ပြည်ထောင်စု မြန်မာနိုင်ငံနှင့် ပင်လုံသစ္စာ
Post By Khou Marko Ban, On September 12, 2018
■ မိတ်ဆက်
ဤ ပြည်ထောင်စု မြန်မာနိုင်ငံနှင့် ပင်လုံသစ္စာ ဆောင်းပါးတွင် တိုင်းရင်းသားလူမျိုးများ၏ နောက်ခံ နိုင်ငံရေးသမိုင်းကို အကျဉ်းမျှသာဖော်ပြပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ချုပ်ဆိုထားသော ပင်လုံစာချုပ်နှင့် ကတိကဝတ်များ၊ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် အခြေခံထားရှိရမည့် အခြေခံမူများ၊ အခြေခံ ကျောရိုးကိုသာ ရှင်းလင်းချက်အနည်းငယ် တင်ပြခြင်းမှအပ သမိုင်းဝင်မှတ်တမ်း စာမူရင်းပါရှိသည့်အတိုင်း အဓိကဖော်ပြထားခြင်း ဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသား ခေါင်းဆောင်များသည် ဗြိတိသျှ ကိုလိုနီလက်ထက် ကာလတွင် သီးခြားနယ်မြေ တည်ရှိသော ဗမာပြည်မ (Burma Proper) နယ်မြေ၊ ပြည်ထောင်စု ရှမ်းပြည် (The Federated Shan States) နယ်မြေ၊ ကချင် တောင်တန်းဒေသ (The Kachin Hill Tracts) နယ်မြေနှင့် ချင်းတောင်တန်းဒေသ (The Chin Hill District) နယ်မြေလေးခုကို ကိုယ်စားပြု၍ အမြော်အမြင် ကြီးမားစွာဖြင့် တိုင်ပင်ဆွေးနွေး အပေးအယူ ပြုလုပ်ကြပြီးမှ တပြိုင်တည်း လွတ်လပ်ရေးအရယူရန်နှင့် လွတ်လပ်ရေး ရရှိပြီးပါက အမျိုးသားများ တန်းတူရည်တူ ပြည်ထောင်စု တည်ဆောက်ရန် သန္နိဋ္ဌာန်ချမှတ်ကာ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ပင်လုံစာချုပ်ပဋိညာဉ်ကို ကတိသစ္စာပြုကြခြင်း ဖြစ်သည်။ ယင်းစွမ်းဆောင်ချက် အောင်မြင်သည့်အပေါ် ဗိုလ်ချုပ်အောင်ဆန်းအား လွတ်လပ်ရေးဗိသုကာကြီး၊ လွတ်လပ်ရေးဖခင်ကြီးဟု ချီးကျူးဂုဏ်ပြုပြီး၊ ပင်လုံစာချုပ် ကတိသစ္စာပြုသည့် နေ့ကိုလည်း ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နှစ်စဉ် ကျင်းပလာခဲ့ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ချမှတ်ထားသော ပင်လုံ စိတ်ဓာတ် အခြေခံမူလမ်းစဉ်အတိုင်း စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တည်ဆောက်မည် ဆိုပါက ယနေ့ နှစ်ပေါင်း ၇၀ နီးပါး အချိန်ကာလမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ကမ္ဘာ့အလယ်တွင် ငြိမ်းချမ်းသာယာ ဝပြောသော ဒီမိုကရေစီနိုင်ငံအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ တည်ရှိနေမည် ဖြစ်ကြောင်း မြင်မိကြမည် ဖြစ်သည်။ သို့သော် ဗိုလ်ချုပ် အောင်ဆန်း ကျဆုံးသွားပြီးနောက် တိုင်းပြည်၏ ကံကြမ္မာသည်လည်း ငင်သွားသည်ဟု ဆိုရပေမည်။ ဝန်ကြီးချုပ်ဦးနု ဦးဆောင်သော ဖဆပလအဖွဲ့ချုပ်သည် ပင်လုံစိတ်ဓာတ် အခြေခံမူလမ်းစဉ်အပေါ် သွေဖီအားနည်းသွားရာမှ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာ၌ ဗမာပြည်မနယ်မြေကို ပြည်ထောင်စု (ဗဟို) အာဏာနှင့် တွဲထားသဖြင့် ရှမ်းပြည်၊ ကချင်ပြည်၊ ကရင်နီပြည်နှင့် ချင်းပြည်နယ်တို့သည် လက်အောက်ခံဘ၀ ကျရောက်သွားသည့်အပြင် ပြည်ထောင်စုအဖွဲ့ဝင် လျာထားပြီး ပြည်နယ်ရသင့် ရထိုက်သော ကရင်၊ မွန်၊ ရခိုင်အမျိုးသားများအတွက် ပြည်နယ် ဖော်ဆောင်မပေးသဖြင့် လွတ်လပ်ရေး သက်တမ်းနှင့်အတူ ပြည်တွင်းစစ်မီး စတင် တောက်လောင်ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် တိုင်းရင်းသားများ တန်းတူအခွင့်အရေး ဆုံးရှုံးခြင်း ပြဿနာရလဒ်သည် ပြည်တွင်းစစ်မီး တစ်ဆင့်ပြီးတစ်ဆင့် တောက်လောင်ခြင်းနှင့်အတူ ဒီမိုကရေစီ အစိုးရမှ ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော စစ်အုပ်စု စတင်ပေါ်ပေါက်လာခြင်းပင် ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည်လည်း ၁၄ နှစ်အကြာတွင် ပျက်စီးသွားသည်။
ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော စစ်အုပ်စု လက်ထက်တွင် ပင်လုံစိတ်ဓာတ် အခြေခံမူလမ်းစဉ်အပေါ် ဆန့်ကျင်ဖောက်ဖျက်ပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ဖြင့် တစ်ပါတီ အာဏာရှင်စနစ် တည်ထောင်ကာ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲ ပြဋ္ဌာန်းလိုက်သည်။ ယင်း ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် တိုင်းရင်းသားများ၏ အခွင့်အရေးအားလုံး ဆုံးရှုံးသွားသည်မက ပြည်သူများ၏ ဒီမိုကရေစီအခွင့်အရေး ဟူသမျှသည်လည်း လုံး၀ ဆိတ်သုဉ်းသွားသဖြင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး မခံမရပ်နိုင်သည့်အဆုံး ပြည်တွင်းစစ်မီးသည် အထွဋ်အထိပ်သို့ လောင်ကျွမ်းသွားခြင်းနှင့်အတူ တိုင်းပြည်သည်လည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာမျိုးစုံ ကြုံတွေ့ခဲ့ရသည်။ နောက်ဆုံး ၁၉၈၈ ခုနှစ်တွင် ပြည်လုံးကျွတ် ဒီမိုကရေစီ အရေးတော်ပုံကြီးကြောင့် မဆလစစ်အုပ်စု ပြုတ်ကျသွားပြီး ၎င်းတို့စိတ်ကြိုက် ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ၎င်းတို့ကိုယ်တိုင် ဖျက်သိမ်းလိုက်သဖြင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၁၄ နှစ်အကြာတွင် ပျက်စီးသွားတော့သည်။ နောက်ဆုံး ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရလဒ်သည် တိုင်းရင်းသားများ တန်းတူအခွင့်အရေး ဆုံးရှုံးခြင်းနှင့် ပြည်သူများ ဒီမိုကရေစီ ဆိတ်သုဉ်းခြင်းတို့ကိုသာ ဖြစ်စေခဲ့ပြီး အရှေ့တောင်အာရှ၏ အချမ်းသာဆုံးနိုင်ငံဘဝမှ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဘ၀ တွင်းနက်ထဲသို့ ကျဆင်းသွားကာ ပြည်သူများ၏ စားဝတ်နေရေးသည်လည်း အတိဒုက္ခမျိုးစုံ ကြုံတွေ့ခံစားနေရခြင်း ဖြစ်သည်။
ဗိုလ်နေဝင်း ဦးဆောင်သော စစ်အုပ်စုသည် မဆလတစ်ပါတီ အာဏာစနစ် ပျက်သုဉ်းပြီး ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းလိုက်သော်လည်း ပြည်သူလူထု တောင်းဆိုသည့် ကြားဖြတ်အစိုးရကို လက်မခံပါ။ မဆလ တစ်ပါတီ တစ်ဖြစ်လဲ တစညပါတီကို လည်းကောင်း၊ မဆလ အုပ်ချုပ်ရေးတစ်ဖြစ်လဲ နဝတ စစ်အုပ်စု (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောင်ရေးအဖွဲ့) ကို လည်းကောင်း အမွေစားအမွေခံအဖြစ် လွှဲအပ်ပေးခဲ့သည်။ နဝတ စစ်အုပ်စုသည် ရရှိထားသော အမွေကိုယုံကြည်ပြီး ၁၉၉၀ ပြည့်နှစ်တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည်။ ထိုရွေးကောက်ပွဲတွင် NLD ပါတီက ၈၂ ရာခိုင်နှုန်းကျော်နှင့် မဟာမိတ် UNLD က ၁၅ ရာခိုင်နှုန်းဖြင့် အပြတ်အသတ် အနိုင်ရရှိသော်လည်း အာဏာ လွှဲပြောင်းမပေးသည့်အပြင် ပါတီခေါင်းဆောင်များနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို နေအိမ်အကျယ်ချုပ် ထားရှိခြင်း၊ ဖမ်းဆီး ညှဉ်းပန်းနှိပ်စက် ထောင်ချခြင်း စသည့်လုပ်ရပ်များဖြင့် ပြည်သူများ၏ဆန္ဒကို စော်ကားလိုက်သည်။
