ထုတ်ပြန်ကြေညာချက်များ (ဇန်နဝါရီ စတုတ္ထပတ်)

Post By Pan Su Wai, On January 26, 2021

ထုတ်ပြန်ကြေညာချက်များ (ဇန်နဝါရီ စတုတ္ထပတ်)

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှ ၂၅ ရက်အထိ (ဇန်နဝါရီ စတုတ္ထပတ်) ကာလအတွင်း တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၂၆ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ “၂၀၂၀ရွေးကောက်ပွဲ မဲစာရင်းများ စိစစ်တွေ့ရှိချက်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက် ခုနစ်ခု” အပါအဝင် ထုတ်ပြန်ချက် ၁၅ ခုအထိ ထုတ်ပြန်ခဲ့ပါသည်။ ထို့အပြင် ပါတီများမှ ခုနစ်ခု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ နှစ်ခုစီ အသီးသီး ထုတ်ပြန်ခဲ့ကြရာ သတိပြု အာရုံစိုက်ရမည့် ထုတ်ပြန်ချက်အချို့ကို ISP-Myanmar Peace Desk က အနှစ်ချုပ် ဖော်ပြထားပါသည်။

 

တပ်မတော်၏ ထုတ်ပြန်ချက်များ

၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းများ စိစစ်တွေ့ရှိချက်နှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှ ၂၅ ရက်အထိ ကာလအတွင်း သတင်းထုတ်ပြန်ချက် ခုနစ်ခုအထိ ထွက်ရှိခဲ့ပါသည်။

ထို့အပြင် တပ်မတော်မှ “၂၀၂၀ အထွေထွေရွေးကောက်ပွဲမဲရလဒ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်” ကို ဇန်နဝါရီ ၂၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ တပ်မတော်အပါအဝင် အခြားသော နိုင်ငံရေး ပါတီများအနေဖြင့် လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲရလဒ်ဖြစ်ကြောင်း ထုတ်ဖော်ပြသနိုင်မည်ဆိုလျှင် ပြည်သူ့ဆန္ဒ အစစ်အမှန်ကို ထင်ဟပ်မည်ဖြစ်၍ ပြည်သူ့ဆန္ဒနှင့်အညီ လက်ခံသွားမည်သာ ဖြစ်ကြောင်းနှင့် နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးစီးပွားကိုရှေးရှု၍ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်စေရန် ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့က နည်းလမ်းရှာ ဖြေရှင်းပေးပါရန် သဘောထားထုတ်ပြန်ကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် တပ်မတော်မှ “ ကျောက်ကြီးမြို့နယ်အတွင်း KNU တပ်မဟာ(၅)အဖွဲ့၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ နှစ်ဦး သေဆုံးခဲ့ကြောင်း” ဇန်နဝါရီ ၁၉ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်အရ “ KNU တပ်မဟာ(၅)အနေဖြင့် ယခုကဲ့သို့ အပြစ်မဲ့ ပြည်သူများအား ပစ်ခတ်သတ်ဖြတ်မှုသည် NCA စာချုပ်ပါ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ Code of Conduct အခန်း(၃)ပါ ပြဌာန်းချက်များကို ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိရသဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(ပြည်နယ်အဆင့်)နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) သို့ ကန့်ကွက်အကြောင်းကြားသွားမည် ဖြစ်ကြောင်း”သိရပါသည်။

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်များ

ဇန်နဝါရီ ပထမပတ်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA)နှင့် မိုင်းလားအဖွဲ့ (NDAA)တို့မှ ထုတ်ပြန်ကြေညာချက် တခုစီ ထွက်ရှိခဲ့ပါ သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA)မှ “သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်၊ ကုန်းသာကျေးရွာ အုပ်ချုပ်ရေးမှူးသတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ ဝမ်းနည်းကြောင်း” ကို ဇန်နဝါရီ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “သီပေါမြို့နယ်၊ ကုန်းသာကျေးရွာ အုပ်ချုပ်ရေးမှူးကို ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင် သွားပြီးသည့်နောက် သတ်ဖြတ်ခံရကြောင်း ကြားသိရ၍ မိသားစုများနှင့်ထပ်တူ လွန်စွာဝမ်းနည်းမိကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “ တော်လှန်ရေးလုပ်ခြင်းသည် တနည်းအားဖြင့် ပြည်သူလူထု၏ ကောင်းကျိုးကို ဆောင်ရွက်ခြင်း ဖြစ်သောကြောင့် အပြစ်မဲ့ပြည်သူလူထုကို သတ်ဖြတ်ခြင်းသည် တော်လှန်ရေးရည်မှန်းချက်နှင့် ဆန့်ကျင်ခြင်း” ဖြစ်ကြောင်း” RCSS/ SSA၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

