ထုတ်ပြန်ကြေညာချက်များ (ဩဂုတ် ဒုတိယပတ်)

Post By Pan Su Wai, On August 18, 2020

ထုတ်ပြန်ကြေညာချက်များ (ဩဂုတ် ဒုတိယပတ်)

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၁၁ ရက်မှ ၁၇ ရက်အထိ (ဩဂုတ် ဒုတိယပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ပါတီနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၉ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် အရပ်ဘက်အဖွဲ့အစည်းများက ၁၁ ခုအထိ ထုတ်ပြန်ခဲ့ကြပြီး တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ သုံးခုစီ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီတို့က တခုစီ အသီးသီး ထုတ်ပြန်ခဲ့ကြပါသည်။

ပြည်ထောင်စုအစိုးရ၏ ထုတ်ပြန်ချက်များ

ဩဂုတ် ဒုတိယပတ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဩဂုတ် ၁၂ ရက်စွဲဖြင့် ထုတ်ပြန်ချက်မှာ လူအများအကြား လှုပ်ခတ်မှုဖြစ်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁ ရက် မှစ၍ လူ ၁၅ ဦးဖြစ်စေ၊ ၁၅ ဦးထက် ပို၍ဖြစ်စေ စုဝေးခြင်းမပြုရန် ထုတ်ပြန်ကြေညာချက်အား ယခုအခါ ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၆ ရက်မှစ၍ လူ ၁၅ ဦးအစား လူ၃၀ ဦးဖြစ်စေ၊ ၃၀ ဦးထက် ပို၍ ဖြစ်စေ စုဝေးခြင်းမပြုရန် ပြင်ဆင်ထုတ်ပြန်လိုက်ကြောင်း ” ဖော်ပြခဲ့ပါ သည်။

ယင်းနောက် “ယခုထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း”အဆိုပါ ထုတ်ပြန်ချက်တွင် အသိပေးထားပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်များ  

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် ပတ်သက်၍ ဩဂုတ်ဒုတိယပတ်အတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များအနက် “ကျောက်ဖြူမြို့နယ်၊ ကပ်သပြေ ကျေးရွာတွင် AA အမာခံ သုံးဦး ဖမ်းဆီးရမိကြောင်း” သြဂုတ် ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ချက်မှာလည်း အာရုံစိုက်စရာဖြစ်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာတွင် AA အဖွဲ့များနှင့် ပတ်သက်ဆက်နွယ် အားပေးကူညီခဲ့သူ အမာခံ ရှစ်ဦးအား ဖမ်းဆီးရမိခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခဲ့သည် ကို ဇူလိုင် ၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း” ဦးစွာ ဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး “အဆိုပါဖမ်းဆီးရမိ အမာခံ ၈ ဦးအား အသေးစိတ်စစ်ကြော မေးမြန်းချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဩဂုတ် ၁၄ ရက်တွင် ကပ်သပြေကျေးရွာ ဝင်၊ ထွက်လမ်းများအား ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ထပ်မံ၍ AA အမာခံ သုံးဦးအား ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ သုံးဦး အား သက်ဆိုင်ရာသို့ လွှဲပြောင်း၍ ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း” တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်

ဩဂုတ် ဒုတိယပတ်အတွင်းထွက်ရှိခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်များအနက် “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ စတုတ္ထအစည်းအဝေး ဖိတ်ကြားလာခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ၏ သဘောထားထုတ်ပြန် ကြေညာချက်”မှာ အာရုံစိုက်စရာ ဖြစ်ခဲ့ပါသည်။

အချက်လေးချက် ပါဝင်သည့် အဆိုပါထုတ်ပြန်ချက်တွင် “ ယခုညီလာခံကို ဂုဏ်ပြုသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသည့်အချိန်ကာလ တွင် ကျင်းပသည့်အတွက် အသွားအလာ ခရီးစဉ်များ စီစဉ်ရာတွင် အခက်အခဲများ ရင်ဆိုင်နေရခြင်း တို့ကြောင့် FPNCC ခြောက်ဖွဲ့အနေဖြင့် ၂၁-ရာစုပင်လုံ စတုတ္ထ အစည်းအဝေးသို့ မတက်ရောက်နိုင်ကြောင်း” ဦးစွာ ဖော်ပြခဲ့ပါသည်။

ယင်းနောက် “ပဋိပက္ခဖြစ်ပွားသည့် အဖွဲ့အစည်းများအားလုံး ညီလာခံသို့ အားလုံးတက်ရောက်နိုင်ပြီး မျက်နှာချင်း ဆိုင်စုံလင်စွာ ဆွေးနွေးနိုင်မှ သာလျှင် ယုံကြည်မှုများမြှင့်တင်နိုင်ပြီး ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်များကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ စတုတ္ထအကြိမ်ညီလာခံတွင် ပြည်ထောင်စုအစိုးရမှ ULA/ AA အဖွဲ့ အား ဖိတ်ကြားခြင်းမရှိသည့်အတွက် FPNCC အနေဖြင့် များစွာ စိတ်မကောင်းဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

