ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဒီဇင်ဘာ တတိယပတ်)

Post By Pan Su Wai, Nyein Ko Ko Soe, On December 20, 2019

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဒီဇင်ဘာ တတိယပတ်)

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှ ၁၉ ရက်အထိ ( ဒီဇင်ဘာ တတိယပတ်)ကာလအတွင်း  ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေး(JICM)ကျင်းပနိုင်ရေး အကြိုဆွေးနွေးပွဲကို ခရစ္စမတ်ကာလမတိုင်မီ ကျင်းပရန် အစိုးရက အပစ်ရပ် ၁၀ ဖွဲ့ထံ အဆိုပြုခဲ့မှု၊ အစိုးရနှင့်  မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့တို့ ဒီဇင်ဘာ ၁၅ ရက်က  တရုတ်နိုင်ငံ၌  တွေ့ဆုံဆွေးနွေးခဲ့မှုတွင် ရေရာသည့်အဖြေမထွက်ခဲ့ဘဲ  ဇန်နဝါရီတွင် ထပ်မံတွေ့ ဆုံရန်  စီစဉ်ခဲ့မှုတို့မှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာကိစ္စများ ဖြစ်ခဲ့ပါသည်။

ထို့ပြင် ရခိုင်တွင် ရွေးကောက်ပွဲကျင်းပလိုပါက လာရောက်ညှိနှိုင်းရမည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က  ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့မှု၊ တပ်မတော်က ဝင်ရောက်နေရာယူထားသည့် မွန်ပြည်သစ်ပါ တီ၏ တပ်စခန်းနေရာကို ပြန်လည်ဖယ်ပေးခဲ့သော်လည်း တပ်နှစ်ခု နီးကပ်စွာရှိနေသည့်အတွက် အချိန်မရွေး ပစ်ခတ်မှု ထပ်ဖြစ်နိုင်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင် နိုင်အောင်မငေးက ပြောကြားခဲ့မှုတို့မှာလည်း သတိပြုစရာ ဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

ရခိုင်တွင် ရွေးကောက်ပွဲ ကျင်းပလိုပါက ၎င်းတို့နှင့် လာရောက်ညှိနှိုင်းရမည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီသတင်းဌာနကို ပြောကြားခဲ့မှုမှာ ယခုရက်သတ္တပတ်အတွင်း သတိပြုစရာ သတင်းတပုဒ်ဖြစ်ခဲ့ပါသည်။ ယင်းပြောကြားမှုနှင့် ပတ်သက်၍ နိုင်ငံရေးပြဿနာကို အင်အားသုံး ဖြေရှင်းမည်ဆိုသည့်သဘောမျိုး သက်ရောက်ကာ ပြဿနာများ ပိုမိုရှုပ်ထွေးလာနိုင်ကြောင်း NLD ပါတီ  ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဒီဇင်ဘာ ၁၇ ရက်က ပြောကြားသကဲ့သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းဌေးကလည်း AA စစ်ဦးစီးချုပ်ပြောစကားအတိုင်း  လိုက်နာဆောင်ရွက်မည်မဟုတ်ကြောင်း  နေပြည်တော်၌ ဒီဇင်ဘာ ၁၈ ရက်တွင် ပြုလုပ်ခဲ့သည့်  ရွေးကောက်ပွဲကော်မရှင်၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

နောက်ထပ် ထူးခြားသည့်သတင်းတပုဒ်မှာ မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့နှင့် တွေ့ဆုံရန် တရုတ်နိုင်ငံသို့  ရောက်ရှိနေသည့် အစိုးရငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့သည် “ ဝ” လက်နက်ကိုင်အဖွဲ့နှင့် ဒီဇင်ဘာ ၁၄ ရက်က တရုတ်နိုင်ငံ၌ တွေ့ဆုံဆွေးနွေးခဲ့သည်ဆိုသော သတင်းဖြစ်ပါသည်။ သို့ရာ တွင်  ဆွေးနွေးမှုရလဒ်နှင့် ဆွေးနွေးသည့်အကြောင်းအရာများနှင့် ပတ်သက်၍ အသေးစိတ်မသိရကြောင်း 7 Day Daily သတင်းစာ၏ သတင်းတွင် ဖော်ပြခဲ့ပါသည်။

