JMC-U အစည်းအဝေး ရလဒ်များကို ချဉ်းကပ်ခြင်း

Post By Nyein Ko Ko Soe, On July 11, 2020

JMC-U အစည်းအဝေး ရလဒ်များကို ချဉ်းကပ်ခြင်း

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)၏ ၁၉ ကြိမ်မြောက် အစည်းအဝေးကို နေပြည်တော်၌ ဇူလိုင် ၇ ရက်နှင့် ၈ ရက်တို့တွင် ကျင်းပခဲ့သည်။

JMC ကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ချုပ်ဆိုခဲ့ပြီးနောက် တပ်မတော်နှင့် လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများ အကြား ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက် မဖြစ်ပွားစေရန်နှင့် ဖြစ်ပွားလာပါက ပူးပေါင်းညှိနှိုင်းဖြေရှင်းရန် ရည်ရွယ်ဖွဲ့စည်းထားခြင်း ဖြစ်သည်။ မူလက နှစ်လ‌ တကြိမ် ကျင်းပရန် သတ်မှတ်ထားသော JMC-U အစည်းအဝေးကို ၂၀၁၈ စက်တင်ဘာက ကျင်းပခဲ့သည့် (၁၈) ကြိမ်မြောက် အစည်းအဝေး နောက်ပိုင်း တနှစ်နှင့် ၁၀ လကြာမှ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းလည်း ဖြစ်ပါသည်။

နှစ်ရက်ကြာ ကျင်းပခဲ့သည့် JMC-U အစည်းအဝေးတွင် ၂၀ ကြိမ်မြောက် JMC-U အစည်းအဝေးအား စက်တင်ဘာ ဒုတိယပတ်အတွင်း ပြန်လည်ကျင်းပရန်၊ JMC-S အစည်းအဝေး ပြန်လည် ကျင်းပရန်၊ JMC-U အဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ရန်၊ JMC website အား ဗမာ ၊ အင်္ဂလိပ်ဘာသာဖြင့် အသုံးပြုသွားရန်၊ JMC နှင့်ပတ်သက်၍ အသိပညာပေးပွဲများ ပြုလုပ်ရန်၊ JMC တွင် ဆက်လက်သုံးစွဲသွားမည့် ရန်ပုံငွေ ရေးဆွဲရန် စသည့် ဆုံးဖြတ်ချက် ၂၀ ချက် ရရှိခဲ့သော်လည်း အရေးပါသည့်ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်း မရှိခဲ့ပေ။ အထူးသဖြင့် တပ်မတော်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အကြား စစ်ရေးတင်းမာနေမှုကို ဖြေရှင်းနိုင်ရန် အဓိကကျသည့် တပ်နေရာချထားရေး၊ တိုက်ပွဲမဖြစ်ရေးတို့နှင့် ပတ်သက်၍ တိကျသည့်သဘောတူညီချက် မရရှိခဲ့ခြင်းက သိသာစေခဲ့ပါသည်။

ထို့ပြင် အစည်းအဝေး ဒုတိယမြောက်နေ့ နံနက်ပိုင်းတွင် ဆွေးနွေးမှုကို အချိန်ကြာမြင့်စွာ ရပ်နားခဲ့ရခြင်း၊ RCSS/SSA အဖွဲ့၏ Tai Freedom သတင်းဌာနက သတင်းဖော်ပြမှုတွင် ခက်ခဲစွာ ညှိနှိုင်းဆွေးနွေးခဲ့ရကြောင်း ဖော်ပြခဲ့ခြင်းတို့ကလည်း JMC-U အစည်းအဝေးအတွင်း ခက်ခက်ခဲခဲ ညှိနှိုင်းခဲ့ရမှုများကို ညွှန်းဆိုပြနေပါသည်။

ထို့ကြောင့် ယခုကျင်းပပြီးစီးခဲ့သည့် ၁၉ ကြိမ်မြောက် JMC-U အစည်းအဝေးမှ ရရှိခဲ့သော ရလဒ်များကို ချည်းကပ်သုံးသပ်ပြီး သတိပြုဖွယ် ရလဒ်အချို့ကို ထုတ်နုတ်ဖော်ပြသွားမည် ဖြစ်ပါသည်။

