တိုက်ပွဲဖြစ်ပွားမှုများ (မေ နောက်ဆုံးပတ်)

Post By Nyein Ko Ko Soe, On June 3, 2020

တိုက်ပွဲဖြစ်ပွားမှုများ (မေ နောက်ဆုံးပတ်)

၂၀၂၀ ပြည့်နှစ် မေ ၂၇ ရက်မှ ဇွန် ၂ ရက်အထိ (မေ နောက်ဆုံးပတ်)ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်၊ မူဆယ်မြို့နယ်များနှင့် ကရင်ပြည်နယ် ကမမောင်းမြို့နယ်ခွဲတို့တွင် တိုက်ပွဲ ၁၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် AA အဖွဲ့နှင့် တပ်မတော်တို့အကြား မေ နောက်ဆုံးပတ်အတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်လည်း တပ်မတော်နှင့် TNLA အဖွဲ့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ထို့ပြင် တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် KNU အဖွဲ့တို့ ကရင်ပြည်နယ် ကမမောင်းမြို့နယ်ခွဲတွင် ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပါသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

မေ ၂၉ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာအနီးတွင် တပ်မတော်ယာဉ်တန်းကို PSLF/TNLA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း VOA သတင်းဌာန၏ ဖော်ပြမှုအရ သိရပါသည်။

ယင်းတိုက်ပွဲမှာ လားရှိုး- မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ခြင်းကြောင့် ကွတ်ခိုင်မြို့မှ ယာဉ်အဝင်အထွက်များကို တားမြစ်ခဲ့၍ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဟာ ယာယီပြတ်တောက်ခဲ့သည်ဟု VOA သတင်းတွင် ပါရှိခဲ့ပါသည်။ ယခုဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မော်တော်ယာဉ် တစီး ပျက်စီးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် မူဆယ်မြို့နယ် နမ့်အွန်ရွာအနီးတွင်လည်း မေ ၃၁ ရက်က တပ်မတော်နှင့် TNLA အဖွဲ့အကြား တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း VOA သတင်းဌာနကပင် ဇွန် ၂ ရက်တွင် သတင်းဖော်ပြခဲ့သည်

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှုးချုပ် ဇော်မင်းထွန်းက မေ ၃၁ ရက်က တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး TNLA အဖွဲ့ တပ်စွဲထားသည့်နေရာတခုကို သိမ်းပိုက်ခဲ့ကြောင်း VOA သတင်းဌာနသို့ ပြောကြားခဲ့သည်။ ယခုနှစ်အတွင်း တပ်မတော်နှင့် TNLA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှု လျော့ပါးခဲ့ပြီးနောက် မေလတွင် ပြန်လည် ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်းခံထားရသည့် ULA/AA အဖွဲ့နှင့် တပ်မတော်အကြား ယခုရက်သတ္တပတ်အတွင်း ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် မင်းပြားမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု၊ မိုင်းပေါက်ကွဲမှုများ ရှိခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိခဲ့ပါသည်။

မေ ၂၉ ရက်နံနက် ၂ နာရီခန့်က ရသေ့တောင်မြို့နယ်ရှိ သဇင်မြိုင်ရဲကင်းစခန်းကို AA အဖွဲ့က အင်အား အများအပြားဖြင့် ဝင်တိုက်ခဲ့၍ ရဲတပ်ဖွဲ့ဝင် လေးဦး ကျဆုံးခဲ့ကြောင်း BBC သတင်းဌာနက သတင်းဖော်ပြခဲ့သည်။

ယခုတိုက်ပွဲဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် လေးဦး ကျဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ခြောက်ဦး၊ ကလေးတဦးအပါအဝင် မိသားစု သုံးဦးလည်း ပျောက်ဆုံးနေကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက BBC သတင်းဌာနသို့ ပြောကြားခဲ့သည်။ မေ ၃၀ ရက် နံနက်ပိုင်းတွင် ဖမ်းဆီး သွားသည့် ကလေးတဦး အပါအဝင် မိသားစု သုံးဦးကို AA အဖွဲ့က ပြန်လွှတ်ပေးခဲ့ပါသည်။

သဇင်မြိုင်ရဲကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် AA အဖွဲ့ကို တပ်မတော်စစ်ကြောင်းများက လိုက်လံပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ မေ ၃၀ ရက် ညပိုင်းတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မေယုမြစ် အနောက်ဘက်ကမ်းကျေးရွာများတွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့၍ ရွာသား ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဧရာဝတီသတင်းဌာန၏ သတင်းဖော်ပြမှုအရ သိရပါသည်။

မေယုမြစ်အတိုင်း ဆင်းလာသည့် တပ်မတော်စစ်ရေယာဉ်မှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ကံပြင်စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် အမျိုသားလေးဦးနှင့် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့သည်ဟု ဧရာဝတီသတင်းတွင် ဖော်ပြထားပါသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း AA တပ်ဖွဲ့ဝင်များကို လိုက်လံ ပိတ်ဆို့ ရှင်းလင်းစဉ် မေလ ၃၀၊ ညနေ ၉ နာရီခန့်က ရသေ့တောင်မြို့နယ်၊ ရက်ခုံတိုင်ကျေးရွာအနီးရှိ မေယုမြစ်၏ အနောက်ဘက်ကမ်းစပ်မှ AA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့၍ စစ်ရေယာဉ်မှ ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဧရာဝတီသတင်းဌာနသို့ အတည်ပြုပြောကြားခဲ့ပါသည်။

