ထုတ်ပြန်ကြေညာချက်များ (ဇွန် တတိယပတ်)

Post By Pan Su Wai, On June 23, 2020

ထုတ်ပြန်ကြေညာချက်များ (ဇွန် တတိယပတ်)

၂၀၂၀ ပြည့်နှစ်၊ ဇွန် ၁၆ ရက်မှ ၂၂ ရက်အထိ (ဇွန် တတိယပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ  စုစုပေါင်း ၁၉ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ၁၃ ခုထိ  ထုတ်ပြန်ခဲ့ပြီး အရပ်ဘက်အဖွဲ့အစည်းများမှ သုံးခုနှင့် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် မြန်မာနိုင်ငံအတွင်းရှိ သံတမန်အဖွဲ့အစည်းများမှ တခုစီ  အသီးသီး ထုတ်ပြန်ခဲ့ကြပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်များ

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် ပတ်သက်၍ ဇွန် တတိယပတ်ကာလအတွင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဇွန် ၂၂ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် “နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို AA အဖွဲ့က ချောင်းမြောင်းတိုက်ခိုက်ခဲ့ ကြောင်း” ထုတ်ပြန်ချက်မှာ သတိပြုစရာ ဖြစ်ခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်တွင် “ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာအနီး မောင်တော- အငူမော်ကားလမ်း၌ AA အဖွဲ့က ရောက်ရှိနေပြီး အများပြည်သူအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများကို မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်မှုများဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသဖြင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက အင်းဒင်ရဲကင်းစခန်းမှ မော်တော်ယာဉ်များဖြင့် ထွက်ခွာလာခဲ့ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “ကိုးတန်ကောက်ကျေးရွာအနီးအရောက်၌ AA အဖွဲ့က ချောင်းမြောင်းတိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် သုံးဦး ကျဆုံးခဲ့ကာ ရဲတပ်ဖွဲ့ဝင် လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းအပြင် မော်တော်ယာဉ် လိုက်ပါမောင်းနှင်ပို့ဆောင်သည့် အရပ်သား ယာဉ်မောင်းတဦး သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက် တဦး ဒဏ်ရာရရှိခဲ့ကြောင်း” ဖော်ပြခဲ့ပါသည်။

နောက်ထပ် သတင်းထုတ်ပြန်ချက်တခုမှာ ” ပုဏ္ဏားကျွန်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များအား AA အဖွဲ့က နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း” ဇွန် ၂၀ ရက်စွဲဖြင့် ထုတ်ပြန်ချက် ဖြစ်ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျောက်ဆိပ်ကျေးရွာ၏ အနောက်တောင်ဘက်သို့အရောက်၌ AA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ AA တပ်ဖွဲ့ဝင်များ မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း” ဖော်ပြခဲ့ပါသည်။

ထို့ပြင် “AA အဖွဲ့က စိုင်ခြုံကျေးရွာအုပ်စုစာရေးဖြစ်သူအား အကြောင်းမဲ့ဖမ်းဆီး ခေါ်ဆောင်သတ်ဖြတ်ခဲ့ကြောင်း” ဇွန် ၁၇ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်နှင့် “ ရိက္ခာ၊ ဆက်ကြေးတာဝန်ခံ AA တပ်ဖွဲ့ဝင်တဦးအား ဖမ်းဆီးရမိခဲ့ကြောင်း” ဇွန် ၁၈ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်များကိုလည်း ထုတ်ပြန်ခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်များ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဆောထိမြို့နယ်က ” KNU-ညောင်လေးပင်ခရိုင်ရှိ COVID-19 ကာကွယ်ရေးဂိတ်များကို တပ်မတော်မှ လာရောက်ဖျက်ဆီးခဲ့ကြောင်း” ဇွန် ၁၉ ရက်စွဲဖြင့် ထုတ်ပြန်ချက်မှာလည်း အာရုံစိုက်စရာ ဖြစ်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် ” KNU အဖွဲ့၏ ညောင်လေးပင်ခရိုင် တပ်မဟာ(၃) နယ်မြေရှိ COVID-19 ရောဂါကာကွယ်ရေးဆိုင်ရာစစ်ဆေးရေးစခန်းနှစ်ခုကို   တပ်မတော်က ဇွန် ၂ ရက်နှင့် ဇွန် ၁၆ ရက်တို့တွင် ဖျက်ဆီးခဲ့ကြောင်း” ဖော်ပြခဲ့သည်။

ယင်းနောက် “ယခုကဲ့သို့ KNU ၏ COVID-19 ရောဂါကာကွယ်ရေးအတွက် လုပ်ဆောင်မှုများအပေါ် တပ်မတော်မှ လူအင်အား၊ လက်နက်အင်အား အပြည့်အစုံဖြင့် လာရောက်ဖျက်ဆီးခြင်းသည် ဌာနေပြည်သူများ၏ အမျိုးသား လူမှုဘဝလုံခြုံရေးနှင့် တကမ္ဘာလုံးဆိုင်ရာ ချမှတ်ထားသည့် လူ့အခွင့်အရေး ဆိုင်ရာ အချက်များကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း၊ တပ်မတော်၏ လုပ်ရပ်များသည် NCA ပါအချက်များအပေါ် ချိုးဖောက်နေခြင်းဖြစ်သဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း” အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