နဝတ၊ နအဖ စစ်အုပ်စုသည် ပင်လုံစိတ်ဓာတ် အခြေခံမူလမ်းစဉ်အပေါ် ဆက်လက် ဆန့်ကျင်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရာတွင် အခြေခံထားရှိရမည့် မူအဖြစ် အနာဂတ် အမျိုးသားနိုင်ငံရေးတွင် တပ်မတော်က အစဉ်တစိုက် ဦးဆောင်ပါဝင် ထမ်းဆောင်နိုင်ရေး ဦးတည်ချက်ကို ချမှတ်ပြီး၊ ၎င်းတို့စိတ်ကြိုက် ရွေးချယ်ထားသော ကိုယ်စားလှယ်များဖြင့် ၁၄ နှစ်ကြာ အချိန်ဆွဲခဲ့သည့် အတုအယောင် အမျိုးသားညီလာခံကို ကျင်းပပြုလုပ်ကာ ၂၀၀၈ ခုနှစ်တွင် ၎င်းတို့စိတ်ကြိုက် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအကြပ် အတည်ပြုပြဋ္ဌာန်းလိုက်သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း ၂၀၁၀ ပြည့်နှစ်တွင် အငြင်းပွားဖွယ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ပေးခဲ့သည်။ သမ္မတဦးသိန်းစိန် ဦးဆောင်သော ပြည်ခိုင်ဖြိုး အစိုးရလက်ထက် ငါးနှစ် သက်တမ်းကာလတွင် တိုင်းပြည်သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ပြဿနာမျိုးစုံဖြင့် ကြုံတွေ့နေရပြီး တိုင်းပြည်၏ မြေပေါ် မြေအောက် သယံဇာတများ ကုန်ခမ်းလုနီးပါး ထုတ်လုပ်ခဲ့သော်လည်း ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံ ဘဝသို့ ကျဆင်းခြင်းမှ ရုန်းမထွက်နိုင်သည့်အပြင် ပြည်သူများ စားဝတ်နေရေးသည်လည်း တောက်လျှောက် အတိဒုက္ခမျိုးစုံ ကြုံတွေ့ခံစားခဲ့ရပါသည်။
ယနေ့ပြည်သူများ ရွေးချယ် တင်မြှောက်ထားသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး ဦးထင်ကျော် ဦးဆောင်သည့် NLD ပြည်သူ့အစိုးရ ပေါ်ပေါက်လာပြီး ဖြစ်သည်။ သို့သော် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဘက်ပေါင်းစုံ တင်းကျပ်စွာ ပြဋ္ဌာန်းချက်အရ တိုင်းပြည်၏ အဓိက အခြေခံပြဿနာများဖြစ်သော ပြည်သူများ ဒီမိုကရေစီအခွင့်အရေးနှင့် တိုင်းရင်းသားများ တန်းတူအခွင့်အရေး ပြဿနာနှစ်ရပ်ကို မည်သို့မျှ ဖော်ဆောင်ပေးနိုင်ခြင်း မရှိပါ။ တိုင်းပြည်တွင် လတ်တလော အရေးတကြီးလိုအပ်သော တိုင်းရင်းသားများ ပြန်လည်ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ပြည်ထောင်စုစိတ်ဓာတ် ပြန်လည် တည်ဆောက်ရေး စသည့် လုပ်ငန်းများကိုလည်း ကြိုးပမ်းနေရဆဲဖြစ်ပြီး ဖြေရှင်းနိုင်ခြင်း မရှိပါ။ ယနေ့ တိုင်းပြည်သည်လည်း နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စသည့် ပြဿနာပေါင်းစုံ ရင်ဆိုင်နေရပြီး ပြည်သူများ စားဝတ်နေရေးသည်လည်း အတိဒုက္ခမျိုးစုံ ကြုံတွေ့နေရဆဲပင် ဖြစ်သည်။
ပြည်ထောင်စု မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရရှိသည်မှာ နှစ်ပေါင်း ၇၀ နီးပါးရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးခု ပေါ်ပေါက်လာပြီး ဖြစ်သည်။ သို့သော် ယင်းဖွဲ့စည်းပုံအခြေခံဥပဒေ သုံးခုကို လေ့လာပါက ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ချမှတ်ထားသော ပင်လုံစိတ်ဓာတ် အခြေခံမူလမ်းစဉ်နှင့် အားလုံး သွေဖီဆန့်ကျင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေများသာ ဖြစ်ကြောင်း တွေ့ရှိရသည်။ ယနေ့ထိ ပင်လုံပဋိညာဉ် မူလမ်းစဉ်အပေါ် မည်သည့်အဖွဲ့အစည်း၊ မည်သည့်အုပ်စု၊ မည်သည့် ခေါင်းဆောင်တစ်ဦးမျှ ပြတ်သားရှင်းလင်းစွာ ဦးဆောင်မှုပေးခြင်း မရှိသဖြင့် ဥပေက္ခာပြုရာ ကျနေပါသည်။ ထို့ကြောင့် ကမ္ဘာ့အလယ်၌ ပြည်ထောင်စုမြန်မာနိုင်ငံသည် သယံဇာတ ပေါကြွယ်ဝဆုံးနိုင်ငံများထဲတွင် ပါဝင်ပြီး လူဦးရေ မနည်းမများ၊ နိုင်ငံတကာ ဆက်သွယ်ရေးလမ်းကြောင်း ကောင်းမွန်သော တိုင်းပြည်တစ်ပြည် ဖြစ်သော်လည်း အရှေ့တောင်အာရှတွင် အချမ်းသာဆုံးနိုင်ငံဘဝမှ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဘဝသို့ ကျဆင်းသွားခြင်းနှင့်အတူ ပြည်သူများ၏ စားဝတ်နေရေးသည်လည်း အတိဒုက္ခမျိုးစုံ ကြုံတွေ့ ခံစားနေရဆဲပင် ဖြစ်သောကြောင့် ထိုအချက်သည်ပင်လျှင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ချမှတ်ထားသည့် ပင်လုံစာချုပ် ပင်လုံပဋိညာဉ် ကတိသစ္စာပြုခြင်းအပေါ် အားနည်းသွေဖီရာမှ ကျိန်စာသင့်နေပြီလားဟု သုံးသပ်မိပါက လွန်မည်မဟုတ်ကြောင်း ထင်မြင်မိကြမည် ဖြစ်ပေသည်။
ပြည်ထောင်စု မြန်မာနိုင်ငံ၏ အခြေခံပြဿနာသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပြဿနာ ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာဆိုရာတွင် တိုင်းရင်းသားများ တန်းတူအခွင့်အရေး ဆုံးရှုံးခြင်းပြဿနာနှင့် တိုင်းရင်းသား ပြည်သူများ ဒီမိုကရေစီ အခွင့်အရေး ဆိတ်သုဉ်းခြင်း ပြဿနာ နှစ်ရပ်ပင်ဖြစ်သည်။ ယင်းကဲ့သို့ ဒွန်တွဲနေသည့် ပြဿနာကို တပြိုင်နက်တည်း ဖြေရှင်းနိုင်မှသာလျှင် ငြိမ်းချမ်းသာယာဝပြောသော ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မည် ဖြစ်သည်။
သို့ဖြစ်ပါ၍ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ချုပ်ဆိုထားသော ပင်လုံစာချုပ်နှင့် ပင်လုံစိတ်ဓာတ် အခြေခံမူလမ်းစဉ်ကို အခြေခံပြီး ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရာတွင် လည်းကောင်း၊ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် လည်းကောင်း အထောက်အကူပြုရန် အလို့ငှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ချုပ်ဆိုထားသော ပင်လုံစာချုပ်၊ ကတိကဝတ်များ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာတွင် အခြေခံထားရှိရမည့် မူများ၊ ကျောရိုးများကို ရှင်းလင်းချက် အနည်းငယ်မှအပ သမိုင်းဝင်မှတ်တမ်း စာမူရင်းပါရှိသည့်အတိုင်း ဖော်ပြတင်ပြလိုက်ပါသည်။
