ပြည်မအခြေစိုက် နိုင်ငံရေးပါတီများ၏ လူမျိုးစုပေါ်လစီ

Post By Kyaw Win, On September 12, 2018

ပြည်မအခြေစိုက် နိုင်ငံရေးပါတီများ၏ လူမျိုးစုပေါ်လစီ

■ နိဒါန်း

(အမျိုး၊ ဘာသာ၊ သာသနာမှ အမျိုးသားလွတ်လပ်ရေးသို့)

မြန်မာနိုင်ငံ၏ အမျိုးသားလွတ်မြောက်ရေး သမိုင်းကြောင်းကို ပြန်ပြောကြသည့်အခါတိုင်း “နိုင်ငံရေးအစ ဝိုင်အမ်ဘီအေက” ဆိုသော ဆိုရိုးစကားတစ်ခုမှ အစပြုလေ့ ရှိကြပါသည်။ သို့နှင့်တိုင် ၁၉၀၆ ခုနှစ်က ထူထောင်ခဲ့သော “ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း” (ဝိုင်အမ်ဘီအေ)မှာ ပီပီသသ နိုင်ငံရေးအဖွဲ့အစည်းတော့ မဟုတ်ခဲ့ပါ။ အသင်းကြီး၏ ရည်ရွယ်ချက် ကိုယ်တိုင်က “အမျိုး၊ ဘာသာ၊ သာသနာနှင့် ပညာရေးကို အားပေးဆောင်ရွက်ဖို့” ဖြစ်သည်။ သို့အတွက် “အမျိုးကိုချစ်ပါ၊ ဘာသာကို လေးစားပါ၊ သာသနာကို ချီးမြင့်ပါ၊ ပညာကို အားပေးပါ” ဟု ကြွေးကြော်သံ ထုတ်ခဲ့ကြသည်။ တစ်နိုင်ငံလုံး ကျွန်ဘ၀ ကျရောက်နေသည်ဖြစ်၍ အများစု ဗမာလူမျိုးနှင့် သူတို့၏ ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို ပညာနှင့် မြှင့်တင်နိုင်ရန် ဆော်သြလိုက်သည့် သဘောပင်ဖြစ်သည်။ တနည်းဆိုရလျှင် “အမျိုး၊ ဘာသာ၊ သာသနာ”ဆိုသော ကြွေးကြော်သံဖြင့် ဗမာတမျိုးသားလုံးကို စည်းရုံးလှုံ့ဆော် လိုက်သည်ဖြစ်၍ “နိုင်ငံရေးအစ ဝိုင်အမ်ဘီအေက”ဟု ရည်ညွန်းပြောဆိုခဲ့ကြခြင်း ဖြစ်နိုင်ပါသည်။

ဝိုင်အမ်ဘီအေမှသည် ဂျီစီဘီအေ၊ ထိုမှတဖန် ဒို့ဗမာအစည်းအရုံးအထိ ဆိုခဲ့ပါသည်။ ဝိုင်အမ်ဘီအေ အသင်းကြီး၏ “အမျိုး၊ ဘာသာ၊ သာသနာ”ဆိုသည်ကိုသာ အခြေခံခဲ့ကြသည်သာ ဖြစ်သည်။ “ဗမာပြည်သည် ဒို့ပြည်၊ ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား၊ ဒို့ပြည်ကို ချစ်ပါ၊ ဒို့စာကို လေးစားပါ၊ ဒို့စကားကို ချီးမြှင့်ပါ”ဆိုသည်မှာ ဒို့ဗမာအစည်းအရုံးကြီး၏ ကြွေးကြော်သံပင် ဖြစ်ပါသည်။ ထိုစဉ်က ခေတ်သစ် နိုင်ငံရေးလှုပ်ရှားမူအတွက် အဆင်သင့် ဖြစ်နေပြီဖြစ်သော ဗမာတိုင်းရင်းသားများကို အဓိက ပစ်မှတ်ထား စည်းရုံးခဲ့သည်ဖြစ်၍ ဆိုခဲ့ပါ အဖွဲ့အစည်းများမှာ သူ့ခေတ်နှင့်သူ ရှေ့တန်းရောက်ခဲ့သော တပ်ဦးအဖွဲ့အစည်းများအဖြစ် ဆိုရပါလိမ့်မည်။ သို့တစေ မြန်မာ့အမျိုးသားရေး လှုပ်ရှားမှုကို တဆစ်ချိုး ပြောင်းလဲစေခဲ့သော ၁၃၀၀ ပြည့် အရေးတော်ပုံ ကာလသို့ ရောက်သောခါတွင်ကား ဆိုခဲ့ပြီးသော “အမျိုး၊ ဘာသာ၊ သာသနာ”ဆိုသည်ထက် ပိုမို နက်ရှိုင်းကျယ်ပြန့်သော ရည်မှန်းချက်သို့ သဘာဝကျစွာ ပြောင်းလဲလာရတော့သည်။ “လွတ်လပ်ရေး၊ ဒီမိုကရေစီရေးနှင့် ဆိုရှယ်လစ်ရေး” (တနည်း ခေတ်မီနိုင်ငံတော် ထူထောင်ရေး) ဖြစ်လာရတော့သည်။

ထိုသည်၏နောက် ဒုတိယက္ဘာစစ်ကြီးကို ဖြတ်သန်းရင်း တိုင်းရင်းသားအားလုံး၏ နိုင်ငံရေး နိုးကြားမှုမှာလည်း အမြင့်ဆုံးစခန်းဆင့်သို့ ရောက်လာခဲ့ရာ စစ်ပြီးခေတ် မြန်မာ့အမျိုးသား လွတ်မြောက်ရေး ကြိုးပမ်းမူမှာ ယခင်ကလို ဗမာလူမျိုးစု တစ်ခုတည်း၏အရေး မဟုတ်တော့ဘဲ တိုင်းရင်းသားအားလုံး၏ အရေးတော်ပုံကြီး ဖြစ်လာရတော့သည်။ သို့ဖြင့် ဗိုလ်ချုပ်အောင်ဆန်း ပီပီပြင်ပြင် ဦးဆောင်မှု ရလာခဲ့သော စစ်ပြီးခေတ် ဖဆပလအဖွဲ့ကြီးမှာ အစဉ်အလာ “အမျိုး၊ ဘာသာ၊ သာသနာ” ကြွေးကြော်သံကို ဆက်မသုံးတော့ဘဲ “တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး” ဖြင့် “လွတ်လပ်ရေး”အရယူဖို့ ဖြစ်လာသည်။ ထိုအချိန်လောက်မှစ၍ပင် တိုင်းရင်းသားတို့၏ ဦးနှောက်နှင့် အသည်းနှလုံးကို စုစည်း အားပြုနိုင်လောက်မည့် “ဖက်ဒရယ်” အယူအဆအတွေးအမြင်များမှာ လွတ်လပ်ရေး တိုက်ပွဲနှင့်အပြိုင် စတင်ပေါ်ထွက်လာခဲ့ပါသည်။ ပြည်မအခြေစိုက် နိုင်ငံရေးပါတီ တော်တော်များများသည်လည်း လူမျိုးစုပေါ်လစီ အသီးသီးကို မိမိတို့ သက်ဆိုင်ရာပါတီ၏ အရေးတကြီးလမ်းစဉ်အဖြစ် စတင် သတ်မှတ်လာခဲ့ကြသည်။ ဤသည်ပင် ယခု စာစုတစ်ခုလုံး၏ “နိဒါန်း” သဘော ဖြစ်ပါ၏။

■ ၁။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ လူမျိုးစုပေါ်လစီ

ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) မှာ တိုင်းပြည်ကံကြမ္မာ အကောင်းအဆိုးကို ဆုံးဖြတ် ပုံဖော်နိုင်သော အာဏာရပါတီ အနေအထားမျိုး ဘယ်တုန်းကမှ မရခဲ့ဖူးပါ။ သို့နှင့်တိုင် လွတ်လပ်ရေး ရပြီးနောက်ပိုင်း အစိုးရအဆက်ဆက်ကို နှစ်ရှည်လများ လက်နက်စွဲကိုင် တော်လှန်ခဲ့သော ပါတီတစ်ခုဖြစ်နေ၍ အရေးကြီးသော ပါတီတစ်ခုအဖြစ် ယူဆပါသည်။ သို့အတွက် ဗကပ၏ လူမျိုးစုပေါ်လစီကို (အကျဉ်းမျှ) ဖော်ပြသွားပါမည်။

■ ကနဦးကာလ (၁၉၃၉-၁၉၄၈)

၁၃၀၀ ပြည့် အရေးတော်ပုံအပြီးတွင် မပြီးဆုံးသေးသော လွတ်လပ်ရေးတိုက်ပွဲကို ပိုမို ထက်ထက်မြက်မြက် ဦးဆောင်နိုင်ရန်အတွက် ပါတီသစ်နှစ်ရပ် ပေါ်ထွက်လာသည်။ ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီ တို့ဖြစ်သည်။ ဤပါတီနှစ်ရပ်လုံးမှာ ထိုစဉ်ကာလ မြန်မာ့နိုင်ငံရေးလောကတွင် ရောက်ရှိပြန့်နှံ့ခါစ မာက်(ခ)ဝါဒ အယူအဆများကို သူ့အတိုင်းအတာနှင့်သူ သက်ဝင် ယုံကြည်ကြသူတွေနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ အယူအဆသာမက လူပုဂ္ဂိုလ်အနေနှင့်လည်း ပါတီနှစ်ရပ်လုံး တစ်ပြိုင်နက်တည်း ပါဝင်နေသူတွေ ရှိသည်။ (ဥပမာ- သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင်ဗသိန်းတင် စသည်) ထို့ထက် ဖက်ဆစ်တော်လှန်ရေး မတိုင်မီ ဖွဲ့စည်းခဲ့သော “ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့” (နောင်- ဖဆပလ)တွင်လည်း တပ်မတော်နှင့်အတူ လက်တွဲပါဝင်ခဲ့ကြသည့် ပါတီတွေ ဖြစ်သည်။

ဆိုခဲ့ပြီးသည့်အတိုင်း မူလက မာက်(ခ)ဝါဒကို သူ့အတိုင်းအတာနှင့်သူ သက်ဝင် ယုံကြည်ကြသူများ ဖြစ်ကြသည့်တိုင် စစ်ပြီးခေတ် ရောက်သောအခါမူ အဆိုပါ ပါတီများ၏ နိုင်ငံရေး အယူအဆများမှာ တဖြည်းဖြည်း ပီပြင်လာသည်။ ဗကပမှာ ဆိုဗီယက်ပုံစံ ကွန်မြူနစ်ပါတီ ဖြစ်လာပြီး “ပြည်သူ့အရေးတော်ပုံပါတီ” (နောင်- ဆိုရှယ်လစ်ပါတီ)မှာ ဥရောပ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ပုံစံမျိုးဖြစ်လာသည်။ ဒီလိုနှင့် ၁၉၄၆ ခုနှစ် အောက်တိုဘာတွင် ဗကပမှာ ဖဆပလ အဖွဲ့ကြီးမှ အထုတ်ခံလိုက်ရသည်။ (ဗကပမှ ခွဲထွက်သွားသော အလံနီပါတီကား အစောပိုင်းထဲက အထုတ်ခံရပြီး ဖြစ်သည်) လွတ်လပ်ရေးရအပြီး ၁၉၄၈ ခုနှစ် မတ် ၂၈ ရက်တွင် ဗကပမှာ လက်နက်ကိုင်တော်လှန်ရေး ဆင်နွဲခဲ့သော ပါတီဖြစ်လာခဲ့သည်။ ဤသို့ တောခိုအပြီး လူမျိုးစု လက်နက်ကိုင် အင်အားစုများနှင့် ထိတွေ့လာရာမှ ဗကပ၏ လူမျိုးစုပေါ်လစီမှာ အသက်ဝင်လာခြင်း ဖြစ်ပါသည်။

■ ပဲခူးရိုးမကာလ (၁၉၄၈-၁၉၇၅)

ဗကပ၏ လက်နက်ကိုင်တော်လှန်ရေးအကြောင်း ပြောမည်ဆိုလျှင် “ပဲခူးရိုးမကာလ” နှင့် “အရှေ့မြောက်ပိုင်းကာလ”ဟူ၍ နှစ်ခုခွဲ ပြောရပါလိမ့်မည်။ ပဲခူးရိုးမကာလ လူမျိုးစုပေါ်လစီမှာ ဆိုဗီယက်ယူနီယံ ကွန်မြူနစ်ပါတီ၏ “မူ” အတိုင်းပင်ဖြစ်သည်။ “ခွဲထွက်လိုက ခွဲထွက်ခွင့် အပါအဝင် ကိုယ်ပိုင်ပြဌာန်းခွင့်” ဖြစ်သည်။ ဤ ပေါ်လစီအရပင် “လူမျိုးစု လက်နက်ကိုင် အင်အားစုများ”နှင့် ညီညွတ်ရေးတပ်ပေါင်းစု ဖွဲ့နိုင်ခဲ့ခြင်းဖြစ်သည်။ “အမျိုးသား ဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု” (မဒညတ) ဖြစ်သည်။ (ကေအင်ယူပါတီ၊ မွန်ပြည်သစ်ပါတီ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ၊ ချင်းဦးစီးအဖွဲ့နှင့် ဗမာပြည်ကွန်မြူနစ်ပါတီတို့ ပါဝင်သည်)

■ အရှေ့မြောက်ပိုင်းကာလ (၁၉၆၈-၁၉၈၈)

အရှေ့မြောက် စစ်ဒေသကာလအတွင်း ဗကပ၏ လူမျိုးစုပေါ်လစီမှာ တရုတ်ကွန်မြူနစ်ပါတီ အတိုင်းပင်ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီက မည်သည့်လူမျိုးစုကိုမှ “ကိုယ်ပိုင်ပြဌာန်းခွင့်” မပေး။ “ကိုယ်ပိုင်အုပ်ချုပ်ရေး”မျှသာ ခွင့်ပြုသည်။ တိုင်းပြည်ကိုလည်း “တစ်ပြည်ထောင်စနစ်” ဖြင့်သာ စုစည်းထားသည်။ အရှေ့မြောက်ပိုင်းကာလ ဗကပ၏ လူမျိုးစု ပေါ်လစီမှာလည်း ဤအတိုင်းပင်ဖြစ်သည်။ ဤကာလအတွင်း ကွန်မြူနစ်ပါတီ ခေါင်းဆောင်သော တပ်ပေါင်းစု တစ်ခု ဖွဲ့နိုင်သော်လည်း အဆိုပါတပ်ပေါင်းစုမှာ နိုင်ငံရေးအခြေခံပြီး ဖွဲ့စည်းသည်မျိုး မဟုတ်။ ထိုစဉ်က တရုတ်ပြည်မှ လက်နက်ထောက်ပံ့ရာတွင် ဗကပမှ တစ်ဆင့်သာ ထောက်ပံ့သည်ဖြစ်၍ တရုတ်လက်နက် ရလိုသူများ ဗကပ ဦးဆောင်သည့် တပ်ပေါင်းစုသို့ ပါဝင်ကြခြင်း ဖြစ်နိုင်သည်။ သို့အတွက်ကြောင့်ပင် တရုတ်ပြည်မှ အထောက်အပံ့ မရတော့သည်နှင့် တပ်ပေါင်းစုလည်း ပျက်ရတော့သည်။

■အလံနီပါတီ

၁၉၄၆ ခုနှစ် ဖေဖော်ဝါရီတွင် ဗကပမှ ခွဲထွက်သွားသော အလံနီကွန်မြူနစ်ပါတီ (ကွန်မြူနစ်ပါတီ၊ ဗမာပြည်)၏ လူမျိုးစုပေါ်လစီမှာလည်း ဆိုဗီယက်ပုံစံပင် ဖြစ်သည်။ တစ်ခုထူးခြားသည်မှာ ဘာသာရေးအရ ဖွဲ့စည်းထားသော အဖွဲ့များကိုပါ လူမျိုးစု တစ်ခုအနေနှင့် အသိအမှတ်ပြုခြင်း ဖြစ်သည်။ ၁၉၅၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ ရသေ့တောင်ကို မူဂျာဟစ်သူပုန်များနှင့် အလံနီကွန်မြူနစ်ပါတီတို့ ပူးတွဲသိမ်းပိုက်ဖူးသည်။

