ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဧပြီ ပထမပတ်)

Post By Nyein Ko Ko Soe, On April 3, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဧပြီ ပထမပတ်)

၂၀၂၀ ပြည့်နှစ် မတ်၂၇ ရက်မှ ဧပြီ ၂ ရက်အထိ (ဧပြီ ပထမပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်များအနက် COVID – 19 ကပ်ရောဂါအခြေအနေကြောင့် အစိုးရနှင့် တပ်မတော်အနေဖြင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးရန် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့က တောင်းဆိုခဲ့ကြခြင်း၊ COVID – 19 ထိန်းချုပ်ရေးအတွက် အပစ်အခတ်ရပ်စဲရေးပြုလုပ်ရန် မလိုအပ်ဟု တပ်မတော်ဘက်မှ တုံ့ပြန်ပြောကြားခဲ့ခြင်းတို့မှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာကိစ္စများ ဖြစ်ခဲ့ပါသည်။

ထို့ပြင် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် AA တပ်ဖွဲ့များကို လိုင်ဇာတွင် လက်ခံမထားရန် တပ်မတော်က ပြောကြားမှုကို KIO/KIA အဖွဲ့မှ ပယ်ချခဲ့မှုနှင့် တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဗိုလ်မှူးကြီးဟောင်း ထိန်လင်းကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အကြံပြုနိုင်ရန် နိုင်ငံတော်သမ္မတရုံး၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခဲ့မှုတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာ ဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

ULA/AA အဖွဲ့ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက မတ် ၂၃ ရက်တွင် ကြေညာခဲ့ပြီးနောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့(PCG)မှ တဆင့် AA အဖွဲ့ကို KIO/KIA ဌာနချုပ် လိုင်ဇာ၌ နေခွင့်မပြုရန် KIO/KIA အဖွဲ့အား ပြောကြားလာခဲ့ကြောင်း ဧပြီ ၂ ရက်ထုတ် 7 Day Daily သတင်းစာက ဖော်ပြခဲ့သည်။

ယင်းကဲ့သို့ AA အဖွဲ့ကို စစ်ရေးဖြင့် ဖြေရှင်းမည့် နည်းလမ်းသည် မှန်ကန်မှုမရှိကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထံသို့ စာပို့အကြောင်းပြန်ကြားခဲ့သည်ဟု KIO/KIA အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက 7 Day Daily သတင်းစာသို့ ပြောကြားခဲ့ကြောင်း သိရပါသည်။

ထို့ပြင် KIO/KIA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ ဖြစ်သည့် KIO/KIA အဖွဲ့၊ PSLF/TNLA အဖွဲ့၊ MNTJP/MNDAA အဖွဲ့၊ ULA/AA အဖွဲ့တို့အနေဖြင့် နိုင်ငံရေးဆွေးနွေးရေး လမ်းကြောင်းကို ကြိုးပမ်းနေကြောင်းနှင့် KIA အနေဖြင့် အစိုးရနှင့်တစ်ဖွဲ့ချင်းစီ ဆွေးနွေးရန် သဘောထားမရှိဘဲ ယခင်ကဲ့သို့ လေးဖွဲ့အတူတကွ ဆွေးနွေးမည်ဟု ပြောကြားခဲ့ကြောင်း 7 Day Daily သတင်းတွင် ဖော်ပြခဲ့သည်။

နောက်ထပ်စိတ်ဝင်စားစရာသတင်းတပုဒ်မှာ COVID– 19 ကပ်ရောဂါဖြစ်ပွားနေချိန်တွင် အစိုးရနှင့် တပ်မတော်အနေဖြင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ကြေညာပေးရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)က တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာတိုင်းမ်သတင်းဌာနက မတ် ၂၉ ရက်က ဖော်ပြခဲ့သည့် အဆိုပါသတင်းတွင် အစိုးရနှင့် တပ်မတော်မှ အပစ်အခတ်ရပ်စဲရေး ကြေညာခြင်းအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအပြင် COVID– 19 ကပ်ရောဂါကို အဖွဲ့အစည်းအားလုံးက ပူးပေါင်းတိုက်ဖျက်နိုင်လိမ့်မည်ဟု ဖော်ပြထားကြောင်း သိရပါသည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

