ထုတ်ပြန်ကြေညာချက်များ (ဇူလိုင် တတိယပတ်)

Post By Pan Su Wai, On July 21, 2020

ထုတ်ပြန်ကြေညာချက်များ (ဇူလိုင် တတိယပတ်)

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၁၄ ရက်မှ ၂၀ ရက်အထိ (ဇူလိုင် တတိယပတ်) ကာလအတွင်း တပ်မတော်၊ နိုင်ငံရေးပါတီများ၊ မြန်မာနိုင်ငံဆိုင်ရာ သံရုံးများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၇ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ကိုးခုထိ ထုတ်ပြန်ခဲ့ပြီး ပါတီများနှင့် သံရုံးများမှ နှစ်ခုစီ၊ ULA/ AA အဖွဲ့မှ တခုနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ သုံးခုအသီးသီး ထုတ်ပြန်ခဲ့ကြပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်များ  

ဇူလိုင်တတိယပတ်အတွင်းထွက်ရှိခဲ့သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်များအနက် ဇူလိုင် ၁၅ ရက်စွဲဖြင့် “ကျောက်မဲမြို့၊ ပန်ကျင်ကျေးရွာဖြစ်စဉ်အား စစ်ဆေးမည့် စစ်ဆေးရေးအဖွဲ့အား RCSS/SSA အဖွဲ့မှ နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း” ထုတ်ပြန်ချက်မှာ သတိပြုစရာ ဖြစ်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ဇွန်လ ၂၉ ရက်တွင် ကျောက်မဲမြို့နယ်၊ ပန်ကျင်ကျေးရွာ တဝိုက်၌ တပ်မတော်နှင့် RCSS/SSA အဖွဲ့တို့ တိုက်ပွဲဖြစ်စဉ် မှန်ကန်မှု ရှိ/မရှိ စိစစ်ရန် တပ်မတော်မှ အရာရှိကြီး တဦး ဦးစီးကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့ ဖြစ်စဉ်ဖြစ်ပွား သည့် ပန်ကျင်ကျေးရွာသို့ သွားရောက်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လုံခြုံရေးဆောင်ရွက်စဉ် RCSS/SSA အဖွဲ့မှ ဇူလိုင်လ ၁၄ ရက်တွင် နှစ်ကြိမ်နှင့် ဇူလိုင်လ ၁၅ ရက်တွင်လည်း သုံးကြိမ်တိုင် နှောင့်ယှက်ပစ်ခတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့များမှလည်း ခုခံကာကွယ်သည့်အနေဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း” ဖော်ပြခဲ့ပါသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇူလိုင် ၂၀ ရက်စွဲဖြင့် “ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာ၌ အမျိုးသမီးတစ်ဦးအား ပစ္စည်းလုယက်၊ သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် စစ်သည်နှစ်ဦးအား ဖမ်းဆီးရမိကြောင်း” ထုတ်ပြန်ချက်မှာလည်း အာရုံစိုက်စရာဖြစ်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ပိုလိုထကျေးရွာနှင့် ၎င်းနယ်မြေတဝိုက်ရှိ တပ်စခန်းတခုမှ တပ်သားအဆင့်ရှိ နှစ်ဦးသည် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၆ ရက်တွင် စခန်းမှ ခွင့်ပြုချက်မရဘဲ လက်နက်ငယ် နှစ်လက်နှင့်အတူ ပိုလိုထကျေးရွာ၌ အရက် သောက်ပြီးနောက် ရွာမှ စခန်းသို့ ပြန်လာစဉ် အမူးလွန်သည့် စစ်သည် နှစ်ဦးအနက် တပ်သားတဦးမှ အရက်ဆိုင်ရှင် အမျိုးသမီး ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုးအား မတော်မတရားရယူရန် ရည်ရွယ်ချက်ဖြင့် ရွာတွင်း အရက်ဆိုင်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ဆွဲကြိုးအား လုယက်၍ ဆိုင်ရှင် အမျိုးသမီးနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ကာ ၎င်းကိုင်ဆောင်သော သေနတ်မှ ကျည်ပေါက်ထွက်ပြီးနောက် ဆိုင်ရှင်အမျိုးသမီး၏ ဦးခေါင်းနောက်ပိုင်းနှင့် နောက်ကျောနေရာအား ကျည်ထိမှန်လျက် နေရာတွင်ပင် လဲကျသေဆုံးခဲ့ကြောင်း”ဖော်ပြထားပါသည်။

