ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား မေးမြန်းခြင်း

Post By ISP Admin, On June 2, 2020

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား မေးမြန်းခြင်း

မေး။        ။ ကိုဗစ်-၁၉ ကာကွယ် ကုသရေးနဲ့ ပတ်သက်ပြီး တပ်မတော်အနေနဲ့ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နေတာတွေကို သိချင်ပါတယ်။

ဖြေ။         အဓိကတော့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ၂၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲ လုပ်တော့ အဲဒီသတင်းစာရှင်းလင်းပွဲမှာ တပ်မတော်က စီမံချက်  လေးခု ဆွဲပြီး လုပ်ခဲ့တဲ့အကြောင်း ကျနော် ပြောခဲ့ပါတယ်။  တပ်မတော်က ဆွဲထားတဲ့ စီမံချက်  လေးခုအနက် သုံးခုကတော့ တပ်မတော်အတွင်း လုပ်ဆောင်တာတွေနဲ့ ဆိုင်ပါတယ်။ တခုကတော့ အရပ်ဘက်နဲ့ ဆိုင်တာတွေပါ။

ပထမဆုံး စီမံချက်ကတော့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစီမံချက်ဆိုပြီး ကျနော်တို့ ဆွဲခဲ့တယ်။ အဲဒီလုပ်ငန်းစီမံချက်မှာ တိုင်းစစ်ဌာနချုပ် အလိုက်တွေ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးအဆင့်တွေ လုပ်ဆောင်တာမျိုးတွေပါ။ ဒါမျိုးတွေ ညွှန်ကြားခဲ့တယ်။ ဒါ တပ်ဖွဲ့အတွင်း လုပ်မှာပေါ့။ နောက်စီမံချက်တခုကတော့ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး သွားလာမှု ထိန်းချုပ်တဲ့ စီမံချက်ပါ။ သွားလာမှု ထိန်းချုပ်တဲ့ စီမံချက်က တပ်နဲ့ပဲ ဆိုင်ပါတယ်။ တပ်မှာ ဝင်တဲ့ ထွက်တဲ့နေရာတွေမှာ ဘယ်လိုလုပ် ပေးတယ်၊ ဘယ်လိုလုပ် မလဲဆိုတာမျိုးပါ။ အဲဒီစီမံချက်ကို ကျနော် ရှင်းပြခဲ့တယ်။  နောက်တခုကတော့ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ကာကွယ်ရေးဆိုင်ရာ လိုက်နာ  ဆောင်ရွက်သွားရမယ့် အချက်တွေနဲ့ ပတ်သက်တဲ့ စီမံချက်ပါ။ ဒါကလည်း တပ်တွင်းနဲ့ပဲ ဆိုင်ပါတယ်။ ဒါတွေကိုလည်း ရှင်းပြခဲ့ပါတယ်။

နောက်ဆုံးတခုကတော့ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွား ကူးစက်လာပါက တပ်မတော်နဲ့ အရပ်ဘက် ကျန်းမာရေး ဆိုင်ရာ  ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစီမံချက်ဖြစ်ပါတယ်။ ဒါကိုတော့ ကျနော် ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြခဲ့ပါတယ်။ ကျနော်တို့ရဲ့ ကြိုတင် စီမံထားတဲ့ အချက်အလက်တွေကို  ပြောကြားခဲ့ပါတယ်။

