ထုတ်ပြန်ကြေညာချက်များ (ဇွန် နောက်ဆုံးပတ်)  

Post By Pan Su Wai, On June 30, 2020

ထုတ်ပြန်ကြေညာချက်များ (ဇွန် နောက်ဆုံးပတ်)  

၂၀၂၀ ပြည့်နှစ်၊ ဇွန် ၂၃ ရက်မှ ၂၉ ရက်အထိ (ဇွန် နောက်ဆုံးပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံအတွင်းရှိ သံတမန်အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့စည်းများမှ စုစုပေါင်း ၁၉ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ရှစ်ခုထိ  ထုတ်ပြန်ခဲ့ပြီး အစိုးရမှ သုံးခု၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လေးခု၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ နှစ်ခု၊ မြန်မာနိုင်ငံအတွင်းရှိ သံတမန် အဖွဲ့အစည်းများနှင့် ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့တို့မှ တခုစီ အသီးသီး ထုတ်ပြန်ခဲ့ကြပါသည်။

ပြည်ထောင်စုအစိုးရ၏ ထုတ်ပြန်ကြေညာချက်များ

ဇွန်နောက်ဆုံးပတ်အတွင်း ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စုအစိုးရ၏ ထုတ်ပြန် ကြေညာချက်များအနက် COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ဇွန် ၂၇ ရက်စွဲဖြင့် အသိပေးကြေညာချက်မှာ အာရုံစိုက်စရာ ဖြစ်ခဲ့ပါသည်။

ယင်းအသိပေးကြေညာချက်တွင် COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက “COVID- 19 ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သောကြောင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၃၀ ရက်အထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ( ဖြေလျှော့/ တိုးမြှင့်ရန် လိုအပ်သည့်ကိစ္စရပ်များမပါ) အား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၁၅ ရက်အထိ ရက်တိုးမြှင့်သတ်မှတ်ဆောင်ရွက်ကြောင်း” ဖော်ပြခဲ့ပါသည်။

နောက်ထပ် အာရုံစိုက်စရာဖြစ်သည့်ကြေညာချက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဇွန် ၂၈ ရက်စွဲဖြင့် “ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာအစီအမံများအားလုံးကို ဇူလိုင် ၃၁ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း” ကြေညာချက်ဖြစ်ပါ သည်။

အဆိုပါကြေညာချက်တွင် “ကိုဗစ် ၁၉ရောဂါ ပြည်ပမှဝင်ရောက်လာနိုင်မှုနှင့် ကူးစက်ပြန့်ပွားမှု အန္တရာယ်မှ မြန်မာပြည်သူပြည်သားများအား ကာကွယ် စောင့်ရှောက်ပေးနိုင်ရေးအတွက် ထိရောက်သည့် အစီအမံများကို ဆက်လက် ချမှတ်ဆောင်ရွက်သွားနိုင်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ အနေဖြင့် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၃၁ ရက်ထိ ထပ်မံတိုးမြှင့် သတ်မှတ်လိုက်ကြောင်း” ဖော်ပြခဲ့ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များ

၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က “ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း”တို့ကို ဇွန် ၂၉ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်များ

COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဇွန် ၂၈ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် “အိန္ဒိယနိုင်ငံ၌ သင်တန်းတက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် အရာရှိ၊ စစ်သည်များအနက်မှ စစ်သည် သုံးဦးတွင် ကိုဗစ် ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း” သတင်းထုတ်ပြန်ချက်မှာ စိတ်ဝင်စားစရာဖြစ်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “အိန္ဒိယနိုင်ငံ၌ သင်တန်းတက်ရောက်ပြီးဆုံး၍ ဇွန် ၂၆ ရက်တွင် တပ်မတော်လေယာဉ်ဖြင့် တစီးတည်း လိုက်ပါစီးနင်းလာခဲ့သည့် ကျန်ရှိသူ ၄၆ ဦးအား ဇွန် ၂၇ ရက်တွင် ၎င်းတို့၏ နှာခေါင်းတို့ဖတ်၊ အာခေါင် တို့ဖတ်တို့အား ရယူ၍ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ ၌ PCR နည်းဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့ရာ စစ်သည် သုံးဦး၌ COVID-19  ရောဂါပိုးထပ်မံ တွေ့ရှိ (တွေ့ရှိ)ရကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် ” ရောဂါပိုးတွေ့ရှိရသော စစ်သည်များအား တပ်မတော်က ကြိုတင်စီစဉ်ထားသည့်တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီး(မင်္ဂလာဒုံ)သို့ ပို့ဆောင်၍ ဆေးဝါးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် ၎င်းတို့၏ ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း” ထပ်မံဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် ပတ်သက်၍လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဇွန် ၂၇ ရက်စွဲဖြင့် ” စစ်တွေ -ရေချမ်းပြင်သွားကားလမ်း၌ AA အဖွဲ့က ထောင်ထားသည့် ဒေသန္တရ လက်လုပ်ရီမုမိုင်း ၁ လုံးပေါက်ကွဲမှုဖြစ်ပွား” သတင်းထုတ်ပြန်ချက်နှင့် ” မြေပုံမြို့နယ်၊ စံညှင်းကျေးရွာအနီး၌ AA အဖွဲ့ဝင်များ ထောင်ထား သည့်ဒေသန္တရလက်လုပ်မိုင်း ၁ လုံးနင်းမိ ပေါက်ကွဲ၍ အပြစ်မဲ့ပြည်သူတစ်ဦးဒဏ်ရာရရှိ” သတင်းထုတ်ပြန်ချက်များကို ထုတ်ပြန်ခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်များ

