ထုတ်ပြန်ကြေညာချက်များ (အောက်တိုဘာ ဒုတိယပတ်)

Post By Pan Su Wai, On October 13, 2020

ထုတ်ပြန်ကြေညာချက်များ (အောက်တိုဘာ ဒုတိယပတ်)

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၆ ရက်မှ ၁၂ ရက်အထိ (အောက်တိုဘာ ဒုတိယပတ်) ကာလအတွင်း ပြည်ထောင်စု အစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ တပ်မတော်၊ ပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ စုစုပေါင်း ၂၀ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါ သည်။

အဆိုပါထုတ်ပြန်ချက်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက် တခုနှင့် တပ်မတော်မှ ထုတ်ပြန်ချက် သုံးခု ထုတ်ပြန်ခဲ့ပါသည်။ ထို့အပြင် တပ်မတော်မှ အခြား ထုတ်ပြန်ချက် ၁၀ ခု၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သုံးခု၊ ပါတီများမှ နှစ်ခုနှင့် ULA/ AA အဖွဲ့မှ တခု အသီးသီးထုတ်ပြန်ခဲ့ကြရာ သတိပြုအာရုံစိုက်ရမည့် ထုတ်ပြန်ချက် အချို့ကို ISP-Myanmar Peace Desk မှ အနှစ်ချုပ်ဖော်ပြပေးမည် ဖြစ်ပါသည်။

ပြည်ထောင်စုအစိုးရ၏ ထုတ်ပြန်ချက်များ

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အောက်တိုဘာ ၁၀ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာချက် တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားနေမှုများကို ထိန်းချုပ်နိုင်ရန် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အားလုံး(ကိုကိုးကျွန်း မပါ)မှ ပြည်သူများအနေဖြင့် Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာထားသော်လည်း အလုပ် သမားများ၏ အလုပ်အကိုင်အခွင့်အလမ်း မဆုံးရှုံးစေရေးနှင့် စီးပွားရေးလုပ်ငန်းများ စဉ် ဆက်မပြတ် လုပ်ကိုင်နိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာ ကန့်သတ်များကို ထိန်းညှိ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း စိစစ်တွေ့ရှိရသည်” ဟု ဦးစွာ ဖော်ပြထားပါသည်။

ယင်းနောက် “ ရန်ကုန်တိုင်းအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်း ရှိ/ မရှိကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စနစ်တကျကြီးကြပ်စိစစ်ပြီး ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အဆင့် A ရရှိအောင် ပြင်ဆင်ထားရှိကြောင်း တွေ့ ရှိပါက ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများ၊ အသေးစား၊ အလတ်စားလုပ်ငန်းများအား ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၂ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပြန်လည်လုပ်ကိုင် ခွင့်ပြု နိုင်ကြောင်း” ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင် ဖော်ပြခဲ့ပါ သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်

ယခုရက်သတ္တပတ်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က အောက်တိုဘာ ၈ ရက်စွဲဖြင့် “ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်းသည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များအရ မိမိမဲဆန္ဒနယ်သို့ ပြန်လည် ဆန္ဒမဲပေးခြင်း မပြုနိုင်သည့် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များအတွက် အသိပေးကြေညာချက်” တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်းသည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များအရ မိမိမဲဆန္ဒနယ်သို့ ပြန်လည် ဆန္ဒမဲပေးခြင်းမပြုနိုင်သည့် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များသည် မိမိတို့၏ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရန် မိမိတို့ရောက်ရှိနေသော မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသို့ ဆက်သွယ်၍ ကြိုတင်ဆန္ဒမဲဖြင့် ဆန္ဒမဲပေးနိုင်ရန် ပုံစံ(၁၅)များ ရယူ၍ လျှောက်ထားနိုင်ကြောင်းနှင့် လျှောက်ထားချက် ရရှိသည့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲနှင့် အမြန်ဆုံးဆက်သွယ်၍ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး အထူးကိစ္စတရပ်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

ထို့အပြင် အောက်တိုဘာ ၁၀ ရက်စွဲဖြင့်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က “အသက်အရွယ်ကြီးရင့်သူများ ကြိုတင်ဆန္ဒမဲပေးခွင့် ပြုကြောင်း အသိပေးထုတ်ပြန် ကြေညာချက်”ကို ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၅(ဂ) (၃)နှင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၅၁(ခ)တို့အရ မဲဆန္ဒနယ်အတွင်း ရှိနေသော်လည်း မဲရုံသို့ ကိုယ်တိုင် လာရောက် ဆန္ဒမဲမပေးနိုင်သော အသက်အရွယ် ကြီးရင့်နေသူများသည် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးခွင့်ရှိပြီး အဆိုပါပုဂ္ဂိုလ်များ ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း” ဦးစွာ ဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး “ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်သွားရောက်ရန် အခက်အခဲရှိပါက သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ သတင်းပေးပို့လျှင် နေအိမ်တွင် ဆန္ဒမဲ ပေးနိုင်ရေးကို သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း” ထပ်မံဖော်ပြခဲ့ပါသည်။

