ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (အောက်တိုဘာ ပထမပတ်)

Post By Nyein Ko Ko Soe, On October 9, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (အောက်တိုဘာ ပထမပတ်)

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂ ရက်မှ ၈ ရက်အထိ (အောက်တိုဘာ ပထမပတ်) ကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ခြိမ်းခြောက်မှုအန္တရာယ်ရှိနေသော်လည်း တပ်မတော်နှင့် NCA လက်မှတ်ထိုးထားသော ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့များအကြား အငြင်းပွားမှုရှိနေသည့်သတင်းများက ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လွှမ်းမိုးနေပါသည်။

ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် KIO/KIA အဖွဲ့နှင့် RCSS/SSA အဖွဲ့တို့က ၎င်းတို့၏နယ်မြေများအတွင်း ကန့်သတ်မှုများပြုလုပ်ခဲ့သည့်သတင်းများလည်း ရှိခဲ့ပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် KIO/KIA အဖွဲ့က ကန့်သတ်မှုများ ပြုလုပ်ခဲ့ခြင်း၊ တပ်မတော်နှင့် KIO/KIA အဖွဲ့အကြား စစ်ရေးပဋိပက္ခများက စစ်ရှောင်များ နေရပ်ပြန်ရေးအပေါ် ဂယက်ရိုက်နေခြင်းတို့မှာ အောက်တိုဘာပထမပတ်အတွင်း NCA လက်မှတ်မထိုးရသေးသော အဖွဲ့များနှင့် ပတ်သက်သော သတင်းများ ဖြစ်ခဲ့ပါသည်။

အောက်တိုဘာ ၃ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြမှုအရ ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းမြင့်မားလာသဖြင့် KIO/KIA အဖွဲ့က ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်းသို့ လူနှင့် ကုန်ပစ္စည်း ဝင်ရောက်မှု အားလုံးကို အောက်တိုဘာ ၂ ရက်ကစ၍ အပြည့်အဝ ပိတ်ပင်ခဲ့ကြောင်း သိရပါသည်။
အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သော အဝင်၊အထွက်ပိတ်ပင်မည့် ကြေညာချက်ကို အောက်တိုဘာ ၂ ရက်ကစ၍ အတိအကျ ဆောင်ရွက်မည်ဟု KIO အဖွဲ့၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နင်းရေးကော်မတီ အတွင်းရေးမှူး ဦးဟိမ်းဝမ်က 7 Day ကို ပြောကြားခဲ့ပြီး ပိတ်ပင်ရာတွင် လိုင်ဇာ၊ မိုင်ဂျာယန်ဒေသအားလုံး ပါဝင်ကြောင်း သိရပါသည်။

ထို့အပြင် တပ်မတော်နှင့် KIO/KIA အဖွဲ့ အကြား လတ်တလောဖြစ်ပွားနေသောတိုက်ပွဲများ၊ ပဋိပက္ခများက ကချင်ပြည်နယ်ရှိ စစ်ရှောင်များ နေရပ်ပြန်ရေး လုပ်ငန်းစဉ်အပေါ် များစွာဂယက်ရိုက်ခတ်ကြောင်း ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆန်ဆွန်က 7 Day Daily သတင်းစာသို့ ပြောကြားခဲ့သည့်သတင်းလည်း ရှိခဲ့ပါသည်။

စက်တင်ဘာလအတွင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ကချင်ပြည်နယ်ရှိ စစ်ရှောင်များ နေရပ်ပြန်ရေးလုပ်ငန်းအပေါ် ဂယက်ရိုက်စေသည်ဟု ဒေါက်တာခလမ်ဆန်ဆွန်က ပြောကြားခဲ့ကြောင်း အဆိုပါသတင်းတွင် ပါရှိခဲ့သည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့နယ်တွင် တပ်မတော်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး နယ်မြေကိစ္စ အငြင်းပွားမှု ဖြစ်နေကြောင်း ဧရာ၀တီသတင်းဌာနက အောက်တိုဘာ ၇ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

တပ်မတော်နှင့် RCSS အဖွဲ့အကြား အောက်တိုဘာ ၃ ရက်မှ စတင်ခဲ့သည့် တိုက်ပွဲမှာ ပြေလည်သည်အထိ ညှိနှိုင်းနိုင်ခြင်းမရှိသေးဘဲ နယ်မြေကိစ္စနှင့် ပတ်သက်၍ အပြန်အလှန် ငြင်းခုံမှုများ ရှိနေကြောင်း သတင်းတွင် ဖော်ပြထားပါသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက RCSS အဖွဲ့မှာ နယ်မြေ ကျော်လွန် လှုပ်ရှားသည်ဟု ပြောဆိုခဲ့မှုနှင့် ပတ်သက်ပြီး RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဒု ဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက တပ်မတော်က တိုက်ပွဲ ဆင်နွှဲချင်၍ အကြောင်းပြချက်ပေးခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်ဟု ဧရာ၀တီသတင်းတွင် ပါရှိခဲ့သည်။

ဆက်စပ်သတင်းတရပ်အဖြစ် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု များပြားနေ၍ RCSS/SSA အဖွဲ့က ၎င်းတို့ အုပ်ချုပ်ရေးနယ်မြေရှိ ကျေးရွာများအတွင်း ရပ်ဝေးနေလူများ ဝင်ထွက်သွားလာမှုကို အောက်တိုဘာ ၅ ရက်မှ အောက်တိုဘာ ၃၁ ရက်ထိ ကန့်သတ်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်ဟု အောက်တိုဘာ ၆ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြခဲ့ပါသည်။

၎င်းတို့ အုပ်ချုပ်ရေးနယ်မြေအတွင်းရှိ ပြည်သူများ၏ ကျန်းမာရေးကို ရှေးရှု၍ ဖြစ်သည်ဟု RCSS က ပြောကြားခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အစိုးရ၊ တပ်မတော်၊ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု RCSS အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထား ကြောင်း သိရပါသည်။

အောက်တိုဘာ ၃ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြမှုအရ ကော့ကရိတ်-မြဝတီလမ်းဟောင်းရှိ ဆက်သွယ်ရေးစတေရှင်တွင် တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) လမ်းကြောင်းမှတဆင့် ဆောင်ရွက်သွားရန် ရှိကြောင်း တပ်မတော်က ပြောကြားခဲ့သည်ဟု သိရပါသည်။

အဆိုပါဖြစ်စဉ်ကို ကျူးလွန်ခဲ့သူများတွင် ပါဝင်သော KNU တပ်ဖွဲ့ဝင်တဦးနှင့် ခိုင်းစေသူ တပ်စုမှူးတဦးတို့ကို ဖမ်းဆီးရမိရေး JMC လမ်းကြောင်းမှ ဆက်လက်ဆောင်ရွက်မည်ဟု တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက 7 Day ကို ပြောကြားခဲ့သည်။ ကရင်အမျိုးသားအစည်းအရုံး တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ် မန်းရှာထုဝေါင်းကမူ ထိုဖြစ်စဉ်တွင် ၎င်းတို့တပ်ဖွဲ့ဝင်များ ပါဝင်မှုမရှိသကဲ့သို့ ယင်းသို့ လုပ်ဆောင်ရန် အဖွဲ့အစည်း၌ မူဝါဒ  မရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်ဟု သတင်းတွင် ပါရှိခဲ့သည်။

 

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ပထမပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။