■ ၂။ ဖဆပလ အဖွဲ့ချုပ်၏ လူမျိုးစုပေါ်လစီ

ဖဆပလ အဖွဲ့ကြီးကို ဖက်ဆစ်တော်လှန်ရေး မတိုင်မီက “ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့” (AFO) အမည်ဖြင့် စတင် ဖွဲ့စည်းခဲ့ပါသည်။ ထိုစဉ်က ဗမာမျိုးချစ်တပ်မတော်၊ ဗမာပြည် ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံ ပါတီတို့နှင့်သာ စတင်ခဲ့ရသည်။ စစ်ပြီးခေတ် ရောက်သောအခါတွင်မူ ထင်ရှားသော တစ်သီးပုဂ္ဂလများနှင့်ပါ တိုးချဲ့ ဖွဲ့စည်းခဲ့သည်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီ ရွှေတိဂုံ အလယ်ပစ္စယံတွင် ကျင်းပခဲ့သော ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးတွင်ကား လူမျိုးစုအဖွဲ့အစည်းများပါ ပေါင်းစပ် ပါဝင်လာကြသည်။ ကရင်ဗဟိုအဖွဲ့ချုပ်(ကေစီအို)၊ ကရင်လူငယ်များအစည်းအရုံး (ကေဝိုင်အို)၊ ရခိုင်အမျိုးသားကွန်ရက်၊ မွန်အမျိုးသားအစည်းအရုံးတို့ ဖြစ်သည်။ အဆိုပါ လူမျိုးစုအဖွဲ့များ အပါအဝင် ပါတီပေါင်း ၁၅ ခုမှ ကိုယ်စားလှယ်များသာမက ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားအချို့လည်း တက်ရောက်ခဲ့ကြရာ တစ်မျိုးသားလုံးကို ကိုယ်စားပြုသော တပ်ပေါင်းစုအသွင် ဖြစ်လာခဲ့ပါသည်။

■ နေသူရိန် ညီလာခံ

၁၉၄၅ ခုနှစ် သြဂုတ် ၁၆ ရက်မှ ၁၈ ရက်အထိ ရန်ကုန်မြို့ ဖတပလ ရုံးတွင် ဗဟိုဦးစီးအဖွဲ့အစည်းအဝေး ကျင်းပပြီး ဖတပလ၏ ဝါဒ၊ ရည်ရွယ်ချက်နှင့် ဖွဲ့စည်းပုံတို့ကို ပြင်ဆင်ရေးဆွဲခဲ့သည်။ ထိုနောက် ၁၉၄၅ ခုနှစ် သြဂုတ် ၁၉ ရက်တွင် ရန်ကုန်မြို့ ဗဟန်းရပ်ရှိ နေသူရိန်ရုံကြီးတွင် လူထုအစည်းအဝေး ကျင်းပကာ ဖတပလ၏ ဝါဒ၊ ရည်ရွယ်ချက်နှင့် ဖွဲ့စည်းပုံတို့ကို ကြေညာခဲ့သည်။ ဤသို့ ကြေညာခဲ့သော ဖတပလ၏ ရည်ရွယ်ချက် လေးချက်အနက် စတုတ္ထအချက်မှာ လူမျိုးစုပေါ်လစီနှင့် ပတ်သက်ပါသည်။

“(၄) ဗမာပြည်အတွင်းရှိ တိုင်းရင်းသားလူမျိုးတိုင်း မိမိတို့ ကံကြမ္မာကို မိမိတို့ဘာသာ ဖန်တီးနိုင်ပြီး အားလုံး၏ သဘောနှင့်ညီညွတ်စွာ ထူထောင်သော နိုင်ငံတည်ထောင်ရန်၊ ဤသို့ တည်ထောင်ရာ၌ ပါဝင်သော လူမျိုးအသီးသီးအား၊ မိမိတို့ ကံကြမ္မာကို မိမိတို့ဘာသာ ဖန်တီးနိုင်သော အခွင့်အရေး ပေးထားရန်”ဟူ၍ ဖြစ်ပါသည်။

■ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ

၁၉၄၆ ခုနှစ် ဇန်နဝါရီ ၁၇ ရက်မှ ၂၃ ရက်အထိ ရွှေတိဂုံစေတီ အလယ်ပစ္စယံတွင် ဖဆပလအဖွဲ့ကြီး၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးကို ကျင်းပခဲ့ပါသည်။

ဤ ညီလာခံကြီးတွင် အဆိုပေါင်း ၁၈ ခု တင်သွင်း ဆုံးဖြတ်ခဲ့ကြရာ အဆိုအမှတ် ခြောက်နှင့် ခုနစ်တို့မှာ တိုင်းရင်းသားအရေးနှင့် ပတ်သက်ပါသည်။

အဆို အမှတ်ခြောက်မှာ “တိုင်းရင်းသား လူနည်းစုအရေး”အဆိုဖြစ်သည်။ အဆိုကို ဒီးဒုတ် ဦးဘချိုက တင်သွင်း၍ ပုသိမ်မှ ဦးမြစိန်၊ ဖျာပုံမှ ဦးဘဆွေနှင့် မွန် ဦးဘိုးချိုတို့က ထောက်ခံခဲ့ကြသည်။ အဆိုအပြည့်အစုံမှာ-

“တိုင်းရင်းသား လူနည်းစုများနှင့် ဗမာအမျိုးသား အများစုတို့ကို တကယ်ပင် ရင်းနှီးရေးအတွက် အောက်ပါအချက်တို့ကို ကွန်ဂရက်ကြီးက အသိမှတ်ပြုကြောင်း…

(၁) ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ပြုရမည်၊

(၂) ယဉ်ကျေးမူတွင် လွတ်လပ်မှု ရှိရမည်၊

(၃) စီးပွားရေးတွင် အခွင့်အရေး တန်းတူရမည်၊ (ညီတူညီမျှ ဖြစ်လာအောင်လည်း ကြိုးစားရမည်)

(၄) “ဗမာနိုင်ငံအသင်း” တည်ထောင်ရာ၌ တိုင်းပြည်အတွင်းရှိ လူမျိုးတိုင်းက အားလုံး သဘောတူ လွတ်လပ်စွာ တည်ထောင်ရမည်။ ဤသို့ တည်ထောင်ရာ၌လည်း မိမိတို့ကံကြမ္မာ မိမိဘာသာ ဖန်တီးနိုင်ခွင့်ကိုလည်း လူမျိုးတိုင်း အားပေးရမည်။ (ဗမာနိုင်ငံအသင်း- ဆိုသည်မှာ “ပြည်ထောင်စုမြန်မာနိုင်ငံ”ကို ဆိုလိုသည်)

အဆိုကို ရှင်းလင်း တင်ပြရင်းမှပင် ဒီးဒုတ်ဦးဘချိုက “ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်” နှင့် ပတ်သက်၍လည်း ယခုလို ထုတ်ဖော်ပြောဆိုခဲ့သည်။

“လွတ်လပ်သော ဗမာပြည်သစ်ကို တည်ထောင်ရာမှာ တိုင်းရင်းသား လူနည်းစု၊ လူများစု အားလုံး သဘောတူတဲ့ နည်းနဲ့ လွတ်လပ်စွာ တည်ထောင်ရန် ကျွန်တော်တို့က သဘောတူကြောင်း ကတိပေးပါသည်။ မည်သည့် တိုင်းရင်းသား လူနည်းစုမဆို မိမိတို့ကြမ္မာကို မိမိတို့ဘာသာ ဖန်တီးခွင့်ပေးပါမည်။ ကျွန်တော်တို့နှင့် ခွဲလိုတဲ့အခါမှာ ခွဲခွင့်ရှိကြောင်း ကတိပြုထားပါသည်…။”

အဆို အမှတ်ခုနစ်မှာ “နယ်ခြား ဒေသများအား မြန်မာပြည်မနှင့် ပေါင်းစည်းရေး”အဆိုဖြစ်ရာ တိုင်းရင်းသားများအရေးနှင့် ပတ်သက်သည့် အဆိုတစ်ခုပင် ဖြစ်သည်။ ဤအဆိုကို ဦးဖေခင်က တင်သွင်းပြီး သခင်ဗသိန်း(မန္တလေး)၊ သခင်ကိုလေး (မြစ်ကြီးနား)၊ ဦးထွန်းလှ (ဗန်းမော်)နှင့် ဦးဝမ်းသူမောင် (ချင်း) တို့က ထောက်ခံခဲ့ကြသည်။ အဆို အပြည့်အစုံမှာ-

“(၁) စက္ကူဖြူ စာတမ်းအရ ရှမ်းပြည်၊ ချင်းတောင်နှင့် ကချင်တောင်တန်း စသော နယ်များကို မြန်မာနိုင်ငံမှ ခွဲထုတ်ထားခြင်းကို ဤညီလာခံမှ ကန့်ကွက်ကြောင်း၊

(၂) ၎င်းဒေသမှ နယ်သူနယ်သားများသည် ၎င်းတို့၏ဆန္ဒကို ထုတ်ဖော်နိုင်ရန် လွတ်လပ်စွာ ရေးသားခွင့်နှင့် ဟောပြောစည်းရုံးခွင့် ပေးရန်၊

(၃) ချုပ်ချယ်ထားသော ဥပဒေများကို ပယ်ဖျက်၍ မြန်မာတို့နှင့် လွတ်လပ်စွာ ကူးလူးဆက်ဆံခွင့် ပေးရန်၊

(၄) မြန်မာတို့နှင့် ခွဲရေး-တွဲရေးကို ဗြိတိသျှတို့က မဆုံးဖြတ်ဘဲ မြန်မာကိုယ်စားလှယ်များနှင့် တိုင်းရင်းသား ကိုယ်စားလှယ် အချင်းချင်းသာ လွတ်လပ်စွာ ဆွေးနွေးဆုံးဖြတ်ရန်…”တို့ ဖြစ်ပါသည်။

■ တောင်တန်းဒေသအရေးနှင့် ပတ်သက်သော ကြေညာချက်

ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့ လန်ဒန် ဆွေးနွေးပွဲ မသွားမီ နှစ်ရက်အလို ၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် တောင်တန်းဒေသအရေးနှင့် ပတ်သက်သော ဖဆပလ အဖွဲ့ကြီး၏ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါသည်။ ကြေညာချက် အပြည့်အစုံမှာ-

“(၁) ဗမာတို့နှင့်အတူ ရှမ်း၊ ကချင်နှင့် ချင်းတို့အား လွတ်လပ်ရေး ပေးရန်၊ ကင်းဝန်မင်းကြီးနှင့် ဗြိတိသျှအစိုးရတို့ ချုပ်ဆိုခဲ့ကြသည့် စာချုပ်အတိုင်း ကရင်နီနယ်၏ လွတ်လပ်ရေးကိုလည်း အသိအမှတ်ပြုရန်၊

(၂) ကြားကာလ တောင်တန်းဒေသများ အုပ်ချုပ်ရေးအတွက် တောင်တန်းဒေသများမှ ကိုယ်စားလှယ်တစ်ဦးကို အတိုင်ပင်ခံအဖြစ် ခန့်ထားရန်နှင့် လိုအပ်လျှင် ဒုတိယ အတိုင်ပင်ခံတစ်ဦး ခန့်ထားရန် ၊

(၃) လွတ်လပ်လာမည့် မြန်မာနိုင်ငံအတွက် အခြေခံဥပဒေ ရေးဆွဲရာတွင် ကရင်နီ အပါအဝင် တောင်တန်းဒေသများအားလုံး ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပါဝင်လာနိုင်ရေးအတွက် အစီအစဉ်များ ထည့်သွင်းထားရန်၊ သို့သော် ထိုသို့ ပါဝင်ရေး မပါဝင်ရေးကို ၎င်းနယ်သူနယ်သားများ၏ ဆန္ဒဖြင့်သာ ဆုံးဖြတ်ရန်…”ဟူ၍ ဖြစ်ပါသည်။

■ အောင်ဆန်း-အက်တလီစာချုပ်

၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် “အောင်ဆန်း-အက်တလီ” စာချုပ်ကို ဗြိတိသျှဝန်ကြီးချုပ် အက်တလီနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ပါသည်။ ဤစာချုပ်တွင် သဘောတူညီချက် ၁၀ ချက် ပါရှိပြီး သဘောတူညီချက် ရှစ်မှာ “နယ်ခြားဒေသများ” နှင့် ပတ်သက်သည်။ အဆိုပါ သဘောတူညီချက် ရှစ်ကို အပြည့်အစုံ ဖော်ပြလိုက်ပါသည်။

“၈။ နယ်ခြားဒေသများ

နယ်ခြားဒေသများနှင့် ဝန်ကြီးများ အုပ်ချုပ်သော မြန်မာနိုင်ငံတော်ကို ထိုဒေသများတွင် နေထိုင်သော သူများ၏ လွတ်လပ်သော သဘောတူချက်နှင့် အချိန်မနှောင်း ပေါင်းစည်းခြင်း အောင်မြင်ရန်မှာ ဘုရင်မင်းမြတ် အစိုးရနှင့် မြန်မာ ကိုယ်စားလှယ်တော်များ နှစ်ဦးနှစ်ဘက်၏ သဘောတူပြီးသော ရည်ရွယ်ချက် ဖြစ်သည်။ ဤအတောအတွင်း နယ်ခြားရှိ လူများသည် နှစ်ဦးနှစ်ဘက် အကျိုးရှိသော ကိစ္စများနှင့်ပတ်သက်၍ နှစ်ဦးနှစ်ဘက် လက်ခံနိုင်သော နည်းဖြင့် မြန်မာနိုင်ငံတော် အစိုးရတို့နှင့် ရင်းနှီးစွာ ပေါင်းသင်းတွဲဘက်ရာသည်။ ဤသည်တို့ကို မျှော်ကိုး၍ သဘောတူညီကြသည်မှာ-

(က) နယ်ခြားဒေသလူများနှင့် ဝန်ကြီးချုပ်များ အုပ်ချုပ်သော မြန်မာနိုင်ငံတော်လူများသည် အတားအဆီးမရှိဘဲ လွတ်လပ်စွာ ကူးလူးဆက်ဆံခြင်း ရှိစေရမည်။

(ခ) (၁) နယ်ခြားကိစ္စများပေါ်တွင် ဘုရင်ခံမင်းကြီးကို အကြံဉာဏ်ပေးရန်နှင့် အမူဆောင်ကောင်စီနှင့် ရင်းနှီးစွာ ဆက်ဆံရန် နယ်ခြားကိုယ်စားလှယ် ခန့်ထားခြင်းဖြင့် လည်းကောင်း၊ သို့မဟုတ်

(၂) နယ်ခြားကိစ္စများကို အုပ်ချုပ်သော အမူဆောင်ဝန်ကြီး အဖြစ်ဖြင့် နယ်ခြားဒေသ ကိုယ်စားလှယ်တစ်ဦး ခန့်ထားခြင်းဖြင့် လည်းကောင်း၊ သို့မဟုတ်

(၃) အခြားနည်းဖြင့် လည်းကောင်း၊ ခေတ်ပြောင်းခေတ်လွဲ ကာလအတွင်း လက်ခံနိုင်မည်ဟု မိမိတို့ထင်မြင်သော မြန်မာနိုင်ငံတော်အစိုးရနှင့် ပူးတွဲပေါင်းဘက်ပုံနှင့် ပတ်သက်၍ မိမိတို့ ထင်မြင်ချက်များကို ထုတ်ဖော်ပြောဆိုနိုင်ရန် နောက်လဆန်းတွင် ကျင်းပမည်ဖြစ်သော ဝန်ကြီးကွန်ဖရင့် (ပင်လုံကွန်ဖရင့်) တွင်လည်းကောင်း သို့မဟုတ် ဤကိစ္စအတွက် ကျင်းပသော အထူးကွန်ဖရင့်တွင် လည်းကောင်း နယ်ခြားဒေသရှိ လူများ၏ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များကို မေးမြန်းရမည်။

(ဂ) ပင်လုံ အစည်းအဝေး၊ သို့မဟုတ် အထူးကွန်ဖရင့် အစည်းအဝေး ပြီးဆုံးသည့်အခါတွင် ဘုရင်မင်းမြတ် အစိုးရနှင့် မြန်မာနိုင်ငံတော် အစိုးရတို့သည် နယ်ခြားလူများ ထုတ်ဖော်ပြောဆိုသော ထင်မြင်ချက်များနှင့် လိုက်လျောညီစွာ၊ အများသဘောတူ လိုလားချက်များကို ဖြည့်စွမ်းရန် အကောင်းဆုံးသော နည်းစနစ်ကို သဘောတူညီချက် ယူလိမ့်မည် ဖြစ်ကြောင်း။

(ဃ) မြန်မာနိုင်ငံတော် အုပ်ချုပ်ရေး ဥပဒေသစ်အတိုင်း ဆောင်ရွက်ရာ၌ နယ်ခြားသားများ ပေါင်းစည်းဆက်ဆံနိုင်ရန် အကောင်းဆုံးသော နည်းစနစ်ရှာဖွေရန်အတွက် စုံစမ်းရေးကော်မတီ တစ်ခုကို ချက်ချင်း တည်ထောင်ရန် ဝန်ကြီးများ အုပ်ချုပ်သော မြန်မာနိုင်ငံတော် ရပ်ကွက်ဒေသမှ အမှုဆောင်ကောင်စီအဖွဲ့က တင်မြှောက်သော အဖွဲ့ဝင်များနှင့် နယ်ခြားဒေသ ခေါင်းဆောင်များ တိုင်ပင်နှီးနှောလျှက် တင်မြှောက်သော အဖွဲ့ဝင်များ ထိုကော်မတီတွင် ဦးရေအညီအမျှ ပါဝင်လိမ့်မည့်အပြင် သဘောတူ ရွေးချယ်သော မြန်မာနိုင်ငံတော် အပြင်အပမှ ကြားနေပုဂ္ဂိုလ်တစ်ဦးကို ဥက္ကဋ္ဌ ခန့်ထားမည်ဖြစ်ကြောင်း။ ဤကော်မတီက တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေး မစမီ အစီရင်ခံစာ တင်သွင်းရန် တောင်းဆိုမည်။”

