ကျိုင်းတုံဆွေးနွေးပွဲနှင့် ဖြစ်နိုင်ခြေ အလားအလာသုံးရပ်

Post By Nay Htun Naing, On September 16, 2019

ကျိုင်းတုံဆွေးနွေးပွဲနှင့် ဖြစ်နိုင်ခြေ အလားအလာသုံးရပ်

အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ လေးဖွဲ့အကြား အလှည့်အပြောင်းတခု ဖြစ်လာနိုင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို စက်တင်ဘာ ၁၇ ရက် (မနက်ဖြန်) မှာ ပြုလုပ်ပါမယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမှာ ပြုလုပ်မယ့် ဒီဆွေးနွေးပွဲဟာ သြဂုတ် ၃၁ ရက်က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ အဆက်လို့ ဆိုနိုင်ပါတယ်။ ဒီဆွေးနွေးပွဲက တဆင့် တိုးတက်မှု ရနိုင်သလို၊ ပဋိပက္ခ စက်ဝန်းထဲ ပြင်းထန်တဲ့ အခြေအနေတွေ ထပ်ဖြစ်လာနိုင်ခြေလည်း ရှိနေပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ၁၇ ရက်တာ ကာလအတွင်း ကျိုင်းတုံ ဆွေးနွေးပွဲ ထပ်ဖြစ်ခဲ့တာကို ကြည့်ရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်စေဖို့ ကြီးမားတဲ့ တွန်းအားတရပ် ရှိနေတာ မြင်သာပါတယ်။ ဒီအချက်ကို ဆောင်းပါးရဲ့ ပထမပိုင်းမှာ တင်ပြမှာ ဖြစ်ပြီး၊ ဆွေနွေးပွဲက တဆင့် ဖြစ်နိုင်ခြေ အလားအလာ သုံးရပ်ကို ဆောင်းပါး ဒုတိယပိုင်းမှာ ဖော်ပြပါမယ်။

ကျိုင်းတုံ ဆွေးနွေးပွဲကို ဖြစ်ပေါ်စေတဲ့ ကြီးမားသော တွန်းအားလို့ ဆိုရာမှာ ထင်သာမြင်သာ ဖြစ်စေတဲ့ အရေးကြီး မျက်နှာစာ နှစ်ခု ရှိပါတယ်။ ပထမတခု တပ်မတော်ရဲ့ အနေအထားဖြစ်ပြီး၊ ဒုတိယတခုက တရုတ်ရဲ့ အနေအထား ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် နှောင်းပိုင်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ တပ်မတော်က စစ်တိုင်း ငါးခုအတွင်း စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေ စတင် ရပ်ဆိုင်းခဲ့ပါတယ်။ အခုချိန်အထိ လေးကြိမ် ရပ်ဆိုင်းခဲ့ပြီး ရှစ်လ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ရှစ်လတာ ကာလအတွင်း မြောက်ပိုင်း မဟာမိတ်အဖွဲ့လေးဖွဲ့နဲ့ အစိုးရ အကြား သုံးကြိမ်သာ တွေ့ဆုံနိုင်ခဲ့ပြီး ရေရာတဲ့ အဖြေ မထွက်သေးပါဘူး။

ပိုဆိုးတာက သြဂုတ် ၁၅ ရက်မှာ ဖြစ်ခဲ့တဲ့ တပ်မတော် နည်းပညာ တက္ကသိုလ် (DSTA) တိုက်ခိုက်ခံရမှုနဲ့ မြန်မာ-တရုတ် ကုန်သွယ်ရေး အတွက် အချက်အခြာဖြစ်တဲ့ မန္တလေး – လားရှိုး – မူဆယ် ပြည်ထောင်စု လမ်းမကြီးတလျှောက် ဖြစ်လာတဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပါတယ်။ ထူးခြားမှု အဖြစ် သြဂုတ် ၁၅ ရက် တိုက်ခိုက်မှုတွေမှာ ကချင် လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ပါဝင်ခဲ့ခြင်း မရှိပါဘူး။ ရခိုင် တပ်မတော် (ULA/AA) ၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်ဦး (PSLF/TNLA) နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (MNTJP/MNDAA) စသည်ဖြင့် ညီနောင်မဟာမိတ်အဖွဲ့ သုံးဖွဲ့ရဲ့ ပူးပေါင်း တိုက်ခိုက်မှုသာ ဖြစ်ခဲ့ပါတယ်။

