ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (နိုဝင်ဘာ တတိယပတ်)

Post By Nyein Ko Ko Soe, On November 20, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (နိုဝင်ဘာ တတိယပတ်)

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၃ ရက်မှ ၁၉ ရက်အထိ (နိုဝင်ဘာ တတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်  NCA လက်မှတ်ထိုးရန် “၀”အဖွဲ့ (UWSP/UWSA) ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်တွန်းခဲ့ခြင်းနှင့် ဆက်စပ်သည့်သတင်းများက လွှမ်းမိုးနေပါသည်။

ထို့အပြင် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ကိုယ်စားလှယ်များက ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခင်းအကျင်းနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းခဲ့ခြင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် “၀” ဒေသသို့ လာရောက်ရေး မျှော်လင့်ကြောင်း “၀” အဖွဲ့တာဝန်ရှိသူက ပြောကြားခဲ့ခြင်းစသည့်သတင်းများလည်း ရှိခဲ့ပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

ယခုရက်သတ္တပတ်အတွင်း NCA လက်မှတ်မထိုးရသေးသော အဖွဲ့များနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က “၀”အဖွဲ့ (UWSP/UWSA) ကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA) လက်မှတ်ထိုးရန် တိုက်တွန်းခဲ့ခြင်းနှင့် ဆက်စပ်သည့်သတင်းများကို မြန်မာတိုင်းမ်၊ 7 Day Daily နှင့် RFA သတင်းဌာနများက ဖော်ပြခဲ့ကြပါသည်။

မြန်မာတိုင်းမ်သတင်းဌာန၏ ဖော်ပြမှုအရ နိုဝင်ဘာ ၁၇ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က “၀”ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် NCA လက်မှတ်ထိုးရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယနိုင်ငံရေးမှူးအဆင့်ရှိသူ ဦးညီကပ် ဦးဆောင်သည့် “၀” ကိုယ်စားလှယ်အဖွဲ့တို့သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ် မိုင်းဆတ်တပ်နယ်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွင်း သုံးကြိမ်မြောက်တွေ့ဆုံခြင်း ဖြစ်ကြောင်း မြန်မာတိုင်းမ်သတင်းတွင် ဖော်ပြထားပါသည်။

အခြားသတင်းတပုဒ်တွင်မူ NCA လက်မှတ်ထိုးရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်တွန်းခဲ့သော်လည်း “၀” အဖွဲ့အနေဖြင့် အားလုံးပါဝင်ရေးမူကို လိုလားကြောင်း ယင်းအဖွဲ့ပြောရေးဆိုခွင့်ရှိသူ လားရှိုးမြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ပြောကြားခဲ့သည်ဟု RFA သတင်းဌာနက သတင်းဖော်ပြခဲ့သည်။

အပစ်ရပ်လက်မှတ်ထိုးရန် “ဝ”အဖွဲ့ကို တပ်မတော်က မကြာခဏတိုက်တွန်းသော်လည်း မိမိတို့အဖွဲ့အနေဖြင့် အားလုံးပါဝင်ရေးမူကို လက်ကိုင်ထားပြီး ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေး ကော်မတီ(FPNCC) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့လုံး ပါဝင်သော ဆွေးနွေးမှုတွေ၊ သဘောတူညီမှုများ ပါမှသာ NCA လက်မှတ်ရေးထိုးရေး ဖြစ်မြောက်မည်ဟု ဦးညီရမ်းက RFA ကို ပြောကြားခဲ့သည်။

နောက်ထပ်သတင်းတပုဒ်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရရှိသည်ကို ဝမ်းမြောက်ဂုဏ်ပြုကြောင်း “၀”အဖွဲ့ (UWSP/UWSA) ဥက္ကဋ္ဌ ဦးပေါက်ယူချမ်းက သဝဏ်လွှာ ပေးပို့ခဲ့ခြင်းကို နိုဝင်ဘာ ၁၈ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြခဲ့သော သတင်းဖြစ်ပါသည်။

UWSA အနေဖြင့် လက်ရှိ NLD အစိုးရနှင့် ကောင်းမွန်သည့်ဆက်ဆံမှု၊ ပူးပေါင်းမှုများရှိကြောင်း၊ NLD ပါတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် “၀”ဒေသသို့ လာရောက်ရေးပင် ဖိတ်ကြားခဲ့မှု ရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် “၀”ဒေသသို့ လာရောက်ရေး မျှော်လင့်ကြောင်း UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက 7 Day ကို ပြောကြားခဲ့ကြောင်း သိရပါသည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ကိုယ်စားလှယ်များသည် ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခင်းအကျင်းနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၁၈ ရက်က အွန်လိုင်းအစည်းအဝေး ပြုလုပ်၍ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း 7 Day Daily သတင်းစာက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်က ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံစတုတ္ထ အစည်းအဝေး ကျင်းပပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ချင်းစီက ညီလာခံအပေါ် သုံးသပ်ခြင်း ပြုလုပ်ခဲ့ပြီး NCA အကောင်အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်းများကိုလည်း အသေးစိတ်ပြန်လည်ဆန်းစစ်သုံးသပ်ခဲ့သည်ဟု ကြားသိရကြောင်း RCSS/SSA ကိုယ်စားလှယ်ဗိုလ်မှူးကြီးစိုင်းငင်းက 7 Day ကို ပြောကြားခဲ့သည်။

ထို့အပြင် နိုဝင်ဘာ ၁၉ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြမှုအရ “၀”အဖွဲ့ (UWSP/UWSA) ပါဝင် လက်မှတ်ရေးထိုးလာနိုင်ရေးအတွက် NCA စာချုပ်တွင် နောက်ဆက်တွဲ အပိုဆောင်းသဘောတူညီချက် ဖန်တီးပြီး နိုင်ငံရေးဆွေးနွေးပွဲသို့ ပါဝင်လာရေးဆောင်ရွက်နိုင်ကြောင်း PNLO/PNLA အဖွဲ့ ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက အကြံပြုခဲ့ကြောင်း သိရပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့သည် NCA မှ ရရှိမည့် နိုင်ငံရေးအခွင့်အရေးထက် သာလွန်သည့် အခွင့်အရေး ရပြီးဖြစ်နေကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက UWSA ကို ဥပမာပေးခဲ့ပြီး UWSA အနေဖြင့်လည်း ‘ဝ’ ပြည်နယ်ကို တရားဝင်သတ်မှတ်ပေးရန် လိုလားလျက်ရှိရာ ၎င်းတို့ ၏ လိုလားချက်သည် ဥပဒေ ကြောင်း အရ ဖက်ဒရယ်အစီအစဉ်အောက်မှ သွားရမည့်ကိစ္စဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်ဟု 7 Day သတင်း တွင် ဖော်ပြထားပါသည်။

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ တတိယပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။