■ ပင်လုံစာချုပ်

အောင်ဆန်း-အက်တလီ စာချုပ်တွင် ပါဝင်သော ဆိုခဲ့ပါ “နယ်ခြားဒေသများ” ဆိုသော စာပိုဒ်ကို အကောင်အထည် ဖော်နိုင်ရေးအတွက် “ပင်လုံညီလာခံ” (၁၉၄၇) ကို ကျင်းပရခြင်း ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ် ဧပြီတွင် ကျင်းပရန် လျာထားသည့် တိုင်းပြည်ပြု လွှတ်တော် ရွေးကောက်ပွဲမတိုင်မီ နယ်ခြားဒေသတွင် နေထိုင်သူများ၏ သဘောထားကို ရယူနိုင်ရန် ပင်လုံစာချုပ်ကို သုံးလအတွင်း တက်သုတ်ရိုက် ဆောင်ရွက်လိုက်ရခြင်းလည်း ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်၊ တရားဝင် ပင်လုံစာချုပ် လက်မှတ်ရေးထိုးသောအခါ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း ကိုယ်စားလှယ်များသာ ပါဝင်ခဲ့ပြီး ကရင်နှင့် ကရင်နီ ကိုယ်စားလှယ်တို့မှာ လေ့လာသူအဖြစ်သာ တက်ရောက်ခဲ့ပါသည်။ လိုအပ်လျှင် ပြန်လည် ကိုးကားနိုင်ရန်အတွက် ပင်လုံစာချုပ်မူရင်းကို ဖော်ပြလိုက်ပါသည်။

ပင်လုံစာချုပ်

“မြန်မာပြည် ဘုရင်ခံ၏ အမူဆောင်ကောင်စီမှ ဝန်ကြီးအချို့နှင့် စော်ဘွားအားလုံးအပြင် ရှမ်းပြည်၊ ကချင်တောင်တန်း ဒေသများနှင့် ချင်းတောင်တန်း ဒေသများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသော ပင်လုံတွင် ကျင်းပသည့် အစည်းအဝေး၌ ကြားဖြတ် မြန်မာအစိုးရနှင့် ချက်ချင်း ပူးပေါင်းလိုက်ခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမိုလျင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေး တက်ရောက်သူ အဖွဲ့ဝင်တို့က ယုံကြည်ကြသည့်အတိုင်း တညီတညွတ်တည်း အောက်ပါအတိုင်း သဘောတူညီကြသည်။

(၁) တောင်တန်းဒေသများ ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန် တောင်ပေါ်သားများ ညီညွတ်ရေးဦးစီးအဖွဲ့မှ ကိုယ်စားလှယ်များက ထောက်ခံသည့် ကိုယ်စားလှယ်တစ်ဦးကို ဘုရင်ခံက ရွေးချယ်၍ ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် အတိုင်ပင်ခံတစ်ဦးအဖြစ် ခန့်အပ်ရမည်။

(၂) ထိုအတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ ဝန်ကြီးအဖြစ်လည်း ခန့်အပ်ရမည်။ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဌာန နည်းတူ တောင်တန်းဒေသရေးရာ ဌာနကိုလည်း ဥပဒေဖြင့် ပြဌာန်း၍ အမှုဆောင်ကောင်စီအောက်၌ ထားရှိရမည်။ ထို တောင်တန်းဒေသဆိုင်ရာ အတိုင်ပင်ခံဝန်ကြီးအား အလားတူနည်းအတိုင်း အုပ်ချုပ်ခွင့်အာဏာများကို အပ်နှင်းရမည်။

(၃) ထိုအတိုင်ပင်ခံ ဝန်ကြီးအား ကူညီရန်အတွက် ယင်းနှင့် လူမျိုးတူ မဟုတ်သည့် အခြား တောင်တန်းသားများအား ကိုယ်စားပြုသော တွဲဖက် အတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦး ရှိရမည်။ ထိုအတိုင်ပင်ခံ နှစ်ဦးသည် ပထမဦးစွာ မိမိတို့၏ ဆိုင်ရာနယ်ပယ်ရေးရာများကို စီမံခန့်ခွဲ ဆောင်ရွက်ရမည်။ အတိုင်ပင်ခံဝန်ကြီးမှာမူ ကျန်ရှိသည့် အခြားသော တောင်တန်းဒေသရေးရာများကို စီမံခန့်ခွဲ ဆောင်ရွက်ရမည်။ ယင်းပုဂ္ဂိုလ် သုံးဦးတို့သည် အခြေခံဥပဒေက ပြဌာန်းသည့်အတိုင်း စုပေါင်းတာဝန်ယူ လုပ်ကိုင်ရမည်။

(၄) အတိုင်ပင်ခံဝန်ကြီးသည် အမှုဆောင်ကောင်စီအဖွဲ့ဝင် အနေဖြင့် ကောင်စီတွင် တောင်တန်းဒေသများ၏ တစ်ဦးတည်းသော ကိုယ်စားလှယ် ဖြစ်သော်လည်း တောင်တန်းဒေသ ကိစ္စများကို ဆွေးနွေးသောအခါ တွဲဖက် အတိုင်ပင်ခံပုဂ္ဂိုလ် နှစ်ဦးသည် ကောင်စီအစည်းအဝေးသို့ တက်ရောက်နိုင်ခွင့် ရှိရမည်။

(၅) အထက်ပါ သဘောတူညီချက်အရ ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တိုးချဲ့မည် ဖြစ်သော်လည်း တောင်တန်းဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခု ရရှိခံစားလျက် ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေး ဆုံးပါးရန် မည်သည့် ဒေသတွင်မဆို လုံး၀ ပြုမူလိမ့်မည် မဟုတ်။ တောင်တန်းဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြန်ဌာန်းခွင့် အပြည့်အဝရှိကြောင်း မူအားဖြင့် လက်ခံသည် ။

(၆) မြန်မာပြည်ထောင်စုအတွင်း ကချင်ပြည်နယ်အတွက် နယ်ခြားသတ်မှတ်ရေးနှင့် ကချင်ပြည်နယ် တည်ထောင်ရေးကို တိုင်းပြုပြည်ပြုလွှတ်တော်သို့ တင်ပြဆုံးဖြတ်စေရမည် ဖြစ်သော်လည်း ထိုကဲ့သို့သော ပြည်နယ်မှာ လိုအပ်သည်ဟု သဘောတူ လက်ခံကြသည်။ ဤရည်ရွယ်ချက်ကို ပထမအဆင့် အကောင်အထည်ဖော်သည့် အနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံအစိုးရ အက်ဥပဒေအရ အပိုင်း ၂ ခြွင်းချန်ဒေသများကို အုပ်ချုပ်သည့်နည်းတူ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်အတွင်းရှိ ဒေသများ အုပ်ချုပ်ရေးနှင့် ပတ်သက်၍လည်း တောင်တန်းဒေသ အတိုင်ပင်ခံဝန်ကြီးနှင့် တွဲဖက် အတိုင်ပင်ခံတို့ကို တိုင်ပင်ဆွေးနွေးရမည်။

(၇) တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီ တိုင်းပြည်များတွင် အခြေခံအခွင့်အရေးနှင့် ရပိုင်ခွင့်များဟု သတ်မှတ်ထားသည့် အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်။

(၈) ဤစာချုပ်ပါ အစီအစဉ်များသည် ရှမ်းပြည်နယ်တွင် ယခု ကျင့်သုံး ခွင့်ပြုထားသော ဘဏ္ဍာရေး ကိုယ်ပိုင်ပြဌာန်းခွင့်ကို မည်သို့မျှ ထိခိုက်ခြင်း မရှိစေရ။

(၉) ဤစာချုပ်ပါ အစီအစဉ်များသည် မြန်မာပြည်၏ အခွန်ဘဏ္ဍာများထဲမှ ကချင်တောင်တန်းဒေသနှင့် ချင်းတောင်တန်းဒေသတို့က ရပိုင်ခွင့်ရှိသော ဘဏ္ဍာရေး အကူအညီအား မည်သို့မျှ ထိခိုက်ခြင်း မရှိစေရ။ ထို့အပြင် ရှမ်း ပြည်နယ်နှင့် မြန်မာပြည်တို့၏ ဘဏ္ဍာရေး စီစဉ်ဆက်သွယ်မူများကဲ့သို့သော အလားတူ ဘဏ္ဍာရေး စီစဉ်ဆက်သွယ်မူများကို လက်တွေ့ ကျင့်သုံးနိုင်ခြင်း ရှိ-မရှိ အမှုဆောင်ကောင်စီသည် တောင်တန်းဒေသ အတိုင်ပင်ခံဝန်ကြီး၊ တွဲဖက် အတိုင်ပင်ခံများနှင့်အတူ စူးစမ်းလေ့လာမည်။

■ ပဏာမ ပြင်ဆင်မှု ညီလာခံနှင့် ဖွဲ့စည်းပုံမူကြမ်း

၁၉၄၇ ခုနှစ် ဧပြီ ၉ ရက်တွင် တိုင်းပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကို ကျင်းပခဲ့ရာ ဖဆပလ အဖွဲ့ကြီးကသာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။ တိုင်းပြည်ပြုလွှတ်တော်၏ ပထမအကြိမ် အစည်းအဝေးကို ၁၉၄၇ ခုနှစ် ဇွန် ၉ ရက်တွင် ခေါ်ယူရန် စီစဉ်ထားရာ ဖဆပလ အဖွဲ့ချုပ် အနေနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေး ဆွေးနွေးနိုင်ရန် ပဏာမ ပြင်ဆင်မှုညီလာခံကို မေ ၁၉ ရက်မှ ၂၃ ရက်အထိ ဂျူဗလီဟောတွင် ကျင်းပခဲ့သည်။

အဆိုပါ ပဏာမပြင်ဆင်မူ ညီလာခံအတွင်း ဗိုလ်ချုပ်အောင်ဆန်းက လူမျိုးစုပေါ်လစီကို ဆွေးနွေးခဲ့ရာ ဆိုဗီယက်ခေါင်းဆောင် စတာလင်ကို အကိုးအကားပြုခဲ့သည်။ အထူးသဖြင့် “လူမျိုးကြီး” (Nahom) ၊ “ကိုယ်ပိုင်ပြဌာန်းခွင့်” (Self-determination) နှင့် “လူနည်းစု လူမျိုးစု” (ethnic minority) တို့အကြောင်း ဆွေးနွေးရာတွင် စတာလင်၏ “မာက်(ခ) ဝါဒနှင့် အမျိုးသားရေးပြဿနာ”(Marxism and the National Question) စာအုပ်ကို အဓိက ကိုးကားခဲ့သည်။

ဒီလိုနှင့် မေ ၂၃ ရက် ညီလာခံ နောက်ဆုံးနေ့တွင် “ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်း”နှင့် ယင်းအခြေခံဥပဒေ၏ သဘောတရားများ ဖြစ်ကြသော အဆိုပြုချက် ၁၄ ချက်ကို အတည်ပြု ပြဌာန်းနိုင်ခဲ့သည်။ အဆိုပါ ၁၄ ချက်ထဲမှ နံပါတ် ၃ အချက် အပိုဒ်ခွဲ (၁)နှင့် (၂) တို့မှာ ပြည်နယ်များ အဆင့်သတ်မှတ်မှုနှင့် သက်ဆိုင်ပါသည်။

“၃ (၁) ၊ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တစ်ခု အနေနှင့် အောက်ပါ ဂုဏ်အင်္ဂါရပ်များနှင့် မည်၍မည်မျှ ကိုက်ညီမှု ရှိ မရှိပေါ် မူတည်ပြီး “ပြည်ထောင်စုပြည်နယ်”၊ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်”၊ “လူမျိုးစုပြည်နယ်”အဖြစ် သုံးမျိုးသုံးစား ခွဲခြားမည် ဖြစ်သည်။

၁။ ပထဝီ အနေအထားအရ နယ်နမိတ် အထင်အရှားရှိခြင်း၊

၂။ မြန်မာစကားနှင့် မတူသော ဘာသာစကား တစ်မျိုးတည်းရှိခြင်း၊

၃။ ယဉ်ကျေးမှု တစ်မျိုးတည်းရှိခြင်း၊

၄။ ရာဇဝင် အစဉ်အလာ တစ်မျိုးတည်းရှိသော လူစုရှိခြင်း၊

၅။ စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးနှင့် စီးပွားရေး လုံလောက်မှုတို့ရှိသော လူစုရှိခြင်း၊

၆။ လူဦးရေ အတော်အတန်ရှိခြင်း၊

၇။ သီးခြား ပြည်ထောင်စုဒေသ တစ်ခုအဖြစ်ဖြင့် မိမိကိုယ်ပိုင် ထင်ရှားချက်အတိုင်း နေလိုသောဆန္ဒရှိခြင်း တို့ဖြစ်ပါသည်။

(၂) အထက်ပါ အင်္ဂါရပ် ခုနစ်ချက်လုံးဖြင့် ပြည့်စုံလျှင် “ပြည်ထောင်စု ပြည်နယ်” အဖြစ် သတ်မှတ်ခြင်း ခံရမည်။ စီးပွားရေးဆိုင်ရာ အင်္ဂါရပ်မှတစ်ပါး အခြားအင်္ဂါရပ်များ ပြည့်စုံလျှင် “ကိုယ်ပိုင်အုပ်ချုပ်ရပြည်နယ်”အဖြစ် သတ်မှတ်ခြင်း ခံရမည် ။ အင်္ဂါရပ် ၁၊ ၂ ၊ ၆ ၊ ၇ တို့ဖြင့်သာ ပြည့်စုံလျှင် “လူမျိုးစုပြည်နယ်”အဖြစ် သတ်မှတ်ခြင်းခံရမည် ဖြစ်သည်။ ”

(အဆိုပါ အင်္ဂါရပ်များကို ရုရှားခေါင်းဆောင်ကြီး စတာလင်၏ လူမျိုးကြီးနှင့် ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် မှီငြမ်းပြုဟန်တူသည်ဟု “မြန်မာ့သမိုင်း ဖြစ်ရပ်မှန်များ ရေးသားပြုစုရေးအဖွဲ့ဝင်” ပညာရှင်များက မှတ်ချက်ပြုထားပါသည်) ဗိုလ်ချုပ်အောင်ဆန်း၏ မှတ်ချက်အရဆိုပါက (ထိုစဉ်က) ရှမ်းပြည်နယ်သည်သာလျှင် “ပြည်ထောင်စု ပြည်နယ်”အဖြစ် အရည်အချင်း ပြည့်မီပါသည်။

■ ၁၉၄၇ အခြေခံဥပဒေနှင့် ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်

၁၉၄၇ ခုနှစ် ဇွန် ၁၆ ရက် “တိုင်းပြည်ပြုလွှတ်တော်မှ ဗမာပြည်ကို လုံးဝလွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတော်အဖြစ် ကြေညာရန်” ဗိုလ်ချုပ်အောင်ဆန်းက အဆိုတင်ခဲ့သည်။ ဤအဆိုကို နောက်တစ်နေ့တွင် အတည်ပြု ဆုံးဖြတ်ကြမည်ဖြစ်ရာ ဤအတွင်း ရှမ်းနှင့် ကရင်နီ ကိုယ်စားလှယ်များက “ပြည်ထောင်စုအတွင်းမှ ခွဲထွက်လိုပါက ခွဲထွက်ပိုင်ခွင့်”ကို မရလျှင် ဗိုလ်ချုပ်အဆိုကို မထောက်ခံနိုင်ဟု ဆိုလာသည်။ ဤတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကရင်နီ ကိုယ်စားလှယ်များ ညှိနှိုင်းပြီး “ကြားအဖြေ”တစ်ခု ရှာခဲ့ရသည်။ ဗိုလ်ချုပ်ဘက်မှ “ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်”ကို လိုက်လျောခဲ့ရသလို ရှမ်းနှင့် ကရင်နီ ကိုယ်စားလှယ်များဘက်မှလည်း “လွတ်လပ်ရေးရအပြီး ဆယ်နှစ်အတွင်း ခွဲထွက်ပိုင်ခွင့်ကို အသုံးမပြု”ဟု သဘောတူခဲ့ကြသည်။ ဆိုလိုသည့်သဘောမှာ ဆယ်နှစ်ကြာလျှင် ၁၉၄၇ အခြေခံဥပဒေကို ပြန်လည်ဆန်းစစ်ပြီး လိုအပ်သလို ပြင်ဆင်ကြဖို့ ဖြစ်ပါသည်။

