၂၁ ရာစုပင်လုံ ရီပို့ကတ် (21 UPC Report Card) အပိုင်း ၁ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းမှု မည်မျှ ခရီးပေါက်ခဲ့သနည်း

Post By ISP Admin, On August 18, 2020

၂၁ ရာစုပင်လုံ ရီပို့ကတ် (21 UPC Report Card) အပိုင်း ၁    NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းမှု မည်မျှ ခရီးပေါက်ခဲ့သနည်း

ဆက်စပ် အခြေအနေများ (Contexts)

အကဲဖြတ် အမှတ်ပေးရလဒ်

ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်ကို နားလည်လိုပါက ထိုကိစ္စရပ်များနှင့် ဆက်စပ်နေသော အခြေအနေများ (Contexts) ကို သိရှိထားသင့်ပါသည်။ ယခု ဖော်ပြချက်သည် NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး ကြိုးပမ်းမှု၌ ဖြစ်ပေါ်ခဲ့သော ဆက်စပ်အခြေအနေများအပေါ် အမှတ်ပေး အကဲဖြတ်ထားခြင်း ဖြစ်သည်။ ထိုသို့ အကဲဖြတ်အမှတ်ပေးရာတွင် ငြိမ်းချမ်းရေးကြိုးပမ်းမှုနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူများ၊ လေ့လာသုံးသပ်သူ များ၊ သတင်းစာဆရာများ၊ စုစုပေါင်း ၁၇ ဦး၏ သဘောထား စစ်တမ်းဖြေဆိုမှု၊ သီးခြားဆွေးနွေးမှု များအပေါ် အခြေခံ၍ ISP Peace Desk က အကဲဖြတ် အမှတ်ပေးခဲ့ခြင်း ဖြစ်ပါသည်။ အမှတ်ပေးရာတွင် ၀- ၄၀ အထိကို လမ်းလွဲ အခြေအနေ၊ ၄၀-၇၀ ကို လမ်းကြောင်းမှန် အခြေအနေနှင့် ၇၀-၁၀၀ ကို ရလဒ်ကောင်း အခြေအနေအဖြစ် သတ်မှတ်ပါသည်။ ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်နှင့် ဆက်စပ်နေသော အခြေအနေများကို အကဲဖြတ်ရာ၌ ၂၈ မှတ် ရှိခဲ့သည့်အတွက် ဆက်စပ်အခြေအနေများသည် အားရဖွယ်မရှိခဲ့ဘဲ ငြိမ်းချမ်းရေးအတွက် ကောင်းမွန်သော အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ခြင်း မရှိကြောင်း သုံးသပ်ရပါသည်။

အယူဆမှတ်စု

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်သော အစိုးရ လက်ထက် ငြိမ်းချမ်းရေး ကြိုးပမ်းမှု၏ အထင်ကရ ပြယုဂ်တခုဖြစ်သော ၂၁ ရာစု ပင်လုံ – ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (စတုတ္ထ အစည်းအဝေး) ကို ဩဂုတ် ၁၉ ရက်တွင် နေပြည်တော်၌ ပြုလုပ်မည် ဖြစ်သည်။

ကိုဗစ်-၁၉ ကူးစက်ကပ်ဘေး ကာလအတွင်း ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများအရ ပါဝင်သူလူဦးရေ လျော့ချပြီး ပြုလုပ်မည့် အဆိုပါ ငြိမ်းချမ်းရေးညီလာခံမှ တဆင့် ယေဘုယျဆန်သော အချက် သုံးချက်ကိုသာ မျှော်လင့်နိုင်မည် ဖြစ်သည်။ ထိုအချက်သုံးချက်မှာ

၁) တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင် အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်များ၊

၂) ၂၀၂၀ ပြည့်နှစ် အလွန် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများနှင့်

၃) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ အစရှိသဖြင့် ဖြစ်ကြပါသည်။

NLD အစိုးရသည် ရွေးကောက်ပွဲဝင်ချိန်ကပင် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို နံပါတ်တစ် ဦးစားပေးအနေဖြင့် ပြုလုပ်ရန် ရွေးကောက်ပွဲကြေညာစာတမ်းတွင် ဖော်ပြခဲ့သည်။ အသေးစိတ်အနေဖြင့် လုပ်ဆောင်မည်ဆိုသော အချက်ခြောက်ချက် ထားရှိခဲ့ပါသည်။ ထိုအတူ အစိုးရဖြစ်ချိန်တွင်လည်း ငြိမ်းချမ်းရေးကို အဓိကလုပ်ငန်းစဉ်တခုဖြင့် သဘောထား၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ချိတ်ဆက်နိုင်ရန်အထိ အားထုတ်ကြိုးပမ်းမှုများ ရှိခဲ့ပါသည်။ သို့သော် နောက်ပိုင်းတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမှုကို လွှတ်တော်တွင်းမှာသာ ဆောင်ရွက်ခဲ့ပါသည်။ NCA သဘောတူညီချက်အရ ရှိခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ၂၁ ရာစုပင်လုံ- ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဟု NLD အစိုးရလက်ထက်တွင် အမည် ပြောင်းလဲခဲ့ပြီး “၂၁ ရာစုပင်လုံမှ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုသို့” ဟူသည့် ဆောင်ပုဒ်ကိုလည်း ချမှတ်ခဲ့သည်။ ယင်းအပြင် ၂၀၂၀ ပြည့်နှစ်မတိုင်မီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ခြောက်ကြိမ်ပြုလုပ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆိုင်ရာ အခြေခံမူများချမှတ်ပြီး ပြည်ထောင်စုသဘောတူစာချုပ်ကို လွှတ်တော်၌ အတည်ပြုနိုင်ရန် အားထုတ်ခဲ့ပါသည်။ သို့ရာတွင် အဆိုပါ မျှော်မှန်းချက်များအတိုင်း ဖြစ်မလာခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ ယခုပြုလုပ်မည့် ၂၁ ရာစု ပင်လုံ – ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (စတုတ္ထအစည်းအဝေး) သည် NLD အစိုးရ တာဝန်ယူသည့် ငါးနှစ်သက်တမ်းကာလအတွင်း နောက်ဆုံးပြုလုပ်သည့် ငြိမ်းချမ်းရေးညီလာခံ ဖြစ်ပါသည်။ ထို့ကြောင့် ပြီးခဲ့သည့် ငါးနှစ်တာ ကာလအတွင်း အစိုးရ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှု မည်မျှ ခရီးပေါက်ခဲ့ သည်ဆိုခြင်းအား လည်ပြန်ကြည့်ရန် လိုအပ်မည် ဖြစ်ပါသည်။

