အမှောင်ကြားက ရခိုင်ပြည်အပေါ် မြန်မာ့ရွေးကောက်ပွဲ၏သက်ရောက်မှုနှင့် ဖြေရှင်းရန် နည်းလမ်းများ

Post By Htoo Htet Naing, Kyaw Swar Lynn, On October 29, 2020

အမှောင်ကြားက ရခိုင်ပြည်အပေါ် မြန်မာ့ရွေးကောက်ပွဲ၏သက်ရောက်မှုနှင့်  ဖြေရှင်းရန် နည်းလမ်းများ

အယ်ဒီတာမှတ်ချက်

ISP Peace Desk အနေဖြင့် မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သတ်၍ ရှုထောင့်စုံအမြင်များ ထုတ်ဖော်ခွင့်ရရေး၊ ထိုအမြင်များပေါ် အခြေခံ၍ ဆီလျော် ထိရောက်မည့် မူဝါဒများ ပေါ်ထွန်းရေးကို အားပေးပါသည်။ သို့ဖြစ်၍ ပြင်ပ သုတေသီများ၊ လှုပ်ရှား ဆောင်ရွက်နေသူများကို ဖိတ်ခေါ်၍ သဘောထားအမြင် ဆောင်းပါးများ ရေးသားရန်တောင်းခံပါသည်။ မတူကွဲပြားသည့် အမြင်များကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းစဉ်းစား၍ ငြိမ်းချမ်းရေးမူဝါဒများ ချမှတ်နိုင်စေရေး ရည်သန်ပါသည်။ ဆောင်းပါးများပါ အမြင်သဘောထားများမှာ ဆောင်းပါးရှင်များ၏ အာဘော်သာဖြစ်ပါသည်။

အမှောင်ကြားက ရခိုင်ပြည်အပေါ် မြန်မာ့ရွေးကောက်ပွဲ၏သက်ရောက်မှုနှင့် ဖြေရှင်းရန် နည်းလမ်းများ

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ၂၂ ရက်အလိုတွင် ရခိုင်ပြည်နယ်မှ မြို့နယ် ကိုးမြို့နယ်နှင့် လေးမြို့နယ်မှ ကျေးရွာအုပ်စု၊ ရပ်ကွက်များတွင် ရွေးကောက်ပွဲ ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်သည်။ ထိုကြေညာချက်က ရခိုင်ပြည်သူများအတွက်သာမက တိုင်းရင်းသားအရေး တန်းတူညီမျှမှုအတွက် ကြိုးပမ်းဆောင်ရွက်နေသူများအကြား စိတ်ထိခိုက်စရာ ဖြစ်ခဲ့ပါသည်။ အထူးသဖြင့် ရွေးကောက်ပွဲ၏ အမြင့်ဆုံး အနှစ်သာရဖြစ်ပြီး နိုင်ငံသားတဦး၏ အဓိကတာဝန်တရပ် ဖြစ်သော မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့ရခြင်းသည် စိတ်ပျက်ဖွယ်ရာပင် ဖြစ်ပါသည်။

ယခုဆောင်းပါးတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ အောက်တိုဘာ ၁၆ ရက် ကြေညာချက်ကြောင့် နောက်ဆက်တွဲ ဖြစ်လာသည့် ရွေးကောက်ပွဲအပေါ် ရခိုင်ပြည်သူများ၏ မယုံကြည်မှု၊ အာဏာရပါတီ အပေါ် မကျေနပ်မှုများ မြင့်တက်လာခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံရေး အခင်းအကျင်းများကို ဖတ်ရှုရမည် ဖြစ်ပြီး၊ မည်သို့ ပြန်လည် ကုစားသင့်သနည်းဆိုသည့် အကြံပြုချက်များကိုလည်း နိဂုံးပိုင်းတွင် ဖော်ပြထားသည်။