မြန်မာနိုင်ငံအတွင်းရှိ သံတမန်အဖွဲ့အစည်းများ၏ ထုတ်ပြန်ကြေညာချက်

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်ရရှိမှုကို ပြတ်တောက်စေခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ “ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ နယ်သာလန်၊ နော်ဝေ၊ ပိုလန်၊ ဆွီဒင်၊ ဆွစ်ဇလန်၊ ဗြိတိန်နှင့် အမေရိကန် သံတမန်အဖွဲ့အစည်းများက လက်မှတ်ရေးထိုးခဲ့ကြောင်း” ဇွန် ၂၁ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါကြေညာချက်တွင် “လူဦးရေ တစ်သန်းနီးပါရှိသော ပြည်သူများအတွက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ရရှိမှုကို ပြတ်တောက်စေခဲ့သည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အချို့နေရာများ၌ မိုဘိုင်းဒေတာ ဝန်ဆောင်မှု ဖြတ်တောက်ထားခဲ့သည်မှာ တစ်နှစ်ရှိပြီ ဖြစ်ကြောင်း၊ ယင်းသို့ဖြတ်တောက်ထားခဲ့ချိန်မှစ၍ သတင်းဌာနများနှင့် သတင်းထောက်များအပေါ် ကန့်သတ်ချုပ်ချယ်မှုများလည်း ဖြစ်စေခဲ့ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ထို့ပြင် “ ပြည်သူများအနေဖြင့် ကျန်းမာရေး၊ ဘေးအန္တရာယ်နှင့် လုံခြုံရေး ဆိုင်ရာ သတင်းအချက်အလက်များ ရရှိရေးနှင့် မျှဝေနိုင်ရေးအတွက် အင်တာ နက်နှင့် မီဒီယာရရှိရေးမှာ အထူးသဖြင့် ရွေးကောက်ပွဲကာလ နီးကပ်လာချိန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် လွန်စွာအရေးကြီး‌ကြောင်း” ဆက်လက် ဖော်ပြခဲ့ပါသည်။

ယင်းနောက် “ပဋိပက္ခကာလတစ်ခုအတွင်း၌ပင် အင်တာနက် ကန့်သတ်ချုပ်ချယ်ထားသည့် နယ်မြေများအတွင်း ပြည်သူများနှင့်အပြန်အလှန်ဆက်သွယ်ရေးမှာ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ပျံ့ပွားမှု ကာကွယ်တားဆီးရန် ကျန်းမာရေးကဏ္ဍအတွက် လွန်စွာအရေးပါလှကြောင်း၊ မည်သူမဆို နောက်ဆုံး ဖြစ်ပေါ်နေသည့် သတင်းအချက်အလက်များကို ရရှိသင့်ကြောင်း” အဆိုပါ မြန်မာနိုင်ငံအတွင်းရှိ သံတမန်အဖွဲ့အစည်းများ၏ ကြေညာချက်တွင် ဖော်ပြခဲ့ပါသည်။

အရက်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ

ဇွန် ၂၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ” မြန်မာနိုင်ငံတွင် အင်တာနက် ဖြတ်တောက်ခံရမှုသည် ကမ္ဘာ့ အရှည်ကြာဆုံးဖြစ်ကာ တစ်နှစ်ပြည့် နှစ်ပတ်လည်သို့ ရောက်ရှိလာသည့်အပေါ် အရပ်ဘက်အဖွဲ့အစည်းများ၏ သဘောထားထုတ်ပြန်ချက်”မှာ အာရုံစိုက်စရာ ဖြစ်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “အစိုးရအနေဖြင့် ရခိုင်နှင့်ချင်းပြည်နယ်ရှိ မြို့နယ် ရှစ်မြို့နယ်ကို အင်တာနက်ဖြတ်တောက်ခြင်းသည် အဆိုပါပြည်နယ်များရှိ မြို့နယ် ရှစ်မြို့နယ်မှ ၁ ဒသမ ၄ သန်းခန့်သော ဒေသခံပြည်သူတို့၏ စီးပွားရေး လူမှုရေး ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှု နိုင်ငံရေးနှင့် နိုင်ငံသား အခွင့်ရေးကို ချိုးဖောက်ခံရခြင်းဖြစ်ကြောင်း၊ အင်တာနက်ဖြတ်တောက်ထားခြင်းသည် ပဋိပက္ခကို မလျော့ပါးစေဘဲ ဖွံ့ဖြိုးတိုးတက်မှုနောက်အကျနေသော ဒေသများတွင် ဒေသခံလူထုအား ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်း ဆိုးရွားသော ထိခိုက်မှုများ ကြုံတွေ့စေခြင်းကြောင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ ရှုံ့ချခဲ့ကြကြောင်း” ဦးစွာ ဖော်ပြခဲ့ပါသည်။

ယင်းနောက် “အစိုးရ၏ အင်တာနက်ဖြတ်တောက်မှုကို ရှုံ့ချ၍ စွမ်းရည် ပြည့်ဝသော ဆက်သွယ်ရေးလိုင်းများကို ပြန်တည်ဆောက်ပေးရန် တိုက်တွန်းခဲ့သည့်အပြင် မြို့နယ် ရှစ်မြို့နယ်ကို ခြွင်းချက်မရှိ အင်တာနက် ပြန်ဖွင့်ပေးရန်၊ ၂၀၁၃ခုနှစ် ဆက်သွယ်ရေးဥပဒေ၏ ပုဒ်မ ၇၇ နဲ့ ပုဒ်မ ၇၈ ကို ပြန်လည်သုံးသပ်ရန် နှင့် ရွေးကောက်ပွဲကာလတွင် လက်နက်ပဋိပက္ခဖြစ်နေသည့် ဒေသနှင့် ဖြတ်တောက်ခံရသော ဒေသများကို အင်တာနက်ဖြတ်တောက်ခြင်းများ မပြုလုပ်ရန် အချက်သုံးချက်ကို တောင်းဆိုကြောင်း ” အရပ်ဘက် အဖွဲ့အစည်းများ၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဇွန် တတိယပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။