မိုင်းလားအဖွဲ့ (NDAA)မှ ဇန်နဝါရီ ၂၀ ရက်စွဲဖြင့် “မိုင်းလားဒေသတွင်း အသွားအလာကန့်သတ်မှုအား စနစ်တကျ ဖြေလျော့ရေးဆိုင်ရာ အသိပေးအကြောင်းကြားခြင်းနှင့် ပတ်သက်၍ ထုတ်ပြန်ချက်” ထွက်ရှိခဲ့ပါသည်။

 

ပါတီများ၏ထုတ်ပြန်ချက်များ

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုများနှင့် ပတ်သက်၍ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD)၊ ကရင်ပြည်သူ့ပါတီ (KPP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)နှင့် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ(KNDP)တို့မှ ထုတ်ပြန်ချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြပါသည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)ပါတီမှ “နောင်အနာဂတ်တွင် တာ၀န်ယူ၊ တာ၀န်ခံမူရှိသော ရွေးကောက်ပွဲဖော်ဆောင်နိုင်ရန်နှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက်” ကို ဇန်နဝါရီ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

ထိုထုတ်ပြန်ချက်တွင် “ ၂၀၂၀ ရွေးကောက်ပွဲရလဒ်နှင့် စပ်လျဉ်း၍ ပါတီများမှ အငြင်းပွားစရာ၊ မဲမသမာမှုများရှိကြောင်း ထောက်ပြဝေဖန်မှုများ ရှိခဲ့ပြီး ပြည်သူများအကြား သဘောထားကွဲလွဲမှု ရှိနေသည်ကို ကြားရကြောင်း၊ မဲရလဒ်များကြောင့် ပြည်သူများ ဒွိဟဖြစ်နေသည့်အပေါ် မလိုလားအပ်သောနိုင်ငံရေး ပြဿနာများ ပေါ်ပေါက်လာနိုင်မှုအပေါ် စိုးရိမ်မကင်းဖြစ်ကြောင်းနှင့် နောင်အနာဂတ်တွင် တာ၀န်ယူ၊ တာ၀န်ခံမူရှိသော ရွေးကောက်ပွဲဖော်ဆောင်နိုင်ရန် သဘောထားထုတ်ပြန်ကြောင်း” ဖော်ပြထားပါသည်။

ကရင်ပြည်သူ့ပါတီ (KPP)ကလည်း ဇန်နဝါရီ ၂၄ ရက်စွဲဖြင့် “ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအလွန်တွင် ဖြစ်ပေါ်လာသော အငြင်းပွားမှုများနှင့် ပတ်သက်၍ ထုတ်ပြန်ချက်” တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ ကရင်ပြည်နယ်တွင် မဲမသမာမှုဟု တွေ့ရှိရသော မဲရာခိုင်နှုန်း ၃၂ ရာခိုင်နှုန်းကျော်ရှိသည်ဟုလည်း ကြားသိရပြီး ဤသတင်းအချက်အလက်များသည် တရားဥပဒေအရ ပြန်လည်စစ်ဆေးထုတ်ပြန်နိုင်မှု မရှိသေးသ၍ အတည်ပြုနိုင်သောသတင်းဟု မယူဆနိုင်သကဲ့သို့ မဟုတ်မမှန်သော သတင်းဟူ၍လည်း သတ်မှတ်လက်ခံကြရန် ခက်ခဲနေကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက်” မိမိတို့ပါတီသည် တိုင်းပြည်၏ စည်းလုံးညွတ်မှုနှင့် တည်ငြိမ်သောအနာဂတ်၊ တည်ဆောက်ဆဲဖြစ်သော ငြိမ်းချမ်းရေးအတွက်အ ထောက်အကူဖြစ်စေရန် ရှေးရှုလျက် နိုင်ငံတော်အစိုးရအနေဖြင့် မဲစာရင်းနှင့် ပတ်သက်သော အငြင်းပွားမှုများကို ဦးစားပေးအရေးယူဆောင်ရွက်ပေးသင့်ပါကြောင်း” ကရင်ပြည်သူ့ပါတီ (KPP)၏ ထုတ်ပြန်မှုတွင်ပါရှိပါသည်။