၂၀၂၀ရွေးကောက်ပွဲကို ရခိုင်ပြည်သူများ မယုံကြည်

လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို ရခိုင်ပြည်သူအများစုက အယုံအကြည် မရှိကြပေ။ ထို့အပြင် ရွေးကောက်ပွဲမှတဆင့် တက်လာမည့် အစိုးရကိုလည်း ရခိုင်ပြည်သူတို့၏ အစိုးရအဖြစ် အသိအမှတ်ပြုသွားမည် မဟုတ်ဟု ကောက်ချက်ချနိုင်သည်။ ထိုသို့ ကောက်ချက်ချရခြင်းမှာ တဖက်သတ် လိုရာဆွဲယူ၍ ပြောခြင်း မဟုတ်ဘဲ မြေပြင်အခြေအနေနှင့် အချက်အလက်များကို အခြေခံ၍ ပြောရခြင်း ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (Union Election Commission)၏ ကြေညာချက်အပြီးတွင် ယခုကဲ့သို့ သုံးသပ်ချက်များ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာခြင်းဖြစ်သည်။
ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ပယ်ဖျက်ခဲ့သည့် မြို့နယ် ၁၃ ခုရှိပါသည်။ ထိုအထဲတွင် ကိုးမြို့နယ်သည် မြို့နယ်လုံးကျွတ် ပယ်ဖျက်ခံရခြင်း ဖြစ်သည်။ ကျန် လေး‌မြို့နယ်မှာ ကျေးရွာ အုပ်စုများနှင့် မြို့ပေါ် ရပ်ကွက်အချို့တွင် ပယ်ဖျက်ခံခဲ့ရခြင်း ဖြစ်ပြီး ကျေးရွာအုပ်စု ၁၃၇ စုနှင့် မြို့ပေါ်ရပ်ကွက် ၁၅ ခု ပါဝင်ခဲ့သည်။ ထိုသို့ ပယ်ဖျက်လိုက်ခြင်းမှာ ရခိုင်ပြည်ရှိ မဲဆန္ဒရှင်ပြည်သူ ၁၆ သိန်းကျော် အနက် ၁၂ သိန်းကျော်၏ မဲပေးပိုင်ခွင့် ကန့်သတ်ငြင်းဆိုလိုက်ခြင်းပင် ဖြစ်သည်။ မဲပေးပိုင်ခွင့် ငြင်းဆိုခံရသော မဲဆန္ဒနယ်များထဲတွင် ပြည်နယ်လွှတ်တော် နေရာ ၂၀ နှင့် ပြည်ထောင်စုလွှတ်တော် ၁၆ နေရာကို ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်အတွင်း ရခိုင်ပြည်သူတို့၏ ကိုယ်စားပြုခွင့် ၅၅ ဒသမ ၁၇ ရာခိုင်နှုန်း ရုတ်သိမ်းခံလိုက်ရခြင်းလည်း ဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် သက်ဆိုင်ရာ ပြည်နယ်တခု၏ ထက်ဝက်ကျော်သော မဲဆန္ဒပြည်သူများ၏ ကိုယ်စားပြုခြင်း မရှိဘဲ တက်လာမည့် အစိုးရကို ထိုဒေသမှ ပြည်သူများက လက်ခံမည် မဟုတ်ဆိုသည့် အချက်မှာ ငြင်းဆိုမရသည့် အချက်ဖြစ်သည်။
ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု သုံးခု၊ အမ်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု လေးခုတို့တွင် ရွေးကောက်ပွဲ ကျင်းပခွင့်ပြုကြောင်း အောက်တိုဘာ ၂၇ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ကြေညာခဲ့သည်။ သို့သော် ထိုသို့ ခွင့်ပြုလိုက်ခြင်းသည် (အောက်တိုဘာ ၁၆ ရက်က ထုတ်ပြန်ခဲ့သည့် မူလ ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးရန် အရေးဆိုမှုများအပေါ်) မည်ကာမတ္တ သဘောဆောင်ရုံ တုံ့ပြန်မှုသာ ဖြစ်ခဲ့ပြီး ကြီးမားသော သက်ရောက်မှု မဖြစ်ခဲ့ပါ။ နိုင်ငံသားတဦး၏ ရပိုင်ခွင့်ဖြစ်သည့် ဆန္ဒမဲ ပေးပိုင်ခွင့်အတွက် ရခိုင်ပြည်သူများ၏ လိုလားချက်နှင့် နှိုင်းယှဉ်ပါကလည်း လုံလောက်မှုမရှိခဲ့ပေ။

NLD အစိုးရအပေါ် ရခိုင်ပြည်သူများ၏ မကျေနပ်မှု မြင့်တက်

ရခိုင်ပြည်သူများနှင့် လက်ရှိ အစိုးရသက်တမ်းကို တာဝန်ယူထားရသည့် အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ဦးဆောင်သော ပြည်ထောင်စုအစိုးရတို့ကြား တင်းမာမှုများသည် ယခုအချိန်မှ ဖြစ်ပေါ် လာသည် မဟုတ်ပေ။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သောင်ပြိုကမ်းပြို နိုင်ခဲ့သည့်နည်းတူ ရခိုင်ပြည်နယ်တွင်လည်း ရခိုင်ပြည် အခြေပြုပါတီများ ဖြစ်ကြသော ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် (ALD)နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)တို့ကို စုပေါင်းထားသည့် ရခိုင်အမျိုးသားပါတီ (Arakan National Party) က ပြည်နယ်လွှတ်တော် ၂၂ နေရာနှင့် ပြည်ထောင်စု လွှတ်တော် ၂၂ နေရာကို ရယူကာ NLD နည်းတူ သောင်ပြိုကမ်းပြို အနိုင်ရပြီး ကိုယ်စားပြုခွင့် ရရှိ ခဲ့သည်။ ပြည်နယ်လွှတ်တော်နေရာများအတွက် ယှဉ်ပြိုင်မှုတွင်လည်း ANP ကသာ အပြတ်အသတ် အနိုင်ရရှိခဲ့ပါသည်။ သို့သော် ပြည်နယ်၏ ဝန်ကြီးချုပ် ခန့်အပ်ခြင်းနှင့် စပ်လျဉ်းပြီး ရခိုင်ပြည်သူများ၏ ကိုယ်စားပြုခွင့်ကို အများဆုံးရရှိခဲ့သည့် ANP ပါတီအား ညှိနှိုင်း တိုင်ပင်ခဲ့ခြင်းမရှိခဲ့ပါ။ ထို့အတွက်ကြောင့် လွှတ်တော်တွင်း ဆန္ဒပြမှုများဖြစ်ခဲ့ကာ အစိုးရနှင့် ရခိုင်ပြည်နယ် လွှတ်တော်အကြား အဖုအထစ် စတင်ခဲ့သည်။

