ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခနှင့် လူသားလုံခြုံရေးကဏ္ဍ
Post By ISP Admin, On December 30, 2020
နိဒါန်း
နိုင်ငံတနိုင်ငံရဲ့ လုံခြုံရေးကဏ္ဍကို လေ့လာကြတဲ့အခါမှာ အခြေခံအားဖြင့် အမျိုးသားလုံခြုံရေး (National Security) ရှုထောင့်အမြင်နဲ့ စဉ်းစားကြလေ့ရှိပါတယ်။ နိုင်ငံတနိုင်ငံမှာ ကြုံတွေနေရတဲ့ အန္တရာယ်တွေဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ တည်ငြိမ်မှုကို တိုက်ရိုက်စိန်ခေါ်နေကြတယ်ဆိုတဲ့ ဦးတည်စဉ်းစားချက်မျိုးကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းဖို့ တာဝန်အပ်နှင်းခံထားရတဲ့ အစိုးရယန္တရားအဖွဲ့အစည်းတွေကိုယ်တိုင်က ပြည်သူတွေရဲ့လုံခြုံရေးကို ပြန်လည်ခြိမ်းခြောက်နေတဲ့ အခင်း အကျင်းမျိုးတွေလည်း ရှိပါတယ်။ ဒီလိုအချက်တွေကြောင့်ပဲ နိုင်ငံတော်ကို ဗဟိုပြုတဲ့ လုံခြုံရေး(State-centric Security) ရှုထောင့်အပြင် လူသားလုံခြုံရေး (Human Security)ကို ဗဟိုပြုတဲ့စဉ်းစားချက်မျိုးကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလာကြတာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း ဆယ်စုနှစ်များစွာ ကြာမြင့်နေတဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခရဲ့ သက်ရောက်မှုတွေက ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝတွေကိုပါ ရိုက်ခတ်မှုရှိနေပါတယ်။ ပြည်တွင်းစစ်အတွင်း တပ်မတော်ဟာ လက် နက်ကိုင်ပဋိပက္ခတွေအပေါ် တန်ပြန်စစ်ဆင်ရေးဆောင်ရွက်ရာမှာ ဖြတ်လေးဖြတ် စစ်ဆင်ရေး ပုံစံကို အဓိကထား အသုံးပြုလေ့ရှိပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေအကြား ရိက္ခာဖြတ်၊ ဘဏ္ဍာငွေဖြတ်၊ သတင်းအချက်အလက်အဆက်အသွယ် ဖြတ်၊ လူထုနဲ့ အဆက်သွယ်ဖြတ်တဲ့ပုံစံတွေကို နည်းဗျူဟာ တရပ်သဖွယ် ဆောင်ရွက်ကြပါတယ်။ ဒီလို ဆောင်ရွက်မှုတွေရဲ့ အကျိုးဆက်ဟာ ဒေသခံပြည်သူ တွေအတွက် တဦးတယောက်ချင်းသာမက လူမှုအဝန်းအဝိုင်းတခုလုံးအပေါ် ဆိုးဝါးတဲ့ ထိခိုက်နစ်နာမှုတွေ ဦး တည် ဖြစ်ပေါ်စေပါတယ်။
အနီးစပ်ဆုံးနဲ့ အထင်ရှားဆုံး ဖြစ်ရပ်တွေအဖြစ် ရခိုင်ပြည်နယ် အတွင်း တပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲ တွေရဲ့ အကျိုးဆက်တွေကို လေ့လာနိုင်ပါတယ်။ AA အဖွဲ့ကို ဆက်သွယ်မှု၊ ရိက္ခာထောက်ပံ့ပေးမှု စတဲ့ စွပ်စွဲချက် တွေအသီးသီးနဲ့ ဒေသခံအချို့ ဖမ်းဆီး တရား စွဲခံထား ရသလို၊ ရပ်ကွက် ကျေးရွာတွေအတွင်း AA အဖွဲ့ဝင်တွေကို ဝင်ရောက်ရှာဖွေရာမှ တဆင့် ရွာသားအချို့ကို သံသယတရားခံ အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်ရပ် တွေလည်း ရှိနေပါတယ်။ ဒါ့အပြင် အစိုးရကလည်း AA အဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေဟာ အင်တာနက်ကို တလွဲအသုံးချပြီး အုပ်ချုပ်ရေးယန္တရား ပျက်ပြားအောင် ဆောင်ရွက်နေတယ်လို့ ရှုမြင်ခဲ့ပါတယ်။[1] ဒါကြောင့်ပဲ ရခိုင်ပြည်နယ် မြောက်ပိုင်း ရှစ်မြို့နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းက ပလက်ဝတမြို့နယ်၊ စုစုပေါင်း ကိုးမြို့နယ် တို့ကို တနှစ်ကျော်ကြာ အင်တာနက် ဖြတ်တောက်ထားပြီး ဒေသခံပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေကိုပါ သက်ရောက်မှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။
တဖန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ တပ်မတော်နဲ့ စစ်ရေးအရရင်ဆိုင်ရာမှာ လက်နက်အင်အား၊ လူ အင်အားနဲ့ အခြားအရင်းအမြစ်တွေ အကန့်အသတ်ရှိတဲ့အတွက် အင်အားအခြေပြု ရင်ဆိုင်တွေ့တဲ့ နည်းဗျူဟာထက်၊ ပြောက်ကျားနည်းစနစ်နဲ့ တိုက်ခိုက်လေ့ ရှိပါတယ်။ ၂၀၁၉ ဩဂုတ်လအတွင်း ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်နဲ့ နေရာငါးခုကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တိုက်ခိုက်ခဲ့ခြင်းနဲ့ အဲဒီ တိုက်ခိုက်မှုအပြီး ပြည်ထောင်စုလမ်းမတလျောက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ခြင်းမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တွေရဲ့ ပြောက်ကျားနည်းစနစ် အသုံးပြုခြင်းရဲ့နမူနာတွေပဲ ဖြစ်ပါတယ်။ ပြောက်ကျားနည်းဗျူဟာအရ ထိုးစစ်ဆင်ပြီးတာနဲ့ တပ်ခြေရာဖျောက်ပစ်လေ့ ရှိတာကြောင့် တပ်မတော်ဘက်က ပြန်လည်နှိမ်နင်းဖို့ စစ်ရေး လှုပ်ရှားတဲ့အခါ တန်ပြန်စစ်ဆင်ရေးရဲ့ဒဏ်ကို လက်နက်ကိုင်တပ်ဖွဲ့တွေထက် အရပ်သားပြည်သူတွေက ပိုမို ထိခိုက်နစ်နာရပါတယ်။ တဆက်တည်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေဟာ လူများစုလူမျိုးများနဲ့ ဖွဲ့စည်းထားတဲ့ အုပ်ချုပ်သူ လူတန်းစားက လူနည်းစုတိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အမှတ်လက္ခဏာကို ဖိနှိပ်ထားခြင်းဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ်ပိုင် အမှတ်လက္ခဏာ အသိအမှတ်ပြုခံရရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူညီမျှရေးတို့ ကြွေးကျော်ပြီး လက်နက်ကိုင် လာခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထိုအင်အားစုတွေဟာ သူတို့နဲ့ ကိုယ်ပိုင်အမှတ်လက္ခဏာမတူတဲ့ အခြား လူနည်းစုတိုင်းရင်းသားလူမျိုးစုတွေအပေါ် လက်နက် အင်အားနဲ့ ဖိနှိပ်ကျူးလွန်မှုတွေ တဖန်ပြန်လည်ပြုလုပ်နေကြတာကို မကြာခဏ တွေ့မြင်နေရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ မတူညီတဲ့ အစိုးရစနစ်ပုံစံအသီးသီးအတွင်း လူသားလုံခြုံရေးကဏ္ဍကတော့ တူညီတဲ့ အဟန့်အတား စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ စစ်အစိုးရစနစ်အောက်က ပြည်သူတွေအဖို့ နိုင်ငံရေးဖြစ်စဉ်မှာ လုံခြုံစွာပါဝင်နိုင်ရေးက လုံးဝ အာမခံချက်မရှိတဲ့ အနေအထားဖြစ်ခဲ့ပါတယ်။ ဒီမိုကရေအသွင်ကူးပြောင်းရေး ကာလ ရောက်ရှိလာချိန်မှာတော့ ပြုပြင်ပြောင်းလဲမှုအချို့ ပြုလုပ်လာနိုင်ပေမယ့် လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ စုဝေးခွင့်လို ကိစ္စတွေမှာ ဥပဒေကြောင်းအရ အကန့်အသတ်တွေ ရှိနေပါသေးတယ်။ ဒီမိုကရေစီ အသွင်ကူး ပြောင်းဖို့ ကြိုးပမ်းနေပေမယ့် လစ်ဘရယ်စံနှုန်း ကျင့်သုံးမှုတွေမှာတော့ အကန့်အသတ်တွေ ရှိနေသေးတာ ဖြစ်ပါတယ်။ လူသား လုံခြုံရေးဆိုင်ရာ ရှုထောင့်တွေဟာ တနည်းအားဖြင့် လူ့အခွင့်အရေးဆိုင်ရာ တန်ဖိုးထား မှုတွေကို အခြေခံထားတာ ဖြစ်တာကြောင့် ဒီမိုကရေအသွင်ကူးပြောင်းရေးကာလအတွင်းက အစိုးရတရပ်အနေနဲ့ အလေးအနက် သတိမူ ဖြေရှင်းသင့်တဲ့၊ ပိုပြီး အရေးကြီးလာတဲ့ ကိစ္စရပ်တွေ ဖြစ်နေပါတယ်။
