စိတ်ပိုင်းဆိုင်ရာအရ၊ နာမ်ပိုင်းဆိုင်ရာအရ သစ္စာစောင့်သိမှုပေါ်တွင် ပေါင်းစည်းသင့်သည့် အမျိုးသား လက္ခဏာတည်ဆောက်ခြင်း (Nation Building)
Post By ISP Admin, On January 3, 2020
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီထုတ် ခေတ်ရနံ့မဂ္ဂဇင်း အမှတ် ၆၄ တွင် ဖော်ပြခဲ့သော နိုင်ငံရေး သိပ္ပံပညာရှင် ဦးမင်းဇင်နှင့် တွေ့ဆုံခြင်း အင်တာဗျူးအား ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။ ဦးမင်းဇင်သည် ISP-Myanmar ၏ အမှုဆောင်ဒါရိုက်တာ ဖြစ်ပါသည်။
❏ အမျိုးသား လက္ခဏာတည်ဆောက်ရေး (Nation Building) ၊ နိုင်ငံတော် တည်ဆောက်ရေး (State Building) ဆိုပြီးတော့ ကိုမင်းဇင်တို့ပြောကြဆိုကြ၊ သုံးကြတာတွေ့ရပါတယ်။ Nation Building နဲ့ State Building ဘယ်လို ကွာခြားပါသလဲ ဆိုတာ ပထမဦးဆုံး ရှင်းပြစေချင်ပါတယ်။ တစ်ဆက်တည်းမှာပဲ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးချိန်ကစလို့ တိုင်းပြည် တည်ထောင်ခဲ့သူတွေဟာ အဲဒီလို အမြော်အမြင်မျိုး၊ တနည်းအားဖြင့် နိုင်ငံတော်ကို ဘယ်လိုတည်ဆောက်မယ်ဆိုတဲ့ Vision မျိုး ရှိခဲ့ပါသလားဆိုတာ ဆွေးနွေးပေးပါဦး။
◉ အမျိုးသား လက္ခဏာ တည်ဆောက်ရေး Nation Building ကို ပြောမယ်ဆိုရင် နိုင်ငံတော် တည်ဆောက်ရေး State Building နဲ့ ဆက်စပ်ပြီးတော့ စဉ်းစားဖို့ လိုလိမ့်မယ်လို့ ထင်ပါတယ်။ State Building ကတော့ ရုပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို ပိုပြီးတော့ အာရုံ ပြုရပါတယ်။ အထူးသဖြင့် ၁၇ ရာစု၊ ၁၈ ရာစု ဥရောပကို ကြည့်မယ်ဆိုရင် နိုင်ငံတော် တည်ဆောက်ရေးဆိုတာဟာ နိုင်ငံတော်ကနေပြီးတော့ အကြမ်းဖက်နိုင်တဲ့ နည်းလမ်းတွေ မှန်သမျှကို ဗဟိုကနေ ချုပ်ကိုင်ထားတာ၊ တနည်းအားဖြင့် အလွယ်ပြော ရမယ် ဆိုရင်တော့ တိုင်းပြည်မှာ လက်နက်ကိုင်တပ် တစ်ခုတည်း ရှိတယ်ပေါ့။
နောက်တစ်ခု နိုင်ငံတော်က နေပြီးတော့ တိုင်းပြည်ရဲ့သယံဇာတတွေ အကုန်လုံးကို ထိန်းချုပ်ပြီးတော့မှ ထုတ်ယူ သုံးစွဲတာမျိုး ဖြစ်ပါတယ်။ နောက်မှ အာဏာ ခွဲဝေမှုအရ ပြည်နယ်တွေ၊ ကျန်တဲ့ ဒေသတွေကို ပြန်ပြီးတော့ အာဏာခွဲဝေပေးမှု အရ လုပ်ကောင်းလုပ်မယ်။ ဒါပေမဲ့ အခြေခံအားဖြင့်တော့ ဒါတွေအားလုံးဟာ နိုင်ငံတော်ရဲ့ အာဏာစက် အောက်မှာပဲ အကုန်လုံးရှိတာမျိုး။ နောက် တစ်ခုကတော့ တရားဥပဒေ စိုးမိုးရေးနဲ့ တန်ဖိုးထားမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်ရဲ့ အာဏာစက် ကျယ်ပြန့် သက်ရောက်တာကိုပဲဆိုလိုတာပါ။ အဲဒီမှာတော့ များသောအားဖြင့် ဗျူရိုကရေစီလို့ခေါ်တဲ့ အုပ်ချုပ်ရေးယန္တရားကို ပိုပြီး အားကောင်းအောင်လုပ်တာကလည်း နိုင်ငံတော်တည်ဆောက်ရေးမှာ အရေးပါပါတယ်။
၁၇ ရာစု၊ ၁၈ ရာစု ဥရောပနိုင်ငံတွေကို ကြည့်မယ် ဆိုလို့ရှိရင် အဲဒီဟာကို ဦးစားပေး တည်ဆောက်တာ တွေ့ရပါတယ်။ နိုင်ငံတွေကို ကိုလိုနီ ကျွန်ပြုတဲ့ နောက်မှာလည်း ကိုလိုနီ နယ်ချဲ့တွေရဲ့ အဓိက လုပ်ရပ် တစ်ခုကလည်း အဲဒီ နိုင်ငံတော် တည်ဆောက်ရေး ယန္တရားတွေကို ဦးစားပေးတည်ဆောက်တာ တွေ့ ရပါတယ်။ Nation Building ဆိုတာကတော့ နိုင်ငံတော်တည်ဆောက်ရေး တစ်စုံတစ်ရာ အရှိန်ရလာတဲ့ အခါမှာ ဒီနိုင်ငံတော် နယ်နမိတ် အတွင်းမှာရှိတဲ့ နိုင်ငံသားတွေဟာ ဒီနိုင်ငံတော်ဟာ ငါတို့အားလုံးနဲ့ ဆိုင်တယ်၊ ငါတို့ အားလုံးကို တန်းတူ ဆက်ဆံတယ်၊ ငါတို့ဟာ ဒီနိုင်ငံတော်ထဲမှာ ပထမတန်းစား၊ ဒုတိယတန်းစား၊ တတိယတန်းစား မကွဲဘူ းဆိုပြီးတော့ ဒီနိုင်ငံတော်နဲ့ပတ်သက်လို့ စိတ်ပိုင်းဆိုင်ရာအရ၊ နာမ် ပိုင်းဆိုင်ရာအရ သစ္စာစောင့်သိမှုပေါ့နော်။ သစ္စာစောင့်သိမှုကလည်း Identity လို့ခေါ်တဲ့ နိုင်ငံတော်ရဲ့အမျိုးသား လက္ခဏာ သရုပ်သကန်တွေ ကျယ်ပြန့် လွှမ်းခြုံမှုတွေရှိလေ သစ္စာစောင့်သိမှုက ပိုအားကောင်းလေပဲ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် Nation Building ဆိုတာက တည်ဆောက်ထားတဲ့ နိုင်ငံတော်ကို Psychological Integration လို့ခေါ် တာပေါ့။ စိတ်ဓာတ်ပိုင်းဆိုင်ရာ စုစည်းမှု ပေးတဲ့သဘောပါပဲ။
ကျွန်တော်တို့ နိုင်ငံတော် သီချင်းမှာလည်းပါတယ်။ “ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ” ဆိုပြီး အဲဒီလိုခံစားချက်မျိုး ဖြစ်လာတာကို Nation Building လို့ ပြောတာပါ။ ပြောရမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာအရ ပေါင်းစည်းခြင်း၊ စုစည်းခြင်းကို Nation Building ၊ အမျိုးသားလက္ခဏာတည် ဆောက် ခြင်းလို့ ပြောပြီးတော့ စောစောကပြောတဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်စည်းတာ၊ ပေါင်းစည်းတာ၊ ဗဟိုချုပ်ကိုင်မှုလုပ်တာကိုတော့ နိုင်ငံတော် တည်ဆောက်တယ် State Building လို့ ပြောတာဖြစ်ပါတယ်။