တပ်နေရာချထားရေး၊ တိုက်ပွဲမဖြစ်ရေးတို့ကို ဆွေးနွေးဖြေရှင်းရန်

တပ်မတော်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အကြား စစ်ရေးတင်းမာမှုများ ရှိနေပြီး ထိတွေ့ တိုက်ပွဲများ မကြာခဏဖြစ်ပွားနေမှုကို နှစ်ဖက် ဆွေးနွေးဖြေရှင်းနိုင်မည့် တပ်နေရာချထားရေး၊ တိုက်ပွဲ မဖြစ်ပွားစေရေးတို့အတွက် တိကျသည့်သဘောတူညီမှုမရခဲ့ခြင်းမှာ ယခုအစည်းအဝေး၏ သတိပြုစရာ ရလဒ်တခု ဖြစ်ခဲ့သည်။

NCA လက်မှတ်ထိုးပြီးနောက် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA )၊ မွန်ပြည်သစ်ပါတီ(NMSP/MNLA)တို့နှင့် စစ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေခဲ့ပြီး ထိတွေ့တိုက်ပွဲများတွင် နှစ်ဖက် ထိခိုက်သေဆုံးမှု၊ အရပ်သား ထိခိုက်သေဆုံးမှုများ ရှိသကဲ့သို့ ဒေသခံများ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရမှုများလည်း ရှိခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင်လည်း စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေခဲ့ပြီး ထိတွေ့တိုက်ပွဲတချို့လည်း ထပ်မံ ဖြစ်ပွားခဲ့ပါသည်။

သို့ရာတွင် တပ်နေရာချထားရေး၊ ထိတွေ့မှု ရှောင်ရှားနိုင်ရေးတို့နှင့် ပတ်သက်၍ ယခုတကြိမ်တွင်လည်း တိကျသည့် သဘောတူညီမှု မရရှိခဲ့ဘဲ JMC ၌ ဆွေးနွေးညှိနှိုင်းခြင်း၊ အစိုးရ၊ တပ်မတော်နှင့် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ Bilateral တွေ့ဆုံညှိနှိုင်းခြင်းတို့ဖြင့် ဖြေရှင်းရန်ကိုသာသဘောတူညီနိုင်ခဲ့ပါသည်။ ထို့ပြင် အဆိုပါ သဘောတူညီချက်ကို NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM)၌ ဆက်လက်ညှိနှိုင်း၍ အတည်ပြုချက်ရယူရမည်ဟုလည်း သိရပါည်။

JMC-U အစည်းအဝေးကို နှစ်လ တကြိမ် ပြန်လည်ကျင်းပရန်

ယခုကျင်းပပြီးစီးခဲ့သည့် ၁၉ ကြိမ်မြောက် JMC-U အစည်းအဝေးမှ ထွက်ပေါ်ခဲ့သည့် ရလဒ်များအနက် အစည်းအဝေးကို နှစ်လ တကြိမ် ပြန်လည်ကျင်းပရန် သဘောတူညီမှု ရရှိခဲ့ခြင်းကိုသာ ရလဒ်ကောင်းအဖြစ် သတ်မှတ်ရမည် ဖြစ်ပါသည်။

ပြည်ထောင်စုအဆင့် JMC အစည်းအဝေးကို မူလက နှစ်လ တကြိမ် ကျင်းပရန် သတ်မှတ်ထားသော်လည်း ၂၀၁၈ နှစ်ကုန်ပိုင်းတွင် ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က ငြိမ်းချမ်းရေးဆိုင်ရာ တရားဝင်အစည်းအဝေးများတွင် ပါဝင်မှု ယာယီရပ်ဆိုင်းခဲ့၍ တစ်နှစ် ၁၀ လကြာ မကျင်းပနိုင်ဘဲ ဖြစ်ခဲ့ရသည်။

ယခုအစည်းအဝေးတွင်မူ JMC-U အစည်းအဝေးများကို ယခင်အတိုင်း နှစ်လ တကြိမ် အစည်းအဝေး ပြန်လည် ကျင်းပရန်အပြင် ပြည်နယ်အဆင့် JMC-S အစည်းအဝေးများ ကျင်းပရန်ကိုလည်း သဘောတူညီမှု ရခဲ့ပါသည်။