ISP Peace Desk အနေဖြင့် မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှု ဖြစ်စဉ်များကို လေ့လာရာတွင် ရှုမြင်ချက် လေးရပ်ကို အခြေခံပြီး ပိုင်းခြားလေ့လာ ဆန်းစစ်မှုများ ပြုလုပ်လေ့ရှိပါသည်။ ရှုမြင်ချက် လေးရပ်မှာ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ပြုလုပ်နေချိန်၌ ဖြစ်ပေါ်ခဲ့သည့် ဆက်စပ်အခြေအနေများ (Contexts)၊ တည်ဆောက်ပုံ ဒီဇိုင်း (Design)၊ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ နိုင်ငံများ (Actors) နှင့် လုပ်ငန်းစဉ်များ (Process) တို့ ဖြစ်ကြပြီး၊ ထိုအချက်များကို အခြေခံ၍ ပိုင်းခြားလေ့လာဆန်းစစ်မှု (Analysis) ကို ပြုလုပ်ခြင်း ဖြစ်သည်။

ယခု NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်ကို ပြန်လည် သုံးသပ်ရာ၌လည်း အထက်ပါ ရှုမြင်ချက်လေးရပ်ကို အခြေခံ၍ ပိုင်းခြား လေ့လာဆန်းစစ်မှု ပြုလုပ်မည် ဖြစ်ပါသည်။

ယခု ဆက်စပ်အခြေအနေများ (Contexts) ကို အပိုင်း – ၁ အနေဖြင့် စတင်ဖော်ပြခြင်းဖြစ်ပြီး၊ ကျန်ရှိသော အပိုင်းများကို ဆက်လက်ဖော်ပြသွားပါမည်။

အသေးစိတ် ရလဒ်များ

ယခု သုံးသပ်မှုကို ပြုလုပ်နိုင်ရန်အတွက် မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျွမ်းကျင်သူများ၊ လေ့လာသုံးသပ်သူများ၊ သတင်းစာ ဆရာများ အစရှိသဖြင့် စုစုပေါင်း ၁၇ ဦးထံမှ သဘောထားအမြင် စစ်တမ်းကို ဦးစွာ ရယူခဲ့ပါသည်။ ထိုသို့ ရယူရာတွင်လည်း ပေးထားချက်များအပေါ် ဖြေကြားမှုအပြင် ၎င်းတို့က သီးသန့် ထည့်သွင်းပြောဆိုခဲ့သည့် ဆွေးနွေးချက်များကိုလည်း ထည့်သွင်းစဉ်းစားခဲ့ပါသည်။ တဆက်တည်းမှာပင် အဆိုပါ စစ်တမ်းနှင့် ဆွေးနွေးချက်များအပေါ် အခြေခံ၍ ISP Peace Desk ၏ အမှတ်ပေး အကဲဖြတ်သုံးသပ်မှု ပြုလုပ်ခဲ့ပါသည်။ ထိုသို့ အကဲဖြတ် အမှတ်ပေးရာတွင် စုစုပေါင်း အမှတ် ၁၀၀ သတ်မှတ်ထားပြီး ၀-၄၀ မှတ်အကြား ရရှိမှုကို လမ်းလွဲအခြေအနေဟု သတ်မှတ်ပါသည်၊ ၄၀-၇၀ မှတ်အကြား လမ်းကြောင်းမှန်အခြေအနေ ဖြစ်ကာ ၇၀-၁၀၀ အကြား ရမှတ်သည် ရလာဒ်ကောင်းအခြေအနေဖြစ်ပါသည်။

ကျွမ်းကျင်သူများ၊ လေ့လာသုံးသပ်သူများ၊ သတင်းစာဆရာများ၏ ဖြေကြားချက်အရ အစိုးရ၏ တိုင်းရင်းသားရေးရာ မူဝါဒများက ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သက်ရောက်မှု အခြေအနေအတွက် ဖြေဆိုသူဦးရေ စုစုပေါင်း၏ ၅၇ ရာခိုင်နှုန်းက လုံးဝ အဆင်မပြေကြောင်း၊ ၁၄ ရာခိုင်နှုန်းက အဆင်မပြေကြောင်း၊ ၁၅ ရာခိုင်နှုန်းက ကြားနေ၊ ၁၄ ရာခိုင်နှုန်းကသာ အတိုင်းအတာတခုအထိ အဆင်ပြေကြောင်း သဘောထား မှတ်ချက်ပြုခဲ့ကြသည်။ ISP Peace Desk ၏ အမှတ်ပေး အကဲဖြတ် သုံးသပ်မှုရမှတ်မှာ ၃၀ မှတ် ဖြစ်ပြီး လမ်းလွဲအခြေအနေတွင် ရှိနေသည်ဟု သတ်မှတ်ပါသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် နိုင်ငံတကာမှ ပူးပေါင်းပါဝင်မှုများ အနည်းငယ် လျော့ကျလာမှုနှင့် တရုတ်နိုင်ငံ ၏ လွှမ်းမိုးမှုအပေါ် အစိုးရ၏ တုံ့ပြန်ဆောင်ရွက်နိုင်မှု အခြေအနေအပေါ် ဖြေဆိုသူ ဦးရေစုစုပေါင်း၏ ၅၉ ရာခိုင်နှုန်းက အဆင် မပြေကြောင်း၊ ၂၄ ရာခိုင်နှုန်းက အတိုင်းအတာတခုအထိ အဆင်ပြေကြောင်း၊ ၁၁ ရာခိုင်နှုန်းက အဆင်ပြေကြောင်းနှင့် ၆ ရာခိုင်နှုန်းက ကြားနေအဖြစ် သဘောထားမှတ်ချက် ပြုခဲ့ကြသည်။ ISP Peace Desk ၏ အမှတ်ပေး အကဲဖြတ်သုံးသပ်မှုရမှတ်မှာ ၅၀ မှတ် ဖြစ်ပြီး လမ်းကြောင်းမှန်အခြေအနေတွင် ရှိနေသည်ဟု သတ်မှတ်ပါသည်။

တိုင်းရင်းသားဒေသများရှိ လက်နက်ကိုင် ပဋိပက္ခနှင့် ဆက်စပ်နေသော စစ်စီးပွားရေး အပါအဝင် လူမှုစီးပွား နောက်ခံအခြေအနေ များ (ဥပမာ-ကာစီနို၊ မူးယစ်ဆေးဝါး) အပေါ် အစိုးရ၏ တုံ့ပြန်ဆောင်ရွက်မှုများ ဖြေဆိုသူဦးရေ စုစုပေါင်း၏ ၅၉ ရာခိုင်နှုန်းက အဆင်မပြေကြောင်း၊ ၃၀ ရာခိုင်နှုန်းက လုံးဝ အဆင်မပြေကြောင်း၊ ၅ ဒသမ၅ ရာခိုင်နှုန်းက အနည်းငယ် အဆင်ပြေကြောင်းနှင့် ကျန် ၅ ဒသမ ၅ ရာခိုင်နှုန်းက ကြားနေအဖြစ် သဘောထား မှတ်ချက်ပြုခဲ့ကြသည်။ ISP Peace Desk ၏ အမှတ်ပေး အကဲဖြတ် သုံးသပ်မှုရမှတ်မှာ ၂၀ မှတ် ဖြစ်ပြီး လမ်းလွဲ အခြေအနေတွင် ရှိနေသည်ဟု သတ်မှတ်ပါသည်။