အဲဒီတော့ ဒီနှစ်ခုက ကျွန်တော်တို့ အခြေခံအားဖြင့်တော့ ခွဲပြောရမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် တိုင်းပြည်ကို တည်ဆောက်ခဲ့တဲ့ ခေါင်းဆောင်တွေ လွတ်လပ်ရေး တိုက်ပွဲမှာ တစ်လျှောက်လုံး ကြုံခဲ့ရတာက ဘာလဲဆိုတော့ အင်္ဂလိပ် အနေနဲ့ကတော့ ဒီနိုင်ငံတော်ကို နိုင်ငံတော် တည်ဆောက်ရေး ရှုထောင့်အရ ယန္တရားတွေကို သူ့ရဲ့ နယ်ချဲ့စနစ် အလုပ်ဖြစ်အောင်၊ ပညာရေးကစလို့ လမ်းပန်း ဆက်သွယ်ရေး အလယ်၊ အင်္ဂလိပ်ကတော့ အများကြီးလုပ်ခဲ့တာပဲ။ ဒါတွေက အင်္ဂလိပ်တွေအတွက်တင် မဟုတ်ဘဲနဲ့ ငါတို့ ကိုယ်တိုင် သခင်ဖြစ်တယ်၊ ငါတို့ဘာသာလျှင် ငါတို့ ပိုင်စိုးတယ်ဆိုတဲ့ စိတ်ဓာတ်က ဒို့ဗမာအစည်းအရုံး ခေတ်ကနေ စပြီး တောက်လျှောက်ဖြစ်လာတော့ အင်္ဂလိပ် တည်ဆောက်ထားတဲ့ နိုင်ငံတော်ကို အားလုံးနဲ့ ဆိုင်တယ်၊ အားလုံးပိုင်တယ်ဆိုတဲ့ အခြေခံပေါ်မှာဖြစ်လာဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်တွေ အများကြီး ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။
၁၉၃ဝ မေလထုတ်တဲ့ ဒို့ဗမာအစည်းအရုံးရဲ့ နိုင်ငံပြုစာစု အမှတ်(၁)မှာ ဆိုရင်“တစ်နိုင်ငံလုံး ကိုယ့်အိမ်ဟု မှတ်၍ ချစ်ခင်ခြင်းမှာ မျိုးချစ်စိတ်အစစ်ဖြစ်ပါသည်။ ထိုစိတ်မျိုးရှိမှသာ စည်းလုံးညီညွတ်၍ တန်ခိုး ရှိနိုင်ပါသည်။ တန်ခိုးရှိလိုလျှင် ဗမာတနိုင်ငံလုံးကို ဒါတို့ အိမ်ဟုမှတ်၍ ချစ်ခင်ပါ။ စောင့်ရှောက်ပါ။ ကိုင်း-အချင်းတို့ ဗမာတို့ အသင်တို့ ငါတို့ အကျင့်ဆိုးလေး ဖြစ်သော ကိုယ့်အိမ်မှ ကိုယ့်အိမ်ဟု မှတ်ထားသော သေးသိမ်သည့် ညံ့ဖျင်းသည့် အကျင့်ဆိုးကလေးကို နေ့စဉ် ဖျောက်ပြီးလျှင် မြစ်ကြီးနားမှ ထားဝယ်အရောက်ဖြစ်သော ဗမာနိုင်ငံကြီး တစ်ခုလုံးကို တို့ အိမ်ကြီးဖြစ်သည်ဟု မှတ်ကြပါကုန်”လို့ ကြေညာထားတယ်။
ဒါဟာ ခေတ်သစ်မြန်မာ အမျိုးသား သရုပ်လက္ခဏာကို လွှမ်းခြုံကျယ်ပြန့်အောင် အားထုတ်မှုတစ်ရပ်ပဲ။ အမျိုးဘာသာ သာသနာဆိုတဲ့ ကန့်သတ်မှုဘောင်ရှိသေးပေမယ့် ပထဝီ သဘောအရ အကျယ်ပြန့်ဆုံး အမျိုးသားသရုပ်လက္ခဏာကို အမှတ်သညာ ပြုဖို့ ကြိုးစားတာပါပဲ။ နောက်ပိုင်း ပိုရင့်ကျက်လာတဲ့ အခါ ကမ္ဘာစစ်တွေကြုံပြီး လွတ်လပ် ရေးကို တကယ်တောင်းတဲ့ အခါမှာ အောင်ဆန်း-အက်တလီ စာချုပ်ဆိုတာ အင်္ဂလိပ်ကလည်း တိုင်းရင်းသားတွေရဲ့ စိုးရိမ်ပူပန် ချက်တွေကို ထည့်သွင်းပြီး တိုင်းရင်းသား အားလုံး တန်းတူပါဝင်နိုင် တဲ့ ပြည်ထောင်စုလုပ်မယ်၊ ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ ပင်လုံ စာချုပ်ဆိုပြီး ပေါ်ပေါက်လာတာဖြစ်ပါတယ်။
တကယ်တမ်း ကျတော့လည်း ဒါက နိုင်ငံရေး ခေါင်းဆောင်တွေသာ မကပါဘူး၊ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ခေါင်းကိုင် ဖခင်ဖြစ်တဲ့ ပညာရှင်ခေါင်းဆောင်တွေ ကိုယ်တိုင်ကလည်း ဒီနိုင်ငံဟာ အမျိုးသား လက္ခဏာတစ်ခုနဲ့ ခေတ်သစ် ပြည်ထောင်စုကို တည်ဆောက်သင့်တယ်၊ တည်ဆောက်ရမယ် ဆိုတဲ့ အမြင်မျိုးတွေ အများကြီးရှိခဲ့ တာပါ။ ဆရာဇော်ဂျီတို့ လိုမျိုး ခေတ်သစ် မြန်မာ့စာပေသမိုင်းမှာ ဦးစီး ဦးဆောင်ပြုခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ သူတို့ရေးခဲ့တဲ့ စာတွေမှာလည်း အများကြီးတွေ့ရပါတယ်။
ကျွန်တော် အမြဲတမ်း ကိုးကားလေ့ ရှိတာကတော့ ဆရာဇော်ဂျီရေးတဲ့ “ပြည်ထောင်စုနဲ့ ကျွန်တော်”ဆို တဲ့ ဆောင်းပါးပါပဲ။ အဲဒီဆောင်းပါးမှာဆိုရင် ဆရာဇော်ဂျီက ဘယ်လို ပြောသလဲဆိုတော့ “ကျွန်တော်တို့ နိုင်ငံသည် လွတ်လပ်ရေးကို ရသည်နှင့်တပြိုင်နက် ပြည်ထောင်စုမြန်မာ နိုင်ငံဖြစ်လာပြီး ပြည်ထောင်စုဟု ခေါ်သဖြင့် ကျွန်တော်တို့နိုင်ငံသည် ပုဂံခေတ်က တိုင်းပြည်မျိုး မဟုတ်တော့ပြီ။ တောင်ငူခေတ်က တိုင်းပြည်မျိုး မဟုတ်တော့ပြီ။ ကုန်းဘောင်ခေတ်၊ အင်္ဂလိပ်ခေတ်က တိုင်းပြည် မျိုးလည်း မဟုတ်တော့ပြီ။ ရုပ်ရော၊ နာမ်ရော အကုန်ပြောင်းပြီ”လို့ ဆရာဇော်ဂျီက ရေးခဲ့ပါတယ်။ ဒီမှာကြည့်မယ် ဆိုလို့ရှိရင် ဆရာ ဇော်ဂျီ ပြောတာက ခေတ်သစ် လွတ်လပ်ရေးနဲ့ရတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဟာ အသစ်ဖြစ်တယ်။ ဟိုခေတ်က ပဒေသရာဇ် ခေတ်က တိုင်းပြည်တွေနဲ့ ချက်ကြိုးဆက်လို့မရဘူးလို့ ပြောချင်တာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောမယ်ဆိုရင် ရုပ်ရော၊ နာမ်ရော အကုန်ပြောင်းပြီ ဆိုတာဟာ နိုင်ငံတော်ရဲ့ ရုပ်ပိုင်း ဆိုင်ရာ ယန္တရားတင်မကဘူး၊ နာမ်ပိုင်းဆိုင်ရာ (Psychological Integration of State) လို့ စောစောက ကျွန်တော် ပြောခဲ့သလို နိုင်ငံတော်ကို စိတ်ပိုင်းဆိုင်ရာစုစည်းမှုလို့ ဆရာဇော်ဂျီ ခဏခဏသုံးပါတယ်။
သူ့ရဲ့ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ ပတ်သက်တဲ့ ဆောင်းပါး တစ်ပုဒ်မှာဆိုရင်လည်း ဆရာဇော်ဂျီက ဆရာကြီးသခင်ကိုယ်တော်မှိုင်းအပါအဝင် ယဉ်ကျေးမှု မျက်နှာစာကနေပြီးတော့ လွတ်လပ်ရေး အတွက် ရုန်းကန်ခဲ့တဲ့ သူတွေဟာ လူတွေရဲ့ဆန္ဒ အင်အားတွေကို စုစည်းပေးထားတယ်၊ လူတွေရဲ့ စိတ်ဓာတ်အင်အား တွေကို စုစည်း ပေးထားတယ်ဆိုတာကို ဆရာဇော်ဂျီက ပြောလေ့ရှိပါတယ်။ အဲဒီလို စုစည်းပေးထားမှုကိုပဲ ကျွန်တော်တို့က ဘာလို့ခေါ်တာလဲ ဆိုတော့ Nation Building လို့ခေါ်ပါတယ်။ အဲဒီနှောင်ကြိုး၊ အဲဒီ သံယောဇဉ် မရှိတော့ဘူးဆိုရင် ဒါက Nation Building မအောင်မြင်ဘူးလို့ သဘောမျိုး ကျွန်တော်တို့ပြောလို့ရပါတယ်။