သြဂုတ် ၁၅ ရက်နေ့ တိုက်ခိုက်ခံရမှုနဲ့ နောက်ဆက်တွဲ တိုက်ပွဲတွေဟာ အစိုးရနဲ့ တပ်မတော် အတွက် အထိနာစရာ ဖြစ်ပါတယ်။ ဒေသတွင်း သတင်း ရစ်မြစ်တွေရဲ့ ထုတ်ဖော်မှုအရ အရပ်သား ၁၄ ဦး သေဆုံးခဲ့ရသလို၊ မော်တော်ယာဉ် ၁၄ စင်း မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။ ပျက်စီးသွားတဲ့ တံတားလေးစင် းရှိခဲ့ပါတယ်။ တခါ စစ်ဘေး ဒုက္ခသည် ၆၆၀၀ ကျော်ရှိခဲ့ပြီး၊ ကုန်သွယ်မှု တန်ဖိုးအနေနဲ့လည်း အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၃၂၀ ကျော် ဆုံးရှုံးခဲ့ပါတယ်။ ဒီလို ဆုံးရှုံး အထိနာမှုတွေ ရှိခဲ့ပေမဲ့ တပ်မတော်က ကြီးမားတဲ့ တန်ပြန် ထိုးစစ်ကို မစတင်သေးဘဲ စစ်ရေး ဆိုင်ရာ လှုပ်ရှားမှု ရပ်ဆိုင်းခြင်းကို စက်တင်ဘာ ၂၁ ရက်အထိ သက်တမ်း တိုးလိုက်ပါတယ်။  ဒီလို တိုးမြှင့် လိုက်ခြင်းဟာ ငြိမ်းချမ်းရေးမှာ ပါဝင် ပတ်သက်နေတဲ့ အဖွဲ့အစည်းအားလုံး ယုံကြည်မှု အပြည့်နဲ့ ဆက်လက် ဆောင်ရွက်နိုင်ရေး၊ NRPC နဲ့ လက်ရှိ ဆွေးနွေးနေဆဲ အခြေအနေတွေ ဆက်လက် ဆောင်ရွက်နိုင်ရေးတို့အတွက် ဖြစ်တယ်လို့ တပ်မတော်က သတင်း ထုတ်ပြန်ခဲ့ပါတယ်။

တကယ်တော့ သြဂုတ် ၁၅ ရက်မှာ စတင် ဖြစ်ပေါ်ခဲ့တဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း တိုက်ခိုက်မှုတွေဟာ ဘာကြောင့် ဖြစ်ရသလဲဆိုတဲ့ မေးခွန်းအတွက် ပဟေဠိများစွာ ရှိနေပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသက စစ်ရေးဖိအားကို အာရုံ လွှဲလိုတာကြောင့် ဖြစ်နိုင်သလို၊ တပ်မတော်ဘက်က ပြောဆိုသလို မူယစ်ဆေးဝါး အကြီးအကျယ် ဖမ်းဆီးမှု အပေါ် လက်စားချေ တုံ့ပြန်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ နောက်ထပ် ရှုပ်ထွေးမှု အဖြစ် အချို့သော နယ်စပ်ဒေသ ဆိုင်ရာ အင်အားစုတွေ ပါဝင်ခြင်း ရှိ၊ မရှိ သံသယဖြစ်မှုကလည်း ရှိနေပါတယ်။ တခါ တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က စစ်မှုထမ်းဟောင်းတွေ၊ စီးပွားရေးနဲ့ မူးယစ်ဆေးဂိုဏ်း အုပ်စုတွေ အပါအဝင် အခြားသော ကိုယ်ကျိုးစီးပွား ကြည့်သူတွေ ပါဝင် ပတ်သက်မှု ရှိကောင်း၊ ရှိနိုင်တယ်ဆိုတဲ့ ထင်မြင် ယူဆချက်တွေလည်း ရှိနေပြန်ပါတယ်။

