ရခိုင်ပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲအလားအလာ

Post By Nyein Ko Ko Soe, On November 28, 2020

ရခိုင်ပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲအလားအလာ

နိဒါန်း

မြန်မာနိုင်ငံ၏ လက်ရှိပြည်တွင်းပဋိပက္ခအခြေအနေအရ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်၀ဒေသတို့မှာ စစ်ရေးလှုပ်ရှားမှု အမြင့်ဆုံးနယ်မြေများ ဖြစ်သည်။ ထိုကဲ့သို့ စစ်ဘောင်ကျယ်နေသော ရခိုင်ပြည်နယ်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို တစိတ်တပိုင်းသာ ကျင်းပနိုင်ခြင်းက နိုင်ငံရေးဘောင် ပိုကျဉ်းသွားစေနိုင်သည့်ထိုးနှက်မှုတရပ် ဖြစ်ခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခု အနက် ကိုးခုကို ရွေးကောက်ပွဲ လုံး၀မကျင်းပနိုင်သည့်ဒေသများအဖြစ် သတ်မှတ်ခဲ့ပြီး အခြား မြို့နယ်လေးခုမှ ရပ်ကွက်၊ ကျေးရွာအုပ်စု အချို့တွင်လည်း မကျင်းပနိုင်ခဲ့ပေ။ [1]

ရွေးကောက်ပွဲ အပြည့်အ၀ မကျင်းပနိုင်သဖြင့် ရခိုင်ပြည်နယ်ရှိ မဲပေးခွင့်ရှိသူ လေးပုံ သုံးပုံ (ဆန္ဒမဲ ပေးခွင့်ရှိသူ ၁၆ သိန်းကျော်အနက် ၁၂ သိန်းခန့်) မှာ မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်။ ထိုသို့ ဆုံးရှုံးခဲ့ရမှု၏ နောက်ဆက်တွဲအနေဖြင့် ဖြစ်လာနိုင်သောကိစ္စရပ်များတွင် ရခိုင်ပြည်နယ်မှ မဲဆန္ဒရှင်ပြည်သူအများစု၏ ပြဿနာနှင့် လိုအပ်ချက်များကို ထုတ်ဖော်ပြောဆိုပေးမည့် ကိုယ်စားလှယ်များ လုံလောက်စွာ မရှိတော့ခြင်း၊ တနည်းအားဖြင့် ရွေးကောက်ပွဲကတဆင့် နိုင်ငံရေးကိုယ်စားပြုခွင့် မရှိတော့သဖြင့် ရခိုင်ပြည်သူများအနေဖြင့် လက်ရှိအခြေအနေထက် ပိုမိုဆိုးရွားလာမှုအပေါ် ကြုံတွေ့ရမည်ကို စိုးရိမ်ပူပန်နေခဲ့ကြရသည်။ [2]

ထိုအခြေအနေတွင် ရွေးကောက်ပွဲအပြီး မထင်မှတ်ထားသော အပြောင်းအလဲတရပ်အဖြစ် AA အဖွဲ့ နှင့် တပ်မတော်တို့၏ သဘောထားပျော့ပြောင်းသော ထုတ်ပြန်ချက်များကြောင့် စစ်ဒဏ်သင့် ရခိုင်ပြည်သူများအတွက် ငြိမ်းချမ်းရေး မျှော်လင့်ချက် ထွက်ပေါ်လာခဲ့သည်။ သို့ရာတွင် ထိုမျှော်လင့်ချက် ခိုင်မာအားကောင်းလာစေရန် လက်နက်ကိုင်ပဋိပက္ခကြောင့် ထိခိုက်ခံစားခဲ့ရမှုများကို ကုစားပေးရမည့် စီမံချက်များအပြင် အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရေးအတွက် နှစ်ဖက်တွေ့ဆုံညှိနှိုင်းမှုများစွာ လက်တွေ့လုပ်ဆောင်ရန် လိုအပ်နေသေးသည်ကို သတိပြုရမည် ဖြစ်သည်။

ယခု ဆောင်းပါးတွင် လက်ရှိအခြေအနေအပေါ် အစုအဖွဲ့အသီးသီး၏ ထင်မြင်ယူဆချက်များ၊ ရခိုင်ပြည်နယ်အတွင်း အခင်းအကျင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ခက်ခဲစေမည့် ဥပဒေကန့်သတ်ချက်များနှင့် မကျင်းပနိုင်ခဲ့ပါက ဖြစ်ပေါ်လာနိုင်သည့် ငြိမ်းချမ်းရေးအလားအလာတို့ကို သုံးသပ် ဖော်ပြသွားမည်ဖြစ်သည်။ ဆောင်းပါး၏ တင်ကြိုအဆိုပြုချက်အဖြစ် လက်ရှိရခိုင်ပြည်နယ်၏ နိုင်ငံရေးအခင်းအကျင်းက ကြားဖြတ်(သို့မဟုတ်) နောက်ဆက်တွဲရွေးကောက်ပွဲ ကျင်းပရန် အသင့်ဖြစ်နေသလား၊ ယခုဖြစ်စဉ်မှတဆင့် ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်အပေါ် ကောင်းမွန်သော အရွေ့တခု သက်ရောက်နိုင်မလား စသည့်အချက်များကို ချဉ်းကပ်ဆွေးနွေးလိုပါသည်။

