ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဖေဖော်ဝါရီ နောက်ဆုံးပတ်)

Post By Nyein Ko Ko Soe, On February 28, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဖေဖော်ဝါရီ နောက်ဆုံးပတ်)

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၁ ရက်မှ ဖေဖော်ဝါရီ ၂၇ ရက်အထိ (ဖေဖော်ဝါရီ နောက်ဆုံးပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် AA အဖွဲ့အတွက် တံခါးပိတ်ထားခြင်း မရှိကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့မှု၊ လက်ရှိဖြစ်ပေါ်နေသည့် တိုက်ပွဲများ၊ ပဋိပက္ခများကို ဖြေရှင်းနိုင်ရေး KNU နှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်ရန် နှစ်ဖက်သဘောတူထားသည်ဟု တပ်မတော်က ပြောကြားခဲ့မှုတို့မှာ အာရုံစိုက်စရာအကြောင်းအရာများ ဖြစ်ခဲ့သည်။

ထို့ပြင် FPNCC အဖွဲ့ဝင်မဟာမိတ်များနှင့် သဘောတူညီမှုရပြီးမှသာ NCA ရေးထိုးရေး ဆုံးဖြတ်နိုင်မည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းဘုန်းဟန်က ပြောကြားခဲ့ခြင်း၊ ရှမ်းလူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မတ်လနှောင်းပိုင်းတွင် ကျင်းပနိုင်ရန် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SS)အဖွဲ့က ပြင်ဆင်နေခြင်းတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာကိစ္စများ ဖြစ်ခဲ့ပါ သည်။

NCA လက်မှတ်မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် AA အဖွဲ့အတွက် တံခါးပိတ်မထားသော်လည်း AA အဖွဲ့ ပါဝင်သည့် မြောက်ပိုင်းလေးဖွဲ့နှင့် ဆွေးနွေးမှုအပေါ် မူတည်ပြီး ဆုံးဖြတ်သွားရန် ရှိကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့မှုမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အာရုံစိုက်စရာအကြောင်း အရာတခု ဖြစ်ခဲ့သည်။

ဖေဖော်ဝါရီ ၂၁ ရက်က သမ္မတအိမ်တော်တွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ပြောကြားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေသော လက် နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာရန် အစိုးရအနေဖြင့် ဆွေးနွေးမှုများဖြင့် ကြိုးစားနေသကဲ့သို့ ရခိုင်ပြည်နယ်အတွင်းမှ နိုင်ငံ့ဝန် ထမ်းများ၊ အပြစ်မဲ့ပြည်သူများနှင့် ပတ်သက်ပြီးလည်း တပ်မတော်၊ ရခိုင်ပြည်နယ်အစိုးရတို့နှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်းလည်း ၎င်းက အတည်ပြုခဲ့သည်။

တပ်မတော်နှင့် AA အဖွဲ့တို့သည် ရခိုင်ပြည်နယ်(မြောက်ပိုင်း) မြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများ၊ အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေကာ ဒေသခံသောင်းနှင့်ချီ၍ စစ်ဘေးတိမ်းရှောင်နေရသည်။

နောက်ထပ်စိတ်ဝင်စားစရာသတင်းတပုဒ်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးမည်ဟု အစောပိုင်းက သတင်းထွက်ပေါ်နေသည့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)အဖွဲ့က ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်မဟာ မိတ်များနှင့် သဘောတူညီမှုရပြီးမှသာ NCA ရေးထိုးရေး ဆုံးဖြတ်နိုင်မည်ဟု အတည်ပြုခဲ့ခြင်း ဖြစ်ပါသည်။

