၁၅ လ ကြာခဲ့ပြီးနောက် ငြိမ်းချမ်းရေး တရေးနိုးပြီလား (သို့မဟုတ်) ရှစ်ကြိမ်မြောက် JICM အစည်းအ‌ဝေးကနေ ဘာမျှော်လင့်နိုင်မလဲ

Post By Nay Htun Naing, On January 7, 2020

၁၅ လ ကြာခဲ့ပြီးနောက် ငြိမ်းချမ်းရေး တရေးနိုးပြီလား (သို့မဟုတ်)  ရှစ်ကြိမ်မြောက် JICM အစည်းအ‌ဝေးကနေ ဘာမျှော်လင့်နိုင်မလဲ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ(တတိယအစည်းအဝေး)မှတ်တမ်းဓာတ်ပုံရိုက်ကြစဉ်

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ဖော်ပြထားချက်အရ အရေးကြီးဆုံး အစည်းအဝေးတခု ဖြစ်တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်မှုရပ်စဲရေး သဘောတူညီချက် ပူးတွဲအကောင်အထည်ဖော်ရေး ညှိနှိုင်း အစည်းအဝေး (JICM) ကို ဇန်နဝါရီ ၈ ရက်မှာ ပြုလုပ်ဖို့ ရှိပါတယ်။

နေပြည်တော်မှာ ပြုလုပ်မယ့် JICM အစည်းအဝေးဟာ (အလွတ်သဘော မဟုတ်တဲ့) တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အချိန် ၁၅ လကြာ (တနှစ်ကျော်) ရပ်ဆိုင်းနေခဲ့ရာက ပထမဆုံး ပြန်လုပ်ခဲ့တဲ့ အစည်းအဝေး ဖြစ်ပါတယ်။ ဒါဟာ ၂၀၁၉ ခုနှစ်အတွင်း သိသာတဲ့ တိုးတက်မှု မရှိခဲ့တဲ့ နောက်ပြန်လန်သလို ဖြစ်နေတဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ် တဖန် ပြန်နိုးထခြင်းလည်း ဖြစ်နိုင်ပါတယ်။

အခု သုံးသပ်ချက်အကျဉ်းမှာ ရှုထောင့်နှစ်ခုကို တင်ပြ ပါမယ်။ ပထမရှုထောင့်က အခုလုပ်မယ့် JICM အစည်းအ‌ဝေးက တဆင့် အမြင့်ဆုံး ဘာကို မျှော်လင့်နိုင်မလဲဆိုတဲ့ သုံးသပ်ချက် ဖြစ်ပါတယ်။ ဒုတိယ ရှုထောင့်ကတော့ အစိုးရ၊ တပ်မတော်နဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ပစ္စက္ခအခြေအနေ တချို့ကို မီးမောင်းထိုးမှာ ဖြစ်ပါတယ်။ ဒီရှုထောင့်နှစ်ခု မတိုင်ခင်မှာ တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အချိန် ၁၅ လကြာ ရပ်ဆိုင်းခဲ့တဲ့ အခင်းအကျင်းကို အရင် ဆွေးနွေးပါ မယ်။

၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်

၁၅ လကြာ ရပ်ဆိုင်းမှု

တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက် နောက်ပိုင်းပြီး ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။ NCA ဖော်ပြထားချက်အရ အရေးပါတဲ့ အစည်းအဝေး တခုဖြစ်တဲ့ JICM အစည်းအဝေးကို ခေါ်ယူတာ မလုပ်နိုင်ခဲ့သလို၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကိုလည်း မခေါ်နိုင်ခဲ့ပါဘူး။ တခါ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ (စတုထ္ထအစည်းအဝေး) ကိုပါ ဆက်မလုပ်နိုင်ဘဲ တစ်ဆို့ခဲ့ပါတယ်။

ရက်စွဲ မှတ်တမ်းတွေကို ပြန်ကြည့်ရင် JICM အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်မှာ နောက်ဆုံး လုပ်ခဲ့ပါတယ်။ UPDJC အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇူလိုင် ၁၅ ရက်မှာ နောက်ဆုံး ပြုလုပ်ခဲ့ပါတယ်။ ဒါက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ (တတိယအစည်းအဝေး) ကာလအတွင်း လုပ်ခဲ့တာပါ။