ယင်းအပြင် အာဏာရပါတီ ဦးဆောင်သော အစိုးရ၏ ငါးနှစ်သက်တမ်း တောက်လျှောက်တွင်လည်း ရခိုင်ပြည်တွင်း ဖြစ်ပွားခဲ့သော မတူကွဲပြားသည့် လူ့အသိုက်အဝန်းများ အကြား ပဋိပက္ခများနှင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် အရှိန်မြင့်လာသော လက်နက်ကိုင် ပဋိပက္ခများအပေါ် ကိုင်တွယ် ဖြေရှင်းပုံများမှာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။ ထိုနည်းတူ ရခိုင် အရပ်ဘက်အဖွဲ့အစည်းများ၏ အသံများ လျစ်လျူရှုခံရခြင်း၊ ရခိုင်ပြည်သူတို့ ၏ ကိုယ်စားပြုခွင့် အပ်နှင်းခံထားရသော ပြည်ထောင်စုအဆင့် လွှတ်တော်အမတ်များ၏ အရေးကြီးအဆို အများစု ပြည်ထောင်စု လွှတ်တော်တွင် ငြင်းဆိုခံရခြင်း၊ ရခိုင်ပြည်နယ် လွှတ်တော်၌ အတည်ပြုထားသည့် အဆိုများကို ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတို့က ဖော်ဆောင်ရန် ပျက်ကွက်ခြင်း၊ ဂရုမစိုက်ခြင်း စသည့် အချက်များ ကလည်း ရခိုင်ပြည်သူတို့၏ ခံပြင်းဒေါသကို ပိုမိုမြင့်တက်စေခဲ့ပါသည်။

ဖြစ်ပေါ်လာသည့် ရခိုင်ပြည် နိုင်ငံရေးအခင်းအကျင်းများ

မူလကပင် မကျေနပ်မှုများနှင့် တင်းမာမှုများ ရှိနေသည့် အခြေအနေတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက် ထွက်ရှိလာပြီးနောက်တွင် မကျေနပ်မှုများက အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့ပါသည်။ တချိန်တည်းမှာပင် ရခိုင် အရပ်ဘက်အဖွဲ့အစည်းများကွန်ရက် (Arakan CSOs Network) က ဦးဆောင်ပြီး “ရွေးကောက်ပွဲ ဖိနှိပ်မှုရပ်၊ တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲ အလိုမရှိ” အစရှိသော ရွေးကောက်ပွဲ သပိတ်မှောက်သည့် အွန်လိုင်းလှုပ်ရှားမှုများ အရပ်ဘက် အဖွဲ့အစည်းများအကြား ပေါ်ပေါက်လာသည်။ ရခိုင်ပြည်လုံး ဆိုင်ရာ ဆန္ဒခံယူပွဲများ ပေါ်ထွက်လာရေး လှုပ်ရှားမှုများလည်း ဖြစ်လာသည်။ ထိုနည်းတူ ရက္ခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၏ ပြင်းထန်သော အရေးဆိုမှုများလည်း ဖြစ်လာခဲ့ပါသည်။ ၎င်းတို့က “ ကိုလိုနီ အစိုးရ အလိုမရှိ”၊ “ဖက်ဆစ်အစိုးရနဲ့ တပ်မတော် အလိုမရှိ”၊ “ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရအား အလိုမရှိ”၊ “ရခိုင်တို့ရေ ရခိုင်တို့လေ ရခိုင်မြေမှာ ရခိုင်တို့ ပိုင်သည်” အစရှိသော ဆန္ဒပြ ကြွေးကြော်သံများနှင့် အရေးဆိုမှုများ ထပ်ဆင့် ပေါ်ထွက်လာသည်[၁]။ ထိုစကားရပ်များဖြင့် အရေးဆိုခဲ့သည့် ဆန္ဒပြကျောင်းသား လေးဦးကို ပြည်နယ် ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွဲဖမ်းဆီး၍ နိုင်ငံတော် အကြည်ညိုပျက်စေမှု (ပုဒ်မ ၅၀၅-ခ) ဖြင့် ဖမ်းဆီး တရားစွဲဆိုခဲ့ခြင်းကလည်း ရခိုင်ပြည်သူများ၏ ဒေါသကို ပိုမိုကြီးထွားစေခဲ့ပါသည်။

