ကိုဗစ်-၁၉ ကူးစက်ကပ်ဘေး မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှုနှင့် ပဋိပက္ခအပေါ် တုံ့ပြန်သက်ရောက်မှုများအတွက် မူဝါဒဆိုင်ရာ အကြံပြုချက်များ
Post By Zaw Htet Oo, On June 10, 2020
ကိုဗစ်-၁၉ ကူးစက်ရောဂါရဲ့ မြန်မာနိုင်ငံအပေါ် ကဏ္ဍအစုံသက်ရောက်နိုင်မှုတွေကို တုံ့ပြန်အဖြေရှာနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ISP-Myanmar က Covid-19 & Myanmar Special Series တွေကို ပြုစုထုတ်ဝေခဲ့ပါတယ်။ မကြာမီက ထုတ်ဝေခဲ့တဲ့ Special Series (No-3) မှာတော့ ကိုဗစ်-၁၉ ရောဂါနဲ့ ပြည်တွင်း ပဋိပက္ခတွေအကြား အခြေအနေတွေကို အလေးပေး ဆွေးနွေးထားပါတယ်။ လက်နက်ကိုင်ပြည်တွင်းပဋိပက္ခနဲ့ ရောဂါကပ်ဘေး အကြား လက်ရှိမြေပြင်အခြေအနေတွေ၊ ဖြစ်တန်ချေတွေကို သုံးသပ်ချက်ဆောင်းပါးများ၊ သက်ဆိုင်ရာပါဝင် ပတ်သတ်သူ အစုအဖွဲ့တွေရဲ့ အမေးအဖြေဆွေးနွေးချက်များ စတာတွေနဲ့ ချဉ်းကပ်စုစည်းထားတာဖြစ်ပါတယ်။ ယခုဖော်ပြမယ့် စာစုမှာတော့ အဆိုပါဆောင်းပါး၊ အမေးအဖြေတွေကတဆင့်ဆွေးနွေးထားတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ပဋိပက္ခများအကြား ထည့်သွင်းစဉ်းစားဖွယ်ရာ မူဝါဒအကြံပြုချက်တွေကို အပိုင်းနှစ်ပိုင်းနဲ့ စုစည်း တင်ပြသွားမှာ ဖြစ်ပါတယ်။
၁။ သုံးသပ်ချက်ဆောင်းပါးများမှ မူဝါဒပိုင်းဆိုင်ရာအကြံပြုချက်များ
“ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးနှင့် ပဋိပက္ခအပေါ် အကဲဆက်သောတုံ့ပြန်မှု” အထူးသုံးသပ်ချက်ဆောင်းပါးမှာ ဆောင်းပါးရှင် ဆရာအောင်သူငြိမ်းက “ စီးပွားရေး ပြန်လည်ထူထောင်ရေးအတွက် မြန်မာအစိုးရက ‘Covid-19 စီးပွားရေး ထိခိုက်မှု သက်သာရေး အစီအစဉ် (CERP)’ ကို ထုတ်ပြန်ကြေညာခဲ့သလို မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက်လည်း ကပ်ဘေးကာလ ငြိမ်းချမ်းရေးတည်ဆောက်ရေး အစီအစဉ်ကြီး’ (Peace Response or Peace Resiliency Package) တခု လိုအပ်မယ်” လို့ အကြံပြုတိုက်တွန်းထားပါတယ်။ တဆက်တည်းမှာပဲ ကပ်ဘေးကာလအတွင်းမှာ ယာယီဖြေရှင်းဖို့ လိုအပ်တဲ့ အချက်တွေကို ဆွေးနွေးပါတယ်။ အဲ့ဒီအချက်တွေကတော့
▪ အထူးထိခိုက်နစ်နာဖွယ်ရှိတဲ့ အုပ်စုများအတွက် မြန်ဆန်တဲ့၊ အဆက်မပြတ်ဖြစ်တဲ့၊ ပျော့ပျောင်းလိုက်လျော ညီထွေ ဖြစ်မယ့် Covid-19 တုံ့ပြန်ရေးထောက်ပံ့မှုများ ကူညီပံ့ပိုးပေးရန်၊