■ ၃။ ဖက်ဒရယ်မူနှင့် ပြည်မအခြေစိုက် နိုင်ငံရေးပါတီများ၏ သဘောထား

လက်တွေ့တွင်မူ လွတ်လပ်ရေးရပြီး ၁၀ နှစ်အကြာ ၁၉၅၈ ခုနှစ်တွင် အာဏာရပါတီတွင်း အကွဲအပြဲများနှင့် တစ်ဆက်တည်း အိမ်စောင့်အစိုးရကာလ ဖြစ်လေရာ အခြေခံဥပဒေ ပြန်လည်ဆန်းစစ်ရေးအတွက် ဘယ်လိုမှ အခွင့်မသာခဲ့ပါချေ။ သို့အတွက် ၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး အာဏာရလာသော ပထစအစိုးရ လက်ထက်ရောက်တော့မှသာ လက်တွေ့ အကောင်အထည် ဖော်နိုင်ခဲ့ပါသည်။ ၁၉၆၀ ပြည့်နှစ် စက်တင်ဘာ ၂၂ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တရားရေးဌာနဝန်ကြီး ဒေါက်တာအေးမောင်က “အခြေခံဥပဒေ ပြင်ဆင်ရေးအဆို”ကို တင်သွင်းခဲ့သည်။ “အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီ”ကိုလည်း နိုဝင်ဘာ ၁၀ ရက်တွင် ဖွဲ့စည်းပေးခဲ့သည်။

ဤသို့ လွှတ်တော်မှ မီးစိမ်းပြလိုက်သည်နှင့် အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းကို အထူးစိတ်ဝင်တစား ဆောင်ရွက်ခဲ့သည်မှာ ရှမ်းပြည်နယ်အစိုးရပင် ဖြစ်သည်။ “အခြေခံဥပဒေ စိစစ်ရေးကော်မတီ (နောင်တွင် “ပြည်ထောင်စု မြန်မာနိုင်ငံ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး – ရှမ်းပြည်နယ်ဆိုင်ရာ ၊ ကြိုးကိုင်ကော်မတီ”ဟု အမည်ပြောင်း) ဖွဲ့စည်းကာ “ရှမ်းပြည်နယ်မှ တင်သွင်းသော ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးစာတမ်း”ကို ပြုစုခဲ့သည်။ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် ဤစာတမ်းကို အတည်ပြုခဲ့သည်။

၁၉၆၁ ခုနှစ် ဇွန် ၈ ရက်တွင် ပထစအစိုးရ၏ တရားဝင်ခွင့်ပြုချက်ဖြင့် တောင်ကြီးမြို့တွင် ပြည်နယ်ပေါင်းစုံ ညီလာခံကြီး ကျင်းပခဲ့ပါသည်။ ကချင်၊ ကယား၊ ကရင်၊ ရှမ်း၊ ချင်း တို့သာမက မွန်နှင့် ရခိုင်မှ ကိုယ်စားလှယ်များပါ စုံစုံညီညီ တက်ရောက်ခဲ့ကြသည် ။ ဤညီလာခံကြီးမှာပင် “ရှမ်းပြည်နယ်မှ တင်သွင်းသော အခြေခံဥပဒေ ပြင်ဆင်ရေးစာတမ်း”ကို တင်သွင်းဆွေးနွေးပြီး တညီတညွတ်တည်း အတည်ပြုခဲ့ကြပါသည်။ ဤစာတမ်းကိုပင် ရှမ်းပြည်နယ်မှ ဦးဆောင် တင်သွင်းသည်ဖြစ်၍ “ရှမ်းမူ”ဟု လွယ်လွယ် ခေါ်ကြခြင်းဖြစ်သည်။ တရားဝင်အမည်မှာ “ဖက်ဒရယ်မူ” ဖြစ်ပါသည် ။

■ ဖက်ဒရယ်မူ

တောင်ကြီးမြို့ ပြည်နယ်ပေါင်းစုံ ညီလာခံကြီးမှ အတည်ပြုလိုက်သော “ဖက်ဒရယ်မူ”ကို အနှစ်ချုပ် တင်ပြသွားပါမည်။

– လက်ရှိ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ပြည်နယ်နှင့် လူမျိုးစုတိုင်း တန်းတူညီမျှမှုအတွက် လုံလောက်စွာ ပြဌာန်းထားခြင်း မရှိ၊ ပြည်ထောင်စုမူ ဆိုသော်လည်း လက်တွေ့တွင် တစ်ပြည်ထောင်သဘော ဖြစ်နေသည်။

– သို့အတွက် ပြည်နယ်နှင့် လူမျိုးစုတိုင်း တန်းတူညီမျှစေရန် အခြေခံဥပဒေကို “ပြည်ထောင်စုမူ စစ်စစ်” ဖြင့် ပြန်လည်ရေးဆွဲကြရန် အဆိုပြုပါသည် ။

– ဤသို့ ပြန်လည်ရေးဆွဲရာတွင် အောက်ပါ တန်းတူညီမျှမှု အခြေခံများကို ထည့်သွင်းရေးဆွဲရန် တင်ပြအပ်ပါသည် ။

(၁) ဗမာပြည်နယ်ဖွဲ့စည်းရေး၊ (ရှမ်းပြည်နယ်- မူ)

(၂) လူမျိုးစုလွှတ်တော်သို့ ပြည်နယ်တိုင်းမှ တူညီသော ကိုယ်စားလှယ်အရေအတွက် စေလွှတ်ရေး၊

(၃) လူမျိုးစုလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် (တနည်း- အထက်လွှတ်တော်နှင့် အောက်လွှတ်တော်) ကို အာဏာတူပေးရေး၊

(၄) ဗဟို ပြည်ထောင်စုအား အောက်ပါဌာနများ လွှဲအပ်ပြီး ကျန်ရှိသော အာဏာနှင့် အခွင့်အရေးများကို ပြည်နယ်များသို့ လွှဲအပ်ရေး၊

(က) နိုင်ငံခြားဆက်သွယ်ရေး

(ခ) ပြည်ထောင်စု ကာကွယ်ရေး

(ဂ) ပြည်ထောင်စု ဘဏ္ဍာရေး

(ဃ) ငွေဒင်္ဂါးနှင့် ငွေစက္ကူ ထုတ်ဝေရေး

(င) စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး

(စ) မီးရထား၊ လေကြောင်း၊ ရေကြောင်း ဆက်သွယ်ရေး

(ဆ) ပြည်ထောင်စု တရားစီရင်ရေး

(ဇ) ပင်လယ်ဆိပ်ကမ်း ခွန်ကောက်ရေး

(၅) ပြည်ထောင်စုဘဏ္ဍာတော် မျှတစွာခွဲဝေရေးတို့ ဖြစ်ပါသည်။

■ ပြည်မအခြေစိုက် နိုင်ငံရေးပါတီများ၏ သဘောထား

အဆိုပါ ဖက်ဒရယ်မူကို ရန်ကုန်မြို့ ပြည်လမ်း အသံလွှင့်ရုံတွင် နိုင်ငံရေးပါတီများ အစိုးရအဖွဲ့ဝင်များနှင့် အစုံအညီ ဆွေးနွေးခဲ့ကြပါသည်။ (သို့တစေ တပ်မတော်ကိုယ်စားလှယ်များကိုမူ ဖိတ်ကြားခြင်း မရှိခဲ့ပါ)

(က) ပထမအကြိမ် (၁၉၆၂၊ ဖေဖော်ဝါရီ ၂၄ )

သဘာပတိ ဝန်ကြီးချုပ်ဦးနု မိန့်ခွန်း စတင်ပြောကြားသည်။ ထို့နောက် လူမျိုးစု ခေါင်းဆောင်များက ဖက်ဒရယ်မူကို ရှင်းလင်းတင်ပြကြပါသည်။

(ခ) ဒုတိယအကြိမ် (၁၉၆၂၊ မတ် ၁ )

“ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး တပ်ပေါင်းစု” (ပမညတ) ကိုယ်စား ဝိဓူရ သခင်ချစ်မောင်က ဆွေးနွေးပြီး “ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ)ကိုယ်စား ဦးဘဆွေက ဆွေးနွေးပါသည်။ အဆိုပါ ဆွေးနွေးချက်များကို အနှစ်ချုပ် ဖော်ပြရလျှင် –

■ ဝိဓူရ သခင်ချစ်မောင်

အခြေခံဥပဒေ ရှုူမြင်ပုံအရ ကျွန်တော်တို့နဲ့ ပြည်နယ်ခေါင်းဆောင်ကြီးများဟာ “ဖက်ဒရယ်မူ” နဲ့ ပတ်သက်လို့ သဘောကွဲလွဲချက် နေရာ သုံးနေရာမှာ ရှိနေပါတယ်။

(၁) ပထမ ကွဲလွဲချက် ကျွန်တော်တို့ရဲ့ အမြင်အရ ကျွန်တော်တို့ ပြည်ထောင်စုဟာ ပြည်မကို အခြေခံပြီး ပြည်နယ်များကို စုပေါင်း ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်မူ ဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ လူမျိုးရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စတဲ့ တိုးတက်ဖြစ်ပေါ်မှု ရာဇဝင်ဖြစ်စဉ်များအတွင်းမှ ဘဝနှင့်ဟပ်၍ သဘာဝကျကျ ထူထောင်ခဲ့ခြင်း ဖြစ်တယ်လို့ လေးနက်စွာ ယုံကြည်တယ်။ ပြည်မကို အခြေခံ၍ ပြည်ထောင်စု ဖွဲ့စည်းခြင်းဟာ ပြည်ထောင်စု တစ်ခုလုံးအတွက် (Centre of unity and leadership) လို့ ခေါ်တဲ့ “ဗဟိုခေါင်းဆောင်မှုနဲ့ ညီညွတ်ရေးစုစည်းချက်”အဖြစ်နဲ့သာ ထူထောင်ခဲ့ခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ပြည်နယ်ညီအကို ခေါင်းဆောင်ကြီးများက ပြည်မဟာ ပြည်ထောင်စုအာဏာကို လက်ဝါးကြီးအုပ်ပြီး ပြည်နယ်များ၊ လူမျိုးစုများကို လွှမ်းမိုးချယ်လှယ်တယ်။ “ ပဏ္ဏာဆက်”နယ်တွေအဖြစ်နဲ့ အနိုင်ကျင့်တယ်လို့ ယူဆတယ်။ ဒါကြောင့် ပြည်မပြည်နယ်တွေ အားလုံး အသီးသီး ကိုယ့်အချုပ်အခြာအာဏာနှင့်ကိုယ် တန်းတူရည်တူ ရှိကြပြီး ဗဟိုပြည်ထောင်စုကို စုပေါင်းဖွဲ့စည်းရမယ်။ ဒီလို ပြည်ထောင်စုမူ စစ်စစ်ကိုသာ အလိုရှိတယ်။

၂။ ဒုတိယ ကွဲလွဲချက် “ရပ်တည်မှုခြားနားချက်” (Stand Point) ဖြစ်ပါတယ်။ ကျွန်တော်တို့က ဒီကနေ့ လက်ငင်းပြဿနာ (Order of the day) ဟာ ပြည်မကို ပြည်နယ်ဖွဲ့ရန် မဟုတ်သေး။ ပြည်နယ် ရထိုက်သော လူမျိုးစုများ ပြည်နယ်ရရှိရေးနဲ့ ပြည်နယ်ရရှိပြီး လူမျိုးစုများ လုံး၀ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိမှုမြှင့်တင်ရေးပဲလို့ ယူဆတယ်။

ပြည်နယ် ခေါင်းဆောင်များကတော့ အားလုံးသော ပြဿနာတွေဟာ ပြည်မကို ပြည်နယ်တစ်ခု လုပ်လိုက်ရင် ကိစ္စအေးမယ်လို့ ယူဆကြတယ် ။

၃။ တတိယ ကွဲလွဲချက် “ပြဿနာချဉ်းကပ်ပုံ” (Question of Aproach) ခြားနားချက် ဖြစ်ပါတယ်။ ကျွန်တော်တို့က လူမျိုးစုပြဿနာများ အပါအဝင် အကျပ်အတည်း ဆိုက်နေတာတွေ မပြေလည်တာတွေဟာ နယ်ချဲ့ပယောဂနဲ့ ပြည်တွင်းစစ် ပြဿနာကို မရှင်းနိုင်သမျှ ဆက်လက် ရှိနေဦးမယ်လို့ ယုံတယ်။ ဒါကြောင့် ဒီပြဿနာတွေ ဖြေရှင်းရေးဟာ လက်ငင်း ပထမ၊ ပြဿနာ အ၀၀ ငြိမ်းချမ်းညီညွတ်စွာ ဖြေရှင်းရေးဟာ ဒုတိယလို့ ချဉ်းကပ်ပါတယ်။

ပြည်နယ်ညီနောင် ရဲဘော်ကြီးများကတော့ ပြည်ထောင်စု စစ်စစ်မူအရ ကိုယ့်ခြံကိုယ်ခတ်ရေးသည် ပထမ၊ ပြဿနာအ၀၀ တန်းတူရည်တူ ဖြေရှင်းရေးသည် ဒုတိယလို့ ယူဆကြတယ်။

ယနေ့ ပြည်တွင်းပြည်ပ အခြေအနေအရ “ပြည်ထောင်စုစစ်စစ်” ဆိုသည့်မူကို ထူထောင်လိုက်လျှင် Confederation ဆန်ဆန်ဖြစ်လာပြီး ပြည်ထောင်စုညီညွတ်ရေးထက် ပြည်ထောင်စု ပြိုကွဲရေးကိုသာ အားပေးရာ ရောက်ပါလိမ့်မယ်။

ဒါဖြစ်ရင် “ပြည်ထောင်စု စစ်စစ်” မူဟာ ဗမာပြည်ထောင်စုနဲ့ ဘယ်တော့မှ မထိုက်တန်တော့ဘူးလား မေးစရာရှိပါတယ်။ “မြန်မာပြည်ထောင်စု ဆိုရှယ်လစ် သမ္မတနိုင်ငံတော် ထူထောင်နိုင်မယ့် ကာလရောက်မှ ထိုက်တန်ပါလိမ့်မယ်လို့ ဖြေပါမယ်”။

■ ဦးဘဆွေ

နိုင်ငံအသီးသီးရဲ့ ဖွဲ့စည်းပုံတွေကို ကြည့်လိုက်ရင် ယေဘုယျအားဖြင့် နှစ်မျိုး နှစ်စား ရှိပါတယ်။ တစ်မျိုးကတော့ “ပြည်ထောင်စု” စနစ် ဖြစ်ပါတယ်။ အခြားတစ်မျိုးကတော့ စည်းစည်းလုံးလုံးဖြစ်တဲ့ “တစ်ပြည်ထောင်”စနစ် ဖြစ်ပါ တယ်။ ပြည်ထောင်စုစနစ် နိုင်ငံတွေဟာ အများအားဖြင့် ပျံကျသမား နိုင်ငံသားမျိုးတွေသာ နေထိုင်ကြတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ (ဤအတွက် အမေရိက၊ ဆွစ်ဇာလန်နှင့် သြစတြေးလျတို့ကို ဥပမာပေးသည်)

ပြည်ထောင်စုစနစ်မှာလည်း ယေဘုယျအားဖြင့် မူနှစ်မူ ရှိပါတယ်။ ပြည်ထောင်စုအစိုးရရဲ့ အာဏာကို ကန့်သတ် ချုပ်ချယ်ထားပြီး ပြည်နယ်တွေကို ကြွင်းကျန်တဲ့ အာဏာတွေ အတောမသတ်ပေးထားတဲ့ မူက တစ်မူ…။

ပြည်နယ်အာဏာတွေကို အကန့်အသတ်နဲ့ ပြဌာန်းထားပြီးတော့ ပြည်ထောင်စု ဗဟိုအစိုးရကို အတောမသတ် ကြွင်းကျန်တဲ့အာဏာတွေ ပေးထားတဲ့မူက တစ်မူ…။

ပထမမူအရဆိုရင် ဗဟိုအားနည်းပြီး ပြည်နယ်အစိုးတွေ အာဏာပိုရှိပါတယ်။ ဒုတိယမူအရဆိုရင် ပြည်နယ်အစိုးရတွေ အားနည်းပြီး ပြည်ထောင်စုအစိုးရ အင်အားတောင့်တင်းပါတယ်။

ယနေ့ ကမ္ဘာပေါ်မှာ ရှိရှိသမျှ ပြည်ထောင်စုနိုင်ငံတွေကို လေ့လာကြည့်တဲ့အခါ ပထမပြည်ထောင်စု အမျိုးအစားက ဒုတိယပြည်ထောင်စု အမျိုးအစားဘက်ကို အခြေခံဥပဒေ ပြင်တဲ့နည်း၊ တရားလွတ်တော်ချုပ်များရဲ့ စီရင်ဆုံးဖြတ်ပေးတဲ့နည်း၊ လုပ်ထုံးလုပ်နည်း၊ အစဉ်အလာနည်းတွေနဲ့ သိသိသာသာကြီး ပြောင်းလဲလာတာ တွေ့ရပါတယ်။

အမေရိကန်ပြည်ထောင်စုကို အစပျိုးခဲ့တဲ့ ကိုလိုနီပြည်နယ် ၁၃ နယ်ဟာ ငါ့ဟာမှ ငါ့ဟာ၊ ငါ့ဒေသသာ အချုပ်အခြာဖြစ်ရမယ်။ ငါ့ဒေသ လုပ်ချင်တိုင်း လွတ်လွတ်လပ်လပ် လုပ်ရမှ ကောင်းမယ်ဆိုတဲ့ သဘောနဲ့ အမေရိကန်ပြည်ထောင်စုကြီးကို စထူထောင်ခဲ့ပါတယ်။