ထို့ပြင် ပုဏ္ဏားကျွန်းမြို့နယ် ရေဖြူကန်ကျေးရွာအနီး ကင်းချောင်းတံတားနားတွင် ဇွန် ၂ ရက် နံနက်ပိုင်းက တပ်မတော်စစ်ကြောင်းကို AA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့၍ ရန်ကုန်-စစ်တွေကားလမ်းပေါ်တွင် သွားလာနေသည့် အရပ်သားတဦး သေဆုံး၊ တဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း BBC သတင်းဌာနကပင် သတင်းဖော် ပြခဲ့ပါသည်။

ပေါက်ကွဲမှုအတွင်း အရပ်သားနှစ်ဦးအပြင် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသည့် တပ်မတော်စစ်ကြောင်းမှာလည်း ထိခိုက်မှုအချို့ ရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုခဲ့ပြီး တပ်မတော်ကမူ အတည်ပြုခဲ့ခြင်း မရှိကြောင်း အဆိုပါ BBC သတင်းတွင် ပါရှိခဲ့ပါသည်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့ပြီးနောက် ကုလားတန်မြစ်ကူးတံတားနှင့် လမ်းစီမံကိန်းများကို နှောင့်ယှက်နေသည့် ပလက်ဝမြို့နယ်ရှိ AA အဖွဲ့၏ အခိုင်အမာ ခြေကုပ်စခန်းများကို မေ ၃၁ ရက်တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော်၏ ထုတ်ပြန်မှုကို ကိုးကား၍ 7 Day Daily သတင်းစာက ဇွန် ၁ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

တပ်မတော်အနေဖြင့် ပလက်ဝမြို့အနီးရှိ AA အဖွဲ့ အခိုင်အမာနေရာ ယူထားသော စိုးမိုးတောင်ကုန်း သုံးခုကို မေလ ၂၄ ရက်မှ စတင်၍ နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မေ ၂၄ ရက်တွင် တောင်ကုန်းတစ်ခုကို စတင်သိမ်းပိုက်ရရှိခဲ့ပြီးနောက် မေ ၃၁ ရက် နံနက်ပိုင်းတွင် တောင် ကုန်းသုံးခုနှင့် ကာကင်းစခန်းများ အားလုံးကို သိမ်းပိုက်ရရှိခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားပါသည်။

ယင်းဖြစ်စဉ်များအတွင်း AA ဘက်မှ အလောင်းနှင့် လက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်တပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးခဲ့ကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါသည်။

ထို့ပြင် မေ ၃၀ ရက် နံနက်ပိုင်းက ပလက်ဝမြို့အနီး ကုလားတန်မြစ်ကြောင်းတွင် ချင်းအမျိုးသမီးကြီးတဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဧရာဝတီသတင်းဌာန၏ ဇွန် ၁ ရက် သတင်းဖော်ပြမှုအရ သိရပါသည်။

ပလက်ဝမြို့ရှိ စစ်ဘေးရှောင်စခန်းတွင် နေ့စဉ် ထမင်း၊ ဟင်း ချက်ပြုတ်ရန် ထင်းလိုသဖြင့် စစ်ဘေးရှောင် ဒုက္ခသည် ၁၀ ဦး စု၍ နေရပ်ရင်း အောက်မီးလက်ဝ ကျေးရွာသို့ ထင်းသွားသယ်ကြရာ အဆိုပါချင်းအမျိုးသမီးကြီး ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ၎င်းတို့ စီးလာသည့် လှေကို ဦးတည်ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်းလည်း ဧရာဝတီသတင်းတွင် ပါရှိခဲ့သည်။

အဆိုပါချင်းအမျိုးသမီး သေဆုံးမှုနှင့် ပတ်သက်၍ တပ်မတော်နှင့် AA အဖွဲ့ နှစ်ဖက်စလုံးက ၎င်းတို့ ပစ်ခတ်ခဲ့ခြင်း မဟုတ်ကြောင်း ငြင်းဆိုခဲ့ကြသည်ဟု ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့ပါသည်။

တပ်မတော်နှင့် KNU တို့ တိုက်ပွဲဖြစ်ပွားမှု

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး(KNU) နှင့် တပ်မတော်တို့ အကြား မေ ၃၁ ရက်နေ့လယ်ပိုင်းက ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြိုနယ်ခွဲ ကူးဆိပ်ကျေးရွာ၊ ကူးဆိပ်စခန်းအနောက်ဘက်တွင် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ကြောင်း DVB သတင်းဌာနက ဇွန် ၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။

မေ ၃၀ ရက်ကလည်း ဖာလုံကျေးရွာအုပ်စုတွင် မိနစ်အနည်းငယ်ခန့် ပစ်ခတ်မှုဖြစ်ပွားခဲ့သကဲ့သို့ ထော့ကျေးရွာအုပ်စု၊ တပ်စခန်းဟောင်းနားနှင့် မိုင်းတစ်လုံးကွဲခဲ့၍ ဒေသခံများ ရှာဖွေစားသောက်ရေး အခက်အခဲကြုံနေရကြောင်းလည်း DVB သတင်းတွင် ပါရှိခဲ့ပါသည်။

KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အတွင်း COVID- 19 ကာကွယ်တားဆီးရေးစခန်းတွေကို တပ်မတော်က ဖယ်ရှားရှင်းလင်းခဲ့ပြီးနောက် နှစ်ဖက်တင်းမာမှုရှိနေပြီး မကြာခဏပစ်ခတ်မှု ဖြစ်ပွားနေခြင်း ဖြစ်သည်။

 

၂၀၂၀ ပြည့်နှစ် မေ နောက်ဆုံးပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။