ဒီလို အကြောင်းအချက်တွေကို အခြေပြုပြီး ယခုဆောင်းပါးရဲ့ တင်ကြိုအဆိုပြုချက်အဖြစ် ဆွေးနွေးလိုတာက “မြန်မာနိုင်ငံရဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ ကြောင့် ဆက်စပ်ဖြစ်ပေါ်လာတဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်ချက်တွေကို ရင်ဆိုင်ဖြေရှင်းတဲ့အခါမှာ နိုင်ငံတော်ကို ဗဟိုပြုတဲ့ အမျိုးသားလုံခြုံရေးရှုထောင့်ကနေ အမြဲအထိုင်ချစဉ်းစားတာမျိုးထက် လူသား ဗဟိုပြု စဉ်းစားချက်မျိုး ကိုပါ တပြိုင်နက်တည်း အရေးတကြီး ထည့်သွင်း စဉ်းစားသင့်ပြီ”ဆိုတာပဲ ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ် ဖော်ဆောင်နိုင်ရင်၊ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်အောင် ဖော်ဆောင်နိုင်ရင် လူတဦးချင်းစီရဲ့ လုံခြုံရေးကိုလည်း အာမခံချက်ရှိအောင် ကျွဲကူးရေပါ ဆောင်ရွက်သွားနိုင်မယ်ဆိုတဲ့ အမျိုးသားအဆင့် စဉ်းစားချက်တွေထက် လူအဖွဲ့အစည်းအတွင်း ကြုံတွေ့နေရတဲ့ လုံခြုံရေးဆိုင်ရာစိန်ခေါ်ချက်ကိုလည်း တပြိုင်နက်တည်း အရေးတကြီး ထည့်သွင်းစဉ်းစားသင့်ကြောင်းကို ဆောင်းပါးမှာ အဓိက တင်ပြဆွေးနွေးလိုတာပဲ ဖြစ်ပါတယ်။
ယခုဆောင်းပါးက စင်စစ် ကနဦး တင်ကြိုဆန်းစစ်ချက်သာဖြစ်ပါတယ်။ လူသားလုံခြုံရေးရှုထောင့်မှာ ပါဝင်တဲ့ ကဏ္ဍအားလုံးကို ခြုံငုံသုံးသပ်နိုင်ဖို့၊ မြန်မာနိုင်ငံရဲ့ ပြည်တွင်း ပဋိပက္ခနဲ့ ဆက်စပ်နေတဲ့ လူသားလုံခြုံရေး ကဏ္ဍ သက်ရောက်မှုတွေကို အလုံးစုံဆန်းစစ်နိုင်ဖို့အတွက် လိုအပ်တဲ့ သုတေသနတွေ ဆက်လက်လုပ်ဆောင်သင့်တဲ့ နယ်ပယ် တခု ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ NLD အစိုးရလက်ထက် ငါးနှစ်တာကာလအတွင်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းပဋိပက္ခနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ တဦးတယောက်ချင်း လုံခြုံမှု(Personal Security)၊ ဒေသအစုအဖွဲ့ အလိုက် လုံခြုံမှု(Community Security)၊ နိုင်ငံရေးအရလုံခြုံမှု(Political Security) ကဏ္ဍ သုံးရပ်အပေါ် အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးက အဟန့်အတား ဖြစ်နေမှုတွေကို ချဉ်းကပ်တင်ပြ သွားမှာ ဖြစ်ပါတယ်။
ဝေါဟာရဖွင့်ဆိုယူဆချက်များ
စစ်အေးခေတ်နောက်ပိုင်းကာလတွေမှာ အမျိုးသားလုံခြုံရေးနဲ့ ပတ်သက်ပြီး အစဉ်အလာဖြစ်တဲ့ နိုင်ငံတော်ဗဟိုပြု လုံခြုံရေးနဲ့ စစ်ဘက်ရေးရာလုံခြုံရေးတို့ကနေ အယူအဆတွေ ပြောင်းလဲလာခဲ့ပါတယ်။ အဓိက ထွက်ပေါ်လာတဲ့ လုံခြံရေးအယူအဆကတော့ လူသားလုံခြုံရေးအယူအဆပဲ ဖြစ်ပါတယ်။
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ၁၉၉၄ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ လူသားဖွံ့ဖြိုးရေးအစီရင်ခံစာ (Human Development Report) မှာ လူသားလုံခြုံရေးအယူအဆကို တရားဝင် စတင်မိတ်ဆက်ခဲ့ပါတယ်။ အဲဒီအစီရင်ခံ စာ မှာ “လုံခြုံရေးအယူအဆနဲ့ ပတ်သက်လို့ ပြည်ပခြိမ်းခြောက်မှုတွေနဲ့သာ ကာလရှည်ကြာ ပုံဖော်ခဲ့ကြပြီး ပြည်သူ ထက် နိုင်ငံတော်ကိုသာ ဗဟိုပြုခဲ့ကြတယ်။ အခုကာလမှာတော့ သာမန်ပြည်သူတွေရဲ့ သူတို့ နေ့စဉ်ဘ၀ အတွက် စိုးရိမ်ပူပန်မှုတွေက လုံခြုံရေးအယူအဆနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုအသစ်တွေ ဖြစ်တယ်”လို့ ဖွင့်ဆို ခဲ့ပါတယ်။ တနည်းအားဖြင့် လူသားလုံခြုံရေးဆိုတာ လူသားတွေရဲ့ ရှင်သန်ရေး၊ နေ့စဉ်ဘဝနဲ့ လူ့ဂုဏ်သိက္ခာ တို့ကို ထိခိုက်ပျက်ပြားစေမယ့် ခြိမ်းခြောက်မှု အန္တရာယ်တွေကို ထိန်းသိမ်းပေးထားနိုင်တာ၊ အဲ့ဒီလို ခြိမ်းခြောက်မှု တွေကို ပြန်လည်ရင်ဆိုင်နိုင်မယ့် တုံ့ပြန်ချက်တွေကို အားကောင်းအောင် ဆောင်ရွက်ပေးနိုင်တာပဲ ဖြစ်ပါတယ်။[2]
UNDP ရဲ့ အစီရင်ခံစာအရ လူသားလုံခြုံရေးကို ကဏ္ဍ ခုနစ်ရပ်နဲ့ ဖွင့်ဆိုခဲ့ပြီး စီးပွားရေးအရ လုံခြုံမှု၊ စားနပ်ရိက္ခာ ဆိုင်ရာ လုံခြုံမှု၊ ကျန်းမာရေးဆိုင်ရာ လုံခြုံမှု၊ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံမှု၊ တဦးတယောက်ချင်း လုံခြုံမှု၊ ဒေသအစုအဖွဲ့ အလိုက် လုံခြုံမှု၊ နိုင်ငံရေးအရ လုံခြုံမှုတို့ ဖြစ်ပါတယ်။ ယခုဆောင်းပါးမှာတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းပဋိပက္ခနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ တဦးတယောက်ချင်း လုံခြုံမှု၊ ဒေသအစုအဖွဲ့ အလိုက် လုံခြုံမှု၊ နိုင်ငံရေးအရ လုံခြုံမှု စတဲ့ကဏ္ဍသုံးရပ်အတွင်း စိန်ခေါ်မှုတွေကို အဓိကထား ချဉ်းကပ်တင်ပြသွားမှာ ဖြစ်ပါတယ်။
တဦးတယောက်ချင်း လုံခြုံမှု ဆိုတာဟာ နိုင်ငံတော်အပါအဝင် အခြားနိုင်ငံတွေ၊ အခြား မျိုးနွယ်စုတွေ၊ ပြစ်မှု ကျူးလွန်သူတွေရဲ့ ပြည်သူတွေအပေါ် ခြိမ်းခြောက်မှုတွေနဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် ပစ်မှတ်ထားခြိမ်းခြောက်မှု တွေ မဖြစ်စေဖို့ ကာကွယ်ပေးတာပဲ ဖြစ်ပါတယ်။ ဒေသအစုအဖွဲ့အလိုက် လုံခြုံမှု က ဒေသခံပြည်သူတွေရဲ့ ရိုးရာဓလေ့ ထုံးတမ်းနဲ့ လူမှုစံနှုန်းတွေ ပျောက်ကွယ်တာ၊ လူမျိုးစု၊ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ မဖြစ်စေဖို့ ကာကွယ်တားဆီးပေးတာ ဖြစ်ပါတယ်။ ဒေသအလိုက် လုံခြုံမှုနဲ့ လုံခြုံရေးဆိုင်ရာ အာမခံချက်မရှိတဲ့အခါ ပြည်သူလူထု တဦးချင်းစီမှာဖြစ်စေ၊ ဒေသအစုအဖွဲ့အလိုက် ဖြစ်စေ၊ နိုင်ငံမှာ ဖြစ်စေ အချင်းချင်းအကြား ယုံကြည်မှုတွေ ပျက်ပြားစေနိုင်တာပါ။ နိုင်ငံရေးအရ လုံခြုံမှု ကတော့ ပြည်သူတွေအနေနဲ့ သူတို့ရဲ့ အခြေခံလူ့အခွင့်အရေးတွေနဲ့အတူ လူ့အဖွဲ့အစည်းမှာ ဂုဏ်သိက္ခာရှိရှိ နေထိုင်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် အစိုးရရဲ့ နိုင်ငံရေးအရ ဖိနှိပ်မှုတွေကနေ အကာအကွယ်ပေးတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်ဘောင်ချဲ့ခြင်း အန္တရာယ်တွေကို ဟန့်တားပေးနိုင်တာကို နိုင်ငံရေးအရ လုံခြုံမှုလို့ မှတ်ယူနိုင်ပါတယ်။[3] ဆက်လက်ပြီး ပြည်တွင်းပဋိပက္ခဖြစ်စဉ်အတွင်း ပါဝင်သူ အစုအဖွဲ့အသီးသီးရဲ့ လူသား လုံခြုံရေးကဏ္ဍအပေါ် စိန်ခေါ်ချက်ဖြစ်စေတဲ့ အခင်းအကျင်းတွေ ဆွေးနွေးမှာ ဖြစ်ပါတယ်။
၁။ တပ်မတော်