အခြားတဖက်တွင်လည်း ရွေးကောက်ပွဲ ကျင်းပခွင့်ရသည့် တောင်ကုတ်၊ မာန်အောင်နှင့် သံတွဲတို့တွင် ရခိုင် အမျိုးသားပါတီအပေါ် လူထောင်သောင်းချီပါဝင်သော ဝန်းရံအင်အားပြပွဲများ ဆက်တိုက်ပေါ်ထွက်လာခဲ့သည်။ သို့ရာတွင် အများပြည်သူနှင့် ပါတီအသီးသီးရှိ ရခိုင်ပြည်နယ်ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များအကြား ပေါင်းကူးဖလှယ်ပေးနေသည့် အစီအစဉ်များကို ရပ်ဆိုင်းခဲ့ခြင်းများလည်း ရှိလာခဲ့သည်။ ဥပမာအားဖြင့် ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက် ထွက်ရှိပြီး နှစ်ရက်အကြာ အောက်တိုဘာ ၁၈ ရက်တွင် Accountable Actions for Arakan-AAA အဖွဲ့က စီစဉ်ပြီး မဲဆန္ဒနယ်မြေ အလိုက် ကျင်းပပေးနေသည့် မင်းထီးစကားဝိုင်း အွန်လိုင်းဆွေးနွေးမှုကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။ လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ပြည်သူများ၏ မဲပေးပိုင်ခွင့် ပယ်ဖျက်ခံလိုက်ရခြင်းနှင့် မျှတမှု မရှိသော ရွေးကောက်ပွဲအပေါ် ရှုတ်ချမှု များစွာထွက်ပေါ်လာခဲ့သည်။ ရခိုင်တို့အတွက် “လူထုအုံကြွတော်လှန်ရေးမှတပါး နိုင်ငံရေးထွက်ပေါက်နည်းလမ်း မရှိတော့ပြီ” ဟူသည့် အယူအဆများ အားကောင်းလာပြီး လက်နက်ကိုင်တော်လှန်ရေးအပေါ် ထောက်ခံမှုများ ပိုမိုမြင့်တက်လာခြင်းက စိုးရိမ်ဖွယ်ရာ ဖြစ်လာခဲ့သည်။

လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ရခိုင်တို့ ၏ ထင်မြင်ချက်

မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် ကြိုးပမ်းနေသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်ဆိုသည်မှာ ရခိုင်ပြည်သူတို့နှင့် မည်သို့မျှ ဆက်စပ်မှုမရှိသော ဖြစ်စဉ်တခု ဖြစ်နေပါသည်။ နှစ်နှစ်နီးပါးကြာ ပြင်းထန်လာသော ရခိုင်ပြည် စစ်ရေး ပဋိပက္ခထဲတွင် နစ်နာသူများအရေးမှာ လျစ်လျူရှုခံထားရသည်။ အထူးသဖြင့် စစ်ပွဲများကြောင့် အသက်ဆုံးရှုံး ခဲ့ရသော အရပ်သားပြည်သူ ၃၀၀ ကျော်နှင့် နေရပ်စွန့်ခွာရသူ စစ်ဘေးဒုက္ခသည် နှစ်သိန်းကျော်အတွက် ပြည်ထောင်စုလွှတ်တော်က အလေးဂရုပြုခဲ့ခြင်း မရှိသည့်နည်းတူ ငြိမ်းချမ်းရေးညီလာခံများတွင်လည်း အားရကျေနပ်ဖွယ်ရာ ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ချက်များ ပေါ်ထွက်လာခဲ့ခြင်း မရှိပေ။