COVID-19 ကပ်ရောဂါ ပြန့်ပွားနေသည့်အခြေအနေကြောင့် အစိုးရနှင့် တပ်မတော်အနေဖြင့် တနိုင်ငံလုံး အပစ်ရပ်စဲကြောင်း ကြေညာပေးရန် ကရင်အမျိုးသားအစည်းအရုံး(KNU)က တောင်းဆိုခဲ့သော VOA သတင်းဌာန၏ သတင်းမှာလည်း ယခုရက်သတ္တပတ်အတွင်း စိတ်ဝင်စားစရာဖြစ်ခဲ့ပါသည်။

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါကို အဖွဲ့အစည်းတိုင်း အားစိုက်တိုက်ဖျက်နိုင်ရန်အတွက် အစိုးရနှင့် တပ်မတော်အနေဖြင့် တနိုင်ငံလုံးအပစ်ရပ်စဲကြောင်း ကြေညာပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း KNU အထွေထွေအတွင်းရေးမှူးပဒိုစောတာဒိုမှူးက ပြောကြားခဲ့သည်ဟု မတ် ၂၆ ရက်က ဖော်ပြခဲ့သည့် VOA သတင်းတွင် ပါရှိခဲ့သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)ကလည်း အစိုးရနှင့် တပ်မတော်အနေဖြင့် တနိုင်ငံလုံး အပစ်ရပ်စဲကြောင်း ကြေညာပေးရန် တောင်းဆိုခဲ့သည်။

ထို့ပြင် COVID-19 အန္တရာယ် ကာကွယ်ရန် အရေးကြီးသည့် အခြေအနေဖြစ်၍ တပ်မတော်နှင့် AA တို့ အနေဖြင့် တိုက်ပွဲများရပ်တန့်ပြီး ငြိမ်းချမ်းရေးအတွက် ပိုမိုကောင်းမွန်သည့် နည်းလမ်း ရှာဖွေရန် NCA လက်မှတ်ထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ကလည်း တောင်းဆိုခဲ့ကြောင်း မတ် ၂၇ ရက်ထုတ် 7 Day Daily သတင်းစာက ဖော်ပြခဲ့ပါသည်။

ယင်းကဲ့သို့ တောင်းဆိုမှုများ ရှိနေသော်လည်း COVID-19 ရောဂါထိန်းချုပ်ရေးအတွက် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရန် မလိုအပ်ကြောင်း တပ်မတော်က တုံ့ပြန်ပြောကြားခဲ့ကြောင်း မြန်မာတိုင်းမ်သတင်းစာက ဧပြီ ၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။

COVID-19 မှာ အမျိုးသားရေးနှင့် ဆိုင်၍ အဆိုပါအဖွဲ့များ စိတ်ဝင်စားမှုရှိခြင်းကို လေးစားသော်လည်း လက်တွေ့မဆန်ကြောင်းနှင့် လက်တွေ့လုပ်ငန်းစဉ်၌ လိုက်နာခြင်း မလိုက်နာခြင်းက ပိုပြီး လက်တွေ့ကျ ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မြန်မာတိုင်းမ်သတင်းစာသို့ ပြောကြားခဲ့ကြောင်း သိရပါသည်။

ဧပြီပထမပတ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် သတိပြုစရာသတင်းတပုဒ်မှာ ဗိုလ်မှူးကြီးဟောင်း ထိန်လင်းကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အကြံပြုနိုင်ရန် နိုင်ငံတော်သမ္မတရုံး၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခဲ့မှုဖြစ်ပါသည်။

တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဗိုလ်မှူးကြီးဟောင်း ထိန်လင်းကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အကြံပြုနိုင်ရန် နိုင်ငံတော်သမ္မတရုံး၏ အကြံပေးပုဂ္ဂိုလ်အဖြစ် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က မတ် ၃၁ ရက်တွင် ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာတိုင်းမ်သတင်းဌာန၏ ဧပြီ ၂ ရက် သတင်းဖော်ပြမှုအရ သိရပါသည်။

ဗိုလ်မှူးကြီးဟောင်း ထိန်လင်းသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ၂၀၁၇ ခုနှစ် ဇူလိုင်လအထိ တာဝန်ထမ်းဆောင် ခဲ့ပြီးနောက် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၇ ခုနှစ် သြဂုတ်မှ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းအထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း အဆိုပါမြန်မာတိုင်းမ်သတင်းတွင် ဖော်ပြထားပါသည်။

၂၀၂၀ ပြည့်နှစ် ဧပြီ ပထမပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။