရောက်ဖို့ အကောင်ဆုံး နည်းလမ်းတွေနဲ့ ပတ်သက်ပြီး မဟာဗျူဟာ နည်းဗျူဟာတွေ ချမှတ်နိုင်ပါတယ်။ ၁၆ ဖက်ဒရယ်စနစ်ဟာ မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးစုတွေအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့ အသုံးဝင်လှတဲ့ နိုင်ငံရေးနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာ နည်းနာကိရိယာ တစ်ခု ဖြစ်နိုင်ပါတယ်။ သို့သော်လည်း အစိုးရမှာရှိတဲ့ ပညာရေးနဲ့ ဘာသာစကား အသုံးပြုမှုတွေနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အခန်းတွေ အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေက တစ်ဆင့်လည်း လူမျိုးစုတွေ အများကြီး ပိုရနိုင်ပါတယ်။ ဒါ့အပြင် ဗဟိုချုပ်ကိုင်မှုကို အောက်ခြေအထိ လျှော့ချတာတွေနဲ့ ပိုမိုပြည့်စုံတဲ့ ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (ဖက်ဒရယ် အခြေခံဥပဒေ မူဘောင်ထဲက ဖြစ်စေ၊ မူဘောင်အပြင်ဘက်က ဖြစ်စေ) တွေက တစ်ဆင့်လည်း လူမျိုးစုနိုင်ငံရေး ခေါင်းဆောင်တွေနဲ့ လူမျိုးစုတွေ တောင်းဆိုနေတဲ့ တောင်းဆိုချက် တော်တော်များများကို ရရှိစေနိုင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဖက်ဒရယ်စနစ်လို့ ဖော်ပြမထားသော်လည်း အနိမ့်ဆုံးအဆင့် ရှမ်းနဲ့ကချင် (အနာဂတ် ကရင်) ပြည်နယ်တွေမှာ ပြည်တွင်းအုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စတော်တေ်ာများများကို ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေး အပ်ထားတာကို လေ့လာရင် အကျိုးရှိနိုင်ပါတယ်။

လတ်တလော ၂၀၁၆ ခုနှစ် ဇူလိုင်က မိုင်ဂျာယန် ထိပ်သီးဆွေးနွေးပွဲမှာ (ကေအိုင်အို ထိန်းချုပ်ရာ ကချင်ပြည်နယ်မှာ ပြုလုပ်တဲ့) လူမျိုးစုခေါင်းဆောင်တွေက ရှစ်ပြည်နယ်ကို အခြေခံတဲ့ ဖက်ဒရယ် မြန်မာနိုင်ငံ တည်ထောင်ဖို့ အဆိုပြုချက်ကို (NCUB ရဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံ မူကြမ်းအပေါ်မှာ အခြေခံပြီး) ထောက်ခံခဲ့ပါတယ်။ ဒီအဆိုပြုချက်ဟာ မန္တလေး၊ မကွေး၊ ပဲခူးတို့ကို ပေါင်းပြီး ဗမာပြည်နယ်အဖြစ် အကြီးကြီး ဖန်တီးထားတာ တွေ့နိုင်ပါတယ်။ ထို့အတူ တနင်္သာရီ၊ စစ်ကိုင်း၊ ဧရာဝတီတို့လို လူမျိုးစုတွေ ရောနှောနေထိုင်တဲ့ အမျိုးသားများ ပြည်နယ်နှစ်ခုကိုလည်း တွေ့ရပါတယ်။ သို့သော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့အကြား “ဖက်ဒရယ်ရှမ်းပြည်နယ်” အမြင်အပေါ် ကန့် ကွက်ရာက တင်းမာမှုတွေ ရှိခဲ့ပါတယ်။ ရှမ်းပြည်ထဲက လူမျိုးစုငယ်တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကွဲပြားခြားနားတဲ့ နိုင်ငံရေးဘဝတွေကို မြှင့်တင်ပေးခြင်းအားဖြင့် ဖက်ဒရယ်ရှမ်းပြည်နယ် ဆိုတာမျိုး သူတို့က မလိုလားပါဘူး။ အဲဒီကိစ္စဟာ သမိုင်းအရ ရှမ်းလူများစုရဲ့ လွှမ်းမိုးထားနိုင်မှု အနေအထားကို ခြိမ်းခြောက်ခံရတယ်လို့ မြင်ကြပါတယ်။ (Lawi Weng, 2016)

