ထုတ်ပြန်ကြေညာချက်များ (ဧပြီ နောက်ဆုံးပတ်)

Post By Pan Su Wai, On April 28, 2020

ထုတ်ပြန်ကြေညာချက်များ (ဧပြီ နောက်ဆုံးပတ်)

၂၀၂၀ ပြည့်နှစ် ဧပြီ ၂၁ ရက်မှ ၂၇  ရက်အထိ (ဧပြီ နောက်ဆုံးပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးနှင့် အရပ်ဘက်အဖွဲ့ အစည်းများမှ  စုစုပေါင်း ၂၀ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ၁၀ ခု အထိ ထုတ်ပြန်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ငါးခု၊ အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ နှစ်ခုစီနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ တခု ထုတ်ပြန်ခဲ့ကြပါသည်။

ဧပြီ နောက်ဆုံးပတ်ကာလအတွင်း ထွက်ရှိခဲ့သောထုတ်ပြန်ချက်များအနက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လက်မှတ်ဖြင့် နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ဧပြီ ၂၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်မှာ သတိပြုစရာဖြစ်ခဲ့ပါသည်။

ယင်းအချက်ငါးချက်ပါထုတ်ပြန်ချက်တွင် “COVID- 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် နိုင်ငံတဝှမ်းရှိ အစိုးရ၊ ပြည်သူ၊ စေတနာ့ဝန်ထမ်းများက အလေးထားကြိုးပန်းဆောင်ရွက်နေချိန်တွင် ULA/ AAအဖွဲ့က ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် အဖျက်အမှောင့်လုပ်ရပ်များလုပ်ဆောင်နေသဖြင့် ပြည်သူ လူထု၏ အသက်၊ အိုးအိမ် ၊ စည်းစိမ်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် အသက်စွန့်၍ ရွပ်ရွပ်ချွန်ချွန် တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားအရာရှိ၊ စစ်သည်များအားလုံးကို အသိမှတ်ပြု ချီးကျူး ဂုဏ်ပြုကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး “ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အရပ်သားသေဆုံးမှု/ ဒဏ်ရာရရှိသည့်ဖြစ်စဉ်များ ကြားသိရသည့်အတွက် များစွာဝမ်းနည်း၊ စိတ်မကောင်းဖြစ်ရကြောင်း”နှင့် “အရပ်သားသေဆုံးမှု/ ဒဏ်ရာရရှိခဲ့သည့် အရပ်သားများ၊ ယင်းတို့၏ မိသားစုဝင်များကိုလည်း နိုင်ငံတော်အစိုးရက လိုအပ်သည့် ပံ့ပိုးကူညီ ထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း” ထပ်မံဖော်ပြခဲ့သည်။

နောက်ဆုံးအချက်အနေဖြင့် “လက်နက်ကိုင် ပဋိပက္ခကြောင့် ဆင်းရဲဒုက္ခကြုံတွေ့နေရခြင်းမှ ပြည်သူများ ကင်းဝေးနိုင်စေရန်အတွက် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အောင်မြင်သည်အထိ မမှတ်မသုန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း” နိုင်ငံတော်အတိုင်ပင်ခံရုံး၏ အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

ထို့ပြင် နိုင်ငံတော်သမ္မတရုံးမှ ”COVID- 19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီဖွဲ့စည်းကြောင်း” ဧပြီ ၂၇ ရက်စွဲဖြင့် ထုတ်ပြန်ချက်မှာလည်း အာရုံစိုက်စရာဖြစ်ခဲ့ပါသည်။

အဆိုပါကော်မတီ၏ဥက္ကဋ္ဌအဖြစ် NRPC ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာတင်မျိုးဝင်းနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)တို့က တာဝန်ယူပြီး အတွင်းရေးမှူးအဖြစ် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦး နှင့် အဖွဲ့ဝင်အဖြစ် ငြိမ်းချမ်ရေးကော်မရှင်မှ အကြံပေးအဖွဲ့ဝင် ဦးမိုးဇော်ဦးတို့အား တာဝန်ယူဖွဲ့စည်းခဲ့ကြောင်း” ဖော်ပြခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် COVID- 19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရက အလှူရှင်များ၊ စေတနာ့ဝန်ထမ်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွ က် လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လူမျိုး၊ ဘာသာခွဲခြားခြင်း၊ နေထိုင်ရာဒေသခွဲခြားခြင်း အလျဉ်း မရှိဘဲ နိုင်ငံတော်၏ ပိုင်နက်နယ်မြေအတွင်း မှီတင်းနေထိုင်သူ မည်သူ့ကိုမှ ချန်လှပ်မထားရေးမူဝါဒ(No One Left behind Policy) ဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး ကော်မတီ၏ တာဝန်အဖြစ် “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အခြေပြုရာဒေသများတွင် (COVID- 19) ဆိုင်ရာ အရေးပေါ်ဆောင်ရွက်ရန် ကိစ္စများ ပေါ်ပေါက်လာပါက NRPC၏ လမ်းညွှန်ချက်နှင့်အညီ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက မတ် ၂၃ ရက်တွင် ကြေညာထားသည့် ULA/AA အဖွဲ့နှင့် ပတ်သက်သော သတင်းထုတ်ပြန်ချက်များကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့ ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့မှုများအနက် “COVID-19 ရောဂါစောင့်ကြည့်ခံရသူများ၏ နှာခေါင်း၊ အာခေါင်တို့ဖတ်နမူနာများကို ရန်ကုန်သို့ ပို့ဆောင်ရန်ထွက်ခွာလာသည့် WHO မှ UN တံဆိပ်ပါ မော်တော်ယာဉ်အား AA အဖွဲ့က လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် အရပ်သားဝန်ထမ်း တဦးသေဆုံး၊ တဦး ထိခိုက် ဒဏ်ရာရရှိကြောင်း” ဧပြီ ၂၁ရက်စွဲဖြင့် သတင်းထုတ်ပြန်မှုမှာ သတိပြုစရာ ဖြစ်ခဲ့ပါသည်