လက်နက်ကိုင် ပဋိပက္ခများကြောင့် IDPs အရေအတွက် တိုးပွားလာခြင်း၊ ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးခြင်းတို့ စသော တိုင်းရင်းသားဒေသများရှိ လူမှုဘ၀ အခြေအနေများအပေါ် အစိုးရ၏ ထိန်းကြောင်းမှု စွမ်းရည် ဖြေဆိုသူ ဦးရေ စုစုပေါင်း၏ ၅၉ ရာခိုင်နှုန်းက အဆင်မပြေကြောင်း၊ ၃၅ ရာခိုင်နှုန်းက လုံးဝ အဆင်မပြေကြောင်း၊ ကျန် ၆ ရာခိုင်နှုန်းက ကြားနေအဖြစ် သဘောထားမှတ်ချက်ပြုခဲ့ကြသည်။ ISP Peace Desk ၏ အမှတ်ပေးအကဲဖြတ်သုံးသပ်မှုရမှတ်မှာ ၁၀ မှတ် ဖြစ်ပြီး လမ်းလွဲ အခြေအနေတွင် ရှိနေသည်ဟု သတ်မှတ်ပါသည်။

တိုင်းရင်းသား လူမျိုးစုများအကြား အချင်းချင်း ဖြစ်ပွားလာသော ဘေးတိုက် အသွင်ဆောင် ပဋိပက္ခများက ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သက်ရောက်မှု ဖြေဆိုသူဦးရေစုစုပေါင်း၏ ၄၁ ရာခိုင်နှုန်းက အဆင်မပြေကြောင်း၊ ၂၉ ရာခိုင်နှုန်းက လုံးဝ အဆင်မပြေကြောင်း၊ ၁၂ ရာခိုင်နှုန်းစီက ကြားနေနှင့် အနည်းငယ် အဆင်ပြေကြောင်း၊ ကျန် ၆ ရာခိုင်နှုန်းက အဆင်ပြေကြောင်း သဘောထား မှတ်ချက် ပြုခဲ့ကြသည်။ ISP Peace Desk ၏ အမှတ်ပေး အကဲဖြတ် သုံးသပ်မှုရမှတ်မှာ ၃၀ မှတ်ဖြစ်ပြီး လမ်းလွဲ အခြေအနေတွင် ရှိနေသည်ဟု သတ်မှတ်ပါသည်။

သို့ဖြစ်ရာ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ပြုလုပ်နေချိန်တွင် ဖြစ်ပေါ်ခဲ့သည့် ဆက်စပ်အခြေအနေများ (Contexts) များနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူများ၊ လေ့လာ သုံးသပ်သူများ၊ သတင်းစာဆရာများ၏ သဘောထား စစ်တမ်း ဖြေဆိုမှု၊ သီးခြား ဆွေးနွေးမှုများ အပေါ် အခြေခံ၍ ISP Peace Desk၏ အကဲဖြတ်အမှတ်ပေးမှုအရ စုစုပေါင်း ပျမ်းမျှရမှတ် ၂၈ မှတ် ဖြစ်ပြီး လမ်းလွဲအခြေအနေတွင် ရှိနေသည်ဟု သတ်မှတ်ပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်နှင့် သက်ဆိုင်သော ဆက်စပ် အခြေအနေများသည် အားရဖွယ် မရှိခဲ့ဘဲ ငြိမ်းချမ်းရေးအတွက် ကောင်းမွန်သော အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ခြင်း မရှိကြောင်း သုံးသပ်ရပါသည်။

နောက်ခံအကြောင်းအရင်း

ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်နှင့် သက်ဆိုင်သော ဆက်စပ် အခြေအနေများက အားရဖွယ် မရှိခဲ့ဘဲ ငြိမ်းချမ်းရေး အတွက် ကောင်းမွန်သော အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ခြင်း မရှိကြောင်းကို ပေါ်လွင်စေသည့် နောက်ခံ အကြောင်းအရင်းများ ရှိနေပြီး ထိုအချက်များအား ယခုအပိုင်းတွင် ဖော်ပြပါမည်။

Contexts(ဆက်စပ်အခြေအနေများ)

မြန်မာနိုင်ငံရှိ ပြည်တွင်းစစ် ပဋိပက္ခချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို နားလည် လိုပါက ထိုကိစ္စရပ်များနှင့် ဆက်စပ်နေသော အခြေအနေများ (Contexts) ကို သိရှိ ထားသင့်ပါသည်။ ယခုဖော်ပြချက်တွင် NLD အစိုးရ လက်ထက် ပြည်တွင်းစစ် ပဋိပက္ခချုပ်ငြိမ်းရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တို့နှင့် ဆက်စပ်နေသော အခြေအနေများကို ဖော်ပြပါမည်။ ထိုအခြေအနေများကလည်း ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်အပေါ် သက်ရောက်မှု ရှိခဲ့ပြီး တိုင်းရင်းသားများ၏ ယုံကြည်မှုနှင့်လည်း တိုက်ရိုက် အချိုးကျနေပါသည်။ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး ကြိုးပမ်းမှုနှင့် ချိတ်ဆက်လျက် ရှိနေသည့် ဆက်စပ် အခြေအနေများစွာရှိမည် ဖြစ်သော်လည်း ယင်းတို့အနက် အရေးပါသည့် အချက်ငါးချက်ကို ကောက်နုတ်ဖော်ပြလိုပါသည်။ ထိုအချက်များမှာ –

(၁) အစိုးရ၏ တိုင်းရင်းသားရေးရာ မူဝါဒ
(၂) ပထဝီနိုင်ငံရေး
(၃) စစ်စီးပွားရေး အပါအဝင် လူမှုစီးပွား နောက်ခံအခြေအနေ
(၄) လက်နက်ကိုင်ပဋိပက္ခ
(၅)တိုင်းရင်းသားလူမျိုးစုများ အချင်းချင်းအကြား ပြဿနာ အစရှိသည်တို့ကို အကျဉ်းမျှ တင်ပြပါမည်။

အစိုးရ၏ တိုင်းရင်းသားရေးရာ မူဝါဒ

ပြည်တွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်နှင့် ဆက်စပ်နေသော အချက်တခုမှာ အစိုးရ၏ တိုင်းရင်းသားရေးရာ မူဝါဒ ဖြစ်ပါသည်။ NLD အစိုးရလက်ထက်တွင် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ပြီး၊ ၂၀၁၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သော တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေအတွက် နည်းဥပဒေများကို ၂၀၁၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပါသည်။ သို့သော် ဝန်ကြီးဋ္ဌာန၏ အားထုတ်မှုနှင့် ဥပဒေများ ၏ အကျိုး သက်ရောက်မှုကို တိုင်းရင်းသားများ သိသာစွာ ခံစားခွင့် မရှိခဲ့ပေ။ ပိုဆိုးသည့် အချက်တခုမှာ လက်ရှိ လုပ်ဆောင်နေသော ငြိမ်းချမ်းရေး အားထုတ်မှု ဖြစ်စဉ်တွင် တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနအနေဖြင့် (အရေးပါသော) မည်သည့် အခန်းကဏ္ဍ၌ ပါဝင်ဆောင်ရွက်နေသည်ကို သဲသဲကွဲကွဲ မသိရှိရခြင်းပင် ဖြစ်သည်။ ယခု လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် မျက်ခြေပြတ်မှုများပင် ရှိနေသည်ဟု ဝန်ကြီးဌာန အကြီးတန်း အရာရှိတဦးက ဝန်ခံပြောဆိုခဲ့ဖူးပါသည်။