ဖက်ဒရယ်စနစ်နဲ့ ပတ်သက်လို့ ဆွေးနွေးတာဟာ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေအတွင်းနဲ့ အဖွဲ့အစည်း တစ်ခုနဲ့တစ်ခုအကြား တည်ရှိနေတဲ့ မတူညီမှုတွေကို ဖော်ပြနေပါတယ်။ မတူညီတဲ့ လူမျိုး ကြန်အင်လက္ခဏာတွေ၊ တိုင်းပြည်ရဲ့ ကွဲပြားခြားနားတဲ့ နေရာဒေသ အသီးသီးရဲ့ နောက်ခံအခြေအနေအပေါ် အမှီပြုပြီး ကြီးထွားလာတဲ့ မတူညီတဲ့ အကျိုးစီးပွားတွေကို ပုံဖော်ပေးပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပတ်သက်လို့ မြင့်မြင့်မားမား လိုချင်တဲ့ စိတ်ကူး စိတ်သန်းတွေ (ဥပမာအားဖြင့် ကေအိုင်အို၊ ဝသပတို့ရဲ့ မျှော်မှန်းချက်က ပိုမြင့်မား) ဟာ ကရင်အမျိုးသားအစည်းအရုံး သို့မဟုတ် ချင်းအမျိုးသားတပ်ဦးတို့က တောင်းဆိုတဲ့ ဖက်ဒရယ်စနစ် ပုံစံနဲ့တော့ သဘာဝအရ တူညီမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ကွဲပြားခြားနားတဲ့ လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးက ကွဲပြားခြားနားတဲ့ ရပ်တည်ချက်အမျိုးမျိုးကို ချမှတ်ကြတာဟာ အံသြဖွယ်ရာတော့ မဟုတ်ပါဘူး။ သို့ပေမဲ့ အားလုံးပါဝင်ကြတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် (ဥပမာ နိုင်ငံရေးဆွေးနွေးပွဲ)က နက်ရှိုင်းလာတော့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးပါတီတွေ ပါဝင်လာတဲ့အခါ ပြဿနာတွေက ပိုပြီး နက်ရှိုင်းသိမ်မွေ့သွားပါတယ်။ ဒါဟာ ပြဿနာလို့ တော့ မဆိုနိုင်ပါဘူး။ လူမျိုးစု ခေါင်းဆောင်တွေ၊ ရပ်ရွာအသိုင်းအဝိုင်းတွေက အခြေခံမူတွေကို သဘောတူညီမှု ရအောင် အလုပ်တူတူ လုပ်နိုင်မယ်ဆိုရင် ပြဿနာမဟုတ်ပါဘူး။ အဲဒီလို လုပ်ဆောင်ကြရာမှာ လက်တွေ့မကျနိုင်တဲ့ “တညီတညွတ်တည်းသော ရပ်တည်မှု”ကို တောင်းဆိုရင်း ဘေးရောက်သွားတာမျိုး မဟုတ်ခဲ့ရင် ပြဿနာမရှိပါဘူး။ ဖက်ဒရယ်စနစ်နဲ့ ဆက်စပ်ပြီးပြောရရင် မြန်မာနိုင်ငံမှာ အချိုးအစား မညီမျှတဲ့ (asymmetrical) ဖက်ဒရယ်ပုံစံ ချဉ်းကပ်မှုနဲ့ သွားရင် အသင့်တော်ဆုံး ဖြစ်မယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်နယ်တွေ၊ တိုင်းဒေသကြီးတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေက ဗဟိုအစိုးရနဲ့ ဆက်စပ်ပြီး ပုံသဏ္ဍာန်မျိုးစုံ ကွဲပြားတဲ့ သီးခြား အခွင့်အာဏာတွေကို သူ့ပုံစံနဲ့သူ ခံစားကျင့်သုံးနိုင်တဲ့ အခြေအနေရှိလို့ပါပဲ။အခြား အငြင်းပွားဖွယ် မဖြေရှင်းရသေးတဲ့ ပြဿနာတွေကတော့ တပ်မတော်အတွက် အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်တွေ ပါဝင်ပါတယ်။ အဲဒါကတော့ တပ်မတော်ကို ဖက်ဒရယ်ပုံစံ ဘယ်လိုပြန်လည် ဖွဲ့စည်းမလဲဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ မြန်မာ့တပ်မတော် ခေါင်းဆောင်တွေအတွက်တော့ သဘောကျနှစ်ခြိုက်ဖွယ် မဟုတ်ပါဘူး။ ၁၇ ဒီ ဒွိဟဖြစ်နေမှုကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဒေသဆိုင်ရာ ရဲတပ်ဖွဲ့တွေအဖြစ် ပြန်လည်ဖွဲ့စည်းတာ ဒါမှမဟုတ် အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့တွေအဖြစ် သက်ဆိုင်ရာ ပြည်နယ်တွေ ဒါမှမဟုတ် တိုင်းရင်းသားလူမျိုးစု နယ်တွေမှာ ပြန်လည် ဖွဲ့စည်းစေတာမျိုး ဖြစ်ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်အစား အခြားရွေးချယ်စရာ ဖြစ်နိုင်တဲ့ နည်းလမ်း တစ်ခုကတော့၊ ညီနောင် တိုင်းရင်းသားတွေ အတူတကွ ပူးတွဲပေါင်းစပ်ပြီး အုပ်ချုပ်ရေးကျင့်သုံးမှု (Consociation) ကို စဉ်းစားမယ်ဆိုရင် ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်။ (South, 2017) လွတ်လပ်ရေး မရခင်ကတည်းက နိုင်ငံရေးထဲက ပုဂ္ဂိုလ်တော်တော်များများဟာ ကွဲပြားခြားနားတဲ့ သူတို့ရဲ့ ကရင်လူ့အဖွဲ့အစည်းမှာ ခိုင်ခန့်တဲ့ နိုင်ငံရေးအရ ညီညွတ်မှုနဲ့ “ကရင်လူမျိုးဖြစ်မှု” တစ်မျိုးတည်းသာ ကျင့်သုံးဖို့ဆိုတဲ့ အယူအဆကို တင်သွင်းဖို့ ကြိုးစားခဲ့ကြဖူးပါတယ်။ သမိုင်းကိုကြည့်ရင် လူမျိုးစုအခြေခံ အမျိုးသားရေး လက်နက်ကိုင် လှုပ်ရှားမှုအတွင်းမှာ ခရစ်ယာန် ခေါင်းဆောင်တွေက သူတို့ကိုယ်သူတို့ မကြာခဏဆိုသလို ကရင်တွေရဲ့ တရားဝင် တစ်ခုတည်းသော ကိုယ်စားလှယ်တွေအဖြစ် ဖော်ပြကြပါတယ်။ တခါတရံ သဘောကွဲလွဲခြင်းတွေနဲ့ သီးခြားအမြင်တွေ၊ အသံတွေကိုလည်း ဖိနှိပ်တာတွေ ရှိခဲ့ပါတယ်။ ဒီလို ချဉ်းကပ်မှုက အခြေခံအရကို ဒီမိုကရေစီနည်းလမ်း မဟုတ်ဘူး။ ဒါ့အပြင် ကရင်လူမှုအဖွဲ့အစည်းကို ပိုပြီး ပြိုကွဲနိုင်တဲ့ အခြေအနေကို လုပ်ဆောင်သလို ဖြစ်စေခဲ့ပါတယ်။ ထို့အတူပဲ သူတို့ ကိုယ်စားပြုဖို့ ကြိုးစားနေတဲ့ ဒေသအသီးသီးက စစ်ဘက်ဆိုင်ရာ နိုင်ငံရေးဆိုင်ရာ ခေါင်းဆောင်တွေကိုလည်း အဝေးကို တွန်းပို့လိုက်သလို ဖြစ်စေခဲ့ပါတယ်။