ယင်းနောက် “၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ အနက် အသက် ၆၀ နှင့် အထက်ရှိသူ မဲဆန္ဒရှင်များအနေဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၉ ရက်မှစ၍ နိုဝင်ဘာ ၅ ရက်အထိ သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် ကြိုတင်ဆန္ဒမဲပေးနိုင် ကြောင်း” UEC ၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

“မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲဆန္ဒရှင် စာရင်းကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဖော်ပြထားသော Link များတွင် ဝင်ရောက်ကြည့်ရှုစစ်ဆေးနိုင်ကြောင်း” ထုတ်ပြန်ချက်ကိုလည်း အောက်တိုဘာ ၈ရက်စွဲဖြင့် UEC က ထုတ်ပြန်ခဲ့ပါသည်။

တပ်မတော်၏ ထုတ်ပြန်ချက်များ

အောက်တိုဘာ ပထမပတ်အတွင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်သည့် ထုတ်ပြန်ချက် ၃ခု အပါအဝင် ထုတ်ပြန်ချက် ၁၃ ခုအထိ ထုတ်ပြန်ခဲ့ပါသည်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က “ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများအား ရဲမွန်မြို့ရှိ နယ်မြေခံသင်တန်းကျောင်းတွင် ထားရှိ၍ စောင့်ရှောက်ကုသခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ဆေးရုံဆင်းခွင့်ရှိသူများအား ၎င်းတို့၏ နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်” နှင့် “ ကိုဗစ် -၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာများအား ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ပြည်သူ့ဆေးရုံများသို့ တပ်မတော်က အောက်ဆီဂျင်များလှူဒါန်းခဲ့ကြောင်းထုတ်ပြန်ချက်” တို့ကို အောက်တိုဘာ ၇ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

ထို့အပြင် အောက်တိုဘာ ၈ ရက်စွဲဖြင့်လည်း “ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများအား ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အောင်မြင်းမိုရ်အိမ်ရာရှိ ကုသရေးဌာနတွင် လိုအပ်လျက် ရှိသော အောက်ဆီဂျင်အိုးများကို တပ်မတော်က သွားရောက် လှူဒါန်းခဲ့ကြောင်း” သတင်း ထုတ်ပြန်ခဲ့ပါသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)အဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ ယခုရက်သတ္တပတ်အတွင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ချက် နှစ်ခု ထုတ်ပြန်ခဲ့ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အောက်တိုဘာ ၆ ရက်စွဲဖြင့် “RCSS/SSA အဖွဲ့မှပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကျောက်မဲမြို့နယ်အတွင်း ဒေသခံပြည်သူတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း” သတင်း ထုတ်ပြန်ခဲ့ပါ သည်။

အဆိုပါထုတ်ပြန်ချက်တွင် “အောက်တိုဘာ ၄ ရက်၌ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ် ခန့်ခဲကျေးရွာအနီး တပ်မတော်စစ်ကြောင်းနှင့် သတ်မှတ်နယ်မြေ ကျော်လွန်လှုပ်ရှား လာသော RCSS/SSA အဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားရာမှ RCSS/SSAအဖွဲ့မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်အချို့ ခန့်ခဲကျေးရွာအတွင်း ကျရောက် ပေါက်ကွဲ စဉ် ခန့်ခဲရွာရှိအမျိုးသားတဦးအား ထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း” ဦးစွာ ဖော်ပြခဲ့ပါသည်။

ယင်းနောက် ”ဒဏ်ရာရရှိသူအမျိုးသားမှာ ညာဘက်ခြေသလုံး၊ ဝမ်းဗိုက်၊ ဘယ်ဘက် နားရွက်၊ ဘယ်ဘက်တင်ပါး တို့တွင် ဒဏ်ရာများရရှိခဲ့ပြီး ကျောက်မဲမြို့နယ်၊ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုဆောင်ရွက်ပေးလျက် ရှိကြောင်း” တပ်မတော်၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