အဲဒီစီမံချက်တွေက ကျနော်တို့က ဘယ်အချိန်ကနေစပြီး တပ်ထဲမှာ  ဆောင်ရွက်ခဲ့လဲဆိုတာ ဆိုတော့  နောက်အကျဆုံး စီမံချက်က ၂၀၂၀ ပြည့်နှစ် မတ်လ ၁၉ ရက်မှာ ကျနော်တို့ ထုတ်ပြန်ခဲ့တယ်။  ရှေးဦးဆုံး  စီမံချက်က မတ် ၁၀ ရက်မှာ ကျနော်တို့ ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် မတ်လ ၁၉ ရက်မှာ  ထုတ်ပြန်ခဲ့တဲ့ စီမံချက်က အခုနကပြောတဲ့ တပ်မတော်နဲ့ အရပ်ဘက် ကျန်းမာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစီမံချက်ပါ။ အဲဒါတွေကို ကျနော်တို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်း စီမံချက်ထဲမှာပဲ အဆင့်တွေ ခွဲခြားထားပါတယ်။ အဆင့်  လေးဆင့် ခွဲခြားထားပြီး ကျနော်တို့ ဘယ်လို ဆောင်ရွက်မလဲဆိုတာတွေ ပါပါတယ်။  ရောဂါဖြစ်ပွားတဲ့ နေရာတွေကို  ဆေးဝန်ထမ်းအဖွဲ့  စေလွှတ်တဲ့ အချိန်မှာတော့ ကျနော်တို့က အဆင့်လိုက် စေလွှတ်ပါတယ်။ အစိမ်းရောင်အဆင့်၊ အဝါရောင်အဆင့်၊ လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် လုပ်တဲ့အခါမှာ လိမ္မော်ရောင်အဆင့်မှာဆိုရင် ဆေးဝန်ထမ်း တပ်ဖွဲ့အင်အားရဲ့ ၁၀ ပုံ ၁ ပုံ ဆရာဝန် ၂၂၁ ဦး၊ သူနာပြု ၅၈၅ ဦး၊ စုစုပေါင်း ၈၀၆ ဦးကို ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနဆေးရုံတွေကို တောင်းခံလာရင် လိုအပ်တဲ့ကူညီမှုတွေ ဆောင်ရွက် သွားမယ်ဆိုပြီး စီမံထားပါတယ်။ အနီရောင်အဆင့်မှာဆိုရင် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကို အင်အားဖြည့်ဖို့ အကုန်လွှတ်နိုင်ဖို့ စီစဉ်ထားတာတွေ ပါပါတယ်။

ရောဂါရှာဖွေစမ်းသပ်မှု အကူအညီပေးခြင်းမှာလည်း ကျနော်တို့က ဓာတ်ခွဲစမ်းသပ် ပစ္စည်းတွေ  ရောက်အောင် ဘယ်လိုဆောင်ရွက်မလဲ။ ဓာတ်ခွဲခန်းနဲ့ ပတ်သက်လာရင်လည်း အသင့် ပြင်ဆင်ထားတာတွေ ပါတယ်။ အဲဒါတွေ ကျနော် ရှင်းလင်းခဲ့ပါတယ်။ ပြီးရင် အထူးဆေးအဖွဲ့တွေ  ဆေးရုံတွေကို ဖွဲ့စည်းတာပေါ့။ ဆေးရုံတွေနဲ့ ပတ်သက်လို့က ကျနော်တို့သည် အရင်တုန်းကတော့ နေပြည်တော်မှာ ဆေးရုံတရုံ၊ ပြီးရင်တော့ မင်္ဂလာဒုံမှာ တရုံ၊ မိတ္ထီလာမှာ တရုံ၊  အောင်ပန်းမှာ တရုံ ကြိုတင်ပြင်ဆင်ထားတယ်။

နောက်ပိုင်းမှာတော့ ကျနော်တို့က မင်္ဂလာဒုံမှာကို နှစ်ရုံ လုပ်လိုက်တယ်။ ဆေးရုံ ငါးရုံအထိ ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်တယ်။ အရပ်ဘက် ဆေးရုံတွေအတွက် အထူးဆေးကုအဖွဲ့တွေ ဖွဲ့စည်းတာကိုလည်း ကျနော်တို့ ရှင်းလင်း ပြောဆိုခဲ့ပါတယ်။ တိုင်းနဲ့ ပြည်နယ်အလိုက် Focal ပေါ့၊ တိုင်းနဲ့ ပြည်နယ်အလိုက် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနနဲ့  ပေါင်းစပ်လုပ်သွားမယ့်  ဆေးရုံတွေ သတ်မှတ်ခဲ့တယ်။ အားလုံး ၁၇ ရုံပါ။ ၁၇ ရုံကတော့ ကချင်ရယ်၊ ရှမ်းမှာဆို  မြောက်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်းဆိုပြီး ခွဲထားတယ်။ နောက်ပြီး ရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အလိုက် အကုန်လုံး နေပြည်တော် ကောင်စီပါမယ်။ အားလုံး ၁၇ ခု ဖြစ်သွား မယ်။ အဲဒီ ၁၇ မှာ ရှိနေတဲ့ ကျနော်တို့ရဲ့  ဆေးရုံတပ်မှူးတွေ၊ စစ်မြေပြင် ဆေးတပ်ရင်းက တပ်မှူးတွေကို သတ်မှတ်ထားတဲ့ နေရာအလိုက် သူတို့ကို ဆောင်ရွက်ရမယ့် သူတွေ ဆိုပြီးတော့ ဆောင်ရွက်ထားတာ ဖြစ် ပါတယ်။