 

အပေါင်းလက္ခဏာဆောင်ခဲ့သည့် အရွေ့

ရခိုင်ပြည်နယ်ကို ကွန်ဖက်ဒရေးရှင်းအဆင့်လိုချင်ကြောင်း ပြောကြားထားခဲ့သည့် AA အဖွဲ့သည် ရွေးကောက်ပွဲစနစ်အပေါ် အားပေးထောက်ခံမှု မရှိသော ၎င်းတို့၏ သဘောထားကို လုပ်ရပ်များဖြင့် အစဉ်တစိုက်ပြသထားခဲ့သည်။ AA အဖွဲ့ ပါဝင်သော မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ စက်တင်ဘာ ၁ ရက် အပစ်ရပ်ကြေညာမှု၌ ရွေးကောက်ပွဲလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ဟု ပါဝင်ခဲ့သော်လည်း တောင်ကုတ်မြို့နယ်အတွင်း မဲဆွယ်စည်းရုံးနေသည့် NLD ပါတီကိုယ်စားလှယ်လောင်း သုံးဦးကို အောက်တိုဘာတွင် ဖမ်းဆီးခဲ့သည်။ ထို့အပြင် AA ပြောခွင့်ရ ခိုင်သုခက နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲ နေ့တွင်ပင် ၎င်း၏ Facebook စာမျက်နှာ၌ “ရွေးကောက်ပွဲ အနိုင်အရှုံးသည် အပြောင်းအလဲ မဟုတ်ဘဲ ရခိုင်နိုင်ငံပြန်ရရေး တိုက်ပွဲဝင်ခြင်းကသာ မှန်ကန်သည့်နည်းလမ်း ဖြစ်ကြောင်း” ရေးသားဖော်ပြခဲ့သည်။ [3]

သို့ရာတွင် ရွေးကောက်ပွဲအပြီး လေးရက်အကြာ နိုဝင်ဘာ ၁၂ ရက်တွင်မူ ရွေးကောက်ပွဲ မကျင်းပ ရသေးသော ရခိုင်ပြည်နယ်ရှိ မြို့နယ်များ၌ ကြားဖြတ်ရွေးကောက်ပွဲကို ယခုနှစ် မကုန်မီ ကျင်းပနိုင်ရန် NLD အစိုးရနှင့် တပ်မတော်တို့အား မေတ္တာရပ်ခံ တိုက်တွန်းကြောင်း ထုတ်ပြန်ချက် တခုကို AA အဖွဲ့က ထုတ်ပြန်ခဲ့သည်။ နာရီပိုင်းအကြာမှာပင် တပ်မတော်ကလည်း AA ၏ ထုတ်ပြန်ချက်ကို ကြိုဆိုခဲ့ခြင်းကြောင့် တင်းမာမှုများ ရှိနေသော နှစ်ဖက်အဖွဲ့အစည်းများအ‌ကြား အပေါင်းလက္ခဏာဆောင်ခဲ့သည့် အရွေ့တခု ဖြစ်ခဲ့သည်။

ထိုအရွေ့အား ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းလိုသည့် သဘောထားတရပ်အဖြစ် ရခိုင်အင်အားစုများက အသိအမှတ် ပြုခဲ့ကြသည်။ ရခိုင်အမျိုးသားပါတီ(ANP) နှင့် NCA လက်မှတ်ထိုးထားသည့် ရခိုင်လက်နက်ကိုင်အဖွဲ့အစည်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP/ALA) တို့၏ ထုတ်ပြန်ချက်များက ထိုအမြင်ကို အသားပေးဖော်ပြခဲ့ကြသည်။ [4]

သို့ရာတွင် ထိုထုတ်ပြန်ချက်များအပေါ် အာဏာရပါတီ အစိုးရဘက်က တုံ့ပြန်ပြောကြားခြင်း မရှိသကဲ့သို့ အာဏာရ NLD ပါတီ တာဝန်ရှိသူများ၏ ပြောကြားမှုများကလည်း အပြုသဘော မဆောင်သေးသည်မှာ သတိပြုစရာ ဖြစ်နေသည်။ NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခြင်း၊ မကျင်းပခြင်းမှာ ရွေးကောက်ပွဲကော်မရှင်ပေါ်တွင်သာ မူတည်ကြောင်း ပြောကြားခဲ့မှုနှင့် AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သုံးနှုန်းခဲ့သော NLD ပါတီ၏ နိုဝင်ဘာ ၁၈ ရက် ကြေညာချက်တို့က သိသာစေခဲ့သည်။

အလားတူ ရွေးကောက်ပွဲ ကျင်းပခြင်းကို အဓိကဆုံးဖြတ်ပေးရမည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း AA နှင့် တပ်မတော်တို့၏ ကြားဖြတ် ရွေးကောက်ပွဲကျင်းပရေး ထုတ်ပြန်ချက်များအပေါ် လက်ရှိအချိန်ထိ မှတ်ချက်ပြုပြောကြားခြင်း မရှိသေးပေ။ အတည်မပြုနိုင်သေးသည့် သတင်းများအရ ရခိုင်ပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ်မတိုင်ခင် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မည် ဆိုပါက ထိုသို့ ပြုလုပ်နိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဘက်က အဆင်သင့်ဖြစ်နေပြီး၊ အစိုးရ၏ သဘောထားကို စောင့်ဆိုင်းနေသည်ဟု ဆိုပါသည်။