မြန်မာနိုင်ငံ သမိုင်းကြောင်းအရရော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရပါ တပ်မတော်ဟာ နိုင်ငံတော် ကာကွယ်ရေး တာဝန်ရဲ့ အရေးပါဆုံးအခန်းကဏ္ဍမှာ နေရာယူထားပါတယ်။ ဒါပေမဲ့ တပ်မတော်ကိုယ်တိုင် ၎င်းရဲ့ စစ်ရေး လှုပ်ရှားမှုတွေအတွင်း ဒေသခံအရပ်သားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတယ် ဆိုတဲ့ စွဲချက်တွေလည်း ရှိနေပါတယ်။ အဆိုပါ စွဲချက်တွေ ထွက်ပေါ်လာစေတဲ့ အကြောင်းအရင်း ဖြစ်ရပ်တွေကို ဆက်လက်ဖော်ပြမှာ ဖြစ်ပါတယ်။
အရပ်သား ထိခိုက်သေဆုံးမှုနှင့် လူအခွင့်အရေးချိုးဖောက်မှုများ
လက်ရှိကာလတွေမှာ စစ်ရှိန်အမြင့်ဆုံးဖြစ်နေတဲ့ ရခိုင်ပြည်နယ်က အဖြစ်အပျက်အချို့က အဆိုပါအချက်ကို မီးမောင်း ထိုးပြနေပါတယ်။ နှစ်နှစ်နီးပါး ကြာလာခဲ့တဲ့ တပ်မတော်နဲ့ AA အဖွဲ့တို့ရဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀ဒေသ တိုက်ပွဲတွေအတွင်း ကလေးငယ်တွေအပါအဝင် အရပ်သားထိခိုက်သေဆုံးမှု များပြားခဲ့ပါတယ်။ ထိခိုက်သေဆုံးမှုတွေအနက် နှစ်ဖက်တိုက်ပွဲတွေကြောင့် ကြားညှပ်သေဆုံးခဲ့တာတွေအပြင် တိုက်ပွဲမရှိဘဲ တပ်မတော်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေကြောင့် သေဆုံးမှုတွေနဲ့ အရပ်သားတွေကို ဖမ်းဆီး ခေါ်ဆောင်ပြီး သေဆုံးခဲ့မှုတွေ ရှိနေပါတယ်။ ဇူလိုင်လမှာ ဖာပွန်မြို့နယ် ကိုလိုထကျေးရွာမှ ဒေသခံ ကရင်အမျိုးသမီးတဦးကို တပ်မတော်သားနှစ်ဦးက ရွှေငွေပစ္စည်းလုယက်ပြီး ပစ်သတ်ခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။[4] ဒါ့အပြင် ယခုနှစ်၊ ဇွန်လအတွင်း တပ်မတော်သားသုံးဦးက ရသေ့တောင် ဦးဂါကျေးရွာဒေသခံ အမျိုးသမီးတဦး ကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ကလည်း တပ်မတော်အပေါ် ဝေဖန်မှုတွေ မြင့်တက် စေခဲ့ပါတယ်။[5]
စစ်ဒဏ်သင့်ဒေသတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ တပ်မတော်ရဲ့ ကျူးလွန်မှုတွေဟာ တဦးတယောက်ချင်း လုံခြုံမှုအပြင် ဒေသအစုအဖွဲ့အလိုက် လုံခြုံမှုကိုပါ ခြိမ်းခြောက်မှုတွေ ရှိခဲ့ပါတယ်။ ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝဒေသတို့မှာ နှစ်နှစ်တာ လက်နက်ကိုင်ဋိပက္ခအတွင်း ရွာအများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အိမ်နှစ်ထောင်ကျော် မီးလောင် ဆုံးရှုံးခဲ့ရပါတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ အရပ်သားတွေ နေထိုင်ရာကျေးရွာတွေဆီကို တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် ပလက်၀ ဒေသ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲဒေသနဲ့ ကရင်ပြည်နယ် ဖာပွန်ဒေသတွေမှာ ထွက်ပေါ်ခဲ့ပါတယ်။
မြေမြှုပ်မိုင်းနှင့် စစ်ဘေးရှောင်ဦးရေ
ဒေသအစုအဖွဲ့အလိုက် လုံခြုံမှုကို ခြိမ်းခြောက်နေတဲ့ နောက်ထပ်အန္တရာယ်တခုကတော့ လက်နက်ကိုင်အဖွဲ့ အစည်းအသီးသီးရဲ့ မြေမြှုပ်မိုင်းနဲ့ လက်လုပ်မိုင်းအသုံးပြုမှုပဲ ဖြစ်ပါတယ်။ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ သက်တမ်းတလျှောက် တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ မြေမြှုပ်မိုင်းနဲ့ လက်လုပ်မိုင်းကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီး ၁၉၉၉ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သား ထိခိုက် သေဆုံးသူ ငါးထောင်ခန့် ရှိခဲ့ပါတယ်။ တပ်မတော်အနေနဲ့ နိုင်ငံတကာက တိုက်တွန်းနေပေမယ့် မြေမြုပ်မိုင်း အသုံးပြုမှု တားမြစ်ပိတ်ပင်ခြင်း သဘောတူစာချုပ်နဲ့ ထပ်ဆင့်ပေါက်ကွဲစေတဲ့ လက်နက်ပစ္စည်းများ အသုံးပြု မှု တားမြစ် ပိတ်ပင်ခြင်း သဘောတူစာချုပ် စာချုပ်နှစ်ခုစလုံးမှာ လက်မှတ်ရေးထိုးမှု မပြုလုပ်ထားပါဘူး။[6]
တပ်မတော်နဲ့ AA တို့ရဲ့ တိုက်ပွဲတွေ ပြင်းထန်လာမှုနဲ့အတူ ရခိုင်နဲ့ ပလက်၀တို့မှာ မိုင်းသုံးစွဲမှုအသစ်တွေ တိုးလာ ခဲ့ပြီး အရင် မိုင်းသုံးစွဲမှု မတွေ့ရှိရတဲ့ မြို့နယ်တွေမှာပါ တွေ့လာရပါတယ်။ မိုင်းသုံးစွဲမှု ပြန့်နှံ့လာတဲ့အတွက် မိုင်း ကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း မြင့်တက်လာပါတယ်။ မိုင်းအန္တရာယ်နဲ့ လုံခြုံရေးကို စိုးရိမ် နေရတာကြောင့် တိုက်ပွဲတွေ ရပ်ဆိုင်းနေတဲ့ထိတိုင် ဒေသခံအရပ်သားအများစုဟာ နေရပ်ပြန်ဖို့ စိုးရိမ်ကြောင့်ကြ နေရဆဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေက ဒေသခံ အစုအဖွဲ့တွေလည်း ကြုံတွေ့နေရပါတယ်။
မြေမြှုပ်မိုင်းလေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့ ၂၀၂၀ အစီရင်ခံစာထုတ်ပြန်မှုအရ မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ ပြည်နယ် ၁၀ ခုက မြို့နယ် ၉၃ မြို့နယ်ဟာ မြေမြှုပ်မိုင်းနဲ့ လက်လုပ်မိုင်းအန္တရာယ် ရှိနေပြီး ပြီးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်း မိုင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှုမှာ ရှမ်းနဲ့ ကချင်ပြည်နယ်တွေက အမြင့်ဆုံးမှာ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကြောင့် နိုင်ငံတဝန်းမှာ စစ်ရှောင်ဒုက္ခသည် လေးသိန်းသုံးသောင်းကျော် ရှိနေပါတယ်။ အဲဒီအထဲမှာ စစ်ရှိန်အမြင့်ဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ နှစ်သိန်းသုံးသောင်းကျော်အထိ ရှိခဲ့တာပါ။ အခုအချိန်မှာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ရပ်တန့်သွားတာကြောင့် ဒုက္ခသည် ခုနစ်သောင်းခန့် အိမ်ပြန်နိုင် ခဲ့ ပေမယ့် ကျန်ရှိတဲ့ သိန်းနဲ့ ချီတဲ့ ဒေသခံတွေဟာ သူတို့ရဲ နေရပ်တွေကို စွန့်ခွာနေရဆဲ ဖြစ်ပါတယ်။
တရားစွဲဆိုမှုများ
တပ်မတော်ဟာ စစ်ရေးလှုပ်ရှားမှုမြင့်မားတဲ့ဒေသတွေမှာ အရပ်သားတွေကို လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ် တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးတရားစွဲဆိုမှုတွေ ရှိနေပါတယ်။ ရခိုင်ပြည်နယ်မှာ AA နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့အတူ အကြမ်းဖက်မှုဥပဒေပုဒ်မနဲ့ တရား စွဲခံထား ရသူ ၂၆၉ ဦးနဲ့ အမှုဖွင့်ခံထားရတဲ့ အမှုပေါင်း ၉၁ မှုအထိ ရှိနေပါတယ်။[7] ဒါ့အပြင် တပ်မတော်က ကချင်စစ်ရှောင်အရေးဆောင်ရွက်နေတဲ့ KBC ဥက္ကဋ္ဌ ဒေါက်တာ ခါလမ်ဆမ်ဆွန်ကို တရားစွဲဖို့ စီစဉ်ခဲ့သလို ကျောက်မဲဆန္ဒပြမှုမှ ဦးဆောင်သူတွေကိုလည်း တရားစွဲမယ်ဆိုပြီး သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။
