စိန်ခေါ်မှုမြင့်မားနေသည့် မြန်မာနိုင်ငံ၏ ဗဟိုချုပ်ကိုင်ထားသော စွမ်းအင်စီမံခန့်ခွဲမှုပုံစံ (သုတေသနစာတမ်း မိတ်ဆက်)

Post By Zaw Htet Oo, On October 1, 2020

စိန်ခေါ်မှုမြင့်မားနေသည့် မြန်မာနိုင်ငံ၏ ဗဟိုချုပ်ကိုင်ထားသော စွမ်းအင်စီမံခန့်ခွဲမှုပုံစံ (သုတေသနစာတမ်း မိတ်ဆက်)

 

မြန်မာ့ပြည်တွင်းပဋိပက္ခကို နှစ်ကာလကြာရှည်အောင် ဆက်လက်မြင့်တက်နေစေတဲ့ အကြောင်းအချက်ပေါင်း များစွာရှိပါတယ်။ အယူဝါဒ၊ နှုန်းစံတန်ဖိုးတွေနဲ့ အကျိုးစီးပွားတွေအပေါ် ကိုင်စွဲရပ်တည်ချက်တွေ အကြား အငြင်းပွားပွတ်တိုက်မှုတွေက ထင်ရှားတဲ့အချက်တွေအဖြစ် မှတ်ယူနိုင်ပါတယ်။ ပြည်တွင်းစစ် ပဋိပက္ခကြောင့် တိုင်းပြည်ရဲ့ အရေးပါတဲ့ကဏ္ဍတွေအပေါ် ဆိုးကျိုးသက်ရောက်ခံရသလို၊ အဆိုပါကဏ္ဍ အသီးသီးရဲ့ စီမံခန့်ခွဲမှု အားနည်းချက်တွေကြောင့် ပဋိပက္ခကို ပြန်လည်ဦးတည်စေတဲ့ ဆင်းရဲနိမ့်ကျမှုထပ်ကျော့သံသရာတွေကိုလည်း မူဝါဒချမှတ်သူတွေအဖို့ သတိပြုဆင်ခြင်သင့်ပါတယ်။ အထူးသဖြင့် အရင်းအမြစ် ခွဲဝေသုံးစွဲမှု (Resource Allocation) ကိစ္စရပ်မျိုးပဲ ဖြစ်ပါတယ်။ ယခုဖော်ပြမယ့်စာစုမှာတော့ မြန်မာနိုင်ငံရဲ့ အရင်းအမြစ်ခွဲဝေမှုပုံစံ တွေအနက် စွမ်းအင်စီမံခန့်ခွဲမှုပုံစံကို အထူးပြုလေ့လာဆန်းစစ်ထားတဲ့ သုတေသနစာတမ်းတစောင်ကို မိတ်ဆက်ဖော်ပြမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (ပြည်ထောင်စုမြန်မာနိုင်ငံ) / Ethnic Nationalities Affairs Center (Union of Burma) က ပြုစုထုတ်ဝေထားတဲ့ “စိန်ခေါ်မှုမြင့်မားနေသည့် မြန်မာနိုင်ငံ၏ ဗဟိုချုပ်ကိုင်ထားသော စွမ်းအင်စီမံခန့်ခွဲမှုပုံစံ” သုတေသနစာတမ်းက နိုင်ငံရဲ့ လျှပ်စစ်နဲ့ စွမ်းအင်စီမံခန့်ခွဲမှုစနစ်ပုံစံရဲ့ အကျိုးသက် ရောက်မှုတွေကို အထင်အရှား လေ့လာထောက်ပြထားပြီး ဖက်ဒရယ်စနစ်ဖော်ဆောင်ရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြစ်စဉ်တွေအတွင်းမှာ ထည့်သွင်းအဖြေရှာနိုင်ဖွယ် မူဝါဒအကြုံပြုချက်တွေကို တင်ပြထားပါတယ်။ စာတမ်းရဲ့ ဖော်ပြချက်တွေအနက်မှ သတိပြုဖွယ်အချက်တွေကို အကျဉ်းချုပ်ဆွေးနွေးမိတ်ဆက်လိုပါတယ်။