NLD ပါတီအနေဖြင့် ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် တိုင်းရင်းသားအရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ဦးစား ပေးဆောင်ရွက်မည်ဟု ထည့်သွင်းထားခဲ့ရာ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီးနောက် ဝန်ကြီးဌာန ၂၁ ခုဖြင့် အစိုးရ အဖွဲ့ ဖွဲ့စည်းခဲ့ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပါဝင်လာခဲ့သည်။

တိုင်းရင်းသားများ၏အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရန် မျှော်မှန်းချက်ဖြင့် ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် လက်ရှိလေးနှစ်ကျော် သက်တမ်းအတွင်း ၎င်းတို့၏ မူဝါဒလုပ်ငန်းစဉ်များကို ပြည့်မှီအောင် လုပ်ဆောင်နိုင်စွမ်း မရှိသလောက် နည်းပါးခဲ့ပါသည်။

မွန်ပြည်နယ်ရှိ ချောင်းဆုံတံတား အမည်ပေးခြင်း ကိစ္စ၊ ကယားပြည်နယ် လွိုင်ကော်မြို့၌ ဗိုလ်ချုပ် ကြေးရုပ် စိုက်ထူ ခြင်းစသည့် အစိုးရနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများအကြား တင်းမာမှုများတွင် ဝန်ကြီးဌာနအနေဖြင့် ဝင်ရောက် ဖြေရှင်းပေနိုင်ခြင်း မရှိခဲ့သည့် နည်းတူ ကြားဝင် ညှိနှိုင်းဆောင်ရွက်မှုလည်း မရှိခဲ့ပေ။ အဆိုပါ အငြင်းပွား မှုများတွင် ဒေသခံပြည်သူများ၏ အခွင့်အရေးနှင့် သဘောထားအပေါ် ပြည်ထောင်စု အစိုးရအဖွဲ့၏ အလေး အနက်မထားမှု၊ ညှိနှိုင်းအလျော့ပေးမှု မရှိခဲ့သည်ကိုလည်း အထင်အရှား တွေ့မြင်ခဲ့ရသည်။ ယင်းအချက်ကလည်း NLD အစိုးရအပေါ် ဌာနေ တိုင်းရင်းသားများ ထားရှိသည့် သဘောထားကို သက်ရောက်မှုရှိစေခဲ့ပါသည်။ တဆက် တည်းအနေဖြင့် မွန်ပြည်နယ်နှင့် ကယားပြည်နယ်တို့မှ ဌာနေတိုင်းရင်းသားများ၏ ခံစားချက်များက ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်း၌ ပါဝင်ဆောင်ရွက်နေသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် မွန်ပြည်သစ်ပါတီ (NMSP/MNLA) အဖွဲ့တို့၏ လှုပ်ရှားဆောင်ရွက်မှုများအပေါ် သက်ရောက်ခဲ့ပါသည်။

ထို့ပြင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှာ ၀ ဒသမ ၀၂ ရာခိုင်နှုန်းဖြင့် ပြည်ထောင်စုအစိုးရ၏ ဘက်ဂျက်ခွဲဝေမှုတွင် နှစ်စဉ် ဒုတိယအနည်းဆုံးအဖြစ် ရပ်တည်နေပါသည်။ ထိုကဲ့သို့ ဝန်ကြီးဌာနများ အလိုက် အသုံးစရိတ်ရရှိမှုတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနအထက် ဒုတိယအနည်းဆုံးရရှိသည့် စာရင်း ဝင်ခဲ့ ခြင်းက တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအပေါ် အစိုးရအဖွဲ့၏ ဘက်ဂျက်ပံ့ပိုးမှု အားနည်းခြင်းကို ညွှန်ပြနေသည်။ ဝေးလံခေါင်သီသော တိုင်းရင်းသားဒေသများတွင် လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရန်ရည်သန် ထားသော ဝန်ကြီးဌာန၏ မျှော်မှန်းချက်နှင့် တန်းတူညီမျှရေးမှာ မေးခွန်းထုတ်စရာ ဖြစ်သည်။

နောက်ထပ် ထင်ရှားသော ဆက်စပ်အခြေအနေတခုမှာ ရခိုင်ပြည်နယ်အရေးပင် ဖြစ်ပါသည်။ ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားပါတီ (ANP) က မဲဆန္ဒနယ် အများဆုံး အနိုင်ရခဲ့သော်လည်း ဝန်ကြီးချုပ်တာဝန် မရရှိခဲ့ဘဲ NLD ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးညီပုကိုသာ ဝန်ကြီးချုပ်အဖြစ် သမ္မတက အမည်စာရင်းတင်သွင်း ရွေးချယ်ခဲ့သည့်အတွက် ပါတီနိုင်ငံရေး အားပြိုင်မှုများ စတင်ပေါ်ပေါက်ခဲ့သည်။ ထို့နောက် မြောက်ဦးပဋိပက္ခ ဖြစ်စဉ်အကြမ်းဖက်ဖြိုခွင်းမှုနှင့်အတူ ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်နှင့် ရခိုင်တိုင်းရင်းသား စာရေးဆရာ ဝေဟင်အောင်တို့ကို နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်ခြင်း အစရှိသည်တို့ ဖြစ်ပွားခဲ့ပြီးနောက် NLD အစိုးရ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ကြိုးပမ်းမှုအပေါ် ရခိုင်တိုင်းရင်းသားများ၏ သံသယ ပို၍ကြီးထွားစေခဲ့ပါသည်။ ထိုအခြေအနေများ ဖြစ်ပွားပြီး နောက်ပိုင်း ရခိုင်လက်နက်ကိုင် (AA) အဖွဲ့ ပို၍ အားကောင်းလာသည်မှာလည်း သတိပြုဖွယ်ရာ ဖြစ်သည်။