တပ်မတော်ရဲ့ တရားစွဲမှုတွေဟာ စစ်ဒဏ်သင့်ဒေသတွေမှာသာမကဘဲ ရန်ကုန်၊ ဧရာ၀တီ၊ တနင်္သာရီစတဲ့ ဒေသတွေမှာတောင် တက်ကြွလှုပ်ရှားသူတွေ၊ သံချပ်ထိုးတဲ့ လူငယ်တွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချနိုင်တဲ့ ပုဒ်မ တွေနဲ့ တရားစွဲဆိုထားပါတယ်။ ဒီလိုလုပ်ရပ်တွေကြောင့် တပ်မတော်အနေနဲ့ ၎င်းနဲ့ သဘာထားမတူတဲ့ တက်ကြွ လူပ်ရှားသူတွေအပေါ် ဖိနှိပ်ဖို့ ကြိုးစားနေဆဲဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။
၂။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ
ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခအတွင်း ဒေသခံတိုင်းရင်းသားတွေအနေနဲ့ စစ်ပွဲဖြစ်ပွားမှုတွေကြောင့် စစ်ဘေးဒဏ်ကို တိုက်ရိုက်ခံစားရရုံသာမက စစ်ပွဲ မဖြစ်ပွားတဲ့အချိန်တွေမှာလည်း လက်နက်ကိုင်အင်အားစုတွေရဲ့ ဖမ်းဆီး နှိပ်စက်မှု၊ ဆက်ကြေးကောက်ခံမှုစတဲ့ လူ့အခွင့်အရေးချိးဖောက်မှုတွေကို ခံစားနေရပါတယ်။ ဒါ့အပြင် တိုင်းရင်း သားလက်နက်ကိုင်အချို့ဟာ စစ်ရေးလှုပ်ရှားရာ နယ်မြေအတွင်းမှာ ရှိတဲ့ သူတို့နဲ့ နိုင်ငံရေး၊ လူမျိုးရေး အမှတ် လက္ခဏာ မတူညီတဲ့ လူမျိုးစုတွေရဲ့ လုံခြုံရေးအပေါ် ခြိမ်းခြောက်တဲ့ ကျူးလွန်မှုတွေ ပြုလုပ်လေ့ရှိတာလည်း တွေ့ရပါတယ်။ ယခုကဏ္ဍမှာတော့ အဆိုပါ အခင်းအကျင်းတွေကို ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။
ဖမ်းဆီးသတ်ဖြတ်မှုများနှင့် တပ်သားသစ်စုဆောင်းမှု
စစ်ရှိန်မြင့်ခဲ့တဲ့ ရခိုင်နဲ့ ချင်းပြည်နယ် ပလက်၀ဒေသမှာ ရခိုင်မဟုတ်တဲ့ အခြား တိုင်းရင်းသားတွေအပေါ် AA အဖွဲ့ရဲ့ ကျူးလွန်မှု အများအပြား ရှိခဲ့ပါတယ်။ AA အဖွဲ့အနေနဲ့ ပလက်ဝဒေသကို အခြေပြုပြီး စစ်ရေးလှုပ်ရှားမှု စတင်ဖော်ဆောင်ခဲ့ချိန်ကစပြီး ဒီနှစ်အောက်တိုဘာအထိ ချင်းတိုင်းရင်းသား ၂၀၀ ကျော်အထိ ဖမ်းဆီးခဲ့ပါတယ်။[8] ပလက်၀ဒေသက ဒေသခံတွေဟာ အဲဒီလို ဖမ်းဆီးခံရခြင်းသာမက AA အဖွဲ့ရဲ့ ရိက္ခာ အတင်းအကြပ် စုဆောင်း ခံရတာ၊ နှိပ်စက်သတ်ဖြတ်ခံရတာအပြင် မြေမြှုပ်မိုင်း အန္တရာယ်ကိုလည်း ရင်ဆိုင်နေရပါတယ်။
တပ်မတော်၊ ပြည်သူ့စစ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားတတ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့ နယ်မြေအငြင်းပွားမှု၊ လူမျိုးစုအကြား ပဋိပက္ခတွေနဲ့ ပြည့်နှက်နေပါတယ်။ ကျောက်မဲဒေသဟာဆိုရင် ပြီးခဲ့တဲ့ ငါးနှစ်တာကာလအတွင်း လက်နက်ကိုင်အဖွဲ့တွေက အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ တနှစ်ထက် တနှစ်ထက် မြင့်တက်လာခဲ့လို့ လက်ရှိ အချိန်မှာ အညိုရောင်နယ်မြေအဖြစ် သတ်မှတ်ခံနေရပါတယ်။
မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (SEA)ရဲ့ ထုတ်ပြန်မှုအရ ကချင်ပြည်နယ်ရှိ ရှမ်းနီမျိုးနွယ် စုတွေ၊ ရှမ်းမျိုးနွယ်စု တွေနဲ့ ကချင်မဟုတ်တဲ့ တိုင်းရင်းသားတွေကို ကချင်လက်နက်ကိုင်အဖွဲ့ KIA ရဲ့ ဖမ်းဆီး ခေါ်ဆောင်ပြီး တပ်သားသစ်အဖြစ် အသုံးပြုမှုတွေ ၂၀၁၁ ကနေ ဒီနှစ်နှစ်လယ်ပိုင်းအထိ ရှိနေတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းတန့်ယန်းမြို့နယ်အတွင်းမှာလည်း SSPP အဖွဲ့ရဲ့ တပ်သားသစ် အဓမ္မ စုဆောင်းမှုဒဏ်ကြောင့် ကျေးရွာ အချို့က ဒေသခံတွေ တိမ်းရှောင်ထွက်ပြေးနေရပါတယ်။
NCA လက်မှတ်ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)ဟာ သူ့ရဲ့ထိန်းချုပ်နယ်မြေတွေမှာ အရပ်သား တွေကို လူသစ်ခေါ်ယူစုဆောင်းမှုတွေ ပြုလုပ်ခဲ့လို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။[9]
ဆက်ကြေးကောက်ခံမှုနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး
ဒေသခံအရပ်သားတွေအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေရဲ့ နောက်ထပ် လုပ်ရပ်တခုကတော့ အခွန် အမည်ခံ ဆက်ကြေးကောက်ခံမှုပဲ ဖြစ်ပါတယ်။ ဒီလိုကောက်ခံမှုတွေကို စစ်ဒဏ်သင့် ဒေသတွေမှာ တွေ့မြင်နေရပြီး ဆပ်ကြေးမပေးလို့ အရပ်သားတွေကို ခြိမ်းခြောက်မှုတွေ၊ ဖမ်းဆီး ခေါ်ဆောင်မှု တွေပါ တဆက်တည်းအနေနဲ့ ဖြစ်ပေါ်နေပါတယ်။
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဟာ ဒေသခံပြည်သူတွေအပေါ် ဆက်ကြေးကောက်ခံမှုတွေ ပြုလုပ်တတ်ကြပါတယ်။ RCSS ၊ KIA နဲ့ AA တို့ကတော့ ၎င်းတို့အခွန်ကောက်ခံကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေ အများအပြားရှိတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဒေသခံပြည်သူတွေဟာ လက်နက် ကိုင် အဖွဲ့ပေါင်းစုံရဲ့ အမည် မျိုးစုံနဲ့ ဆက်ကြေးကောက်ခံမှုကို အများဆုံး ခံစားနေရပါတယ်။
ရှမ်းမြောက်နဲ့ နယ်ချင်းစပ်နေတဲ့ မန္တလေးတိုင်းမိုးကုတ်မြို့မှာတော့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ပြန်ပေးဆွဲမှု၊ ဆက်ကြေး ကောက်ခံမှုတို့ ကြောင့် မြို့ခံလူထုက ဆန္ဒထုတ်ဖော်ရတဲ့အခြေအနေအထိ ဖြစ်နေပါတယ်။ လက်နက် ကိုင်အဖွဲ့တွေက မိုးကုတ်မြို့ပေါ်က စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတွေ၊ တပိုင် တနိုင်စီးပွားရေး လုပ်ငန်းတွေ၊ စျေးဆိုင်ကုန်စုံဆိုင်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်ပြီး ဆပ်ကြေး တောင်းခံနေတာမျိုးလည်း ရှိနေပါတယ်။[10]
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ဆက်ကြေးကောက်ခံမှုအပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအကြောင်း ပြပြီး အရပ်သားတွေကို ဖမ်းဆီးမှုလည်း ပြုလုပ်နေကြပါတယ်။ မိုးကုတ်နဲ့ ရှမ်းပြည်နယ် မိုင်းလုံမြို့နယ်ခွဲအတွင်း မူးယစ်ဆေးရောင်းဝယ်မှုနဲ့ နာမည်ကြီးနေသူတွေ သုံးစွဲနေသူတွေ စုစုပေါင်း ၁၆ ယောက်ကို ဖမ်းဆီးထားတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က အတည်ပြုထားပါတယ်။[11] ဒီလိုဖမ်းဆီးမှုတွေကို အကြောင်းပြုပြီး ငွေကြေးတောင်းခံမှုတွေ ရှိနေတာကြောင့် ဒေသခံတွေအပေါ် ခြိမ်းခြောက်မှု ဖြစ်နေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါ တယ်။ ဒီလိုကျူးလွန်မှုတွေဟာ SSPP အဖွဲ့တင်မဟုတ်ဘဲ အခြားလက်နက်ကိုင်အဖွဲ့အချို့ကလည်း ကျူးလွန်နေ ကြတာ ဖြစ်ပါတယ်။[12]
နိုင်ငံရေးအရ ဖိနှိပ်မှု
လက်နက်ကိုင်အဖွဲ့တွေဟာ အရပ်သားတွေအပြင် သူတို့နဲ့ နိုင်ငံရေးအမြင်သဘောထားမတူညီသူတွေ၊ နိုင်ငံရေး ဖြစ်စဉ်မှာ ပါဝင်လှုပ်ရှားကြတဲ့ နိုင်ငံရေးပါတီတွေမှ ကိုယ်စားလှယ်လောင်းတွေအပေါ် ကျူးလွန်တဲ့ဖြစ်ရပ်တွေ လည်း ရှိနေပါတယ်။
