ထုတ်ပြန်ကြေညာချက်များ (မတ်လ ဒုတိယပတ်)

Post By Pan Su Wai, On March 17, 2020

ထုတ်ပြန်ကြေညာချက်များ (မတ်လ ဒုတိယပတ်)

၂၀၂၀ ပြည့်နှစ် မတ် ၁၀ ရက်မှ မတ် ၁၆ ရက်အထိ (မတ်လ ဒုတိယပတ်)ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့ အစည်းများမှ စုစုပေါင်း ၃၀ ခုထက်မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ၁၈ ခုအထိ ထုတ်ပြန်ခဲ့ပြီး အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ လေးခုစီ၊ အရပ်ဘက်အဖွဲ့အစည်းများမှ သုံးခုနှင့် နိုင်ငံရေးပါတီ(၁၅)ပါတီမှ ပူးတွဲကြေညာချက်တခု ထုတ်ပြန်ခဲ့ကြပါသည်။

မတ်လ ဒုတိယပတ်အတွင်း ထုတ်ပြန်ချက်များအနက် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID- 19)နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးက ပန်ကြားချက်တခုနှင့် ထုတ်ပြန်ကြေညာချက် နှစ်ခု ထုတ်ပြန်ခဲ့ပါသည်။ မတ် ၁၃ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော နိုင်ငံတော်သမ္မတရုံး၏ “ပြည်သူသို့ ပန်ကြားချက်” တွင် “အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID- 19)ကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ၁၁-၃-၂၀၂၀ တွင် သတ်မှတ်ကြေညာခဲ့ကြောင်း” ဦးစွာ  ဖော်ပြခဲ့သည်။

ယင်းနောက် “ COVID- 19 သည် လူစုလူဝေးများပြားရာနေရာများတွင် လျှင်မြန်စွာ ကူးစက်နိုင်သည့်အတွက် ပြည်သူလူထုအနေဖြင့် လူအများဖြင့် ကျင်းပသော အခမ်းအနားများ၊ ပွဲလမ်းသဘင်များ (မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အတွက် မဏ္ဍပ်ဆောက်လုပ်ပြီး ကျင်းပခြင်း အပါအဝင်) မပြုလုပ်ကြရန်နှင့် အဆိုပါအခမ်းအနား၊ ပွဲလမ်းသဘင်များကို မတ်လ ၁၃ရက်မှစ၍ ဧပြီလကုန်ထိ ကျင်းပခွင့်မပြုဘဲ ရပ်ဆိုင်း ထားရေးကိုလည်း သက်ဆိုင်ရာဌာနများသို့ ညွှန်ကြားထားပြီး လိုအပ်ပါက ထပ်မံ တိုးမြှင့်သတ်မှတ်သွားမည်ဖြစ်ကြောင်း” ယင်းပန်ကြားချက်တွင် ဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး နိုင်ငံတော်သမ္မတရုံးက “(COVID 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဖွဲ့စည်းကြောင်း” နှင့် “(COVID 19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီဖွဲ့စည်းကြောင်း” ထုတ်ပြန်ကြေညာချက် နှစ်ခုကိုလည်း မတ် ၁၃ ရက်စွဲဖြင့်ပင် ထုတ်ပြန်ခဲ့ပါသည်။

COVID- 19 နှင့် ပတ်သက်၍ အစိုးရအနေဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ခေါ်ယူဆောင်ရွက်ပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် ပါတီ(၁၅)ခုမှ တိုက်တွန်းထားသော  ပူးတွဲသဘောထားထုတ်ပြန်ချက်တခုလည်း မတ် ၁၅ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

အဆိုပါပူးတွဲကြေညာချက်တွင် “ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအန္တရာယ်ကို ကာကွယ်ရန် နိုင်ငံတော်အစိုးရက လိုအပ်သောအစီအမံများ ချမှတ်ဆောင်ရွက်နေသည်ကို ကြိုဆိုကြောင်း၊ နိုင်ငံတော်အပေါ် ကျရောက်လာနိုင်ဖွယ်ရှိသည့် ဘေးဥပဒ်အန္တရာယ်နှင့် လူပုဂ္ဂိုလ်လုံခြုံရေး၊ စားနပ်ရိက္ခာလုံခြုံရေးအပါအဝင် ကိစ္စအရပ်ရပ်အား ထိရောက်စွာ ကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက တာဝန်ယူကွပ်ကဲဆောင်ရွက်ပါရန် တိုက်တွန်းကြောင်း” ဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး “ပါဝင်ပတ်သက်သော အဖွဲ့စည်းအားလုံးနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်၍  ဘေးဥပဒ်စီမံခန့်ခွဲရေးမဟာဗျူဟာတရပ် ရေးဆွဲဆောင်ရွက်ရန်၊ လတ်တလော ကြုံတွေ့နေရသော ပြိုကွဲသွားနိုင်သည့် ဈေးကွက်များအား ပြန်လည်တည့်မတ် ကူညီပံ့ပိုးပေးရန်နှင့် ပြည်သူလူထု ခံစားနေရသည့် စီးပွားရေး ကျပ်တည်းမှုများအား ဖြေရှင်းဆောင်ရွက်ပေးရန် တိုက်တွန်းတောင်းဆိုကြောင်း” USDP နှင့် အခြားပါတီများ၏ ပူးတွဲကြေညာချက်တွင် ဖော်ပြခဲ့ပါသည်။