ALP/ALA အဖွဲ့က ဩဂုတ် ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် “ALP/ ALAအဖွဲ့၏ တွဲဖက်အတွင်းရေးမှူး(၁)အပါအဝင် ရခိုင်လူထုကျန်းမာရေးလုပ်သားအဖွဲ့၏ ဆေးဝန်ထမ်းများအား AAမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် ပတ်သက်၍ ထုတ်ပြန်ချက်”မှာလည်း သတိပြုစရာဖြစ်ခဲ့ပါသည်။

ယင်းထုတ်ပြန်ချက်တွင် အချက် လေးချက် ပါဝင်ခဲ့ပြီး “ALP/ ALAအဖွဲ့၏ တွဲဖက်အတွင်းရေးမှူး(၁) အပါအဝင် ရခိုင်လူထု ကျန်းမာရေးလုပ်သားအဖွဲ့၏ဆေးဝန်ထမ်း ငါးဦး တို့အား AA အဖွဲ့မှ ဖမ်းဆီးသွားခြင်းကို အထူးပင်စိုးရိမ်မိကြောင်း” ဦးစွာ ဖော်ပြခဲ့ပါသည်။

ယင်းနောက် “AA အဖွဲ့မှ လက်ရှိဖမ်းဆီးထားသော ALP ပါတီ၏ တွဲဖက် အတွင်းရေးမှူး(၁) အပါအဝင် ယခင်ဖမ်းဆီးထားသော ALA တပ်ဖွဲ့ဝင်များ နှင့် ရခိုင်လူထုကျန်းမာရေးဆေးဝန်ထမ်းများအား အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း” ဖော်ပြခဲ့ပါသည်။

ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် PSLF/TNLA အဖွဲ့၊ MNTJP/MNDAA အဖွဲ့ နှင့် ULA/AA အဖွဲ့တို့ကလည်း “တပ်မတော်၏ဖိအားကြောင့် ပြင်ဦးလွင်တရားရုံးမှ အရပ်သားပြည်သူလူထုများအား မတရားသဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခြင်းအပေါ် “ ဩဂုတ် ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ရှင်းလင်းချက် တခု ထွက်ရှိခဲ့ပါသည်။

ပါတီများ၏ ထုတ်ပြန်ချက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူသော “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ၏ ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီ ကို ဖွဲ့စည်းကြောင်း”ကို ဩဂုတ် ၁၇ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ ကြေညာချက်အရ “၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ဖွဲ့စည်းသော ဒီချုပ်၏ ဗဟိုအောင်နိုင်ရေးကော်မတီတွင် ဂုဏ်ထူးဆောင် နာယကအဖြစ် သူရဦးတင်ဦး၊ အတွင်းရေးမှူးအဖြစ် လက်ရှိနိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ် ခြောက်ဦးကို လည်း အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းထားကြောင်း” သိရပါသည်။

ထို့ပြင် “ဗဟိုအောင်နိုင်ရေးကော်မတီတွင် သမ္မတဟောင်းဦးထင်ကျော်၊ ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်တို့ အပါအဝင် အဖွဲ့ဝင် ၃၁ ဦး ပါဝင်ကြောင်း”NLD ပါတီ၏ ကြေညာချက်တွင် ဖော်ပြထားပါသည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က PACE အဖွဲ့ကို ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် လွတ်လပ်သော အရပ်ဘက်စောင့်ကြည့်လေ့လာရေး လုပ်ငန်းစဉ်များ မပြုလုပ်ရန် ကန့်သတ်ပိတ်ပင်မှုကိစ္စနှင့် ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်း ကိုးဖွဲ့က ဩဂုတ် ၁၃ရက်စွဲဖြင့် ပူးတွဲသဘောထား ထုတ်ပြန်ချက်တခု ထွက်ရှိခဲ့ပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်လာရန်အတွက် ရွေးကောက်ပွဲစောင့်ကြည့်ရေး လုပ်ငန်းများ ကန့်သတ်ပိတ်ပင်မှုကို သုံးသပ်ပြင်ဆင်ပေးရန် တောင်းဆိုခဲ့ပါသည်။

ထို့ပြင် “နှစ်(၇၀)ပြည့် ကရင့်အာဇာနည်နေ့အခမ်းအနား ကျင်းပခြင်းနှင့် စပ်လျဉ်း၍ အစိုးရအာဏာပိုင်များမှ လာရောက်နှောက်ယှက်ဖမ်းဆီးမှု အပေါ် ကန့်ကွက်ကြောင်း ” ထုတ်ပြန်ချက်များကို ကရင်လူငယ်အစည်းအရုံး၊ ကရင်ပါတီများ၊ ကရင်လူမှုအဖွဲ့အစည်းများ၊ ကရင်ငြိမ်းချမ်းရေး အထောက်အကူ ပြုကွန်ရက်(KPSN)၊ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များ အစည်းအရုံး၊ ရခိုင်အရပ်ဘက်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ယက်နှင့် အရပ်ဘက်အဖွဲ့အစည်းများက အသီးသီး ထုတ်ပြန်ခဲ့ကြပါသည်။

 

၂၀၂၀ ပြည့်နှစ် ဩဂုတ်ဒုတိယပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။