ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဒီဇင်ဘာ နောက်ဆုံးပတ်)

Post By Nyein Ko Ko Soe, Pan Su Wai, On December 27, 2019

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဒီဇင်ဘာ နောက်ဆုံးပတ်)

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှ ၂၆ ရက်အထိ ( ဒီဇင်ဘာ တတိယပတ်)ကာလအတွင်း  ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် (၈)ကြိမ်မြောက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၈ ရက်တွင် ကျင်းပရန် အကြိုညှိနှိုင်းအစည်းအဝေးတွင် သဘောတူနိုင်ခဲ့မှု၊ အစိုးရနှင့်  မြောက်ပိုင်းလေးဖွဲ့အကြား အပစ်ရပ်လက်မှတ်ထိုးနိုင်မည့် နည်းလမ်းသစ် ညှိနှိုင်းနေကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောကြားခဲ့မှုတို့မှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာကိစ္စများ ဖြစ်ခဲ့ပါသည်။

ထို့ပြင် လာမည့်ရွေးကောက်ပွဲကို နှောင့်ယှက်ခြင်းမပြုဘဲ ကူညီအားပေးမည် ဖြစ်သကဲ့သို့ အပစ်ရပ် ၁၀ ဖွဲ့အနေဖြင့် ရွေးကောက်ပွဲနှောင့်ယှက်မည့်မူဝါဒ ချမှတ်ထားခြင်းမရှိကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ပြောကြားခဲ့မှု၊ NCA လက်မှတ်မထိုးရသေးသော တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးမှုအရှိန်မြှင့်ရန် အစိုးရ ကြိုးပမ်းမည်ဟု ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားခဲ့မှုတို့မှာလည်း စိတ်ဝင်စားစရာ ဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။

 

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

အစိုးရနှင့်  မြောက်ပိုင်းလေးဖွဲ့အကြား အပစ်ရပ်လက်မှတ်ထိုးနိုင်မည့် နည်းလမ်းသစ် ညှိနှိုင်းနေကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က 7 Day Daily သတင်းစာသို့ ပြောကြားခဲ့မှုမှာ ယခု ရက်သတ္တပတ်အတွင်း စိတ်ဝင်စားစရာ သတင်းတပုဒ်ဖြစ်ခဲ့ပါသည်။ အစိုးရနှင့် မြောက်ပိုင်း လက်နက်ကိုင် လေးဖွဲ့အကြား ယခင် ညှိနှိုင်းထားသည့် အပစ်ရပ်စာချုပ်မူကြမ်းပါ အချက်များကို တပ်မတော်ဘက်က လက်ခံမှုမရှိ၍ အပစ်ရပ် လက်မှတ်ထိုးနိုင်မည့် နည်းလမ်းသစ် ထွက်ပေါ်လာရန် ဆက်လက်ညှိနှိုင်း  နေကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

နောက်ထပ် ထူးခြားသည့်သတင်းတပုဒ်မှာ အစိုးရနှင့်  မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့တို့ ဒီဇင်ဘာ ၁၅ ရက်က တရုတ်နိုင်ငံ ကူမင်း မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်ဖက်ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန် နှင့် နှစ်ဖက် ပြဿနာဖြစ်ပါက ကြားနိုင်ငံ ပါဝင် ဖြေရှင်းရေးကို မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်များက အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များထံ တင်ပြဆွေးနွေးခဲ့သည်ဆိုသော သတင်းဖြစ်ပါသည်။

ယင်းတွေ့ဆုံမှုတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့က အစိုးရကိုယ်စားလှယ်များထံ တင်ပြဆွေးနွေးခဲ့ခြင်း ဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ PCG မှ ဦးဆမ်အောင်က ပြောကြားခဲ့ကြောင်း Network Media Group သတင်းတွင် ဒီဇင်ဘာ ၂၁ ရက်က ဖော်ပြခဲ့ပါသည်။

 

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

(၈)ကြိမ်မြောက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၈ ရက်တွင် ကျင်းပရန် ဒီဇင်ဘာ ၂၂ ရက်က ရန်ကုန်မြို့ ရွှေလီလမ်းရှိ NRPC ၌ ကျင်းပခဲ့သည့် အကြိုညှိနှိုင်းအစည်းအဝေးတွင် သဘောတူနိုင်ခဲ့ ကြောင်း သိရပါသည်။