ရခိုင်ပြည်သူတွေကို ကာကွယ်ဖို့၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ လွတ်လပ်ရေး၊ ဖွံ့ဖြိုးရေး ရည်မှန်းချက်တွေနဲ့ ထူထောင်ထားတယ်လို့ ဆိုတဲ့ AA အဖွဲ့ဟာ သူတို့နဲ့ နိုင်ငံရေးအမြင်မတူတဲ့သူတွေအပေါ် ဖိနှိပ်တဲ့လုပ်ရပ်တွေကို ဒီနှစ်ပိုင်းတွေအတွင်း သိသိသာသာ ကျူးလွန်ခဲ့ပါတယ်။ ချင်းအမတ် ဦးဝှေ့တင်းကို လချီ ဖမ်းဆီးခဲ့တာ၊ တောင်ကုတ် NLD ကိုယ်စားလှယ်လောင်းတွေကို ဖမ်းဆီးထားတာတွေအပြင် NLD ပါတီဝင်တဦး ဖမ်းဆီး ထိန်းသိမ်းရင်း သေဆုံး ခဲ့တာတွေက AA အဖွဲ့ရဲ့လုပ်ရပ်တွေအပေါ် ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။[13]
ဒါ့အပြင် ရှမ်းပြည်နယ်နဲ့ မွန်ပြည်နယ်က လက်နက်ကိုင်အဖွဲ့အချို့ဟာ ရွေးကောက်ပွဲအကြိုနဲ့ ရွေးကောက်ပွဲ ကာလ အတွင်း နိုင်ငံရေးပါတီအချို့အပေါ် နိုင်ငံရေးအရ ဖိနှိပ်မှု ရှိခဲ့တယ်ဆိုတဲ့ ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။ ဒီနှစ်ပိုင်းတွေအတွင်း အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု မြင့်တက်နေတဲ့ ကျောက်မဲဒေသမှာလည်း ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဝင် သုံးဦး ပစ်သတ်ခံရမှုနဲ့ အနိုင်ရ NLD ရွေးကောက်ခံ ကိုယ်စားလှယ် ဦးထိုက်ဇော်ကို လက်နက်ကိုင်တွေက လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ပြန်ပါတယ်။ အဆိုပါ ဖြစ်ရပ်တွေ အတွက် ကျူးလွန်သူတွေကို မမိသေးသလို ဘယ်အဖွဲ့အစည်းမှ ၎င်းတို့ ကျူးလွန်ကြောင်း ဝန်ခံမှု မရှိ သေးပါဘူး။[14]
၃။ အစိုးရ
အစိုးရယန္တရားအတွင်း မူဝါဒဥပဒေအပြောင်းအလဲတွေနဲ့ ဆောင်ရွက်မှုတွေက လူသားလုံခြုံရေး စံချိန်စံနှုန်း တွေအပေါ် သက်ရောက်မှုရှိနေတဲ့ အခင်းအကျင်း အချို့ကိုလည်း ထည့်သွင်း ဆွေးနွေးလိုပါတယ်။ အစိုးရရဲ့ လုပ်ပိုင်ခွင့်နဲ့ ဥပဒေတွေကို အသုံးပြု အရေးယူမှုအချို့ဟာ နိုင်ငံသားတွေရဲ့ နိုင်ငံရေးဖြစ်စဉ်မှာ လုံခြုံစွာ ပါဝင်နိုင် ခွင့်အပေါ် ပိတ်ပင်မှုတွေနဲ့ ကြုံလာရစေပါတယ်။ ယခုအပိုင်းမှာတော့ ထင်ရှားတဲ့ ဆက်စပ် အကြောင်းအရာ နှစ်ခု ကို ဖော်ပြလိုပါတယ်။
ငြိမ်းစုစီဥပဒေ၏ အကျိုးသက်ရောက်မှုများ
၂၀၁၁ ခုနှစ်ကစပြီး ပေါ်ပေါက်လာခဲ့တဲ့ ငြိမ်းစုစီဥပေဒဟာ မြန်မာနိုင်ငံရဲ့ ပြည်သူများ နိုင်ငံရေးလှုပ်ရှား ဆောင်ရွက်မှုတွေအတွင်း လုံခြုံမှုရရှိရေးအပေါ် ဥပဒေကြောင်းအရ စိန်ခေါ်မှု ကြီးမားစေတဲ့ အချက်ပဲ ဖြစ်ပါ တယ်။ ယခုကဏ္ဍမှာတော့ ဥပဒေစတင်ပေါ်ပေါက်လာပုံ၊ အစိုးရ နှစ်ဆက်အတွင်း ပြောင်းလဲ ပြင်ဆင်ပုံနဲ့ ဥပဒေရဲ့ အကျိုးသက်ရောက်မှုတွေကို ဆွေးနွေးပါမယ်။
USDP အစိုးရလက်ထက် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်မှာ ပြည်ထောင်စုလွှတ်တော်က “ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ” ကို ပြဌာန်းခဲ့ပါတယ်။ ၂၀၁၁ ငြိမ်းစုစီဥပဒေဟာ ဆန္ဒပြသူတွေ အပေါ် ဥပဒေကြောင်းအရ အကာအကွယ်ပေးခြင်းထက် ထိန်းချုပ်ကန့်သတ်ခြင်း သဘောတွေ ပိုများခဲ့ပါတယ်။ ဆန္ဒပြဖို့ ခွင့်ပြုမိန့် မရရှိဘဲ ဆောင်ရွက်ခဲ့ရင်၊ တင်းကျပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့ရင် ပုဒ်မ ၁၈ နဲ့ ၁၉ အရ ထောင်ဒဏ် ခြောက်လမှ တနှစ်အထိ ရာဇဝတ်မှုတွေလို အရေးယူနိုင်ခဲ့တာ ဖြစ်ပါတယ်။[15] ဒါ့ကြောင့်ပဲ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူတွေက ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။
၂၀၁၄ ခုနှစ်၊ ဇွန် ၂၄ ရက်မှာတော့ ပြည်ထောင်စုလွှတ်တော်က ငြိမ်းစုစီဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကို တင်သွင်း လာပါတယ်။ ပြင်ဆင်ချက်ဥပဒေအရ ဖြေလျော့မှုအချို့ ပြုလုပ်လာတယ်ဆိုပေမယ့် ကန့်သတ်ချက်တွေကိုလည်း ထပ်မံထည့်သွင်းလာပါတယ်။ ဆန္ဒပြဖို့ ခွင့်ပြုမိန့်အစား ခွင့်ပြုချက်သာ လိုအပ်တော့တာ၊ သတ်မှတ်ထားတဲ့ အပြစ်ဒဏ်၊ ထောင်ဒဏ်တွေကို ထက်ဝက်အထိ လျော့ချပေးတာ စတဲ့ ဖြေလျော့မှု တွေကို ပြဌာန်းခဲ့ပါတယ်။ ဒါပေမဲ့ ဆန္ဒပြတဲ့ နေရာမှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကိုတော့ ပိုမိုဖြည့်စွက်ထားခဲ့ပါတယ်။[16] ဒီအချက်တွေ ကြောင့်ပဲ USDP အစိုးရလက်ထက်မှာ ငြိမ်းစုစီဥပဒေပါ ပုဒ်မ ၁၈ နဲ့ ပုဒ်မ ၁၉ တို့ကို အသုံးပြုပြီး ခွင့်ပြုချက်မပါဘဲ ဆန္ဒပြသူအများအပြားကို ဖမ်းဆီးခဲ့ကြပါတယ်။
NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၅ ရက်မှာ ပြည်ထောင်စုလွှတ်တော်က “ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ” ကို အသစ်တဖန်ပြဌာန်းလာခဲ့ပါတယ်။ ဥပဒေကြောင်းအရ ဆန္ဒပြသူလိုသူတွေဟာ ခွင့်ပြုချက်ရရှိအောင် စောင့်ဆိုင်းစရာမလိုအပ်တော့ ဘဲ၊ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းကို ၄၈ နာရီအတွင်း အသိပေးအကြောင်းကြားရမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီလို ဖြေလျော့မှုတွေ ဟာ အကန့်အသတ်နဲ့ပဲရှိနေတာဖြစ်ပါတယ်။ ဆန္ဒပြလိုသူတွေအဖို့ ဆန္ဒပြမယ့် အကြောင်းအရာ၊ ပြုလုပ်မယ့် အစီအစဉ်တွေကို အသေအချာ တင်ပြပြီး တင်ပြချက်တွေအတိုင်း လိုက်နာပါမယ်ဆိုတဲ့ ခံဝန်ချက်ကတိ ထိုး ရမှာ ဖြစ်ပါတယ်။[17]
ဥပဒေအသစ်ပြဌာန်းပြီးနောက် ၂၀၁၈၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာမှာတော့ ငြိမ်းစုစီ ဥပဒေကို ထပ်မံပြင်ဆင်မယ့် ဥပဒေကြမ်း အဆိုပြုချက်ကို ဖော်ပြခဲ့ပါတယ်။ အဲ့ဒီဥပဒေကြမ်းရဲ့ ပြင်ဆင်လိုချက် တွေအရ ဆန္ဒပြလိုသူတွေဟာ မူလရှိရင်းစွဲ စည်းကမ်းချက်တွေအပြင် ဆန္ဒပြပွဲ ခန့်မှန်းကုန်ကျစရိတ်နဲ့ ကုန်ကျခံ မည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကိုပါ တပါတည်း တင်သွင်းဖော်ပြဖို့အထိ ကန့်သတ်ချက်တွေကို ထပ်မံ ဖြည့်စွက် ထားပါတယ်။ ၂၀၁၆ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ငြိမ်းစုစီဥပဒေမှာ ကန့်သတ်ချက်တွေ လျော့ချလိုက်တာကြောင့် အဲ့ဒီအပေါ်မှာ အခွင့်ကောင်းယူပြီး တိုင်းပြည်ကို ဆူပူအောင် လုပ်ချင်တဲ့သူတွေအတွက် အခွင့်အရေး ဖြစ်နေတယ် လို့ NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက ယူဆခဲ့တယ်လို့ သုံးသပ်ကြပါတယ်။ အထူးသဖြင့် အမျိုးသားရေး ဝါဒီဆန္ဒပြပွဲတွေ အရှိန်အဟုန်နဲ့ ပေါ်ပေါက်လာခဲ့တဲ့ အချက်နဲ့ နောက်ခံအကြောင်းအရာတွေအပေါ် ထိန်းချုပ်နိုင်ဖို့ ပြင်ဆင်လိုတာပဲ ဖြစ်ပါတယ်။[18] ဒါကြောင့်ပဲ ဆန္ဒပြလိုသူတွေလိုက်နာရမယ့် စဉ်းမျဉ်း စည်းကမ်းတွေ ထပ်မံ ဖြည့် စွက်နိုင်ဖို့ ဥပဒေကြမ်းက အဆိုပြုထားပါတယ်။