စာတမ်းတွေ့ရှိချက်များ

သုတေသနစာတမ်းဖော်ပြချက်တွေမှာ မြန်မာ့လျှပ်စစ်နဲ့ စွမ်းအင်ဆိုင်ရာကဏ္ဍရဲ့  စွမ်းအင်ထုတ်ယူသုံးစွဲနေမှု ပုံစံ တွေ၊ အဆက်မပြတ်ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်နဲ့၊ ပြည့်ဖြိုးမြဲမဟုတ်တဲ့ စွမ်းအင်စီမံကိန်းတွေ၊ ပြည်နယ် နဲ့ တိုင်းဒေသကြီးတွေမှာရှိတဲ့ လျှပ်စစ်စီမံကိန်းတွေအကြောင်းကို ပြည့်ပြည့်စုံစုံဖော်ပြထားပါတယ်။ အဲ့ဒီအချက် တွေအနက် စွမ်းအင်စီမံခန့်ခွဲမှုပုံစံအားနည်းချက်တွေကြောင့် ပြည်တွင်းစစ်ပဋိပက္ခ၊ လူမှုပဋိပက္ခကို ဦးတည်စေ ပုံနဲ့ ပြည်နယ်နဲ့တိုင်းအစိုးရအဖွဲ့ရဲ့ အခန်းကဏ္ဍအားနည်းနေခြင်းအချက်တွေက သတိပြုစရာဖြစ်ပါတယ်။  တဆက်တည်းမှာပဲ လျှပ်စစ်ဓါတ်အား ရှားပါးပြတ်တောက်မှုနဲ့ ပြည်တွင်းစစ်သံသရာကို ကျရောက်စေတဲ့ အဓိကအကြောင်းအရာ သုံးချက်ရှိတယ်လို့ စာတမ်းက ဆိုပါတယ်။

ပထမအချက်က စွမ်းအင်တွေကို ပြည်တွင်းအသုံးပြုဖို့ထက် ဗဟိုအစိုးရဝင်ငွေရရှိရေးအတွက် ပြည်ပကို တင်ပို့ ရောင်းချနေခြင်းကြောင့် ဖြစ်တယ်လို့ ဆွေးနွေးပါတယ်။ ၂၀၁၈ ခုနှစ်စာရင်းတွေအရ နိုင်ငံရဲ့ အိမ်ထောင်စု ပေါင်း ၄၀ ရာခိုင်နှုန်းခန့်ကသာ လျှပ်စစ်မီးရရှိသေးတာဖြစ်ပါတယ်။ ယခင်အစိုးရက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က ထွက်ရှိတဲ့ ဓာတ်အား (၅၀၀) မဂ္ဂဝပ်ကို တရုတ်အစိုးရထံ အနည်းဆုံး (၁၀)နှစ်စာချုပ်နဲ့ ရောင်းချထားသလို လက်ရှိအစိုးရကလည်း သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ၈၀ ရာခိုင်နှုန်းခန့်ကို ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံကို ဆက်လက်ရောင်းချထားပါတယ်။ ဒါပေမဲ့ နိုင်ငံအရှေ့ပိုင်းနယ်စပ်ဒေသရဲ့ ဓာတ်အားလိုအပ်ချက်အတွက် လာအို နဲ့ ထိုင်းနိုင်ငံတွေဆီက လျှပ်စစ်ဓါတ်အားကို စျေးကြီးပေး ပြန်လည်တင်သွင်းအသုံးပြုနေတယ်လို့ ဆိုပါတယ်။ ဒီအချက်ကြောင့်ပဲ နယ်စပ်ဒေသတွေမှာ ပြည်ပရောင်းချမှုကို ဦးစားပေးတဲ့ လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းကြီး တွေပေါ်ပေါက်လာရပြီး လူမှုပဋိပက္ခတွေ ဖြစ်ပေါ်လာစေပါတယ်။

