ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (မတ်လ ဒုတိယပတ်)

Post By Nyein Ko Ko Soe, On March 13, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (မတ်လ ဒုတိယပတ်)

၂၀၂၀ ပြည့်နှစ် မတ် ၆ ရက်မှ ၁၂ ရက်အထိ ( မတ်လ ဒုတိယပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် COVID-19 ကပ်ရောဂါ နိုင်ငံတွင်း မဖြစ်ပါက ၂၁ ရာစုပင်လုံညီလာခံကို ဧပြီမကုန်မီ ကျင်းပနိုင်မည်ဖြစ်သော်လည်း ရောဂါဖြစ်ပွားလာပါက ရွှေ့ဆိုင်းမည်ဟု သိရခြင်း၊ ကယားပြည်နယ်အစိုးရအနေဖြင့် Bilateral Agreement ပါ သဘောတူညီချက်များကို လေးစားလိုက်နာရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က တောင်းဆိုခဲ့ခြင်းတို့မှာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် သတိပြုစရာကိစ္စများ ဖြစ်ခဲ့ သည်။

ထို့ပြင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အဆိုပြုသည့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းခွင့်ကို အစိုးရနှင့် တပ်မတော်က လက်ခံခဲ့မှု၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ကျင်းပမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေနွေးပွဲများကို နေရာပြောင်းကျင်းပရန် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုထားသောအဖွဲ့များက သဘောတူခဲ့မှုတို့မှာလည်း အာရုံစိုက်စရာ အကြောင်းအရာများ ဖြစ်ခဲ့ပါသည်။

NCA လက်မှတ်မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

ကယားပြည်နယ်အစိုးရနှင့် တွေ့ဆုံပွဲတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ပြည်နယ်အစိုးရအား Bilateral Agreement (နှစ်ဦးနှစ်ဖက်ပစ်ခတ်မှုရပ်စဲရေးသဘောတူညီမှုစာချုပ်)ပါ သဘောတူညီချက်များကို လေးစားလိုက်နာရန် တောင်းဆိုခဲ့ခြင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အာရုံစိုက်စရာ အကြောင်းအရာတခု ဖြစ်ခဲ့သည်။

ပြည်နယ်အစိုးရအနေဖြင့် KNPP ထိန်းချုပ်နယ်မြေအတွင်း ဖွံ့ဖြိုးရေးအမည်ဖြင့် ကျွန်းစိုက်ခင်းများ ဖော်ဆောင်ခြင်း လမ်းဖောက်ခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပစ်ခတ်မှုရပ်စဲရေးသဘောတူညီမှုစာချုပ်ပါအတိုင်း နှစ်ဖက်ညှိနှိုင်းရမည်ဖြစ်သော်လည်း လိုက်နာမှု အားနည်းနေသဖြင့် တောင်းဆိုခြင်း ဖြစ်သည်ဟု KNPP ဆက်ဆံရေးတာဝန်ခံ ခူးညေးရယ်က 7 Day Daily သတင်းစာသို့ ပြောကြားခဲ့သည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

(၁၈)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)အစည်းအဝေးကို မတ် ၁၂ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးကို ငါးကြိမ်ဆက် မတက်ရောက်ခဲ့သည့် UPDJC ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ပြန်လည်တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် လာမည့် ၂၁ ရာစု ပင်လုံညီလာခံတွင် ဖက်ဒရယ်အခြေခံမူများ ချမှတ်ရာ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အဆိုပြုသည့်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းခွင့်ကို အစိုးရ နှင့် တပ်မတော်က လက်ခံခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အဆိုပြုမှုကို အစိုးရက လက်ခံခဲ့ပြီး တပ်မတော်ဘက်ကလည်း စကားလုံးအနည်းငယ်သာ ပြောင်းလဲ၍ လက်ခံခဲ့ခြင်းကြောင့် ဝမ်းသာကြောင်း UPDJC တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့ ခေါင်းဆောင် ဒေါက်တာလျန်မှုန်းဆာခေါင်းက အတည်ပြုခဲ့သည်။

အစည်းအဝေးအတွင်း နောက်ထပ်သဘောတူညီမှုတခုအဖြစ် ရှမ်းနှင့် ရခိုင်ဒေသတို့တွင် ကျင်းပမည့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို နေရာပြောင်းကျင်းပရန် အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုထားသောအဖွဲ့များ သဘောတူခဲ့ကြခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်၏ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို လင်းခေးမြို့တွင် ကျင်းပမည်ဖြစ်သော်လည်း ရခိုင်အတွက်ကိုမူ ရန်ကုန်မြို့တွင် ကျင်းပရန် အစည်းအဝေးတွင် သဘောတူညီခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။

နောက်ထပ် စိတ်ဝင်စားစရာသတင်းတပုဒ်မှာ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ခဲ့သည့် COVID-19 ကပ်ရောဂါ ပြည်တွင်းတွင် ကူးစက်ဖြစ်ပွားမှုမရှိပါက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံအစည်းအဝေးကို သတ်မှတ်ချိန်အတွင်း ကျင်းပနိုင်မည်ဖြစ်သော်လည်း ရောဂါဖြစ်ပွားလာပါက ရွှေ့ဆိုင်းမည်ဟု UPDJC တာဝန်ရှိသူများက ပြောကြားခဲ့သော သတင်းဖြစ်ပါသည်။

ဧပြီမကုန်မီ ၂၁ ရာစု ပင်လုံညီလာခံနှင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန် ရှိနေပြီး COVID-19 ကပ်ရောဂါ ပြည်တွင်းတွင် ဖြစ်ပွားမှု ရှိ၊ မရှိအပေါ် မူတည်နေခြင်းဖြစ်သည်။

 

၂၀၂၀ ပြည့်နှစ် မတ်လဒုတိယပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။