Free Expression Myanmar အဖွဲ့က ငြိမ်းစုစီဥပဒေမှာ အဓိက ပြဿနာ ငါးရပ်ရှိနေကြောင်း သုံးသပ်ထားပါ တယ်။ ပထမတချက်က ဆန္ဒထုတ်ဖော်မှုကို အဆင်ပြေအောင် ကူညီပေးရန်ထက် ထိန်းချုပ်ခြင်းကို ပိုမိုဦးစားပေး ထားတယ်လို့ ဆိုပါတယ်။ ဒုတိယအချက်က ဆန္ဒပြသူများအပေါ် ဝန်ထုတ်ဝန်ပိုးဖြစ်နေစေခြင်းနဲ့ ကြိုးနီစနစ် အတားအဆီးများကို ကျော်လွှားနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ တတိယအချက်က ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ဆန္ဒပြမှုတွေကို ဥပဒေနဲ့ မညီတဲ့ စုဝေးမှုဖြစ်အောင် ထိရောက်စွာ စီမံထားတာဖြစ်ပါတယ်။ စတုတ္ထအချက်က ဆန္ဒထုတ်ဖော်မှုရဲ့ အကြောင်းအရာနဲ့ အပြုအမှုတို့ကို အလွန်အမင်းထိန်းချုပ်ထားပြီး ဆန္ဒထုတ်ဖော်သူတွေကို ရာဇဝတ်ပြစ်ဒဏ်တွေ ချမှတ်ထားတာပါ။ နောက်ဆုံးအချက်ကတော့ မသေချာတဲ့၊ ဖြစ်နိုင်ချေနည်းတဲ့ အန္တရာယ် သက်ရောက်မှုတွေအပေါ် အခြေခံပြီး ဆန္ဒထုတ်ဖော်မှုကို ပိတ်ပင်လူစုခွဲဖို့ အင်အား အသုံးပြုနိုင်ခြင်း အပါအဝင် ရဲတွေကို တိကျရှင်းလင်းမှုမရှိတဲ့ လုပ်ပိုင်ခွင့်အာဏာပေးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။[19] NLD အစိုးရ လက်ထက် သက်တမ်းအတွင်းမှာ ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဆိုထားတဲ့ အမှုပေါင်း ၉၁မှု ထက်မနည်း ရှိနေပါ တယ်။[20] ဒီအချက်တွေကတော့ ငြိမ်းစုစီဥပဒေ ပေါ်ပေါက်လာပုံ၊ လွတ်လပ်စွာပြောဆိုခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်တွေလို လူ့အခွင့်အရေး စံချိန်စံနှုန်းတွေအပေါ် ဥပဒေကြောင်းအရ စိန်ခေါ်ချက် အဟန့်အတား ဖြစ်နေတဲ့ အခင်းအကျင်းတွေပဲ ဖြစ်ပါတယ်။
ထင်ရှားသော နိုင်ငံရေးပြစ်ဒဏ်ချမှတ်ခံရမှု
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလအတွင်းမှာ ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေအတွက် နိုင်ငံရေးအရ လုံခြုံမှုရှိရေးအပိုင်းမှာ အစိုးရရဲ့ ဆောင်ရွက်မှုတွေက စိန်ခေါ်ချက် သဖွယ်ရှိနေသေးကြောင်း မီးမောင်းထိုးပြတဲ့ ဖြစ်ရပ်တခုကို ဆက်လက်ဖော်ပြလိုပါတယ်။
ရခိုင်ပြည်နယ်က ထင်ရှားတဲ့ နိုင်ငံရေးသမား တဦးဖြစ်ပြီး ရခိုင်အမျိုးသားပါတီရဲ့ ဥက္ကဋ္ဌဟောင်း ဒေါက်တာ အေးမောင်နဲ့ လူငယ်စာရေးဆရာ ဝေဟင်အောင်တို့ဟာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလလယ်ပိုင်းက ရသေ့တောင်မြို့မှာ ပြုလုပ်တဲ့ ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ၂၃၃ ကြိမ်မြောက် အထိမ်းအမှတ် အစီအစဉ်မှာ ဟောပြောပြီးနောက် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါတယ်။ ဒေါက်တာအေးမောင်ဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် အမ်းမြို့နယ်ကနေ ဝင်ရောက်အရွေးချယ်ခံခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အစိုးရက အဆိုပါ ဟောပြောမှုအပြီးမှာ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့ပြီး စုစုပေါင်း ထောင်ဒဏ် ၂၂ နှစ် ချမှတ်လိုက်ပါတယ်။[21]
ဒီအခြေအနေဟာ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေးကို ဦးတည်နေတဲ့ အချိန်မှာ တိုင်းရင်းသားတွေအကြား ယုံကြည်မှု ပျက်ပြားစရာ၊ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စရာ ဖြစ်စေနိုင်တာကြောင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့ လွတ်မြောက်ရေး လက်မှတ်တွေ ကောက်ခံနေကြတာလည်း ရှိပါတယ်။ လက်ရှိ အာဏာရ NLD ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွှန့်ကတော့ ၂၀၂၀ ရွေးကောက်ပွဲအရ ပေါ်ပေါက်လာမယ့် အစိုးရက သူတို့နှစ်ဦးကို လွှတ်ပေးနိုင်ချေ ရှိ၊ မရှိကို မှတ်ချက်မပေးနိုင်ကြောင်း ပြောဆိုထား ပါတယ်။ တဆက်တည်းမှာပဲ တိုင်းရင်းသားတွေ အချင်းချင်းအကြား သဘောထား ကွဲလွဲနိုင်ပေမယ့် ပြည်ထောင် စုကနေ ခွဲထွက်ဖို့ဆိုတဲ့အယူအဆတွေ မပြောသင့်ကြောင်း၊ သီးခြားနိုင်ငံ ထူထောင်မယ်ဆိုတဲ့ အယူအဆမျိုးကို လောလောဆယ်မှာ လက်မခံနိုင်ကြောင်းကိုလည်း ၎င်းက ပြောဆိုထားပါတယ်။[22]
ဒါ့အပြင် ၂၀၂၀ ပြည့်နှစ်၊ မေ ၁၈ ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒေါက်တာအေးမောင် အနေနဲ့ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၁ (ဃ)၊ ပုဒ်မ ၈၈ (က) တို့နဲ့ ငြိစွန်းနေတာကြောင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းခဲ့သလို၊ နောင်လာမယ့်ရွေးကောက်ပွဲတွေမှာလည်း ဝင်ရောက်ယှဉ် ပြိုင်ခွင့် မရှိတော့ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီအခြေအနေက နိုင်ငံရေးသမား တွေ အတွက် ပိတ်ပင်တားဆီးမှုဖြစ်စေပြီး အဆိုပါဥပဒေတွေကို ပြင်ဆင်ဖို့ လိုတယ်လို့လည်း သုံးသပ်ကြပါတယ်။ ရခိုင်ပြည်နယ်က ထင်ရှားတဲ့ နိုင်ငံရေးသမားတဦးက မိမိဒေသက နိုင်ငံရေးပြဿနာကို အကြောင်းပြု ပြီး အစိုးရကို ဝေဖန်ပြောဆိုခဲ့မိလို့ ဥပဒေကြောင်းအရ နှစ်ရှည် ထောင်ဒဏ်ကျခံနေရတဲ့ အပြင်၊ နိုင်ငံရေးအရ ကိုယ်စားပြုခွင့်ကိုပါ ရုတ်သိမ်းခံရတဲ့ အခြေအနေတွေဟာ နိုင်ငံရေးအရ လုံခြုံမှုရရှိရေးဆိုတဲ့ လူသားလုံခြုံရေး ကဏ္ဍအပေါ် စိန်ခေါ်နေ ကြောင်း ထင်ရှားတဲ့ ဥပမာ ဖြစ်ရပ်ပါ။
၄။ နိုင်ငံတကာရောက် ရခိုင်အရေး
မြန်မာ့ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခရဲ့ အကျိုးသက်ရောက်မှုတွေက ပြည်သူတွေရဲ့ လူသားလုံခြုံရေးအပေါ် ရိုက်ခတ်မှုရှိနေချိန်မှာပဲ ရခိုင်အရေးပဋိပက္ခကလည်း နိုင်ငံတကာမျက်နှာစာအထိပါ ရောက်ရှိနေတဲ့ အာရုံစိုက် စရာ ကိစ္စဖြစ်ပါတယ်။ နှစ်ကာလပေါင်းများစွာ အချေတင်အငြင်းပွားဖွယ်ဖြစ်ခဲ့တဲ့ သမိုင်းအချက်အလက်တွေ၊ နိုင်ငံရေး၊ လူမျိုးရေး ပြဿနာတွေကြောင့် ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံအနောက်ပိုင်းက လူမျိုးရေးပဋိပက္ခကို အခြေပြုပြီး ပေါ်ပေါက်လာတဲ့ အကြမ်းဖက်မှုတွေဟယ လွန်ခဲ့တဲ့နှစ်ပိုင်းတွေအတွင်းမှာ ကြီးထွားခဲ့တာပါ။ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ အတွင်းမှာ ARSA အဖွဲ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ်က လုံခြုံရေးရဲစခန်း ၃၀ ကျော်ကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ မြန်မာ့တပ်မတော်ကလည်း