■ ပင်လုံစာချုပ်
■ ပင်လုံစာချုပ် အခြေခံမူများ
အနာဂတ် ပြည်ထောင်စုမဖွဲ့စည်းမီ ကြားဖြတ်ကာလအတွက် ဗမာပြည်မနှင့် ဘယ်ပုံဘယ်နည်း ပူးပေါင်း ဆက်သွယ်မည်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၆-၇ ရက် ပင်လုံတွင် ကျင်းပသော ရှမ်းစော်ဘွား ကိုယ်စားလှယ်များ၊ ရှမ်းလူထု ကိုယ်စားလှယ်များ၊ ကချင်ခေါင်းဆောင်များ၊ ချင်းခေါင်းဆောင်များ ပါဝင်သော အစည်းအဝေးက အောက်ပါအတိုင်း ဆုံးဖြတ်ကြသည်။
နယ်စပ်ဒေသ ခေါင်းဆောင်များသည် အနာဂတ် ပြည်ထောင်စု ဖွဲ့စည်းရေးနှင့် ပတ်သက်၍ တိုင်းပြုပြည်ပြု လွှတ်တော်သို့ တက်ရောက်ရန် တညီတညွှတ်တည်း သဘောတူကြသည်။
ရှမ်းနှင့် ကချင်ကော်မတီ အစည်းအဝေးက ဗမာပြည်မနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ရှမ်းနှင့်ကချင်တို့သည် လွတ်လပ်ရေးကို ပိုမိုလျင်မြန်စွာ ရရှိမည်ဟု ယုံကြည်သည့်အလျောက် အကူးအပြောင်းကာလတွင် ဗမာပြည်မ အစိုးရအမှုဆောင်ကောင်စီ၌ ပါဝင်ဆောင်ရွက်ရန်အတွက် မိမိတို့လူမျိုးအသီးသီး ကိုယ်စားလှယ်များကို အောက်ပါ အချက်အလက်များအရ ပို့လွှတ်မည်။
(၁) ဗမာတို့နှင့် အဆင့်အတန်းတူ၊ အခွင့်အရေးတူ၊ ရပိုင်ခွင့်တူ၊ ဒီမိုကရေစီကျကျ ခံစားခွင့် ရှိရမည်။
(၂) အမှုဆောင်ကော်မတီတွင် ပါဝင်ဆောင်ရွက်ကြသော ရှမ်းကိုယ်စားလှယ်နှင့် ကချင် ကိုယ်စားလှယ်တို့သည် မိမိတို့ လူမျိုးအသီးသီး၏ ပြည်တွင်းရေးရာ အားလုံးအတွက် တာဝန်ယူ ဆောင်ရွက်ကြရမည်။ ထို့အပြင် ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ မီးရထား၊ အကောက်တော် အစရှိသော အားလုံးနှင့် သက်ဆိုင်သည့် ကိစ္စများအတွက် အားလုံး စုပေါင်း တာဝန်ယူ ဆောင်ရွက်ကြရမည်။
(၃) ကချင်တို့က သီးခြား ကချင်ပြည် အလိုရှိကြောင်း တောင်းဆိုချက်ကို ဤကော်မတီက ထောက်ခံသည်။
(၄) ဗမာပြည်အစိုးရနှင့် ဗြိတိသျှအစိုးရတို့၏ အောင်ဆန်း-အက်တလီစာချုပ် သဘောတူညီချက်များသည် ရှမ်း၊ ကချင်တို့နှင့် ပတ်သက်ခြင်း မရှိစေရ။
(၅) လွတ်လပ်ရေး ရပြီးသည့်နောက် ဗမာ“ပြည်ထောင်စု”မှ ကျွန်ုပ်တို့ သဘောကျသည့်အချိန်တွင် ခွဲထွက်လိုက ခွဲထွက်ခွင့် ရှိစေမည်။
(က) ဗဟို အခွန်တော်ငွေနှင့် စပ်လျဉ်း၍ ရှမ်းတို့ ခံစားရသော အခွင့်အရေးနှင့် ရပိုင်ခွင့် အားလုံးတို့အတိုင်း ချင်းနှင့် ကချင်တို့ကလည်း လူဦးရေအလိုက် ခံစားခွင့် ရှိစေရမည်။
(ခ) ချင်းတို့ဒေသတွင် ဘဏ္ဍာရေး မလုံလောက်ရှိခဲ့သော် ဗမာပြည်အခွန်တော်ဆက်ငွေများမှ ဖြည့်တင်း သုံးစွဲရမည်။
(ဂ) ရှမ်း၊ ကချင်၊ ချင်း ကိုယ်စားလှယ်များ ပါဝင်သော တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ ဦးစီးအမှုဆောင် ကောင်စီတစ်ရပ်ကို ဖွဲ့စည်း တည်ထောင်ရမည်။ ယင်းအမှုဆောင် ကောင်စီ၌ တောင်တန်းသားများနှင့် ဗမာပြည်အစိုးရတို့ အကြားတွင် ပေါ်ပေါက်သမျှသော ပေါ်လစီဆိုင်ရာ ကိစ္စရပ်အားလုံးနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ပေးနိုင်သော အာဏာအပြည့်အစုံ ရှိရမည်။
လက်မှတ် ရေးထိုးကြသူများ-
ရှမ်းကော်မတီ (၁၄) ဦး၊ ကချင်ကော်မတီ (၆) ဦး၊ ချင်းကော်မတီ (၃) ဦး
ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားခေါင်းဆောင်များသည် တောင်တန်းဒေသများက ဗမာပြည်မနှင့် တပြိုင်တည်း လွတ်လပ်ရေးရယူရန် မိမိတို့ သဘောတူညီချက်များကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်တွင် အပြီး ပြင်ဆင်ထားပြီးဖြစ်၍ ရှမ်း၊ ကချင်၊ ချင်း ခေါင်းဆောင်များ သဘောတူညီချက်သည် သမိုင်းဝင် ပင်လုံစာချုပ်ကြီး၏ ရှေ့ပြေး အခြေခံအချက်များပင် ဖြစ်သည်။ ပင်လုံစာချုပ်၏ ပဋိညာဉ် အခြေခံအချက်များလည်း ဖြစ်ပေသည်။
■ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာပြည်မ (ယာယီ) အစိုးရနှင့် ဗြိတိသျှအစိုးရ ကိုယ်စားလှယ် ရောက်ရှိလာခြင်း
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်တွင် ပင်လုံသို့ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော ဗမာခေါင်းဆောင်များနှင့်အတူ ဗြိတိသျှအစိုးရ ကိုယ်စားလှယ် မစ္စတာဘော်တွမ်လေတို့ ရောက်ရှိလာရာ ဗမာပြည်မနှင့် နယ်စပ်ဒေသ ပူးပေါင်းရေး ပြဿနာမှာ အထူးတလည် ဆွေးနွေးစရာ မလိုတော့ဘဲ ပြီးစီးသလောက်ပင် ဖြစ်ပေသည်။ နယ်စပ်ဒေသ ကိုယ်စားလှယ်များ၏ ဆုံးဖြတ်ချက်များကို အချောကိုင်လိုက်ခြင်းဖြင့် ပင်လုံစာချုပ်ကြီး ပေါက်ဖွားလာလေသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များသည် ရှမ်း၊ ကချင်၊ ချင်း သဘောတူညီချက် ငါးချက်အပေါ် အမြော်အမြင် ကြီးမားစွာဖြင့် ဖေဖော်ဝါရီ (၈-၉) ရက်များတွင် ကြိုတင်ညှိနှိုင်း တိုင်ပင်ဆွေးနွေးကြရာ သဘောတူညီနိုင်မည့် အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာပြည်အစိုးရ ကိုယ်စားလှယ်များ၊ ရှမ်းစော်ဘွားကြီးများ၊ ရှမ်းပြည်လူထု ကိုယ်စားလှယ်များ၊ ကချင်ဒူးဝါးကြီးများ၊ ကချင်လူထု ကိုယ်စားလှယ်များနှင့် ချင်းတောင်တန်းဒေသမှ ခေါင်းဆောင်များသည် ပင်လုံညီလာခံကြီးကို စတင် ကျင်းပနိုင်ခဲ့သည်။
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက် ပင်လုံညီလာခံကြီး စတင်ကျင်းပလျှင် ကျင်းပခြင်း ဗိုလ်ချုပ်အောင်ဆန်းက မိန့်ခွန်းပြောကြားရာမှာ တောင်တန်းနယ်များအား ဗြိတိသျှအုပ်ချုပ်သည်ကို ဗမာများက မကြိုက်ကြောင်း၊ ဗမာများသည် တောင်တန်းဒေသအတွက် ပြောဆိုခြင်းမှာ ဗမာပြည်နှင့် တန်းတူအဆင့်အတန်း၊ အခွင့်အရေး ရစေလိုသောကြောင့် ဖြစ်ကြောင်း၊ ဗမာလူမျိုးသည် ဗြိတိသျှကျွန် မဖြစ်လိုကြောင်း၊ ထိုနည်းတူ တောင်တန်းလူမျိုးများ ဗြိတိသျှကျွန် ဖြစ်သည်ကို ဗမာက မကြိုက်ကြောင်း၊ ထိုနည်းတူ တောင်တန်းလူမျိုးများသည် ဗမာကျွန်အဖြစ် မဖြစ်စေရကြောင်း ရှေးဦးစွာ ပြောကြားသွားသည်။
ထို့နောက် ရှမ်း၊ ကချင်၊ ချင်း ခေါင်းဆောင်ကြီးများ၏ သဘောတူညီ ဆုံးဖြတ်ချက်များ ငါးချက်အပေါ် တစ်ချက်ချင်းအလိုက် အောက်ပါအတိုင်း ပြန်လည်ဆွေးနွေး ရှင်းလင်း တင်ပြသွားသည်။