ပြီးရင် ကျနော်တို့က ဆရာဝန်၊ သူနာပြုအင်အားပေါ့။ လိမ္မော်ရောင်၊ အနီရောင်အဆင့်တွေအတွက် ဆရာဝန်၊ သူနာပြုအင်အားတွေ ဖွဲ့စည်းထားတာကို ကျနော် အသေးစိတ် ရှင်းလင်းခဲ့ပါတယ်။ ဒါတွေကတော့ ကျနော်တို့ စီမံချက်ရေးဆွဲပြီးတော့ ဆောင်ရွက်တာပါ။ အရှေ့မှာ  ဆောင်ရွက် နေတာကတော့ ကျနော်တို့အနေနဲ့ နောက်ဆုံးလုပ်ခဲ့တဲ့ သတင်း စာရှင်းလင်းပွဲမှာ  ပြောထား ခဲ့ပါတယ်။ ဖောင်ကြီးမှာ ဖွင့်ထားတဲ့ ကုသရေးဆေးရုံကို အယောက် ၄၀၊ အသုတ်  နှစ်သုတ်ကို ကျနော်တို့ လွှတ်နိုင်ဖို့အတွက် ဆောင်ရွက်ပေးခဲ့တယ်။ အယောက် ၄၀ အသုတ် နှစ်သုတ်မှာလည်း ပါဝင်တဲ့သူတွေ၊ ဘယ်သူတွေပါဝင်လဲဆိုတာကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ပါရဂူတွေကနေ စပြီးတော့ သူနာပြုအထိ ဘယ်နှစ်ယောက်စီ ပါဝင်လည်းဆိုတာကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ကျိုင်းတုံနဲ့ တီးတိန် ပြည်သူ့ဆေးရုံတွေကို လွှတ်ပြီး ဆောင်ရွက်ပေးခဲ့တာတွေလည်း ရှိပါတယ်။

နောက်ပြီးတော့ Quarantine တွေနဲ့  ပတ်သက်ပြီးတော့ ပြည်သူလူထုအတွက် နယ်မြေတိုင်းမှာ ကျနော်တို့က အခုနက ပြောတဲ့ နယ်မြေ ၁၇ ခုမှာ Quarantine Centre တွေ လုပ်ပေးထားတယ်။ လောလောဆယ် စောင့်ရှောက်မှုပေးနေတဲ့ Quarantine Centre တွေကတော့ လှိုင်မှာရှိတဲ့ Quarantine Centre ဖြစ်တဲ့ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်း၊ နေပြည်တော်မှာရှိတဲ့ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းတွေပါ။ အဲဒီစခန်းတွေမှာ ရှိတဲ့လူအရေအတွက်ကတော့ နေ့စဉ် သတင်းထုတ်ပြန်ပေးနေပါတယ်။

နောက်ပြီးတော့ ကျနော်တို့က ကိုဗစ်-၁၉ ကာကွယ် ကုသရေးအတွက် ဆောင်ရွက်တဲ့နေရာမှာ တပ်မတော် ကြည်း၊ရေ၊လေ မိသားစုက ဆေးရုံတွေကို လှူဒါန်းတာတွေ အာဟာရ ကျွေးမွေးတာတွေ ရှိပါတယ်။ ပြီးရင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး အတွက်ကို တပ်မတော် တရပ်လုံးမှာရှိတဲ့ အရာရှိစစ်သည်တွေ၊ အရပ်သားအစားခန့်ဝန်ထမ်းတွေရဲ့ လစာငွေတွေ လှူဒါန်းမှု နှစ်ကြိမ် ပြုလုပ်ခဲ့ပြီးပါပြီ။ ဒါတွေကို ကျနော်တို့ သတင်း ထုတ်ပြန်ထားပါတယ်။ ဒါတွေကိုလည်း လိုအပ်တဲ့ဟာတွေကို ထိထိရောက်ရောက်ကူညီနိုင်ဖို့အတွက် အသုံးပြုသွားမှာပါ။