ထို့အပြင် လက်ရှိ ဖြစ်ပွားနေသော စစ်ရေး ပဋိပက္ခနှင့် “ရခိုင်ပြည်သူတို့၏ မိမိကြမ္မာမိမိဖန်တီးရေး” ဦးတည်ချက်ဖြင့် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေသည့် ရက္ခိုင့်တပ်တော်ကိုလည်း ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ ရောက်လာအောင် ခေါ်ဆောင်နိုင်ခဲ့ခြင်း မရှိပါ။ ရက္ခိုင့်တပ်မတော်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာ၍ အမြစ်ပြုတ်အပြတ် ခြေမှုန်းရမည်ဟူသော ဆုံးဖြတ်ချက်ကို အစိုးရနှင့် တပ်မတော်တို့က ချမှတ်ခဲ့ခြင်းမှာလည်း အခြေအနေကို ပိုဆိုးသည့်ဘက်သို့ တွန်းပို့ရာ ရောက်ခဲ့ပါသည်။ တချိန်တည်းမှာပင် အခြားသော တိုင်းရင်းသား ဒေသများရှိ ဌာနေတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တုံ့ပြန်ရာ၌ အသုံးပြုလေ့ရှိသည့်နည်းအတိုင်း ရခိုင်ဆိုလျှင် ရက္ခိုင့်တပ်တော်ကို ထောက်ခံသူများသာ ဖြစ်ရမည် ဆိုသော စွပ်စွဲချက်များဖြင့် ဦးတည်တိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ၊ ဖမ်းဆီးနှိပ်စက် စစ်ဆေး မေးမြန်းမှုများလည်း ရှိခဲ့သည်။ ယင်းအပြင် ရသေ့တောင် မြို့နယ် ဦးဂါရွာတွင် ဖြစ်ခဲ့သော ကျေးရွာနေ အမျိုးသမီးကို တပ်မတော်သား သုံးဦးက အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်ခဲ့သည့် စစ်ရာဇဝတ်မှုဆန်သော ကိစ္စရပ်များကလည်း ရခိုင်ပြည်သူ တို့အပေါ် စိတ်နာကျင်မှုဖြစ်ခဲ့သည်။ ထိုကိစ္စရပ်နှင့် ပတ်သက်၍ ကျူးလွန်သူများကို စစ်ဆေးလျက်ရှိပြီး တပ်မတော် အက်ဥပဒေအရသာမက နယ်ဘက် ဥပဒေဖြင့်ပါ အရေးယူမည်ဟု တပ်မတော်ဘက်က ပြောဆိုထားသော်လည်း ပွင့်လင်း မြင်သာမှုရှိစေရန် အရပ်ဘက် တရားရုံးသို့ လွှဲပြောင်းပေးရန် ရခိုင်အမျိုးသမီး အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားပါသည်။

တဖက်တွင်လည်း လုံခြုံရေး အကြောင်းပြချက်ဖြင့် အင်တာနက် သုံးစွဲထားမှုကို ပိတ်ပင်ထားခဲ့သည်မှာ ၂၀၁၉ ခုနှစ် ဇွန်လမှ စတင်ကာ တနှစ်ကျော်ခဲ့ပြီ ဖြစ်သည်။ ထိုသို့ ပိတ်ပင်ခဲ့ခြင်းမှာ ဒေသခံတိုင်းရင်းသားများအပေါ် မမျှတသည့် ဆုံးဖြတ်ချက် ဖြစ်နေသဖြင့် ပြန်ဖွင့်ပေးရန် အကြိမ်ကြိမ်တောင်းဆိုမှုများ ပေါ်ပေါက်ခဲ့သည်။ တနှစ်ကျော်ကြာချိန် ဩဂုတ်လတွင် ပြန်ဖွင့်ပေးခဲ့သော်လည်း 2G စနစ်ကိုသာ ဖွင့်ပေးခဲ့သည့်အတွက် အခက်အခဲများ ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။ ယင်းသို့ အင်တာနက် ဖြတ်တောက်မှုကြောင့် အစိုးရက ပြောပြခဲ့သကဲ့သို့ သတင်းအချက်အလက် အမှားများ၊ အမုန်းစကားများနှင့် စစ်ပွဲများကို လျှော့ကျခဲ့ခြင်း မရှိဘဲ စစ်ရာဇဝတ်မှုများ ပိုမို တိုးလာခြင်းသာ အဖတ်တင်ခဲ့သည်။ ထို့အပြင် ရခိုင်ပြည်နယ်၌ ကိုဗစ် ဒုတိယလှိုင်း စတင်ဖြစ်ပွားသောအခါ သတင်း အချက်အလက် မလုံလောက်မှုများ ဖြစ်ခဲ့သည်။ အင်တာနက် ဖြတ်တောက်ခံထားရသည့် ရခိုင်ပြည် မြို့နယ် ခုနစ်ခုနှင့် ချင်းပြည် ပလက်ဝဒေသရှိ လူဦးရေ တသန်းကျော်၏ ပညာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သတင်း အချက်အလက်ရရှိမှုများ ရိုက်ချိုး ခံခဲ့ရသလို ဖြစ်ခဲ့သည်။ ထို့အတွက်ကြောင့်လည်း ရခိုင်ပြည်ရှိ တခြားသော မြို့နယ်များမှ ပြည်သူများကပါ အစိုးရအပေါ် ယုံကြည်မှု ကင်းမဲ့ခြင်းများ ပေါ်ပေါက်လာခဲ့ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်မှာလည်း လက်တွေ့ မကျသော၊ အပေါ်ယံသက်သက်မျှဖြစ်သော၊ အနှစ်သာရမရှိသည့် ပွဲလမ်းသဘင် တခုအဖြစ်သာ ရှုမြင်လာခဲ့ကြခြင်းက သတိပြုစရာတခု ဖြစ်လာခဲ့ပါသည်။