ဒါပေမဲ့ အခုအခါမှာတော့ အမေရိကန်သမ္မတမှာသာ အာဏာအများဆုံး ပေးထားတာ တွေ့ရပါတယ်။ တစ်နည်းအားဖြင့် လျော့တိလျော့ရဲ ပြည်ထောင်စုစနစ်မှ လက်တွေ့မှာ ဗဟိုက တင်းတင်းကျပ်ကျပ် ချုပ်ကိုင်တဲ့ တစ်ပြည်ထောင်စနစ် ဆန်ဆန် ဖြစ်လာတာ တွေ့ရပါတယ်။ ကမ္ဘာပေါ်ရှိ ပြည်ထောင်စုနိုင်ငံ အသီးသီးဆိုရင်လည်း သိသိသာသာကြီး ပြောင်းလဲလာနေပါတယ်။ ကျွန်တော်တို့အနေနဲ့ ခေတ်ကို နောက်ပြန် မဆွဲသင့်တော့ပါ။

ပြည်ထောင်စု ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ညီတော်နောင်တော်အချို့က ဗမာပြည်မကို အခြားပြည်နယ်များနည်းတူ ပြည်နယ်တစ်ခု ဖွဲ့စည်းဖို့ အကြံပြုကြတာတွေ ရှိတယ်။ ဗမာပြည်မက ရေမြေအနေအထားအရ သဘာဝအလျောက် အခြားပြည်နယ်တွေထက် ပိုမို ဖွံ့ဖြိုးတိုးတက်နေတာ တွေ့နိုင်ပါတယ်။ ဒီလို ပြည်နယ်တွေထက် တိုးတက်မှုရှိပြီးဖြစ်တဲ့ ဗမာပြည်မအနေနဲ့ ကျန်ပြည်နယ်အားလုံးရဲ့ တိုးတက်မှုကိုပါ တာဝန်ယူစေသင့်တယ်လို့ ယူဆတာကြောင့် ဗမာပြည်မကို ပြည်နယ်ဖွဲ့မပေးခဲ့တာ ဖြစ်ပါတယ်။

အကယ်၍ ဗမာပြည်မကိုသာ ပြည်နယ်ပေးမိရင် ဗမာပြည်မကလည်း ငါက ပြည်နယ်တစ်ခုပဲ ဆိုပြီး အခြားပြည်နယ်တွေရဲ့ ထူထောင်ရေးကို တာဝန်ယူချင်မှ ယူချင်ပါလိမ့်မယ်။

ပြည်ထောင်စုမှ ခွဲထွက်နိုင် အခွင့်အရေးအကြောင်းကိုလည်း ကျွန်တော် အနည်းငယ်ပြောလိုပါတယ်။ ဒီအခွင့်အရေးကို အမေရိကန် ပြည်ထောင်စုကြီး တည်ထောင်တာ လက်ခံခဲ့ပေမယ့် ခုအခါ ခေတ်မမီတော့ပါဘူး။ ဒီမူမမှန်တဲ့ သဘောထားကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်လောက်ကတည်းက အမေရိကန်သမ္မတကြီး အေဘရာဟင်လင်ကွန်းဟာ ခွဲထွက်ရေးဝါဒကို တိုက်ဖျက်သူ ဖြစ်ပါတယ်။ စစ်အကြီးအကျယ် တိုက်ပြီး တိုက်ဖျက်ခဲ့ရပါတယ်။

(ဂ) တတိယအကြိမ် (၁၉၆၂၊ မတ် ၇)

ပထမဝန်ကြီး ဒေါက်တာ ဦးအေးမောင်က ပြောကြားရန် ဖြစ်သော်လည်း ဒုတိယအကြိမ် ဆွေးနွေးပွဲအပြီး နောက်တစ်ရက် (၁၉၆၂၊ မတ် ၂)တွင် တော်လှန်ရေးကောင်စီက အာဏာသိမ်းလိုက်၍ တတိယအကြိမ် ဆွေးနွေးပွဲ မဖြစ်တော့ပါ။ သို့တစေ ဒေါက်တာဦးအေးမောင် ပြောမည့် မိန့်ခွန်းကိုမူ စာအုပ်အဖြစ် ပုံနှိပ်ထားပြီးဖြစ်၍ အာဏာရပါတီ (ပထစ) ၏ သဘောထားကို သိနိုင်ပါသည်။ ဒေါက်တာ ဦးအေးမောင်၏ စာတမ်းအရ ပြည်ထောင်စုအဖွဲ့ချုပ် (ပထစ) အနေနှင့် အချက်လေးချက်အရ ရှမ်းမူခေါ် ဖက်ဒရယ်ကို လက်မခံနိုင်ကြောင်း ဖော်ပြထားပါသည်။

■ ဒေါက်တာ ဦးအေးမောင်

၁။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ပြည်မ ပြည်နယ် ခေါင်းဆောင်ကြီးများ အမြော်အမြင်ကြီးစွာ ချမှတ်ခဲ့သော ပြည်ထောင်စုအခြေခံဥပဒေ ရည်ညွှန်းချက်ပါ သဘောထားများနှင့် လုံး၀ ကွဲပြားခြားနားနေသည့် အချက်များကြောင့် လည်းကောင်း၊

၂။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ပြည်မ ပြည်နယ် ခေါင်းဆောင်ကြီးများ အမြော်အမြင်ကြီးမားစွာဖြင့် ချမှတ်ခဲ့သော ဒီမိုကရေစီ တည်တံ့ခိုင်မြဲရေးနှင့် ဆန့်ကျင်လျက်ရှိသည့် သဘောများ ပါဝင်နေသည့် အချက်များကြောင့် လည်းကောင်း၊

၃။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ပြည်မ ပြည်နယ် ခေါင်းဆောင်ကြီးများ အမြော်အမြင် ကြီးမားစွာဖြင့် ချမှတ်ခဲ့သော ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးနှင့် ဆန့်ကျင်ကာ ပြည်ထောင်စုကြီး ပြိုကွဲပျက်စီးစေမည့် အချက်အလက်များ ပါရှိနေခြင်းကြောင့် လည်းကောင်း၊

၄။ ပြည်ထောင်စုအဖွဲ့ အစိုးရက ပြည်နယ်များအတွက် ဖြစ်နိုင်သည့်ကိစ္စ၊ ဖြစ်သင့်သည့်ကိစ္စ ဟူသမျှကို မိသားစုစိတ်ဓာတ်ဖြင့် အစွမ်းကုန် ဆောင်ရွက်နေသည်ကို ထောက်ရှု၍ လည်းကောင်း၊ ဒီမိုကရေစီစနစ် ဖွံ့ဖြိုးရေး ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှုပြီး ပြည်နယ်များအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး တင်ပြသော ပြည်ထောင်စုစစ်စစ် ဆိုတဲ့မူကို ပြည်ထောင်စုအဖွဲ့ချုပ်အနေဖြင့် လက်မခံနိုင်ပါကြောင်း လေးနက်စွာ တင်ပြအပ်ပါသည်။

■ ပြည်တွင်းညီညွတ်ရေး အကြံပေးအဖွဲ့

တော်လှန်ရေးကောင်စီ လက်ထက် ၁၉၆၈ ခုနှစ် နိုဝင်ဘာ၂၉ ရက်တွင် ဖြစ်သည်။ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းက ပါတီအဖွဲ့အစည်း အသီးသီးမှ နိုင်ငံရေးခေါင်းဆောင် ၃၃ ဦးကို တွေ့ဆုံပြီး “မိမိတို့အနေနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ထွက်လာရေးအထိ မျှော်လင့်ချက်ထားပါကြောင်း၊ သို့ပါ၍ အကြံဉာဏ်ကောင်းကောင်းများ ပေးကြပါရန်” မေတ္တာရပ်ခံခဲ့သည်။ ၁၉၆၈ ခုနှစ် ဒီဇင်ဘာ ၄ ရက်တွင် အဆိုပါ ခေါင်းဆောင် ၃၃ ဦးနှင့်ပင် “ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်တွင်းညီညွတ်ရေး အကြံပေးအဖွဲ့”ကို ဖွဲ့စည်းပေးခဲ့သည်။ “၃၃ ဦး အကြံပေးအဖွဲ့”ဟု အမည်တွင်ပါသည်။

၃၃ ဦး အကြံပေးအဖွဲ့ဝင်များမှာ နိုင်ငံရေး ရပ်တည်ချက်ရော ပါတီနောက်ခံများပါ မတူကြရာ နီးစပ်တူညီရာ စုစည်းပြီး အကြံပေးအဖွဲ့ သုံးဖွဲ့ ထွက်ပေါ်လာပါသည်။ သူတို့ အဓိက အဆိုပြုကြသည်များမှာ နိုင်ငံရေး၊ စီးပွားရေးနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာ အကြံပြုချက်များ ဖြစ်ကြသော်လည်း တိုင်းရင်းသားလူမျိုးစုများ အရေးကိုလည်း အကြံပြုခဲ့ကြသည်များ ရှိသည်။ ယခုဆိုခဲ့ပါ အစုအဖွဲ့သုံးခု တင်ပြခဲ့ကြသော တိုင်းရင်းသား လူမျိုးစုများအရေးကို ထုတ်နှုတ် တင်ပြသွားမည် ဖြစ်ပါသည်။

၁။ ဦးဘဆွေ၊ ဦးကျော်ငြိမ်းတို့ ခေါင်းဆောင်သော ၂၁ ဦးအစု၏ သဘောထား (ဒီမိုကရေစီဆိုရှယ်လစ်)

(က) ဦးဘဆွေပါ ၁၈ ဦး

လက်ရှိ ပြည်နယ်များနှင့် ချင်းဝိသေသတိုင်းကို မူလရှိရင်းစွဲ အတိုင်းထားပြီး ပြည်နယ်သစ်များနှင့် ပတ်သက်လျှင် ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သော မူများနှင့် ညီညွတ်ပါက ပြည်နယ်သစ်ပေးရန် ဖြစ်သည်။

(ခ) ဦးကျော်ငြိမ်းပါ သုံးဦး

ပြည်နယ်ပြည်မ မခွဲခြားဘဲ အင်အားတောင့်တင်းသည့် တစ်ပြည်ထောင်စနစ် ထူထောင်ရန် မွန်နှင့် ရခိုင်ကို ပြည်နယ် မပေးရန် မည်သည့်ပြည်နယ်ကိုမှ ခွဲထွက်ခွင့်မပေးရန် အကြံပြုသည်။

၂။ ဝိဓူရသခင်ချစ်မောင်၊ သခင်လွင်တို့ အမှူးပြုသော ၁၁ ဦး အစု၏ သဘောထား (ဆိုရှယ်လစ် ဒီမိုကရေစီ)

တိုင်းရင်းသားလူမျိုးစုများ အရေးတွင် ခွဲထွက်ရေး မပါသော ကိုယ်ပိုင်ပြဌာန်းခွင့်ကိုပေးရန် အကြံပြုသည်။

၃။ ဦးနု၏ သီးခြားအကြံပြုချက်

တိုင်းရင်းသားလူမျိုးစုများ အရေးနှင့်ပတ်သက်သော သီးခြားအဆိုပြုချက် မပါခဲ့ပါ။ သို့တစေ ဦးနုမှာ ရခိုင်နှင့်မွန်ကို ပြည်နယ်အဆင့်ပေးဖို့ သဘောတူပြီး ဖြစ်သည်။

၄။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ လူမျိုးစုပေါ်လစီ

၁၉၆၂ ခုနှစ် မတ် ၂ ရက်တွင် တော်လှန်ရေးကောင်စီက အာဏာသိမ်းခဲ့ပါသည်။ ထိုနှစ် ဧပြီ ၃၀ မှာပင် “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်”ကို ကြေညာခဲ့ပြီး ဇူလိုင် ၄ ရက်တွင် “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ” စတင် ထူထောင်ခဲ့သည်။ ၁၉၆၄ ခုနှစ် မတ် ၂၈ ရက်တွင် “အမျိုးသား စည်းလုံးညီညွတ်ရေး ကာကွယ်သည့်ဥပဒေ”ကို ပြဌာန်းပြီး နိုင်ငံရေးပါတီအားလုံးကို ဖျက်သိမ်းလိုက်ရာ “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ” (မဆလ) သည်သာ တစ်ခုတည်းသော ပါတီကြီး ဖြစ်လာခဲ့ပါသည်။ အဆိုပါ မဆလပါတီကပင် ၁၉၇၀ ပြည့်နှစ်မှ စတင်ပြီး “ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ”ကို ရေးဆွဲခဲ့ရာ ၁၉၇၄ ခုနှစ်တွင် ဆန္ဒခံယူပွဲဖြင့် အတည်ပြုနိုင်ခဲ့သည်။ သို့အတွက် “၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ”ပါ လူမျိုးစုပေါ်လစီသည်ပင် မဆလပါတီ၏ လူမျိုးစုပေါ်လစီဟု ဆိုနိုင်လိမ့်မည် ထင်ပါသည်။

■ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ

(က) လူမျိုးစုပေါ်လစီဆိုင်ရာ ပြဌာန်းချက်များ

အခန်း ၁၊ နိုင်ငံတော်

ပုဒ်မ ၂ – ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသော နိုင်ငံဖြစ်သည်။

အခန်း ၂၊ အခြေခံမူများ

ပုဒ်မ ၂၁ (က) တိုင်းရင်းသား လူမျိုးများ၏ စည်းလုံးညီညွတ်ရေး အချင်းချင်း ရိုင်းပင်းကူညီရေးနှင့် ချစ်ကြည်လေးစားရေးတို့ကို အမြဲမပြတ် တိုးတက်ဖြစ်ထွန်းနေစေရန် နိုင်ငံတော်က တာဝန်ယူ လုပ်ဆောင်ရမည်။

(ခ) တိုင်းရင်းသား လူမျိုးများသည် မိမိတို့ ကိုးကွယ်သည့် ဘာသာနှင့် ချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတို့ကို ဥပဒေများနှင့်ဖြစ်စေ အများအကျိုးနှင့်ဖြစ်စေ မဆန့်ကျင်လျင် လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ ပြုစုပျိုးထောင်ခွင့်၊ ပြောဆိုရေးသား ကျင့်သုံးခွင့် ရှိသည်။

ပုဒ်မ ၂၂ နိုင်ငံသားတိုင်းသည်

(က) လူမျိုး၊ ကိုးကွယ်သည့် ဘာသာ အဆင့်အတန်း အမျိုးသား၊ အမျိုးသမီးမရွေး ဥပဒေအရာတွင် အညီအမျှ ဖြစ်စေရမည်။

အခန်း ၃၊ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ

ပုဒ်မ ၃၁ ယနေ့ တည်ရှိနေသော ပြည်နယ် ခုနစ်ပြည်နယ်နှင့် တိုင်းခုနစ်တိုင်းပင် ဖြစ်သည်။ (ထိုစဉ်က “တိုင်း”ကိုမူ ယခုလို “တိုင်းဒေသကြီး”ဟု မခေါ်ပါ။ “တိုင်း”ဟုသာ ခေါ်ပါသည်။)

အခန်း ၁၁ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်ဝတ္တရားများ

ပုဒ်မ ၁၄၇- နိုင်ငံသားတိုင်း၊ လူမျိုး၊ အဆင့်အတန်း၊ ရာထူးဋ္ဌာန္တရ၊ ဆင်းရဲချမ်းသာ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ၊ အမျိုးသား အမျိုးသမီးမရွေး ဥပဒေအရာတွင် ခွဲခြားမှု မရှိစေဘဲ တန်းတူညီမျှမှု ရှိစေရမည်။

ပုဒ်မ ၁၅၂ (ခ) မြန်မာစာသည် အများသုံးစာ ဖြစ်သည့် ကျန်တိုင်းရင်းသားများ၏ စာများကိုလည်း သင်ကြားခွင့် ရှိသည်။

(ခ) ထူးခြားချက်များ

၁။ နိုင်ငံ၏ အမည်ကို တရားဝင် ဖော်ပြရာတွင် “ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်” (The Socialist Republic of the Union of Burma) ဟု သုံးထားသော်လည်း လက်တွေ့တွင် “ပြည်ထောင်စု ဖွဲ့စည်းပုံ”ကား မဟုတ်ပေ။ “တစ်ပြည်ထောင်စနစ်” (unitary) သဘောမျိုးသာ ဖြစ်သည်။

၂။ လူမျိုးစုလွှတ်တော် (၁၉၄၇)လို၊ “အမျိုးသားလွှတ်တော်” (၂၀၀၈)လို အထက် လွှတ်တော်မျိုး မရှိပါချေ။ ပြည်သူ့လွှတ်တော် တစ်ခုသာ ရှိပါသည်။ ပြည်သူ့လွှတ်တော်မှပင် နိုင်ငံတော်ကောင်စီကို ဖွဲ့စည်းပါသည်။

မြန်မာနိုင်ငံတွင် ရှိခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးမျိုးထဲတွင် တစ်ပြည်ထောင်စနစ်အဆန်ဆုံး ဖွဲ့စည်းပုံဟု ဆိုရပါလိမ့်မည်။

■ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ

ရှစ်လေးလုံး အရေးတော်ပုံအပြီးတွင် “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ”ကို “တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ” (တစည) ဟု အမည်ပြောင်းခဲ့ပါသည်။ ပြောင်းလဲလာသော အခြေအနေများအရ အဆိုပါ ပါတီ၏ လူမျိုးစု ပေါ်လစီတွင်လည်း အပြောင်းအလဲအချို့ ရှိလာရသည်။ ဤသဘောကို “ဆဝါး”နိုင်ရန် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ထုတ်ပြန်ခဲ့သော တစညပါတီ၏”ရွေးကောက် ပွဲကြေညာစာတမ်းမှ လူမျိုးစုပေါ်လစီ”ကို ထုတ်နှုတ် ဖော်ပြလိုက်ပါသည်။

■ တိုင်းရင်းသားများအရေး

မြန်မာနိုင်ငံ၏ သမိုင်းဝင် ထင်ရှားခဲ့သော ပင်လုံညီလာခံနှင့် ပင်လုံစိတ်ဓာတ် အခြေခံဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို တည်ဆောက်သွားမည်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှုနှင့် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် အောက်ပါအခြေခံမူများကို ဖော်ဆောင်သွားမည်။

(က) တိုင်းရင်းသားလူမျိုးများအတွင်း ဒီမိုကရေစီရေးနှင့် တန်းတူရည်တူ ရှိစေရေး၊

(ခ) တိုင်းရင်းသားလူမျိုးများအတွင်း ကိုယ်ပိုင်ပြဌာန်းခွင့် ရှိစေရေး၊

(ဂ) တိုင်းရင်းသားလူမျိုး တစ်မျိုးအနေဖြင့် ရှင်သန်ရပ်တည်ပိုင်ခွင့် ရှိစေရေး၊

(ဃ) တိုင်းရင်းသားလူမျိုးများအတွင်း ညီညာသော ဖွံ့ဖြိုးတိုးတက်မှု ရှိစေရေး၊

အနှစ် ၆၀ ကျော် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်း၍ ထာဝရငြိမ်းချမ်းရေး ဖြစ်ပေါ်စေရန် နိုင်ငံရေးအင်အားစုများ တိုင်းရင်းသားပြည်သူများနှင့်အတူ ဆောင်ရွက်သွားမည်။”

■ ၅။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လူမျိုးစုပေါ်လစီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှာ ရှစ်လေးလုံး အရေးတော်ပုံကြီးမှ ပေါက်ဖွားလာသော ပါတီကြီးတစ်ခု ဖြစ်သည်။ တရားဝင်အနေနှင့် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂ ရက်တွင် စတင် တည်ထောင်ခဲ့ပြီး ယင်းနှစ် အောက်တိုဘာလမှာပင် “ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (ယာယီ)” နှင့် “မူဝါဒသဘောထားများ (မူကြမ်း)”တို့ကို ထုတ်ပြန်ကြေညာခဲ့သည်။

■ တိုင်းရင်းသား မျိုးနွယ်စုများအပေါ် ထားရှိသည့် မူဝါဒ

အဆိုပါ “မူဝါဒသဘောထားများ” (မူကြမ်း)ပါ ၊ “တိုင်းရင်းသား မျိုးနွယ်စုများအပေါ် ထားရှိသည့် မူဝါဒ”ကို ထုတ်နှုတ် ဖော်ပြသွားပါမည်။

“(က) တိုင်းရင်းသား လူမျိုးများ၏ ပြဿနာကို ဦးစားပေး အလေးထားကာ ဖြေရှင်းကြမည်။ တိုင်းရင်းသားလူမျိုး အားလုံး၏ တန်းတူရည်တူ အခွင့်အရေးများကို အသိအမှတ်ပြုခြင်း၊ စိတ်ထားစေတနာ ဖြူစင်ခြင်း၊ ချစ်ကြည်ရင်းနှီးခြင်း၊ တစ်ဦး၏ အယူအဆကို တစ်ဦးက လေးစားခြင်း၊ အခြေခံ လူ့အခွင့်အရေးကို လေးစားယုံကြည်ခြင်း၊ တိုင်းရင်းသားလူမျိုးများ၏ စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းစဉ်လာ ဖွံ့ဖြိုးတည်ထွန်း စေလိုသော ဆန္ဒအား လိုက်လျောခြင်းတို့ကို အခြေပြုလျက် အကောင်းဆုံးအဖြေကို ရရှိသည်အထိ ကြိုးပမ်းမည်။

(ခ) ဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုကြီးအဖြစ် စီးပွားရေးအင်အား ခိုင်မာတောင့်တင်းစွာ ရပ်တည်နိုင်ရေးကို လိုလားသည့်အလျောက် ပြည်နယ်အသီးသီးတွင် စီးပွားရေးဖွံ့ဖြိုးမှု လုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဦးတည်မည်။ တိုင်းရင်းသားလူမျိုးများ၏ မွေးရာပါ အခွင့်အရေးများ ခံစားပြည့်ဝရေးနှင့် ပြည်ထောင်စုကြီး တစ်ခုလုံး သာယာဝပြောရေးတို့ သဟဇာတဖြစ်စေမည့်မူကို လက်ကိုင်ကျင့်သုံး၍ ပြည်နယ်များ၏ “ကိုယ်ပိုင်ပြဌန်းခွင့်”ကို ဖော်ထုတ်မည်။ “

■ ကြေညာချက် အမှတ် (၉)

၁၉၈၉ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်၊ ပင်လုံမြို့တွင် ကျင်းပသော ၄၂ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် NLD ပါတီက “ကြေညာချက်အမှတ် ၉”ကို ဖတ်ကြားခဲ့ပါသည်။ ဤကြေညာချက်ကို ရှာဖွေတွေ့ရှိသမျှ ပြန်လည် ဖော်ပြလိုက်ပါသည်။

“ကြေညာချက် အမှတ် (၉)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောထား၊ ယေဘုယျ လုပ်ငန်းစဉ်များကို ကြေညာခြင်းနှင့် ဒီမိုကရေစီ ပြည်ထောင်စုသစ် ကြေညာစာတမ်း

သဘောထား (၅)ရပ်

(က) ပြည်ထောင်စု တစ်ခုလုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ ကဏ္ဍနယ်ပယ် အားလုံး၌ အပြည့်အဝဆုံးသော ဒီမိုကရေစီ အခြေအနေများ ဖော်ထုတ်ရေးနှင့် အစစ်မှန်ဆုံးသော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးကို ဦးတည်ရှေးရှုမည်။

(ခ) တိုင်းရင်းသား လူမျိုးများအားလုံး လက်တွဲ မဖြုတ်စတမ်း သွေးစည်းညီညွတ်မှုဖြင့် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေးကို ဦးတည်ရှေးရှုမည်။

(ဂ) ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး၏ အခွင့်အရေး တန်းတူရည်တူမှုကို လက်ခံလျက် မည်သည့်လူမျိုးကိုမှ အထူးအခွင့်အရေး မပေးရေးနှင့် လူမျိုးနွယ်စု အားလုံး၏ ခံစားထိုက် ခံစားအပ်သော မည်သည့် အခွင့်အရေးကိုမျှ ချုပ်ချယ်ကန့်သတ်မှု မပြုရေးကို ဦးတည်ရှေးရှုမည်။

(ဃ) တိုင်းရင်းသား လူမျိုးများအားလုံး နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးအရ နယ်ပယ်အသီးသီး၌ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိရေးကို ဦးတည်ရှေးရှုမည်။

(င) နယ်ပယ်အသီးသီး၌ တိုင်းရင်းသား လူမျိုးအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ ကူညီရိုင်းပင်းမှု၊ ဝိုင်းဝန်း ပံ့ပိုးမှုဖြင့် ပြည်ထောင်စုကြီး တစ်ခုလုံးနှင့် ပြည်ထောင်စုကြီး၏ ပြည်နယ်ဒေသ အစိတ်အပိုင်း အသီးသီ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ရှေးရှုမည်။

ရှေ့လုပ်ငန်းစဉ် (၄)ရပ်

(က) ဒီမိုကရေစီစနစ် အောင်မြင်စွာ တည်ဆောက်နိုင်ချိန်တွင် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းသာယာရေး၊ တိုင်းရင်းသား လူမျိုးများအားလုံး သွေးစည်းညီညွတ်ရေး၊ တန်းတူသော ဒီမိုကရေစီ လူ့ဘောင်သစ်၏ အခြေခံအုတ်မြစ်ကြီးများကို အခိုင်အမာ ချနိုင်စေရန် အကျိုးငှာ ပင်လုံညီလာခံကြီး ကဲ့သို့သော ပြည်ထောင်စုကြီး၏ အနာဂတ်ခရီး လမ်းညွန်ချက်များကို ချမှတ်နိုင်မည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ အမျိုးသားညှိနှိုင်းမှု ညီလာခံတစ်ရပ် ခေါ်ယူကျင်းပမည်။

(ခ) တိုင်းရင်းသားလူမျိုးပေါင်းစုံ အမျိုးသားညှိနှိုင်းမှု ညီလာခံကြီးတွင် တိုင်းရင်းသား လူမျိုးအားလုံး၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တိုင်းရင်းသား လူမျိုးအားလုံး၏ အခွင့်အရေး တန်းတူရည်တူခွင့်၊ လူမျိုးနွယ်ကြီး တစ်ခု၏ နယ်ပယ်ဒေသအတွင်း မှီတင်းနေထိုင်လျက်၊ ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် နယ်မြေဒေသရှိသော လူမျိုးငယ်တို့၏ သီးခြားနယ်မြေဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် စသည့် အရေးကိစ္စများနှင့် စပ်လျဉ်း၍ အများသဘောညီမျှသော ပြဌာန်းချက်များကို ချမှတ်မည်။

(ဂ) တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ အမျိုးသားညှိနှိုင်းမှု ညီလာခံကြီးတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး၏ သွေးစည်းခိုင်မာမှုကို ယိမ်းယိုင် ပြိုကွဲနေစေပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဘက်ပေါင်းစုံတွင် ဒုက္ခပင်လယ် ဝေစေလျက်ရှိသည့် ပြည်ထောင်စုအတွင်း ပြေပျောက် ချုပ်ငြိမ်းစေရေးအတွက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းနိုင်ရန် ညှိနှိုင်းမည်။

(ဃ) တိုင်းရင်းသား လူမျိုးပေါင်းစုံ အမျိုးသားညှိနှိုင်းမှု ညီလာခံကြီးတွင် တိုင်းရင်းသားလူမျိုးများ အားလုံးနှင့် ပြည်နယ်အားလုံး၏ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကိုယ်ပိုင်စာပေ၊ ထုံးတမ်းယဉ်ကျေးမှုနှင့် ဘာသာစကားများ စည်ပင်ထွန်းကားရေးနှင့် အပြန်အလှန် ဖလှယ်ဆည်းပူးရေးတို့အတွက် ခိုင်မာတိကျသော ဝိုင်းဝန်းပံ့ပိုးမှု၊ အာမခံမှု၊ လေးစားစောင့်ထိန်းမှု၊ ရင်းနှီးမြှုပ်နှံမှု၊ လုပ်ငန်းစဉ်ချမှတ်မှု ဖော်ထုတ်မည်။”

■ ဦးထွန်းမြင့် (တောင်ကြီး) မှ ဒေါ်အောင်ဆန်းစုကြည်သို့ ပုဂ္ဂိုလ်ရေးပေးစာ

နောက်တစ်နေ့၊ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး တောင်ကြီးမြို့တွင် ပါတီပေါင်းစုံ အစည်းအဝေးတစ်ခု လုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးသို့ “ရှမ်းပြည် တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်” ဦးစီးနာယက ဦးထွန်းမြင့် (တောင်ကြီး) လည်း တက်ရောက်ခဲ့ပါသည်။ သို့တစေ ဆိုခဲ့ပါ အစည်းအဝေးမှာ လူစုံပါတီစုံ ဖြစ်နေ၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထွန်းမြင့်တို့ တွေ့ဆုံနိုင်ရန် အစည်းအဝေးပြီးမှ သပ်သပ်ဆွေးနွေးဖို့ စီစဉ်ထားခဲ့သည်ဟု ဆိုပါသည်။ သို့နှင့်တိုင် ထိုနေ့ မနက်ပိုင်းတစ်ခုလုံး ဒေါ်အောင်ဆန်းစုကြည်မှာ အခြားအစီအစဉ်များ ပြည့်နေ၍ မတွေ့ဖြစ်ခဲ့ပါ။

ညပိုင်းရောက်မှ တွေ့ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ နောက်တစ်နေ့ ပြန်ရတော့မည် ဖြစ်၍ အေးအေးဆေးဆေးကား မတွေ့ခဲ့ရပါ။ သို့အတွက် ဆွေးနွေးရန် ရှိသည်များကို ပုဂ္ဂိုလ်ရေးပေးစာသဘောမျိုး ရေးခဲ့ပါသည်။ သို့တစေ ဒီမိုကရက်တစ် ပါတီချင်း သဘောထား မတိုက်ဆိုင်မှုဖြစ်နေ၍ ထိုစာကို လူသိရှင်ကြား မဖြန့်ချိခဲ့ပါ။ နှစ်ပေါင်း မြောက်မြားစွာကြာမှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

ယခု အဆိုပါစာမှ အရေးကြီးလိမ့်မည်ဟု ထင်ရသော အချက်အချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။

၁။ ကျွန်တော်တို့ အဖွဲ့ချုပ်အနေနဲ့ တိုင်းရင်းသား လူပေါင်းစုံနေထိုင်တဲ့ မြန်မာနိုင်ငံတော်ကို တိုင်းရင်းသားလူမျိုး အချင်းချင်း၊ ပြည်ထောင် အချင်းချင်း တန်းတူညီမျှမှုကို အခိုင်မာဆုံး အာမခံချက်ပေးနိုင်တဲ့ ဖက်ဒရယ်ယူနီယံမျိုး တည်ဆောက်နိုင်မှသာ ပြည်နယ်များနဲ့ တိုင်းရင်းသားလူမျိုးများ တန်းတူညီမျှမှု အမှန်တကယ်ရရှိပြီး အမှန်တကယ် သွေးစည်းညီညွတ်မှု ရနိုင်မယ်လို့ ခံယူထားပါတယ်။ ဒီလို ခံယူထားတာဟာ အကျပ်ကိုင် တောင်းဆိုခြင်းမျိုးလည်း မဟုတ်သလို စိတ်ကူးယဉ် တောင်းဆိုခြင်းလည်း မဟုတ်ပါ။ သမိုင်းစဉ်ဆက် သင်ခန်းစာအရပ်ရပ်ပေါ် အခြေခံပြီး ကျွန်တော်တို့ ရှမ်းအစရှိတဲ့ တိုင်းရင်းသားလူမျိုးများ လိုလားတောင့်တမှုအပေါ် ရပ်တည် ခံယူထားခြင်းသာ ဖြစ်ပါတယ်။

ဗဟိုအစိုးရ တစ်မျိုးတစ်စားတည်းက ကြိုးကိုင်အုပ်ချုပ်တဲ့ “ယူနီထရီ ယူနီယံမျိုး”ကို တော့ လွတ်လပ်ရေး သက်တမ်းတစ်လျှောက် တွေ့ကြုံဖြစ်ပျက် ခံစားမှုအရပ်ရပ်ကြောင့် ကျွန်တော်တို့ ဘယ်လိုနည်းနဲ့မှ မလိုလား မနှစ်သက်နိုင်ကြပါ။

ဒေါ်အောင်ဆန်းစုကြည် သိရှိတော်မူတဲ့အတိုင်း ယနေ့ ကမ္ဘာပေါ်မှာ “ဖက်ဒရယ်”နဲ့ “ယူနီထရီ” နှစ်မျိုးနှစ်စားထဲပဲ ရှိပါတယ်။ တတိယအမျိုးအစား မရှိပါဘူး။ ဒါဟာ သီအိုရီ မဟုတ်ပါဘူး။ လက်တွေ့ သာဓကတွေပါ။

၂။ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာချက် ကိုးမှာ ပါရှိတဲ့ သဘောထားဟာ အားလုံးကို ခြုံငုံမိတယ်လို့ ဆိုပါတယ်။ သာမန်အားဖြင့် ကြည့်ရင် ခြုံငုံမိသလို ထင်ရပါတယ်။ သေသေချာချာ လေ့လာကြည့်တဲ့အခါ တိကျမှု မရှိတဲ့အပြင် ဝါးတားတား ဖြစ်နေတာကို တွေ့ရတဲ့အတွက် ကျွန်တော် ဦးမိုးသူ မှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးနိုင်ဖို့ ခွင့်တောင်းခဲ့ခြင်း ဖြစ်ပါတယ်။

ကျွန်တော်က တိတိကျကျ သဘောထားကို မေးလိုက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ဟာ နည်းနည်း စိတ်ဆိုးသွားတယ်လို့ ကျွန်တော် ထင်ပါတယ်။ စိတ်ဆိုးသွားတာ မဟုတ်ဘူးဆိုရင် ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ကျွန်တော် အဲဒီလို အကဲခတ်မိလို့ပါ။

ကျွန်တော် ဒီလိုသဘော သက်ရောက်တဲ့ မေးခွန်းမျိုး မေးခဲ့တာကို ဒေါ်အောင်ဆန်းစုကြည် မှတ်မိမယ် ထင်ပါတယ်။

