ထုတ်ပြန်ကြေညာချက်များ (ဇူလိုင် နောက်ဆုံးပတ်)

Post By Pan Su Wai, On August 4, 2020

ထုတ်ပြန်ကြေညာချက်များ (ဇူလိုင် နောက်ဆုံးပတ်)

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၂၈ ရက်မှ ဩဂုတ် ၃ ရက်အထိ (ဇူလိုင် နောက်ဆုံးပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ ပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၅ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ရှစ်ခုထိ ထုတ်ပြန်ခဲ့ပြီး ပြည်ထောင်စုအစိုးရ၊ ပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ နှစ်ခုစီနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/ SSA) မှ တခု အသီးသီး ထုတ်ပြန်ခဲ့ကြပါသည်။

ပြည်ထောင်စုအစိုးရ၏ ထုတ်ပြန်ချက်များ

ဇူလိုင်နောက်ဆုံးပတ်အတွင်း ပြည်ထောင်စုအစိုးရက ဇူလိုင် ၂၉ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော “COVID- 19 ထိန်းချုပ်၊ ကာကွယ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ အသိပေးကြညာချက်”နှင့် ”ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်”များမှာ ပြည်သူလူထုအကြား လှုပ်ခတ်မှု ဖြစ်စေခဲ့ပါသည်။

COVID- 19 ထိန်းချုပ်၊ ကာကွယ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ အသိပေးကြေညာချက်တွင် “ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများမှ ကိုဗစ်-၁၉ ထိန်းချုပ်၊ ကာကွယ်၊တားဆီးရေးအတွက် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃၁ ရက်အထိထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့/တိုးမြှင့်ရန် လိုအပ်သည့် ကိစ္စရပ်များ မပါ)အား ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၅ရက်အထိ ရက်တိုးမြှင့် သတ်မှတ်ဆောင်ရွက်ထားကြောင်း”ဖော်ပြခဲ့ပါသည်။

ထို့ပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် “လူငါးဦး ဖြစ်စေ၊ ငါးဦးထက်ပို၍ဖြစ်စေ စုဝေးခြင်းမပြုရန် ထုတ်ပြန်ကြေညာချက်အား ယခုအခါ လူငါးဦးအစား လူ ၁၅ ဦးဖြစ်စေ၊ ၁၅ ဦးထက်ပို၍ဖြစ်စေ စုဝေးခြင်း မပြုရန် ပြင်ဆင်ထုတ်ပြန်လိုက်ကြောင်း ” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်များ

ဇူလိုင်နောက်ဆုံးပတ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များအနက် “ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုထ ကျေးရွာ၌ အမျိုးသမီးတဦးအား ပစ္စည်းလုယက်ပြီး သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် စစ်သည်နှစ်ဦးအား စစ်တရားရုံးဖြင့် စစ်ဆေးစီရင်၍ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း” ထုတ်ပြန်ချက်မှာ အာရုံစိုက်စရာဖြစ်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ ဖြစ်စဉ်တွင် ကျူးလွန်ခဲ့သည့် စစ်သည်နှစ်ဦးသည် ဇူလိုင် ၁၆ ရက်တွင် ပိုလိုထကျေးရွာအုပ်ချုပ်ရေးမှူး၏ ဇနီးထံမှ ပစ္စည်း လုယက်မှုအပြင် လူကို သေစေသည်အထိ ပြစ်မှုကျူးလွန်ခဲ့သောကြောင့် ဇူလိုင် ၂၉ ရက်တွင် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခဲ့ပြီး ၎င်းတို့ ကျူးလွန်သည့် ပြစ်မှုများအတွက် အမြင့်ဆုံးပြစ်ဒဏ်ကိုချမှတ်ခဲ့ကြောင်း” ဖော်ပြခဲ့ပါသည်။

နောက်ထပ် သတိပြုစရာထုတ်ပြန်ချက်မှာ သြဂုတ် ၂ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် “နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များကို AA အဖွဲ့က ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း” တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်ဖြစ်ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “အင်းဒင်ကျေးရွာ၏ အရှေ့မြောက်ဘက် ရသေ့တောင်မြို့နယ်အတွင်းရှိ မေယုတောင်တန်းပေါ်၌ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို AA အဖွဲ့က နှစ်ကြိမ် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “ဖြစ်စဉ်ဖြစ်ပွားရာ နေရာသို့ တပ်မတော်စစ်ကြောင်းများက စစ်ကူ၊ ပစ်ကူပေးခဲ့ပြီး လိုအပ်သည့် အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေး Counter-terrorism Operation  ပြုလုပ်လျက်ရှိကြောင်း” တပ်မတော်၏ ထုတ်ပြန်မှုတွင် ဖော်ပြခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/ SSA)၏ (၆)လပတ် ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေး ထုတ်ပြန်‌ကြေညာချက်ကို ဇူလိုင် ၂၉ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “လက်ရှိပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ SSPP/ SSA အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမှ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖြစ်ပေါ်လာရန် နိုင်ငံတော်အစိုးရနှင့်အတူ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်နှင့် သက်ဆိုင်သည့်အဖွဲ့အစည်းများနှင့် ကြိုးပမ်းဆောင်ရွက်သွားမည်‌ဖြစ်ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး ”နိုင်ငံတော်အစိုးရမှ ဦးဆောင်ကျင်းပပြုလုပ်သွားမည့် စတုတ္ထအကြိမ်မြောက် ၂၁ ရာစုပင်လုံသည် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံညှိနှိုင်း ဖြေရှင်းမည့် လုပ်ငန်းစဉ်ဖြစ်သည့်အလျောက် SSPP/ SSA အနေဖြင့် အပြုသဘောဆောင်သည်ဟု ရှုမြင်ကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီးကို နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်နှင့် ပတ်သက်၍ SSPP/ SSA အနေဖြင့် အပြည့်အ၀ကြိုဆို ထောက်ခံပြီး ရွေးကောက်ပွဲတွင် ပြည်သူလူထုမှ လွတ်လပ်စွာ မဲပေးပိုင်ခွင့် ရရှိရေးနှင့် တရားမျှတသောရွေးကောက်ပွဲဖြစ်မည်ဟု များစွာယုံကြည် မျှော်လင့်ကြောင်း” SSPP/ SSA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်

ခူးမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(KACC) မှ “ပလက်၀မြို့နယ်မှ ချင်းလူငယ်လေးဦးကို AA က ဖမ်းဆီးထားကြောင်း” ဇူလိုင် ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် ”ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တွင် နေထိုင်သည့် ချင်းပြည်နယ်လေးဦးအား ကျောက်တော်မြို့နယ်၊ သေရိုင်းကျေးရွာတွင် AA အဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီး အဆိုပါလူငယ်လေးဦး အဖမ်းခံရခြင်းအကြောင်းအရင်းကို မသိရသေးသော်လည်း ၎င်းတို့မှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ချင်းပြည်နယ်၊ ပလက်၀မြို့သို့ ပြန်လာခြင်းဖြစ်ပြီး အတူပြန်လာသည့် ခုနှစ်ဦးအနက် လေးဦးအဖမ်းခံရခြင်းဖြစ်ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “ယခုဖြစ်စဉ်နှင့်ပတ်သက်၍ KACC အနေဖြင့် သက်ဆိုင်ရာ အစိုးရအာဏာပိုင်များထံ သတင်းပေးပို့ထားပြီး ထူးခြားဖြစ်စဉ်များကိုလည်းလိုအပ်သလို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဇူလိုင် နောက်ဆုံးပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။