 အမှောင်ကြားကရခိုင်ပြည်ကို ဘယ်လိုကယ်တင်ကြမလဲ

ရခိုင်ပြည်ရှိ မြို့နယ်၊ ဒေသအများစုတွင် ရွေးကောက်ပွဲ မကျင်းပဟု ကြေညာလိုက်ခြင်းက ရခိုင်ပြည်သူများအား အစွန်းတဖက်သို့ တွန်းပို့စေကာ လက်နက်ကိုင်တော်လှန်ရေးကို ပိုမို တရားနည်းလမ်းကျအောင် လမ်းကြောင်းပေးသကဲ့သို့ ဖြစ်ခဲ့ကြောင်း အထက်ဖော်ပြပါ အခြေအနေများက မီးမောင်း ထိုးပြနေပါသည်။ ထို့အတွက်ကြောင့် ယင်းအခြေအနေသို့ မရောက်စေရန်အလို့ငှာ လုပ်ဆောင်သင့်သည်များကို အကြံပြုလိုပါသည်။

၁။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကြေညာထားသည့် နယ်မြေဒေသများ၏ အခြေအနေကို အရပ်ဖက် အဖွဲ့အစည်းများ၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့ နှင့် ဆွေးနွေး ညှိနှိုင်းပြီး ပြန်လည် သုံးသပ်ကာ ပြည်သူအများ ရွေးကောက်ပွဲတွင် ပါဝင်နိုင်စွမ်း ရှိစေမည့် ပြင်ဆင်မှုများ ပြုလုပ်သင့်ပြီး ထိုသို့ ပြုလုပ်ရာတွင်လည်း ပွင့်လင်းမြင်သာမှု ရှိရှိ ထုတ်ပြန်၊ ဆောင်ရွက်သင့်ပါသည်။(အောက်တိုဘာ ၂၇ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နှင့် အမ်းမြို့နယ်အတွင်းမှ ကျေးရွာ အုပ်စု ခုနစ်စုအား ရွေးကောက်ပွဲ ကျင်းပရန် ပြန်ခွင့်ပြုခဲ့သော်လည်း ရခိုင်ပြည်သူများ၏ လိုလားချက်နှင့် နှိုင်းယှဉ်ပါက လုံလောက်မှု မရှိခဲ့ပေ)

၂။ လုံခြုံရေးရာ စိုးရိမ်ချက်များ ရှိပါက ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သင့်သည်။ ဥပမာအားဖြင့် ရွေးကောက်ပွဲ ဖျက်သိမ်းခဲ့သည့် ဒေသများအနက် ရခိုင်ပြည်နယ်ရှိ မြို့နယ်များ ၁၃ ခုနှင့် ချင်းပြည်နယ်ရှိ ပလက်၀မြို့နယ် အပါအဝင် ဒေသများတွင် လုံခြုံရေး အခြေအနေအားနည်းသည်ဟု ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က သဘောထားမှတ်ချက်ပေးခဲ့သည်။ ထိုအထဲတွင် ပလက်၀မြို့နယ်နှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ပေးရန် တင်ပြမှု ရှိခဲ့ခြင်းကြောင့် ဆွေးနွေးညှိနှိုင်းပြီး ရွေးကောက်ပွဲကျင်းပခွင့် ပြုခဲ့သည်။ ရခိုင်ပြည်နယ်နှင့် ပတ်သက်၍လည်း ထိုအတိုင်းပင် ဆွေးနွေး ညှိနှိုင်းပြီး ရွေးကောက်ပွဲ ကျင်းပခွင့် ပြန်ပေးသင့်ပါသည်။ အထူးသဖြင့် လုံခြုံရေးအခြေအနေနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော်နှင့် ညှိနှိုင်း တိုင်ပင်သင့်ပါသည်။ (အောက်တိုဘာ ၂၇ ရက်မှာပင် ချင်းပြည်နယ် ပလက်၀မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၉၄ ခုတွင် ရွေးကောက်ပွဲပယ်ဖျက်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောင်းလဲပြင်ဆင်ခဲ့သည်။ မူလက ခွင့်ပြုခဲ့သော်လည်း ဝေဖန်ထောက်ပြမှုများ မြင့်တက်ခဲ့ပြီးနောက် ယင်းသို့ ပြောင်းလဲခဲ့ခြင်း ဖြစ်ပါသည်)