ယင်းနောက် “ကျူးလွန်သူ စစ်သည်များနှင့် စခန်းမှ တာဝန်ရှိသူများကို ထိရောက်ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း” တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်မှုတွင် ဖော်ပြခဲ့ပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် ပတ်သက်၍လည်း ဇူလိုင် တတိယပတ်အတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များအနက် “ရသေ့တောင်မြို့နယ်၊ ထီးစွဲ၊ အောင်သာဇေနှင့် ကျောက်တန်းကျေးရွာများတစ်ဝိုက် အခြေပြုနေသော AA တပ်ဖွဲ့ဝင်များအား အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေး ပြုလုပ်နေကြောင်း” ဇူလိုင် ၁၆ရက်စွဲဖြင့် ထုတ်ပြန်ချက်မှာ သတိပြုစရာဖြစ်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထီးစွဲကျေးရွာ၊ အောင်သာဇေကျေးရွာနှင့် ကျောက်တန်းကျေးရွာများ တဝိုက် ကျေးရွာသူ ကျေးရွာ သားများကို လူသားတံတိုင်းအဖြစ် အသုံးချပြီး ၎င်းကျေးရွာများတဝိုက် အခြေပြု လျက်ရှိသည့် AA အဖွဲ့သည် ရသေ့တောင်မှ ကျောက်တန်း၊ ဖုန်ညိုလိပ်နှင့် ဘူးသီးတောင်မြို့သို့ ဆက်သွယ်ထားသော ဆက်သွယ်ရေးလမ်းကြောင်းကိုလည်း ပိတ်ဆို့ထား၍ အဆိုပါနယ်မြေတစ်ဝိုက်ရှိ AAတပ်ဖွဲ့ဝင်များကို တပ်မတော် စစ်ကြောင်းများက ဆက်သွယ်ရေးလမ်းကြောင်း ပွင့်စေရေးနှင့် ရွာသူရွာသားများကို ကယ်တင်ရန် အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေး ပြုလုပ်လျက်ရှိကြောင်း” ဖော်ပြခဲ့ပါသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဇူလိုင် ၁၅ ရက်စွဲဖြင့် “AA အမာခံ တပ်ဖွဲ့ဝင်များအား ဖမ်းဆီးရမိပြီး တဦးမှာ ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း” ထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ရှိ မင်းကျောင်းတံတားအနီး၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များက အလယ်ချောင်းကျေးရွာသို့ ဇူလိုင် ၁၂ ရက်တွင် သွားရောက်၍ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များနှင့်အတူ ရှာဖွေစစ်ဆေး ဖော်ထုတ်ခဲ့ရာ AAအဖွဲ့၏ အမာခံများဖြစ်သည့် တပ်ဖွဲ့ဝင် ခြောက်ဦးတို့အား ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး မအီမြို့မရဲစခန်း၌ လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန် သီးသန့်အဆောက်အဦး၌ တဦးစီထားရှိထိန်းသိမ်းခဲ့ကြောင်း” နှင့် “ထိုသို့ ထားရှိစဉ် ဇူလိုင် ၁၃ ရက်တွင် တပ်ဖွဲ့ဝင်တဦးမှာ ၎င်းအား ချည်နှောင်ထားသည့် ကြိုးကိုဖြည်၍ ခေါင်မိုးထုပ်တန်းတွင် ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း” ဖော်ပြခဲ့ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ သံရုံးများ၏ ထုတ်ပြန်‌ချက်များ

ဇူလိုင် ၁၈ ရက်စွဲဖြင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ထွက်ရှိခဲ့သော  “တောင်တရုတ်ပင်လယ်က ပြဿနာ မြန်မာအပေါ် ဘယ်လိုသက်ရောက်နေလဲ” ထုတ်ပြန်ချက်နှင့် တရုတ်သံရုံးမှ “မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး သံရုံးယာယီတာဝန်ခံ၏ တရုတ်နိုင်ငံနှင့်စပ်လျဉ်းသည့် မှားယွင်းသောပြောကြားချက်များကို ဝေဖန်ပယ်ချကြောင်း” ထုတ်ပြန်ချက်များမှာ လူအများကြား စိတ်ဝင်စားစရာဖြစ်ခဲ့ပါသည်။