၁။ ဆုံးဖြတ်ချက် (၁)နှင့် ပတ်သက်၍ ဗမာတို့နှင့် အဆင့်အတန်းတူ၊ အခွင့်အလမ်းတူ၊ ရပိုင်ခွင့်တူ၊ ဒီမိုကရေစီကျကျ ခံစားခွင့် ရှိစေရမည်ဆိုသည့် အချက်နှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေး ရပြီးနောက် ဗမာနိုင်ငံတွင် အဆင့်အတန်း ခွဲခြားခြင်း မရှိစေရန်နှင့် အားလုံး တန်းတူရည်တူ ခံစားခွင့်ရရှိစေရန် အစည်းအဝေးကြီးတွင် အာမခံချက်ပေးကြောင်း ပြောကြားလိုက်ရာ ကိုယ်စားလှယ်များက တခဲနက် သြဘာပေးကြသည်။
၂။ ဆုံးဖြတ်ချက်(၂)နှင့် ပတ်သက်၍ မူအားဖြင့် လက်ခံပြီး အထူးပြောစရာ မရှိကြောင်း ပြောကြားသည်။ ကိုယ်စားလှယ်အားလုံးကလည်း ထပ်မံဆွေးနွေးကြခြင်း မရှိချေ။
၃။ ဆုံးဖြတ်ချက်(၃)နှင့် ပတ်သက်၍ ကချင်တောင်တန်း ဒေသတွင် အကျုံးမဝင်သည့် မြစ်ကြီးနား၊ ဗန်းမော်ခရိုင်နှင့် ကသာမြေပြန့်ဒေသများ မပါဘဲ ကချင်ပြည်ဟု ပြည်နယ်တစ်ခုအဖြစ် ရပ်တည်နိုင်လိမ့်မည်ဟု မိမိ မယုံကြည်ကြောင်း၊ သို့သော် မိမိအနေဖြင့် လုပ်ပိုင်ခွင့် မရှိသော်လည်း ကချင်လူမျိုးများ လိုလားတောင့်တလျှက်ရှိသည့် ကချင်ပြည်နယ် ဖြစ်လာရေးကို လေးစား၍ မူအားဖြင့် မိမိ ထောက်ခံကြောင်း၊ ယင်းကိစ္စကိုလည်း ရက်သတ္တပတ် အနည်းငယ်အတွင်း ရန်ကုန်၌ ကျင်းပမည့် ဖဆပလ ညီလာခံတွင် မိမိကိုယ်တိုင် အဆိုတင်သွင်းမည် ဖြစ်ကြောင်းပြောကြားရာ ကိုယ်စားလှယ်များက တခဲနက် သြဘာပေးကြသည်။
၄။ ဆုံးဖြတ်ချက် (၄)နှင့် ပတ်သက်၍ အောင်ဆန်း-အက်တလီစာချုပ်ကို လက်ခံခြင်းမပြု ဟူသောကိစ္စမှာ ယခုဆွေးနွေးနေသည့် ကိစ္စနှင့် စပ်ဆိုင်ခြင်း မရှိသဖြင့် ဝေဖန်ဆွေးနွေးရန် မလိုကြောင်း ပြောကြားသွားသည်။
၅။ ဆုံးဖြတ်ချက်(၅) ခွဲထွက်ခွင့်နှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက မူအားဖြင့် လက်ခံပြီး ဤအစည်းအဝေးက ဆုံးဖြတ်နိုင်မည် မဟုတ်ကြောင်း၊ တိုင်းပြုပြည်ပြုတွင် တင်သွင်း၍ ဆုံးဖြတ်ရမည့် ကိစ္စဖြစ်ကြောင်း တင်ပြရာ အများက လက်ခံကြသည်။
တောင်တန်းဒေသ ခေါင်းဆောင်များ၏ ဘဏ္ဍာရေးငွေ ခွဲဝေသုံးစွဲရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေး မေးမြန်းချက်များကို ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးတင်ထွဋ်တို့က ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးနှင့် စပ်လျဉ်း၍ အချိုးကျ ခွဲဝေသုံးစွဲရမည် ဖြစ်ကြောင်း၊ ဗြိတိသျှအစိုးရ လက်အောက်တွင် ရရှိစဉ်ကထက် ပို၍ရရှိစေရမည်၊ အာမခံချက်ပေးသည်ဟု ပြန်လည် ရှင်းလင်းသွားသည်။
■ ဖေဖော်ဝါရီလ ၁၂ ရက်၊ ပင်လုံစာချုပ်
ဗမာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင်အချို့နှင့် စဝ်ဖများ အားလုံးတို့အပြင် ရှမ်းပြည်နယ်များ၊ ကချင်တောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသော ပင်လုံမြို့တွင် ကျင်းပသည့် အစည်းအဝေးကြီး တစ်ရပ်တွင် ကြားဖြတ် ဗမာအစိုးရနှင့် ချက်ချင်း ပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍လျင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေး တက်ရောက်သူ အဖွဲ့ဝင်တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီကြလေသည်။
၁။ တောင်တန်းသားများ စည်းလုံးညီညွှတ်ရေးအဖွဲ့ (တစညဖ) ၏ ကြိုးကိုင်အဖွဲ့ ကိုယ်စားလှယ်များ ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တစ်ဦးကို ဘုရင်ခံက ရွေးချယ်ပြီး နယ်စပ်ဒေသများကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်ရန်အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။
၂။ ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာန လက်ကိုင်မရှိ၊ ကောင်စီဝင် တစ်ဦးအဖြစ် ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင်ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသ ကိစ္စများကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိစေရမည်။ ဤနည်းလမ်းများအတိုင်း နယ်စပ်ဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့်အာဏာကို ပေးအပ်ရမည်။
၃။ အဆိုပါ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့် လူမျိုးချင်းမတူသော ဒုတိယ အတိုင်ပင်ခံပုဂ္ဂိုလ် နှစ်ဦးက ကူညီစေရမည်။ ရှေးဦးစွာ ဒုတိယ အတိုင်ပင်ခံပုဂ္ဂိုလ် နှစ်ဦးတို့သည် ၎င်းတို့အသီးသီး သက်ဆိုင်သည့် နယ်များ၏ ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြားနယ်စပ်ဒေသ အားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန် ဖြစ်သည်။
၄။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသများ၏ တစ်ဦးတည်းသော ကိုယ်စားလှယ်အဖြစ် ပါဝင်ရမည် ဖြစ်သော်လည်း၊ ဒုတိယ အတိုင်ပင်ခံပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့် ရှိစေရမည်။
၅။ အထက်တွင် သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တိုးချဲ့မည် ဖြစ်သော်လည်း၊ နယ်စပ်ဒေသများ၏ နယ်တွင်း အုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့်နည်းနှင့်မဆို တစ်စုံတစ်ရာ လက်လွှတ်စေရန် အဆိုပါကောင်စီက ပြုလုပ်ခြင်း မရှိစေရ။ နယ်စပ်ဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်းအပြည့် ရှိစေရမည်ဟူသော မူကို သဘောတူညီကြသည်။
၆။ ပူးပေါင်းထားပြီးသော ဗမာပြည်အတွင်း သီးသန့် ကချင်ပြည်နယ်တစ်ခု နယ်နိမိတ် သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြု လွှတ်တော်က ဆုံးဖြတ်ရန် ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ် တစ်ခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက် အထမြောက်စေရန်အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ်၊ ဗမာနိုင်ငံတော် အစိုးရအက်ဥပဒေအရ၊ နောက်ဆက်တွဲ စာရင်းပါ အပိုင်း(၂) ဒေသများကဲ့သို့ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့အား ဆွေးနွေးတိုင်ပင်ရမည်။
၇။ နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ် ပြုထားပြီးသော အခွင့်အရေးများတို့ကို ခံစားပိုင်ခွင့် ရှိစေရမည်။
၈။ ဤစာချုပ်တွင် သဘောတူညီကြသည့် အစီအစဉ်မှာ ပဒေသရာဇ် ရှမ်းပြည်နယ်စုတွင် ယခု အပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့် ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်း မရှိစေရန်။