နောက်တချက်ကတော့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးနဲ့ ပတ်သက်ပြီး အမျိုးသား အဆင့် ဗဟိုကော်မတီရဲ့ အောက်မှာ ထိန်းချုပ်ရေးနဲ့ အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှာ  တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးကိုယ်တိုင် ပါဝင်တယ်။ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်။

 

မေး။        ။ တပ်မတော်အနေနဲ့ ကိုဗစ်-၁၉ ကာကွယ် ကုသရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဘယ်လိုပံ့ပိုးမှုတွေ လုပ်ထားလဲ။ ဘယ်လိုပူးပေါင်းဆောင် ရွက်မှုတွေ ရှိနေလဲဆိုတာ သိချင်ပါတယ်။

ဖြေ။         တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတော့ အဲဒီမှာ ပြောပါတယ်။ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး လူမျိုးမရွေး၊ ဘာသာမရွေးဘဲ အမျိုးသားရေး၊ နိုင်ငံအရေးဖြစ်တဲ့အတွက်ကြောင့်  ဆောင်ရွက်ပေးမယ်လို့ ပြောခဲ့ပြီး ဖြစ်တယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လက်တွေ့ အကောင်အထည်ဖော်မှုကတော့ ကျိုင်းတုံမှာ NDAA  (မိုင်းလား) အဖွဲ့နဲ့  UWSA (ဝ) အဖွဲ့မှ တာဝန်ရှိသူတွေနဲ့  တွေ့ခဲ့တယ်။ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေ  ထောက်ပံ့ပေးအပ်ခဲ့တယ်။ နောက်ပြီး အဲဒီဒေသတွေက ပြည်သူတွေကို  ဆေးဝန်ထမ်းအဖွဲ့တွေက သွားရောက်ပြီး ကျန်းမာရေးစစ်ဆေးမှုတွေ  ပြုလုပ်ပေးနေတယ်။ ဆက်လက်ပြီး ပြည်ပက ပြန်လာသူတွေနဲ့ ပတ်သက်ပြီးတော့လည်း အသိပညာပေး  ဟောပြောမှုတွေ ဆောင်ရွက်တာ၊ ပစ္စည်းလှူဒါန်းတာတွေ လုပ်ခဲ့ပါတယ်။ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး နိုင်ငံအရေး၊ အမျိုးသားရေး ဖြစ်တာကြောင့် EAOs အဖွဲ့တွေနဲ့လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာမှ ရောဂါ ရှာဖွေစမ်းသပ်ရေး မြန်ဆန်ဖို့အတွက် ကျိုင်းတုံမှာ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး စမ်းသပ်စစ်ဆေးနိုင်တဲ့ စက်တလုံးကို ထားရှိပြီး စစ်ဆေးမှုတွေ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

အဲဒီလိုလုပ်တဲ့အခါမှာတော့ ကျနော်တို့က ကိုဗစ်-၁၉ ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနဲ့ အခြား လိုအပ်ချက်တွေ ဆောင်ရွက်ပေးနိုင်ဖို့အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော် တာဝန်ရှိသူ တွေနဲ့ ညှိနှိုင်းအစည်းအဝေး လုပ်ခဲ့တာ သတ္တမအကြိမ် ရှိခဲ့ပါပြီ။ အဲဒီ သတ္တမအကြိမ် ညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်အရ ဘာတွေလုပ်ဆောင်မယ်၊ ဘာတွေ လုပ်မယ်ဆိုတာကို ကျနော်တို့က လက် တွေ့ လုပ်ဆောင်နေပါတယ်။ ကိုဗစ် ကာကွယ်ရေးက EAOs မှ မဟုတ်ပါဘူး လူမျိုးမရွေး ဘာသာမရွေးပဲ ဆောင်ရွက်ပေးသွားမှာပါ။