ကြေညာချက် ကိုးမှာ “… ပြည်ထောင်စုကြီး၏ အနာဂတ် ခရီးလမ်းညွှန်များကို ချမှတ်နိုင်မည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ အမျိုးသားညှိနှိုင်းမှု ညီလာခံတစ်ရပ်” ခေါ်ယူမယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ အမျိုးသားညီလာခံက ပြဌာန်းချက်များနဲ့ လမ်းညွှန်တရားများကို အခြေခံပြီး နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ရပ်ကို ဒီမိုကရေစီ တိုင်းပြည်ပြုလွှွတ်တော်တွင် ညှိနှိုင်းရေးဆွဲမယ်လို့လည်း ဆိုထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခြေခံဥပဒေသစ်ရယ်၊ အဲဒီ အခြေခံဥပဒေအရ တည်ဆောက်မယ့် ပြည်ထောင်စုကြီး ဆိုတာရယ်ကို ဘယ်လို နိုင်ငံအမျိုးအစားကို ဆိုလိုတာလဲ။ ဖက်ဒရယ်လား၊ ယူနီထရီလား…၊ ဒါကိုပြောပြစေချင်ပါတယ်…။

အဲဒီအခါမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မျက်နှာနည်းနည်း နီသွားပါတယ်။ တင်းလဲ တင်းသွားပါတယ်။ အသံလည်း နည်းနည်း မာလာတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် နည်းနည်း စိတ်ဆိုးသွားတယ်လို့ ထင်မိကြောင်း ကျွန်တော်ဆိုခဲ့တာပါ။ မဟုတ်ဘူးဆိုရင်လည်း ဒုတိယအကြိမ် ထပ်ပြီး တောင်းပန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “ပြည်ထောင်စုကို အင်္ဂလိပ်ဘာသာနဲ့ “ယူနီယံ”လို့ ပြန်ထားတယ်၊ ကျွန်မတို့ကလည်း “ယူနီယံ” ကိုပဲ ဆိုလိုတာ။ ဖက်ဒရယ်တို့၊ ယူနီထရီတို့ဆိုတာ၊ သီအိုရီ သဘောတရားတွေပဲ။ လက်တွေ့နဲ့ တခြားစီ ပါ။ သီအိုရီတွေကို နေရာတကာမှာ လက်တွေ့သုံးလို့ မရဘူူး။ ဘယ်လို ပြည်ထောင်စုမျိုးလည်း ဆိုတာ ကျွန်မ အခုမပြောနိုင်ဘူး။ အမျိုးသားညီလာခံရောက်မှ ဆွေးနွေးညှိနှိုင်းကြရမယ်၊ ကျွန်မအနေနဲ့တော့ အားလုံး သဘောတူ ဆုံးဖြတ်တာကို လက်ခံမှာပဲ။ အဲဒီလို ပွင့်ပွင့်လင်းလင်း စိတ်မျိုးထားတယ်” စသဖြင့် အရှည်ကြီး ပြောသွားပြီးတဲ့နောက် “ကျွန်မအနေနဲ့ လူမျိုးစုတွေအပေါ်မှာ စေတနာ အလွန်သန့်တယ် ဆိုတာတော့ ယုံကြည်ပါ ။ အမျိုးသားညီလာခံမှာ အန်ကယ်တို့ကိုလည်း ညှိနှိုင်းမှာပါ…”လို့ ပြောခဲ့ပါတယ်။

၃။ ဒေါ်အောင်ဆန်းစုကြည်က “ကြိုတင်စဉ်းစား တွေးတောထားတဲ့ အယူအဆ (Pre-conceived Ideas) မထားရှိအပ်တဲ့အကြောင်း ပြစ်တင်ဝေဖန် သွားပါတယ်။ တစ်ဆက်တည်း အမျိုးသားညီလာခံကြီးကို Pre-conceived Ideas တွေနဲ့ လာလို့မဖြစ်ဘူး။ ကျွန်မတို့ လက်မခံနိုင်ဘူး။ အားလုံး “ပွင့်လင်းတဲ့ စိတ်ထား” (with open mind) နဲ့ တက်ရောက်လာကြမှ ဖြစ်မယ်လို့လည်း ပြောခဲ့ပါတယ်။

Pre-conceived Ideas နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုသိထားသလဲတော့ ကျွန်တော်မသိဘူး။

လူတစ်ယောက်စီမှာ အယူအဆ တစ်ခုစီတော့ ရှိစမြဲပါ။ ကိစ္စခပ်သိမ်း ဆောင်ရွက်ရာမှာ ကြိုတင်စဉ်းစား တွေးတောမှုတော့ ရှိကြမှာအမှန်ပါပဲ။ နိုင်ငံရေးပါတီ အဖွဲ့အစည်းတိုင်း၊ နိုင်ငံရေးသမားတိုင်းမှာလည်း ဝါဒသဘောတရား လမ်းစဉ်ရယ်လို့ အသီးသီးရှိကြစမြဲပါ။ နိုင်ငံရေးပါတီ တစ်ခု၊ ဒါမှမဟုတ် နိုင်ငံရေး ခေါင်းဆောင် တစ်ယောက်ဟာ ဆွေးနွေးပွဲတစ်ခုကို တက်ရောက်တော့မယ် ဆိုရင် သဘောတရား တစ်ခု၊ သို့မဟုတ် အယူအဆ တစ်ခုကိုတော့ ကြိုတင်တွေးတော စဉ်းစားပြီး ယူဆောင်လာမှာ မလွဲပါ။

တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ အမျိုးသားညှိနှိုင်းမှု ညီလာခံသဘင်ကို တက်ရောက်လာကြမယ့် ပုဂ္ဂိုလ် အဖွဲ့အစည်း အသီးသီးဟာလည်း တိုင်းရင်းသား သွေးစည်းညီညွတ်ရေးနဲ့ ပတ်သက်လို့ မိမိတို့ ကိုယ်ပိုင် အတွေးအခေါ် သဘောတရား အယူအဆများ ယူဆောင်မလာလို့ မဖြစ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ Pre-conceived Ideas ဆိုတာ ဒါတွေနဲ့ မဆိုင်ဘူးလား။ ကြိုတင်တွေးတော ကြံဆထားတဲ့ အတွေးအခေါ် သဘောတရား အယူအဆ ကိုင်ဆောင်မလာရတဲ့ ညီလာခံမျိုး ကျင်းပလို့ရမယ်လို့ ကျွန်တော် မထင်ဘူး။ သဘောတရား အယူအဆမျိုးစုံကိုတော့ ယူဆောင်လာကြရမှာပဲ။ ညီလာခံကျမှ အဲဒီ သဘောတရား အယူအဆတွေကို ညှိနှိုင်း ဆွေးနွေးကြရမယ်။ တူညီတဲ့အဖြေကို ရှာကြရမယ်လို့ ကျွန်တော်ယူဆပါတယ်…။

ပင်လုံညီလာခံမှာ ဗိုလ်ချုပ်နဲ့ ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များ နားလည်မှုရခဲ့တာ ရှိပါသေးတယ်။ ပင်လုံစာချုပ်မှာ ဖော်ပြမထားပေမယ့် Gentlemen’s Agreement လို့ ခေါ်ရမလား ကျွန်တော် မပြောတတ်ဘူး။ ကျွန်တော်တို့ကတော့ ဒါကို “ပင်လုံစိတ်ဓာတ်”လို့ သတ်မှတ်ပါတယ်။ အဲဒီ သဘောတူ နားလည်မှုတွေကတော့…၊

(၁) ယခု ယာယီပူးပေါင်းခြင်း (ပင်လုံစာချုပ်) သည် နောင် ပူးပေါင်းရေး၊ သို့မဟုတ် ခွဲထွက်ရေးကို မထိခိုက်စေရပါ၊

(၂) နောင် ပူးပေါင်းခဲ့သော်လည်း၊ ခွဲထွက်လိုက ပြန်ခွဲထွက်ခွင့် ရှိစေရမည်၊

(၃) တိုင်းပြည်ပြုလွှွတ်တော် ခေါ်ပြီးနောက် မပူးပေါင်းနိုင်သေးလျှင် ပူးပေါင်းလိုသည့်အခါ ပူးပေါင်းနိုင်ရန် လမ်းဖွင့်ပေးထားရမည်၊

(၄) ရှမ်းပြည် ပြည်တွင်း ကိုယ်ပိုင်အုပ်ချုပ်မှု လုံးဝလွတ်လပ်ခွင့် ရှိရမည်၊

(၅) ရှမ်းစသည့် လူမျိုးများ၏ စာပေယဉ်ကျေးမှုများကို မစော်ကား၊ မထိခိုက်စေရပါ၊

ဗိုလ်ချုပ်အောင်ဆန်းဟာ မိမိကိုယ်တိုင်က ခွဲထွက်ခွင့်ကို မလိုလားပေမဲ့ လူမျိုးစုများအပေါ် အဲဒီထိအောင် လိုက်လျောပါတယ်။ သဘောထား ကြီးခဲ့ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ လူမျိုးစုများဟာ ဗိုလ်ချုပ်ကို ချစ်ခင်ကြတယ်၊ ကြည်ညိုကြတယ်၊ လေးစားကြတယ်၊ ယုံကြည်ကြတယ်။

အမှန်တော့ ခွဲထွက်ခွင့်ဆိုတဲ့ ကိစ္စဟာ လက်တွေ့ဆောင်ရွက်ရာမှာ မလွယ်ကူသလို မလိုလားအပ်တဲ့ ကိစ္စလည်း ဖြစ်တယ်။

(၆) အေးအတူ ပူအမျှ၊ ဥမကွဲ သိုက်မပျက် ထာဝရ ပူးပေါင်းဆိုတာကို ကြွေးကြော်နေရုံ ၊ ဆန္ဒပြုနေရုံနဲ့ မရနိုင်ပါဘူး။ ခိုင်မာတဲ့ အခြေခံရရှိမှ အောင်မြင်မယ် ဖြစ်ပါကြောင်း လေးစားစွာ တင်ပြပြီး ဒီစာကို နိဂုံးချုပ်ပါတယ်။

(“ဦးထွန်းမြင့် (တောင်ကြီး) မှ ဒေါ်အောင်ဆန်းစုကြည်သို့ ပုဂ္ဂိုလ်ရေးပေးစာ” (ဖေဖော်ဝါရီ ၂၀၊ ၁၉၈၉)မှ ကောက်နုတ် ဖော်ပြပါသည်။)

■ ၁၉၉၀ ရွေးကောက်ပွဲ ကြေညာစာတမ်း

အဆိုပါ စာတမ်းတွင် ဖော်ပြထားသော “တိုင်းရင်းသား လူမျိုးများအရေး”ကို ထုတ်နုတ် ဖော်ပြလိုက်ပါသည်။

“တိုင်းရင်းသား လူမျိုးများအားလုံး လက်တွဲမဖြုတ်စတမ်း သွေးစည်း ညီညွတ်မှုဖြင့် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေးကို ဦးတည် ရှေးရှုမည်။ ပြည်ထောင်စုဖွား တိုင်းရင်းသား လူမျိုးအားလုံး၏ အခွင့်အရေး တန်းတူရည်တူမှုကို လက်ခံလျက် မည်သည့်လူမျိုးကိုမှ အထူးအခွင့်အရေး မပေးရေးနှင့် လူမျိုးနွယ်၊ လူမျိုးနွယ်စု အားလုံး၏ ခံစားထိုက် ခံစားအပ်သော မည်သည့် အခွင့်အရေးကိုမျှ ချုပ်ချယ်ကန့်သတ်မှု မပြုရေးကို ဦးတည်ရှေးရှုမည်။ တိုင်းရင်းသား လူမျိုးအားလုံးသည် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးကဏ္ဍ စသော နယ်ပယ် အသီးသီး၌ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်အညီ ဦးတည်ရှေးရှုမည်။”

NLD ညီလာခံ (ပထမအကြိမ် ကွန်ဂရက်)

၂၀၁၁ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမအကြိမ် ကွန်ဂရက်ကို ကျင်းပခဲ့ပါသည်။ ဤကွန်ဂရက်မှပင် “NLD ပါတီ၏ နိုင်ငံရေးဝါဒ သဘောတရားနှင့် ရှေ့လုပ်ငန်းစဉ်များ” ဆိုသော စာတမ်း ထွက်ပေါ်လာသည်။ ဤစာတမ်းတွင် ပါသော “တိုင်းရင်းသားလူမျိုးများကဏ္ဍ”မှ အရေးကြီးလိမ့်မည်ဟု ယူဆရသည်များကို ထုတ်နုတ် ဖော်ပြလိုက်ပါသည်။

– ဖွံ့ဖြိုးတိုးတက်၍ စီးပွားရေးအင်အား ခိုင်မာ တောင့်တင်းပြီး အမှီခိုကင်းသည့် ပြည်ထောင်စုကြီးအဖြစ် ရပ်တည်နိုင်ရေးကို လိုလားသည့်အလျောက် တိုင်းရင်းသား နယ်မြေအသီးသီးတို့တွင် စီးပွားရေးဖွံ့ဖြိုးမှု လုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဦးတည်မည်။

– တိုင်းရင်းသား လူမျိုးများ၏ မွေးရာပါ အခွင့်အရေးများ ပြည့်ဝစွာ ခံစားနိုင်ရေးနှင့် ပြည်ထောင်စုကြီး တစ်ခုလုံး သာယာဝပြောရေးကို သဟဇာတဖြစ်စေမည့် မူများကို လက်ကိုင်ကျင့်သုံး၍ တိုင်းရင်းသား လူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဖော်ထုတ်မည်။

– တိုင်းရင်းသားများ၏ ရည်မှန်းချက်များကို အကောင်အထည် ဖော်နိုင်ရန် နိုင်ငံရေး ဖြေရှင်းမှု လိုအပ်သည်ဟု ယုံကြည်သည်။

■ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်း

၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ပါဝင်သော “လူမျိုးစု ပေါ်လစီ” ဆိုင်ရာများကို ထုတ်နုတ် တင်ပြအပ်ပါသည်။

၁။ တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အောက်ပါတို့ကို ဆောင်ရွက်မည်။

(၁) တိုင်းရင်းသားအားလုံး လက်တွဲ မဖြုတ်စတမ်း၊ သွေးစည်းညီညွတ်မှုဖြင့် ပြည်ထောင်စုကြီး တစ်ခုလုံး ငြိမ်းချမ်းသာယာရေး ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်တံ့ခိုင်မြဲရေးအတွက် ဦးတည် ဆောင်ရွက်မည်။

(၂) ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ၏ အရင်းအမြစ်များကို ဖယ်ရှားရန် အာဃာတ ကင်းစင်ပြီး ပင်လုံစိတ်ဓာတ်ကို အခြေခံသော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများမှ တစ်ဆင့် ပြည်သူ့ဘ၀ လုံခြုံအေးချမ်းစေရမည်။

(၃) လွတ်လပ်ခြင်း၊ တူညီသော အခွင့်အရေးရရှိခြင်းနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိခြင်းတို့နှင့် ပြည့်စုံသော၊ စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်မည်။

(၄) ပြည်ထောင်စုဝင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန် ပွင့်လင်းမြင်သာသော စီမံချက်များ ချမှတ် ဆောင်ရွက်မည်။

(၅) သဘာဝအရင်းအမြစ်များ ထုတ်ယူရာမှ ရရှိလာသည့် အကျိုးအမြတ်များကို ဖက်ဒရယ် ပြည်ထောင်စုမူနှင့်အညီ ဒေသအလိုက် မျှတစွာ ခွဲဝေခံစားခွင့် ရရှိစေရမည်။

(၆) တိုင်းရင်းသားများသည် အချင်းချင်းကြား ဖြစ်ပေါ်သော ပြဿနာများကို အပြန်အလှန် လေးစားမှုဖြင့် စားပွဲဝိုင်းဖြေရှင်းနည်းဖြင့် ဖြေရှင်းမည်။

၂။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ် ပေါ်ထွန်းရေးအတွက် လက်ရှိအခြေခံဥပဒေကို အောက်ပါမူများအတိုင်း ပြင်ဆင်သွားမည်။

(၁) အခြေခံ လူ့အခွင့်အရေး ဒီမိုကရေစီ စံနှုန်းများနှင့် ညီညွတ်ရမည်၊

(၂) ရှေ့နောက် အဓိပ္ပာယ်ကွဲလွဲမှု မရှိစေရ၊

(၃) ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားများ၏ အခွင့်အရေးများကို အာမခံရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်မည်၊

(၄) စစ်မှန်သော ပါတီစုံ ဒီမိုကရေစီစနစ် ဖော်ဆောင်မည်၊

(၅) အပြန်အလှန် ထိန်းကျောင်းနိုင်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီး သုံးရပ်အား တစ်ဖက်စောင်းနင်း မဖြစ်စေရ၊