၉။ ဤစာချုပ်တွင် သဘောတူညီကြသည့် အစီအစဉ်တို့မှာ မြန်မာပြည် အခွန်တော်ငွေများ ကချင်တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေး အကူအညီကို ထိခိုက်ခြင်း မရှိစေရ။ မြန်မာပြည်နှင့် ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေး အစီအစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများတို့အတွက် အလားတူ အစီအစဉ်များကို ထားရှိ ကျင့်သုံးရန် ဖြစ်နိုင်မည် မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ် တို့နှင့်အတူ စစ်ဆေး ကြည့်ရှုရမည်။
လက်မှတ် ရေးထိုးကြသူများ-
ရှမ်းကော်မတီ (၁၄) ဦး၊ ကချင်ကော်မတီ (၆) ဦး၊ ချင်းကော်မတီ (၃) ဦး၊ ဗမာနိုင်ငံတော်အစိုးရ (၁) ဦး
■ မှတ်ချက်
၁။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၆-၇) ရက်တွင် ကျင်းပပြုလုပ်သော ရှမ်း၊ ကချင်၊ ချင်း အစည်းအဝေး ဆုံးဖြတ်ချက် ငါးချက်သည် ပင်လုံစာချုပ်၏ အခြေခံမူဖြစ်ပြီး ဖေဖော်ဝါရီ ၁၂ ရက်တွင် ချုပ်ဆိုထားသော စာချုပ်သည် အကောင်ထည်ဖော်ရန် လုပ်ငန်းစဉ် ဖြစ်သည်။
၂။ ပင်လုံစာချုပ်သည် လူမျိုးကိုယ်စားပြုသည့် စာချုပ်မဟုတ်ပါ။ နယ်မြေကို ကိုယ်စားပြုသော စာချုပ်ဖြစ်သည်။ ဗမာပြည်မ (Burma Proper) နယ်မြေတွင် အတူတကွ နေထိုင်ကြသော ကရင်၊ မွန်၊ မြန်မာ၊ ရခိုင်တိုင်းရင်းသား လူမျိုးကိုယ်စားပြု အဖွဲ့အစည်းများသည် ဖဆပလအဖွဲ့ချုပ်တွင် အားလုံး ပါဝင်သည့်အပြင် ဗိုလ်ချုပ်အောင်ဆန်း ဝန်ကြီးချုပ်အဖြစ် ဦးဆောင်သော ဗမာပြည်မ ကြားဖြတ်အစိုးရ ကက်ဘိနက်ဝန်ကြီးအဖွဲ့တွင် စောဘဦးကြီး (ကရင်)၊ ဦးလှဖေ(ကရင်)၊ စောစံဖိုးသင်(ကရင်)၊ ဦးညိုထွန်း (ရခိုင်)၊ ဦးအောင်ဇံေ၀ (ရခိုင်)၊ မွန်ဖိုးချို(မွန်) စသည့်ခေါင်းဆောင်များ ပါဝင်ကြသည်။ ထို့ကြောင့် ပင်လုံစာချုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းက ဝန်ကြီးချုပ်အဖြစ် အားလုံး ကိုယ်စားပြု လက်မှတ်ရေးထိုးထားခြင်း ဖြစ်သည်။ သို့ဖြစ်ပါ၍ ပင်လုံစာချုပ်တွင် ကျနော်တို့ ကရင်၊ မွန်၊ ရခိုင် မပါဝင်ကြောင်း ပြောဆိုခြင်းသည် ပင်လုံစာချုပ်၏ အနှစ်သာရကို ဂဃနဏ နားမလည်ခြင်း ဖြစ်သည်။ ထို့အပြင် အချို့ပုဂ္ဂိုလ်များသည်လည်း ပင်လုံစာချုပ်တွင် လူမျိုးကြီးဖြစ်သည့် ကရင်၊ မွန်၊ ရခိုင်သည်ပင်လျှင် မပါဝင်ခဲ့ပါ၊ ထို့ကြောင့် ၂၁-ရာစု ပင်လုံ ညီလာခံသည် တိုင်းရင်းသားအားလုံး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်စေရမည်ဟု ထုတ်ဖော်ပြော ဆိုခြင်းသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်အပေါ် အလေးအနက် ခံယူထားခြင်းမရှိကြောင်း ဖော်ပြခြင်းပင် ဖြစ်သည်။
၃။ ပင်လုံစာချုပ်နှင့် ပင်လုံ ပဋိညာဉ်စိတ်ဓာတ်သည် တိုင်းရင်းသား လူမျိုးများအတွက် စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ်ကို တည်ဆောက်ပေးနိုင်သဖြင့် ဗမာပြည်မ၊ ရှမ်းပြည်၊ ကချင်ပြည်၊ ချင်းပြည် စသည့်နယ်မြေများ တပြိုင်တည်း လွတ်လပ်ရေးကို အမိအရ ဆွတ်ခူးပေးနိုင်ခြင်း ဖြစ်ပေသည်။
■ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် အခြေခံမူများ၊ ကျောရိုးများ ချမှတ်ခြင်း
ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များသည် လွတ်လပ်ရေး ရရှိပြီးပါက အမျိုးသားများ တန်းတူရည်တူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိသော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရန် လိုအပ်သည့် အခြေခံမူများ၊ အခြေခံကျောရိုးများကို ချမှတ်ထားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး တိုင်းရင်းသား ကိုယ်စားလှယ်များ ပါဝင် တက်ရောက်သည့် တိုင်းပြုပြည်ပြုလွှတ်တော် ကဲ့သို့သော ရန်ကုန်မြို့၊ ဂျူဗလီခန်းမကြီး၌ ၁၉၄၇ ခုနှစ်၊ မေ ၁၉-၂၄ ရက်တွင် ကျင်းပသော တိုင်းပြု ပြည်ပြု ဖဆပလ ပဏာမညီလာခံသဘင်တွင် အဆို ၁၄ ခန်း တင်သွင်းသည့်အပေါ် ဖဆပလ၏ ပဏာမညီလာခံက သဘောတူလက်ခံ ချမှတ်ထားခဲ့သည်။
အခန်း (၁) နိုင်ငံ ဖွဲ့စည်းပုံ
(၁) ဗမာနိုင်ငံတော်ကို လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံဟူ၍ ကြေညာရမည်။
(၂) ဆိုခဲ့ပြီးသော လွတ်လပ်ပြီးသော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံတော်တွင်-
(က) (၁) ဗမာပြည်ဝန်ကြီးအဖွဲ့က အုပ်ချုပ်သော ဗမာပြည်မ
(၂) ဟုမ္မလင်းခရိုင်ခွဲ
(၃) ဆင်ကလိန်ခ္တီး
(၄) သောင်သွတ်
(၅) ဆွမ္မရာနယ်ပယ်
(၆) နာဂတောင်တန်းများ
(၇) သံလွင်ခရိုင်
(၈) ကန်ပက်လက်ခရိုင်ခွဲ
(၉) ရခိုင်တောင်တန်းဒေသ ဟူ၍ ခေါ်ဝေါ်သော ဒေသများ
(ခ) ကိုးခန်းနှင့် မောင်းပိုင်တို့ အပါအဝင်ဖြစ်သော ရှမ်းပြည်ထောင်စု
(ဂ) ကရင်နီပြည်နယ်များ
(ဃ) ကချင်တောင်တန်းများ
(င) ကန်ပက်လက်ခရိုင်ခွဲ မပါသော ချင်းတောင်တန်းခရိုင်တို့ ပါဝင်ရမည်။
(၃) ဆိုခဲ့ပြီးသော လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံတော်သည် ပြည်ထောင်စု ဗမာနိုင်ငံတော်ဟု ခေါ်တွင်ရမည်။
(က) အောက်ပါ ဂုဏ်အင်္ဂါများရှိသော ပြည်သူပြည်သားများအား ပြည်ထောင်စု ပြည်နယ်အဆင့်အတန်းကို ပေးအပ်ရမည်။
၁။ ပထဝီအနေအထားအရ နယ်နိမိတ် အထင်အရှားရှိခြင်း၊
၂။ ဗမာစကားနှင့် မတူသော ဘာသာစကား တစ်မျိုးတည်းရှိခြင်း၊
၃။ ယဉ်ကျေးမှု တစ်မျိုးတည်းရှိခြင်း၊
၄။ ရာဇဝင်အစဉ်အလာ တစ်မျိုးတည်းရှိသော လူစုရှိခြင်း၊
၅။ စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးနှင့် စီးပွားရေး လုံလောက်မှုတို့ရှိသော လူစုရှိခြင်း၊
၆။ လူဦးရေ အတော်အတန်ရှိခြင်း၊
၇။ သီးခြား ပြည်ထောင်စုဒေသ တစ်ခုအဖြစ်ဖြင့် မိမိ၏ ကိုယ်ပိုင် ထင်ရှားချက်အတိုင်း နေလိုသော ဆန္ဒရှိခြင်း၊
(ခ) ကိုယ်ပိုင်အုပ်ချုပ်ရမည့် နယ်အဆင့်အတန်းကို အထက်ပါ ဂုဏ်အင်္ဂါများ၊ နည်းများမဆို ရှိပါသော်လည်း စီးပွားရေး လုံလောက်မှု ချို့ငဲ့နေသော ပြည်သူပြည်သားများအား ပေးအပ်ရမည်။
(ဂ) လူမျိုးစုပြည်နယ် အဆင့်အတန်းကို နည်းများမဆို သီးခြားဘာသာစကား ရှိခြင်း၊ ထိုဘာသာစကားကို အတော်အသင့်အားဖြင့် တစ်စုတပေါင်းတည်း ပြောဆိုသော ဒေသရှိခြင်း၊ မိမိ၏ ကိုယ်ပိုင် ထင်ရှားချက်အတိုင်း နေလိုသော ဆန္ဒရှိခြင်းတို့မှတပါး အထက်ပါ အားလုံးသော ဂုဏ်အင်္ဂါများ၌ ချို့ငဲ့နေသော ပြည်သူပြည်သားများအား ပေးအပ်ရမည်။