ပြင်းပြင်းထန်ထန် ပြန်လည် တုံ့ပြန်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် တုံ့ပြန်မှုတွေရဲ့ အကျိုးဆက်အဖြစ် ရိုဟင်ဂျာသိန်းချီကျော်ဟာ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ဒီလို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရတဲ့ လူဦးရေ ပမာဏ ရုတ်တရက်ကြီးထွားလာခြင်းကြောင့် နိုင်ငံတကာရဲ့ အာရုံစိုက် မေးခွန်းထုတ်မှုတွေကိုလည်း ကြုံတွေ့လာရပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ အင်းဒင်ရွာသတ်ဖြတ်မှုအကြောင်းကို ဖော်ထုတ်ရေးသားခဲ့တဲ့ ရိုက်တာသတင်းဌာနက မြန်မာ သတင်းထောက်နှစ်ဦးကိုလည်း မြန်မာအစိုးရက ကနဦးမှာ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခဲ့ပါတယ်။ အဆိုပါ ပဋိပက္ခ ဖြစ်စဉ်အတွင်း နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေအကြား လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေက ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့ ဝေဖန်မှုတွေကို မြင့်တက်စေခဲ့ပါတယ်။ မြန်မာအစိုးရ အနေနဲ့ ဒေသပြန်လည်တည်ငြိမ်ရေး ဖော်ဆောင်ဖို့ စိန်ခေါ်ချက်တွေ မြင့်မားနေချိန်မှာပဲ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ အတွင်းမှာ ဂမ်ဘီယာနိုင်ငံက လူမျိုးတုံး သတ်ဖြတ်မှုတားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ ကုလသမဂ္ဂပဋိဉာဉ်ကို မြန်မာက ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ တရားစွဲဆိုခဲ့ပြီး မြန်မာနိုင်ငံက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ဦးဆောင်ပြီး သွားရောက်ဖြေရှင်းနေရတဲ့ အခင်းအကျင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပဋိပက္ခကြောင့် အကျိုးသက်ရောက်ရတဲ့ လူသားလုံခြုံရေးကဏ္ဍကို ချဉ်းကပ်လေ့လာတဲ့အခါမှာ ရခိုင်ပြည်အရေး ဟာလည်း အထူး ဂရုပြုဆင်ခြင်သင့်တဲ့ ကဏ္ဍတခု ဖြစ်ပါတယ်။
နိဂုံး
မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ပဋိပက္ခနဲ့ ဆက်စပ်ဖြစ်ပေါ်လာတဲ့ လူသားလုံခြုံရေးကဏ္ဍအပေါ် စိန်ခေါ်ချက်တွေ ဆက်လက် မြင့်တက်နေဆဲပါ။ ယခုဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ အစုအဖွဲ့အသီးသီးရဲ့ ဆောင်ရွက်ချက်အချို့က လူသားလုံခြုံရေးကဏ္ဍ ပျက်ပြားစေတဲ့ အခင်းအကျင်းတွေကိုလည်း ပြန်လည်သုံးသပ်ကြဖို့ လိုအပ်ပါတယ်။ ပဋိပက္ခ ဖြစ်စဉ်အတွင်း တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အကြား စစ်ရေးလှုပ်ရှားမှု တွေအကြား အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးကြတာ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ရင်ဆိုင်နေရတာ တွေအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့က အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ တပ်သားသစ်အဖြစ် စုဆောင်းတာစတဲ့ ဖြစ်ရပ်တွေက တဦးတယောက်ချင်း လုံခြုံရေးအပေါ် အဓိက စိန်ခေါ်ချက် တွေ ဖြစ်နေပါတယ်။ စစ်ဒဏ်သင့်ဒေသတွေအတွင်း မြေမြှုပ်မိုင်းအန္တရာယ်တွေကြောင့် စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေး ခက်ခဲနေတာ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဆပ်ကြေး ကောက်ခံမှုနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်မှုအကြောင်းပြုပြီး ဒေသခံတွေကို ဖမ်းဆီးတာ စတဲ့ အချက်တွေက ဒေသလုံခြုံရေး အပေါ်မှာလည်း ရိုက်ခက်မှုတွေ ရှိလာပါတယ်။ ပြည်သူတွေ နိုင်ငံရေးဖြစ်စဉ်မှာ လုံခြုံစွာ ပါဝင်နိုင်ရေး မှာတော့ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရရဲ့ ဆောင်ရွက်ချက် အချို့က အဟန့်အတား ဖြစ်နေ စေပါတယ်။ တပ်မတော်ရဲ့ တက်ကြွ လှုပ်ရှားသူတွေအပေါ် တရားစွဲဆိုမှုတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့က ရွေးကောက်ပွဲ ဖြစ်စဉ်အတွင်း နိုင်ငံရေးအရ ဖိနှိပ်မှုအချို့ ပြုလုပ် နေတာ၊ အစိုးရက ဥပဒေကြောင်း အရ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ခွင့်အပေါ် ထိန်းချုပ်ကန့်သတ်ထားတာ စတဲ့ အခင်းအကျင်းတွေက အထင်အရှား ရှိနေပါတယ်။
ဒီအခြေအနေတွေအပေါ် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်နေကြတဲ့ အစုအဖွဲ့အသီးသီးက ပိုမိုသတိမူ ဆောင်ရွက်နိုင်ကြဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်ရဲ့ တည်ဆောက်ထားမှု ပုံစံဟာ အမျိုးသားအဆင့် စဉ်းစားချက်ကို အထိုင်ချပြီး နိုင်ငံရေးဆွေးနွေးပွဲတွေကို အဲ့ဒီ အထိုင်ပေါ်မှာသာ တည်ဆောက်ထားတဲ့ ပုံစံက ပိုမိုမြင်သာပါတယ်။ ဆောင်းပါးရဲ့ တင်ကြိုအဆိုပြုချက်ဖြစ်တဲ့ “မြန်မာနိုင်ငံရဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ ကြောင့် ဆက်စပ်ဖြစ်ပေါ်လာတဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်ချက်တွေကို ရင်ဆိုင်ဖြေရှင်းတဲ့အခါမှာ နိုင်ငံတော်ကို ဗဟိုပြုတဲ့ အမျိုးသားလုံခြုံရေးရှုထောင့်ကနေ အမြဲအထိုင်ချစဉ်းစား တာမျိုးထက် လူသားဗဟိုပြု စဉ်းစား ချက်မျိုးကိုပါ တပြိုင်နက်တည်း အရေးတကြီး ထည့်သွင်းစဉ်းစားသင့်ပြီ” ဆိုတဲ့ အချက်ကို ဆက်လက် ဆွေးနွေးလိုပါတယ်။ ဖက်ဒရယ်စနစ် ဖော်ဆောင်နိုင်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ် ဖော်ဆောင်နိုင်ရေး စတဲ့ နိုင်ငံရေးရည်မှန်းချက်တွေဟာ ပြည်တွင်းစစ်ကြောင့် အကျိုးသက်ရောက်မှု ရှိနေတဲ့ အမျိုးသား လုံခြုံရေး ကဏ္ဍအတွက် ကောင်းမွန်တဲ့ လမ်းကြောင်းတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဆောင်းပါးမှာ ဆွေးနွေးခဲ့တဲ့ လူသား လုံခြုံရေးဆိုင်ရာ ပြဿနာတွေအတွက်တော့ တိုက်ရိုက်ဖြေရှင်းနိုင်မယ့် လမ်းကြောင်းတခုသဖွယ် ရှိနေသလား ဆိုတာကတော့ သတိပြုဆင်ခြင်စရာပါ။