ထို့အပြင် “RCSS/SSA အဖွဲ့က သတ်မှတ်နယ်မြေကျော်လွန်လှုပ်ရှားလာပြီး မန္တလေး-လားရှိုး ပြည်ထောင်စုကားလမ်း လမ်းကြောင်းလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေး အဖွဲ့များနှင့် ကျောက်မဲမြို့၊ နမ့်လန်မြို့များရှိ နယ်မြေခံတပ်တို့အား နှောင့်ယှက် ပစ်ခတ်ခဲ့ကြောင်း” အောက်တိုဘာ ၁၀ ရက်စွဲဖြင့် တပ်မတော်က သတင်းထုတ်ပြန်ခဲ့ ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ရှမ်းပြည်နယ်၊ မန္တလေး-လားရှိုးပြည်ထောင်စုကားလမ်း လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များ၊ ကျောက်မဲနှင့် နမ့်လန်ရှိ နယ်မြေခံတပ်တို့အား စက်တင်ဘာ ၃၀ ရက်နှင့် အောက်တိုဘာလအတွင်း RCSS/SSA အဖွဲ့က သတ်မှတ်နယ်မြေကျော်လွန်လှုပ်ရှားမှုပြုလာပြီး လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ကြိမ်ဖန်များစွာ နှောင့်ယှက်ပစ်ခတ်လျက်ရှိကြောင်း”ဖော်ပြခဲ့ပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် ပတ်သက်၍လည်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်များ ထွက်ရှိခဲ့ပါသည်။

တပ်မတော်က အောက်တိုဘာ ၆ ရက်စွဲဖြင့် “AA အဖွဲ့မှ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် သေဆုံးနေသည့် ဘင်္ဂါလီ အလောင်း နှစ်လောင်းနှင့် ပြင်းထန်စွာဒဏ်ရာရသူ ဘင်္ဂါလီတဦးအား တွေ့ရှိကြောင်း”သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၅ ရက်တွင် ပုလဲတောင်ကျေးရွာအနီးမှ လက်နက်ငယ် ကျည်ထွက်သံ ၇ ချက်ခန့်ကြားရသဖြင့် အဆိုပါ နေရာတစ်ဝိုက်အား သွားရောက် စစ်ဆေးစဉ် နဖူး၌ လက်နက်ငယ်ကျည် ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးနေသည့် ဘင်္ဂါလီအမျိုးသားအလောင်း တလောင်း၊ လည်ပင်း၌ လက်နက်ငယ်ကျည်ဖောက် ဝင်ဒဏ်ရာဖြင့် သေဆုံးနေသည့် ဘင်္ဂါလီအမျိုးသားအလောင်း တလောင်းနှင့် ဝဲဘက်ရင်အုံညှပ်ရိုးကြား လက်နက်ငယ်ကျည် ဖောက်ဝင်ဒဏ်ရာဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိသော ဘင်္ဂါလီအမျိုးသားတဦးတို့အား တွေ့ရှိခဲ့ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “အဆိုပါလက်နက်ငယ်ဒဏ်ရာများဖြင့် သေဆုံးနေသော အလောင်းနှစ်လောင်းအား ၎င်းတို့နေထိုင်ရာ ပြင်ရှည်ကျေးရွာသို့ အပ်နှံထားခဲ့ပြီး ပြင်းထန်စွာဒဏ်ရာ ရရှိသော အမျိုးသားတဦးအား ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ လိုအပ်သောဆေးဝါး ကုသမှုများဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် ဒဏ်ရာရရှိလာသည့်အမျိုးသား၏ ပြောကြားချက်အရ ၎င်းတို့သည် ငါးရှာ၊ ဖားရှာနေစဉ် AA အဖွဲ့က လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း” တပ်မတော်၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

ထို့အပြင် တပ်မတော်က အောက်တိုဘာ ၆ ရက်စွဲဖြင့် “တားမြစ်မိန့် ထုတ်ပြန်ထားသည့် နယ်မြေအတွင်း ဝင်ရောက်လာသည့် စက်လှေနှစ်စီးအား ရပ်တန့်ခိုင်းစဉ် ရပ်တန့်မှုမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း” နှင့် “ဖမ်းဆီးရမိ AA တပ်ဖွဲ့ဝင်အမာခံများအနက် တဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်၊ တဦးအား မိသားစုထံ ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း” ထုတ်ပြန်ချက်များလည်း ထွက်ရှိခဲ့ပါသည်။

ပါတီများ၏ ထုတ်ပြန်ချက်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA) နှင့်မိတ်ဖက်အဖွဲ့အစည်းများနှင့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP)တို့မှ ထုတ်ပြန်ကြေညာချက် တခုစီထွက်ရှိခဲ့ပါသည်။