ယင်းထုတ်ပြန်ချက်တွင် “ရန်ကုန်မြို့ရှိ အမျိုးသားဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်ရန် WHO မှ ဝန်ထမ်း ဦးပြည့်စုံဝင်းမောင် နှင့် အရပ်သားဝန်ထမ်းကျန်းမာရေးကြီးကြပ်(၂) ဦးအောင်မျိုးဦးတို့သည် WHO ပိုင် UN ကားဖြင့် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာခဲ့ရာ မင်းပြားမြို့၊ ရာမောင်တံတားသို့ ရောက်ရှိချိန်တွင် AA တပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် နှစ်ဦးစလုံး ထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း ” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “စက်လှေဖြင့် မင်းပြားပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ရာ ဦးပြည့်စုံဝင်းမောင်မှာ ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း”နှင့် “အဆိုပါသေဆုံးသူ၏ ဘယ်ဘက်တင်ပါးမှ လက်နက်ထိမှန် ဒဏ်ရာအား ခွဲစိတ်စစ်ဆေးခဲ့ရာ ကျည်ထိပ်ဖူးတစ်ခု နစ်မြုပ်နေကြောင်းတွေ့ရှိရပြီး ယင်းကျည်ထိပ်ဖူး အား စစ်ဆေးချက်အရ AAအဖွဲ့က အသုံးပြုနေသည့် ကျည်အမျိုးအစားဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ “မင်းပြားမြို့နယ်အတွင်း CPS ပိုးသတ်ဆေး ကုမ္ပဏီမှ ဆေးပစ္စည်းများ တင်ဆောင်လာသည့်ယာဉ်အား AA အဖွဲ့က လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း” ဧပြီ ၂၁ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “အမ်းမြို့မှ စစ်တွေမြို့ဘက်သို့ CPS ပိုးသတ်ဆေးကုမ္ပဏီမှ ဝန်ထမ်းများဖြစ်သည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ လိုက်ပါလာသည့် ဆေးပစ္စည်းများ တင်ဆောင်လာသည့် Hijet  မော်တော်ယာဉ်အား မင်းပြားမြို့နယ်အတွင်း AA အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း” ဦးစွာ ဖော်ပြခဲ့ပါသည်။ ယင်းနောက် “အဆိုပါပစ်ခတ်မှုကြောင့် ယာဉ်မောင်းဖြစ်သူမှာ နဖူးသို့ ကျည်ထိမှန် သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက်မှာလည်း ဝမ်းဗိုက်သို့ ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း” ဖော်ပြခဲ့ပါသည်။

ထို့ပြင် “ပလက်ဝမြို့အတွင်းသို့ AAအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်မှုကြောင့် မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများနှင့် မိသားစုဝင်များ သုံးဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း”လည်း ဧပြီ ၂၂ရက်စွဲဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့ပါသည်။

မူဆယ်မြို့တွင် ဧပြီ ၂၃ ရက်က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး မှ ဧပြီ ၂၅ ရက်စွဲဖြင့် “မူဆယ်မြို့အနောက်ဘက် စွမ်စော်ရပ်ကွက်အတွင်းရှိ ပန်ဆေးပြည်သူ့စစ်ဌာနေ အဖွဲ့၏ ဆောက်လုပ်ဆဲ ဟိုတယ်လုပ်ငန်းခွင်နေရာအား TNLA အဖွဲ့က ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း” သတင်းထုတ်ပြန်ချက်တခု ထုတ်ပြန်ခဲ့ပါသည်။

ယင်းမူဆယ်ဖြစ်စဉ်နှင့် ပတ်သက်၍ TNLA အဖွဲ့မှ “ယင်းပစ်ခတ်တိုက်ခိုက်မှုသည် TNLA အဖွဲ့နှင့် ပတ်သက်မှု မရှိကြောင်း” ဧပြီ ၂၄ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။ ထို့ပြင် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်းခံထားရသည့် ULA/AA အဖွဲ့ကလည်း ဧပြီ ၂၆ ရက်တွင် ကြေညာ ချက်တခု ထုတ်ပြန်ခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်းစစ်ရေးပဋ္ဋိပက္ခကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးနေမှုနှင့် ပတ်သက်၍ ဝမ်းနည်းကြောင်း ကြေညာချက်များကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ ALA)နှင့် ခူမီးချင်းမျိုးနွယ်စု များရေးရာပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ (KACC)တို့ကလည်း ဧပြီ ၂၃ရက်စွဲဖြင့် အသီးသီးထုတ်ပြန်ခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ် ဧပြီ နောက်ဆုံးပတ်အတွင်း ထွက်ရှိခဲ့သောထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင်  ကြည့်နိုင်ပါသည်။