(ဃ) တိုင်းရင်းသားလူနည်းစု အခွင့်အရေးများကို –
၁။ လူမျိုးအားဖြင့် လည်းကောင်း၊ ဘာသာစကားအားဖြင့် လည်းကောင်း၊ ယဉ်ကျေးမှုအားဖြင့် လည်းကောင်း၊ ရာဇဝင် အစဉ်အလာအားဖြင့် လည်းကောင်း လူများစုနှင့် ကွဲပြားခြားနား၍၊
၂။ ဗမာတစ်ပြည်လုံး၌ ဖြစ်စေ၊ အဖွဲ့ဝင်ဒေသ တစ်ခုခု၌ ဖြစ်စေ ရှိသော လူဦးရေ အားလုံးတွင် အနည်းဆုံး (၁၀) ပုံ (၁) ပုံမျှ လူဦးရေရှိသော လူတစ်စုအား ရရှိနိုင်စေရန် ဝန်ခံချက်ပြုရမည်။
အခန်း (၂) မူလအခွင့်အရေးများ
အခန်း (၃) နိုင်ငံတော်ဝါဒ၏ ရည်ရွယ်ချက်သဘောတရားများ
အခန်း (၄) ပြည်ထောင်စုဗမာနိုင်ငံတော် သမ္မတ
အခန်း (၅) ပြည်ထောင်စု ဥပဒေပြုအဖွဲ့
အခန်း (၆) ပြည်ထောင်စု အုပ်ချုပ်ရေးအဖွဲ့
အခန်း (၇) ပြည်ထောင်စု ဥပဒေအဖွဲ့
အခန်း (၈) ပြည်ထောင်စုပြည်နယ်
အခန်း (၉) ကိုယ်ပိုင်အုပ်ချုပ်ရပြည်နယ်
အခန်း (၁၀) လူမျိုးစု ပြည်နယ်အုပ်ချုပ်ရေးအရာရှိ
အခန်း (၁၁) တိုင်းရင်းသားလူနည်းစုများ
အခန်း (၁၂) ခွဲထွက်နိုင်သောအခွင့်အရေး
အခန်း (၁၃) နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း
အခန်း (၁၄) စပ်ကူးမတ်ကူးကာလနှင့် သက်ဆိုင်သော ပြဌာန်းချက်များ
■ မှတ်ချက် ။
အထက်ဖော်ပြပါ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး တိုင်းပြုပြည်ပြု လွှတ်တော်ကဲ့သို့ သဘောတူ ချမှတ်ထားသော နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် အခြေခံထားရှိရမည့် မူများ၊ ကျောရိုးများ အခန်း (၁၄) ခန်း ချမှတ်ထားသည်။ ယင်းအနက် အခန်း (၂) မှ (၁၄) အထိ ခေါင်းစဉ်များကိုသာ ဖော်ပြထားပြီး အခန်း (၂) သည် ပြည်သူ ပြည်သားများ ဒီမိုကရေစီအခြေခံ လူ့အခွင့်အရေးများအတွက် ပြည့်စုံစွာ ချမှတ်ထားသည်။
အထက်ပါ အခန်း (၁)နှင့် ပတ်သက်၍ အပြည့်အစုံ ဖော်ပြပြီး အရေးကြီးသော အခြေခံမူများ၊ အခြေခံ ကျောရိုးများကို အောက်ပါအတိုင်း ရှင်းလင်းဖော်ပြပါသည်။
■ ရှင်းလင်းချက် ။
အခန်း (၁) ဖွဲ့စည်းပုံပုဒ်မ (၁) သည် နိုင်ငံတော်ဂုဏ်အင်္ဂါရပ် အဆင့်အတန်းကို ဖော်ပြထားသည်။ ပုဒ်မ (၂) (က) သည် ဗမာပြည်မ၊ ရှမ်းပြည်၊ ကရင်နီပြည်၊ ကချင်တောင်တန်းဒေသနှင့် ချင်းတောင်တန်းဒေသ စသည့် နယ်မြေ ငါးခုဖြင့် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များကို လျာထားသည်။ ပုဒ်မ (၃)(က) သည် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ ဖော်ဆောင်ပေးရမည့် အချက်၊ ဂုဏ်အင်္ဂါရပ်များ ခုနစ်ချက်ကို ဖော်ပြထားပြီး ယင်းဂုဏ်အင်္ဂါရပ် ခုနစ်ချက်သည် ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ်များ လျာထားပြီးသော ကချင်၊ ကရင်နီ၊ ချင်း၊ ရှမ်း အမျိုးသားများအတွက် မဟုတ်ကြောင်း၊ အဆိုပါ ကချင်၊ ကရင်နီ၊ ချင်း၊ ရှမ်း တိုင်းရင်းသားများသည် မြန်မာစကားနှင့် တူ မတူ မေးစရာမလို၊ ဖြေစရာ မလိုကြောင်း ရှင်းလင်းပေသည်။ အထက်ဖော်ပြပါ ဂုဏ်အင်္ဂါရပ်များ ခုနစ်ချက် အပါအဝင် မြန်မာစကားနှင့် မတူသော ဘာသာတစ်မျိုးတည်း ရှိခြင်း၊ ဖော်ပြထားသည်မှာ ဗမာပြည်မ နယ်မြေတွင် အတူတကွ နေထိုင်ကြပြီး ပင်လုံစာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးခြင်း မရှိသော ကရင်၊ မွန်၊ ရခိုင်အမျိုးသားများအတွက် ဖော်ပြထားခြင်း ဖြစ်ကြောင်း ထင်ရှားပါသည်။ သို့ဖြစ်ပါ၍ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် ကရင်၊ မွန်၊ ရခိုင်အမျိုးသားများအတွက် တပြိုင်တည်း ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ်များအဖြစ် ဖော်ထုတ်ပေးရမည် ဖြစ်သည်။ ထို့အတူ မြန်မာအမျိုးသားများသည်လည်း ပင်လုံစိတ်ဓာတ် အခြေခံမူအရ အခြားတိုင်းရင်းသားများနှင့် အဆင့်အတန်း တူညီသဖြင့် မြန်မာအမျိုးသားများအတွက်ကိုလည်း ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသား ပြည်နယ်တစ်ခုအဖြစ် တပြိုင်တည်း ဖော်ထုတ်ရမည် ဖြစ်သည်။ ထို့ပြင် ပုဒ်မ (၃) ပုဒ်မခွဲ (ခ-ဂ-ဃ)နှင့် ကျန်ရှိသည့် အခန်း (၁) ပုဒ်မ (၂) (က) (၂-၃-၄-၅-၆-၇-၈-၉) နယ်မြေများတွင် နေထိုင်ကြသော လူမျိုးစုများအတွက်ကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်များ၊ လူမျိုးစုပြည်နယ်များ အဆင့်အတန်းများ ပေးအပ်ရမည်ဟု ဖော်ပြချမှတ်ထားခြင်း ဖြစ်သည်။
ထို့ကြောင့် ဖက်ဒရယ်ပြည်ထောင်စု သမ္မတနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ဗမာ၊ ရှမ်း၊ ရခိုင် စသည့် အမျိုးသားပြည်နယ် ရှစ်ခုသည် အမျိုးသားများ တန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိသော ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ်များအဖြစ် ချမှတ်ရမည် ဖြစ်ပြီး ကျန်ရှိသော တိုင်းရင်းသား လူမျိုးစုများကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်များ ဖော်ထုတ်ပေးရမည်ဟု အခိုင်အမာ ချမှတ်ထားပြီး ဖြစ်သည်။
(ခ) တိုင်းပြုပြည်ပြု လွှတ်တော် ပထမအကြိမ်ညီလာခံက ဖွဲ့စည်းပုံအခြေခံဥပဒေမူများ ချမှတ်ခြင်း
တိုင်းပြုပြည်ပြု လွတ်တော် ပထမအကြိမ်ညီလာခံကို ၁၉၄၇-ခုနှစ်၊ ဇွန် ၁၃-၁၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည်။
■ တိုင်းပြုပြည်ပြုလွှတ်တော်တွင် ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက် မြွက်ကြားသည့် မိန့်ခွန်း
ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်သည် ၁၉၄၇ ခုနှစ် ဇွန် ၁၃ ရက်က ကျင်းပပြုလုပ်သော တိုင်းပြုပြည်ပြုလွှတ်တော် အစည်းအဝေးတွင် ဦးနုအား လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ရန်အဆို တင်သွင်း မိန့်ခွန်းမြွက်ကြားခဲ့သည်။ ယင်း မိန့်ခွန်းမြွက်ကြားချက်မှာ-
“ကျွန်ုပ်တို့ ရှမ်း၊ ကချင်၊ ချင်း တောင်ပေါ် တိုင်းရင်းသားများဟာ အင်္ဂလိပ် နယ်ချဲ့စနစ်အောက်က လွတ်မြောက်ဖို့ ဗမာပြည်မနှင့် ပူးပေါင်းသွေးစည်း နေကြရပေမည်။ ဟိုရှေးရာဇဝင်က အဖြစ်အပျက်တွေကို သတိရပြီး ဗမာတွေဟာ တို့ထက်ပိုပြီး လူလည်းများတယ်။ ဉာဏ်လည်း သာတယ်။ ဒီတော့ တစ်နေ့နေ့မှာ မတော်တဆများ တို့ကို လူမျိုးငယ်ဆိုပြီး ဖိနှိပ်စော်ကား လုပ်များနေမလားဆိုပြီး ဓမ္မတာအတိုင်း တထိတ်ထိတ် တွေးပူစိုးရိမ်လျက် ရှိကြပါတယ်။”
