တိုက်ပွဲဖြစ်ပွားမှုများ (စက်တင်ဘာ ဒုတိယပတ်)

Post By Nyein Ko Ko Soe, On September 16, 2020

တိုက်ပွဲဖြစ်ပွားမှုများ (စက်တင်ဘာ ဒုတိယပတ်)

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ (စက်တင်ဘာ ဒုတိယပတ်) ကာလအတွင်း ချင်းပြည်နယ် ပလက်၀မြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး၊ တာယန်းမြို့နယ်များတွင် တိုက်ပွဲ ခုနစ်ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့သော်လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်။ ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင်လည်း တပ်မတော်နှင့် KIO/KIA၊ PSLF/TNLA ၊ MNTJP/MNDAA အဖွဲ့တို့အကြား တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့ပါသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ယခုရက်သတ္တပတ်အတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး၊ တာယန်းမြို့နယ်များတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး ဒေသခံနှစ်ရာခန့် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရကြောင်း သတင်းဖော်ပြချက်များအရ သိရပါသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်အတွင်း တပ်မတော်နှင့် KIO/KIA အဖွဲ့တို့ နှစ်ရက်ဆက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စက်တင်ဘာ ၁၄ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြမှုအရ သိရပါသည်။

စက်တင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် KIA နယ်မြေအတွင်း တပ်မတော်က ဝင်လာခြင်းကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားခဲ့ပြီး တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကလည်း တိုက်ပွဲဖြစ်ပွားမှုကို 7 Day သို့ အတည်ပြုခဲ့သည်။
မူဆယ်မြို့နယ် မန်ကောင်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများမှာ ရွာလုံးကျွတ် တိမ်းရှောင်နေ ရကြောင်း မန်ပိန်ကျေးရွာအုပ်ချုပ်ရေးမှူး၏ ပြောကြားမှုကို ကိုးကား၍ စက်တင်ဘာ ၁၃ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြထားပါသည်။

ထို့အပြင် VOA သတင်းဌာနကလည်း ကွတ်ခိုင်၊ လားရှိုး၊ တာယန်းမြို့နယ်များတွင် တပ်မတော်နှင့် PSLF/TNLA အဖွဲ့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြောင်း စက်တင်ဘာ ၁၄ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။ TNLA အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး တာ့အိုက်ကျော်က တိုက်ပွဲ လေးကြိမ် ဖြစ်ပွားခဲ့ကြောင်း VOA ကို ပြောကြားခဲ့ကြောင်း သတင်းတွင် ပါရှိခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

စက်တင်ဘာ ဒုတိယပတ်တွင် တပ်မတော်နှင့် ULA/AA အဖွဲ့အကြား ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲ ဖြစ်ပွားမှု မရှိခဲ့သော်လည်း ရသေ့တောင်နှင့် ကျောက်တော်မြို့နယ်များတွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်။

စက်တင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းက ရသေ့တောင်မြို့နယ် မယူမြစ်ကမ်း အောင်စည်ကုန်းကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ အသက် ၇ နှစ်အရွယ် ကလေးတဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း VOA သတင်းဌာနက သတင်းဖော်ပြခဲ့ပါသည်။

တပ်မတော်စစ်ရေယာဉ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် နေအိမ်အတွင်း တီဗွီ ကြည့်နေသည့် ကလေးငယ် ထိခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက VOA ကို ပြောကြားခဲ့သည်။ အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ တပ်မတော်နှင့် AA အဖွဲ့တို့ကမူ ရှင်းလင်း ပြောကြားခဲ့ခြင်း မရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားပါသည်။

ထို့အပြင် ကျောက်တော်မြို့နယ်တွင်လည်း စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ဂုပ္ပီထောင့် ကျေးရွာမှ လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း BBC သတင်းဌာန၏ ဖော်ပြမှုအရ သိရပါသည်။ ယခုဖြစ်စဉ်မှာ ကုလားတန်မြစ်ကြောင်းအတိုင်း မောင်းနှင်လာသည့် တပ်မတော်စစ်ရေယာဉ်က ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက BBC ကို ပြောကြားခဲ့ပြီး တပ်မတော်ကိုမူ ဆက်သွယ်၍ မရခဲ့ကြောင်း အဆိုပါ သတင်းတွင် ပါရှိခဲ့သည်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ပလက်၀ဒေသတွင်လည်း ယခုရက်သတ္တပတ်အတွင်း တိုက်ပွဲ ဖြစ်ပွားမှု၊ အရပ်သားများကို ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း 7 Day Daily သတင်းစာတွင် ဖော်ပြမှုများအရ သိရပါသည်။

စက်တင်ဘာ ၁၀ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြမှုအရ စက်တင်ဘာ ၉ ရက် မွန်းလွဲပိုင်းက ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးစိုးထက် လိုက်ပါလာသည့်စက်လှေကို ပလက်ဝမြို့နယ်အတွင်း AA အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
ပလက်ဝမြို့နယ်အတွင်း ကျေးရွာအချို့သို့ သွားရောက်သည့်ခရီးစဉ်တွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး တပ်မတော်နှင့် AA အဖွဲ့တို့ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စည်ပင်ဝန်ကြီး ဦးစိုးထက်က 7 Day ကို ပြောကြားခဲ့သည်။

အလားတူ စက်တင်ဘာ ၁၂ ရက်ကလည်း အရပ်သားများ လိုက်ပါလာသည့် ယာဉ်တန်းမှာလည်း ဆမီးမှ ပလက်ဝမြို.သို့ သွားရောက်စဉ် လမ်းခုလတ်၌ AA အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှု ခံခဲ့ရကြောင်း 7 Day Daily သတင်းစာကပင် စက်တင်ဘာ ၁၄ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

အရပ်သား ၅၀ ဦးခန့် လိုက်ပါလာသော အဆိုပါယာဉ်တန်းတွင် လုံခြုံရေးအရာရှိများလည်း လိုက်ပါလာပြီး ပစ်ခတ်ခံရမှုဖြစ်စဉ်အတွင်း ထိခိုက်မှုမရှိကြောင်း ခူမီးချင်း မျိူးနွယ်စုများရေးရာ ပေါင်းစပ် ညှိနှိုင်းရေးကောင်စီ (KACC) ဒုတိယဥက္ကဋ္ဌ ဆလိုင်းစောမြက 7 Day ကို ပြောကြားခဲ့ကြောင်း သိရပါသည်။

ယခုနှစ် ဧပြီနောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှုလျော့ကျသွားခဲ့သည့် ပလက်၀ဒေသတွင် တိုက်ပွဲများ၊ ပစ်ခတ်တိုက်ခိုက်မှုများ တကျော့ပြန် ဖြစ်ပွားလာခြင်း ဖြစ်ပါသည်။

 

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ဒုတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။