မြန်မာနိုင်ငံက ကရင်လူမျိုးနဲ့ အခြား အမျိုးသားလူနည်းစုတွေကြားမှာ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ပတ်သက်တဲ့ စိတ်ကူးစိတ်သန်းတွေကို နက်နက်ရှိုင်းရှိုင်း ဆုပ်ကိုင်ထားကြပါတယ်။ ကရင်တွေရဲ့ ညီညွတ်မှု ရှာဖွေခြင်းအပေါ် ခက်တယ်၊ စိတ်ကူးယဉ်မှုမျှသာဆိုတာ သမိုင်းက သက်သေပြပြီး ဖြစ်ပါတယ်။ တစ်ခုတည်းသောလူမျိုး အမျိုးသားကြန်အင် လက္ခဏာနဲ့ နိုင်ငံရေး ခေါင်းဆောင်မှုကို တည်ဆောက်မယ့်အစား အတူတကွ ပူးတွဲပေါင်းစပ်ပြီး ပြဿနာတွေကို အပေးအယူလုပ် ချဉ်းကပ်တဲ့နည်းလမ်း (consociation) နဲ့ ကရင်လူမှုအဖွဲ့အစည်းရဲ့ နိုင်ငံရေးနဲ့ လူမှုကွဲပြားခြားနားတွေကို ချည်းကပ်သင့်ပါတယ်။ ဒါဟာ ကွဲပြားခြားနားမှု သဘောဆောင်တဲ့ ဗဟု လူမှုအဖွဲ့အစည်းအတွက် အစကောင်း ဖြစ်နိုင်ပါတယ်။ ပူးတွဲပေါင်းစပ်ပြီး စတင် အလုပ်လုပ်နိုင်တဲ့ အခြေအနေကို ရှာဖွေတာ ဖြစ်ပါတယ်။