ဒုတိယအချက်ကတော့ စွမ်းအင်စီမံခန့်ခွဲမှုအတွင်းမှာ ဗဟိုချုပ်ကိုင်မှုပုံစံအားကောင်းနေခြင်းက ကျေးလက်နဲ့ တိုင်းရင်းသားဒေသအကျိုးထက် မြို့ပြနေလူထုအကျိုးအတွက်သာ ဦးတည်နေပြီး အချိုးမညီမျှတဲ့ ခွဲဝေမှုပုံစံ ဖြစ်နေခြင်းကြောင့်လို့ ဆိုပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍစီမံခန့်ခွဲ မှုအခွင့်အာဏာကို အကန့်အသတ်ပမာဏအနည်းငယ်သာ အပ်နှင်းထားတာဖြစ်ပါတယ်။ ကျေးလက်မီးလင်းရေး စီမံကိန်းလုပ်ငန်းတွေကိုလည်း ပြည်နယ်နဲ့တိုင်းဝန်ကြီးဌာနတွေကို သီးသန့်လုပ်ပိုင်ခွင့် ပေးထားတာမျိုး မရှိပါ ဘူး။ အသေးစားဓာတ်အားစီမံကိန်းတွေကို စီမံခန့်ခွဲခွင့် ရပေမယ့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနရဲ့ ရုံးအဖွဲ့တွေ ပြန်လည်ပါဝင်နေတာကြောင့် စွမ်းအင်ခွဲဝေသုံးစွဲမှုပုံစံအထွေထွေကို ပြည်ထောင်စုအဆင့်ကပဲ ထိန်းချုပ်ကွပ်ကဲ နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အထင်ရှားဆုံး ဆိုးကျိုးသက်ရောက်မှုဥပမာက ကယားပြည်နယ်က လောပိတ ရေအားလျှပ်စစ်စက်ရုံ စီမံကိန်းပါ။ စီမံကိန်းက ထွက်ရှိတဲ့ လျှပ်စစ်ဓါတ်အားတွေက ရန်ကုန်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းအတွက် အဓိကပံ့ပိုးပေးနေပြီး နှစ်စဉ်ရရှိတဲ့ အကျိုးအမြတ်တွေကလည်း ဗဟိုအစိုးရထံကို စီးဆင်းပါတယ်။ စီမံကိန်းစတင်ပြီး ဆယ်စုနှစ်ပေါင်းများစွာကြာတဲ့အထိ အနီးအနားက ဒေသခံပြည်သူတွေအဖို့ လျှပ်စစ်မီး သုံးစွဲနိုင်ခဲ့ခြင်း မရှိတာဖြစ်ပါတယ်။

နောက်ဆုံးအချက်ကတော့ စွမ်းအင်အရင်းအမြစ်နဲ့ လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်းတို့မှ ပေါ်ပေါက်လာတဲ့     ဆိုးကျိုး သက်ရောက်မှုတွေကို မဖြေရှင်းနိုင်သေးတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ရင်းနှီးမြုပ်နှံမှု အကျိုး ဆက်တွေက ပြည်တွင်းစစ်အတွက် မီးစာဖြစ်လာစေပြီး၊ တိုင်းရင်းသားဒေသတွေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေအကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟမှုတွေကတဆင့် လူမှုရေး၊ စီးပွားရေးဆိုးကျိုးတွေ ဖြစ်လာစေပါ တယ်။ တည်ဆောက်ဆဲနဲ့ တည်ဆောက်ရန်လျာထားတဲ့ လျှပ်စစ်စီမံကိန်းအများစုဟာ ပြည်နယ်တွေ၊ တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ထိစပ်နေတဲ့ နေရာတွေရဲ့ အနီးတဝိုက်မှာ ရှိကြပါတယ်။  ထင်ရှားတဲ့ ဥပမာတခုက ၂၀၁၁ ခုနှစ်အတွင်းမှာ ဗန်းမော်ခရိုင်အတွင်း တရုတ်ကျောထောက်နောက်ခံ ပေးထားတဲ့ တာပိန်အမှတ်(၁) ရေအားလျှပ်စစ်စီမံကိန်းအနီးက KIA အဖွဲ့ရဲ့ မဟာဗျူဟာ စခန်းကို တပ်မတော်က သိမ်းပိုက်လိုက်တဲ့နောက် ၁၇ နှစ်ကြာ ထိန်းသိမ်းခဲ့တဲ့ နှစ်ဘက်အပစ်အခတ်ရပ်စဲရေး စာချုပ်ကျိုးပေါက်ခဲ့ရပြီး ပဋိပက္ခကို တကျော့ပြန်လည်လာစေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခင်တည်ဆောက်ခဲ့တဲ့ စီမံကိန်းတွေရဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို သေသေချာချာ ဆန်းစစ်လေ့လာချက်မပြုလုပ်ခဲ့တာကစလို့ တိုင်းရင်းသား ဒေသတွေမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ မြေယာသိမ်းဆည်းခံရမှုနဲ့ လူ့အခွင့်အရေးချိုး ဖောက်ခံရမှုတွေ ဖြစ်ပွားစေပြီး လူမှုပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

သုံးသပ်ချက်နှင့် မူဝါဒအကြံပြုချက်များ

မြန်မာနိုင်ငံဗဟိုအစိုးရအတွက် လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍက ကြီးမားတဲ့ ဝင်ငွေအရင်းအမြစ်တခု ဖြစ်ပေမယ့် တိုင်းရင်းသားဒေသတွေရဲ့ ဒေသန္တရဖွံ့ဖြိုးရေးကို ဖော်ဆောင်ပေးနိုင်တဲ့ ယန္တရားတခုအသွင် ရှိမနေသေးကြောင်း စာတမ်းက သုံးသပ်ထားပါတယ်။ ဒီအချက်ကြောင့်ပဲ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုတွေ ဖြစ်ပေါ်လာစေ ပြီး ရွှေ့ပြောင်းအလုပ်သမားတွေအဖြစ် မြို့ပြတွေကို သွားရောက် လုပ်ကိုင်နေကြရပြီး၊ ဒီလို လူမှုရေး၊စီးပွားရေး ဆိုင်ရာ ကွာဟချက်တွေကြောင့် လူမှုပဋိပက္ခတွေ ကြီးမားစေပြီး ငြိမ်းချမ်းရေး အဓွန့်ရှည်ရေးနဲ့ ဝေးကွာစေတယ် လို့ ဆိုပါတယ်။ နိုင်ငံတကာချေးငွေတွေ၊ ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှုတွေကတဆင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို လမ်းဖွင့်ပေးဖို့ ကြိုးစားနေပေမယ့် ဆုံးဖြတ်ချက်ချမှတ်ခြင်းနဲ့ စီမံခန့်ခွဲခြင်းကိစ္စတွေမှာ ဗဟိုချုပ်ကိုင်မှု အားကောင်းနေဆဲ ဖြစ်တယ်လို့ မှတ်ချက်ပြုထားပါတယ်။ ဒီလို စွမ်းအင်ကဏ္ဍက ထွက်ပေါ်လာတဲ့ ဆိုးကျိုးသက် ရောက်မှုတွေကို ကျေလည်အောင်မဖြေရှင်းနိုင်ခြင်းအချက်က လက်ရှိပြည်တွင်းစစ်ပဋိပက္ခတွေကို ဆက်လက် တွန်းပို့စေပါတယ်။ ဒါ့အပြင် စွမ်းအင်ကဏ္ဍအတွက် အုပ်ချုပ်ရေး၊ ဥပဒေပြဌာန်းရေး၊ တရားစီရင်ရေးနဲ့ အခွန် ကောက်ခံခွင့် စတဲ့ စွမ်းအင်စီမံခန့်ခွဲမှု အခွင့်အာဏာတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကို ဆင့်ကဲအပ်နှင်းသင့်ကြောင်း အခိုင်အမာ သုံးသပ်ဆွေးနွေးချက်တွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ယခုစာတမ်းကတဆင့် စွမ်းအင်ကဏ္ဍအတွင်း ကောင်းမွန်တဲ့အပြောင်းအလဲတွေဖြစ်ဖို့ မူဝါဒ အကြံပြုချက် ၆ ချက်ကို ထည့်သွင်းဆွေးနွေးထားပါတယ်။ ၎င်းတို့ကတော့

(၁)        ပဋိပက္ခဆက်လက် ဖြစ်ပွားနေတဲ့ ပြည်နယ်၊တိုင်းဒေသကြီးတွေက လုပ်ဆောင်နေဆဲ ရေအားလျှပ်စစ်နဲ့ အကြီးစားစီမံကိန်းတွေကို ရပ်ဆိုင်းထားသင့်ပြီး ပဋိပက္ခတွေဖြစ်ပွားခြင်းမရှိစေဖို့ မည်သည့်စီမံကိန်းအသစ်မျိုး ကိုမဆို ဒေသခံလူထုနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ သဘောတူညီမှုဖြင့်သာ စတင်သင့်တယ်။

(၂)        ဖက်ဒရယ်ပြည်ထောင်စုအသစ်မှာ ပြည်နယ်နှင့်တိုင်းဒေသကြီးတွေကို လုပ်ပိုင်ခွင့်အာဏာများကို ခွဲဝေ ပေးရမယ်။