သခင်မြ (သာယာဝတီ ကျေးလက်တောင်ပိုင်း) “မဖြစ်ရပါဘူး။”
ညောင်ရွှေစော်ဘွားကြီးက –
“ကျွန်ုပ်တို့ အင်မတန်မြတ်နိုးတဲ့ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ခွဲထွက်လိုက ခွဲထွက်နိုင်ခွင့်တွေကိုများ ထိပါးကျူးကျော် ပြုလေမလားလို့လည်း တထင့်ထင့်ဖြစ်မယ်ဆိုလျှင် ဓမ္မတာအတိုင်း ကျွန်ုပ်တို့ မလွန်ဘူးလို့ ထင်ပါတယ်။ မတော်တဆ ဒီလို မဖွယ်မရာ၊ မတရားမှုတွေများ ဖြစ်ပေါ်လာလို့ရှိရင် အားနည်းတဲ့ဘက်က အစဉ်နေလာတဲ့ သခင်နုဟာ တရားလမ်းမှန်အတိုင်း ကျွန်ုပ်တို့ဘက်က ရွပ်ရွပ်ချွံချွံ ကာကွယ်ပေးနိုင် လိမ့်မယ်လို့ မျှော်လင့် အားထားပါတယ်။ (သြဘာသံများ) ကျွန်ုပ်တို့ သဘောကတော့ ရိုးရိုးနဲ့ခပ်ရှင်းရှင်းပဲ။ လောလောဆယ် အင်္ဂလိပ်ကျွန်ဘဝက လွတ်ချင်တယ်။ ဒီလို လွတ်လပ်ရေးရဖို့ ဗမာပြည်နဲ့ ပူးပေါင်းဆောင်ရွက်မှ ဖြစ်မယ်ဆိုပြီး ယုံကြည်လို့ ယခု ဒီလွှတ်တော်မှာ ရောက်လာကြပါတယ်။ (သြဘာသံများ) ဒါပေမဲ့ အင်္ဂလိပ်ကျွန်ဘဝက လွတ်ပြီး ပခုံးပြောင်းအဖြစ် ဗမာတွေရဲ့ ကျွန်ဖြစ်သွားမှာကိုလည်း မလိုချင်ပါဘူး။ (ရယ်သံများနှင့် သြဘာသံများ) နှစ်ဦးနှစ်ဘက်စလုံး လွတ်လပ် ကြီးပွားရေးအတွက် တန်းတူရည်တူ အခွင့်အရေးတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားကြဖို့ဆိုရင် အစဉ်သဖြင့် အဆင်သင့်ရှိတယ် ဆိုတာလည်း ရှင်းရှင်းဘွင်းဘွင်းပဲ ကတိပေးပါတယ်။” (သြဘာသံများ)။
ယင်းကဲ့သို့ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်က မိန့်ခွန်းမြွက်ကြားခြင်းသည် တန်းတူရေးကို မည်မျှမြတ်နိုးကြောင်း၊ တည်တံ့ခိုင်မြဲ၍ ငြိမ်းချမ်းသာယာ ဝပြောသော ပြည်ထောင်စု နိုင်ငံတော်ကြီး တည်ထောင်ရေးအတွက် မည်မျှတန်ဖိုးထားကြောင်းတို့ကို ဖော်ပြသည့် ပင်လုံစိတ်ဓာတ်ကို ဖော်ထုတ်ပြသသွားခြင်းပင် ဖြစ်သည်။
■ ရှင်းလင်းချက်-
ထိုမိန့်ခွန်းနှင့် ပတ်သက်၍ ရှမ်းလူငယ် (ရပလ) အဖွဲ့ဝင်များသည်ပင်လျှင် ထိုစဉ်က စော်ဘွားကြီး စဝ်ရွှေသိုက်အပေါ် ထားရှိနိုင်သော အမြင်မှာ ကျဉ်းမြောင်းသော လူမျိုးရေးစိတ်ဓာတ် ရှိသည်၊ မြန်မာတွေအပေါ် စိုးရိမ်မှု လွန်ကဲလွန်းသည်၊ အယုံအကြည် ကင်းမဲ့လွန်းသည်၊ ရှမ်း-မြန်မာ သွေးစည်းညီညွတ်ရေးကို ထိခိုက်စေနိုင်သည်ဟု သတ်မှတ်နိုင်ပေသည်။ သို့သော် ယခုအခါ နှစ်ပေါင်း ၇၀ နီးပါး ရှိပြီ ဖြစ်သည်။ ထိုစဉ်က စော်ဘွားကြီး စဝ်ရွှေသိုက်၏ မိန့်ခွန်းနှင့် ပတ်သက်၍ မည်သို့ ထင်မြင်ပါသလဲဟု ယနေ့အချိန်ကာလတွင် မေးလာလျှင် စော်ဘွားကြီးကပင် ကျဉ်းမြောင်းလွန်းသည်လား၊ တန်းတူရည်တူ ပြည်ထောင်စုကို မြတ်နိုး တန်ဖိုးထားသည်လား၊ သို့မ ဟုတ် ရှမ်းလူငယ် (ရပလ) အပိုင်းကပင် ဖဆပလကို ယုံကြည်မှု လွန်ကဲခဲ့သည်လား ဆိုသည်ကို သမိုင်းက ဖြေဆိုပေးနေပြီ ဖြစ်သည်။
၁၉၄၇ ခုနှစ်၊ ဇွန် ၁၆ ရက် တိုင်းပြုပြည်ပြုလွတ်တော်၏ ပထမအကြိမ် ညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်း မြွက်ကြားသည့် မိန့်ခွန်းမှာ-
ဗိုလ်ချုပ်အောင်ဆန်းက “တောင်တန်းဒေသ တိုင်းရင်းသားလူမျိုးများ စိုးရိမ်စရာ အလျဉ်းမရှိပါနှင့်။ ကျွန်တော်တို့ တောင်တန်းဒေသနှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့တဲ့ စာချုပ်အရဖြစ်စေ၊ နောက်ပြီး တောင်တန်းဒေသ စုံစမ်းရေးအဖွဲ့ အစီရင်ခံစာမှ ထောက်ခံချက်များအရ ကျွန်တော်တို့ လက်ခံလာသည့်အတိုင်း ဖြစ်စေ၊ လက်ခံထားတဲ့ သဘောမပါဘဲ (Not only the letter of agreement) ဒီစာသဘောကို ကျွန်တော်တို့ သဘောတူညီ လာခဲ့တာတင် မကဘဲ ကျွန်တော်တို့မှ (The spirit of agreement) သဘောတူညီလာခဲ့တာကို၊ ပြီးတော့ ဒီအတိုင်းပဲ ဒီ တိုင်းပြု ပြည်ပြုလွှတ်တော်မှာ လုပ်မှာပါပဲဆိုတာ တောင်တန်းကိုယ်စားလှယ်များကို တိတိလင်းလင်း နားလည်စေချင်ပါတယ်။ ကျွန်တော်တို့ ပေးထားသော ကတိ၊ နားလည်ပြီးသား သဘောတူညီချက်များကို နယ်ချဲ့သမားလို ဖောက်ဖျက်ခြင်း မလုပ်ပါဘူး။ ဒီလို ပေးထားသော ကတိ၊ နားလည်ပြီးသား သဘောတူညီချက်များကို ဖောက်ဖျက်မည်လား။ သံသယရှိတဲ့ လူတွေဟာ ကျွန်တော်တို့ ရဲ့ Sense of honour, sense of self-respect, sense of pride ကို စော်ကားတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဗမာလူမျိုးစုများဖြစ်တဲ့ လူတွေဟာ ခင်ဗျားတို့ သဘောမတူဘဲ မနေနိုင်တဲ့ အခြေအနေမျိုးကို လက်တလုံးခြား လိမ်တဲ့နည်းနဲ့လည်း ကျွန်တော်တို့ မလုပ်ပါဘူးဆိုတာ အတိအလင်း နားလည်စေချင်ပါတယ်” ဟု ကတိကဝတ် မိန့်ခွန်းများကို မြွက်ကြားခဲ့သည်။
■ မှတ်ချက်။
အထက်ဖော်ပြပါ ဗိုလ်ချုပ်အောင်ဆန်း၏ မြွက်ကြားချက်သည် တိုင်းရင်းသားများ တန်းတူရေး၊ ပြည်ထောင်စုစိတ်ဓာတ် မည်မျှထက်သန်ကြောင်းကို ယနေ့အခြေအနေတွင် နှိုင်းယှဉ်စရာပင် မရှိပေ။
ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြုပြည်ပြုလွှတ်တော် ပထမညီလာခံ၌ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာတွင် ထားရှိရမည့် အခြေခံမူ လေးချက်နှင့် ဖဆပလ ပဏာမညီလာခံက တင်ပြခဲ့သည့် လမ်းညွှန်ချက် ခုနစ်ချက် အဆိုကို ထပ်မံ၍ တစ်ချက်ချင်းအလိုက် ရှင်းလင်းတင်ပြရာ ညီလာခံသဘင်ကြီးက တညီတညွတ်တည်း တခဲနက် သဘောတူညီ အတည်ပြု ချမှတ်လိုက်သည်။
■ အခြေခံမူများ လေးချက်မှာ-
(၁) လွတ်လပ်သောနိုင်ငံဖြစ်ရမည်။ (Independence)
(၂) အချုပ်အခြာအာဏာပိုင်ရမည်။ (Sovereignty)
(၃) ဒီမိုကရေစီသမ္မတနိုင်ငံဖြစ်မည်။ (Republic)
(၄) ပြည်ထောင်စုနိုင်ငံဖြစ်ရမည်။ (Union State) ဟူ၍ ဖြစ်သည်။
■ မှတ်ချက်။
အထက်ဖော်ပြပါ အခြေခံမူ (၁) နှင့် (၂) သည် ကနေဒါ၊ သြစတေးလျနိုင်ငံကဲ့သို့ ဒိုမီနီယံ အစောင့်အရှောက်ခံနိုင်ငံ လက်မခံဘဲ လုံးဝလွတ်လပ်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ ရှိရမည်ဟု သတ်မှတ်ထားသည်။ အခြေခံမူ (၃) သည် ပြည်သူလူထု၏ ဒီမိုကရေစီအခွင့်အရေးကို ဖော်ဆောင်ပေးသော ပြည်သူ့လွှတ်တော် တစ်ရပ်နှင့် အမျိုးသားပြည်နယ်များ တန်းတူရေးကို ဖော်ဆောင်ပေးသော အမျိုးသားလွှတ်တော် တစ်ရပ်ထားရှိပြီး ထပ်တူ ဥပဒေပြုအာဏာ သတ်မှတ်ထားသည်။ အခြေခံမူ (၄) သည် တစ်ပြည်ထောင် မဟုတ်၊ ပြည်မနှင့် ပြည်နယ်များ ဖားတစ်ပိုင်း ငါးတစ်ပိုင်း ပြည်ထောင်စု မဟုတ်ဘဲ ပြည်ထောင်စု စစ်စစ်နိုင်ငံကို တည်ထောင်ရမည်ဟု အတိအလင်း ချမှတ်ထားသည်။