အဆိုပါ JICM အကြိုညှိနှိုင်းအစည်းအဝေးတွင် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များသည် သဘောထား စုစည်းချက်ရှစ်ချက်ကို ရရှိခဲ့ပြီး JICM အစည်းအဝေးကို ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)တို့မှ  ခေါင်းဆောင်ကိုယ်စားလှယ်များ တက်ရောက်မည်ဟု အတည်ပြုနိုင်ခဲ့ကြပါသည်။

ထို့အပြင် အဆိုပါညှိနှိုင်းအစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မွန်ပြည်သစ်ပါတီ ဗဟို ကော်မတီဝင် နိုင်အောင်မငေးက ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပခြင်းကို နှောင့်ယှက်မည်မဟုတ်ဘဲ ကူညီအားပေးမည်ဖြစ်ကြောင်းနှင့် အပစ်ရပ် ၁၀ ဖွဲ့အနေဖြင့် ရွေးကောက်ပွဲကို နှောင့်ယှက်ရန် မူဝါဒ ချမှတ် ထားခြင်းမရှိကြောင်း ပြောကြားခဲ့ပါသည်။ ရခိုင်တွင် ရွေးကောက်ပွဲ ကျင်းပလိုပါက ၎င်းတို့နှင့် လာရောက်ညှိနှိုင်းရမည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ပြောကြားခဲ့မှုနှင့် ပတ်သက်၍ မေးမြန်းမှုကို မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက မွန်ပြည်သစ်ပါတီနှင့် အပစ်ရပ် ၁၀ ဖွဲ့၏ သဘောထားကို ရှင်းပြခဲ့ခြင်းဖြစ်ပါသည်။

ဆက်လက်ပြီး အဆိုပါသတင်းစာရှင်းလင်းပွဲတွင် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက NCA လက်မှတ်မထိုးရသေးသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA လမ်းကြောင်းတွင် ပါဝင်လာနိုင်ရေးအတွက် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့များအနေဖြင့် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့မှုနှင့် NCA လက်မှတ်မထိုးရသေးသော တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးမှုအရှိန်မြှင့်ရန် အစိုးရ ကြိုးပမ်းမည်ဟု NRPC ဒုတိယဥက္ကဋ္ဌဖြစ်သူ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက JICM ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့မှုတို့မှာလည်း ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါသည်။

နောက်ထပ် အာရုံစိုက်စရာသတင်းတပုဒ်မှာ  ၁၀ ကြိမ်မြောက် မွန်ပြည်သစ်ပါတီ NMSP ညီလာခံကို ဒီဇင်ဘာ ၂၅ ရက်မှစတင်၍ ရေးချောင်းဖျားဒေသရှိ ဗဟိုဌာနချုပ်၌ စတင်ကျင်းပနေပြီး ညီလာခံပြီးဆုံးပါက ထိပ်ပိုင်းခေါင်းဆောင်များ အပြောင်းအလဲရှိမည်ဖြစ်ကြောင်း  စောင့်ကြည့်လေ့လာသူများက သုံးသပ်ကြ သည်ဆိုသော သတင်းဖြစ်ပါသည်။ မွန်သတင်းအေဂျင်စီ၏ ဒီဇင်ဘာ ၂၄ ရက် သတင်းဖော်ပြမှုအရ အဆိုပါညီလာခံသို့ ကိုယ်စားလှယ် ၈၀ ကျော်တက်ရောက်ကြပြီး ကျင်းပချိန် ၁၀ ရက်ခန့်ကြာမြင့်နိုင်ကြောင်းနှင့် ညီလာခံကိုယ်စားလှယ်များ၏ လှို့ဝှက်မဲအဆုံးအဖြတ်ပေါ်တွင်သာ မူတည်နေ၍ ညီလာခံရလဒ်များကို  စောင့်ကြည့်ရဦးမည်ဟု သိရပါသည်။

 

၂၀၁၉ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးပတ်အတွင်း သက်ဆိုင်ရာ အင်အားစု အသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။