ဆရာဇော်ဂျီ အပါအဝင် ပညာရှင်တွေ ပါဝင်ရေးခဲ့တဲ့ တိုင်းပြည်ရဲ့ မြန်မာ့လွတ်လပ်ရေး ကြေညာစာတမ်းကို ကြည့်မယ်ဆိုရင်လည်း အဲဒီသဘောတွေ အများကြီ းတွေ့ရပါတယ်။ ဥပမာ – လွတ်လပ်ရေး ကြေညာ စာတမ်း အပိုဒ်- ၄ မှာဆိုလို့ ရှိရင် ဆရာကြီးတွေ ရေးထားတာက “ငါတို့သည် တစ်မျိုး တစ်ဘာသာ တစ်စိတ်တစ်ဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား၊ ကျောသားရင်သား သူကား ငါကားခွဲခြားခြင်းကို အလိုမရှိ၊ မြန်မာနိုင်ငံတော်တဝှမ်းကို တစ်သွေးတစ်သားတည်းဟူသော ကြိုးထူး၊ တစ်စိတ်တဝှမ်းတည်း ဟူသော ကြိုးထူး၊ အလိုအလျောက် သဘာဝ အထောက်အပံ့ ဖြင့်သာလျှင် ဖြစ်ပေါ်အပ်သောစေတနာ တည်းဟူသော ကြိုးထူး၊ ဤကြိုးထူးသုံးပါးဖြင့် ကမ္ဘာဆုံးတိုင် မြဲခိုင်တည်တံ့အောင် ဖွဲ့စည်း အပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့ အပိုင်ရလေပြီ”လို့ လွတ်လပ်ရေးကြေညာ စာတမ်း မှာ ရေးထားတာတွေ့ ရပါတယ်။
အဲဒီမှာဆိုရင် ကြိုးထူးကြီ းသုံးမျိုးဟု သူတို့ပြောတာ အကုန်လုံးက Nation Building ပါ။ ဒီနိုင်ငံ၊ ဒီလူ့အဖွဲ့ အစည်းကို ဒီလို ပုံစံမျိုးနဲ့ ရစ်ပတ်ချည်ဖွဲ့ထားမယ်၊ အဲဒီလိုချည်ဖွဲ့မှ သာလျှင် မြဲမြံတည်တံ့မယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ နိုင်ငံတော် ယန္တာရားတွေဖြစ်တဲ့ အုပ်ချုပ်ရေးဗျူရိုကရေစီ အားကောင်းတာတို့၊ လက်နက်ကိုင် တပ်တွေ အားကောင်းတာတို့၊ တိုင်းပြည် စီးပွားရေးကောင်းတာ တို့လောက်နဲ့ မလုံလောက်သေးဘဲ ကျောသားရင်သား မခွဲတဲ့ အဲဒီ လိုနည်းတွေနဲ့ ကြိုးထူးတွေနဲ့ ချည်စပ်ထားမှ သာလျှင် ခိုင်မြဲမယ် ဆိုတဲ့ အမြင်ဟာ တကယ်တမ်းကျတော့ Nation Building အတွက် ရေခံမြေခံပဲ ဖြစ်ပါတယ်။ ဒါ ကျွန်တော်နမူနာထုတ်ပြတာပါ။
တကယ်တော့ ကျွန်တော် ဆရာဇော်ဂျီကို နမူနာပေးသလို ကျန်တဲ့ဆရာကြီးတွေလည်း ပြောတာရှိပါတယ်။ ဆရာ ဒဂုန်တာရာ တို့လည်း ဒါမျိုး တွေပြောခဲ့တာ ရှိပါတယ်။ ချုပ်ပြောမယ်ဆို ကျွန်တော်တို့ နိုင်ငံမှာလွတ်လပ်ရေ းရကာစက၊ လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ကာစအချိန်ကတော့ အဲဒီလို Nation Building နဲ့ပတ်သက်ပြီးတော့ အမြော်အမြင် တွေရှိခဲ့တယ်လို့ သုံးသပ်လို့ ရပါတယ်။ ၁၉၆၂ ခုနှစ် တပ်မတော်က အာဏာသိမ်းပြီး နောက်မှာတော့ ဒီအမြော်အမြင်တွေဟာ ပျက်ပြား၀ခဲ့ရပါတယ်။
ဒီမိုကရေစီရဲ့ အလှတရားတစ်ခုက အမှားကို ငြိမ်းချမ်းစွာ ပြင်ဆင်ခွင့် ရှိတာပါ။ ဒီမိုကရေစီ ဆိတ်သုဉ်းတဲ့အခါ မြန်မာနိုင်ငံဟာ အမှား ပြင်ခွင့်၊ တိုးတက်ခွင့် အားနည်းသွားပါတယ်။ သမိုင်းဟာ စီးဆင်း ရှင်သန် ခွင့်မရဘဲ ရေသေလို ပိတ်ဆို့ခံခဲ့ရပါတယ်။ ပိုဆိုးတာက စီးပွားရေး အမြော်အမြင်ပါ မရှိလေတော့ အကျုံးဝင် ကျယ်ပြန့်တဲ့ အမျိုးသား သရုပ်လက္ခဏာ ပြည်ထောင်စု တည်ဆောက်ရေး သာမက စီးပွားရေးဖွံ့ဖြို းတိုးတက်ရေး၊ မျှတတဲ့ခွဲဝေဖြန့်ဖြူးရေးပါမလုပ်နိုင်ဘဲ နိုင်ငံတော်သည်ပင်လျှင် အားအင်ချိနဲ့တဲ့ နိုင်ငံတော် weak state ဖြစ်သွားရပါတယ်။ တိုင်းပြည်ကိုစောင့်ရှောက်တဲ့ တစိတ်တဝမ်း တည်းဆိုတဲ့ အမျိုးသား လက္ခဏာ နာမ်ဇီဝိတိန္ဒြေအားနည်းပြီး ဒီ နိုင်ငံအတွင်း သေအတူ ရှင်မကွာ အတူနေထိုင်ချင်စိတ်တွေ လျော့ပါးလာကြတာ။ ဒါ့အပြင် အားကောင်းရှင်သန်တဲ့ နိုင်ငံတော်ဖြစ် အောင် စောင့်ရှောက်တဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးအဆုံး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းပေါက်လို့ ရုပ်ဇီဝိတိန္ဒြေ ပျက်ယွင်းလာတာ အားလုံးမျက်မြင်ပါပဲ။
❏ ၂ဝရာစု ပင်လုံ ညီလာခံနဲ့ လွတ်လပ်ရေးအရယူနိုင်ခဲ့ပါတယ်၊ ၂၁ရာစုပင်လုံညီလာခံနဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်မယ်ဆိုတဲ့ အမျှော်အမြင်ဟာ အမျိုးသားလက္ခဏာ တည်ဆောက်ရေးအမျှော်အမြင် (Nation Building Vision) လို့ ယူဆလို့ မရနိုင်ဘူးလားခင်ဗျာ။
◉ မြန်မာနိုင်ငံမှာတော့ အမျိုးသား လက္ခဏာတည်ဆောက်ရေးဆိုတဲ့အမျှော်အမြင်နဲ့ အမျိုးသား လက္ခဏာ တည်ဆောက်ရေး အမှန်တကယ်လုပ်မယ်ဆိုရင်တော့ တိုင်းရင်း သားတန်းတူရေးဆိုတဲ့ အခြေခံအပေါ်မှာ ခိုင်ခိုင်မာမာရှိမှပဲ အမျိုးသား လက္ခဏာတည် ဆောက်ရေးဆိုတဲ့ Nation Building ဖြစ်မယ်လို့ ကျွန်တော် သုံးသပ်ပါတယ်။ အမျိုးသားရေးစိတ် Nationalism ဆိုတာက မြန်မာနိုင်ငံလို နိုင်ငံမျိုး မတူကွဲပြားမှု တွေ၊ ခြားနားမှုတွေ များတဲ့ နိုင်ငံမျိုးမှာ လူမျိုးတစ်မျိုး၊ ကိုးကွယ်တဲ့ ဘာသာတစ်ခုခုအပေါ်မှာ သိပ်ပြီးတော့ အခြေခံပြီးတော့ ဒါကို တွန်းလုပ်မယ်ဆိုရင် ကျယ်ပြန့်တဲ့ အမျိုးသား လက္ခဏာ တည်ဆောက် ရေးဖြစ်ဖို့ ခဲယဉ်းနိုင်ပါတယ်။
တကယ်တော့ မြန်မာ့လွတ်လပ်ရေး တိုက်ပွဲမှာကတည်းက ဗမာအမျိုးသားရေး စိတ်အပေါ်မှာ အခြေခံပြီးတော့ တွန်းခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် တစ်စုံတစ်ရာတော့ အဲဒီကာလက အထောက် အကူဖြစ်ခဲ့သော်ငြား တကယ့်တကယ် ကျွန်တော်တို့ ပင်လုံစာချုပ်တွေ ဘာတွေနဲ့ အားလုံး အကျုံးဝင်တဲ့ ပြည်ထောင်စုကြီး တည်ဆောက်တော့မယ်ဆိုတဲ့ အခါမျိုးမှာတော့ အကန့်အသတ်တချို့တွေ တော်တော် များများ တွေ့လာရတာဖြစ်ပါတယ်။ တကယ်တမ်းကျတော့ Nationalism ဆိုတဲ့ အမျိုးသားရေး စိတ်ဆိုတာ၊ အမျိုးသားရေး ဝါဒဆိုတာမျိုးက သိပ်ပြီးတော့ ဩဇာရှိန်ဝါ ပြင်းလွန်းတဲ့အခါကျတော့ ကျွန်တော်တို့ အနေနဲ့ ဒါကိုတော့ ဆန့်ကျင်လို့မရဘူး။ ဒါပေမဲ့ ဒါကိုလည်း လူတစ်စုတစ်ဖွဲ့တည်း လက်ထဲလည်း လွှဲထားလို့မရဘူး။ ဒါကြောင့် အမျိုးသားရေးစိတ်ကို အားလုံးအကျုံး ဝင်တဲ့ Inclusive Nationalism မျိုး၊ အကျုံးဝင်တဲ့ အမျိုးသားလက္ခဏာမျိုး ဖြစ်အောင် ဝိုင်းပြီးတော့ တည်ဆောက်ယူကြရမှာပဲဖြစ်ပါတယ်။
၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံကို ကြည့်မယ်ဆိုရင် သဏ္ဍာန်အားဖြင့်တော့ အားလုံး အကျုံးဝင်သလို ရှိပေမယ့် တကယ်တမ်းကျတော့ အနှစ်သာရပိုင်းမှာ အထက်ကနေ အောက်ကို ထိန်းချုပ်ပြီးတော့ ဆုံးဖြတ်ချက်ချတဲ့ သဘောမျိုးတွေ ပိုကဲတာ ကျွန်တော်တို့ တွေ့နေရတယ်။ ပြောရမယ်ဆို Top –Down ဖြစ်တာတွေ့ရပါ တယ်။ ဒီလိုပြောလို့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား EAO တွေ လက်နက်ကိုင် တွေပေါ့လေ ထိပ်ပိုင်းက တွန်းတယ် ဆိုလို့ သူတို့တွေ ထိပ်ပိုင်းချင်း ပြေလည်လားဆိုတော့လည်း အဲဒီ လောက်လည်း သူတို့အချင်းချင်း ပြေလည်တဲ့အဆင့်ရောက်တာ မတွေ့ရပါဘူး။ အခုချတဲ့ ဆုံးဖြတ်ချက်တွေ၊ ရလာဒ်တွေဆိုလို့ ရှိရင်လည်း မျက်နှာမပျက်ရုံချတဲ့ရလဒ်မျိုးထက် ပိုတာမျိုးကို ကျွန်တော်တို့ အခုထိ မတွေ့ရသေးပါဘူး။
တကယ်တမ်းအားဖြင့်ပြောမယ်ဆိုရင် ဒီ ၂၁ ရာစုပင်လုံဟာ သိပ်ပြီးတော့ elite-driven ထိပ်ပိုင်းကနေ တွန်းတာမျိုး သိပ် လွန်ကဲလွန်းတယ်။ ထိပ်ပိုင်းကနေတွန်းလို့ အဖြေထွက်တယ်၊ ရလာဒ်ထွက်တယ်၊ ကာလတိုနဲ့ ထွက်တယ် ဆိုရင်လည်း ဒါကောင်း ပါတယ်။ အဲဒီလို မဟုတ်ဘူးဆိုရင်တော့ ကြာလာရင် ထိပ်ပိုင်းက တွန်းတဲ့ဟာကိုပဲ သိပ်မျှော်လင့်တာဟာ ပြည်သူလူထုရဲ့ အခန်း ကဏ္ဍ၊ ပြည်သူလူထုရဲ့ ပါဝင်ပတ်သက်မှု၊ ပြည်သူဆိုတဲ့နေရာမှာ တိုင်းရင်းသားအားလုံးပါဝင်တဲ့ ပြည်သူလူထုရဲ့ပါဝင်ပတ်သက်မှု ကို ပိုပြီးတော့ အားနည်းစေမယ်။ ပိုပြီးတော့ အကန့်အသတ် ဖြစ် စေမယ်လို့ ကျွန်တော် သုံးသပ်ပါတယ်။ ဒါက ၂၁ ပင်လုံရဲ့ ပထမ စိန်ခေါ်မှု တစ်ခုဖြစ်ပါတယ်။
ဒုတိယတစ်ခုကတော့ ၂၁ ပင်လုံမှာ ခေါင်းစဉ်ကြီး(၅) ခုနဲ့ ပြောဆိုတာ၊ ဆွေးနွေးတာတွေမှာ တချို့ နေရာတွေမှာ သိပ်ပြီးတော့ နည်းပညာ သိပ်ဆန်တယ်၊ Technical သိပ်ဖြစ်တဲ့ အခါကျတော့ ပြည်သူအများစုရဲ့ ပါဝင်ပတ်သက်မှု လည်း အကန့်အသတ် ဖြစ်စေတယ်။ ဒီ တော့ တချို့ကိစ်္စတွေမှာ နိုင်ငံရေးအရ အခြေခံမူတွေ ချနေတာလား၊ ဒါမှမဟုတ်လို့ ရှိရင် အသေးစိတ် Policy တွေ ရေးဆွဲနေတာလား ဆိုတဲ့အပိုင်းလည်း မသဲကွဲတာတွေ့ရပါတယ်။
တကယ့်တကယ် ပြောရမယ်ဆိုရင် သိပ်ပြီးတော့ Technical ဖြစ်တဲ့အခါမှာ နိုင်ငံရေး မဆန်အောင်၊ နိုင်ငံရေးကို ရှောင်နိုင်အောင် နည်းနာပိုင်းတွေနဲ့ လမ်းလွှဲထား သလိုမျိုးတောင် ဖြစ်သွားတတ်တာမျိုး လည်းရှိပါတယ်။ ဒါကတော့ ကျွန်တော်ထင်တယ် Depoliticization လုပ်တယ်လို့ခေါ်ပါတယ်။ အဲဒါက လည်း ဒု တိယစိန်ခေါ်မှု တစ်ခုဖြစ်ပါတယ်။ နောက်တစ်ခု ကတော့ ဒီဘောင်ထဲမှာပဲ၊ ဒီအခင်းအ ကျင်းထဲမှာပဲ၊ ဒီပေးထား ချက်ထဲမှာပဲ လက်တွေ့ကျကျလုပ်ပါဆိုပြီးတော့ excessive pragmaticism ပေါ့။ အလွန်အကျွံလက်တွေ့ကျဖို့ တောင်းဆိုတဲ့အခါ မှာ နိုင်ငံရေးအရစိတ်ကူး စိတ်သန်းတွေ၊ နိုင်ငံရေးအရ ဖောက်ထွက်တွေးတာတွေ အားနည်းလာတာ ကျွန်တော်တို့တွေ့ရပါ တယ်။
အဲဒီလိုမျိုး ဖောက်ထွက် တွေးတယ် ဆိုရင် ဥပမာ-ငြိမ်းချမ်း ရေးလုပ်တဲ့အခါမှာ ငြိမ်းချမ်းရေး ဖြစ်စဉ်တင်မ ဟုတ်ဘူး၊ လက်ရှိ ၂၁ ပင်လုံကို မပြောဘဲနဲ့ Nation Building ပြောတယ်ဆိုရင် ဒါဟာ ၂၁ ပင်လုံကို ရှုပ်ထွေးအောင်လုပ်တာ။ ဒါကြောင့်မို့ ဒါကို အားမပေးသင့်ဘူး ဆိုပြီး အရပ်ဖက် အဖွဲ့အစည်းထဲမှာဆိုရင် အငြင်းအခုံတွေဖြစ်တဲ့ အဆင့်ထိ ဖြစ်သွားကြတာတွေ ရှိပါတယ်။ အဲဒီလိုမျိုး အချင်းချင်းသဘော ထားကွဲပြီးတော့ တစ်စုကတော့ဖြင့် နိုင်ငံတော်က ဦးစီးတဲ့ ၂၁ ပင်လုံအတိုင်းပဲလုပ်၊ နောက်တစ်စုက တော့ ကျယ်ကျယ်ပြန့်ပြန့်သွားချင်တဲ့ Nation Building ကိုသွား ဆိုတော့ ကျွန်တော်ထင်တယ်။ အဲဒီလိုမျိုးအကွဲ အပြဲတွေထိ တောင်မှ ဖြစ်သွားတာမျိုးကိုမှ ကျွန်တော်တို့ သတိပြုမိပါတယ်။ ဒါကြောင့် ပြောရမယ်ဆိုရင် နိုင်ငံတော်က ဦးစီးတဲ့ကိစ္စကိုပဲ နောက် က လိုက်ပါပါဆိုတဲ့ အင်အားစုတွေက သိပ်ပြီးတော့ ပေးထားချက် ကို အလွန်အကျွံ တွန်းတဲ့အခါမှာ နိုင်ငံရေးအရစိတ်ကူး စိတ်သန်း တွေ အားနည်းသွားတာ ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါကတော့ တတိယစိန်ခေါ်မှုပါ။