ပူးတွဲပေါင်းစပ်ပြီး ညှိနှိုင်းအုပ်ချုပ်တဲ့စနစ် (consociationalism) နဲ့ ပတ်သက်လို့ လဂ်ဂျ်ဖတ် (Arend Lijphart, 1977) ရဲ့ “ဗဟု လူ့အဖွဲ့အစည်းတွေက ဒီမိုကရေစီ” (Democracy in Pleural Societies) (၁၉၇၇) ကျမ်းရိုးစာတမ်းမှာ တွေ့နိုင်ပါတယ်။ ပူးတွဲပေါင်းစပ် အုပ်ချုပ်တဲ့ ဒီမိုကရေစီ (Consociational democracy) ရဲ့ အစိတ်အပိုင်း အနှစ်သာရတွေက မဟာမိတ် ပူးပေါင်းဆောင်ရွက်မှုနဲ့ အုပ်ချုပ်တာ (Grand coalition) တည်း (ကြီးမားကျယ်ပြန့်သည့် မဟာမိတ်ဖွဲ့မှု) အုပ်ချုပ်တာဖြစ်ပါတယ်။ ဒီအချက်တွေမှာ လူနည်းစုအတွက် အပ်နှင်းထားတဲ့ ဗီတိုကျင့်သုံးမှု အာဏာ၊ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာမှာ (ဘဏ္ဍာငွေနဲ့ အလုပ်တာဝန်တွေ ခွဲဝေသတ်မှတ်မှုရာမှာ) အစိတ်အပိုင်း အသီးသီးမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိတာ (သို့မဟုတ်) ဖက်ဒရယ်စနစ် ကျင့်သုံးတာတွေ ဖြစ်ပါတယ်။ အခြေခံအယူအဆက ခေါင်းဆောင်တွေအကြား စိတ်ကောင်းစေတနာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မြင့်တက်လာလေလေ၊ “ကွဲပြားခြားနားမှုတွေ ကြားမှာ ညီညွှတ်မှု”ကို ရှာနိုင်လေဆိုတာ လက်ခံလာနိုင်ဖွယ် ရှိပါတယ်။ လက်ခံလာတာထက် ပိုပြီး အောင်ပွဲဆင်နိုင်စရာ ရှိပါတယ်။