 

ဂျပန်နိုင်ငံ၏ ကြားဝင်ပေးမှုနှင့် အလှည့်အပြောင်း

ယခုကဲ့သို့ တပ်မတော်နှင့် AA တို့အကြား ထူးခြားသည့်အရွေ့ ဖြစ်ပေါ်လာရခြင်းမှာ နိုင်ငံ တနိုင်ငံ သို့မဟုတ် အဖွဲ့အစည်းတခုမှ ကြားဝင်ညှိနှိုင်းပေးခြင်းကြောင့်ဟု ကနဦးပိုင်းက ခန့်မှန်းမှုများ ရှိခဲ့ သည်။ ထိုသို့ ကြားဝင်ညှိနှိုင်းပေးခဲ့သူမှာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်ဖြစ်ခဲ့ခြင်းက  ၂၀၂၀ အလွန် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဂျပန်နိုင်ငံ၏ အခန်းကဏ္ဍမှာ အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲကာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Sasakawa သည် ထိုကာလ မှာပင် တပ်မတော်နှင့် AA အကြား ထုတ်ပြန်ချက်များ ထွက်ပေါ်လာရန် ညှိနှိုင်းဆောင်ရွက်မှုများကို ပြုလုပ်ခဲ့သည်။ [5] ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဖြစ်သူ Mr. Sasakawa သည် ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်အဖြစ် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက မခန့်အပ်ခံရမီကပင် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်နေသော ပုဂ္ဂိုလ်တဦးဖြစ်ပြီး မြန်မာနိုင်ငံသို့ မကြာမခဏ လာရောက်၍ အစိုးရ၊ တပ်မတော်ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံလေ့ရှိသူ ဖြစ်သည်။

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ငွေအား၊ လူအား၊ နည်းပညာအားပါ ကူညီနေသည့် ဂျပန်နိုင်ငံသည် အပစ်ရပ်လက်မှတ်ထိုးလက်နက်ကိုင်အဖွဲ့များနှင့် ဆက်ဆံရေးကောင်းမွန်ပြီး တိုင်းရင်းသားဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဦးစားပေးဆောင်ရွက်ခဲ့သည်။ သို့ရာတွင် AA အဖွဲ့အပါအဝင် NCA လမ်းကြောင်းပြင်ပမှ လက်နက်ကိုင်အဖွဲ့များနှင့် ထူးခြားသည့် ဆက်ဆံရေး မရှိခဲ့ပေ။ ပုံမှန်အားဖြင့် AA အပါအဝင် မဟာမိတ်ညီနောင်အဖွဲ့သုံးဖွဲ့သည် တရုတ်နိုင်ငံနှင့် ပိုမိုနီးစပ်သည်ဟူသော အမြင်များ ရှိနေချိန်တွင် ရခိုင်ပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဂျပန်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှု ရှိလာခြင်းက စိတ်ဝင်စားဖွယ် ဖြစ်လာသည်။

တဖက်တွင်လည်း ယခုဖြစ်ရပ်မှာ မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ ဂျပန်နိုင်ငံနှင့် နိုင်ငံရေး၊ စီးပွားရေး အားပြိုင်နေသည့် တရုတ်နိုင်ငံအတွက် နောက်ကောက်ကျမှု တရပ်ဖြစ်ခဲ့သည်။ ဂျပန်နှင့် တရုတ်တို့၏ မြန်မာနိုင်ငံအပေါ် သံတမန်အရေးအားပြိုင်မှုတရပ်ကို ယခုနှစ် စက်တင်ဘာကပင် တွေ့မြင်ခဲ့ရသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်အပြီး တပတ်အကြာ စက်တင်ဘာ ၁ ရက်တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေး ဗျူရိုအဖွဲ့ဝင် မစ္စတာရန်ကျဲ့ချိက မြန်မာ နိုင်ငံသို့ လာရောက်ခဲ့ရာ  ဂျပန်နိုင်ငံခြားရေးဝန်ကြီးထက် အရင်‌တွေ့ဆုံခွင့်ပြုရန် တောင်းဆိုခဲ့သည့်အတွက် မြန်မာအစိုးရက ငြင်းပယ်ခဲ့ရကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ [6]

ထို့အပြင် နယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့များကို လက်နက်များ ထောက်ပံ့နေသည့် စွဲချက်ကြောင့် တပ်မတော်နှင့် တရုတ်အစိုးရအကြား ဆက်ဆံရေး အဆင်မပြေကြောင်း သတင်းများ ထွက်ပေါ်နေရာ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်၏ အခန်းကဏ္ဍမှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ရခိုင် ပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခများ ပြေငြိမ်းသွားရန် တရုတ်အစိုးရက လိုလားခြင်း မရှိဘဲ AA အဖွဲ့ကို ပံ့ပိုးပေးမှုများ ရှိကြောင်း စွပ်စွဲမှုများလည်း ရှိနေသည်။ အိန္ဒိယ၏ အထောက်အပံ့ဖြင့် တည်ဆောက်နေသော ကုလားတန်စီမံကိန်း အပြီးမသတ်နိုင်ရန် AA အဖွဲ့က ပစ်မှတ်ထားတိုက်ခိုက် နေမှုကို တရုတ်အစိုးရက လက်နက်များ ထောက်ပံ့ပေးနေသည့် အချက်အလက်များကို အိန္ဒိယ သတင်းဌာနများက အကျယ်တဝံ့ဖော်ပြခဲ့ကြသည်။ [7]