တရုတ်နိုင်ငံကတော့ ညီနောင် မဟာမိတ်အဖွဲ့ သုံးဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို ပြင်းထန်စွာ ရှုံ့ချခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး သံတမန်ကလည်း တိုက်ပွဲတွေကို ရပ်ဆိုင်းဖို့ သြဂုတ် ၂၀ ရက်နေ့က မြောက်ပိုင်း မဟာမိတ်အဖွဲ့နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့တယ် ဆိုတဲ့ သတင်းတွေ ရှိပါတယ်။ တခါ သြဂုတ် ၃၁ ရက် ကျိုင်းတုံ ဆွေးနွေးပွဲ ဖြစ်အောင်လည်း တရုတ်က ကူညီခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်က လုပ်ခဲ့တဲ့ ဒုတိယအကြိမ် ဆွေးနွေးပွဲပြီးကတည်းက အထူးဒေသ မိုင်းလားမှာ တတိယ အကြိမ် ဆွေးနွေးဖို့ အစိုးရဘက်က ကြိုးပမ်းခဲ့ပါတယ်။ ဖြစ်မလာပါဘူး။ ဒါပေမဲ့ မိုင်းလားမှာ ပြုလုပ်ဖို့ အဆိုပြု ခံထားရတဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့လေးဖွဲ့ဟာ သြဂုတ် ၃၁ ရက် ကျိုင်းတုံမှာ တွေ့ဆုံဖို့ လက်ခံခဲ့ပါတယ်။ သူတို့အတွက် တရုတ်ရဲက လုံခြုံရေးယူပေးခဲ့ပါတယ်။

အစိုးရနဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ တွေ့ဆုံခဲ့တဲ့ သုံးကြိမ်ကို ကြည့်ရင် အခြေအနေဟာ မတင်မကျပါပဲ။ ပထအကြိမ် ဆွေးနွေးမှုမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (မူကြမ်း) ကို မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေက တင်ပြဆွေးနွေးပါတယ်။ ဒုတိယအကြိမ်မှာ အစိုးရဘက်က သူတို့ မူကြမ်းကို တင်ပြ ဆွေးနွေးခဲ့ပါတယ်။ တတိယ အကြိမ်မှာတော့ မြောက်ပိုင်း မဟာမိတ်အဖွဲ့က နှစ်ဖက် အပစ်အခတ် ရပ်စဲရေးအတွက် မူရှစ်ချက်ကို တင်ပြပါတယ်။ အစိုးရက ခုနှစ်ချက်ကို သဘောတူပြီး mediator (ကြားဝင်ညှိနှိုင်းပေးသူ) အဖြစ် “တရုတ်ပါဝင်ရေး” ဆိုတဲ့ အချက်တချက်က ပြေလည်မှု မရသေးပါဘူး။

တတိယအကြိမ် ဆွေးနွေးပွဲ ပြီးချိန်မှာ ကျိုင်းတုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ တရုတ် ဖိအားကြောင့် ဖြစ်လာတဲ့ “ဟန်ပြ” ဆွေးနွေးပွဲသာ ဖြစ်ပြီး အောင်မြင်တဲ့ ဆွေးနွေးပွဲ တရပ်မဟုတ်ဘူးလို့ TNLA ရဲ့ တာဝန်ရှိသူ ဗိုလ်မှူးချုပ် တာဘုန်းကျော်က ဧရာဝတီ သတင်းဌာနကို ပြောခဲ့ပါတယ်။ သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကြန့်ကြာနေတဲ့ အပေါ် ဘယ်သူ့ကိုမှ အပြစ်တင်စရာ မရှိဘူးလို့ ပြောဆိုထားပါတယ်။

အခြေအနေအားလုံးကို ခြုံကြည့်ရင် အစိုးရ၊ တပ်မတော်၊ တရုတ် သုံးဘက် စလုံးမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ဖြစ်စေချင်တဲ့ နိုင်ငံရေး အာသီသ ဆက်ရှိနေတာကို တွေ့နိုင်ပါတယ်။ ဒါကြောင့် စက်တင်ဘာ ၁၇ ရက် ကျိုင်းတုံ ဆွေးနွေးပွဲက တဆင့် ဖြစ်လာနိုင်ခြေ အလားအလာ သုံးရပ်ကို တင်ပြချင်ပါတယ်။