တဆက်တည်းမှာပဲ NCA ကို အခြေခံထားတဲ့ လက်ရှိပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဥ်အရ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံဟာ အမျိုးသားအဆင့် အမြင့်ဆုံးဆွေးနွေးမှု လမ်းကြောင်း တည်ရှိနေပါတယ်။ ဒါပေမဲ့ လည်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအတွင်းမှာ ထည့်သွင်းဆွေးနွေးမယ့် ကဏ္ဍကြီးငါးရပ်အနက် နိုင်ငံရေး ကဏ္ဍ ကိုသာ အဓိက ဆွေးနွေးနိုင်ကြပြီး လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာကဏ္ဍတွေကိုတော့ ဆွေးနွေးနိုင်ခြင်း မရှိသေးတာကလည်း သတိပြုစရာ အချက် တချက် ဖြစ်ပါတယ်။ အထူးသဖြင့် လုံခြုံရေးကဏ္ဍ အတွင်း သဘောထားကွဲလွဲမှုတွေ ပိုမို များပြားနေပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရပ်တန့်သွားခဲ့တဲ့ အခြေအနေတွေ ရှိခဲ့တာပါ။ အမျိုးသား အဆင့် နိုင်ငံရေးပန်းတိုင်တွေ ဖြစ်တဲ့ ဖက်ဒရယ်စနစ်တည်ဆောက်ရေး၊ အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေး စတဲ့ ရည်မှန်းချက်တွေကို ပိုမိုအလေးပေး ဆွေးနွေး ကြပေမယ့် အခြားကဏ္ဍ တွေမှာတော့ ဆွေးနွေးညှိနှိုင်းနိုင်မှု အားနည်းနေတာ ဖြစ်ပါတယ်။ NCA စာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တောင် လုံခြုံရေးကဏ္ဍအတွက် ဆွေးနွေးမှုတွေ အားမကောင်းတဲ့ အခြေအနေက NCA မူဘောင်ပြင်ပက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအတွက် စိန်ခေါ်ချက်တွေ ပိုမြင့်မားစေနိုင်ပါတယ်။ ဒါကြောင့် လူတဦးတယောက်ချင်းစီရဲ့ လုံခြုံရေး၊ ဒေသအစုအဖွဲ့လိုက် လုံခြုံနိုင်ရေးအတွက် လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်စဉ်အတွင်း လုံခြုံရေး ကဏ္ဍက အလေးအနက် ထည့်သွင်း ဆွေးနွေးစရာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံသားတွေရဲ့ နိုင်ငံရေး ဖြစ်စဉ်မှာ ပါဝင်နိုင်ခွင့်အပေါ် လုံခြုံမှု အာမခံချက်ပေးနိုင်ခြင်း မရှိတဲ့ ဥပဒေတွေကိုလည်း ပြန်လည် သုံးသပ်သင့်ပါတယ်။ အချုပ်ဆိုရရင် လက်ရှိ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး လမ်ကြောင်း တည်ဆောက်ထားပုံအထိုင် ပုံစံဟာ ပြည်တွင်းစစ်ပဋိပက္ခကြောင့် ထိခိုက်မှုရှိနေတဲ့ လူသားလုံခြုံရေးကဏ္ဍစိန်ခေါ်ချက်တွေကို ကျော်လွှား နိုင်မယ့် နည်းလမ်း အဖြစ် ရှိနေသလား၊ ပါဝင်ပတ်သက်သူ အစုအဖွဲ့ တွေအကြား နည်းလမ်း အသစ်တွေ ထပ်မံ ရှာဖွေသင့်သလားဆိုတဲ့ အချက်ကတော့ ဆက်လက်အဖြေရှာသင့်တဲ့ အမေးပုစ္ဆာပဲ ဖြစ်ပါတယ်။
အယ်ဒီတာမှတ်ချက်
မြန်မာနိုင်ငံတွင် တည်ဆဲအစိုးရအဖွဲ့နှင့် မီဒီယာများက “ရိုဟင်ဂျာ” အစား ‘ဘင်္ဂါလီ’ ဟု သုံးစွဲပါသည်။
[1] ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် အင်တာနက်ယာယီဖြတ်တောက်ထားရခြင်းနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်။
[2] Amartya Sen.(2014). Routledge Handbook of Human Security. Birth of a Discourse. (P.17)
[3] The United Nations Development Programme (UNDP). (1994). Human Development Report 1994.
[4] ISP-Myanmar Peace Desk ၏ Clashes Data စုစည်းမှုများ။ https://ispmyanmarpeacedesk.com/process/#clashes/
[5] BBC News (၂၀၂၀၊ စက်တင်ဘာ ၁၅)၊ ဦးဂါရွာမှာ ပြစ်မှုကျူးလွန်သူ တပ်မတော်သား သုံးဦးကို စစ်တရားရုံးဖွဲ့ပြီး စစ်ဆေးမယ်လို့ တပ်မတော်ပြော။
https://www.bbc.com/burmese/burma-54159636
[6] မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့၊(၂၀၂၀)၊ မြန်မာနိုင်ငံအစီရင်ခံစာ။
[7] ထွန်းခိုင်၊ ( ၂၀၂၀၊ နိုဝင်ဘာ ၂၄)၊ ရခိုင်တွင် အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲခံထားရသူ ၂၆၉ ဦးနှင့် အမှုပေါင်း ၉၁မှုရှိ၊ BNI Multimedia Group။
https://www.bnionline.net/mm/news-77058
[8] အောင်ငြိမ်းချမ်း၊ ( ၂၀၂၀၊ အောက်တိုဘာ ၁၉)၊ ပလက်ဝမြို့နယ်ဒေသခံတစ်ဦးကို AA ဖမ်းဆီး၊ Myanmar Now။
https://www.myanmar-now.org/mm/news/4746
[9] ISP-Myanmar Peace Desk ၏ Statements စုစည်းမှုများ။
https://ispmyanmarpeacedesk.com/actors/#tmd-statements/
[10]ဧရာဝတီ၊(၂၀၂၀၊ ဒီဇင်ဘာ ၉)၊ လူထုအား ဖမ်းဆီး ငွေညှစ်သည့် လက်နက်ကိုင်များကို လူ့အခွင့်အရေး လှုပ်ရှားသူများဝေဖန်။ https://burma.irrawaddy.com/news/2020/12/09/234569.html
[11] RFA၊ (၂၀၂၀၊ ဒီဇင်ဘာ ၇)၊ မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူ ၁၆ ယောက်ကို SSPP ဖမ်းဆီးထား
https://www.rfa.org/burmese/news/sspp-arrest-16-drug-dealers-12072020064334.html
[12] ကိုမိုးဇော်၊ (၂၀၂၀၊ ဒီဇင်ဘာ ၆)၊ မိုးကုတ်မြို့နယ်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးမှု TNLA ဝန်ခံ၊ VOA။ https://burmese.voanews.com/a/mogok-u-kyaw-win-tnla/5689081.html
[13] သက်နိုင်၊ (၂၀၂၀၊ အောက်တိုဘာ ၂၀)၊ NLD ကိုယ်စားလှယ်တွေ ဖမ်းဆီးမှု AA အကြောင်းပြချက် NLD ပယ်ချ၊ VOA။
https://burmese.voanews.com/a/rakhine-nld-aa-conflict/5628303.html
[14] ISP-Myanmar Peace Desk ၏ Security Daily Round-Up ကဏ္ဍစုစည်းမှုများ
https://ispmyanmarpeacedesk.com/security/#security-daily-round-up/
[15] ၂၀၁၁ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၅၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ။
[16] ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၆၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင် သည့် ဥပဒေ။
[17] ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၈၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ။
[18] စမ်းယမင်းအောင်၊ (၂၀၁၈၊ ဧပြီ ၆)၊ ငြိမ်းစုစီဥပဒေ ပြင်ဆင်မှုနောက်ကွယ်၊ ဧရာဝတီ။
https://burma.irrawaddy.com/article/2018/04/06/155648.html
[19]Free Expression Myanmar (၂၀၁၈၊ ဖော်ဖော်ဝါရီ ၂၆)၊ 5 violations that need addressing in protest law amendment – ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၏ ဦးတည်ဆန်းစစ်ရန်လိုအပ်နေသော လူ့အခွင့်အရေးချိုးဖောက်နေမှု (၅)ရပ်။
http://freeexpressionmyanmar.org/5-violations-that-need-addressing-in-protest-law-amendment/
[20] အသံ – လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ (၂၀၂၀၊ မေ ၂)၊ အစိုးရ၏ လေးနှစ်တာသက်တမ်းအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဆန်းစစ်ခြင်း။
[21] ကျော်လင်း၊ (၂၀၁၉၊ မတ် ၁၉)၊ ဒေါက်တာအေးမောင်၊ ဝေဟင်အောင်တို့ကို ထောင် ၂၂ နှစ်စီချ၊ Myanmar Now။
https://www.myanmar-now.org/mm/news/1896
[22] ဖဒူထွန်းအောင်၊ (၂၀၂၀၊ နိုဝင်ဘာ ၂၃)၊ ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် လွတ်မြောက်ရေး လက်မှတ်ကောက်ခံ၊ Myanmar Now။
https://www.myanmar-now.org/mm/news/5081