အောက်တိုဘာ ၁၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် “စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ သဘောထားထုတ်ပြန် ကြေညာချက်”တွင် လက်ရှိဖြစ်ပွားနေသည့်တိုက်ပွဲများ အမြန်ဆုံး ရပ်တန့်နိုင်ရေး အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ချက်ချင်းတွေ့ဆုံဆွေးနွေးရန်နှင့် ပြည်နယ်ဒေသအသီးသီးရှိ စစ်ဘေးရှောင်ပြည်သူတို့၏ အခြေခံလူ့အခွင့်အရေး မဆုံးရှုံးစေရန် အစိုးရအနေဖြင့် မဖြစ်အနေ တာဝန်ယူဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “လာမည့်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီအချို့၏ ဝန်းရံသူများကရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ကြေညာချက် များ၊ အမိန့်ညွှန်ကြားချက်များနှင့် အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ တားမြစ်ကန့်သတ်ချက်များကို လျစ်လျူရှုလျက် စည်းကမ်းမဲ့ ပြုမူလျက်ရှိသည်ကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းအသီးသီးက အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း” ထပ်မံဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး “နိုင်ငံရေးပါတီကြီးအချို့၏ တရားမဲ့ပြုကျင့်မှုများအပြင် စိုက်ထူထားသည့် ပါတီဆိုင်းဘုတ်နှင့် ကိုယ်စားလှယ်လောင်းကြော်ငြာဆိုင်းဘုတ်များအား မသမာသူတို့က အကြိမ်ကြိမ်ဖျက်ဆီးနေသည်ကို ရွေးကောက်ပွဲကော်မရှင်က သမာသမတ်ကျကျ ဖော်ထုတ်အရေးယူပေးရန်နှင့် ရွေးကောက်ပွဲကော်မရှင်၏ တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းချက်ကြောင့် ရွေးကောက်ပွဲရလဒ်၏ခိုင်မာမှုနှင့် တရားဝင်မှု မထိခိုက်စေရေး အစိုးရနှင့် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းအသီးသီးက အချိန်မီတည့်မတ် ထိန်းကျောင်း ပေးရန် တိုက်တွန်း တောင်းဆိုကြောင်း” အဆိုပါ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

အောက်တိုဘာ ၉ ရက်စွဲဖြင့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP)၏ သတင်း ထုတ်ပြန်ချက်တွင် “ကိုဗစ်- ၁၉ ကပ်ရောဂါ လွန်စွာ ဆိုးရွားလာသည့်ကာလတွင် ရွေးကောက်ပွဲကို ကျင်းပသင့်မသင့် ဆင်ခြင်သုံးသပ်ရန် အလေးအနက်တိုက်တွန်းကြောင်း၊ ရွေးကောက်ပွဲအတွက် Voter’s Education သင်တန်းနှင့် မဲရုံမှူး သင်တန်းတို့ကို ရွေးကောက်ပွဲကော်မရှင်က ထဲထဲဝင်ဝင်ဦးဆောင်လမ်းညွှန်သည်ကို မတွေ့ရသဖြင့် ရွေးကောက်ပွဲသည် စနစ်တကျ၊ သမာသမတ်မဖြစ်မှာကို လွန်စွာစိုးရိမ်ပူပန်မိကြောင်းနှင့် ကျန်ရှိနေသေးသော အချိန်များတွင် ပေးသင့်သည့်သင်တန်းများကို ဖြစ်နိုင်သမျှ အလျှင်အမြန်ဖွင့်လှစ်စီစဉ် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “၂၀၂ဝ ပြည့်လွန်နှစ်များတွင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ စံနှုန်းများနှင့်အညီ ပြည်နယ်အားကောင်းရေးနှင့် ပြည်နယ်သူ ပြည်နယ်သားများ၏ လူမှုစီးပွားရေးဘဝ တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ကြိုးပမ်းအကောင်ထည်ဖော်ရန်ဟူသည့် မဲဆန္ဒရှင် ပြည်သူလူထု၏ ဆန္ဒအကြံပြုချက်အတိုင်း KNDP ပါတီမှ အတတ်နိုင်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဟု ကတိသစ္စာပြုခဲ့ကြောင်း” ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP)၏ သတင်းထုတ်ပြန်ချက်မှုတွင် ပါရှိပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၏ထုတ်ပြန်ချက်

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာထားခြင်းခံထားရသည့် ULA/AA အဖွဲ့က အောက်တိုဘာ ၆ ရက်စွဲဖြင့် “တပ်မတော်နှင့် ULA/ AAအဖွဲ့တို့ အောက်တိုဘာ ၅ ရက်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ခမီးချောင်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်” တခု ထွက်ရှိခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ဒုတိယပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။