အမေရိကန်သံရုံးမှ ထွက်ရှိခဲ့သော “တောင်တရုတ်ပင်လယ်က ပြဿနာ မြန်မာအပေါ် ဘယ်လိုသက်ရောက်နေလဲ” ထုတ်ပြန်ချက်တွင် “တရုတ်နိုင်ငံသည် တောင်တရုတ် ပင်လယ်အတွင်းမှ အာဆီယံနိုင်ငံများ၏ အချုပ်အခြာအာဏာကို အနှောင့်အယှက် ဖြစ်စေမည့် မကြုံစဖူးလှုပ်ရှားမှုကိုလည်း ဆက်၍ လုပ်ဆောင်နေခဲ့ကြောင်း”၊ “ဟောင်ကောင်နှင့် တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ အပြုအမူသည် အမေရိကန်ပြည်ထောင်စုနှင့် မိမိတို့၏ မိတ်ဆွေများ၊ မဟာမိတ်များကို လာ၍ သတိပေးနေကြောင်း” နှင့် “ထိုသို့သော အပြုအမူများကြောင့် ကတိများဖောက်ဖျက်ခြင်း၊ နိုင်ငံငယ်တို့၏ သာယာဝပြောမှုများကို ပေယျာလကန်ပြုခြင်းနှင့် သမိုင်းကို ပြန်လည် ရေးသားခြင်းများသည် မည်သည့်နေရာတွင်မဆို ဖြစ်နိုင်ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး “ဘေဂျင်း၏ စိတ်အနှောင့်အယှက်ဖြစ်စရာ နိုင်ငံခြားရေးမူဝါဒ၊ စီးပွားရေး ကျင့်ထုံးနှင့်ပတ်သက်၍ အာဆီယံ၏ရပ်တည်မှုကို အမေရိကန်ပြည်ထောင်စုက အားပေး ထောက်ခံလျက်ရှိပြီး နှစ်ပေါင်း ၇၀ ကျော်ကလိုပင် အမေရိကန် ပြည်ထောင်စုသည် မြန်မာပြည်သူများအတွက် မိတ်ဆွေတဦးအနေနှင့်ရော မိတ်ဖက်လက်တွဲဖော် တဦးအနေနှင့်ပါ ရပ်တည်လျက်ရှိကြောင်း” အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

တရုတ်သံရုံးကလည်း  “မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး သံရုံးယာယီတာဝန်ခံ၏ တရုတ်နိုင်ငံနှင့်စပ်လျဉ်းသည့် မှားယွင်းသောပြောကြားချက်များကို ဝေဖန်ပယ်ချကြောင်း” ထုတ်ပြန်ချက်ကို တုန့်ပြန်ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်တွင်“ ဇူလိုင် ၁၈ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး သံရုံးယာယီတာဝန်ခံ George N. Sibley သည် မြန်မာနိုင်ငံ၌ ဆောင်းပါးဖော်ပြ၍ လိုရာဆွဲတွေး၊ အမှားကိုအမှန်လုပ်ပြီး တရုတ်နိုင်ငံအပေါ် တမင်သက်သက် တိုက်ခိုက်နာမည်ဖျက်ရုံသာမက တရုတ်-မြန်မာပူးပေါင်း ဆောင်ရွက်မှုနှင့် နှစ်နိုင်ငံဆက်ဆံရေးကို တမင်တကာ သွေးခွဲလိုက်ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “အမေရိကန်၏ အချို့သူများက တရုတ်-မြန်မာဆက်ဆံရေးကို ကဲ့ရဲ့သွေးခွဲသည့်လုပ်ရပ်သည် အချည်းနှီးသာဖြစ်ပြီး အောင်မြင်မည်မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ နယ်ပယ်အသီးသီးနှင့်အတူတကွလက်တွဲကာ တရုတ်-မြန်မာရွှေလမ်း ငွေလမ်း ပေါ်တွင် လျှောက်လှမ်းပြီး ခေတ်သစ်တရုတ်-မြန်မာချစ်ကြည်ရင်းနှီးစွာပူးပေါင်း ဆောင်ရွက်မှု စာမျက်နှာသစ်ကို အတူဖွင့်လှစ်ရေးသားသွားမည်ဖြစ်ကြောင်း” တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်

တပ်မတော်၏ “ရသေ့တောင်မြို့နယ်၊ ထီးစွဲ၊ အောင်သာဇေနှင့် ကျောက်တန်း ကျေးရွာများတစ်ဝိုက် အခြေပြုနေသော AA တပ်ဖွဲ့ဝင်များအား အကြမ်းဖက် နှိမ်နင်းမှုစစ်ဆင်ရေးပြုလုပ်ခဲ့ကြောင်း” ထုတ်ပြန်ချက်အပေါ် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AAအဖွဲ့ မှ ဇူလိုင် ၁၆ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာချက်တခု ထွက်ရှိခဲ့ပါသည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်