ယေဘုယျအားဖြင့် ပူးတွဲပေါင်းစပ်တဲ့ ဒီမိုကရေစီ ကျင့်သုံးမှုကို အကန့်အသတ်ရှိတဲ့ လက်တွေ့ ဥပမာ- အနည်းငယ်နဲ့ စာအုပ်စာတမ်းတွေက အုပ်စုတစ်ခုနဲ့ တစ်ခုအကြား လူမျိုးတစ်ခုနဲ့ တစ်ခုအကြား ဆက်စပ်တဲ့ ပြဿနာတွေကိုပဲ အလေးထား အာရုံစိုက်တယ်။ ပြီးတော့ အမျိုးသားအဆင့် နိုင်ငံရေးအဆောက်အအုံတွေဆိုရင် ဥပမာအားဖြင့် သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်နဲ့ အာရှ အခြေအနေတွေမှာဆိုရင် ၁၉၄၃ ခုနှစ်နဲ့ ၁၉၇၅ ခုနှစ်များ အကြားက လက်ဘနွန်နဲ့ အခြားက ၁၉၅၅ ခုနှစ်နဲ့ ၁၉၆၅ ခုနှစ်အကြားက မလေးရှားတို့ကို အထူးပြုဖော်ပြကြပါတယ်။ (Lijphart, Chs. 2 & 5) သို့သော်လည်း ပူးတွဲပေါင်းစပ် အုပ်ချုပ်ရေးစနစ်အပေါ် လေ့လာတဲ့ သုံးသပ်ချက်တွေကို ကရင်လို လူမျိုးတစ်မျိုး၊ အုပ်စုတစ်ခု အတွင်းမှာလည်း ဒီစနစ်ကို အကောင်ထည်ဖော် အသုံးပြုနိုင်ပါလိမ့်မယ်။ ကရင်လူမှုအဖွဲ့အစည်းကို ပြောင်းလဲဖို့ ကြိုးစားတာထက်စာရင်၊ လူ့အဖွဲ့အစည်းရဲ့ စံတန်ဖိုးတွေကို ပြန်လည်ပြင်ဆင်ဖို့ ကြိုးစားတာထက်စာရင် ပူးတွဲပေါင်းစပ်တဲ့ အုပ်ချုပ်ရေးစနစ်အရ ဒေသအသီးသီးက ခေါင်းဆောင်တွေ အတူတူအလုပ် လုပ်ကြမယ်၊ ခေါင်းဆောင်တွေ အတွင်းမှာရော လူမျိုးရဲ့ အစိတ်အပိုင်း အသီးသီးကြားမှာပါ ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ ပုံစံတွေကို ရှာဖွေ တည်ဆောက်ကြမယ်ဆိုရင် ကရင်လူမှုအဖွဲ့အစည်းရဲ့ ကွဲပြားခြားနားမှုတွေက စိုးရိမ်ကြောင့်ကြဖွယ်ရာ အားနည်းဖွယ်ရာ မဟုတ်တော့ဘဲ အင်အားတစ်ရပ် ဖြစ်လာပါလိမ့်မယ်။

ဆွေးနွေးခဲ့တဲ့ စဉ်းစားချက်တွေအပြင် ဖက်ဒရယ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဘယ်လိုရေးဆွဲမယ်၊ ဘယ်လို အကောင်အထည်ဖော်မယ် ဆိုတဲ့အပေါ် မူတည်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ကြားဖြတ်ကာလ အစီအစဉ်တွေကို ဆွေးနွေးဖို့တောင် လိုအပ်လိမ့်မယ် မထင်ပါဘူး။ တည်ရှိနေဆဲ အစိုးရကဲ့သို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ၊ လူထုဝန်ဆောင်မှု စနစ်တွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ လုပ်ဆောင်နေနှင့်ကြပြီး ဖြစ်ကြပါတယ်။ အစိုးရ (နိုင်ငံတော်) မဟုတ်တဲ့ အဲဒီလို အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ အနာဂတ်နဲ့ အဆင့်အတန်းက ဘယ်လိုဖြစ်လာမလဲ ဆိုတာ မေးခွန်းထုတ်စရာပါ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အစိတ်အပိုင်းတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ လုပ်ငန်းပရိုဂရမ်တွေ ဥပမာအားဖြင့် ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေဟာ မြန်မာနိုင်ငံမှာ “အောက်ခြေကစပြီး တည်ဆောက်မယ့် ဖက်ဒရယ်စနစ်” အောင်မြင်စွာ အကောင်အထည်ဖော် တည်ဆောက်နိုင်ဖို့ အကောင်းဆုံး အခြေခံအုတ်မြစ်တွေအဖြစ် ရှုမြင်နိုင်ကြပါတယ်။ (South & Lall, 2016)

Some Thoughts on Ethnicity and Federalism in Myanmar

by Ashley South

Myanmar’s past casts a long shadow over the current political situation. Among these, the competing visions of ethnicity and federalism pose challenges for its quasi-democratic system. This article looks at some of the complexities of ethnicity and federalism from a historical perspective. It critically examines existing processes for classifying ethnicity within Myanmar. These include concepts of ethnicity employed by the government and adopted by the recent census implemented in part by the United Nations Population Fund. The process through which ethnicity is negotiated in a country exhibiting extensive cultural diversity has led to the orientation of Burmese politics around sometimes divisive and exclusionary ethnic categories. The article also examines federalism in the context of Myanmar’s political history, multi-ethnic society and its relevance for the ongoing peace process. It also discusses the suitability of decentralization, regional autonomy, and consociational democracy for Myanmar.

