အရပ်ဖက်လူ့အဖွဲ့အစည်းများ၏ လုံခြုံရေးဆိုင်ရာ မျှော်မှန်းချက် (သုတေသနအစီရင်ခံစာ မိတ်ဆက်)
Post By Zaw Htet Oo, On December 5, 2019
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဆက်နွယ်နေတဲ့ လုံခြုံရေးကဏ္ဍကို ချဉ်းကပ်လေ့လာကြတဲ့ အခါ ယေဘုယျအားဖြင့် National Security (ဝါ) အမျိုးသားလုံခြုံရေးနဲ့ Human Security(ဝါ)လူသားလုံခြုံရေးဆိုပြီး အသွင်နှစ်မျိုးနဲ့တွေ့ရလေ့ရှိပါတယ်။ တကယ်တော့ နိုင်ငံတနိုင်ငံရဲ့ လုံခြုံရေးကဏ္ဍကို ဆန်းစစ်ကြမယ်ဆိုရင် ဒီချဉ်းကပ်မှု အသွင်နှစ်မျိုးနဲ့ပဲ အများဆုံး ဆန်းစစ်ကြတယ်လို့ ယူဆပါတယ်။ ဒီလုံခြုံရေးခက်မ နှစ်ဖြာဟာ ဆက်စပ်နေကြတယ် ဆိုပေမယ့် အလေးပေးမှုအပေါ် မူတည်ပြီး မတူညီတဲ့ သက်ရောက်မှုမျိုးတွေ ဖြစ်ပေါ်လာ နိုင်ပါတယ်။
ငြိမ်းဖောင်ဒေးရှင်းနဲ့ တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့တို့ ပူးပေါင်းပြီး ပြုလုပ်ထားတဲ့ ဒီသုတေသနစစ်တမ်းစာအုပ်မှာတော့ အဆင့်မြင့်လုံခြုံရေးကဏ္ဍကိုပဲ အလေးထားနေတာတွေရဲ့ တဖက်မှာ ဒေသန္တရလုံခြုံရေးလို ပြည်သူလူထုတွေရဲ့ နိစ္စဓူဝလုပ်ငန်းဆောင်တာတွေနဲ့ ဆက်စပ်နေတဲ့အရေးကိစ္စတွေမှာ လျစ်လျူရှုခံနေရတယ်လို့ ဆွေးနွေးထားပါတယ်။ ဒါကြောင့် ဒီစာအုပ်ရဲ့ အဓိကချဉ်းကပ်ထားတဲ့လားရာဟာ ဒေသန္တရလုံခြုံရေး တနည်းအားဖြင့် လူသားလုံခြုံရေးကဏ္ဍကို လေ့လာထားတာပဲဖြစ်ပါတယ်။ ဒီလိုလေ့လာတဲ့ အခါမှာ အဓိကအသုံးပြုထားတဲ့သုတေသနနည်းနာကတော့ စစ်တမ်းကို အခြေပြုထားတာဖြစ်ပြီး ကရင်ပြည် နယ်နဲ့ ကယားပြည်နယ်မှာ ရှိကြတဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းများရဲ့ လုံခြုံရေးကဏ္ဍအပေါ် ဘယ်လို မြင်ကြလဲ၊ ဘာတွေမျှော်မှန်းကြလဲဆိုတဲ့ ထည့်သွင်းစဉ်းစားချက်တွေ ပါဝင်ပါတယ်။ ဒီနေရာမှာ မေးစရာရှိလာတာက ဘာကြောင့် အရပ်ဖက်လူ့အဖွဲ့အစည်းတွေကို ချဉ်းကပ်ထားတာလဲ၊ ဘာကြောင့် ကရင်ပြည်နယ် နဲ့ ကယား ပြည်နယ်ကို ရွေးချယ်ထားတာလဲဆိုတာတွေ ဖြစ်ပါတယ်။
ဒေသတခုရဲ့ လုံခြုံရေးကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်တဲ့အခါမှာ အဲ့ဒီဒေသမှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါတဲ့အစိတ်အပိုင်းမှာ ပါဝင်နေတယ်လို့ ဒီစာတမ်းက ဖွင့်ဆိုသတ်မှတ်ပါတယ်။ ဒါကြောင့် ပထမအဆင့်အနေနဲ့ ဒေသန္တရလုံခြုံရေးအပေါ်မှာ အရပ်ဖက်လူ့အဖွဲ့အစည်း တွေရဲ့ သဘောထားအမြင်နဲ့ မျှော်မှန်းချက်တွေကို စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခသမိုင်းမှာ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့ဟာ နှစ်ပေါင်းများစွာ ပဋိပက္ခ ဖြစ်ပွားရာဒေသတွေဖြစ်နေတဲ့အခြေအနေကြောင့် ဒေသန္တရလုံခြုံရေးအခြေအနေတွေမှာ တည်ငြိမ်မှုမရှိ သေးတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါ့အပြင် ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ အစိုးရလက်အောက်ခံ(သို့) အစိုးရနဲ့ ဆက်စပ်နေတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အဖွဲ့အစည်းအမျိုးအစား ခွဲခြားသတ်မှတ်ဖို့ ခက်ခဲတဲ့ လက်နက်ကိုင်ထားကြသူတွေ ဆိုပြီး လက်နက်ကိုင် အဖွဲ့အစည်းတွေ စုံလင်စွာရှိနေခြင်းအချက်ကလည်း ဒေသလုံခြုံရေးအပေါ် သက်ရောက်မှုတွေ ရှိလာစေပါတယ်။ စိတ်ဝင်စားစရာအချက်ကတော့ ကရင်ပြည်နယ်ရဲ့ အဓိကလက်နက်ကိုင်အဖွဲ့ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးထားပေမယ့် တဖက်ကယားပြည်နယ်ရဲ့ အဓိကလက်နက်ကိုင်တပ်ဖွဲ့ ကတော့ လက်မှတ်ရေးထိုးထားခြင်း မရှိသေးတာဖြစ်ပါတယ်။ ဒီလို အခြေအနေ မတူညီတဲ့ ဒေသနှစ်ခုရဲ့ လူသားလုံခြုံရေးကဏ္ဍအပေါ် သက်ရောက်မှုတွေမှာ ဘယ်အချက်တွေက ကွဲပြားမှုရှိနေတယ်၊ တူညီမှုရှိနေတယ်၊ ဘယ်ဒေသကတော့ ပိုအားနည်းနေတယ်၊ အားသာနေတယ် စတဲ့ နှိုင်းယှဉ်လေ့လာမှုတွေကို ဒီစာတမ်းကနေ တဆင့် လေ့လာဆန်းစစ်နိုင်မှာ ဖြစ်ပါတယ်။
ဒေသန္တရလုံခြုံရေးကို ချဉ်းကပ်လေ့လာတဲ့အခါမှာ ဒီစာတမ်းက ဆွေးနွေးထားတဲ့ ညွှန်းကိန်းတွေဟာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ
- လူပုဂ္ဂိုလ်တဦးချင်း၏ လုံခြုံမှုအနေအထား၊
- လူ့အသိုင်းအဝိုင်း၏ ပဋိပက္ခနှင့် လုံခြုံမှုအနေအထား၊
- လုံခြုံရေးဆိုင်ရာပူပန်မှုနှင့် အကြောင်းတရားများ၊
- လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများအပေါ် သဘောထားအမြင်
စတဲ့ အရေးပါတယ့် ကဏ္ဍလေးရပ် အပေါ်မှာ အရပ်ဖက်လူ့အဖွဲ့အစည်းများရဲ့ အမြင်၊သဘောထားတွေ ဘယ်လိုရှိနေတယ်ဆိုတာကို စစ်တမ်းကောက်ယူထားတာ ဖြစ်ပါတယ်။ဒီကဏ္ဍတစ်ခုချင်းစီရဲ့ သက်ဆိုင်ရာ အကြောင်းအရာတွေကနေ တဆင့် ဒေသန္တရလုံခြုံရေးရဲ့ သက်ရောက်မှုတွေကို လေ့လာထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါဒေသ နှစ်ခုမှာ ရှိတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ လုံခြုံရေးအတွက်သော်လည်းကောင်း၊ လူ့အသိုင်းအဝိုင်းရဲ့ လုံခြုံရေးအတွက်သော်လည်းကောင်း ပိုမိုအထောက်အကူပြုဖို့အတွက် ဘာတွေဦးစားပေး ဆောင်ရွက်ရမယ်၊ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ တရားစီရင်ရေးမဏ္ဍိုင်၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အရပ်ဖက် အဖွဲ့အစည်း တွေက ဘာတွေဦးစားပေးလုပ်ဆောင်ရမယ်ဆိုတဲ့အကြောင်းအရာအပေါ် မျှော်မှန်းချက်တွေကိုလည်း ကဏ္ဍတခုအနေနဲ့ ဖော်ပြထားပါတယ်။