 

မေး။        ။ ကိုဗစ်နဲ့ ပတ်သက်ပြီး တပ်မတော်ထဲမှာ ရောဂါဖြစ်ပွားမှု အခြေအနေနဲ့ ဘာတွေ လုပ်ဆောင်ထား သလဲ ဆိုတာ ရှင်းပြပေးပါ။

ဖြေ။         တပ်မတော်ထဲမှာ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ဖြစ်ပွားနေတဲ့သူ တဦးရှိတာကို ကျနော်တို့ သတင်းထုတ်ပြန်ခဲ့တယ်။ သူက ကျန်းမာရေး အခြေအနေ ကောင်းမွန်ပါတယ်။ သူ့ကို ရောဂါကုသမှု လုပ်ငန်း လမ်းညွှန်ချက်တွေအတိုင်း ရောဂါပိုးတွေ့ရှိရတဲ့ အတည်ပြု ကာလရက်မှ ၁၁ ရက် ပြည့်မြောက်ခဲ့တဲ့ မေ ၁၅ ရက်နဲ့ ၁၃ ရက် ပြည့်မြောက်ခဲ့တဲ့ မေ ၁၇ ရက်တွေမှာ  နှစ်ကြိမ်   ဓာတ်ခွဲစစ်ဆေးခဲ့ရာ ပိုးမတွေ့ရှိခဲ့ပါဘူး။ ဒါကြောင့် သူ့ကို ပိုးကင်းစင်ကြောင်း ကျနော်တို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ သူ့ကို အခု လိုအပ်တဲ့ စောင့်ရှောက်မှုတွေ ဆက်လုပ်ပေးထားပါတယ်။

သူက ရုံးဌာနတခုမှာ အမှုထမ်းတဲ့သူ ဖြစ်တာကြောင့် အဲဒီ ရုံးဌာနမှာရှိတဲ့ ဆက်စပ်တဲ့သူတွေကို အသွားအလာ ကန့်သတ်စောင့်ကြည့်မှုတွေ  ပြုလုပ်ပြီး  ရောဂါ စစ်ဆေးမှုတွေ  ကျနော်တို့  ပြုလုပ်ခဲ့ပါတယ်။ ပထမဆုံးက ၃၆၀ ကျော်ကို စစ်ဆေးခဲ့တယ်။ နောက်ထပ် ၅၀ ကျော်ကို စစ်ဆေးခဲ့တယ်။ စစ်ဆေးခဲ့တဲ့ သူအားလုံး ရောဂါပိုးမတွေ့ရှိခဲ့ဘဲ ကျန်းမာရေး အခြေအနေ ကောင်းမွန်ပြီး သူတို့ကို အသွားအလာ ကန့်သတ် စောင့်ကြည့်မှုတွေ ဆက်လက်ပြုလုပ်ထား ပါတယ်။ ပြည်ပမှာ ဖြစ်တာကတော့ ရုရှားနိုင်ငံမှာ သင်တန်း တက်ရောက်နေတဲ့ တပ်မတော်ရဲ့ ပညာတော်သင် သင်တန်းသား ငါးဦးမှာ ရောဂါပိုး တွေ့ရှိခဲ့တယ်။ လက်ရှိအချိန်မှာ အဲဒီအထဲက  လေးဦးက  ရောဂါ ပျောက်ကင်းသွားပြီဖြစ်ပြီး ကျန်တဲ့တဦးကလည်း ကျန်းမာရေးအခြေအနေ  ကောင်းမွန်လျက်ရှိပါတယ်။ အဲဒီသင်တန်းသား ငါးဦးနဲ့ ထိတွေ့ခဲ့တဲ့ တပ်မတော်ရဲ့ သင်တန်းသား အရာရှိ သုံးဦးကို စစ်ဆေးခဲ့ရာမှာတော့ သုံးဦးလုံးမှာ ရောဂါပိုး မတွေ့ရှိခဲ့ပါဘူး။