■ စာညွှန်း

၁ အက်ရှ်လေဆောက်သ် သည် အလွတ်တန်း လေ့လာဆန်းစစ်သူနှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်ပြီး Australian National University မှ ဒေါက်တာဘွဲ့ ရရှိထားသူ တစ်ဦးဖြစ်သည်။

၂ ရွှေ့ပြောင်း အလုပ်သမားများကို သန်းခေါင်စာရင်း ကောက်ယူမှု မရှိခြင်းသည် သန်းခေါင်စာရင်းတွင် နှုှိုင်းယှဉ်မှုအရ အမျိုးသားဦးရေ နည်းပါးနေသည်ကို ပြဆိုသည်။

၃ ဥပမာအားဖြင့် ၂၀၀၉ ခုနှစ်တွင် ကချင်ပြည်နယ် အနောက်ဘက်တွင် တပ်မတော်နှင့် ဆက်စပ်လျက်ရှိသော ယုဇနကုမ္ပဏီသည် ဗမာလူဦးရေ နှစ်သိန်းခန့်အား စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဟူးကောင်းချိုင့်ဝှမ်းတွင် ပြန်လည် နေရာချထားပေးကြောင်း ပြည်တွင်းသတင်းဌာနများက ဖော်ပြသည်။ (ကိခ် ၂၀၁၆၊ ၂၂၇ အား ကြည့်ရှုရန်)

၄ CIA ၏ ကမ္ဘာ့အချက်အလက်စာအုပ် ခန့်မှန်းချက်အရ လူဦးရေအား လူမျိုးအလိုက် ခွဲခြားရာတွင် ဗမာ ၆၈ ရာခိုင်နှုန်း၊ ရှမ်း ၉ ရာခိုင်နှုန်း၊ ကရင် ၇ ရာခိုင်နှုန်း၊ ရခိုင် ၄ ရာခိုင်နှုန်း၊ တရုတ် ၃ ရာခိုင်နှုန်း၊ အိန္ဒိယအနွယ် ၂ ရာခိုင်နှုန်း၊ မွန် ၂ ရာခိုင်နှုန်းနှင့် အခြား ၅ ရာခိုင်နှုန်း ဖြစ်တယ်။ (CIA ၂၀၁၆ အား ကြည့်ရှုရန်)

၅ ဝေါလ်လေ့စ် ၂၀၁၆ အား ကြည့်ရှုရန်။

၆ မြန်မာမွတ်ဆလင်တို့၏ အောက်တန်းနောက်တန်း ကျသည့် အခြေအနေများကို ဆော့က်သ်နှင့်လော (၂၀၁၇) တွင် ဖော်ပြထားသည်။

၇ ထားဝယ်အမျိုးသားပါတီ၏ အဆိုအရ တနင်္သာရီဒေသတွင် ထားဝယ်(လူမျိုး) နိုင်ငံသား တစ်သန်းခန့် ရှိသည်။ လက်ရှိတွင် ထားဝယ်အားလုံးအား ဗမာများအဖြစ် အသိအမှတ်ပြုထားသည်။

၈ ကချင်ပြည်နယ် မြောက်ပိုင်းရှိ နွန်မျိုးနွယ်စုကို ကချင်အမျိုးသားရေးဝါဒီ တော်တော်များများနှင့် လဝမ်ခေါင်းဆောင်များက လဝမ်လူမျိုးစု၏ အစိတ်အပိုင်းအဖြစ် သတ်မှတ်ကြသည်။ သို့သော်လည်း နွန်မျိုးနွယ်စုအဖြစ် သတ်မှတ်လိုသူ အချို့သည် နွန်လူမျိုး အဆင့်အတန်းကို ရယူလိုသည်။

၉ ဂျက်လယ်ဒါ (၂၀၁၅) “နှစ်ဆယ့်ငါးကျပ်သားဗိုလ်ကျမှု”အရ ယနေ့ မီဒီယာများတွင် ဖော်ပြလျက်ရှိသော ရိုဟင်ဂျာဆိုသော အသုံးအနှုန်းသည် ၁၉၅၀ ပြည့်နှစ် အစောပိုင်းအထိ တည်ရှိခဲ့ခြင်း မရှိချေ။