▪ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ၊ ဝန်ဆောင်ပေးမှုများအတွက် အကန့်အသတ်များ (ဥပမာအားဖြင့် ပဋိပက္ခစစ်ပွဲများနဲ့ ဗျူရိုကရေစီလုပ်ထုံးလုပ်နည်းများ)ကို ဖယ်ရှားပေးရန်၊
▪ ချိတ်ဆက်မှုရှိတဲ့၊ အင်အားစုများ အားလုံးပါဝင်နိုင်ခွင့်ရှိတဲ့ (Inclusive) တုံ့ပြန်မှုမျိုးကို စီစဉ်ရေးဆွဲထားရန်၊
▪ မိမိတို့အဖွဲ့အချင်းချင်းအကြား ချိတ်ဆက်ညှိနှိုင်းမှုသာမက ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုအတွက် ချိတ်ဆက်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း Covid-19 တုံ့ပြန်ရေးအတွက် ပိုအားကောင်းအောင် မြှင့်တင်ဆောင်ရွက်ရန် စတဲ့ အကြံပြုဆွေးနွေးချက်တွေ ဖြစ်ပါတယ်။ ရေရှည်ကာလမှာလည်း ပဋိပက္ခရဲ့ ရေသောက်မြစ်ဆိုင်ရာ အကြောင်းအရင်းတွေကို ဦးစားပေးကိုင်တွယ်ဖြေရှင်းသင့်ကြောင်းလည်း ဆက်လက်ဆွေးနွေးပါတယ်။ ကူးစက် ဘေးရဲ့ သွယ်ဝိုက်သက်ရောက်မှုများနဲ့ ရေရှည်သက်ရောက်မှုများ၊ အနာဂတ်ကာလမှာ ကြုံတွေ့ရမယ့် အကျပ်အတည်းတွေအတွက် ကြိုတင်စဉ်းစားချက်တွေ၊ ပြင်ဆင်ထားမှုတွေ ရှိသင့်ကြောင်းကိုလည်း ဆွေးနွေး ထားပါတယ်။
ဒုတိယတပုဒ်ဖြစ်တဲ့ “ကိုဗစ်ကပ်ဘေးအတွင်းမှ စစ်ရှောင်ပြည်သူများ၏ ဆတိုးဒုက္ခများ” ဆောင်းပါးကတော့ လက်ရှိကူးစက်ရောဂါဖြစ်ပွားနေချိန်အတွင်းမှာပဲ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ဒေသ တွေက စစ်ဘေးရှောင်ပြည်သူတွေရဲ့ လူမှုဘဝအခြေအနေကို ဆွေးနွေးထားတာပါ။ သာမန်အခြေအနေတွေမှာ တောင် ကျန်းမာရေးအဆောက်အအုံတွေ မလုံလောက်တဲ့ တိုင်းရင်းသားဒေသတွေရဲ့ လူမှုဘဝက ယခုလို ကူးစက် ရောဂါဘေးတဖက်၊ လက်နက်ကိုင်ပဋိပက္ခဘေးတဖက် ကြုံတွေ့နေရတဲ့အချိန်တွေမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ် မှုတွေကို ယှဉ်ထိုး ဆွေးနွေးထားပါတယ်။
ဆောင်းပါးကနေတဆင့် မူဝါဒပိုင်းဆိုင်ရာအကြုံပြုချက်တွေအဖြစ် ထည့်သွင်း စဉ်းစားရမယ့်အချက်တွေလည်း ရှိနေပါတယ်။ ကျန်းမာရေးအခြေခံအဆောက်အအုံတွေနဲ့ လူစွမ်းအားအရင်းအမြစ်တွေကို နိုင်ငံမှာ ပိုမိုမြှင့်တင် နိုင်ဖို့လိုကြောင်းထောက်ပြဆွေးနွေးချက်တွေကို အဓိကတွေ့နိုင်ပါတယ်။ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားလေ့ရှိရာ၊ စစ်ဒဏ်သင့်လေ့ရှိရာဒေသတွေရဲ့ ကျန်းမာရေးစောင့်ရှောက်နိုင်မှုအခြေအနေကို ပိုမိုမြှင့်တင်သင့်တာဖြစ်ပါတယ်။ နောက်တချက်ကတော့ ကူးစက်ရောဂါကပ်ဘေးကာလအတွင်းမှာ စစ်ရှောင်ပြည်သူတွေရဲ့ အရေးကို နှစ်ဖက် လက်နက်ကိုင်တပ်အသီးသီးက အမှန်တကယ်ရှေးရှုပြီး ရောဂါကာကွယ်၊တာဆီး၊ထိန်းချုပ်၊ ကုသနိုင်ရေး လုပ်ငန်း စဉ်တွေ ဖော်ဆောင်သင့်ကြောင်းဖြစ်ပါတယ်။ တဆက်တည်းမှာပဲ စစ်ရှောင်ပြည်သူတွေရဲ့ ရောဂါကပ်ဘေး ကာကွယ်ရေး ဖော်ဆောင်ဖို့ ပျက်ကွက်ခဲ့ရင်၊ တပြိုင်နက်တည်းမှာပဲ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက် ကြီးထွားနေရင် ရှေ့ဆက်ရမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အဖုအထစ်ကြီးကြီးမားမားတွေ ပေါ်ပေါက်လာ နိုင်တာကြောင့် ယခုဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပေါ် တုံ့ပြန်ပုံတွေကို ပြန်လည်သုံးသပ်သင့်ကြောင်း အချက်တွေကို အကြံပြုထားပါတယ်။
တတိယဆောင်းပါး “လက်နက်ကိုင် ပဋိပက္ခ၊ သဘာဝဘေးအန္တရာယ်နှင့် ပူးပေါင်းဆောင်ရွက်ရေး” မှာလည်း သတိပြုဆင်ခြင်စရာ မူဝါဒအကြုံပြုချက်တွေ ပါဝင်နေပါတယ်။ လက်နက်ကိုင်ပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ် တချိန်တည်းမှာကျရောက်တဲ့အခါ သက်ဆိုင်ရာပါဝင်တဲ့ အစုအဖွဲ့တွေရဲ့ ပြုမှုဆောင်ရွက်ပုံတွေကြောင့် အဆိုးဘက်ကို ရောက်သွားနို်ငသလို အကောင်းဘက်လည်း ပြောင်းလဲနိုင်ပါတယ်။ ဆောင်းပါးရှင် ဆရာအောင်နိုင်ဦးက နိုင်ငံတကာဥပမာတွေရဲ့အဆိုအရ အစိုးရနဲ့ လက်နက်ကိုင်တွေတပ်ဖွဲ့တွေအကြား ဘေးအန္တရာယ်ကာကွယ်ရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ရင် ပဋိပက္ခဖြေရှင်းနိုင်ဖို့ အခြေအနေ ကောင်းတယ်လို့ ယူဆပါတယ်။ မြန်မာနိုင်ငံမှာလည်း လက်ရှိပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်းကို ဖော်ဆောင်နေပါတယ်။ အဆိုပါအခြေအနေတွေအတွင်းမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေကို ဆောင်းပါးက ဆွေးနွေးထားပါတယ်။
ပထမအချက်ကတော့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြားမှာ ပူးပေါင်းဆောင်ရွက်ရေးအတွက် လိုက်နာရမယ့် စည်းကမ်း(Code of Conduct)တွေ ချမှတ်ထားဖို့လိုတယ်လို့ ဆွေးနွေးပါတယ်။ အစိုးရအဆင့် ပူးပေါင်းရေးကော်မတီတွေ ဖွဲ့စည်းထားပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြန့်ကြာနေမှုကြောင့် ယုံကြည်မှု အားနည်းမှုတွေက အောက်ခြေအဆင့်တွေမှာ ပူးပေါင်းရေးအတွက် အခက်အခဲတွေ ရှိလာစေတာ ဖြစ်ပါတယ်။ ဒါကြောင့် Covid-19 