(၃)        အသေးစားနဲ့ အလတ်စား လျှပ်စစ်ဓာတ်အား စက်ရုံများ၊ ရေ၊ နေ၊ လေ နဲ့ ဇီဝလောင်စာ အစရှိတဲ့ ရေရှည်ခံပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များမှ စွမ်းအင်ထုတ်ယူသုံးစွဲခြင်းကို အားပေးမြှင့်တင် သင့်တယ်။

(၄)        ပြည်ပသို့တင်ပို့မယ့်အစား ပြည်တွင်းစွမ်းအင်ဖူလုံရေးကို ပထမဦးစားပေး လုပ်ဆောင်သင့်တယ်။

(၅)       ပြည်နယ်/တိုင်းဒေသကြီးအစိုးရတို့မှာ မိမိတို့ ဧရိယာအတွင်းရှိလျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦးများအပေါ် လျှပ်စစ်စွမ်းအင်စီမံခန့်ခွဲမှုလုပ်ပိုင်ခွင့်များ ရှိသင့်တယ်။ ဒါ့အပြင် ဓာတ်အား စက်ရုံများကို ရင်းနှီးမြှုပ်နှံမှုရင်းနှီးငွေတန်ဖိုးနဲ့ စက်ရုံအရွယ်အစားကိုလိုက်ပြီး ကန့်သတ်ခြင်း မဟုတ်ဘဲ ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုဘယ်လောက်ရှိမလဲဆိုတဲ့ အခြေအနေအပေါ်မှာသာ ကန့်သတ် သင့်တယ်။

(၆)       လျှပ်စစ်နဲ့စွမ်းအင်စီမံကိန်းများ တည်ရှိတဲ့ဒေသတွေက ပြည်နယ်/တိုင်းဒေသကြီးအစိုးရများနဲ့ ဆိုးကျိုး ခံစားရတဲ့ လူမှုအသိုင်းအဝိုင်းများအတွက် အစိုးရအဆင့်အားလုံမှာ နည်းစနစ်ကျတဲ့ အကျိုးအမြတ် ခွဲဝေခြင်း ယန္တတရားတစ်ခုကို ထားရှိသင့်တယ် ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင် ယခုစာတမ်းက မြန်မာ့စွမ်းအင်စီမံခန့်ခွဲမှုပုံစံရဲ့  လူမှုဘဝတွေအပေါ် ပကတိအကျိုး သက်ရောက်မှုအခြေအနေတွေကို အထူးပြုဖော်ပြထားပါတယ်။ မူဝါဒချမှတ်သူတွေအတွက် သတိပြုဆင်ခြင် စရာ အချက်တွေကိုလည်း ဖြည့်စွမ်းပေးထားပါတယ်။ အရင်းအမြစ်ခွဲဝေသုံးစွဲမှုအစီအမံအားနည်းချက်တွေက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ၊ လူမှုစီးပွားပဋိပက္ခတွေ အားကောင်းရခြင်းအတွက် ထင်ရှားတဲ့ အကြောင်း တရားတချက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်စနစ်တည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ဖြစ်စဉ် တွေအတွင်း စွမ်းအင်စီမံခန့်ခွဲမှုပုံစံက မလွှဲမသေ အကျေအလည်ဆွေးနွေးဖို့ လိုတဲ့ကိစ္စရပ်ဖြစ်တာနဲ့အညီ ယခုသုတေသနစာတမ်းရဲ့ တွေ့ရှိဖော်ပြချက်တွေကတဆင့် ကောင်းမွန်တဲ့ စွမ်းအင်ကဏ္ဍဆိုင်ရာမူဝါဒ အပြောင်း အလဲ ဖြစ်ပေါ်လာရေးအတွက် အထောက်အပံ့ဖြစ်စရာ စဉ်းစားချက်များစွာကို ဖတ်ရှုလေ့လာနိုင်မှာပဲ ဖြစ်ပါ တယ်။

ယခုဖော်ပြပါ “စိန်ခေါ်မှုမြင့်မားနေသည့် မြန်မာနိုင်ငံ၏ ဗဟိုချုပ်ကိုင်ထားသော စွမ်းအင်စီမံခန့်ခွဲမှုပုံစံ”

သုတေသနစာတမ်းအပြည့်အစုံကို Download ရယူနိုင်ပါသည်။