SSPP/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းဘုန်းဟန်က NCA လက်မှတ်ရေးထိုးရေးအတွက် ၎င်းတို့၏ မဟာမိတ်များကြားတွင် ဆွေးနွေးသဘောတူညီမှုရရန် အရင်ကြိုးစားနေကြောင်း မြန်မာတိုင်းမ်သတင်းဌာနသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ FPNCC အဖွဲ့တွင် “ဝ” အဖွဲ့ UWSP/UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)နှင့် ကချင်အဖွဲ့(KIO/KIA) ၊ ပလောင်းအဖွဲ့(PSLF/TNLA ) ရခိုင်အဖွဲ့(ULA/ AA)၊ ကိုးကန့်အဖွဲ့ (MNTJP/MNDAA) တို့ဖြင့် ဖွဲ့စည်းထားသည်။

ထို့ပြင် SSPP/SSA အနေဖြင့် ၎င်းတို့နှင့် နယ်မြေအငြင်းပွားမှုရှိနေသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA )တပ်များ ဆုတ်ခွာရေး ညှိနှိုင်းနေသော်လည်း ပြေလည်မှုမရသေးကြောင်း သိရသည်။ ၂၀၁၉ ခုနှစ် မေလက ၎င်းတို့နှစ်ဖွဲ့အကြား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ အပစ်ရပ်ကြောင်း ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားမှု မရှိတော့သော်လည်း လက်နက်ကိုင်နှစ်ဖွဲ့ရှိနေ၍ ဒေသခံလူထု ဝန်ထုပ်ဝန်ပိုးဖြစ်နေသည်ဟု SSPP ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစိုင်းဆုက ပြောကြားခဲ့သည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

တပ်မတော်က လမ်းဖောက်လုပ်မှုကြောင့် စစ်ရေးတင်းမာနေသည့် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)အဖွဲ့အကြား လက်ရှိဖြစ်ပေါ်နေသော တိုက်ပွဲများ၊ ပဋိပက္ခများကို ဖြေရှင်းနိုင်ရေး ဆက်လက်ညှိနှိုင်းဆောင်ရွက်ရန် သဘောတူထားကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့မှုမှာ ယခုရက်သတ္တပတ်အတွင်း စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။

တပ်မတော်နှင့် KNU အကြား တပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲများကို ဗဟိုအဆင့်နှင့် တိုင်းစစ်ဌာနချုပ်၊ တပ်မဟာအဆင့်များ ခွဲပြီး ပြုလုပ်ခဲ့သော်လည်း လမ်း ဖောက်လုပ်ရေးကိစ္စနှင့် ပတ်သက်၍ ပြေလည်မှုမရသေးသကဲ့သို့ တိုက်ပွဲများလည်း ဖြစ်ပွားခဲ့သည်။

KNU တပ်မဟာ(၅)နယ်မြေဖြစ်သည့် ဖာပွန်ခရိုင်အတွင်း တပ်မတော်က လမ်းဖောက်လုပ်ခြင်းကိစ္စနှင့် ပတ်သက်၍ KNU အနေဖြင့် ကျဉ်းမြောင်းသည့်အမြင်ဖြင့် မကြည့်စေချင်ကြောင်းလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြုလုပ်ခဲ့သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA )မှ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မတ်လနှောင်းပိုင်းတွင် ကျင်းပနိုင်ရန် စီစဉ်နေကြောင်း သိရသည်။ RCSS/SSA ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် အဖွဲ့၏ ၂၀ ကြိမ်မြောက် နှစ်ပတ်လည် အစည်း အဝေးကျင်းပခဲ့ပြီးနောက် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လင်းခေးတွင် ကျင်းပရန် ဆုံးဖြတ်ထားကြောင်း RCSS မှ ဗိုလ်မှူး စိုင်းခမ်းစံက အတည်ပြုခဲ့သည်။

NCA လက်မှတ်ထိုးအဖွဲ့များအနေဖြင့် ရှမ်း၊ ရခိုင်စသည့် ဒေသများတွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခွင့်ရရှိရန် အစိုးရကို တောင်းဆိုထားခြင်း ဖြစ်ပါသည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီနောက်ဆုံးပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့် အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။