ယခုနှစ်အတွင်း ပြည်ပ သတင်းဌာနအချို့နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးများတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံမှ လက်နက်ကိုင်အဖွဲ့အချို့မှာ တရုတ်နိုင်ငံထံမှ လက်နက်များ ရရှိနေသည်ဟု ပြောကြားခဲ့သည့်အတွက် တပ်မတော်နှင့် တရုတ်အစိုးရကြား ဆက်ဆံရေး အဆင်မပြေမှုများ ရှိနေကြောင်း သုံးသပ်မှုများ ထွက်ပေါ်ခဲ့သည်။ ထို့အပြင် မြန်မာစစ်သား နှစ်ဦးကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)ကို လွှဲပြောင်းရာတွင် တရုတ်နိုင်ငံက အဓိကအခန်းကဏ္ဍမှ ပါဝင်ကူညီခဲ့သည်ဆိုသောသတင်း ထွက်ပေါ်နေခြင်းကလည်း တရုတ်အပေါ် စွပ်စွဲမှုများကို ပိုမိုအားကောင်း စေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ တရုတ်နှင့် ဂျပန် နှစ်နိုင်ငံစလုံးမှာ ၎င်းတို့၏ အကျိုးစီးပွား မျှော်မှန်းချက်များ ရှိနေမည်ဖြစ်သော်လည်း မြန်မာ့ငြိမ်းချမ်းရေးတည်ဆောက်မှုများတွင်မူ ဆက်လက်အရေးပါနေမည် ဖြစ်သည်။ သို့ရာတွင် ရွေးကောက်ပွဲအလွန်တွင် အားသာသည့်ခြေလှမ်းကို စလှမ်းနိုင်ခဲ့သည့် ဂျပန် နိုင်ငံ၏ အခန်းကဏ္ဍသည် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်နိုင်ငံနှင့် တန်းတူအရေးပါလာသည်မှာ သိသာထင်ရှားစေခဲ့သည်။

 

လက်ရှိအခင်းအကျင်း

တပ်မတော်နှင့် AA အဖွဲ့အကြား နှစ်နှင့် ချီ၍ တိုက်ပွဲပြင်းထန်ခဲ့သည့် ရခိုင်ပြည်နယ်တွင် အောက်တိုဘာ နောက်ဆုံးပတ်မှ စတင်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားမှု လေးပတ်ကြာ ရပ်တန့်သွားခြင်း က ငြိမ်းချမ်းရေးမျှော်လင့်ချက်ကို ပိုမိုအားကောင်းလာစေခဲ့သည်။

ထို့အပြင် တပ်မတော်နှင့် AA အဖွဲ့တို့၏ ထုတ်ပြန်မှုများတွင်လည်း အပြုသဘောဆောင်လာမှုများကို မြင်တွေ့ရသည်။ တပ်မတော်က ၎င်း၏သတင်းထုတ်ပြန်ချက်များတွင် AA အကြမ်းဖက်အဖွဲ့ဟူ၍ မသုံးနှုန်း တော့သကဲ့သို့ နိုဝင်ဘာ ၁၇ ရက်က မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မိုင်းပေါက်ကွဲမှု ကိုလည်း ARSA အဖွဲ့၏ လက်ချက်ဟု ဖော်ပြခဲ့သည်။ AA အဖွဲ့ကလည်း ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်နိုင်ရန်အတွက် ယခုနှစ်ကုန်အထိ တဖက်သတ်အပစ်ရပ် သက်တမ်းတိုးခြင်း ကြေညာချက် အပြင် အစိုးရ၊ တပ်မတော်တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည့် သဘောထားထုတ်ပြန်ချက်များကို ဆက်တိုက်ထုတ်ပြန်နေသည်ကို တွေ့ရသည်။ [8]

သို့ရာတွင် ရေရှည်တည်တံ့သော အပစ်ရပ်စဲရေး ဖြစ်ပေါ်ရန်အတွက်မူ နှစ်ဖက်စလုံးက အဓိကကျ သည့်လုပ်ဆောင်မှုများ ပြုလုပ်ရန် လိုအပ်နေသေးသည်ကို သတိပြုရမည်ဖြစ်သည်။ တပ်မတော်အနေဖြင့် ၎င်း၏ အပစ်ရပ်ကြေညာချက်မူကို ပြန်လည်ပြင်ဆင်ပြီး ကန့်သတ်မှု မပါသော အပစ်ရပ်‌စဲရေးကို ဦးစွာပြုလုပ်ပေးရန် လိုအပ်ပါသည်။ ထို့အပြင် နှစ်ဖက်စလုံးက ယခင်အပစ်ရပ်ကြေညာမှုများနောက်ပိုင်း တိုက်ပွဲပြင်းထန်ခဲ့သည့်အစဉ်အလာကို ရပ်တန့်ပစ်နိုင်ရန် အပြန်အလှန် ယုံကြည်မှုတည်ဆောက်နိုင်မည့် ဆွေးနွေးပွဲများကို အချိန်မဆိုင်းဘဲ စတင်လုပ်ဆောင်သင့်သည်။