၁၀ အခြေခံဥပဒေနှင့် နိုင်ငံသားဖြစ်မှု နောက်ခံအခြေအနေအတွင်း မြန်မာနိုင်ငံမှ မွတ်ဆလင် အဝန်းအဝိုင်းများနှင့် ၎င်းအဝန်းအဝိုင်းအတွင်း အပြန်အလှန်ဆက်ဆံရေး အခြေအနေများအား ခြုံငုံသုံးသပ်ခြင်း။ (ညီညီကျော် ၂၀၁၅ အား ကြည့်ရှုရန်)

၁၁ မြန်မာနိုင်ငံမှ ဖက်ဒရယ်စနစ်အကြောင်း ဆွေးနွေးခြင်း။ (စမစ်သ် ၂၀၀၅-၂၀၀၇ အား ကြည့်ရှုရန်)

၁၂ ဂိုင် (၂၀၀၀ း ၈) ၏ မှတ်စုအရ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုသည်မှာ သီးခြား အမျိုးသားလက္ခဏာရှိသည်ဟု ဆိုလျက်ရှိသော လူမျိုးစု၊ သို့မဟုတ် အုပ်စုများအား ၎င်းတို့နှင့် သက်ဆိုင်သော ကိစ္စရပ်များအပေါ် ၎င်းတို့ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်ရန် ခွင့်ပြုသောနည်းလမ်း ဖြစ်သည်။ တပြိုင်နက်တည်းတွင် ပိုမိုကြီးမားသည့် စုဖွဲ့မှု၊ သို့မဟုတ် အဝန်းအဝိုင်း တစ်ခုအား ၎င်းထက်များပြားသည့် အခွင့်အာဏာများကို အားလုံးနှင့် သက်ဆိုင်သည့် အကျိုးစီးပွားများအတွက် ပေးအပ်သည်။

၁၃ လွှတ်တော်အားလုံးတွင် (ပြည်နယ်၊ တိုင်းဒေသကြီး၊ ပြည်ထောင်စုလွှတ်တော်)တို့တွင် တပ်မတော်မှ အခြေခံဥပဒေအရ ၂၅ ရာခိုင်နှုန်း လွှတ်တော်ကိုယ်စားလှယ်နေရာ ပေးအပ်ထားခြင်းကို ကျွန်တော့်အနေဖြင့် မျှတသည်ဟု ထင်သည်။ တပ်မတော်အား ပိုပြီး ဒီမိုကရေစီကျသည့် နိုင်ငံရေး အခြေအနေတစ်ရပ် ဖန်တီးရန် အသွင်ကူးပြောင်းရေး ကာလတွင် တပ်မတော်အား အခန်းကဏ္ဍတစ်ရပ် ပေးအပ်ထားခြင်း ဖြစ်သည်။ အနာဂတ် နိုင်ငံရေးသြဇာအတွက်လည်း အာမခံထားခြင်း ဖြစ်သည်။

၁၄ အလန်စမစ်သ်အား ၎င်း၏ နက်နဲသည့်သိမြင်မှုများအတွက် ကျေးဇူးတင်ပါသည်။

၁၅ ၂၀၁၆ နှစ်လယ်တွင် မွန်နိုင်ငံရေးပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများသည် မွန်ပြည်နယ်သို့ ရွှေ့ပြောင်း အလုပ်သမားများအဖြစ် နှစ်ပေါင်းများစွာကတည်းက ပြောင်းရွှေ့နေထိုင်လာသူ ဗမာမိသားစုများအား အိမ်ထောင်စု စာရင်းများ ထုတ်ပေးခြင်းအပေါ် ကန့်ကွက်ကြသည်။ အစဉ်အလာအရ မွန်ဒေသတွင် ဗမာတို့ တရားဝင်နေထိုင်ခွင့် ရရှိခြင်းကို တိုင်းရင်းသားလူမျိုးစုတို့၏ နယ်မြေဆိုင်ရာ ပိုင်ဆိုင်မှုကို ခြိမ်းခြောက်သည်ဟု ရှုမြင်ကြသည်။