(၆) နိုင်ငံသားများ၏ တန်းတူညီမျှမှု အခွင့်အရေးကို ကာကွယ်စောင့်ရှောက်မည်၊

■ ၆။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လူမျိုးစုပေါ်လစီ

အမှန်စင်စစ် “ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ”မှာ မူလ စတင်ခါစက နိုင်ငံရေးပါတီတစ်ရပ် မဟုတ်ပါချေ။ တပ်မတော် ခေါင်းဆောင်များ နာယကမူကြသည့် လူမှုရေးအသင်းအဖွဲ့ တစ်ခုမျှသာ ဖြစ်ပါသည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ အကြိုကာလရောက်တော့မှ နိုင်ငံရေးပါတီ တစ်ရပ်အဖြစ် အသွင်ပြောင်းလိုက်ခြင်း ဖြစ်သည်။ “ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ပထမဆုံးဥက္ကဋ္ဌကြီး ဦးသိန်းစိန်မှာ ၂၀၀၈ အခြေခံဥပဒေကို ရေးဆွဲခဲ့သော ညောင်နှစ်ပင် ညီလာခံကို ဦးစီးကျင်းပခဲ့သူ ဖြစ်ပါသည်။ ပြောရလျှင် ၂၀၀၈ အခြေခံဥပဒေကို တပ်မတော်ကပင် ကမကထပြု ရေးဆွဲခဲ့သည်ဟု ဆိုနိုင်သည်။ သို့အတွက် USDP ၏ လူမျိုးစုပေါ်လစီမှာ ၂၀၀၈ အခြေခံဥပဒေပါ ပြဌာန်းချက်များအတိုင်းဟု ဆိုနိုင်ပါလိမ့်မည်။

■ ၂၀၀၈ အခြေခံဥပဒေ၏ အကန့်အသတ်များ

၂၀၀၈ အခြေခံဥပဒေတွင် ဖက်ဒရယ်အခြေခံ ပြဌာန်းချက်အချို့ ပါသလောက် ပါသည်ဟု ဆိုကြသော်လည်း ဖက်ဒရယ် ဖွဲ့စည်းပုံတစ်ရပ် ဖြစ်ဖို့ဆိုလျှင် အကန့်အသတ်များစွာ ရှိနေဆဲဟု ယူဆရပါသည်။ ယခု အဆိုပါ အကန့်အသတ်များကို အကျဉ်းမျှ စာရင်းတို့သွားပါမည်။

– (၁) ပုဒ်မ ၂၆၁ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ် တာဝန်ပေးခြင်း။

ပုဒ်မခွဲ (ခ) နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးအပ်ရန် (ပုဒ်မခွဲ – ခ ၏ အပိုဒ် ၁ နှင့် ၂ သို့ ကြည့်ရန်)

– (၂) ဇယား(၁) ၊(ပုဒ်မ ၉၆) ပြည်ထောင်စု ဥပဒေပြုစာရင်း၊

ဇယား(၂) (ပုဒ်မ ၁၈၈) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြု စာရင်း၊

ဇယား (၃) (ပုဒ်မ ၁၉၆) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့၏ ဥပဒေပြုစာရင်း၊

ဇယား(၅) (ပုဒ်မ ၂၅၄) တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ်များက ကောက်ခံရမည့် အခွန်အခများ…၊

အထက်ပါ ပုဒ်မနှင့် ဇယားများတွင်ပါသော ပြဌာန်းချက်များမှာ တစ်ဘက်စောင်းနင်း ဖြစ်နေခြင်း၊

– (၃) ပုဒ်မ ၁၄၁ ၊ အမျိုးသားလွှတ်တော်ဖွဲ့စည်းခြင်း ၊

၁၉၆၁ ခုနှစ်က ကျင်းပခဲ့သော တောင်ကြီး လူမျိုးစုညီလာခံတွင် “အမျိုးသားလွှတ်တော် ဖွဲ့စည်းခြင်း”နှင့်ပတ်သက်ပြီး လူမျိုးစုများက နှစ်ချက် တောင်းဆိုခဲ့ကြသည်။ ၎င်းတို့မှာ –

– (၁) ပြည်နယ်တိုင်းမှ တူညီသော ကိုယ်စားလှယ် အရေအတွက်ဖြင့် အမျိုးသားလွှတ်တော်ကို ဖွဲ့စည်းရန်

– (၂) အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကို လုပ်ပိုင်ခွင့် အတူတူပေးရန်တို့ ဖြစ်သည်။

■ ယခင် လူမျိုးစုလွှတ်တော် ဖွဲ့စည်းပုံ (၁၉၄၇ အခြေခံဥပဒေ)

ဒုတိယဇယား (ပုဒ်မ – ၈၇)

လူမျိုးစုလွှတ်တော် အမတ်နေရာ ၁၂၅ နေရာ ရှိသည့်အနက်

(က) ၂၅ နေရာကို ရှမ်းပြည်နယ်မှ ကိုယ်စားလှယ်များဖြင့် ဖြည့်သွင်းရမည်၊

(ခ) ၁၂ နေရာကို ကချင်ပြည်နယ်မှ ကိုယ်စားလှယ်များဖြင့် ဖြည့်သွင်းရမည်၊

(ဂ) ရှစ် နေရာကို ချင်းဝိသေသတိုင်းမှ ကိုယ်စားလှယ်များဖြင့် ဖြည့်သွင်းရမည်၊

(ဃ) သုံး နေရာကို ကယားပြည်နယ်မှ ကိုယ်စားလှယ်များဖြင့် ဖြည့်သွင်းရမည်၊

(င) ၁၅ နေရာကို ကရင်ပြည်နယ်မှ ကိုယ်စားလှယ်များဖြင့် ဖြည့်သွင်းရမည်၊

(စ) ၆၂ နေရာကို ပြည်ထောင်စုမြန်မာနိုင်ငံရှိ ကျန်နယ်မြေများမှ ကိုယ်စားလှယ်များဖြင့် ဖြည့်သွင်းရမည်။

ယခု အမျိုးသားလွှတ်တော် ဖွဲ့စည်းပုံ (၂၀၀၈ အခြေခံဥပဒေ)

အမျိုးသားလွှတ်တော်ကို အများဆုံး ၂၂၄ ဦးဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းရမည်။

(က) တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ် တစ်ခုစီမှ ကိုယ်စားလှယ် ၁၂ ဦးကျစီဖြင့် ကိုယ်စားလှယ် ၁၆၈ ဦး

(ခ) တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၅၆ ဦး

မှတ်ချက် – ဤနှစ်ခုကို နှိုင်းယှဉ်ကြည့်လိုက်လျှင် မည်သည့် ဖွဲ့စည်းပုံက လူမျိုးစုများအတွက် အမတ်နေရာ ပိုရနိုင်သည်ကို တွေ့ပါလိမ်မည်။

(၄) တောင်ကြီး ညီလာခံတွင် တောင်းဆိုထားသည့်အတိုင်း အမျိုးသားလွှတ်တော် ဖွဲ့စည်းပုံကို ပြောင်းပေးခဲ့ပြီး လုပ်ပိုင်ခွင့် အတူတူပေးထားသည်ဟုလည်း ဆိုထားပါသည်။ (ပုဒ်မ – ၁၄၄)

(၅) သို့သော် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲမှု ရှိလျှင်ကား “ပြည်ထောင်စုလွှတ်တော်”ကသာ အမြဲ အနိုင်ရပါသည်။ (ပုဒ်မ ၉၅၊ ပုဒ်မခွဲ (ခ))

■ USDP အစိုးရခေတ် – “ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ”

ယခင် တပ်မတော်အစိုးရက ၂၀၀၈ အခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပါသည်။ ဤရွေးကောက်ပွဲကို NLD က သပိတ်မှောက်သည်။ USDP က ဝင်ပြိုင်ခဲ့ပြီး အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပါသည်။ အဆိုပါ အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲအဖြေနှင့် ယခင် တပ်မတော်အစိုးရနှင့် ဆက်စပ်မှုများ ရှိခဲ့သော်လည်း သမ္မတ ဦးသိန်းစိန် ဦးဆောင်သော USDP အစိုးရမှာ အသွင်ကူးပြောင်းရေးကို တတ်နိုင်သမျှ ကြိုးစား ဆောင်ရွက်ခဲ့ပါသည်။ အောင်မြင်မှု ရသလောက်လည်း ရခဲ့သည်ဟု ဆိုရပါလိမ့်မည်။

အထူးသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုရမည် ထင်ပါသည်။ ဤအပိုင်းတွင် “မြန်မာ့ငြိမ်းချမ်းရေးနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်” (NCA) ရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်။ မူလက လက်နက်ကိုင်အားလုံး အဆိုပါစာချုပ်ကို လက်မှတ်ထိုးကြတော့မလို ဖြစ်ခဲ့သော်လည်း လက်တွေ့တွင် အဖွဲ့ရှစ်ဖွဲ့သာ လက်မှတ်ထိုးနိုင်ခဲ့ပါသည်။ အဆိုပါရှစ်ဖွဲ့နှင့်ပင် ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ကျင်းပပေးခဲ့ပါသည်။

ဆိုခဲ့ပါ ညီလာခံတွင် တင်သွင်းခဲ့ကြသော မြန်မာ့တပ်မတော်နှင့် လူမျိုးစု လက်နက်ကိုင်အဖွဲ့များ၏ စာတမ်းများမှာ အတော်လေး အဟပ်ကွာနေသည်ကို တွေ့ရပါသည်။ တပ်မတော်က ၂၀၀၈ အခြေခံဥပဒေကို အခြေခံပြီး ပြုပြင်သွားလိုသည့် သဘောရှိသည်။ လူမျိုးစု လက်နက်ကိုင်အဖွဲ့များကမူ အမေရိကန်မိုဒယ် (Coming together) ကို ပျော့ပျော့ပြောင်းပြောင်း တင်ပြသည့် သဘောဟု နားလည်ရပါသည်။ မည်သို့ပင်ရှိစေ စိတ်ရှည်လက်ရှည် ညှိနှိုင်းကြလျှင် “အဖြေတစ်ခု” ရနိုင်လိမ့်မည်ဟု မျှော်လင့်ရပါသည်။

■ NLD အစိုးရခေတ် – “ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ” (၂၁ – ရာစု ပင်လုံ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က “၂၁ ရာစုပင်လုံ” အမည်ဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ဆက်လက် ကျင်းပသွားမည်ဟု ဆိုလိုက်ရာ NCA စာချုပ်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသော အဖွဲ့များကပါ သူ့နားလည်ချက်နှင့်သူ ပူးပေါင်း ပါဝင်လာကြပါသည်။ အဆိုပါ လူမျိုးစု လက်နက်ကိုင်များက “အားလုံးပါဝင်ဖို့ လိုသည်” (all inclusive) ဟု ဆိုခဲ့ရာ လက်မှတ်ထိုးသည် ဖြစ်စေ မထိုးသည်ဖြစ်စေ “ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ” (၂၁ ရာစု ပင်လုံ )သို့ တက်ရောက်ဆွေးနွေးခွင့် ပေးခဲ့ပါသည်။ (ဒုတိယအကြိမ် ညီလာခံသို့မူ လက်မှတ်ရေးထိုးမှ တက်ခွင့်ပေးမည့်သဘော ရှိသည်) ဤ ညီလာခံတွင် လက်မှတ်ရေးထိုး မထားသော UNFC အဖွဲ့က ၂၀၀၈ ဖေဖော်ဝါရီ ၁၂ ရက်တွင် (တောတွင်း အင်အားစုအနေနှင့် ) အတည်ပြုခဲ့ကြသော “ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ (ဒုတိယမူကြမ်း)ကို တင်သွင်းခဲ့ကြ သည်။

■ နိဂုံး

(ခက်ခဲသော ကြားအဖြေ)

ယူဂိုဆလားဗီးယား “ဘော်လကန် နိုက်ဇေးရှင်း”ကို ကိုယ်တွေ့ပြုခဲ့ရပြီး ရန်ကုန်မြို့တွင်လည်း နှစ်ရှည်လများ ပညာသင်ကြားပေးခဲ့သော “အီဂေါ ဘလာဇိုဗစ်” (ပညာ့ရှေ့ဆောင်) ၏ စကားတစ်ခွန်းနှင့် ယခုစာစုကို နိဂုံးချုပ်ပါမည်။

မစ္စတာအီဂေါက မြန်မာ့နိုင်ငံရေးရှိ လူမျိုးစု ပေါ်လစီ အသီးသီး၏ ရည်မှန်းချက်များကို ယခုလို စုစည်း ဖော်ပြထားပါသည်။ “အမှန်တကယ် ဒီမိုကရက်တစ် သဘောဆောင်ပြီး ဗဟိုချုပ်ကိုင်မှု လျှော့ချထားသော ဆန့်ကျင်ဘက် အယူအဆများကို သည်းခံနိုင်ပြီး လူနည်းစုများကို တန်ဖိုးထား လေးစားသော ဗုဒ္ဓဘာသာဝင် ဗမာအများစု ဦးဆောင်သည့် အမျိုးသားနိုင်ငံတော်” (Nation-State of Burman Buddhist majority) ဆိုသော ရည်မှန်းချက်က တစ်ဘက်၊ ကျန်တစ်ဘက်တွင်မူ “လူနည်းစု လူမျိုးစုများ၏ အချုပ်အခြာ အာဏာကို ထိန်းသိမ်းထားသော လူမျိုးပေါင်းစုံကို အတူယှဉ်တွဲရေးမူဖြင့် စုစည်းထားသော အများဆိုင် နိုင်ငံတော်” (Common State of multiple ethnic nationalities with coming together ) ဆိုသော ရည်မှန်းချက်။ ပထမပုံစံကို တပ်မတော်နှင့် ဗမာအများစုက နှစ်သက်ပြီး လူနည်းစု လူမျိုးစုများကမူ ဒုတိယပုံစံကို လိုလားကြသည်ဟုလည်း သူက မှတ်ချက်ပြုထားပါသည်။

တစ်ခုနှင့်တစ်ခု ဆက်စပ်ညှိနှိုင်းရန် မလွယ်ကူလှသော၊ တစ်နည်း “အများညီ ကြားအဖြေ” (Compromise) တစ်ခု ရှာရန် ခက်ခဲနေဆဲဖြစ်သော ဆိုခဲ့ပါ ရည်မှန်းချက် နှစ်ရပ်အပေါ်တွင် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အလားအလာ တည်မှီနေလိမ့်မည်ဟု ယူဆရပါကြောင်း။

Ethnic Policies of Burman-based Political Parties

By Kyaw Win

Although Myanmar/Burman political thought in the colonial period emphasized the protection of race, religion and sasanar (Ahmyo-Barthar-Tharthanar), the country’s struggle for independence shifted away from these concerns towards establishing an “independent, democratic and socialist” state. After independence, different conceptions of ‘federalism’ became part of the agenda of Burman-based political parties. The author discusses different concepts of ethnic policies from a Burman point of view from the pre-independence period to the present National League for Democracy-led government. He draws on the perspectives of political parties in Burman areas (e.g. Burmese Communist Party, Anti-Fascist People’s Freedom League) and several agreements, conferences and legal documents, such as the Nay Thurein Conference (1945), Panglong Agreement (1947) and the Burma’s Constitutions (1947, 1974, and 2008). The author concludes that the preference held by the military and Burmans is for a ‘Nation-State’ of Burman Buddhist majority, whereas ethnic minorities opt for ‘Common State’ of multiple ethnic nationalities coming together.

■ စာညွှန်း

၁ ကျော်ဝင်းသည် ထင်ရှားသော စာရေးဆရာတစ်ဦး ဖြစ်ပါသည်။

■ ကျမ်းကိုးစာရင်း

မြန်မာဘာသာ

တိုင်းရင်းသားလူမျိုးများ အရေးနှင့် ၁၉၄၇ အခြေခံဥပဒေ (ပထမတွဲနှင့် ဒုတိယတွဲ) (၁၉၉၀)၊ မြန်မာ့သမိုင်းဖြစ်ရပ်မှန်များ ရေးသားပြုစုရေးအဖွဲ့။

၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး (ပထမတွဲနှင့် စတုတ္ထတွဲ) (၁၉၉၁)၊ တက္ကသိုလ်များ စာပုံနှိပ်တိုက်။

မုံရွာ အောင်ရှင် (၂၀၁၆)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်တမ်း (၁၉၈၈ -၂၀၁၀)။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၄၇)။

ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄)။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈)။

ဆလိုင်း လျန်မှုန်းနှင့် စိုင်းမော(န်) (၁၉၆၂)၊ ပြည်ထောင်စုစစ်စစ်မူ။

ဦးထွန်းမြင့် (တောင်ကြီး) (၁၉၅၅)၊ “ရှမ်းပြည်ဘယ်လဲ”။

ဦးထွန်းမြင့် (တောင်ကြီး)၏ အခြားစာတမ်းများ။

ဦးထွန်းမြင့် (တောင်ကြီး) (ဖေဖော်ဝါရီ ၂၀၊ ၁၉၈၉)၊ ဦးထွန်းမြင့် (တောင်ကြီး)မှ ဒေါ်အောင်ဆန်းစုကြည်သို့ ပုဂ္ဂိုလ်ရေးပေးစာ။

အင်္ဂလိပ်ဘာသာ

Myanmar Egress & Myanmar Peace Center. (n.d.). Nation Building in Myanmar.

Blaževič, I. (2016). The Challenges Ahead. Journal of Democracy, 27(2), 101-115.