ဒီစိန်ခေါ်မှု သုံးခုကို သေချာပြန်ပြီးတော့ သုံးသပ်ဖို့ လိုမယ်လို့ ကျွန်တော်ထင်ပါတယ်။ အထူးသဖြင့် ၂၁ ပင်လုံဟာ အခြေခံ ဥပဒေ၊ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးကနေပြီးတော့ အားလုံးပါဝင်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ၊ အခြေခံဥပဒေပြုပြင် ပြောင်းလဲမှုကနေ နောက်ဆုံး ပြည်ထောင်စုသစ်ကြီးပေါ်ထွန်းတဲ့ အထိကို ရှေးရှုချင်တယ်ဆိုလို့ရှိရင်တော့ အခြေခံကျကျပြန်သုံးသပ် မှုတွေလုပ်ရမယ်။ မြန်မာပြည်ရဲ့ အဓိကပြဿနာ၊ အရင်းခံ ပြဿနာ ဟာ အားလုံးအကျုံးဝင်တဲ့ အမျိုးသားလက္ခဏာတစ်ခုကို မတည် ဆောက်နိုင်ခဲ့တာ၊ တနည်းအားဖြင့်ပြောရရင် အားလုံးအကျုံးဝင်တဲ့ ပြည်ထောင်စုကြီးကို မတည် ဆောက်နိုင်ခဲ့တာ တင်းပြည့် ကျပ်ပြည့် ပြည်ထောင်စုကြီးကို မတည်ဆောက်နိုင်ခဲ့တာ အင်္ဂလိပ်လို ပြောရမယ်ဆိုရင် Incomplete Nation Building ပေါ့နော်။ အဲဒါဟာ မြန်မာပြည်ရဲ့ အရင်းခံပြဿနာ ဖြစ်ပြီးတော့ တကယ်တမ်းကျတော့ စစ်အာဏာရှင်စနစ်တို့ ကျန်တဲ့ပြဿနာတွေဟာ ရောဂါလက္ခဏာ သာဖြစ်နေတာတွေ့ရပါတယ်။ အဲဒီတော့ တခါတလေကျရင် ရောဂါလက္ခဏာ ကြောင့် ရောဂါ ပိုရှုပ်ထွေးသွားတာလည်း ဖြစ်တတ်ပါတယ်။ ဒီလိုပြောလို့ ကျွန်တော်တို့က စစ်အာဏာရှင်စနစ်က အရေးမကြီးဘူး။ ကျန်တဲ့ ကိစ္စတွေ အရေးမကြီးဘူးလို့ ပြောတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အာရုံ စိုက်စေချင်တာက စစ်အာဏာရှင်စနစ်တို့၊ ဒီမိုကရေစီဆိတ်သုဉ်းမှုတို့က အရေးကြီးတယ်။ တချိန်တည်းမှာပဲ အရင်းခံ ပြဿနာကပြည်ထောင်စုကို တန်းတူညီမျှ မတည်ဆောက်နိုင်ခြင်းဟာ အဓိ ကပြဿနာဖြစ်တယ်။
ကျန်တဲ့ ကိစ္စတွေက အဲဒီအပေါ်မှာ ဆင့်ပွားပြီး ဖြစ်ပေါ်လာတာ၊ အဲဒါကို ပိုပြီး ရှုပ်ထွေး စေတာက ရောဂါ လက္ခဏာတွေပဲ ဖြစ်တယ်။ အဲဒီလို ထောက်ပြချင်တာပါ။ ဒီလိုပြောလို့ ရောဂါလက္ခဏာ အရေးမကြီး ဘူးလို့ ပြောတာမဟုတ်ပါဘူး။ တချို့ကိစ္စတွမှာ ရောဂါလက္ခဏာကြောင့် ဝေဒနာသည် အသက်ဆုံးရှုံးသွား ရတာတွေလည်း အများ ကြီးရှိပါတယ်။
ကျွန်တော်ဆိုလိုတာက ဥပမာ အယ်ဇိုင်းမား လိုမျိုးပေါ့။ ဒါမျိုးဆို ရင် ရောဂါလက္ခဏာကြောင့် ဝေဒနာရှင်ဟာ အသက်ဆုံး ရှုံးရတာမျိုးပါ။ ရောဂါတာရှည်လာတာနဲ့ အမျှ ရောဂါလက္ခဏာတွေကလည်း ရောဂါကို ပိုရှုပ်ထွေးစေတယ်။ မြန်မာနိုင်ငံမှာတော့ ပြောရမယ်ဆိုရင် ပြည်ထောင်စုကိုတန်းတူ မတည်ဆောက် နိုင်ခြင်း ရဲ့ ရောဂါအပေါ်မှာ ဆင့်ပွားပေါ်လာတဲ့ စစ်အာဏာရှင် စနစ်တို့၊ တရားဥပဒေ စိုးမိုးမှု မရှိတော့တာတို့၊ စီးပွားရေး ကျပ်တည်းတာတို့ ဒါတွေကလည်း ခုနက အရင်းခံ ပြဿနာကိုပိုပြီးရှုပ်ထွေး စေတယ်။ အထူးသဖြင့် ပြောရမယ်ဆိုရင် စစ်နဲ့ပတ်သက်ပြီး ဖြစ်လာတဲ့၊ ပြည်တွင်းစစ်နဲ့ပတ်သက်ပြီးဖြစ်လာတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ မူးယစ်ဆေးဝါးတွေ၊ ကျန်တဲ့စီးပွားရေး၊ လက်နက်မှောင်ခို၊ ဒီလိုမျိုး လုပ်ငန်းတွေကလည်း အဓိကအရင်းခံ ပြဿနာကို ပိုပြီးတော့ ဖြေရှင်းရ ခက်စေတာ ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ အနေနဲ့ ပြောချင်တာကတော့ အရင်းခံ ပြဿနာ ကိုလည်း နားလည်ရမယ်။ ဒါပေမဲ့ တချိန်တည်းမှာလည်း ရောဂါလက္ခဏာကိုလည်း သိပ်ပြီးတော့ လျှော့တွက်ပစ်ပယ်လို့ မရဘူးဆိုတာ ထောက်ပြချင်ပါတယ်။
ကျွန်တော်တို့ ခုနက ပြောသလိုပေါ့လေ။ အရင်းခံပြဿနာ ကို နားလည်မှုအပေါ် မှာ မူတည်ပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ၂၁ ပင်လုံလိုဟာမျိုးတွေကို ပြန်ပြီးတော့ သုံးသပ်သင့်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ တကယ် လက်တွေ့ လိုအပ်ချက်အပြင် လုပ်သင့်တာက ဘာလဲဆိုတော့ တိုင်းရင်းသားတွေထဲမှာ၊ အထူးသဖြင့် တိုင်းရင်းသား EAO တွေထဲမှာ အစိုးရနဲ့ NCA ထိုးထားတဲ့ အဖွဲ့တွေပေါ့၊ များသော အားဖြင့် ဒီအဖွဲ့တွေ ကချင်၊ ကရင်၊ ကရင်နီ၊ ရှမ်း၊ မွန် စသဖြင့်ပေါ့။ ဒီလိုတိုင်းရင်းသား တွေဟာ အစဉ်အလာ အားဖြင့် ဒီပြည်ထောင်စုထဲမှာ အတူတကွ ယှဉ်တွဲနေထိုင်မယ်၊ ဒီနိုင်ငံမှာ ဖက်ဒရယ် ဒီမိုကရေစီဟာ ဖြစ်နိုင်သေးတယ်လို့ မျှော်လင့်ယုံကြည်ကြသေးတဲ့ တိုင်းရင်းသားတွေရှိပါ တယ်။ အဲဒီလိုတိုင်းရင်းသားတွေနဲ့ အစိုးရနဲ့ တပ်မတော်ဘက်က နေပြီးတော့ လက်တွဲပြီးတော့ ဒါဟာ သူ့ရဲ့ NCA မှာပါတဲ့အချက်အလက်တွေကို သေသေချာချာလေးလေး နက်နက်နဲ့ ပေါ့၊ အဆင်ပြေတဲ့နေရာကိုပဲ ရွေးအကောင် အထည်ဖော်တာမျိုးမဟုတ်ဘဲနဲ့ တိုင်းရင်းသား တွေ လိုအပ်ချက်ကို ပြန်နားထောင်ပြီးတော့ ဒီဟာတွေကို သေချာဖြည့် ဆည်းပေးမယ်ဆို ရင် တနည်းအားဖြင့်ပြောမယ်ဆိုရင် တိုင်းရင်းသားတွေ မက်တဲ့ဖက်ဒရယ်အိပ်မက်ဟာ ဖြစ်နိုင်သေးတယ်ဆိုတဲ့ မက်ဆေ့ချ်ကို သေချာပြဖို့ လိုမယ်ထင်ပါတယ်။ မဟုတ်လို့ရှိရင် ဒီလိုမျိုး NCA ထိုးထားတဲ့ တိုင်းရင်းသားတွေ ကိုယ်၌က၊ ဖက်ဒရယ်ဟာ အလုပ် ဖြစ်နိုင်သေး တယ်လို့ အိပ်မက် မက်ချင်တဲ့ တိုင်းရင်းသားတွေ ကိုယ်၌က စိတ်ပျက်ပြီးတော့ မြောက်ပိုင်းမှာ အခုဖြစ်နေတဲ့ ပဋိပက္ခတွေ၊ “ဝ” အပါအဝင်ပေါ့နော်၊ ကျန်ဒီအဖွဲ့သစ်တွေ၊ တိုးများလာနေ တဲ့၊ အားကောင်းလာနေတဲ့အယူအဆဖြစ်တဲ့ ကွန်ဖက်ဒရေးရှင်းလို အယူအဆမျိုးတွေဟာ ဆွဲဆောင်စရာ ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။