ကျိုင်းတုံဆွေးနွေးအပြီးတွင် ပြန်လည်မတွေ့ ဆုံနိုင်သေးသည့် အစိုးရနှင့်  မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့တို့ ဒီဇင်ဘာ ၁၅ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ရာ ရေးရာသည့်အဖြေမထွက်ခဲ့ဘဲ လာမည့်ဇန်နဝါရီလတွင် ထပ်မံတွေ့ဆုံရန် သဘောတူခဲ့ကြောင်း TNLA ၏ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောကြားခဲ့သည့် သတင်းမှာလည်း ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါသည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာညှိနှိုင်း အစည်းအဝေး(JICM)ကျင်းပနိုင်ရေး အကြိုပြင်ဆင်သည့် ဆွေးနွေးပွဲကို ခရစ္စမတ်ကာလမတိုင်မီ ကျင်းပနိုင်ရန် အစိုးရက NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ထံ အဆိုပြုထားကြောင်း သိရပါသည်။ တစ် နှစ်ကျော်ကြာ  ရပ်တန့်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများ ပြန်လည်အ  စပြုနိုင်ရေးအဓိကကျသည့် JICM အစည်းအဝေးကို လာမည့် ဇန်နဝါရီလဆန်းတွင် ကျင်းပရန်  အပစ်ရပ် ၁၀ ဖွဲ့  ခေါင်းဆောင်များ၏ PPST အစည်းအဝေးတွင် ဆုံးဖြတ်ထားပြီး အကြိုညှိနှိုင်းအစည်းအဝေးကို ခရစ္စမတ်မတိုင်မီ ပြုလုပ်ရန် အစိုးရက ဆန္ဒရှိနေခြင်းဖြစ်ပါသည်။

တပ်မတော်က ဝင်ရောက်နေရာယူထားသည့် ဘုရားသုံးဆူမြို့  ဂျပန်ရေတွင်းကျေးရွာရှိ မွန်ပြည်သစ်ပါတီ၏ တပ်စခန်းနေရာကို ပြန်လည်ဖယ်ပေးခဲ့သော်လည်း တပ်နှစ်ခု နီးကပ်စွာရှိနေသည့်အတွက် အချိန်မရွေး ပစ်ခတ်မှု ထပ်ဖြစ်နိုင်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင် နိုင်အောင်မငေးက  ပြောကြားခဲ့မှု မှာလည်း အာရုံစိုက်စရာ ဖြစ်ပါသည်။ မွန်ပြည်သစ်ပါတီ တပ်စခန်းတည်ရှိရာ ကရင်ပြည်နယ် ဘုရားသုံး ဆူမြို့နယ် ဂျပန်ရေတွင်းကျေးရွာတွင် နိုဝင်ဘာ ၂၇ ရက်က တပ်မတော်နှင့် မွန်ပြည်သစ်ပါတီတို့ တိုက်ပွဲဖြစ်ပွား ခဲ့ပြီးနောက် တပ်မတော်က ဝင်ရောက်နေရာယူခဲ့ရာ ဒီဇင်ဘာလဆန်းတွင် ပြန်လည် ဖယ်ရှားပေးခဲ့  သော်လည်း ဟင်္သာတိုင်ဂိတ်စခန်းကိုမူ ပြန်လည် မပေးအပ်သေး၍ တပ်နှစ်ခုမှာ နီးကပ်စွာရှိနေခြင်းဖြစ်ကြောင်း သိရပါသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ တတိယပတ်အတွင်း သက်ဆိုင်ရာ အင်အားစု အသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။