၃။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်တခုဖြစ်သော ရွေးကောက်ပွဲတရပ်တွင် သန်းချီသော ပြည်သူများအား ချန်လှပ်ထားခဲ့မည့် အရေးသည် ပြီးစလွယ် ဆောင်ရွက်ရမည့် အရာမဟုတ်ပေ။ ယခု အတိုင်းသာ ဆက်လက် ဆောင်ရွက်သွားမည် ဆိုပါက ၂၀၂၀ ရွေးကောက်ပွဲ အလွန်တွင် ပေါ်ပေါက်လာမည့် ပြည်နယ်အစိုးရ၊ ပြည်ထောင်စု အစိုးရတို့သည် ရခိုင် ပြည်သူလူထုအများစုကို ကိုယ်စား မပြုသော၊ ရခိုင်ပြည်သူ အများစုအတွက် တရားမဝင်သော အစိုးရအဖြစ် ရှုမြင်မှုများ ပေါ်လာနိုင်သည်ကို သတိထားသင့်သည်။ အကျိုးဆက် အနေဖြင့် စစ်တွေမြို့ရှိ လမ်းမများ၊ မြောက်ဦးမြို့ရှိ လမ်းမများ၊ ကျောက်ဖြူမြို့ရှိ လမ်းမများနှင့် တောင်ကုတ်မြို့ရှိ လမ်းမများထက်တွင် လူထု ဆန္ဒပြပွဲများ သို့မဟုတ် ယမ်းငွေ့များနှင့် ပြည့်နှက်လာနိုင်ပြီး သန်းခေါင်ထက် နက်သော ပြန်လမ်းမဲ့ ညဉ့်ကို ရခိုင်ပြည်သူများ ဖြတ်သန်းကြရနိုင်သည်။ အဆိုပါ လမ်းသို့ တွန်းပို့သူများမှာလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စု အစိုးရနှင့် ပြည်နယ် အစိုးရတို့သာ ဖြစ်သည်ဆိုသော ယူဆချက်များ ကျယ်ပြန့်လာမည် ဖြစ်ပါသည်။ ထိုသို့မဖြစ်စေရန် သက်ဆိုင်ရာ အင်အားစု အသီးသီးကို ပါဝင်စေ၍ ညှိနှိုင်းဆွေးနွေးမှုများ အမြန်ဆုံးပြုလုပ်သင့်သည်။

၄။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အလွန်တွင် ပေါ်ထွန်းလာမည့် အစိုးရ(သစ်) အနေဖြင့် အမှန်တကယ် သက်ဝင်မှု ရှိပြီး အလုပ်ဖြစ်သော ငြိမ်းချမ်းရေး စကားဝိုင်းပေါ်သို့ ရက္ခိုင့်တပ်တော် ရောက်ရှိလာနိုင်ရေးအတွက် လိုအပ် သည့် ဖြေလျော့မှုများ ဆောင်ရွက်ရန် လိုအပ်ပါသည်။ လက်ရှိ အနေအထားအတိုင်း ဆက်သွားပါက ကနဦးကပင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအပေါ် အယုံအကြည် လျော့နည်းလာသော ပြည်သူလူထု (အထူးသဖြင့် လူငယ်များ) သည် လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ရန် ရှိတော့သည်ဆိုတော့ ယုံကြည်မှုများ ခိုင်မာလာနိုင်မည် ကို သတိပြုသင့်ပါသည်။

၅။ လက်နက်ကိုင် ပဋိပက္ခများနှင့် ပြည်သူတို့၏ အသက်ဆုံးရှုံးရမှုများ၊ မဲပေးခွင့် အပါအဝင် အခွင့်အရေး ကန့်သတ်ခံရမှုများသည် အမှောင်ထု၏ အပေါ်ယံ အလွှာများ ဖြစ်ပြီး၊ ယင်းတို့က အမှောင်ထုကို သက်ဆိုးရှည်မှု ဖြစ်သွားစေနိုင်သည်။ သို့ရာတွင် အမှောင်ထုကို ဖြစ်ပေါ်စေသည့် အဓိကနောက်ခံ အကြောင်းရင်းများလည်း ရှိနေပြီး ယင်းနောက်ခံ အကြောင်းရင်းများကို ဖြေရှင်းနိုင်မှသာ အမှောင်ထုများ ချုပ်ငြိမ်းပေလိမ့်မည်။ ယင်းအတွက် ဗမာပြည်မတွင် ထောက်ခံမှု မြင့်မားစွာ ရရှိထားသည့် အာဏာရပါတီသည် အသိုက်အဝန်းစုံ ရခိုင်ပြည်သူများ၏ နိုင်ငံရေးအလိုဆန္ဒများကို နားထောင်ကာ၊ ထိုအလိုဆန္ဒများ ပြည့်မြောက်အောင် ကူညီ ဖော်ဆောင်သင့်ပါသည်။