ထို့အပြင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)ကလည်း ဇန်နဝါရီ ၂၄ ရက်စွဲဖြင့် “ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိ​သော​ကြောင့် အဆိုပါကိစ္စရပ် တွေကို ဖြေရှင်းပြီးမှ လွှတ်တော်ခေါ်ယူရန် သဘောထားထုတ်ပြန်ချက်” တခုထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “၂၀၂၀အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး လွတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲကို ဖော်ဆောင်နိုင်ခဲ့ခြင်း မရှိဟု စိတ်မကောင်းဖွယ်ရာအခင်းအကျင်းကို မြင်တွေ့ရကြောင်း၊ ရွေးကောက်ပွဲ ပြီးမြောက်၍ မဲရလဒ်ကြေညာရာတွင် မဲပေးနိုင်သော ဦးရေထက် မဲအရေအတွက် သန်းချီပို၍ပေးထားသည့် မဲမသမာမှုများရှိသည်ဟုဆိုကာ အမှုပေါင်းများစွာ တင်ပြတိုင်ကြားမှုများလည်း ရှိနေသည်ဟု သိရှိရကြောင်းနှင့် အဆိုပါကိစ္စရပ်များကို ဖြေရှင်းပြီးမှသာလျှင် လွှတ်တော်ခေါ်ယူရေးလုပ်ငန်းစဉ်အား ဆက်လက်ဆောင်ရွက်သင့်ကြောင်း” ဖော်ပြထားပါသည်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)ကလည်း ဇန်နဝါရီ ၂၁ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ချက် ထွက်ရှိခဲ့ရာ “၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ တပ်မတော်၏ စိစစ်တွေ့ရှိချက်တွင် ကရင်ပြည်နယ်မှာ ပြည်နယ်နှင့် တိုင်းအားလုံးတွင် မဲမသမာမှုအများဆုံး ဖြစ်ကြောင်း တွေ့ရှိရပြီး ပြည်နယ်အတွင်း မဲဆန္ဒရှင်ပြည်သူ များက ဖြစ်စဉ်အမှန်ကို ခိုင်လုံသော အထောက်အထားများဖြင့် သိရှိခွင့်ရရှိ နိုင်ရေးအတွက် တာဝန်ရှိအဖွဲ့အစည်းများမှ ပွင့်လင်းမြင်သာစွာ ရှင်းလင်းပေးပါရန် တင်ပြတောင်းဆိုကြောင်း” ဖော်ပြခဲ့ပါသည်။

တပ်မတော်နှင့် KNU အကြား စစ်ရေးတင်းမာမှုများနှင့် ပတ်သက်၍ ကရင်ပါတီများက ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ကြပါသည်။

“ကရင်ပြည်နယ်၊ ဖာပွန်ဒေသနှင့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးဒေသများတွင် ဖြစ်ပွားခဲ့သော ပစ်ခတ်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက်” ကို ကရင်ပြည်သူ့ပါတီ (KPP)မှ ဇန်နဝါရီ ၂၁ ရက်စွဲဖြင့် ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ ထိုဒေသများတွင် ဖြစ်ပွားခဲ့သော ပစ်ခတ်တိုက်ခိုက် ခြင်းများကြောင့် ဒေသခံပြည်သူလူထုများ ထွက်ပြေးတိမ်းရှောင်နေရကြောင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်သော ငြိမ်းချမ်းရေးကို ရရှိရန် ရည်စူးလျက် အစိုးရ၊ တပ်နှင့် KNU အဖွဲ့တို့မှ ဆုံးဖြတ်ပိုင်ခွင့်ရှိသော အဆင့်မြင့် ခေါင်းဆောင်များအနေဖြင့် အမြန်ဆုံးတွေ့ဆုံညှိနှိုင်း အဖြေရှာပေးပါရန် အကြံပြုကြောင်း” ဖော်ပြထားပါသည်။