ဒါကြောင့်မို့ ကျွန်တော့်အမြင်ကတော့ အစဉ်အလာအားဖြင့် ဖက်ဒရယ်ကို အလုပ်ဖြစ် နိုင်တယ်၊ ဖက်ဒရယ် အိပ်မက်ကို မက်ချင်သေးတဲ့ တိုင်းရင်းသားတွေနဲ့ သေသေချာချာ၊ အထူးသဖြင့် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားတွေနဲ့ သေချာနားလည်မှု ရအောင်၊ NLD အနေနဲ့ ဖက်ဒရယ်ဟာ ဒီနိုင်ငံအတွက် အလုပ်ဖြစ်နိုင်တယ်ဆိုတဲ့ မက်ဆေ့ချ်ကို ကျွန်တော်တို့ တပ်မတော် အနေနဲ့ရော အစိုးရအနေဖြင့်ပါ သေချာပြဖို့လိုမယ် ထင်ပါတယ်။ အဲဒီလို မဟုတ်လို့ရှိ ရင် ကျွန်တော် ခုနပြောသလို မြောက်ပိုင်း မော်ဒယ်ပေါ့နော်။ ပုံစံကသာ ပိုပြီးတော့ အလုပ်ဖြစ်သေးတယ် ဆိုတဲ့ သဘောထားမျိုးတွေက အစဉ်အလာ တိုင်းရင်းသားအဖွဲ့ အစည်းတွေကို လွှမ်းမိုးသွားပြီးတော့ အဲဒီ အဖွဲ့အစည်းတွေမှ ာရှိတဲ့ သဘောထား တင်းမာတဲ့ အင်အားစုတွေတောင်မှ ပိုပြီးတော့ အားကောင်းလာမယ်။ နောက်ဆုံးကျ လို့ရှိရင်တော့ ဒီနိုင်ငံမှာ ဆက်ပြီးတော့နေလို့ ရှိရင်လည်း အလကားပါပဲ ဆိုတဲ့အမြင်တွေ ပိုအားကောင်း လာမယ် ဆိုလို့ရှိရင် ဒါဟာ ကျွန်တော်တို့ နိုင်ငံရဲ့ မြေပုံကို ပုံစံ တစ်ခုခုနဲ့ အကျိုး သက်ရောက်သွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ဘက်က တိုက်တွန်းချင်တာကတော့ နောက်ထပ် ငါးနှစ်ကနေ ဆယ်နှစ်အ တွင်းမှာ ဖက်ဒရယ်ဖြစ်နိုင် သေးရင် ဒီနိုင်ငံမှာ ဖက်ဒရယ် အလုပ်ဖြစ်နိုင်သေးတယ်ဆိုတဲ့ မက်ဆေ့ချ်မျိုးကို နဂိုကတည်းက ယုံထားတဲ့တိုင်းရင်းသားတွေကို မြန်မာအစိုးရနဲ့ မြန်မာ့ တပ်မတော်ဘက်က ပြသမယ်ဆို ရင်တော့ ကျွန်တော်တို့ နိုင်ငံအတွက် ကွန်ဖက်ဒရေးရှင်းလို၊ ကျန်တဲ့ဒီထက် ပိုပြီးဆိုးဝါးတဲ့ အခြေအနေမျိုး ကို ရှောင်လွှဲနိုင်လိမ့်မယ်လို့ ကျွန်တော် သုံးသပ်ပါတယ်။
❏ မြန်မာနိုင်ငံရဲ့နိုင်ငံတော်တည်ဆောက်ရေး (State Building) နဲ့အမျိုးသားလက္ခဏာ တည်ဆောက်ရေး (Nation Building) အောင်မြင်ရေးမှာ ပထဝီနိုင်ငံရေးစိန်ခေါ်မှုဟာ ဘယ်လောက်အထိ အကန့်အသတ် ဖြစ်စေနိုင်ပါသလဲ။
◉ ပထဝီနိုင်ငံရေးကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာမှ မဟုတ်ပါဘူး၊ အထူးသဖြင့် Nation Building) လို့ခေါ်တဲ့အမျိုး သားလက္ခဏာတည် ဆောက်နေတဲ့ အားထုတ်နေတဲ့ နိုင်ငံတွေ ဘယ်လောက်ပဲ အခြေ အနေတွေ၊ ရေခံမြေခံတွေ ကောင်းစေကာမူ Nation Building ကို တကယ်အမျိုးသားရေး လက္ခဏာကို တည် ဆောက်တော့မယ် ဆိုရင် စိတ်ဓာတ်ပိုင်း ဆိုင်ရာ၊ နာမ်ပိုင်းဆိုင်ရာ အားလုံး လွှမ်းခြုံနိုင်တဲ့ အမျိုးသား ရေးလက္ခဏာကို တည်ဆောက် တဲ့နေရာမှာ အဓိက စိန်ခေါ်မှုတစ်ခုက ဘာလဲဆိုတော့ ကိုလိုနီတွေ၊ အစိုးရတွေ စွန့်ခွာသွားပြီးတဲ့ နောက်ပိုင်းမှာ ကိုလိုနီစနစ်က လွတ် မြောက်လာတဲ့ နိုင်ငံတော်တော် များများမှာ ကြုံရတာက သူတို့ရဲ့ နိုင်ငံနယ်နမိတ်နဲ့ အဲဒီနိုင်ငံထဲမှာရှိတဲ့ လူမျိုးတွေရဲ့တည်ရှိ နေထိုင်ပုံ နယ်နမိတ်ဟာ ထပ်တူအမြဲတမ်းမကျတဲ့သဘောကို သွားတွေ့ရ တယ်။
တကယ်တမ်း ပြောရမယ်ဆိုရင်တော့ Ethnic Geography နဲ့ Physical Geography ပေါ့။ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ပထဝီနဲ့ တိုင်းရင်းသားတွေ စုဖွဲ့နေထိုင်တဲ့ လူမျိုးရေးရာ ပထဝီက ထပ်တူ မကျတာ တွေ့ရတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဆိုလို့ရှိ ရင် ဗမာလူမျိုးတစ်မျိုးတည်း မြန်မာနိုင်ငံရဲ့ မြေပုံထဲမှာ သီးသီးသန့်သန့် ရှိနေတယ်လို့ ပြောလို့ ရမလိုဖြစ်နေပါတယ်။ ကျန်တဲ့ အင်အား တော်တော်ကြီးတဲ့ လူမျိုး တွေဟာဆိုရင် ဥပမာ-ကရင်ဆိုရင် မြန်မာပြည်ထဲမှာလည်း ရှိတယ်၊ ထိုင်းမှာလည်းရှိတယ်။ ရှမ်းဆိုရင် ဒီထဲမှာ လည်းရှိတယ်၊ တရုတ်မှာလည်း ရှိတယ်၊ ထိုင်းမှာလည်းရှိတယ်။ ကျန်တဲ့ ရခိုင်၊ ကချင်၊ မွန် စသဖြင့် ဆိုလို့ရှိရင်လည်း အလားတူ ပေါ့နော်။ ပြောချင်တာက တိုင်းပြည်တစ်ပြည်မှာ ရုပ်ပိုင်းဆိုင်ရာ ပထဝီနဲ့ လူမျိုးစုတွေရဲ့ စုဖွဲ့နေထိုင်တဲ့ ပထဝီဟာ ထပ်တူမကျတဲ့ အခါမျိုးမှာ အမြဲတမ်း ပြဿနာက ဘာလဲဆိုတော့ ဒီနိုင်ငံရဲ့ရုပ်ပိုင်း ဆိုင်ရာ ပထဝီသဘောအရ ဖွဲ့စည်းတည်ဆောက်ထားတဲ့ နိုင်ငံရဲ့ သစ္စာစောင့်သိမှုဟာ အမြဲတမ်း အငြင်းပွားစရာ ဖြစ်လာနိုင်တာမျိုး တွေရှိပါတယ်။
ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံထဲမှာ နေတဲ့ ကချင်လူမျိုးက ဥပမာ-ဂျိမ်းဖောက IDP Campတွေမှာ၊ နေရပ် စွန့်ခွာ စခန်းတွေမှာ ဒုက္ခသုက္ခ ရောက်ပြီးတော့ ပြည်တွင်းစစ်ရဲ့ဒဏ်ကို အလူးအလဲ ခံနေရချိန်မှာ တရုတ်မှာရှိတဲ့ ဂျိမ်းဖောကတော့ ပိုပြီးတော့ စားဝတ်နေရေး ပြေလည်နေတယ်၊ ဘဝတက်လမ်း အလား အလာကောင်းတယ်ဆိုရင် မြန်မာပြည်တွင်းမှာရှိတဲ့ ဂျိမ်းဖောက တရုတ်ပြည်ထဲမှာရှိတဲ့ ဂျိမ်းဖောကို လှမ်းကြည့်ပြီးတော့ ငါတို့ ဒီနိုင်ငံထဲမှာ နေရတာ ဘာအဓိပ္ပာယ် ရှိလဲဆိုတဲ့ မေးခွန်းမျိုး အလိုလို ပေါ်လာနိုင်ပါတယ်။ အဲဒီလိုမျိုး မြန်မာနိုင်ငံထဲမှာရှိတဲ့ကရင်က ထိုင်းနိုင်ငံထဲမှာ အဆင့်ဆင့်ပညာတွေသင်၊ လွတ်လပ်စွာပြောရေး ဆိုခွင့်ရှိပြီး ကြီးပွားသွားတဲ့ ကရင်တွေကိုကြည့်ပြီး ငါတို့ဒီနိုင်ငံထဲမှာ နေလာရတာ ဘာအဓိပ္ပာယ်ရှိမလဲ ဆိုတဲ့ မေးခွန်း မျိုးမေးလာနိုင်ပါ တယ်။ ပြောရရင် သစ္စာစောင့်သိမှုဆိုတာမျိုးဟာ တစ်ဖက်ကို လှမ်းမျှော်စရာရှိတဲ့အခြေအနေမျိုးမှာ အမြဲတမ်း အစမ်းသပ်ခံရ တာမျိုး၊ စိန်ခေါ်ခံရတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ အိမ်နီး ချင်းနယ်နမိတ်ဆက်စပ်နေတဲ့နိုင်ငံတွေ၊ အထူးသဖြင့် ပထဝီနိုင်ငံရေးအရ လွှမ်းမိုးနေတဲ့နိုင်ငံတွေရဲ့အခြေအနေကို ကျွန်တော်တို့ Nation Building နဲ့ State Building မှာ ထည့်ကို ထည့်တွက် ရတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာဆိုလို့ ရှိရင်တော့ သိတဲ့အတိုင်းပဲ ပြည်တွင်းစစ် နှစ်ပေါင်းကြာလာလေလေ သာမန်ပြည်သူ တွေ၊ သာမန်တိုင်းရင်း သားတွေအနေနဲ့ အဲဒီခံစားမှုတွေကို ပိုပြီးတော့ ပြင်းထန်လာတာလည်း ကျွန်တော်တို့ သတိပြုမိပါတယ်။ တကယ်တမ်းကျတော့ မြန်မာနိုင်ငံဟာ မြန်မာနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်အခြေအနေနဲ့ ရခိုင်မှာရှိတဲ့ ရိုဟင်ဂျာအရေးအခြေအနေတွေကို သုံးသပ် ကြည့်မယ်ဆိုလို့ရှိရင် ပထဝီနိုင်ငံရေးဟာ မြန်မာနိုင်ငံရဲ့ရှိသမျှ တိုင်းရင်းသားပြည်သူတွေ အားလုံးကြားထဲမှာ ဒီနိုင်ငံအပေါ်မှာ စိတ်ဓာတ်ရေးရာအရ၊ နာမ်ပိုင်းဆိုင်ရာအရ စုစည်းပြီးတော့ ဒီနိုင်ငံ တော်အပေါ်မှာ သစ်္စာစောင့်သိမယ်ဆို တဲ့ခံစားမှုကို အားနည်းစေ တယ်၊ ချည့်နဲ့စေတယ်ဆိုတာ ကျွန်တော်တို့ငြင်းလို့မရပါဘူး။
မြန်မာနိုင်ငံတော်ကို စုဖွဲ့ထားတဲ့စုဖွဲ့မှု၊ ကျွန်တော်တို့ခေါ်တာ Political Order ပေါ့။ နိုင်ငံတော်ကိုစုဖွဲ့ထားမှု အာဏာစက်ဟာ တစ်ပုံစံတည်း၊ အူတိုင်တစ်ခုတည်းမရှိဘူးဆိုတာ အသိအမှတ်ပြုရ သလို ဖြစ်နေပါ တယ်။ ဒါကို ကျွန်တော်တို့ ဘာနဲ့တိုင်းလဲဆိုတော့ ဒီနိုင်ငံကိုစုဖွဲ့တဲ့နေရာမှာ လုံခြုံရေးအရဗဟိုကနေတာဝန်ယူ၊ တာဝန်ခံနိုင်တာမျိုး ဥပမာပြောရမယ်ဆိုရင် တောင်ကြီးကနေပြီး တော့ အပြင်ထွက်သွားလိုက်လို့ ဟိုပုံးလောက်ရောက်တာနဲ့ တကယ်တမ်းကျတော့ ပြည်သူ့စစ်တို့၊ ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင် EAO တွေတို့ ကျန်တဲ့အင်အားစုအသီးသီးရဲ့အခန်းကဏ္ဍကပါ လာတယ်။
ပြည်သူလူထုကို လုံခြုံရေး တကယ်ပေးနိုင်တာဟာ အူတိုင်တစ်ခုတည်းနဲ့စုဖွဲ့ထားတဲ့ အာဏာစက် မဟုတ်ဘဲ နဲ့ အပြိုင်အပြိုင် အာဏာစက်တွေအများကြီးကလည်း ပြည်သူလူထုရဲ့လုံခြုံရေးကို သူ့ နည်းသူ့ဟန်နဲ့ ပုံစံအမျိုးမျိုးနဲ့ တာဝန်ယူနေရတာတွေ တွေ့နေရတယ်။ ဒါကြောင့် ဒီအပေါ်မှာအခြေခံ ပြီးတော့ တရား ဥပဒေ စိုးမိုးမှုတို့၊ အခွန်အတုပ် ကောက်တာတို့ စသဖြင့် ကျန်တဲ့ ဝန်ဆောင်မှုတွေလည်း စကားပြောစ ရာဖြစ်လာတယ်။ ပထမတစ်ခုက လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ တာဝန်ခံနိုင်မှုအပိုင်းပေါ့လေ။ Security Provision ခေါ်တာပေါ့။
နောက်တစ်ခုကတော့ အများပြည်သူနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုပိုင်း၊ ဒါကတော့ ခုဏက ပြောတဲ့ လမ်းပန်းဆက်သွယ်ရေးကနေစပြီးတော့ ပညာရေး၊ ကျန်းမာရေးစတဲ့ကိစ်္စတွေမှာ၊ အခြေခံအဆောက်အအုံကိစ်္စတွေမှာ Public Service Provision ပေါ့။ ဒီလိုကိစ္စတွေမှာ အူတိုင်တစ်ခုတည်း စုဖွဲ့ထားတဲ့ ဗဟိုအာဏာကနေပြီးတော့ တစ်တိုင်းပြည်လုံးကို အဲဒီ ဝန်ဆောင်မှုတွေ မပေးနိုင်တဲ့ ပြဿနာပေါ့။ ဒါကလည်း ထင်ရှားပါတယ်။ ကေအိုင်အေက ကချင်မှာ ရှိတဲ့ မြို့ကြီးတွေကို လျှပ်စစ်မီးပေးနေရတာမျိုးပေါ့။ အဲဒီလိုပဲ တဖြည်းဖြည်းနဲ့ တောင်ပေါ်ဒေသတွေ၊ နယ်စပ်ဒေသတွေေ ရာက်သွားလို့ရှိရင် ခရစ်ယာန် ဘုရားကျောင်းဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ်ရင် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း လည်း ဖြစ်ချင်ဖြစ်မယ်၊ အဲဒီအင်အားစုတွေကပဲ ပြည်သူလူထုရဲ့လျှပ်စစ်မီး ပေးတာတို့၊ ရေတွင်းတူး ပေးတာတို့ ကျန်တဲ့လိုအပ်ချက်တွေဖြည့်ဆည်းပေးတာတို့၊ ပညာရေးနဲ့ကျန်းမာရေးမှာပံ့ပိုးပေးတာတို့ စသဖြင့်ကျန်တဲ့ ဥပမာတွေ အများကြီး ရှိပါတယ်။ ဒါကြောင့်မို့ ပြောရမယ်ဆိုရင် Security Provision ၊ Public Service Provision တွေမှာ အူတိုင်တစ်ခုတည်းကနေ ပေးနိုင်စွမ်းမရှိ တော့ဘူး။
နောက်တစ်ခါ တောင်ပေါနဲ့ နယ်စပ်ဒေသတွေမှာရှိကြတဲ့ တိုင်းရင်းသားပြည်သူတွေက ဗဟိုမှာ ရှိတဲ့နိုင်ငံရေး စနစ်ကရော သူတို့ကိုတကယ်ကိုယ်စားပြုသလား၊ ရွေးကောက်ပွဲတွေ လုပ်မယ်၊ ရွေးကောက်ပွဲ က တက်လာမယ့် အမတ်တွေရှိမယ်၊ အစိုးရတွေ ရှိမယ်၊ တကယ်တမ်းကျတော့ အဲဒီလူတွေက ငါတို့ကို တကယ် ကိုယ်စားပြုသလား၊ ရွာဦးကျောင်းက ဘုန်းကြီးလောက်တောင် ငါတို့ကို ပုံမှန် လာစောင့်ရှောက်တာ မျိုးရှိရဲ့လား၊ အကူအညီပေးတာ၊ ပံ့ပိုးတာရှိသလား ၊ ငါတို့ရဲ့လုံခြုံရေး၊ ငါတို့ရဲ့လိုချက်တွေကို ဘယ်သူတွေကပံ့ပိုးပေးမှာလဲဆိုတဲ့မေးခွန်းမျိုးတွေလည်း အများကြီးပြဿနာရှိပါတယ်။ ရခိုင်လိုနေရာ မျိုးဆိုထင်ရှားပါတယ်။ နိုင်ငံရေးဘောင်ကျဉ်းလာပြီး စစ်ရေးဘောင်ပိုကျယ်လာတာနဲ့အမျှ ကိုယ်စားပြုမှု နဲ့ ပတ်သက်ပြီးတော့ အငြင်းပွားစရာဖြစ်လာတာမျိုးတွေပါ။ ဒါမျိုးကိုတော့ Legitimacy Provision လို့ခေါ်တာပေါ့နော်။ အဲတော့ချုပ်ပြောရမယ်ဆိုရင် နိုင်ငံတော်စုဖွဲ့မှုဟာ အာဏာစက် အားဖြင့် အူတိုင်တစ်ခု တည်းမရှိတော့တဲ့အခါမျိုးမှာလုံခြုံရေးတို့၊ ဝန်ဆောင်မှုတို့၊ ကိုယ်စားပြုမှုတို့ Security Provision၊ Welfare Provision ၊ Legitimacy Provision တွေမှာ အာဏာစက်ဟာ ဗဟိုက အာဏာစက်လျော့နည်း လာတာ ကို တွေ့ရပါတယ်။ ဒီလိုအခြေအနေတွေမှာ ဒီလိုမျိုးကို အိမ်နီးချင်းနိုင်ငံတွေက သေချာ နားလည်တဲ့အခါ အိမ်နီးချင်းနိုင်ငံတွေက ဗဟိုအစိုးရနဲ့တင်တိုက်ရိုက်ဆက်သွယ်တာမျိုး မဟုတ်တော့ဘဲနဲ့အရေးပါတဲ့ ပလေယာတိုင်းနဲ့ချိတ်ဆက်ပြီးတော့ သူတို့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်း တာမျိုး တွေ့ရပါတယ်။ တရုတ်နိုင်ငံဆို ပိုထင်ရှားပါတယ်။ လုံခြုံရေးအရရော၊ စီးပွားရေးအရရော လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ နေပြည်တော်နဲ့တင် ဆောင်ရွက်တာမဟုတ်ဘဲ အင်အားစုတော်တော် များများနဲ့ချိတ်ဆက်လုပ်ဆောင်တာ တွေ့ရပါတယ်။