(၁) ပထမ ဖြစ်နိုင်ခြေက အမြင့်ဆုံး ဖြစ်နိုင်ခြေ (Optimal scenario) လို့ ဆိုရပါမယ်။ အပစ်အခတ် ရပ်စဲရေးကို လူးသာလွန့်သာ ပုံစံမျိုးနဲ့ ချဉ်းကပ်ပြီး၊ နောက်ပိုင်းမှာ ဆက်လက် ဆွေးနွေးကြမယ်ဆိုတဲ့ သဘော တူညီချက် ထွက်လာနိုင်ပါတယ်။ ဥပမာ- ၂၀၁၉ ခုနှစ် သြဂုတ် ၃၁ ရက် ကျိုင်းတုံ ဆွေးနွေးပွဲ အပြီး နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူမှု လက်မှတ်ရေးထိုးရင် ဘယ်လိုပုံစံ ထိုးမလဲဆိုတဲ့ ပုံစံ ကွဲလွဲမှု တချို့ရှိပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့က လေးဖွဲ့အတူ လက်မှတ် ရေးထိုးချင်ပါတယ်။ ဒါပေမဲ့ ဒီလို လက်မှတ်ရေးထိုးခြင်းက အစဉ်အလာ မဟုတ်တာကြောင့် တပ်မတော်ဘက်က လက်ခံမယ့်ပုံ မရှိပါဘူး။ တဖွဲ့ချင်း လက်မှတ်ထိုးခြင်းကိုသာ လက်ခံမယ့် အနေအထား ရှိပါတယ်။ ဒါကြောင့် အပစ်အခတ် ရပ်စဲရေးအတွက် တနေ့တည်းမှာ တဖွဲ့ချင်း လက်မှတ်ရေးထိုးမယ့် အခြေအနေ ဖြစ်မလား၊ ဒါမှမဟုတ် ပုံစံ တမျိုးမျိုးနဲ့ ယာယီ သဘောတူညီချက်ယူပြီး ရှေ့ဆက် ဆွေးနွေးမှုကို ဦးတည် မလားဆိုတာ စောင့်ကြည့်ရပါမယ်။ ဒီအခြေအနေ ဖြစ်ခဲ့မယ် ဆိုရင်တောင် စိန်ခေါ်မှု တခုအဖြစ် စစ်လည်း မတိုက်၊ ငြိမ်းချမ်းရေးအတွက်လည်း ပြီးပြတ်ပြေလည်မယ့် အခြေအနေလည်း မဟုတ်ဘဲ အီလည်လည်ပုံစံ ဆက်ဖြစ်နေနိုင်ပါတယ်။