ထို့နည်းတူ စစ်ရှိန်မြင့်တက်ခဲ့ခြင်း၏ အကျိုးဆက်ဖြစ်သော ဒေသခံ နှစ်သိန်းကျော် နေရပ်စွန့်ခွာတိမ်းရှောင်နေရခြင်း၊ အရပ်သား ထိခိုက်သေဆုံးမှု များပြားနေခြင်း၊ နှစ်ဖက်အဖွဲ့များအကြား အပြန်အလှန် စွပ်စွဲမှုများနှင့်အတူ ဖမ်းဆီးထားခြင်းများကိုလည်း အစိုးရ၊ တပ်မတော်နှင့် AA အဖွဲ့ အကြား သုံးပွင့်ဆိုင် ညှိနှိုင်းဖြေရှင်းပေးမှုများ ပြုလုပ်ရမည်ဖြစ်သည်။

အခြားသတိပြုရမည့်အခြေအနေတခုမှာ အစိုးရနှင့် အာဏာရ NLD ပါတီတို့ဘက်မှ ယခုအရွေ့ အပေါ် လိုက်ပါဆောင်ရွက်မည့်တုန့်ပြန်မှုများ ပျောက်ကွယ်နေခြင်းဖြစ်သည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) က ရွေးကောက်ပွဲရွှေ့ဆိုင်းခဲ့ရသောနယ်မြေများတွင် ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်အောင် သက်ဆိုင်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် နိုဝင်ဘာ ၁၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း AA နှင့် တပ်မတော်တို့၏ ထုတ်ပြန်ချက်များ ထွက်ရှိပြီး နောက်ပိုင်းတွင်မူ မည်သည့်ထုတ်ပြန်မှုမျှ ထပ်မရှိတော့ပေ။ ထို့အပြင် တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီး ငါးဦးပါဝင်သော တပ်မတော် ငြိမ်းချမ်းရေး ဆွေးနွေးရေးကော်မတီတရပ်ကို နိုဝင်ဘာ ၉ ရက်က ဖွဲ့စည်းထုတ်ပြန်ခဲ့သော်လည်း အစိုးရဘက်ကမူ ငြိမ်းချမ်းရေး ကော်မရှင်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတခုသာ ပြုလုပ်ထားခဲ့ခြင်းက ထောက်ပြစရာ ဖြစ်နေသည်။

အာဏာရ NLD ပါတီ တာဝန်ရှိသူများ၏ AA အဖွဲ့နှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုမှုများမှာလည်း တင်းမာသည့် သဘောထားများ ရှိနေသည်ကို တွေ့မြင်နေရသည်။ [9] NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က NLD လွှတ်တော်ကိုယ်စားလှယ်လောင်းများ လွှတ်ပေးရေးနှင့် ပတ်သက်၍ AA အဖွဲ့၏ တောင်းဆိုမှုအပေါ် “နိုင်ငံရေးပါတီတခုအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခံထားရသောအဖွဲ့အစည်းနှင့် ဥပဒေအရ တွေ့ဆုံညှိနှိုင်းခွင့် လုံး၀မရှိ”ဟု ပြောဆိုခဲ့သည်။ [10] အခြားတဖက်တွင်လည်း AA အဖွဲ့က ဖမ်းဆီးထားသော NLD လွှတ်တော်ကိုယ်စားသုံးဦးကို ပြန်လွှတ်ပေးမှသာ ရခိုင်ပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်လာနိုင်မည်ဆိုသော ပြောဆိုမှုများ ရှိနေသည်။ AA ဘက်ကမူ ၎င်းတို့ ဖမ်းဆီးထားသောလွှတ်တော်ကိုယ်စားလှယ်သုံးဦးနှင့် ပတ်သက်၍ ညှိနှိုင်းမှု အဆင်ပြေသည့်အချိန်တွင် ပြန်လွှတ်ပေးမည်ဟု ပြောဆိုထားပြီး အပြန်အလှန်အားဖြင့် ပုဒ်မအမျိုးမျိုးတပ် ဖမ်းဆီးထားသည့် အပြစ်မဲ့ရခိုင်ပြည်သူများ၊ နိုင်ငံရေးသမားများ၊ AA အဖွဲ့ဝင်များနှင့် ဆွေမျိုးများ၊ ငြိမ်း ချမ်းရေးအတွက် ဆန္ဒပြ၍ ဖမ်းဆီးခံရသည့် တက္ကသိုလ်ကျောင်းသားများကို ပြန်လွှတ်ပေးရန် NLD ပါတီအား တောင်းဆိုထားသည်။ [11]