ထို့ပြင် အစိုးရက လုံခြုံရေး အကြောင်းပြချက်ဖြင့် ၂၀၁၉ ဇွန်၂၀ ရက်မှစ၍ ရခိုင်ပြည်နယ်(မြောက်ပိုင်း) ရှိ မြို့နယ် ခုနစ်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်လိုင်း များ ဖြတ်တောက်ခဲ့ခြင်းမှာလည်း ဒေသခံတိုင်းရင်းသားများအပေါ် မမျှတသည့် ဆုံးဖြတ်မှု ဖြစ်ခဲ့သည်။ ယင်းကဲ့သို့ ဖြတ်တောက်ခြင်းကြောင့် အဆိုပါဒေသများရှိ ပြည်သူများမှာ လက်နက်ကိုင် ပဋိပက္ခ နှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကြား ကျန်းမာရေး၊ စီးပွားရေး၊ လှုမှုရေး၊ ပညာရေးနှင့် လုံခြုံရေးများ ထိခိုက်နေရကြောင်း ပြည်တွင်း၊ ပြည်ပအရပ်ဘက် အဖွဲ့အစည်းများနှင့် ရခိုင်နိုင်ငံရေး ပါတီများက ထောက်ပြခဲ့ကြသည်။ အင်တာနက် ပြန်ဖွင့်ပေးရန် အကြိမ်ကြိမ် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသော်လည်း အစိုးရမှ တနှစ်ကျော် ကြာသည်အထိ လိုက်လျော မပေးခဲ့ဘဲ ယခုဩဂုတ်လ ဆန်းတွင် 2G စနစ်သာ ပြန်ဖွင့်ပေးခဲ့သောကြောင့် အင်တာနက်သုံးစွဲရာတွင် အခက်အခဲများ ရှိနေဆဲဖြစ်သည်။

ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဖြစ်ပွားခဲ့သောကိစ္စများသာမက မကြာသေးမီက ရန်ကုန်မြို့တွင် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခွင့်ပြုပြီး နောက်ပိုင်းတွင် ကျင်းပခွင့်မ ပေးတော့ဘဲ ငြိမ်းစုစီဥပဒေဖြင့် အရေးယူမှုပြုလုပ်ခဲ့ခြင်း ဖြစ်စဉ်ကလည်း တိုင်းရင်းသားများအကြား နာကျင်စရာများ ဖြစ်ခဲ့ကြရပါသည်။

တိုင်းရင်းသားဒေသများတွင် ဖြစ်ပေါ်ခဲ့သော ဆန္ဒပြမှုများကလည်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်များအပေါ် ရိုက် ခတ်မှုများ ရှိခဲ့ပါသည်။ ၂၀၁၇ ခုနှစ်အတွင်းက မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဖြစ်ခဲ့သော ဆန္ဒပြမှု၌ ဒေသခံ သောင်းချီပါဝင်ခဲ့သည့် နည်းတူ၊ ၂၀၁၉ ခုနှစ်က ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဖြစ်ခဲ့သော ဆန္ဒပြမှုများတွင် ဒေသခံ ၃၀၀၀ ခန့်ပါဝင်ခဲ့ကြသည်။ ကယားပြည်နယ်တွင်ဖြစ်ခဲ့သော ဆန္ဒပြမှုတွင်မူ ရဲတပ်ဖွဲ့က ရော်ဘော်ကျည်ဆံ သုံး၍ ပစ်ခတ်ဖြိုခွင်းခဲ့မှုများ ရှိခဲ့သည်။ အဆိုပါ ဆန္ဒပြမှုများသည် အစိုးရကို တိုက်ရိုက်ဦးတည်ခဲ့သော်လည်း ယခု နှစ်အတွင်း တိုင်းရင်းသားဒေသများတွင် ဆက်တိုက် ဖြစ်ခဲ့သည့် ဆန္ဒပြမှုများက တပ်မတော်ကို တိုက်ရိုက် ဦးတည် ခဲ့ပါသည်။ အထူးသဖြင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ရှမ်းပြည်နယ် ကျောက်မဲမြို့တွင် ဖြစ်ခဲ့သည့် ဆန္ဒပြမှုနှင့် ကရင်ပြည်နယ် ဖာပွန်မြိုဲ့တွင် ဖြစ်ခဲ့သော ဆန္ဒပြမှုတို့သည် တပ်မတော်ကို တိုက်ရိုက် အရေးဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆန္ဒပြပွဲနှစ်ရပ်လုံးသည် အရပ်သားများ ထိခိုက်သေဆုံးခဲ့ရခြင်းကြောင့် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ဖာပွန်ဆန္ဒပြပွဲတွင် တပ်မတော်စစ်စခန်းများ ရုတ်သိမ်းပေးရန် တောင်းဆိုသည်အထိ အရေးဆိုမှုများ ရှိခဲ့ပါသည်။

ပထဝီနိုင်ငံရေး

ပထဝီနိုင်ငံရေးအရ စီးပွားရေးအင်အားကြီးနှစ်နိုင်ငံဖြစ်သော တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား တည်ရှိနေပြီး အကျိုးစီးပွားအရ ပူးပေါင်းဆက်ဆံမှုများကို NLD အစိုးရလက်ထက်တွင် တွေ့မြင်ခဲ့ရ သည်။

မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ နယ်စပ်ထိစပ်မှု မိုင် ၁၃၀၀ ကျော်ရှိသည့် တရုတ်နိုင်ငံ အနေဖြင့် ယခင်မြန်မာ အစိုးရများ လက်ထက်တွင် အကျိုးစီးပွားများစွာ ဖော်ဆောင်နိုင်ခဲ့သကဲ့သို့ NLD အစိုးရလက်ထက်တွင် လည်း ၎င်းတို့၏ အကျိုးစီးပွားကို ဆက်လက်ရယူနိုင်ခဲ့သည်။ တရုတ်-မြန်မာစီး ပွားရေး စင်္ကြံ (CMEC) ကို အကောင်အထည်ဖော် ရန် နှစ်နိုင်ငံသဘောတူညီမှု ရခဲ့သည်။ ကားလမ်း၊ ရထားလမ်းများကို တရုတ်- မြန်မာရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနှင့်အပြိုင် မူဆယ်မှ စ၍ အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်းရှိ ကျောက်ဖြူအထိ စီမံကိန်းများ ရေးဆွဲထားပြီး ဖြစ်ပါသည်။

တရုတ်-မြန်မာစီးပွားရေးစင်္ကြံသည် တရုတ်၏ ရပ်ဝန်းလမ်းကြောင်းစီမံကိန်းကြီး(BRI) နှင့်လည်း ချိတ်ဆက်လျက်ရှိသည့်အပြင် သမုဒ္ဒရာနှစ်စင်းမဟာ ဗျူဟာ(Two Oceans Strategy)နှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါနေသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များစွာသည် ယခုကဲ့သို့ တရုတ်၏ အကျိုးစီးပွားများစွာကို ဖော်ဆောင်နိုင်မည့် စင်္ကြံလမ်းတလျှောက်တွင် တည်ရှိလျက်ရှိပါသည်။ ထို့ကြောင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရုတ်နိုင်ငံအတွက် ပို၍ အလေးထားစရာ ဖြစ်လာပါသည်။

မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မှု ရှိနေသည့် တရုတ်နိုင်ငံအနေဖြင့် အာရှ ရေးရာ အထူးကိုယ်စားလှယ်အဖြစ် မစ္စတာဆွန်းကော်ရှန်ကို ၂၀၁၅ ခုနှစ်တွက် စတင်ခန့်အပ်ခဲ့ပြီး အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ကြား၀င်စေ့စပ်ပေးလျက်ရှိပါသည်။ NLD အစိုးရ တာဝန်ယူပြီးချိန်မှစ၍ မစ္စတာဆွန်းကော်ရှန်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ၁၁ ကြိမ်ထက်မနည်း တွေ့ဆုံ ခဲ့သကဲ့သို့ မြန်မာအစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့်လည်း အကြိမ်ကြိမ်တွေ့ဆုံခဲ့သည်။

ယခု အစိုးရလက်ထက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစု-ပင်လုံ) အစည်းအဝေးကို သုံးကြိမ် ကျင်းပခဲ့ရာ မစ္စတာ ဆွန်းကော်ရှန် အနေဖြင့် နှစ်ကြိမ်တက်ရောက်ခဲ့ပြီး မူလက တက်ရောက်ရန် ငြင်းဆန် ထားသော မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များကို တရုတ်အစိုးရ‌ လေယာဉ်ဖြင့် နှစ်ကြိမ်တိုင် လုံခြုံရေးတာဝန်ယူ ခေါ်ဆောင်ပြီး ပင်လုံအစည်းအဝေး တက်ရောက်စေခဲ့ ပါသည်။ အဆိုပါဖြစ်စဉ်များကို ထောက်ရှုလျှင် တရုတ်၏ ရပ်တည်ချက်မှာ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် အပေါ် သက်ရောက်မှုကြီးကြီးမားမား ဖြစ်စေနိုင်ခြင်းကို တွေ့ရသည်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမေရိကန်ဒေါ်လာ သုံးသန်းအထိ အကူအညီပေးရန် ကတိပြုထားသည့် တရုတ်အစိုးရအနေဖြင့် NRPC သို့ ငွေကြေးအပြင် မော်တော်ယာဉ်များလည်း ထောက်ပံ့ပေး ခဲ့သည်။

အလားတူ အိန္ဒိယနိုင်ငံဘက်ကလည်း ၎င်းတို့၏ အဓိကနိုင်ငံခြားရေး မူဝါဒ နှစ်ရပ်ဖြစ်သည့် “ အရှေ့ တွင် လှုပ်ရှားရေး (Act East)” and “အိမ်နီးချင်းက ပထမ (Neighborhood First)” တို့၏ ဆုံချက်ရှိ ဗျူဟာမြောက် ပထဝီနိုင်ငံရေးအနေအထားတွင် ရှိနေသည့် မြန်မာနိုင်ငံအပေါ် ဆက်ဆံရေးတိုးမြှင့်လာ ခဲ့သည်။

၎င်းတို့၏ ဒေသတွင်း အဓိကပြိုင်ဘက်ဖြစ်သည့် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံတွင် ပြုလုပ်မည့် စီမံကိန်းများနှင့်အပြိုင် အိန္ဒိယကလည်း အရှေ့ပိုင်းဆိပ်ကမ်း ကူလ်ကတ္တားနှင့် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ချင်းပြည်နယ်ရှိ ပလက်ဝနှင့် အိန္ဒိယနိုင်ငံ အာသံပြည်နယ်တို့ကို ဆက်သွယ်ပေးမည့် ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းမှတဆင့် ဘင်္ဂလားပင်လယ်အော်သို့ ရောက်ရှိရေးကို ကြိုးပမ်းနေသည်။

ထို့ပြင် စစ်ဘက်ဆက်ဆံရေးအားကောင်းရန်လည်း ကြိုးစားလာခဲ့ပြီး အိန္ဒိယနိုင်ငံတွင် မြန်မာ့ တပ်မတော်အရာရှိများကို လေ့ကျင့်သင်တန်းပေးရုံသာမက ရေငုပ်သင်္ဘောတစီး လွှဲပြောင်းပေးခဲ့ပြီး တော်ပီဒိုအပါအဝင် ခေတ်မီလက်နက်များလည်း ရောင်းချပေးခဲ့သည်။

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းမှုများ၌ ဆက်စပ်အခြေအနေတခုဖြစ်သော ပထဝီနိုင်ငံရေး အခင်း အကျင်းတွင် တရုတ်နိုင်ငံ၏ သက်ရောက်မှုက ပို၍ ကြီးမားလာသည်ကို ငြင်းပယ်ရန် ခက်ခဲပါ သည်။ ဥပမာအား ဖြင့် USDP အစိုးရလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်တွင် ကုလသမဂ္ဂ (UN) နှင့် အမေရိကန် အစရှိသော အနောက်အုပ်စုများ၏ ပါဝင်ပတ်သက်မှုကို ထင်ရှားစွာ မြင်တွေ့ရသည့်တိုင် NLD အစိုးရလက်ထက်တွင် မြောက်ပိုင်းမဟာမိတ်များ (FPNCC) ကိစ္စမှသည် ပြည်ထောင်စုငြိမ်းချမ်း ရေး ညီလာခံအထိ သက်ရောက်မှုတွင် တရုတ်၏ ပါဝင်သက်မှုက ပို၍ ကြီးမားလာခဲ့ပါသည်။

စစ်စီးပွားရေး အပါအဝင် လူမှုစီးပွား နောက်ခံအခြေအနေ

ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ဆို့နေခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ရေရှည်ဝင်ငွေရပေါက်ရလမ်း ရှိသော လုပ်ငန်းများကို လုပ်ကိုင် လာကြသည်။ ဝ၊ မိုင်းလား၊ ကိုးကန့်စသည့် တရုတ်နယ်စပ်တွင် ကာစီနိုလုပ်ငန်းများ ပေါ်ပေါက်လာပြီး တရုတ်နယ်စပ်မဟုတ်သော်လည်း တရုတ်ရင်းနှီးမြှုပ်နှံမှုများပါဝင်ပြီး နယ်ခြားစောင့်တပ် ထိန်းချုပ်ရာ နယ်မြေ ဖြစ်သော ရွှေကုက္ကိုမြို့သစ်မှာ ကာစီနိုလုပ်ငန်းနှင့် ပတ်သက်၍ လူပြောအများဆုံး စီမံကိန်းတခု ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာ ကျဆင်းလျက်ရှိသော်လည်း အာဖဂန်နစ္စတန်နိုင်ငံပြီးလျှင် ကမ္ဘာတွင် ဒုတိယအများဆုံး စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံ ဖြစ်နေသေးသည့်အပြင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်းများလာပြီး မက်သာဖက်တမင်း(Methamphetamine) နှင့် အိုက်စ်(ICE) များ အပါအဝင် မူးယစ်ဆေးဝါးထုတ်လုပ်မှုများ တိုးလာသည်ဟု နိုင်ငံတကာသုတေသန စာတမ်းများက ဆိုသည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီမှ ဧပြီလအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဆက်တိုက်ဖမ်းဆီးရမိခဲ့သော မူးယစ် ဆေးဝါးနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာ၌ အသုံးပြုသော ပစ္စည်းများ ဖမ်းဆီးရမှုသည့် အရှေ့တောင်အာရှ ဒေသ တွင်းသာမက အရှေ့အာရှ ဒေသတွင်း အများဆုံးအနေဖြင့် စံချိန်တင်ခဲ့ပါသည်။ ပို၍ အဆင့်မြင့်လာသော မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းလုပ်ငန်းများတွင် ဘိန်းစိုက်ခင်းများမှ ရရှိသော ကုန်ကြမ်းများကို အမြောက်အမြား အသုံးပြုရန် လိုအပ်ခြင်းမရှိဘဲ သက်ဆိုင်ရာ ဓာတုပစ္စည်းများကို ကျွမ်းကျင်သူက ပေါင်းစပ်ထုတ်လုပ်ပေးခြင်းဖြစ်သည်။ ကုန်ကြမ်းနှင့် ကျွမ်းကျင်သူများသည် တရုတ်နိုင်ငံမှ ဝင်ရောက်လာခြင်းဖြစ်ပြီး နယ်စပ်တလျှောက် အပစ်ရပ်စဲထားသော အဖွဲ့များသာမက အပစ်ရပ်စဲထားခြင်း မရှိသောအဖွဲ့များနှင့် နယ်ခြားစောင့်တပ်များ၊ ပြည်သူ့စစ်များ ဟူသည့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိန်းချုပ်ရာဒေသများတွင် ထုတ်လုပ်လျက်ရှိသည်။