ဥပမာအားဖြင့် “လူပုဂ္ဂိုလ် တဦးချင်းစီ၏ လုံခြုံမှုရှိလာစေရန် ဘာတွေကို မျှော်လင့်လဲ” ဆိုတဲ့ စစ်တမ်းမေးခွန်းကို ဒေသအခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်တွေကို မေးမြန်းပြီး ကောက်ယူမှုလုပ်တဲ့အခါမှာ ကရင်ပြည်နယ်မှာ “တရားဥပဒေစိုးမိုးမှု” က အဓိက လိုအပ်တယ်လို့ အများစုက ဖြေဆိုခဲ့ပါတယ်။ ကယားပြည်နယ်မှာတော့ “လက်နက်ကိုင် ပဋိပက္ခကင်းရှင်းမှု” က အဓိက လိုအပ်တယ်လို့ အများစု ဖြေဆိုခဲ့ကြပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် NCA စာချုပ် လက်မှတ်ထိုးပြီးချိန်မှာ ကရင်ပြည်နယ်အတွက် တရားဥပဒေစိုးမိုးရေးဟာ အဓိကကျနေပြီး၊ NCA စာချုပ် လက်မှတ်မထိုးရသေးတဲ့ ကယားပြည်နယ်အတွက်တော့ လက်နက်ကိုင်ပဋိပက္ခကင်းရှင်းရေးက ပိုမို လိုအပ်နေတယ်ဆိုတဲ့ အချက်ကို ပြဆိုနေတာပါ။ ဒီညွှန်းကိန်းတွေဟာ ဒေသလုံခြုံရေးနဲ့ အမျိုးသားအဆင့် နိုင်ငံတော် လုံခြုံရေးရဲ့ ဆက်နွယ်မှုတွေကို သတိပြုမိစေပါတယ်။
နောက်ထပ် သတိပြုစရာ တခုက မူးယစ်ဆေးဝါး ကိစ္စ ဖြစ်ပါတယ်။ လူပုဂ္ဂိုလ် တဦးချင်းစီ၏ လုံခြုံမှုရှိလာစေရန် ဘာတွေကို မျှော်လင့်လဲဆိုတဲ့ မေးခွန်းမှာပဲ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်နှစ်ခုလုံးမှာ ရှိတဲ့ အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်တွေ ဖြေဆိုမှုမှာ တူညီတဲ့ အချက်တခု ရှိနေပါတယ်။ ဒီအချက်က လူပုဂ္ဂိုလ် တဦးချင်းစီအနေဖြင့် လုံခြုံမှု ရရှိလာစေဖို့ “မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု/သုံးစွဲမှုကင်းရှင်းခြင်း”ဟာ အဓိက လုပ်ဆောင်ရမယ့် အချက်ဖြစ်တယ်လို့ ဒုတိယအများဆုံး ဖြေဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာ ဖြေဆိုသူ ၅၅ ရာခိုင်နှုန်းက ဒီအချက်ကို ထောက်ပြခဲ့ပြီး၊ ကယားပြည်နယ်မှာတော့ ဖြေဆိုသူ ၄၃ ရာခိုင်နှုန်းက ဒီအချက်ကို ထောက်ပြခဲ့ပါတယ်။
ဒီဒေသမှာ နေထိုင်ကြတဲ့သူတွေနဲ့ ဒေသလုံခြုံမှုရှိဖို့ တပ်မတော်အနေနဲ့ ဘာတွေလုပ်ဆောင်သင့်လဲ မေးတဲ့အခါမှာ ကရင်ပြည်နယ်မှ (တပ်မတော်က) ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်ဆိုတဲ့ အချက်ကို ဖြေဆိုသူအားလုံးရဲ့ ၃၈ ရာခိုင်နှုန်းက အများဆုံးဖြေဆိုခဲ့ကြပြီး ကယားပြည်နယ်ကတော့ (တပ်မတော်က) အစိုးရရဲ့ ထိန်းချုပ်မှုကို လက်ခံရန်ဆိုတဲ့ အချက်ကို ဖြေဆိုသူအားလုံးရဲ့ ၅၅ ရာခိုင်နှုန်းက အများဆုံး ဖြေဆိုခဲ့ကြတာပါ။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဒေသန္တရလုံခြုံရေးအတွက် အဓိက ဘာတွေ လုပ်ဆောင်သင့်ပါသလဲဆိုတဲ့ မေးခွန်းကို မေးတဲ့အခါမှာ ကရင်ပြည်နယ် နဲ့ ကယားပြည်နယ်နှစ်ခုလုံးက “ဥပဒေနဲ့အညီ ဆောင်ရွက်ရန်” ဆိုတဲ့ အချက်ကို အများဆုံး ဖြေဆိုခဲ့ကြပါတယ်။ အစိုးရ မဟုတ်သော လက်နက်ကိုင်အဖွဲ့များက ဒေသလုံခြုံရေးအတွက် ဦးစားပေး ဘာတွေ လုပ်ဆောင်သင့်လဲလို့ မေးမြန်းကြတဲ့အခါမှာ ပြည်နယ်နှစ်ခုလုံးက “ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်” ဆိုတဲ့အချက်ကို အများဆုံး ဖြေဆိုခဲ့ကြတာ တွေ့ရပါတယ်။
ဒေသန္တရလုံခြုံရေးကို အထောက်အကူပြုနိုင်ဖို့အတွက် အရပ်ဖက်အဖွဲ့အစည်းများ ဘာတွေဦးစားပေးဆောင်ရွက်ရမလဲလို့ မေးမြန်းတဲ့အခါမှာ ကရင်ပြည်နယ်က ဖြေဆိုသူ အားလုံးရဲ့ ၃၇ ရာခိုင်နှုန်းက “အရပ်ဖက်အဖွဲ့အစည်းများ အားကောင်းအောင် ကွန်ရက်ချိတ်ဆက်ဆောင်ရွက်ရန်” ဆိုတဲ့ အချက်ကို အများဆုံးဖြေဆိုခဲ့ပြီး၊ ကယားပြည်နယ်မှာတော့ “လူထုအား အသိပညာပေးခြင်း” ဆိုတဲ့ အချက်ကို ဖြေဆိုသူအားလုံးရဲ့ ၇၈ ရာခိုင်နှုန်းက အများဆုံး ဖြေဆိုခဲ့ကြပါတယ်။ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ အစုအဖွဲ့တွေရဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ သဘောထားအမြင်ကို ဆန်းစစ်လေ့လာခြင်းဖြင့် အခြေအနေမတူညီတဲ့ ဒေသန္တရလုံခြုံရေးအပေါ် သက်ရောက်မှုအမျိုးမျိုးကို သုံးသပ်နိုင်ပါတယ်။ဒီစာအုပ်ကနေတဆင့် ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ လုံခြုံရေးကဏ္ဍမှာ အလေးဂရုသိပ်မပြုမိကြတဲ့ ဒေသန္တရလုံခြုံရေး(ဝါ)လူသားလုံခြုံရေးရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သက်ရောက်ဆက်နွယ်မှုတွေကို ဆင်ခြင်ဆန်းစစ်နိုင်ပါတယ်။ တဆက်တည်းမှာပဲ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်မှာ လက်မှတ်မ ထိုးထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရှိရာ အခြားဒေသတွေ၊ လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေရှိရာ အခြားဒေသတွေ၊ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်း မရှိရာဒေသတွေ စတဲ့ ပြည်နယ်/တိုင်းဒေသတွေရဲ့ ဒေသန္တရလုံခြုံရေးအလားအလာ၊ အခြေအနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဘယ်လိုတွေများ သက်ရောက်မှုရှိနေမလဲဆိုတာကလည်း ဆက်စပ်လေ့လာစရာနယ်ပယ်တွေဖြစ်လာပါတယ်။
”အရပ်ဖက်လူ့အဖွဲ့အစည်းများ၏ လုံခြုံရေးဆိုင်ရာ မျှော်မှန်းချက်” သုတေသနစစ်တမ်း စာအုပ်ကို ရယူလိုပါက တကောင်း နိုင်ငံရေးလေ့လာမှုအဖွဲ့၏ ရုံးခန်းဖြစ်သည့် (B-8)၊ ၇ လွှာ၊ အမှတ်(၆၃)၊ အုတ်ကျင်းဘူတာရုံလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ကို ရုံးဖွင့်ရက်များတွင်၊ ရုံးချိန်အတွင်း သွားရာက်ထုတ်ယူနိုင်ပါသည်။