ရောဂါကာကွယ်ရေးနဲ့ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင် သင့်ပြီး လိုအပ်တဲ့ စည်းကမ်းတွေလည်း ချမှတ်သင့်ကြောင်း ထောက်ပြထားပါတယ်။ ဒုတိယ အချက်ကတော့ မှန်ကန်ကောင်းမွန်တဲ့ ဆက်သွယ်ရေး (Communication) လမ်းကြောင်းတွေ ဖော်ဆောင် ထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ပူးပေါင်းဆောင်ရွက်ရေးကို ဦးတည်တဲ့ စည်းမျဉ်းတွေ၊ ဆက်သွယ်ရေးလမ်းကြောင်း တွေကနေတဆင့် အပြန်အလှန်ယုံကြည်မှုတည်ဆောက်နိုင်ကြဖို့ ဆွေးနွေးအကြံပြုထားတာပဲ ဖြစ်ပါတယ်။
၂။ သက်ဆိုင်ရာအစုအဖွဲ့များ၏ အမေးအဖြေဆွေးနွေးချက်များမှ မူဝါဒပိုင်းဆိုင်ရာအကြံပြုချက်များ
ငြိမ်းချမ်းရေးကော်မရှင် ရဲ့ အတွင်းရေးမှူး ဖြစ်တဲ့အပြင်၊ Covid-19 ကာကွယ်ထိန်းချုပ်ကုသရေးနဲ့ စပ်လျဉ်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီ ရဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် ကြီး ခင်ဇော်ဦး(ငြိမ်း) နဲ့ အမေးအဖြေဆွေးနွေးချက်မှာတော့ လက်ရှိ ကူးစက်ရောဂါကာကွယ်ရေးအတွက် နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေးအခြေအနေမှ ဖြစ်တန်ချေအနေအထားတွေကို ဆွေးနွေးထားပါတယ်။ ဆက်စပ်ဆင်ခြင်ရ မယ့် မူဝါဒပိုင်းဆိုင်ရာ အကြံပြုချက်တွေလည်း ရှိနေပါတယ်။
ပထမတချက်ကတော့ တပ်မတော်ရဲ့ အပစ်အခတ်ရပ်စဲခြင်းကြေငြာချက်အပေါ် နှစ်ဖက်စလုံးက အမှန်တကယ် လိုက်နာပြီး Covid တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေကို အတူတကွဖော်ဆောင်နိုင်ရင် ယုံကြည်မှုတည်ဆောက်ရေး အတွက်သာမက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်ပါ ရှေ့ရောက်ဖို့ များစွာအကျိုးပြုနိုင်တယ်လို့ ဆွေးနွေး အကြံပြုထားပါတယ်။ နောက်တချက်က Covid ကာကွယ်တားဆီးရေးလုပ်ငန်း ဆောင်ရွက်နေရင်းနဲ့ နားလည်မှု လွဲတဲ့ ကိစ္စမျိုး မဖြစ်အောင်လုပ်ဆောင်သင့်ကြောင်း ထောက်ပြထားပါတယ်။ Covid အကျပ်အတည်းကို ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းတခု၊ အတူတူပူးပေါင်းလုပ်ဆောင်ခြင်းကို ငြိမ်းချမ်းလုပ်ငန်းစဉ်အတွက် ယုံကြည်မှုတည်ဆောက်ရေးတိုးတက်စေဖို့ ဖန်တီးရန် လိုအပ်ကြောင်းကိုလည်း အကြံပြုထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တွဲဖက်အတွင်းရေးမှူး (၁) ပဒိုစောဆဲပွယ်နဲ့ မေးမြန်းဆွေးနွေးချက်မှာ လည်း ထည့်သွင်းစဉ်းစားရမယ့် အကြံပြုချက်တချို့ရှိပါတယ်။ ရောဂါကာကွယ်ရေးလုပ်ငန်းတွေအတွက် နှစ်ဖက် ပူးပေါင်းဆောင်ရွက်ကြတဲ့အခါမှာ ညှိနှိုင်းရမယ့် အချက်တွေ၊ သတင်းဖလှယ်ကြမယ်ဆိုတဲ့ အချက်တွေအပေါ် လက်ရှိ မလုပ်ဆောင်ကြသေးပေမယ့်၊ နောင်အခါ လုပ်ရင်းနဲ့ပဲ ဘာတွေဆက်ပြီးကောင်းအောင် ထပ်လုပ်ဖို့ လိုမလဲဆိုတာ တိုင်ပင်ဖို့လိုအပ်ကြောင်း အကြံပြုထားပါတယ်။ ရောဂါကူးစက်မှုကာကွယ်ရေးလုပ်ဆောင်တဲ့ အခါမှာလည်း မြေပြင်အခြေအနေမှာ တားဆီးတာ၊ ပိတ်ပင်တာတွေ မရှိစေဖို့ သမ္မတရုံးကဖွဲ့စည်းလိုက်တဲ့ ကော်မတီကနေတဆင့် ကြပ်မတ်၊ ကာကွယ်၊ ထိန်းသိမ်းရေး လုပ်ငန်းတွေ အကောင်းဆုံးလုပ်ဆောင်သွားဖို့ လိုအပ်ကြောင်း အကြုံပြုဆွေးနွေးထားပါတယ်။
နောက်ထပ်ဖော်ပြမယ့် မေးမြန်းဆွေးနွေးချက်ကတော့ မွန်ပြည်သစ်ပါတီ(NMSP) ဗဟိုအလုပ်မှုဆောင်ကော်မတီ ဝင် နဲ့ မွန်ပြည်သစ်ပါတီ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့်ကော်မတီရဲ့ ဒုတိယခေါင်းဆောင် နိုင်အောင်မငေးရဲ့ ဆွေးနွေးချက်ဖြစ်ပြီး အဓိကထား လုပ်ဆောင်ရမယ့် အကြံပြုချက် တချက်လည်း ရှိနေပါတယ်။ ကိုဗစ်ရောဂါကူးစက်မှု ကာကွယ်ရေး လုပ်ငန်းစဉ်တွေမှာ မွန်ပြည်သစ် ပါတီအနေနဲ့ ပြည်နယ်အစိုးရ၊ တပ်မတော် နဲ့ အစိုးရကဖွဲ့စည်းထားတဲ့ ညှိနှိုင်းကော်မတီတွေ အကြား ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပါတယ်။ ဒီလိုပူးပေါင်း ဆောင်ရွက်မှုကြောင့် ကိုဗစ်ရောဂါကာကွယ်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ရရှိနေပြီဖြစ်ပေမယ့် ဆန်၊ ဆီ၊ ဆား၊ ရိက္ခာတွေ စိုးရိမ်ပူပန်မှု ရှိနေရသေးတာဖြစ်ပါတယ်။ ဒါကြောင့် ရိက္ခာအတွက် ထိထိရောက်ရောက် လာရောက်ကူညီပူးပေါင်းဆောင်ရွက်ပေးနိုင်မယ့် အနေအထားမျိုး လိုအပ်နေသေးကြောင်း ဆွေးနွေးထားတာ ဖြစ်ပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ရဲ့ ဗဟိုကော်မတီဝင်၊ KNPP ကိုဗစ်ကာကွယ်ရေးကော်မတီရဲ့ ဘုတ်အဖွဲ့ဝင် ဦးအောင်ဆန်းမြင့်နဲ့ ဆက်သွယ်မေးမြန်းချက်မှာတော့ NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ မြေပြင်အခြေအနေတွေက ပူးပေါင်းဆောင်ရွက်မှုအတိုင်းအတာတွေအတွက် ဆက်စပ်စဉ်းစားစရာ မူဝါဒအကြံပြုချက်များကို တွေ့နိုင်ပါတယ်။ သက်ဆိုင်ရာ ထိန်းချုပ်နယ်မြေတွေအတွင်းမှာ ရောဂါကာကွယ်ရေးအတွက် Lockdown လုပ်ဆောင်ရတဲ့ ကိစ္စတွေမှာ ပြည်နယ်အစိုးရက ကန့်ကွက်ပြီး ပြည်နယ်ရဲ့ ကျန်းမာရေးဌာနအစီအမံကိုသာ လိုက်နာဖို့ ညွှန်ကြားချက်တွေ ရှိလာပါတယ်။ ပူးပေါင်း ဆောင်ရွက် ရေးလို့ ပြောတဲ့အခါမှာလည်း နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရတာမျိုးမဟုတ်ဘဲ အစိုးရလုပ်တဲ့ အစီအမံ လုပ်ငန်းတွေကိုသာ ဝင်ရောက်ဆောင်ရွက်နေရတဲ့ သဘောဖြစ်နေကြောင်း ထောက်ပြထားတာ ဖြစ်ပါတယ်။ နယ်စပ်မှာ ကျန်းမာရေး စစ်ဆေးရေးဂိတ်လုပ်ဆောင်တဲ့ နေရာမှာလည်း တပ်မတော်နဲ့ အကျေအလည် ဆွေးနွေးခဲ့ရတဲ့ အခြေအနေတွေ ရှိနေသေးသလို၊ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေအတွင်းကို ကြိုတင်အကြောင်းမကြားဘဲ ဝင်ရောက်လာတဲ့ တပ်မတော်သားတွေရှိနေပြီး အကျိုးဆက်အနေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေပါသေးတယ်။ ကူးစက်ရောဂါ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေးမှတဆင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရှေ့ဆက်တိုးနိုင်ဖို့ ကြိုးပမ်းချက် အောင်မြင်နိုင်ဖို့အတွက် မြေပြင်အခြေအနေမှာ နှစ်ဖက် အပြန်အလှန် ယုံကြည်ချက်ရှိရှိ ပူးပေါင်းဆောင်ရွက်နိုင်ဖို့၊ အကျေအလည်ဆွေးနွေးဖို့ လိုအပ်နေသေးတဲ့ အချက်ကို ထောက်ပြထားတာပဲ ဖြစ်ပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနဲ့အမေးအဖြေ ဆွေးနွေး ချက်တွေမှာတော့ ထည့်သွင်းစဉ်းစားရမယ့် မူဝါဒအကြံပေးချက်တွေကို သီးခြားအထူးပြု ဆွေးနွေးထားတာမျိုး မပါဝင်နေပေမယ့်၊ တပ်မတော်ရဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက် နိုင်ဖို့ ချမှတ်ထားတဲ့ အစီအစဉ်တွေ၊ မူဝါဒတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်၊ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောရဲ့ ဆွေးနွေးချက်တွေ ကတော့ ရခိုင်ပြည်နယ်အတွင်း ပြင်းထန်နေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ ဒုက္ခ အခြေအနေများကို တင်ပြထားပါတယ်။ ထည့်သွင်းစဉ်းစားရမယ့် အကြံပြုချက်တချို့ကိုလည်း ဆွေးနွေးထား ပါတယ်။ ပထမအချက်ကတော့ ပြည်ထောင်စုအစိုးရအနေနဲ့ စစ်ရှောင်ပြည်သူတွေအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေကို စနစ်တကျနဲ့ သေသေချာချာ ကူညီပေးဖို့ လိုအပ်ကြောင်း အကြံပြု ထားပါတယ်။ အကန့်အသတ်နဲ့ရှိနေတဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်တွေ အားကောင်းလာဖို့၊ လွတ်လပ်စွာ သွားလာနိုင်ဖို့၊ အင်တာနက်ဖြတ်တောက်ထားမှုတွေကို ရပ်တန့်ဖို့ စတဲ့အချက်တွေကိုလည်း တိုက်တွန်းနှိုးဆော် ထားပါတယ်။