ဇွန် ၂၆ ရက်က ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့နှင့် ပတ်သက်၍ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/ SSA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/ SSA)တို့က ထုတ်ပြန်ကြေညာချက်များ အသီးသီးထုတ်ပြန်ခဲ့ကြပါသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/ SSA) က “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ထုတ်ပြန်ကြေညာချက်”ကို ဇွန် ၂၆ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “အစိုးရနှင့် ချုပ်ဆိုထားသည့် မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေး သဘောတူညီချက်အတိုင်း ပူးပေါင်းဆောင်ရွက်နိုင်ရေး RCSS အနေဖြင့် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး နှစ်ဦးနှစ်ဖက် ပူးပေါင်း တိုက်ဖျက်ရေးကို ရည်ရွယ်၍ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး သယ်ဆောင်လာသူများ၊ ဆက်စပ်ပစ္စည်းများအား အစိုးရနှင့် တပ်မတော်ထံ လွှဲအပ်ခြင်းများပြုလုပ်ခဲ့ကြောင်း နှင့် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် RCSS သည် အဖွဲ့စည်းအားလုံးနှင့် လက်တွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

အလားတူ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ကလည်း “အပြည်ပြည် ဆိုင်ရာမူးယစ်ဆေး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ထုတ်ပြန်ကြေညာချက်”ကို ဇွန် ၂၆ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ ဘိန်းအစားထိုးလုပ်ငန်းများ အထောက်ကူပြုနိုင်ရန် အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်းဖောက်လုပ်ခြင်း၊ တံတား ဆောက်လုပ်ခြင်း၊ စိုက်ပျိုးမြေဖော်ထုတ်ခြင်းများ၊ ဘိန်းအစားထိုး သီးနှံမျိုးစေ့များ ပံ့ပိုးခြင်းနှင့် ဈေးကွက်ရှာဖွေပေးခြင်းများ လုပ်ဆောင်လျက် ရှိပြီး ရှေ့ဆက်တွင်လည်း မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ပြည်သူလူထု တရပ်လုံးနှင့်အတူ ဒေသခံအဖွဲ့အစည်းများ အခြားအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းတိုက်ဖျက်သွားမည်ဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

မြန်မာနိုင်ငံအတွင်းရှိ သံတမန်အဖွဲ့အစည်းများ၏ ကြေညာချက်

မြန်မာနိုင်ငံအတွင်းရှိ သြစတြေးလျ၊ ကနေဒါ၊ ယူကေနှင့် အမေရိကန်သံရုံးများက ဇွန် ၂၇ ရက်စွဲဖြင့် ပူးပေါင်းထုတ်ပြန်ခဲ့သည့် ကြေညာချက်မှာ သတိပြုစရာ ဖြစ်ခဲ့ပါသည်။

အဆိုပါကြေညာချက်တွင် “ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ကျောက်တန်း ကျေးရွာအုပ်စုတလျှောက်ရှိ တပ်မတော်၏ နယ်မြေရှင်းလင်းရေးလုပ်ငန်းများနှင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တောင်ပိုင်းရှိ ပိုမိုဆိုးရွားလာသည့် လူသားချင်း စာနာထောက်ထား မှုနှင့် လုံခြုံရေးဆိုင်ရာအခြေအနေများနှင့် ပတ်သက်သည့် အစီရင်ခံစာများအပေါ် စိုးရိမ်ပူပန်မိကြောင်း” ဖော်ပြခဲ့သည်။

ထို့ပြင် “ထိုစစ်ဆင်ရေးများ၏ သမိုင်းကြောင်းဆိုင်ရာသက်ရောက်မှုများသည် အရပ်သားများအား အချိုးအစားမမျှတစွာ ထိခိုက်မှုများဖြစ်ပေါ်စေကြောင်း၊ အထူးသဖြင့် ကိုဗစ်၁၉ နှင့်မုတ်သုန်ရာသီနဲ့ ပတ်သက်ပြီး ရပ်ရွာအဖွဲ့အစည်း များက တုံ့ပြန်ဆောင်ရွက်သကဲ့သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများကိုလည်း သင့်တော်သည့် အကူအညီ ပေးနိုင်ရေးအတွက် အတားအဆီးမရှိသွားရောက်နိုင်ရေးကိုလည်း ခွင့်ပြုရမည်ဖြစ်ကြောင်း” ဆက်လက် ဖော်ပြခဲ့ပါသည်။

ယင်းနောက် ” ကျောက်တန်းကျေးရွာအုပ်စုတလျှောက် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရခြင်းသည် ရခိုင်ပြည်နယ်၏ နေရပ်စွန့်ခွာနေထိုင်သူဦးရေကို သိသာထင်ရှားစွာ ပိုမိုများပြားလာစေလိမ့်မည်ဖြစ်ကြောင်းနှင့် မိမိနေရပ်ကို စွန့်ခွာပြီး အခြားနေရာတွင် ခိုလှုံရန်မဖြစ်နိုင်သည့် ပြည်သူများကို ယင်းတို့ နေထိုင်ရာဒေသများတွင်သာ နေထိုင်ခွင့်ပြုရန် လက်နက်ကိုင်အဖွဲ့ အစည်းများအားလုံးကို တိုက်တွန်းကြောင်း” မြန်မာနိုင်ငံအတွင်းရှိ သံတမန် အဖွဲ့အစည်းများ၏ ကြေညာချက်တွင် ဖော်ပြထားပါသည်။

 

၂၀၂၀ ပြည့်နှစ် ဇွန် နောက်ဆုံးပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။