၁၆ ရောဘတ်တေလာ (၂၀၁၆) က အကြံပြုသည်မှာ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးအစီအစဉ်ကို ဆောင်ရွက်မည်ဆိုလျှင် တိုင်း၊ ပြည်နယ်အဆင့်ထက် နိမ့်သော မြို့နယ်နှစ်ခု၊ သို့မဟုတ် နှစ်ခုထက် ပိုမို၍ ဖွဲ့စည်းထားသော တိုင်းပြည်၏ ခရိုင်အဆင့် ဒေသများကို ပြန်လည် အားကောင်းစေရန် လုပ်ဆောင်ဖို့ လိုအပ်သည်။ ဒီအချက်ဟာ အကျိုးမများတဲ့ လူမျိုးစုများကို ဒေသအဖြစ် ပြောင်းလဲခြင်းကို ရှောင်ရှားနိုင်လိမ့်မယ်။ တစ်ချိန်ထဲမှာ ဒေသဆိုင်ရာ နိုင်ငံရေးအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ဗဟိုမှ ခွဲခြားပေးသည့် အာဏာကို အဆင့်တစ်ခုအထိ ရရှိအောင် ဆောင်ရွက်ရေးဖြစ်သည်။ တစ်ခါတစ်ရံမှာ ရည်ရွယ်ချက်မဲ့ ပြင်းပြင်းထန်ထန် စကားလုံး အသုံးအနှုန်းတွေ သုံးစွဲတတ်သော်လည်းပဲ တေလာ အသုံးပြုတဲ့ (FACE Materials) တွေဟာ စိတ်ဝင်စားဖွယ် ကောင်းပါတယ်။ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ သို့မဟုတ် ဖက်ဒရယ်စနစ်ကို သူ ချဉ်းကပ်ပုံက မှန်တယ်လို့ ပြောနိုင်တယ်။ အဲဒီချဉ်းကပ်မှုဟာ လူမျိုးစုကို အခြေခံတဲ့ မြန်မာ့နိုင်ငံရေး အဓိပ္ပာယ်ဖွင့်ဆိုမှုတွေရဲ့ ထောင်ချောက်ကို ရှောင်ရှားဖို့ ဖြစ်တယ်။ (ဖက်ဒရယ်စနစ်မှ အကြောက်တရားကို ရယူခြင်း၊ စာမျက်နှာ ၁၈) သို့သော်လည်းပဲ သူအဆိုပြုတဲ့ အဖြေဟာ မြန်မာပြည်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ရပ်တည်မှုကို နားလည်မှုလွဲသလို ဖြစ်တယ်။ (ဥပမာ- စာမျက်နှာ ၂၇ တွင် ဖော်ပြထားတဲ့အတိုင်း) ဒါ့အပြင်ကို နိုင်ငံရေးလက်တွေ့နဲ့ အမျိုးသားရေးဝါဒီတွေရဲ့ စိတ်ကူးစိတ်သန်းတွေအရဆိုရင် ရွေးချယ်စရာများများမရှိ။ KNU ခေါင်းဆောင် တစ်ယောက်က ကျွန်တော့်ကို လတ်တလော ပြောဆိုခဲ့တာရှိတယ်။ (ဧပြီ၊ ၂၀၁၆) ဗဟိုချုပ်ကိုင်မှု လျှော့ချရေးနှင့် ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်က ကောင်းတယ်။ ဒါပေမဲ့ ပြည်ထောင်စုအဆင့်မှာ ကျွန်တော်တို့ အသံကျယ်ဖို့ လိုအပ်တယ်။ တေလာ ၂၀၁၅ ဘီ ကိုလည်း ကြည့်ရှုပါ။

၁၇ လိုင်ဇာမှာ အရင်အပတ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ သဘောတူညီခဲ့တဲ့ အချက် ၁၁ ချက်အပေါ်မှာ အခြေခံပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အဆိုပြုချက်ကို ၂၀၁၃ နိုဝင်ဘာမှာ ဆွေးနွေးအပြီး ဦးအောင်မင်းက အယူအဆကို သဘောတူဖွယ်ရှိတယ်။

■ အက်ရှ်လေဆောက်သ် ၏ ဆောင်းပါးကို အောင်မိုးဇော် ဘာသာပြန်ဆိုပါသည်။

■ အယ်ဒီတာမှတ်ချက်

ယခုဆောင်းပါးတွင် ဆောင်းပါးရှင်က ရိုဟင်ဂျာဟု သုံးစွဲပါသည်။ မြန်မာနိုင်ငံတွင် တည်ဆဲ အစိုးရအဖွဲ့နှင့် မီဒီယာများ က ဘင်္ဂါလီဟု သုံးစွဲပါသည်။

Secured By miniOrange