(၂၀) ကြိမ်မြောက် JMC-U အစည်းအဝေးကို စက်တင်ဘာလ ဒုတိယပတ်အတွင်း ပြန်လည်ကျင်းပရန် သဘော တူညီမှု ရခဲ့၍ JMC ၏ ရည်မှန်းချက် ဖြစ်သော လက်နက်ကိုင်ပဋိပက္ခများ လျော့ကျ ရပ်စဲစေရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေး အထောက်အကူ ဖြစ်စေရန်တို့တွင် ပိုမိုအားကောင်းလာမည် ဖြစ်ပါသည်။

အရပ်သားစောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းရန်

ပဋိပက္ခဖြစ်ပွားသည့် နေရာများတွင် ဒေသခံများ ပါဝင်သည့် အရပ်သားစောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ရေးအတွက် ယခုအစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးနိုင်ခဲ့မှုမှာ အပစ်ရပ်စောင့်ကြည့်ရေးအတွက် အကျိုးရှိသော ရလဒ်တခု ဖြစ်ခဲ့ပါသည်။

ယင်းကဲသို့ ဖွဲ့စည်းနိုင်ရန် သက်ဆိုင်ရာဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် အစိုးရ၊ တပ်မတော် တို့ အကြား Bilateral ဆွေးနွေးသွားရန် ညှိနှိုင်းနိုင်ခဲ့ပြီး အရပ်သားစောင့်ကြည့်ရေးအဖွဲ့များတွင် ပါဝင်မည့် ကိုယ်စား လှယ်များကို ရွေးချယ်ရာတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အဆိုပြုသည့် ပုံစံမဟုတ်ဘဲ ဒေသခံများ ကိုယ်တိုင် ရွေးချယ်သွားရန် စဉ်းစားခဲ့မှုမှာလည်း အဖွဲကို အားကောင်းစေမည့် အချက်တခု ဖြစ်ခဲ့ပါသည်။

JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၏ အစည်းအဝေးအဖွင့်မိန့်ခွန်းတွင် ဒေသခံအရပ်သားများ ပါဝင်သောစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး JMC-U အစည်းအဝေး မကျင်းပနိုင်ခဲ့သည့် ကာလများတွင် အရပ်သားကိုယ်စားလှယ်များက သက်ဆိုင်ရာနယ်မြေများ၌ ပဋိပက္ခများ မဖြစ်ပေါ်စေရေး တားဆီးဆောင်ရွက်နိုင်ခဲ့သည်ဟု ၎င်းက ထောက်ပြခဲ့ပါသည်။

ထို့ပြင် သက်ဆိုင်ရာဒေသအလိုက် JMC များတွင် အရပ်သားပြည်သူများ ပါဝင်နိုင်ရေးသည် အရေးကြီးသည့် အချက်ဖြစ်ကြောင်း JMC-U ဒုဥက္ကဋ္ဌဖြစ်သူ KNU မှ ဗိုလ်ချုပ် စောအိုင်းဇက်ဇိုး၏ ပြောကြားမှုကလည်း အရပ်သား စောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းရေးနှင့် ပတ်သက်၍ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြား သဘောထားတူညီမှုကို ပြသနိုင်ခဲ့ပါသည်။

အချုပ်အားဖြင့် ပြန်လည်သုံးသပ်ကြည့်ပါက တနှစ်နှင့် ၁၀ လကြာမှ ပြန်လည်ကျင်းပနိုင်ခဲ့သော JMC-U အစည်းအဝေးတွင် သိသာထင်ရှားသည့် တိုးတက်မှု ရလဒ်များကို မရရှိခဲ့ကြောင်း သုံးသပ်ရမည် ဖြစ်ပါသည်။ JMC-U အစည်းအဝေးကို မူလက သတ်မှတ်ခဲ့သည့် နှစ်လ တကြိမ် ပြန်လည်ကျင်းပရန် သဘောတူညီ နိုင်ခဲ့မှုသာ တခုတည်းသော အားရစရာ ရလဒ်တခု ဖြစ်ခဲ့ပါသည်။ ပဋိပက္ခများ ဆက်လက်မဖြစ်ပေါ်လာစေရန်နှင့် ဖြေရှင်းနိုင်ရန် ရလဒ်ကောင်းများ ရရှိရေးအတွက် နှစ်ဖက်အဖွဲ့များအကြား Bilateral တွေ့ဆုံညှိနှိုင်းမှုများအပေါ်  မှီခိုမှု များနေသည်ကို သတိပြုရမည်ဖြစ်ပါသည်။