အဆိုပါ ဒေသများရှိ မူးယစ်ဆေးဝါး၊ ကာစီနို စသည့်လုပ်ငန်းများသည် အခွန်အခအရရော အချုပ်အခြာ အာဏာအရပါ မြန်မာအစိုးရ၏ ထိန်းချုပ်နိုင်စွမ်း ပြင်ပသို့ ရောက်ရှိနေသော ပြဿနာများဖြစ်သည်။ ဝင်ငွေကောင်းသော လုပ်ငန်းများဖြစ်ခြင်းကြောင့် လက်နက်တပ်ဆင်မှု ပိုမိုများပြားလာပြီး လက်ရှိ ဖြစ်ပေါ်နေသော လက်နက်ကိုင် ပဋိပက္ခများကို ပိုမိုပြင်းထန်စေနိုင်သည့်အပြင် ပဋိပက္ခအတွင်းမှ တဦးတဖွဲ့ အကျိုးစီးပွားကို ဖြစ်ထွန်းစေသောကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်ရေးကို ခြိမ်းခြောက် လျက်ရှိသည်။

လက်နက်ကိုင်ပဋိပက္ခ

ယခုအစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ဆောင်မည်ဟု ကြွေးကြော်ခဲ့သော်လည်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်း ချင်းအကြား လက်နက် ကိုင်ပဋိပက္ခများမှာ လျော့ကျမသွားခဲ့ပေ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်အကြားတွင် ဖြစ်စေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အ ချင်းချင်းအကြားတွင် ဖြစ်စေ တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်ပြီး၊ ထူးခြားချက်အနေဖြင့် တပ်မတော် က အပစ်ရပ်ကြေညာထားသည့် ကာလများအတွင်းမှာပင် တိုက်ပွဲများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ထိုအခြေအနေကလည်း တပ်မတော်၏ အပစ်ရပ်ကြေညာမှုများ အခြေအနေနှင့် ဆက်စပ်နေသော အကြောင်းအရာများအပေါ် ဆက်လက် လေ့လာစရာများ ဖြစ်စေခဲ့ပါသည်။

တပ်မတော်က ၂၀၁၈ ဒီဇင်ဘာမှ စပြီး စစ်တိုင်း ငါးခုတွင် အပစ်ရပ်ကြေညာမှုများ ပြုလုပ်ခဲ့သော်လည်း အပစ်ရပ် လက်မှတ်မထိုးထားသည့် အဖွဲ့များနှင့်သာမက အပစ်ရပ်လက်မှတ်ထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ မွန်ပြည်သစ် ပါတီ (NMSP/MNLA) အဖွဲ့များနှင့်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။

တပ်မတော်၏ အပစ်ရပ် ၉ လတာကာလအတွင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား တိုက်ပွဲဖြစ်ပွားမှု ၂၂၂ ကြိမ် ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းဖြစ်ပွားမှု ၄၅ ကြိမ်ရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။ စစ်ရှိန်မြင့်လာခဲ့သည့် ၂၀၁၉ နှစ်ဆန်းမှစ၍ လက်ရှိအချိန်ထိ ပြည်တွင်းတွင် တိုက်ပွဲ ၁၅၀၀ ကျော်ဖြစ်ပွားခဲ့ပြီး အရပ်သား ၃၀၀ ကျော်သေဆုံး၊ ၈၀၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ရှောင်ဒုက္ခသည် လေးသိန်းအထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း စစ်တမ်းများအရ သိရသည်။ တိုက်ပွဲများ ဖြစ်ပွားရာတွင် အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ မွန်ပြည်သစ် ပါတီ (NMSP/MNLA) တို့နှင့်ပါ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ယခုအစိုးရသက်တမ်းအတွင်း တိုက်ပွဲ အပြင်းထန်ဆုံးဖြစ်ပွားနေသည်မှာ ၂၀၀၉ ခုနှစ်က စတင် တည်ထောင်ခဲ့သည့် AA အဖွဲ့နှင့် တပ်မတော်တို့အကြား ဖြစ်သည်။ လိုင်ဇာတွင် အခြေပြုခဲ့သည့် AA အဖွဲ့ သည် အင်အားကြီးထွားလာခဲ့ပြီးနောက် ၂၀၁၉ ဇန်နဝါရီမှ စတင်၍ ရခိုင်ပြည်နယ်(မြောက်ပိုင်း) တွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာခဲ့သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ အလယ်ပိုင်းမြို့နယ်များနှင့် ချင်းပြည်နယ်(တောင်ပိုင်း) ပလက်၀ဒေသအထိ စစ်ဘောင်ကျယ်ပြန့်လာခဲ့ခြင်းနှင့်အတူ စစ်ရှောင်ဒု က္ခသည်အရေအတွက်မှာလည်း သိန်းချီ ရှိလာပြီ ဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခနှင့်အတူ စစ်ရှောင်ဒုက္ခသည်များအရေးအပြင် တိုက်ပွဲများအတွင်း အရပ်သား ထိခိုက်သေဆုံးမှုများကလည်း မြင့်တက်လာခဲ့သည်ကို မှတ်တမ်းများအရ သိနိုင်သည်။

အလားတူ ရခိုင်ပြည်နယ်(မြောက်ပိုင်း) လူနေဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားနေ၍ မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ စေတီများအပါအဝင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ အက်ကွဲ ပျက်စီးလာသည်ကလည်း စိုးရိမ်စရာ အခြေအနေတရပ် ဖြစ်လာသည်။ မြောက်ဦးဒေသတွင်သာမက ရခိုင်ပြည်နယ်ရှိ အခြားရှေးဟောင်းဘုရားစေတီများမှာလည်း လက်နက်ကြီးဒဏ်၊ မိုင်းဒဏ်များကြောင့် ပျက်စီးမှုများ နေ့စဉ်ကြုံတွေ့နေရသည်။