အဲဒီလို လုပ်ဆောင်ခြင်းအားဖြင့် ဥပမာ တစ်ရှူးငှက်ပျော သီးစိုက်တဲ့ ကိစ္စမျိုးတွေ၊ ကျန်တဲ့တရုတ်ပုံစံမြို့တွေ ဆောက်ဖို့ ၊ ဥပမာ-ကရင်ပြည်နယ်မှာဆို ရွှေကုက္ကိုလ်လို ဟာမျိုး၊ အဲဒီလို ဆောက်တဲ့ကိစ္စမျိုးတွေကို ကြည့်မယ်ဆိုလို့ရှိရင် နိုင်ငံတော်ရဲ့ အဓိကအရေး ပါတဲ့လက္ခဏာတစ်ခုက စီးပွားရေး အပါအဝင်ကျန်တဲ့ စာချုပ် စာတမ်းတွေကိုအခြားနိုင်ငံတွေနဲ့ တန်းတူ လွတ်လွတ်လပ်လပ် ချုပ်ဆိုပြီးတော့ အဲဒီလိုစာချုပ်တွေကို အသက်ဝင်အောင် လုပ်ပေးနိုင်တာ နိုင်ငံတော် ရဲ့စွမ်းဆောင်ရည် တစ်ခုထဲမှာ ပါပါတယ်။ ဒါပေမဲ့ အိမ်နီးချင်းနိုင်ငံတွေက နိုင်ငံတော်နဲ့တင် မဟုတ်ဘဲနဲ့ Non-State Actor ခေါ်တဲ့ အခြား ပလေယာတွေနဲ့ပါ စီးပွားရေးအရ စာချုပ်စာတမ်းတွေချုပ်ဆိုပြီး တော့ စီးပွားရေးအရ အကောင်အထည်ဖော်မှုတွေ လုပ်တာဟာ ဗဟိုအာဏာစက်ကို ပိုပြီးတော့ ချည့်နဲ့ သွားစေတဲ့ သဘောဖြစ်ပါတယ်။ ဗဟိုအာဏာစက်အပေါ်မှာ တစ်တိုင်းပြည်လုံးက ပိုပြီးတော့ သစ္စာစောင့်သိမှုလျော့နည်းစေတဲ့ သဘောလည်း ဖြစ်ပါတယ်။
တကယ်တမ်းကျတော့ ပထဝီနိုင်ငံရေးဟာ နိုင်ငံတော်တည်ဆောက် ရေး State Building နဲ့ အမျိုးသား လက္ခဏာတည်ဆောက်ရေး ကိုအကန့်အသတ် အဟန့်အတား ဖြစ်စေနိုင်တယ် ဆိုတာကို ကျွန်တော်တို့ကထောက်ပြတာ ဖြစ်ပါတယ်။ ဒီလိုပြောတာက အိမ်နီးချင်း နိုင်ငံတွေကိုအပြစ်တင်ပြီးတော့၊ ရန်လိုပြီးတော့ ကိုယ့် ပြဿနာကို သူတို့အပေါ် ပုံချနေလို့လည်း မရပါဘူး။ ကျွန်တော်တို့ ခဏခဏ ဆွေးနွေးခဲ့သလိုပဲ အညှီရှိလို့ ယင်အုံတာဖြစ်တဲ့ အတွက် ကိုယ့်အညှီကို ကိုယ်ပျောက်အောင်ဖြေရှင်းဖို့ပဲ လိုပါတယ်။ ကျွန်တော်တို့ဘက်က ကိုယ့် တိုင်းရင်းသားတွေနဲ့ကိုယ့်ရဲ့ အချုပ်အချာ အာဏာကိစ္စ၊ ပြည်ထောင်စု မပြိုမကွဲဘဲ တည်မြဲဖို့ကိစ္စကို ကျွန်တော်တို့ဘာသာ ကျွန်တော်တို့နည်းနဲ့ ကျွန်တော်တို့ အချင်း ချင်းပဲ စေ့စပ်ဆွေးနွေးပြီး ပြေလည်အောင်ဖြေရှင်းရမှာဖြစ်ပါတယ်။ ကျန်တဲ့လူတွေက ကျွန်တော်တို့ကို ဖြစ်အောင်လုပ်ပေးလို့မရပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို ပျက်စီးရာ ပျက်စီးကြောင်း လုပ်မယ်ဆိုရင် တော့လည်းတချို့အဖျက် အမှောင့်တွေ လုပ်လို့ရနိုင်တယ်။ ကျွန်တော်တို့က ကျွန်တော်တို့အချင်းချင်း နားလည်မှု ရှိမယ် ဆိုရင်တော့ အဲဒါတွေကိုကျော်လွှား သွားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ပြန်ချုပ် ပြောရမယ်ဆိုရင်တော့ ဒီလိုမျိုး ပဋိပက္ခတွေများတဲ့နိုင်ငံမှာ Nation Building ကို တည်ဆောက်ရတာ အင်မတန်မှ ခက်ပါတယ်။ တော်တော်ခက်ပါတယ်။ ဒီလိုအခြေအနေမှာ စီးပွားရေးအရ အမျှော်အမြင်လည်း ရှိဖို့လိုတယ်။ စီးပွားရေ းကိစ္စတွေ၊ စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှုတွေလည်း ဆောင်ကြဉ်းနိုင်ဖို့ လိုမယ်လို့ ထင်ပါတယ်။
ဘာလို့ အဲလို့ပြောရလဲ ဆိုတော့ ကျွန်တော်တို့ အာရှနိုင်ငံတွေကြည့် တဲ့အခါမှာ ကိုလိုနီခေတ်က လွတ်မြောက်လာတဲ့ အခါမှာ တစ်ဖက် က Identity လို့ခေါ်တဲ့ အမျိုးသားလက္ခဏာ၊ အားလုံးအကျုံး ဝင်နိုင်တဲ့ အမျိုးသား လက္ခဏာကိုပုံဖော်ဖို့ ကြိုးစားရင်းနဲ့အခြား တစ်ဖက်ကလည်း စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို တွန်းတာတွေ့ရပါ တယ်။ စီးပွားရေးဖွံ့ဖြို းတိုးတက်လာ တဲ့အခါမှာ လူလတ်တန်းစား ပေါ်လာပြီးတော့ အဲဒီလူလတ် တန်းစားမှာ ကိုယ့် လူ့အဖွဲ့အစည်း၊ ကိုယ့်နိုင်ငံ အပေါ်မှာ ဂုဏ်ယူတဲ့စိတ်၊ တစ်စုံတစ်ရာ ဓနဥစ္စာ ကြွယ်ဝ လာတဲ့အခါမှာ သင့်လျှော်တဲ့ ဝန်ဆောင်မှုကောင်း ကောင်းတွေရ လာမယ်။ ပညာရေး၊ ကျန်းမာရေးနဲ့လမ်းပန်း ဆက်သွယ်ရေး ကောင်းကောင်းတွေ ရလာမယ်။ မီးဖွင့်ရင် မီးလင်းမယ်။ ဒီလိုမျိုးတွေ ဖြစ်လာတဲ့အခါမှာ လူတွေဟာ ကိုယ့်နိုင်ငံအပေါ်မှာ ပိုဂုဏ်ယူလာ တာတွေ့ရပါတယ်။ အဲဒီတော့ Identity ကိစ္စကို ချက်ချင်း မပြေ လည်နိုင်သေးသော် ငြားလည်း အအနည်းဆုံးတော့ Functional Substitute ပေါ့နော်။ အလုပ်ဖြစ်နိုင်တဲ့ အစားထိုး မှုလေးတွေနဲ့ ထိန်း၊ ထိန်းပြီး ထေသွားတဲ့ အခါမှာ တချိန်မှာတော့ တကယ့်တကယ် Functional Substitute ပြဿနာတွေ၊ အမျိုးသား လက္ခဏာစရိုက်နဲ့ ပတ်သက်ပြီးတော့ ကိုင်တွယ်ဖြေရှင်းတဲ့အခါ သိပ်ပြီးတော့ ပြင်းထန်တဲ့ ခါးသီးမှုတွေ ရန်လိုမှုတွေ၊ ပြောရရင်ဆင်းရဲလို့ဖြစ်တဲ့ ဒေါသတွေ၊ ပညာမတတ်လို့ဖြစ်တဲ့ ဒေါသတွေ နည်းသထက်နည်းလာတာကို ကျွန်တော်တို့ တွေ့နိုင်ပါတယ်။
အယ်ဒီတာအဖွဲ့
ခေတ်ရနံ့ မဂ္ဂဇင်း