ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇွန် စတုတ္ထပတ်)

Post By Nyein Ko Ko Soe, On June 26, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇွန် စတုတ္ထပတ်)

၂၀၂၀ ပြည့်နှစ် ဇွန် ၁၉ ရက်မှ ၂၅ ရက်အထိ (ဇွန် စတုတ္ထပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်များအနက် ၂၁ ရာစု ပင်လုံညီလာခံကို ဩဂုတ်လ ဒုတိယပတ်တွင် ကျင်းပရန် သုံးပွင့်ဆိုင် သဘောတူခဲ့ခြင်း၊ အွန်လိုင်းမှတဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အစိုးရ၏ကမ်းလှမ်းချက်ကို မြောက်ပိုင်း လက်နက်ကိုင် လေးဖွဲ့က ပယ်ချလိုက်ပြီး COVID-19 ကပ်ရောဂါအလွန်မှသာ ဆွေးနွေးတော့မည်ဟု တုန့်ပြန်ထားခြင်းတို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အာရုံစိုက်စရာကိစ္စရပ်များ ဖြစ်ခဲ့ပါသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၂၀ အတွင်း ပြည်သူများအတွက် ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်မည်ဟု ပြောဆိုထားရာ မျှော်မှန်းထားသကဲ့သို့ ဖြစ်မလာကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့မှု၊ အစိုးရ ထိန်းချုပ်နယ်မြေအတွင်း ရောက်နေသည့် KIO/KIA အဖွဲ့၏ ကိုဗစ် စစ်ဆေးရေးဂိတ်ကို ဖယ်ရှားပေးခဲ့ရာ တပ်မတော်နှင့် ပဋိပက္ခဖြစ်ပွားခဲ့ခြင်းမရှိဟု KIA ဘက်က ပြောကြားခဲ့မှုတို့မှာလည်း စိတ်ဝင်စားစရာ အကြောင်းအရာများ ဖြစ်ခဲ့ပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

အစိုးရက အွန်လိုင်းမှတဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းချက်ကို မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့က ပယ်ချလိုက်ပြီး COVID-19 ကပ်ရောဂါအလွန်မှသာ ဆွေးနွေးတော့မည်ဟု တုန့်ပြန်ထားကြောင်း မြန်မာတိုင်းမ်သတင်းဌာနက ဇွန် ၂၀ ရက်တွင် ဖော်ပြခဲ့သည့် သတင်းမှာ ဇွန် စတုတ္ထပတ်အတွင်း စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသော ULA/AA အဖွဲ့ ပါဝင်သည့် PSLF/TNLA အဖွဲ့၊ KIO/KIA အဖွဲ့၊ MNTJP/ MNDAA အဖွဲ့တို့၏ မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့က COVID-19 ကပ်ရောဂါအလွန်မှသာ ဆွေးနွေးတော့မည်ဟု ပြန်လည်တုန့်ပြန်ထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးမှ ဇွန် ၁၉ ရက်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။
အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့တို့သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာက တရုတ်နိုင်ငံ ကူမင်းမြို့တွင် နောက်ဆုံးတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယခုအချိန်ထိ ထပ်မံ မတွေ့ဆုံနိုင်ခြင်း ဖြစ်သည်။

နောက်ထပ်စိတ်ဝင်စားစရာ သတင်းတပုဒ်မှာ ဧရာဝတီသတင်းဌာနက ဇွန် ၂၃ ရက်တွင် ဖော်ပြခဲ့သည့် ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့နယ်အတွင်း KIO/KIA အဖွဲ့၏ COVID-19 စစ်ဆေးရေးဂိတ်မှာ အစိုးရ ထိန်းချုပ်နယ်မြေ ဧရိယာအတွင်း ရောက်နေသဖြင့် ရွှေ့ပြောင်းခဲ့ရာ တပ်မတော်နှင့် ပဋိပက္ခဖြစ်ပွားခဲ့ခြင်း မရှိကြောင်း KIA ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောကြား ခဲ့သော သတင်း ဖြစ်ပါသည်။

KIA ၏ ကျန်းမာရေးအဖွဲ့ စခန်းထိုင်သည့်ဂိတ်ကို တပ်မတော်က လာရောက်ဖျက်ဆီးသွားကြောင်း လူမှုကွန်ယက်တွင် သတင်းများ ပြန့်နှံ့လာခဲ့ရာ ယင်းမှာ မှားယွင်းပြီး တပ်မတော်နှင့် ၎င်းတို့ကြား ပဋိပက္ခ ဖြစ်ခဲ့ခြင်း မရှိကြောင်း၊ တပ်မတော်ဘက်မှ အကြံပြုစာ ပို့လာသဖြင့် KIA ၏ အုပ်ချုပ်ရေးအဖွဲ့များက COVID-19 စစ်ဆေးရေးဂိတ်ကို နောက်ဆုတ်ကြရန် ကျန်းမာရေးအဖွဲ့ကို ညွှန်ကြားလိုက်ပြီးနောက် ဇွန် ၂၁ ရက်တွင် နေရာ ရွှေ့ပြောင်းလိုက်ခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