၆။ ပစ္စက္ခ အခြေအနေတွင် အာဏာရ ပါတီလိုလားသည့် နိုင်ငံရေး ပုံစံတရပ်၊ နိုင်ငံရေး အဆင့်အတန်းကိုသာ အတင်းအကြပ် သွတ်သွင်းပုံဖော်ရန် ကြိုးစားခြင်းသည် အမှောင်ထုကို သက်ဆိုးရှည်စေပြီး အန္တရာယ် များလွန်းသည့်အတွက် ထိုသို့ လုပ်ဆောင်နေခြင်းများကို ပြန်လည် သုံးသပ်သင့်ပါသည်။ ရခိုင် ပြည်သူလူထု၏ နိုင်ငံရေး အလိုဆန္ဒများကို ရခိုင်ပြည်သူများကိုယ်တိုင် လွတ်လပ်စွာ လက်နက်မဲ့ ဖော်ဆောင်နိုင်မှသာ အမှောင်ထုများ ပျောက်ကင်းသွားမည် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရာ၌ နည်းလမ်းများစွာ ရှိနိုင်သည့်အလျောက် ရက္ခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂက အရေးဆိုနေကြသော“အာရကန် ပြည်လုံးကျွတ် ပြည်သူ့ဆန္ဒ ခံယူပွဲ” ကိစ္စကလည်း ညဉ့်အလွန် နေ့သစ်၏ အလင်းတစ ဖြစ်လာနိုင်ပေသည်။ အာရကန်ပြည်လုံးကျွတ် ပြည်သူ့ ဆန္ဒခံ ယူပွဲသည် (တရားနည်းလမ်းကျမှုဆိုင်ရာ အငြင်းပွါးဖွယ် ဖြစ်နေသော) ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအကန့်အသတ်၏ ပြင်ပမှအရှိတရားနှင့် ကိုက်ညီပြီး ရခိုင်ပြည်သူလူထုကို ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်အတွက် အဆုံးအဖြတ်ပေးနိုင်ရန် (လှုပ်ရှားမှုကို ဦးဆောင်နေသူများက) အာသီသ ရှိနေကြပါသည်။ သို့ရာတွင် နိုင်ငံရေးဇာတ်ကောင် အသီးသီးက နေ့အလင်းကို မြင်လိုသော စိတ်ဆန္ဒနှင့် စွမ်းဆောင်ရည် ရှိမှသာ အဆိုပါအခင်းအကျင်း ပေါ်နိုင်မည် ဖြစ်ပါသည်။

 

[1] အဆိုပါ ကြွေးကြော်သံများသည် ရက္ခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၏ အရေးဆိုမှုတွင် သုံးစွဲခဲ့သော စကားရပ်များ အတိုင်း မူရင်းပုံမပျက် ဖော်ပြထားခြင်း ဖြစ်သည်။ ထိုသို့ ဖော်ပြခြင်းအားဖြင့် ဖြစ်ပွားနေသော အခြေအနေများကို အများ ပြည်သူနှင့် မူဝါဒချမှတ်သူများအကြား နားလည်သဘောပေါက်စေရန်နှင့် နည်းလမ်းမှန်ကန်စွာ ဖြေရှင်းနိုင်ရေးအတွက် ရည်ရွယ်ပါသည်။

ဆောင်းပါးရှင်များ၏ ကိုယ်ရေးအကျဉ်း

ထူးထက်နိုင်သည် ၂၀၂၀ ပြည့်နှစ် ရခိုင်ပြည်ရွေးကောက်ပွဲစကားဝိုင်းများ စီစဉ်ဆောင်ရွက်ခဲ့သည့် Accountable Actions for Arakan – AAA၏ ဦးဆောင်ကော်မတီဝင်တဦး ဖြစ်သကဲ့သို့ နွေဦးငြိမ်းချမ်းရေးနှင့် သုတေသန စင်တာ၏ သုတေသီတဦးလည်းဖြစ်သည်။ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရ သုတေသနစာတမ်းများ ရေးသား သည့် အတွေ့အကြုံရှိသူတဦးဖြစ်ကာ ၂၀၁၆ခုနှစ်နှင့်  ၂၀၁၇ ခုနှစ်များတွင် သတင်းထောက်အဖြစ် လုပ်ကိုင်ဖူး သည်။

ကျော်စွာလင်းသည် ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)တွင် ၂၀၁၉-၂၀၂၀ သမဂ္ဂ သက်တမ်းအတွက် ပြောရေးဆိုခွင့်ရှိသူ တာဝန်ထမ်းဆောင်ခဲ့ပြီး Accountable Actions for Arakan – AAA ဦး ဆောင်ကော်မတီဝင် တဦး ဖြစ်သည်။ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မြန်မာနိုင်ငံဓမ္မတက္ကသိုလ်တို့တွင် ပညာ သင်ကြားဆဲ ဖြစ်သည်။ ရံဖန်ရံခါ ဘာသာပြန်ခြင်းနှင့် စာရေးခြင်းများ ပြုလုပ်သည်။