ပုံမှန်အားဖြင့် NCA လုပ်ငန်းစဉ်အတွင်း ဖော်ဆောင်ရမယ့်‌ လုပ်ငန်းလမ်းညွှန်ချက်တွေအရ JICM အစည်းအဝေးကို သုံးလ တကြိမ် (တနှစ်လျှင် လေးကြိမ်)၊ UPDJC အစည်းအဝေးကို နှစ်လတကြိမ် (တနှစ်လျှင် ပျှမ်းမျှ ခြောက်ကြိမ်) ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ NCA လက်မှတ်ထိုးချိန်ကတည်းက အခုချိန်အထိ JICM အစည်းအဝေး ခုနစ်ကြိမ်သာ လုပ်နိုင်ခဲ့ပြီး၊ UPDJC အစည်းအဝေး ၁၇ ကြိမ်သာ လုပ်နိုင်ခဲ့ပါတယ်။ ထူးခြားချက်အဖြစ် UPDJC အစည်းအဝေးရဲ့ ဥက္ကဋ္ဌဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး၊ နောက်ဆုံးလုပ်ခဲ့တဲ့ UPDJC အစည်းအဝေး ငါးကြိမ်စလုံး ဒေါ်အောင်ဆန်းစုကြည် တက်ခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့မှာ NCA လုပ်ငန်းစဉ်ပြင်ပ လမ်းသစ်ထွင်ခြင်း တခုအဖြစ် နေပြည်တော် ၁၀+၁၀ ထိပ်သီးဆွေးနွေးပွဲ တခု လုပ်ခဲ့ပေမဲ့ အခြေအနေတွေ ပိုဆိုးခဲ့ပါတယ်။ နေပြည်တော်ထိပ်သီးအပြီးမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှစ်ဖွဲ့က ငြိမ်းချမ်းရေးဆိုင်ရာ အစည်းအဝေးတွေမှာ ပါဝင်မှု ရပ်ဆိုင်းခဲ့ပါတယ်။ ဒီနောက်ပိုင်း တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ရပ်တန့်သွားရာက အခု JICM အစည်းအဝေး ပြန်စခဲ့တာ ဖြစ်ပါတယ်။

ဘာကို မျှော်လင့်နိုင်မလဲ

ရှစ်ကြိမ်မြောက် JICM အစည်းအဝေးကနေ အများကြီး မျှော်လင့်လို့ မရပါဘူး။ ဒါပေမဲ့ JICM အစည်းအဝေး ပြန်စနိုင်ခြင်းကိုက ပြီးခဲ့တဲ့ တနှစ်တာကာလအတွင်း အခြေအနေတွေနဲ့ နှိုင်းယှဉ်ရင် ကြီးမားတဲ့ အရွေ့ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

JICM အစည်းအဝေးဆိုတာ NCA ဖော်ပြထားချက်အရ အရေးပါတဲ့ အစည်းအဝေး တခုဖြစ်ပါတယ်။ အတိုချုပ်မှတ်ရင် ဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေး အကျပ်အတည်းကို (NCA လုပ်ငန်းစဉ်အရ) ဖြေရှင်းနိုင်တဲ့ တခုတည်းသော ယန္တရားက JICM အစည်းအဝေး ဖြစ်ပါတယ်။ JICM အစည်းအဝေး လုပ်နိုင်မှသာ UPDJC မှာ တစ်ဆို့နေတဲ့ အချက်တွေကို ဖြေရှင်းဖို့ လမ်းစပေါ်မှာ ဖြစ်သလို၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ ဆက်လုပ်နိုင်ဖို့ ညှိနှိုင်း နိုင်မှာ ဖြစ်ပါတယ်။ ၂၁ ရာစု ပင်လုံ ဆက်လုပ်နိုင်မှာသာ ပြည်ထောင်စု သဘောတူစာချုပ်အတွက် အခြေခံမူတွေ ချမှတ်ဖို့ မျှော်လင့်နိုင်မှာပါ။