ကရင်နီ(ကယား)ပြည်နယ်အတွက် တည်ငြိမ်အေးချမ်းသော အခြေအနေ ဆက်လက်ဖော်ဆောင်မည်ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခွန်းအေဘယ်တွိဒ်က ပြောကြား ခဲ့မှုကို ဖော်ပြခဲ့သော ဇွန် ၂၂ ရက်ထုတ် 7 Day Daily သတင်းစာ၏ သတင်းမှာလည်း အာရုံစိုက်စရာဖြစ်ခဲ့ပါသည်။
ဇွန် ၂၁ ရက်တွင် ကျ ရောက်သည့် (၁၄၅) နှစ်မြောက် ကရင်နီအမျိုးသားနေ့သို့ KNPP ဥက္ကဋ္ဌက သဝဏ်လွှာပေးပို့စဉ် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး KNPP သည် NCA မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တဖွဲ့  ဖြစ်ကြောင်းလည်း အဆိုပါ 7 Day သတင်းတွင် ပါရှိခဲ့ပါသည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာ ဖြစ်ခဲ့သော သတင်းမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ စတုတ္ထ အစည်းအဝေးကို ဩဂုတ်ဒုတိယပတ်တွင် ကျင်းပရန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ညှိနှိုင်းသဘောတူညီမှုအပေါ် နိုင်ငံရေးပါတီများကလည်း သဘောတူညီခဲ့ ကြောင်း 7 Day Daily သတင်းစာက ဇွန် ၂၆ ရက်တွင် သတင်းဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် အစိုးရနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ကိုယ်စားလှယ်များသည် ဇွန် ၂၂ရက်မှ ၂၅ရက်ထိ ရန်ကုန်မြို့၌ လေးရက်ကြာ ညှိနှိုင်းခဲ့ပြီးနောက် အစိုးရ၊ တပ်မတော်၊ လွှတ်တော် အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့နှင့် နိုင်ငံရေးပါတီ အစု အဖွဲ့ကိုယ်စားလှယ်များမှာ ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါသည်။

အဆိုပါ ဆွေးနွေးမှုတွင် ၂၁ ရာစု ပင်လုံညီလာခံကို သြဂုတ်လအတွင်း ကျင်းပရန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ညှိနှိုင်းသဘောတူညီမှုအပေါ် နိုင်ငံရေးပါတီကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ခြင်း မရှိကြောင်း၊ အကြံပြုချက်များပြုလုပ်ပြီး အားလုံးသဘောတူခဲ့ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီ အစုအဖွဲ့ ကိုယ်စားလှယ်တာလှဖေက ပြောကြားခဲ့သည်ဟု 7 Day သတင်းတွင် ဖော်ပြထားပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၀ အတွင်း ပြည်သူများအတွက် ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်မည်ဟု ပြောဆိုထားရာ မျှော်မှန်းထား သကဲ့သို့ ဖြစ်မလာကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း၏ ပြောကြားခဲ့မှုကို 7 Day Daily သတင်းစာက ဇွန် ၂၆ ရက်တွင် သတင်းဖော်ပြခဲ့မှုမှာလည်း စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။

ဇွန်လ ၂၃ ရက်က ကျင်းပသည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး တပ်မတော်နှင့် အစိုးရအနေဖြင့် လုပ်ဆောင်ရမည့်လုပ်ငန်းအားလုံးကို ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ တဖက်က ပါလာခြင်းမပါလာခြင်းမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ သဘောထားအတိုင်းသာ ဖြစ်ပြီး မျှော်မှန်းထားသလောက် မဖြစ်ဘူးဆိုသည်ကို ဝန်ခံကြောင်း ပြောကြားခဲ့သည်ဟု 7 Day သတင်းတွင် ဖော်ပြထားပါသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ၂၀၂၀ တွင် ငြိမ်းချမ်းရေးရရှိအောင် လုပ်ဆောင်မည်ဆိုသော အချက်မှာ NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်လက်မှတ်ထိုးလာစေရေး ဖြစ်ကြောင်းလည်း အဆိုပါသတင်းတွင် ပါရှိခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ် ဇွန် စတုတ္ထပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။