ရခိုင်ပြည်နယ်တွင် နောက်ထပ် သတိပြုရမည့်အခင်းအကျင်းမှာ ပွတ်တိုက်တင်းမာမှုများခဲ့သည့် NLD ပါတီ အစိုးရနှင့် ပြည်နယ်လွှတ်တော်ကြား အားပြိုင်မှု ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အမတ်နေရာ အများဆုံးရခဲ့သည့် ရခိုင်အမျိုးသားပါတီ(ANP)သည် အစိုးရ မဖွဲ့နိုင်သကဲ့သို့ ဝန်ကြီးချုပ်နေရာလည်း မရခဲ့ပေ။ ထို့အပြင် ရခိုင်အမျိုးသားရေးကို အာဏာရ NLD ပါတီက ဖိနှိပ်မှုများ ရှိနေသည်ဟု ခံယူခဲ့ပြီးနောက် NLD အစိုးရ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ကြိုးပမ်းမှုအပေါ် ရခိုင်တိုင်းရင်းသားများ၏ သံသယမှာ ပို၍ ကြီးထွားလာခဲ့သည်။ လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲရလဒ်များအရ ရခိုင်ပြည်နယ်အတွင်း ကျင်းပနိုင်ခဲ့သည့် မဲဆန္ဒနယ်များတွင် ANP ပါတီကသာ နေရာအများစု အနိုင်ရခဲ့သည့်အတွက် နှစ်ဖက်ညှိနှိုင်းမှု မရှိခဲ့ပါက နောက် တကြိမ် တင်းမာမှုများ ဖြစ်ဖြစ်လာဦးမည်မှာ အသေအချာပင် ဖြစ်သည်။

ရွေးကောက်ပွဲအလွန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနှင့် တွေ့ဆုံဆွေးနွေး၍ စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက် ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကြေညာထားသည့် အာဏာရ NLD ပါတီအနေဖြင့် ၎င်းတို့၏ ပြောကြားမှုကို ယခုဖြစ်ရပ်များတွင် အလုပ်ဖြင့် သက်သေပြရန် လိုအပ်နေသည်။

 

 

ဥပဒေအသုံးအနှုန်းနှင့် ကန့်သတ်ချက်များ 

AA အဖွဲ့နှင့် တပ်မတော်တို့၏ ထုတ်ပြန်ချက်များပါ ကြားဖြတ်ရွေးကောက်ပွဲ အသုံးအနှုန်းမှာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကန့်သတ်ချက်အတွင်း ပိတ်မိနေခဲ့ပြီး ယခုနှစ်မကုန်မီ ကျင်းပနိုင်ရန် အခက်အခဲများ ရှိနေကြောင်း သုံးသပ်မှုများ ရှိနေသည်။

လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာဥပဒေများတွင် ပြဋ္ဌာန်းချက်အရ “လွှတ်တော်ပုံမှန်သက်တမ်း၏ ပထမနှစ်နှင့် ပဉ္စမနှစ်များတွင် ကြားဖြတ်ရွေးကောက်ပွဲများ မကျင်းပရ”ဟု ပါဝင်နေမှုအပေါ် အာ ဏာရ NLD ပါတီနှင့် အခြားနိုင်ငံရေးအင်အားစုများအကြား အမြင်သဘောထားကွဲပြားနေသည်။ [12] NLD ပါတီ တာဝန်ရှိသူများက ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် မဖြစ်နိုင်ဟု ပြောဆိုခဲ့သော်လည်း နောက်ဆက်တွဲရွေးကောက်ပွဲအမည်ဖြင့် ကျင်းပခြင်းဖြင့် ထိုအခက်အခဲကို ကျော်လွှားရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီနှင့် ရခိုင်အမျိုးသားပါတီ (ANP) တို့က အကြံပြုခဲ့ကြသည်။

ထို့အပြင် ယခုနှစ်မကုန်မီ ကျင်းပပေးရန် AA ၏ တောင်းဆိုထားမှုမှာလည်း ရွေးကောက်ပွဲလုပ်ငန်းစဉ် များကို လုပ်ဆောင်နိုင်ရန်အတွက် အချိန်မလုံလောက်နိုင်ပေ။ အထူးသဖြင့် စစ်ဒဏ်သင့်ရခိုင် ပြည်နယ်တွင် စစ်ရှောင်ပြည်သူသိန်းချီ ရှိနေပြီး မဲစာရင်းကိစ္စများ၊ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲ အသီးသီး ကို ဖွဲ့စည်းရမည့်အခြေအနေများမှာ အချိန်တိုအတွင်း လုပ်ဆောင်ရန် ခက်ခဲခြင်းကြောင့်ဖြစ်သည်။ မဲဆွယ်စည်းရုံးရေးကာလအတွင်း တောင်ကုတ် NLD ကိုယ်စားလှယ်လောင်းများကို ဖမ်းဆီးခဲ့သည့် AA အဖွဲ့၏ လုပ်ရပ်ကလည်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်ရန်နှင့် နိုင်ငံရေးပါတီ များ၏ လွတ်လပ်စွာမဲဆွယ်စည်းရုံးခွင့်အတွက် ထောက်ပြစရာ ဖြစ်နေသည်။

အဓိကအကျဆုံးအချက်မှာ ယခုတောင်းဆိုမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ သဘောထားဖြစ်ပြီး လက်ရှိအချိန်အထိ တစုံတရာမှတ်ချက်ပေး ပြောကြားမှု မရှိခြင်းက ယခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပရန် မျှော်လင့်ချက်မှာ မှေးမှိန်နေရဆဲဖြစ်သည်။

 