အခုလုပ်မယ့် JICM အစည်းအဝေးကတဆင့် ဖြစ်လာနိုင်ခြေ ကို ကြည့်ပါမယ်။ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ဖက်ဒရယ် ကတိကဝတ်ကို ဆက်လက် တောင်းဆိုကြမှာ ဖြစ်ပါတယ်။ တခါ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ခြေရှိတဲ့  ၂၀၂၀ ပြည့်နှစ် အလွန်၊ ဘယ်လို အစိုးရသစ်မျိုးပဲ ပေါ်ထွန်းလာစေကာမူ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ် ဆက်ရှိနေစေမယ့် ကတိကဝတ်ရဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ အစိုးရနဲ့ တပ်မတော်ဘက်ကမှာတော့ အလွတ်သဘော (informal) မဟုတ်တဲ့ တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်ရှိနေချင်ပုံ ရပါတယ်။  ဖြစ်နိုင်မယ်ဆိုရင် ၂၀၂၀ ပြည့်နှစ်မကုန်ခင် (အထူးသဖြင့် ဧပြီ သင်္ကြန်ကာလ မတိုင်ခင်) မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ (စတုထ္ထအစည်းအဝေး) ပြုလုပ်နိုင်ဖို့ ကြိုးစားကြမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေဘက်က လိုလားတဲ့ ကတိကဝတ်နဲ့ အစိုးရ၊ တပ်မတော်ပိုင်းမှာ ဆန္ဒရှိနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ အနည်းဆုံး တကြိမ် ပြုလုပ်ရေးတို့က နှစ်ဖက်စလုံး မျက်နှာမပျက်ရေး face saving သဘောတူညီချက်အဖြစ် ပေါ်ထွက်လာနိုင်ပါတယ်။

သတိပြုဖွယ် ပစ္စက္ခအခြေအနေ

တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စတာ ကောင်းတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာကြောင့် ကာလရှည်ကြာ ရပ်တန့်ခဲ့ရသလဲ ဆိုတာနဲ့ လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေက ဆင်ခြင်စရာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ် နောက်ပြန်လန်ခြင်း အကြောင်းတရားတွေထဲမှာ ခေါင်းဆောင်တွေအကြား သဘောထားကွဲမှုတွေ အပါအဝင် မတူညီတဲ့ မြော်မြင်ချက်တွေ ရှိနေတာ၊ အစုအဖွဲ့အလိုက် ထုတ်ဖော်ဆုပ်ကိုင်ထားတဲ့ သဘောထားများ (position) နဲ့ အရင်းခံ အကျိုးစီးပွား (interest) ပြဿနာတွေက သတိပြုစရာ ဖြစ်ပါတယ်။ အစဉ်အလာ အငြင်းပွားမှုတွေ ဖြစ်တဲ့ တခုတည်းသော တပ်မတော် ထားရှိရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်နှင့် ခွဲမထွက်ရဆိုတဲ့ အလဲအထပ်ကိစ္စတွေက နည်းနာအားဖြင့် ထင်ရှားတဲ့ ကွဲလွဲမှုတွေ ဖြစ်ပေမဲ့ သေချာသုံးသပ်ဦကည်မာ်ဆိုရင် အရင်းခံ အကျိုးစီးပွား မတူညီမှုအပေါ် အခြေခံပြီး ပေါ်ပေါက်လာသော ဘက်အသီးသီးရဲ့ ထုတ်ဖော်ဆုပ်ကိုင်ထားတဲ့ သဘောထားများသာ ဖြစ်ပါတယ်။ NCA စာချုပ်ရဲ့ အနှစ်သာရ မှိန်ဖျော့လာတာ၊ တနည်းအားဖြင့် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် သုံးဘက်စလုံးက စာချုပ်ပါ အချက်တွေအတိုင်း မှန်မှန်ကန်ကန် ကတိမြဲပြီး အကောင်အထည် ဖော်နိုင်စွမ်းရည် နည်းပါးလာတာကြောင့် ဖြစ်ပေါ်လာတဲ့ တဘက်နဲ့တဘက် မယုံကြည်မှုကသာ အဓိက သော့ချက် ဖြစ်နေပါတယ်။

NCA စာချုပ်ရဲ့ အနှစ်သာရ မှိန်ဖျော့လာခြင်းအတွက် ကြည့်နိုင်တဲ့ အချက်များစွာ ရှိနေပါတယ်။ NCA လုပ်ငန်းစဉ်အရ အစိုးရနဲ့ တပ်မတော်ပိုင်းက လုပ်ဆောင်ရမယ့် အစည်းအဝေးတွေ၊ မူဘောင်တွေကို လမ်းညွှန်ချက်တွေအတိုင်း အတိအကျ မလုပ်နိုင်တာ၊ ရှေ့ဆက် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို အကောင်အထည် မဖော်နိုင်တာတွေက အဓိက အားနည်းချက်တွေ ဖြစ်ပါတယ်။ ဥပမာ – NCA လက်မှတ်ထိုးထားတာခြင်း တူပါလျက် သက်ဆိုင်ရာ နယ်မြေတွေမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့အတွက် တူညီတဲ့ အခွင့်အရေး မရရှိကြတာ၊ မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေမှာ တလောက ဖြစ်ခဲ့တဲ့ တိုက်ပွဲ စခန်းသိမ်းပိုက်မှုနဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ လတ်တလော ဖြစ်တဲ့ တိုက်ပွဲမျိုးတွေဟာ ထောက်ပြစရာတွေ ဖြစ်ပါတယ်။