ထို့အပြင် ကရင်အမျိုးသားပါတီမှ “ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး အတွင်း ဖြစ်ပေါ်နေသည့် စစ်ရေးတင်းမာမှုအပေါ် သဘောထားထုတ်ပြန် ကြေညာချက်”ကို ဇန်နဝါရီ ၂၃ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ စစ်ရေးတင်းမာမှုများကြောင့် ဒေသခံများ အသက်၊ စည်းစိမ်၊ အိုးအိမ်များ ထိခိုက်ပျက်စီးပြီး ရာသီဥတုဆိုးရွားမှုနှင့် ကိုဗစ်- ၁၉ ကပ်ရောဂါကျရောက်မှုကာလတွင် အကာအကွယ်မဲ့စွာ အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ကြရခြင်းများကို တွေ့ရှိနေရကြောင်း” ဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး “ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လက်မှတ်ရေးထိုးခဲ့ကြသည့် NCA ပါ ပြဌာန်းချက်များ တွင် ကိုယ်တိုင် လိုက်နာမှုရှိခြင်း၊ မရှိခြင်းနှင့် NCA အချက်များတွင် မည်သည့် အားနည်းချက်များရှိသည်ကို သုံးသပ်ပြီး ခိုင်မာသည့် စာချုပ်တရပ်ဖြစ်ရေးကို ပြန်လည်ညှိနှိုင်းကြရန် တိုက်တွန်းတောင်းဆိုကြောင်း” ကရင်အမျိုးသားပါတီ၏ ထုတ်ပြန်မှုတွင် ဖော်ပြထားပါသည်။

 

အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ

“ကျောက်မဲမြို့နယ်၊ တောင်ပလို့ကျေးရွာနေ အမျိုးသားတဦးကို ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) အဖွဲ့မှ ဖမ်းဆီးသွားခြင်းနှင့် ပတ်သက်၍ အမြန်ဆုံး ပြန်လည်လွှတ်ပေးပါရန် တောင်းဆိုကြောင်း” ပလောင်လက်ဖက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းမှ ဇန်နဝါရီ ၂၅ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ချက် တခု ထုတ်ပြန်ခဲ့ပါသည်။

ထို့အပြင် အရပ်ဘက်အဖွဲ့အစည်းများမှ ဇန်နဝါရီ ၂၀ ရက်စွဲဖြင့် “ ကရင်ပြည်နယ်၊ အပစ်ရပ်နယ်မြေအတွင်း လတ်တလောဖြစ်ပွားနေသော တင်းမာမှုနှင့် ပဋိပက္ခစစ်ပွဲများ၊ စစ်ဘေးဒဏ် ခံနေရသော ဒေသခံပြည်သူလူထုများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အိတ်ဖွင့်ပေးစာ” တစောင် ပေးပို့ခဲ့ပါသည်။

အဆိုပါအိတ်ဖွင့်ပေးစာတွင် “မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့် ၎င်း၏အကြောင်းရင်းခံများသည် နိုင်ငံရေးပြဿနာများဖြစ်သောကြောင့် နိုင်ငံရေးနည်းလမ်းဖြင့်သာ အဖြေရှာသင့်သည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာနိုင်ရန်အတွက် နိုင်ငံရေးအရ ဖြေရှင်းနိုင်မည့် အခွင့်အလမ်းများနှင့် နည်းလမ်းများ ဖော်ဆောင်ပေးရန်နှင့် တိုင်းရင်းသားဒေသများအား စစ်ဆင်ရေးများပြုလုပ်ခြင်း၊ အင်အားတိုးချဲ့နေရာယူခြင်းများအားလုံး ရုပ်သိမ်းရပ်တန့်စေရေးတို့အား အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန် တိုက်တွန်းတောင်းဆိုကြောင်း” ဖော်ပြထားပါသည်။

 

၂၀၂၁ ခုနှစ် ဇန်နဝါရီစတုတ္ထပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။