ငြိမ်းဖောင်ဒေးရှင်း(Shalom)ရဲ့ အမှုဆောင်ဒါရိုက်တာ Lဂျာနန်ရဲ့ အမေးအဖြေဆွေးနွေးချက်တွေကတော့ ကချင် ပြည်နယ်အတွင်း အစိုးရ၊ KIO နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေအကြား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် ထိစပ်လုပ်ဆောင်နေမှုတွေအပေါ် ဆွေးနွေးတာပါ။ KIO နဲ့ ကချင်ပြည်နယ်အစိုးရတို့အကြား ကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်းစဉ်တွေ ပူးပေါင်းဆောင်ရွက်ကြတဲ့အခါ ဆက်သွယ်ရေးလမ်းကြောင်း အားနည်းရာမှတဆင့် အပြန်အလှန် အယုံအကြည်ပျက်စရာ ကိစ္စရပ်တွေပေါ်ပေါက်လာရခြင်း အချက်ကို ဆွေးနွေးထားပါတယ်။ ဒီအချက်က မူဝါဒ ဖော်ဆောင်သူများအနေနဲ့ သက်ဆိုင်ရာ အစုအဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်ရေးကို ဖော်ဆောင်ကြတဲ့အခါ မှာ ကောင်းမွန်တဲ့ အပြန်အလှန်ဆက်သွယ်ရေးလမ်းကြောင်း အမှန်တကယ် ဖော်ဆောင် ရန် လိုအပ်နေကြောင်း သတိပြုဖွယ်ရာ နောက်ထပ်ဥပမာဖြစ်လာပါတယ်။ ကချင်ပြည်နယ်အတွင်း ရောဂါ ကာကွယ်ရေးလုပ်ငန်းစဉ်တွေမှာတော့ အနယ်နယ်အရပ်ရပ်က ပြန်လာကြတဲ့သူတွေကို Quarantine Center တွေကို ရောက်ရှိလာရေးနဲ့၊ ကျန်းမာရေးစစ်ဆေး ပေးနိုင်ဖို့ ကူညီနေကြတဲ့ စေတနာ့ဝန်ထမ်းတွေအတွက် လုံလောက်တဲ့ ကျန်းမာရေး ပစ္စည်းတွေ ရရှိနိုင်ရေးအချက်တွေကို ဆွေးနွေးထားပါတယ်။
အချုပ်အားဖြင့်ဆိုရရင် သုံးသပ်ချက်ဆောင်းပါးတွေ၊ အင်တာဗျူးတွေကနေ ကောက်နုတ်စုစည်းထားတဲ့ မူဝါဒအကြံပြုချက် အသီးသီးမှာတူညီတဲ့ ဦးတည်ချက်တွေ ရှိနေပါတယ်။ ဒါကတော့ လက်နက်ကိုင်ပဋိပက္ခနဲ့ တချိန်တည်းမှာပဲ ပေါ်ပေါက်လာတဲ့ သဘာဝဘေးအန္တရာယ်ကို အတားအဆီးအဖြစ်ကနေ၊ အခွင့်အလမ်းအဖြစ် ကျော်လွှားနိုင်ဖို့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်သူတွေအတွက် မြေပြင်အခြေအနေမှာ ဖော်ဆောင် သင့်တဲ့ အကြံပြုချက်တွေကို ဦးတည်ဆွေးနွေးထားတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်တိုးစေ နိုင်ဖို့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ယုံကြည်မှု တည်ဆောက်နိုင်ရေးလိုအပ် နေတာဖြစ်ပြီး၊ အဆိုပါအခင်းအကျင်းပေါ်ပေါက်လာနိုင်ရေးအတွက် အထောက်အပံ့ဖြစ်စေနိုင်မယ့် မူဝါဒပိုင်း ဆိုင်ရာ အကြံပြုချက်အထွေထွေအပေါ် ကျိုးကြောင်းဆက်စပ်ဆင်ခြင်နိုင်မှာပဲ ဖြစ်ပါတယ်။