နိဂုံး

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရန်အတွက် နိုင်ငံရေးဘောင်ကျယ်ပြီး စစ်ဘောင်ကျဉ်းရန် လိုအပ်သည်ဖြစ်ရာ ရွေးကောက်ပွဲအပြီးတွင် တပ်မတော်နှင့် AA အဖွဲ့တို့၏ သဘောထား ပျော့ပြောင်းလာမှု၊ တိုက်ပွဲရပ်စဲနေမှုများက အားရစရာအခြေအနေတခု ဖြစ်သည်ကို လက်ခံရမည် ဖြစ်သည်။

သို့ရာတွင် ရေရှည်တည်တံ့ခိုင်မြဲသော အပစ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ဆွေးနွေးနိုင်ရန်အတွက်မူ ထုတ်ပြန်ချက်များနှင့်ပင် ကျေနပ်မနေဘဲ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းစဉ်များကို လက်တွေ့လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်သည်။ အလားတူ အာဏာရ NLD ပါတီအစိုးရအနေဖြင့်လည်း ပြီးခဲ့သည့် ငါးနှစ်အတွင်း ငြိမ်းချမ်းရေးဆောင်ရွက်မှု အားနည်းချက်များကို ပြန်လည်သုံးသပ်ပြင်ဆင်ခြင်းဖြင့် ပြည်သူ့ဆန္ဒဖြစ်သော ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်သည်။

မြောက်ပိုင်းလေးဖွဲ့ဖြစ်သော ULA/AA ၊ PSLF/TNLA MNTJP/MNDAA KIO/KIA အဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆွေးနွေးနိုင်ရေးအတွက် အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်ရန် စီစဉ်ထားသည့် လက်ရှိအစိုးရအနေဖြင့် ယခုအခြေအနေမှာ ငါးနှစ်သက်တမ်းအတွင်း အကောင်းဆုံး အခွင့်အလမ်း ဖြစ်နေသည်ကို သတိပြုရမည်ဖြစ်သည်။ အဆိုပါလုပ်ငန်းစဉ်အတွက် ပထမဆုံးဖြေရှင်းရမည့် AA အဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ရန်အတွက်မူ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်အကြား ပြန်လည်သုံးသပ်မှုလိုအပ်ပြီး အပြန်အလှန်အလျော့ပေးညှိနှိုင်းမှုများက အဆုံးအဖြတ်ပေးသွားမည် ဖြစ်သည်။

ယခုနှစ်မကုန်မီ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမှာမူ အစိုးရ၏ သဘောထား၊ အချိန်နှင့် ဥပဒေ ကန့်သတ်ချက်များကြောင့် ခက်ခဲနိုင်သော်လည်း တိုက်ပွဲများ ရပ်တန့်နေမှုကို ဆက်ထိန်းထားနိုင်ခဲ့ပြီး နိုင်ငံရေးဆွေးနွေးပွဲများကို အစပြုနိုင်ခဲ့ပါက ငြိမ်းချမ်းရေးအလာအလာမှာ ဆက်လက်အားကောင်းနိုင်ပါသည်။ ထို့ထက်ပို၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် အစုအဖွဲ့အသီးသီးတို့က ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပပေးခြင်းအားဖြင့် ရွေးကောက်ပွဲတခုထက် ပိုသော အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရေး၏ အဆင့်တခုအဖြစ် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပါက တိုးတက်သော အရွေ့တခု ဖြစ်သွားနိုင်သည်။

အချုပ်အားဖြင့် သုံးသပ်ရပါက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရမည်မှာ မှန်ကန်သော နည်းလမ်းတရပ် ဖြစ်သည်။ လက်ရှိအခြေအနေတွင် စစ်ရှိန်မြင့်ခဲ့သည့် တပ်မတော် နှင့် AA အဖွဲ့တို့က နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းလိုသည့် သဘောထားများကို ပြသနေခြင်းကြောင့် NLD ပါတီ ဦးဆောင်သော အစိုးရအနေဖြင့် ထိုအချက်ကို အကျိုးရှိစွာ အသုံးချနိုင်ပါက ပြည်တွင်း ငြိမ်းချမ်းရေးအတွက် လမ်းစပေါ်လာမည်ဖြစ်ပါသည်။

 

အောက်ခြေမှတ်စုအညွှန်း

[1] UEC ၏ ရွေးကောက်ပွဲကျင်းပခြင်းမပြုနိုင်သည့်နယ်မြေများ ထုတ်ပြန်ကြေညာခြင်း(အောက်တိုဘာ ၁၆ နှင့် ၂၇ ရက်)

[2] Arakan Humanitarian Coordination Team ၏ ရခိုင်ပြည်နယ် အပတ်စဉ်အစီရင်ခံစာ(နိုဝင်ဘာ ၈ – ၁၃)

[3] နိုဝင်ဘာ ၁၂ ရက်တွင် ဧရာ၀တီသတင်းဌာနမှ ဖော်ပြခဲ့သော “ကြားဖြတ်ရွေးကောက်ပွဲ ဒီဇင်ဘာ မတိုင်မီ ကျင်းပပေးရန် AA တိုက်တွန်း”သတင်းမှ ကောက်နုတ်ဖော်ပြထားပါသည်။

[4] ရခိုင်အမျိုးသားပါတီ(ANP)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ALA)တို့၏ ထုတ်ပြန်ချက်များ