စာချုပ်စာတမ်းဆိုတာ ယုံကြည်ထိုက်တဲ့ ကတိသစ္စာမဟုတ်တော့ဘူးလို့ ခံစားလာရတဲ့အခါ NCA စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အကြားမှာလည်း ရှုမြင်ပုံ၊ ရပ်တည်ပုံတွေ ကွဲထွက် လာပါတယ်။ လက်မှတ်ထိုးတာကို အကြောင်းပြုပြီး သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေကို တရစ်ချင်း ပြန်ကြပ်လာတယ်လို့ ခံစားနေကြသူတွေ ရှိသလို၊ တိုက်ပွဲဖြစ်တာချင်းအတူတူ အားနည်းသူ ခံရတာပဲ ဆိုတဲ့ သာဓကတွေလည်း ရှိလာပါတယ်။ ပိုဆိုးလာတဲ့ အခြေအနေတခုက ရရင် ရတာကို ယူပြီး လုပ်ချင်ရာ လုပ်တော့မယ်ဆိုတဲ့ အခွင့်အရေးသမား ဆန်သူတွေလည်း ရှိလာပြီး၊ လူအင်အား၊ နယ်မြေနဲ့ ငွေအင်အားချဲ့ထွင်ရာကနေ လူမျိုရေး လှုံဆော်မှု ပြုလုပ်လာတာတွေ ဖြစ်ပါတယ်။

ဒီလိုကြီးမားလာတဲ့ ဘက် အသီးသီးရဲ့ အကျိုးစီးပွား တကျောင်းတဂါထာ ဖြစ်လာနေတာတွေကို အခုလုပ်မယ့် JICM အစည်းအဝေးမှာ ဖြေရှင်းနိုင်မယ့်ပုံ မရှိပါဘူး။ NCA စာချုပ်ရဲ့ အနှစ်သာရ မှိန်ဖျော့လာြခင်းကို ကုစားပြီး ပြန့်ကျဲထွက်နေတဲ့ အကျိုးစီးပွားတွေကို ဆုံချက်ကျအောင် ပြန်စုပြီး NCA ဟာ အလုပ်ဖြစ်သေးတယ်ဆိုတဲ့ ယုံကြည်ထိုက်သော ကတိကဝတ် (credible commitment) တွေ အသက်ပြန်ဝင်ဖို့ဆိုတာ ငြိမ်းချမ်းရေး တရေးနိုးရုံနဲ့ မရပါဘူး။ သေသေချာချာ ပြန်လှန်ဆန်းစစ်သုံးသပ်ပြီး အနာနဲ့ ဆေးချက်တည့်အောင် ကုနိုင်ပါမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ လန်းလန်းဆန်းဆန်းနဲ့ ပြန်အသက်ဝင်လာမှာ ဖြစ်ပါတယ်။ ဒါကို လုပ်နိုင်မလားဆိုတာကတော့ ၂၀၂၀ ပြည့်အလွန်ကိုပဲ စောင့်ကြည့်ရပါတော့မယ်။

သေချာတဲ့အချက်တခုက ၂၀၁၈ ခုနှစ် ဇူလိုင်နောက်ပိုင်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ သုံးကြိမ်လုပ်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေ အုတ်မြစ်ချနိုင်ရေး အကောင်အထည် ဖော်မယ်ဆိုတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကား၊ ၂၀၂၀ ပြည့်နှစ်မှာ ထာ၀ရငြိမ်းချမ်းရေး ပြည်သူ့လက်အပ်မယ်ဆိုတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်ရဲ့ ပြောစကားတွေကတော့ ဖြစ်နိုင်ခြေ မရှိသလောက် ဖြစ်သွားခဲ့ပါပြီ။

အခုလုပ်မယ့် JICM အစည်းအဝေးမှာ ၂၀၂၀ ပြည့်နှစ် (ဧပြီ သင်္ကြန် မတိုင်ခင်) ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ အနည်းဆုံး တကြိမ် ဖြစ်လာရေးနဲ့ ၂၀၂၀ ပြည့်နှစ်အလွန် ဘယ်လိုအစိုးရသစ်မျိုးပဲ ပေါ်ပေါ် NCA စာချုပ်အရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆက်ရှိနေဖို့ ကတိကဝတ်ပြုရေးကိုသာ မျှော်လင့်နိုင်မှာပါ။

Secured By miniOrange