By Nyein Ko Ko Soe, On တိုက်ပွဲဖြစ်ပွားမှုများ (မေ တတိယပတ်)
Post By Nyein Ko Ko Soe, On May 19, 2020

၂၀၂၀ ပြည့်နှစ် မေ ၁၄ ရက်မှ ၁၉ ရက်အထိ (မေ တတိယပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) မြောက်ဦးမြို့နယ်၊ ကရင်ပြည်နယ် ဖာပွန်မြို့နယ်နှင့် ကယားပြည်နယ် ရှားတောမြို့နယ်တို့တွင် တိုက်ပွဲ လေးကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း တရားဝင် သတင်းဖော်ပြချက်များအရ သိရပါသည်။
အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် AA အဖွဲ့နှင့် တပ်မတော်တို့အကြား မေ တတိယပတ်အတွင်း တိုက်ပွဲဖြစ်ပွားမှု နည်းပါးခဲ့သည်။ သို့ရာတွင် NCA လက်မှတ်ရေးထိုးထားသည့် KNU နှင့် တပ်မတော်တို့ ကရင်ပြည်နယ်တွင် ပစ်ခတ်မှုများရှိခဲ့ပြီး ကယားပြည်နယ် ရှားတောမြို့နယ်တွင် KNPP နှင့် တပ်မတော်အကြား ပစ်ခတ်မှုတကြိမ် ဖြစ်ပွားခဲ့ပါသည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု
အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်းခံထားရသည့် ULA/AA အဖွဲ့နှင့် တပ်မတော်အကြား မေ တတိယပတ်ကာလအတွင်း တိုက်ပွဲဖြစ်ပွားမှု တကြိမ်သာ ရှိခဲ့သည်။
မြောက်ဦးမြို့ မြောက်ဖက် ၇ မိုင်ခန့်အကွာ ရန်ကုန်-စစ်တွေ လမ်းမကြီး နံဘေးရှိ လက္ကာကျေးရွာမှာ မေ ၁၆ ရက် မွန်းလွဲပိုင်းက မီးရှို့ခံခဲ့ရပြီး စာသင်ကျောင်း တကျောင်း အပါအဝင် နေအိမ် ၂၀၀ နီးပါး မီးလောင်ကျွမ်းခဲ့ကြောင်း ဧရာဝတီသတင်းဌာနက မေ ၁၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။
အဆိုပါကျေးရွာအနီးတွင် ၂၀၁၉ ခုနှစ် ဧပြီလက တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသခံရွာသားများမှာ အနီးဝန်းကျင်ရှိ စစ်ဘေးရှောင်စခန်းများတွင် သွားရောက် ခိုလှုံနေထိုင်နေကြပြီး ရွာတွင် လူနေထိုင်ခြင်း မရှိတော့ကြောင်း သတင်းတွင် ဖော်ပြထားပါသည်။
လက္ကာရွာမီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ရာ တပ်မတော်တပ်ဖွဲ့များကို မေလ ၁၆ ရက်က AA အဖွဲ့မှ လက္ကာကျေးရွာအတွင်းမှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်းနှင့် AA အဖွဲ့ဝင်များက ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ကာ ရွာအနောက်တောင်ကြောများပေါ် ထွက်ပြေးသွားခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါသည်။
ကယားပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် တပ်မတော်တို့ မေ ၁၆ ရက်က ရှားတောမြို့နယ် အလယ်ပိုင်းကျေးရွာအုပ်စုအတွင်းရှိ လမ်းမပေါ်တွင် ပစ်ခတ်မှု အနည်းငယ်ဖြစ်ပွားခဲ့ကြောင်း Network Media Group သတင်းဌာန၏ မေ ၁၈ ရက် သတင်းဖော်ပြမှုအရ သိရပါသည်။
တပ်ပြောင်းလာသည့် တပ်မတော်၏ ခလရ ၅၃၈ တပ်ရင်းကို KNPP ဘက်မှ ခြောက်လန့်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါပစ်ခတ်မှုမှာ ရှားတောမြို့နယ်၏ မြောက်ဖက် ၅ မိုင်ခန့်ရှိ ရှားတော-တင်လွယ် လမ်းမကြီးပေါ် တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရှားတောမြို့နယ် KNPP ဆက်ဆံရေးရုံး တာဝန်ခံ ခူးဘိုးရယ်က Network Media Group သတင်းဌာနသို့ ပြောကြားခဲ့သည်။
ယင်းပစ်ခတ်မှုအတွင်း လမ်းလုပ်သားတစ်ဦးသေဆုံးခဲ့သည်ဟု ရှားတောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်းက RFA သတင်းဌာနကို ပြောဆိုခဲ့သော်လည်း လူအသေအပျောက် မရှိခဲ့ဟု KNPP ဆက်ဆံရေးရုံးတာဝန်ခံ ခူးဘိုးရယ်က ငြင်းဆိုခဲ့သည်ဟု ယင်းသတင်းတွင် ဖော်ပြထားပါသည်။
တပ်မတော်နှင့် KNU တို့ တိုက်ပွဲဖြစ်ပွားမှု
မေ ၁၆ ရက် နံနက်ပိုင်းက ဖာပွန်မြို့နယ်၊ ကမမောင်း-ဖာပွန်သွား ကားလမ်းမကြီးပေါ်ရှိ ကူးဆိပ်တံတားတွင် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)တို့ နှစ်ဖက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားမှုကို ကိုးကား၍ DVB သတင်းဌာနက သတင်းဖော်ပြခဲ့သည်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် KNU နှင့် တပ်မတော်အကြား မကြာခဏစစ်ရေးတင်းမာမှု ရှိခဲ့ပြီး ယခုတကြိမ် ပစ်ခတ်မှုမှာ ကူးဆိပ်တံတားလုံခြုံရေး တာဝန်ယူထားသော ခမရ ၄၁၀ နှင့် KNU တို့ တံတားအနီးမှာ မိနစ် ၂၀ ကြာ နှစ်ဖက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း DVB သတင်းတွင် ဖော်ပြခဲ့ပါသည်။
ယခုပစ်ခတ်မှုအပြင် မေ ၁၄ ရက်နံနက်ပိုင်းက ကမမောင်း-ဖာပွန် ကားလမ်းမကြီးဘေး ရေပူအေးစခန်းအနီတွင် မိနစ်အနည်းငယ်ခန့် နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး မေ ၁၅ ရက် ညနေပိုင်းကလည်း ပေါက်ကွဲသံများ ကြားရ၍ ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြကြောင်း သတင်းတွင် ပါရှိခဲ့သည်။
၂၀၂၀ ပြည့်နှစ် မေ တတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။
ဆက်စပ် ဆောင်းပါးများ
By Nyein Ko Ko Soe, On
By Pan Su Wai, On ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဒီဇင်ဘာ တတိယပတ်)
By Pan Su Wai, On