(၂) ဒုတိယ ဖြစ်နိုင်ခြေက တထစ်လျော့ ဖြစ်နိုင်ခြေ (Sub-optimal scenario) ဖြစ်ပါတယ်။ ဒါက မြောက်ပိုင်း မဟာမိတ် လေးဖွဲ့ ရှိတဲ့အထဲက ကချင် လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ကို ဖယ်ထုတ်လိုက်တဲ့ ၄ – ၃ = ၁ ပုံစံ ဖြစ်လာနိုင်ပါတယ်။ KIO/KIA နဲ့ ဆက်လက် ဆွေးနွေးပြီး၊ ကျန်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ဆက်ပြီး ဆွေးနွေးမှာ မဟုတ်တော့ဘူး ဆိုတဲ့ ပုံစံ ဖြစ်ပါတယ်။ ဒီအနေအထားက KIO/KIA အတွက် အခက်အခဲ ရှိနိုင်ပေမဲ့ တပ်မတော်ဘက်မှာ ကချင် တိုင်းရင်းသားတွေနဲ့ ပြေလည်ချင်တဲ့ အရိပ်အယောင်တွေ ရှိနေပါတယ်။ ဥပမာအားဖြင့် – ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဌ သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွန်အပေါ် တရားစွဲဆိုထားမှုကို တပ်မတော်က ရုပ်သိမ်းခဲ့တာ ဖြစ်ပြီး၊ ရက်ပိုင်း အတွင်းမှာပဲ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဒေါက်တာ ခလမ်ဆမ်ဆွန်နဲ့ တွေ့ဆုံခဲ့တဲ့ ဖြစ်စဉ်ကို ကြည့်နိုင်ပါတယ်။ အကယ်၍ ညီနောင် မဟာမိတ် သုံးဖွဲ့က သပ်သပ်၊ KIO/KIA က သပ်သပ် ဆွေးနွေးမှုမျိုး ဖြစ်သွားပြီး KIO/KIA နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရခဲ့တယ်ဆိုရင်တောင် ရှုပ်ထွေးမှုတွေက ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒါက KIO/KIA လှုပ်ရှားရာ နယ်မြေနဲ့ ညီနောင် မဟာမိတ်သုံးဖွဲ့ လှုပ်ရှားရာ နယ်မြေတို့အကြား နယ်နိမိတ်ချင်း ဆက်စပ်မှု၊ ရောထွေးမှုတွေ ရှိနေတာကြောင့် ဖြစ်ပြီး၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ရှိနေတဲ့ ကချင် တိုင်းရင်းသားတွေရဲ့ ထိခိုက်နစ်နာမှုအပေါ် ရတက် မအေးစရာ ကိစ္စတွေ ဖြစ်လာနိုင်ပါတယ်။

(၃) တတိယ ဖြစ်နိုင်ခြေက ဆွေးနွေးပွဲတွေ ပျက်သွားနိုင်တဲ့ ဖြစ်နိုင်ခြေ (Breakdown scenario) ဖြစ်ပါတယ်။ ဒီလိုဖြစ်ခဲ့ပြီ ဆိုရင်တော့ မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရပ်ဆိုင်းသွားပြီး ဆွေးနွေးပွဲ ပြန်စနိုင်ဖို့ အချိန်ကောင်းတခု ထပ်စောင့်ရမယ့် အနေအထားကို ရောက်သွားနိုင်ခြေ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ အနိမ့်ဆုံး အနေနဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ ထိုးစစ်တွေနဲ့ တိုက်ပွဲ ပိုမို ပြင်းထန်လာပြီး၊ စစ်ဘေး ဒုက္ခသည် တသိန်းကျော်အထိ ဖြစ်လာနိုင်တဲ့ လူထု အထိနာမှုတွေကို ရင်ဆိုင်ကြရတော့မှာ ဖြစ်ပါတယ်။

ဖော်ပြပါ ဖြစ်နိုင်ခြေ သုံးခုထဲက ပထမ တခုဖြစ်တဲ့ အမြင့်ဆုံး ဖြစ်နိုင်ခြေ (Optimal scenario) အပါအဝင် တခုခု ဖြစ်ခဲ့ရင်လည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးစစ်ရှောင် ပြည်သူတွေ၊ ကျီးလန့်စာစားပြီး အထိတ်တလန့် နေထိုင်နေကြရတဲ့ ပြည်သူတွေအတွက် ဘယ်သူတွေက တာဝန်ယူ၊ တာဝန်ခံပြီး လုံခြုံစိတ်ချရမှု ပေးမလဲဆိုတဲ့ ကိစ္စနဲ့နောက်ထပ်ကြော့ ပြန်မဖြစ်အောင် ဘယ်လို စီမံဆောင်ရွက်ကြမှာလဲ ဆိုတဲ့ကိစ္စကတော့ ရတက်မအေးဖွယ် စိုးရိမ်စရာ အဖြစ် ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။

(နေထွန်းနိုင်သည် ISP-Myanmar ၏ ပြင်ပဆက်ဆံရေး ဆက်သွယ်ရေးဌာန၊ လက်ထောက်ဒါရိုက်တာ ဖြစ်ပြီး ISP-Myanmar Peace Desk ၏ တာဝန်ခံဖြစ်ပါသည်)