မတ်လ ဒုတိယပတ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့မှုများအနက်  “တပ်မတော်ယာဉ်တန်းများအား AA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် တပ်မတော်မှ ရှင်းလင်းခြင်း မလွှဲမရှောင်သာ ပြန်လည်ပစ်ခတ်ခြင်းဆောင်ရွက်ခဲ့ကြောင်း” မတ် ၁၅ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်မှာ အာရုံစိုက်စရာ ဖြစ်ခဲ့ပါသည်။

ထုတ်ပြန်ချက်တွင် “မတ် ၁၃ ရက်နေ့တွင် မင်းပြားမြို့နယ်မှ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုချိန်တွင် ကျောင်းသူ ကျောင်းသားများ အေးချမ်းစွာ စာမေးပွဲ ဖြေဆိုနိုင်ရေး အပြင်စည်း လုံခြုံရေးဆောင်ရွက်ပေးရန် တပ်မတော်လှုပ်ရှားစစ်ကြောင်း ၂ ကြောင်းအား AA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သည့်အပြင် မော်တော်ယာဉ်များ မသွားနိုင်အောင် လက်လုပ် သုံးမြှောင့်သံချွန်များ လမ်းအပြည့် ဖြန့်ခင်းထားသဖြင့် တပ်မတော်စစ်ကြောင်းများမှ ရှင်းလင်းခြင်း မလွှဲမရှောင်သာ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း” ဖော်ပြခဲ့ပါသည်။

ထို့ပြင် “ယင်းနေ့မှာပင် ကျောက်တော်မြို့နယ် မြောက်ဘက် အပြင်စည်းလုံခြုံရေး ဆောင်ရွက်ရန် ချီတက်နေသည့် တပ်မတော်ယာဉ်တန်းကိုလည်း AAအဖွဲ့က မိုင်းဆွဲဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများက မလွှဲမရှောင်သာ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း” တပ်မတော်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

မတ် ၁၃ ရက်က ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များအတွင်း အရပ်သားထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းနှင့် ပတ်သက်၍ “အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေသော တပ်မတော်၏ လုပ်ရပ်အား ပြင်းထန်စွာ ရှုတ်ချကြောင်း” AA အဖွဲ့က ကြေညာချက်တခု ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါကြေညာချက်တွင် “ရပ်ရွာများ၊ အရပ်သားများနှင့် စာသင်ကျောင်း၊ သာသနာ့နယ်မြေ၊ ဘုန်းကြီးကျောင်းများပါမချန် အတွဲလိုက်ဒုံးများ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခြင်း၊  ကျေးရွာအတွင်းမှ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်းမှလည်း ရဟတ်ယာဉ်၊ ဂျက်လေယာဉ်များဖြင့် ကျေးရွာများအား တိုက်ခိုက်ခြင်း၊ မြစ်ချောင်းနံဘေးတွင်ရှိသော ကျေးရွာများအတွင်းသို့လည်း ရေတပ်စစ်သင်္ဘောများမှ ပစ်ခတ်တိုက်ခိုက်ခြင်းများကို ပြင်းထန်စွာရှုတ်ချကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “တပ်မတော်၏ ယခုလုပ်ရပ်များအား နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ထိရောက်စွာ တားမြစ်၊ အရေးယူပေးပါရန် ရခိုင်ဒေသအတွင်းမှ ပြည်သူလူထုကိုယ်စား မေတ္တာရပ်ခံကြောင်း” AAအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

နောက်ထပ်အာရုံစိုက်စရာကောင်းသည့်ထုတ်ပြန်ချက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မတ် ၁၅ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော “ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မိတ်စာ(ရှေ့)ကျေးရွာမှ ဒဏ်ရာရသူအချို့ မတူပီမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာခဲ့ကြောင်း” သတင်းထုတ်ပြန်ချက် ဖြစ်ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ပလက်ဝမြို့နယ်၊ မိတ်စာ(ရှေ့)ကျေးရွာနှင့် မိတ်စာ(နောက်)ကျေးရွာအနီးရှိ တပ်မတော်စခန်းတစ်ခုအား AA အဖွဲ့က  အင်အားသုံး ဝိုင်းပတ်ပိတ်ဆို့၍ ပစ်ခတ်တိုက်ခိုက်နေသည့် အတွက် မလွှဲမရှောင်သာ ပြန်လည်ပစ်ခတ်ခဲ့ရကြောင်း၊ အပြန်အလှန်ပစ်ခတ်မှုများကြောင့် ဒေသခံရွာသူ၊ ရွာသားအချို့ သေဆုံး/ဒဏ်ရာရရှိခဲ့ကြပြီး ဒဏ်ရာရအမျိုးသား ငါးဦးနှင့် အမျိုးသမီး လေးဦးတို့ကို ချင်းပြည်နယ်၊ မတူပီမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း” ဖော်ပြခဲ့ပါသည်။

ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC)ကလည်း “ပလက်ဝမြို့နယ်၊ မိတ်စာ(၁၊ ၂၊ ၃ ) ကျေးရွာများသို့ လေကြောင်းမှ ပစ်ခတ်မှုကြောင့် ကျေးရွာသူ၊ ကျေးရွာသား ချင်းလူမျိုး ၁၁ဦး ထိမှန်သေဆုံးခဲ့ပြီး ၁၂ ဦး ပြင်းထန်စွာဒဏ်ရာရရှိကာ သုံးဦးမှာ သာမန်ဒဏ်ရာရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအား ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသလျက်ရှိကြောင်း” ထုတ်ပြန်ချက်တခုကို မတ် ၁၅ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC)အနေဖြင့် များစွာတုန်လှုပ်ခြောက်ခြားဖြစ်ရပြီး ကန့်ကွက်ရှုတ်ချကြောင်း” အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် မတ်လ ဒုတိယပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။