NCA လက်မှတ်ထိုး အဖွဲ့များဖြစ်သည့် KNU၊ RCSS/SSA၊ NMSP/MNLA တို့နှင့်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ရာ အဆိုပါတိုက်ပွဲများအတွင်း ဒေသခံရာနှင့်ချီ နေ့ရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသည့်အပြင် အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။

တိုင်းရင်းသားလူမျိုးစုများ အချင်းချင်းအကြား ပြဿနာ

စစ်ဘောင်ကျယ်ပြန့်လာမှုနှင့်အတူ ပဋိပက္ခဖြစ်ပွားရာဒေသများအတွင်းရှိ တိုင်းရင်းသားလူမျိုးစုများအကြား လူ့အခွင့်အရေး ချိုးဖောက်မှုအပါအဝင် ပြဿနာများ ကြီးထွားလာသည်ကို တွေ့မြင်ရသည်။

ချင်းပြည်နယ် ပလက်၀ဒေသတွင် ဖြစ်ပေါ်ခဲ့သည့် ဒေသခံ ချင်းတိုင်းရင်းသားများအပေါ် ရခိုင်လက် နက်ကိုင်အဖွဲ့ (ULA/AA)၏ ကျူးလွန်မှုများကြောင့် ၎င်းတို့ကို လက်နက်တပ်ဆင်ပေးရန် ချင်းလူမျိုးများက တောင်းဆိုမှုများ ရှိလာခဲ့သည်။ AA အဖွဲ့က ကျူးလွန်ခဲ့မှုများအနက် ချင်းလွှတ်တော်အမတ်တဦးကို နှစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းမှာ ထင်ရှားသည့်ဖြစ်စဉ်တခုဖြစ်ခဲ့ပြီး တရုတ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အပြီးမှ ပြန်လွှတ်ပေးခဲ့ခြင်းမှာလည်း စိတ်ဝင်စားစရာဖြစ်ခဲ့သည်။

အလားတူ ကချင်ပြည်နယ်အတွင်း ကချင်လက်နက်ကိုင်အဖွဲ့ KIO/KIA က ရှမ်းနီလူမျိုးများအပေါ် ပြစ်မှု ကျူးလွန်ခြင်းကြောင့် နှစ်ဖက်လူ့အဖွဲ့အစည်းများအကြား တင်းမာမူများ ရှိနေသည်။ သတိပြုစရာအဖြစ် ပြီးခဲ့သည့် ဇူလိုင်လအတွင်း KIA တပ်ဖွဲ့ဝင်များက ရှမ်းနီကျောင်းသားနှစ်ဦးကို ဖားကန့်မြို့နယ်တွင် ဖမ်းဆီးသတ် ဖြတ်ခဲ့ခြင်းအပေါ် ရှမ်းနီအရပ်ဘက်အဖွဲ့အစည်းများက လူမျိုးရေးပဋိပက္ခ ဖြစ်လာနိုင်ကြောင်း ကြေညာချက်များ ထုတ်ပြန်၍ ၎င်းတို့၏ သဘောထားကို ပြသခဲ့ကြခြင်းက သက်သေပြ နေသည်။

ထို့ပြင် NCA လက်မှတ်ထိုးထားသည့် အဖွဲ့အစည်းနှစ်ခု ဖြစ်သည့် KNU နှင့် မွန်ပြည်သစ်ပါတီတို့မှာ လည်း နယ်မြေအငြင်းပွားမှုကြောင့် မွန်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်လည်း PSLF/TNLA အဖွဲ့နှင့် NCA လက်မှတ်ထိုးထားသည့် RCSS/SSA အဖွဲ့တို့အကြား လှုပ်ရှားနယ်မြေ အငြင်းပွား၍ စစ်ရေး ပဋိပက္ခ ဖြစ်ပွားနေရာ နှစ်ဖက် တွေ့ဆုံ ဆွေးနွေးရန် မူဝါဒများ ချမှတ်ထားသော်လည်း ညှိနှိုင်းနိုင်ခြင်း မရှိသေးပေ။ အဆိုပါ စစ်ရေး ပဋိပက္ခအတွင်း နှစ်ဖက်တပ်ဖွဲ့များ၏ သံသယအဝင်ခံရသည့် အရပ်သားများ ဖမ်းဆီး ရိုက်နှက်ခံခဲ့ရပြီး ယင်းဒေသရှိ ရှမ်းနှင့် တအာင်းပလောင်လူမျိုးများအကြားလည်း တင်းမာမှုအချို့ ရှိခဲ့သည်။

အထက်ပါ အချက်အလက်ဖော်ပြချက်များမှာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခနှင့် ဆက်စပ်လျက်ရှိ သည့် အခြေအနေများစွာအနက်မှ သတိပြုဖွယ်ရာ အကြောင်းအရာကဏ္ဍများကို ကောက်နုတ်တင်ပြထားခြင်း ဖြစ်သည်။ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ထင်သာမြင်သာရှိသော အကျပ်အတည်းများစွာ ရှိသကဲ့သို့ ပဋိပက္ခနှင့် ဆက်စပ်အခြေအနေများကလည်း မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် အကျိုးသက်ရောက်များစွာ ရှိနေသည့်အချက်မှာ ပါဝင်ပတ်သက်သူ အစုအဖွဲ့များအကြား သတိပြု ဆင်ခြင်စရာ ဖြစ်ပါသည်။

အာဏာရပါတီ၏ လွှတ်တော်အတွင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးတွင် တိုင်းရင်းသားပါတီများ၏ ပါဝင်ဆွေးနွေးခွင့် နည်းပါးမှုနှင့် တိုင်းရင်းသား အခွင့်အရေး တောင်းဆိုမှုများ( ဥပမာ- ပုဒ်မ-၂၆၁ ပြင်ဆင်ရာတွင် ကန့်ကွက်ခဲ့ခြင်း)ကို လစ်လျူရှုမှုများသည် တိုင်းရင်းသားများအတွက် စိတ်ပျက်စရာ အခြေအနေများ ဖြစ်ပေါ်စေခဲ့ပြီး ဝေဖန်မှုများလည်း ရှိခဲ့သည်။ ထိုအခြေအနေနှင့် ဆက်စပ်၍ ၂၀၂၀ ရွေးကောက်ပွဲအတွက် တိုင်းရင်းသားဒေသများတွင် ပြည်နယ်အခြေစိုက် ပါတီများ ဝင်ရောက်ယှဉ်ပြိုင်မှု များပြားလာပြီး ၁၉၉၀ ရွေးကောက်ပွဲမှ စတင်ကာ NLD ပါတီနှင့် မဟာမိတ်ပြုခဲ့သည့် တိုင်းရင်းသား ပါတီများကပင် ထိပ်တိုက်ပြိုင်ဆိုင်မှုများ ရှိလာခဲ့ပြီဖြစ်သည်။