[5] နိုဝင်ဘာ ၂၄ ရက်က ဧရာ၀တီသတင်းဌာနတွင် ဖော်ပြခဲ့သော “မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် တွေ့ဆုံမေးမြန်းမှု” မှ ကောက်နုတ် ဖော်ပြထားပါသည်။

[6] စက်တင်ဘာ ၁၅ ရက်တွင် BBC သတင်းဌာနက ဖော်ပြခဲ့သော “ရွေးကောက်ပွဲအပြီး ကိုဗစ်အလွန် မြန်မာ့နိုင်ငံအရေးကို တရုတ်တို့ ဘယ်လိုမြင်သလဲ”သတင်းဆောင်းပါးမှ ကောက်နုတ်ဖော်ပြထားပါသည်။

[7] စက်တင်ဘာ ၁၆ ရက်က အိန္ဒိယအခြေစိုက် The Economic Times သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သော “China’s arms smuggling racket along Bangladesh-Myanmar border unearthed” သတင်းဆောင်းပါးမှ ကောက်နုတ် ကောက်နုတ်ဖော်ပြထားပါသည်။

[8] ISP-Myanmar Peace Desk ၏ Statements Section

[9] နိုဝင်ဘာ ၁၉ ရက်က နိရဉ္ဇရာသတင်းဌာနတွင် ဖော်ပြခဲ့သော NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်နှင့် အင်တာဗျူး

[10] နိုဝင်ဘာ ၂၁ ရက်က မြန်မာတိုင်းမ်သတင်းဌာနတွင် ဖော်ပြခဲ့သော “အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရသည့် အေအေနှင့် ဥပဒေအရ တွေ့ဆုံညှိနှိုင်းခွင့် လုံး၀မရှိဟု NLD တုန့်ပြန်” သတင်းမှ ကောက်နုတ်ဖော်ပြထားပါသည်။

[11] ULA/AA အဖွဲ့၏ နိုဝင်ဘာ ၂၁ ရက် ထုတ်ပြန်ကြေညာချက်

[12] နိုဝင်ဘာ ၂၀ ရက်တွင် VOA သတင်းဌာနက ဖော်ပြခဲ့သော “ရခိုင်မှာ ရွေးကောက်ပွဲကျင်းပရေး မတူညီတဲ့ အမြင်သဘောထားများ”မေးမြန်းမှုများမှ ကောက်နုတ်ဖော်ပြထားပါသည်။

 

စာညွှန်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်မှုများ

https://www.uec.gov.mm/

၂၀၂၀ ၊ ရခိုင်လူထုအတွက် ရွေးကောက်ပွဲက ဘာတွေချန်ထားခဲ့သလဲ (နိုဝင်ဘာလ ၈-၁၃)၊ Arakan Humanitarian Coordination Team

https://web.facebook.com/Arakan-Humanitarian-Coordination-Team-111766593795112/photos/pcb.201749454796825/201749171463520

ခိုင်ရိုးလ၊ ၂၀၂၀၊ ကြားဖြတ်ရွေးကောက်ပွဲ ဒီဇင်ဘာ မတိုင်မီ ကျင်းပပေးရန် AA တိုက်တွန်း၊ ဧရာ၀တီ

https://burma.irrawaddy.com/news/2020/11/12/233303.html

ရခိုင်အမျိုးသားပါတီ(ANP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ALA)နှင့် ULA/AA အဖွဲ့တို့၏ ထုတ် ပြန်ချက်များ

https://ispmyanmarpeacedesk.com/actors/#actors/

တပ်မတော်၏ ထုတ်ပြန်မှုများ

https://ispmyanmarpeacedesk.com/actors/#tmd-statements/

နန်းလွင်၊ ၂၀၂၀၊ ရခိုင်မှာ ရွေးကောက်ပွဲ ဖြစ်အောင် လုပ်ချင်ပါတယ်၊ ဧရာ၀တီ

https://burma.irrawaddy.com/opinion/interview/2020/11/24/233859.html

၂၀၂၀၊ ရွေးကောက်ပွဲအပြီး ကိုဗစ်အလွန် မြန်မာ့နိုင်ငံအရေးကို တရုတ်တို့ ဘယ်လိုမြင်သလဲ၊ BBC Burmese

https://www.bbc.com/burmese/burma-54147676

ဆောင်းဇာခြည်၊ ၂၀၂၀၊ AA ကို အကြမ်းဖက်အဖွဲ့အဖြစ်သုံးနှုန်းခြင်း အကြောင်းနှစ်ချက်ရှိဟု NLD ပြောခွင့်ရသူ ဆို၊ နိရဉ္ဇရာ

https://burmese.narinjara.com/news/detail/5fb612918d5b5818df39dcd2

မင်း၀ဿန်၊ ၂၀၂၀၊ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရသည့် အေအေနှင့် ဥပဒေအရ တွေ့ဆုံညှိနှိုင်းခွင့် လုံး၀မရှိဟု NLD တုန့်ပြန်၊ မြန်မာတိုင်းမ်

https://myanmar.mmtimes.com/news/147083.html

ဝင်းမင်း၊ ၂၀၂၀၊ ရခိုင်မှာ ရွေးကောက်ပွဲကျင်းပရေး မတူညီတဲ့ အမြင်သဘောထားများ၊ VOA

https://burmese.voanews.com/a/rakhine-election-/5669901.html