KNU Concerned Group မှ “မူတြောခရိုင်၊ ဒွယ်လိုမြို့နယ်၊ ပိုးလိုးထရွာသူ နော်မူနော်အား တပ်မတော်မှ အကြောင်းမဲ့ပစ်သတ်မှုအပေါ် သဘောထားထုတ်ပြန်ချက်” ဇူလိုင် ၂၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်တွင် “၂၀၂၀ပြည့်နှစ်၊ ဇူလိုင် ၁၆ ရက်တွင် စကခ(၈)လက်အောက်ခံ၊ ခြေလျင်တပ်ရင်း(ခမရ-၄၀၉)မှ တပ်သားနှစ်ဦး သည် ဖာပွန်ခရိုင်၊ ဒွယ်လိုမြို့နယ်၊ ပိုးလိုးထရွာသူ နော်မုနော်အား အကြောင်းမဲ့ပစ်သတ်သွားပြီး လက်ဝတ်ရတနာများချွတ်ယူသွားသည့်အပေါ် လုံး၀ကန့်ကွက်ရှုတ်ချကြောင်း” ဦးစွာ ဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး “ကရင်အမျိုးသားများ အကာကွယ်ပြုနေသော ကရင့်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်း များ၊ ကရင်နိုင်ငံရေးပါတီများ၊ ကရင်လူမှုအဖွဲ့အစည်းများနှင့် ကရင်ပြည်သူလူထုတရပ်လုံးမှ အမှန်တရား ဖော်ဆောင်နိုင်ရေးနှင့် ရာဇဝတ်မှု ကျူးလွန်မှုများအား ထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရန် အဖက်ဖက်မှ ဝိုင်းဝန်းဖိအားပေးကြပါရန် တိုက်တွန်းကြောင်း” KNU Concerned Group ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

ထို့ပြင် အရပ်ဘက်အဖွဲ့အစည်း ၁၃ ဖွဲ့ကလည်း “တအာင်းအမျိုးသမီးငယ်တဦး အဓမ္မပြုကျင့်ခံရခြင်းနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်”ကို ဇူလိုင် ၂၀ ရက်စွဲဖြင့် ပူးပေါင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “နမ္မတူမြို့နယ်၊ ချောင်းဆာအုပ်စုတွင် နေထိုင်သည့် ၁၆ နှစ်အရွယ် တအာင်းအမျိုးသမီးငယ်တဦးသည် တောင်ယာမှ ပြန်လာစဉ် အဓမ္မပြုကျင့်ခံရသည့် ဖြစ်စဉ်တခုဖြစ်ပွားခဲ့ကြောင်း”၊ “ကာယကံရှင် အမျိုးသမီးငယ်ကိုယ်တိုင်မှ ကျူးလွန်သူအမျိုးသားမှာ RCSS/SSA မှ တပ်ဖွဲ့ဝင်တဦး ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်း” နှင့် “ဖြစ်စဉ်အား အမှုမှန်ဖော်ထုတ်ရေးနှင့် တရားမျှတမှုရရှိရန်အတွက် တအာင်းအရပ်ဘက်အဖွဲ့အစည်းများနှင့် ရှမ်းအရပ်ဘက်အဖွဲ့အစည်းများမှ RCSS/SSA အဖွဲ့နှင့် ညှိနှိုင်းဖြေရှင်းရန် ကြိုးစားခဲ့သော်လည်း ညှိနှိုင်းမှုမရသေးဘဲ ငြင်းဆန်ခဲ့ကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “RCSS/SSA သည် အစိုးရနှင့် NCAစာချုပ်ကို လက်မှတ်ရေးထိုးထားသည့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလ တွင်လည်း Geneva Call နှင့် ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရေး သဘောတူညီမှုစာချုပ်ကိုပါ လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းတခု ဖြစ်ကြောင်းနှင့် အထက်ပါဖြစ်ရပ်အား အမှုမှန်ပေါ်ပေါက်ရန်နှင့် တရားမျှတမှုရရှိရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများမှ အမြန်ဆုံးဖော်ဆောင်ပေးရန် အလေးအနက် တိုက်တွန်းတောင်းဆိုကြောင်း” ဖော်ပြခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဇူလိုင် တတိယပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။