■ လမ်းညွှန်ချက် ခုနစ်ချက်
လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် ဗမာနိုင်ငံတော်အတွက် ရေးဆွဲရမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် လမ်းညွှန်ပြဋ္ဌာန်းချက် ခုနစ်ချက်မှာ-
တောင်တန်းဒေသများနှင့် ကရင်နီနယ်များ အပါအဝင်ဖြစ်သော မြန်မာနိုင်ငံတော်သူ နိုင်ငံတော်သား တို့၏ ကိုယ်စားလှယ်များသည် တိုင်းသူပြည်သားတို့၏ အာသီသဆန္ဒနှင့် လျော်ညီစွာ၊ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို စီစဉ်ရေးဆွဲရန် အလို့ငှာ စုံညီစုဝေးကြလျက် အောက်ပါပြဌာန်းချက်များကို ချမှတ်ကြောင်း။
၁။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေသည် မြန်မာပြည်ထောင်စုနိုင်ငံတော်ဟု ခေါ်တွင်စေသော လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြစ်စေရမည်။ ထို့အပြင် –
၂။ ပြည်ထောင်စုနိုင်ငံတော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟု သတ်မှတ်ဖော်ပြသည့် တစ်သီးပုဂ္ဂလ ပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြထားသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာ ရရှိစေရမည်။ ထို့အပြင် –
၃။ အချုပ်အခြာအာဏာပိုင် လွတ်လပ်သော သမ္မတဗမာနိုင်ငံတော်နှင့်တကွ အပါအဝင် ဖြစ်သည့် ပြည်နယ်များနှင့် အစိုးရအဖွဲ့အစည်း အားလုံးတို့၏ အခွင့်အာဏာဟူသမျှတို့သည် တိုင်းသူပြည်သားတို့ထံမှ ဆင်းသက်စေရမည်။ ထို့အပြင်-
၄။ ပြည်ထောင်စုနိုင်ငံတော်၏ တိုင်းသူပြည်သား မှန်သမျှသည် လူမှုရေးရာ၌ လည်းကောင်း၊ စီးပွားရေးရာ၌ လည်းကောင်း၊ နိုင်ငံရေးရာ၌ လည်းကောင်း တရားမျှတမှု ရှိစေလျက်၊ အဆင့်အတန်း အခွင့်အရေး ဥပဒေသက်ရောက်မှုတို့တွင် ဆူကြုံနိမ့်မြင့် မရှိ၊ ပကတိ တူညီစေရမည့်အပြင်၊ တရားဥပဒေနှင့်သော် လည်းကောင်း၊ အများပြည်သူတို့ စောင့်စည်းအပ်သော အကျင့်သိက္ခာနှင့်သော် လည်းကောင်း၊ မဆန့်ကျင်သမျှ လွတ်လပ်စွာ ကြံစည်ပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရား ကိုးကွယ်ပိုင်ခွင့်၊ ဝတ်ပြုခွင့်၊ ပရိယေသန ရှာမှီးပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမူဆောင်ရွက်ပိုင်ခွင့်တို့ ရရှိတည်မြဲစေရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် အခိုင်အလုံ သတ်မှတ်ထားရှိစေရမည်။ ထို့အပြင် –
၅။ ဤ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်း ပြဋ္ဌာန်းထားရှိစေရမည်။ ထို့အပြင် –
၆။ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတဗမာနိုင်ငံ၏ နယ်မြေတို့ တပေါင်းတစည်းတည်း တည်တံ့ခိုင်မြဲရေးကို လည်းကောင်း၊ နိုင်ငံ၏ ကြည်း၊ ရေ၊ လေတို့ကို အချုပ်အခြာ စိုးမိုးအုပ်ချုပ်ပိုင်ခွင့်ကို လည်းကောင်း၊ တရားဓမ္မနှင့်တကွ ပြည်ထောင်ချင်းချင်း ဥပဒေအရ ထိန်းစောင့် ထားရှိစေရမည်။ ထို့အပြင် –
၇။ ရာဇဝင်တွင် ထင်ရှားခဲ့သော ဤဗမာနိုင်ငံတော်သည် ကမ္ဘာတွင် မိမိ၏ ဂုဏ်ကျက်သရေနှင့်လျော်စွာ ရသင့်ရထိုက်သော အဆင့်အတန်းသို့ ရောက်ရှိစေရမည့်ပြင်၊ လူသတ္တဝါတို့၏ တိုးတက်ရေးနှင့် ကောင်းကျိုးချမ်းသာ ပြည့်ဝရေးတို့ကို တာဝန်အလျောက် စေတနာဖြင့် အစွမ်းကုန်ဖြည့်စွက် ထမ်းရွက်ကာ ပြည်ထောင်ချင်းချင်းဆိုင်ရာ တရားဓမ္မနှင့် ကျင့်ဝတ်သိက္ခာကို အခြေခံပြု၍ ကမ္ဘာ့ငြိမ်းချမ်းရေး ရှေးရှုလျှက် နိုင်ငံတကာတို့နှင့် မိတ်ဝတ်မပျက် တွဲဖက်ပူးပေါင်း ဆောင်ရွက်မှုကို ခိုင်မြဲသောအဓိဋ္ဌာန်ဖြင့် စောင့်ထိန်းတော့အံ့ဟူ၍ ဖြစ်ပါသည်။
■ မှတ်ချက်။
အထက်ဖော်ပြ ပါရှိသည့်အတိုင်း ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖဆပလအဖွဲ့ချုပ် နှင့် တိုင်းရင်းသား ခေါင်းဆောင်တို့သည် ပြည်သူပြည်သားများ ဒီမိုကရေစီ အခြေခံလူ့အခွင့်အရေးများ ရှိစေရမည့်အပြင် ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ဗမာ၊ ရှမ်း၊ ရခိုင်တိုင်းရင်းသားများ တန်းတူရည်တူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိပြီး၊ ဖက်ဒရယ် ပြည်ထောင်စုသမ္မတ နိုင်ငံတော် တည်ထောင်ရန် လိုအပ်သော အခြေခံမူများ၊ ကျောရိုးများကို အခိုင်အမာ ချမှတ်ထားပြီး ဖြစ်ပေသည်။
Union of Burma (Myanmar) and the Panglong Pledges
by Mankoban
This article discusses the Panglong Agreement between General Aung San and ethnic leaders as the Panglong Pledges. It explains the fundamental principles of federal constitution based on the analysis of historic Panglong Agreement. The author argues that the five resolutions made by leaders from Shan, Kachin and Chin areas at a meeting held in Panglong on February 6 and 7, 1947, established the fundamental guidelines for the Panglong Agreement on February 12. The Panglong Agreement does not represent ethnicity, but it provides geographical representation. The Panglong Agreement and Panglong pledges helped generate a genuine federal spirit between all ethnicities across the country, which supported the process of negotiation Independence. Afterwards, a Constituent Assembly convened to draft the 1947 Constitution. However, the current Constitution of 2008 was drafted by the military and lacks the ability to implement democratic rights for Myanmar citizens and the equal rights of ethnic minorities set under the Panglong pledges.
■ စာညွှန်း
၁ ခွန်းမတ်ရ်ကိုဘန်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူ တစ်ဦးဖြစ်ပါသည်။