တရားမျှတမှု လက်လှမ်းမီရေးဆိုင်ရာ လေ့လာတိုင်းတာမှုစစ်တမ်း (သုတေသနစာတမ်း မိတ်ဆက်)

Post By Zaw Htet Oo, On December 12, 2019

တရားမျှတမှု လက်လှမ်းမီရေးဆိုင်ရာ လေ့လာတိုင်းတာမှုစစ်တမ်း (သုတေသနစာတမ်း မိတ်ဆက်)

အစိုးရတရပ်ရဲ့ လုပ်ငန်းဆောင်တာကို ဖွင့်ဆိုကြတဲ့အခါမှာ ဥပဒေပြုရေး၊အုပ်ချုပ်‌ရေး နဲ့ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်သုံးရပ်ဟာ အဓိက အစိတ်အပိုင်းအနေနဲ့ ပါဝင်ပါတယ်။ဒီမဏ္ဍိုင်သုံးရပ်စလုံး အပြန်အလှန်ထိန်းကျောင်းခြင်းကတဆင့် နိုင်ငံတော်ရဲ့ အာဏာကို ဟန်ချက်ညီညီကျင့်သုံးနိုင်ဖို့လိုသလို မဏ္ဍိုင်တခုချင်းစီကလည်း အရည်အသွေးပြည့်မီနေဖို့ လိုပါတယ်။နိုင်ငံတနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု အားကောင်းမှု ရှိ၊မရှိ ဆိုတာကို ဆန်းစစ်တဲ့အခါမှာ တရားစီရင်ရေးကဏ္ဍ ဘယ်လောက်အားကောင်းမှုရှိသလဲ၊ ဥပဒေရဲ့ ထိုက်သင့်တဲ့ အကာအကွယ်ကို ဘယ်လောက်ရရှိကြသလဲ၊တရားစီရင်ရေးက ဘယ်လောက်မျှတမှုရှိသလဲ စတဲ့အချက်တွေနဲ့ တိုင်းတာလေ့လာနိုင်ပါတယ်။ တရားစီရင်ရေးကဏ္ဍ အားကောင်းဖို့အတွက် သက်ဆိုင်ရာ တရားရေးအဖွဲ့အစည်းတွေ၊ယန္တရားတွေ အားကောင်းဖို့လိုသလို ပြည်သူလူထုပူးပေါင်းပါဝင်မှု၊ နားလည်မှု အားကောင်းဖို့လည်း လိုပါတယ်။

လောကအလင်းလူမှုဖွံ့ဖြိုးရေးအဖွဲ့က ထုတ်ဝေတဲ့ “တရားမျှတမှု လက်လှမ်းမီရေးဆိုင်ရာ လေ့လာတိုင်းတာမှုစစ်တမ်း” ဆိုတဲ့ဒီစာအုပ်မှာ ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)မှာ နေကြသူတွေရဲ့ တရားရေးမဏ္ဍိုင်အပေါ် အမြင်သဘောထားတွေကို စစ်တမ်းကောက်ယူဆွေးနွေးထားတာ ဖြစ်ပါတယ်။”တရားမျှတမှု လက်လှမ်းမီရေး”လို့ ဆိုတဲ့အခါ ဒီစစ်တမ်းစာအုပ်ရဲ့ ချဉ်းကပ်မှုက ပြည်သူလူထုအနေနဲ့ ဥပဒေဗဟုသုတဘယ်လောက်ရှိတယ်၊ တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းတွေအပေါ်မှာ ဘယ်လို အမြင်ရှိကြတယ်ဆိုတာတွေဖြစ်ပါတယ်။

စစ်တမ်းမှာ အဓိကပါဝင်တဲ့ အခန်းကဏ္ဍတွေက

  • အမှုအခင်းအကြောင်းအရာများ
  • ဥပဒေဆိုင်ရာအချက်အလက်များကို လက်လှမ်းမီရရှိမှု
  • တရားမျှတမှုဝန်ဆောင်မှုပေးသော အဖွဲ့အစည်းများ၏ ဝန်ဆောင်မှုကိုလေ့လာခြင်း
  • ပြည်သူများ ယုံကြည်နားလည်မှု
  • သုတေသနစစ်တမ်းတွင် ဖြေဆိုသူများ၏ ထင်မြင်ယူဆသုံးသပ်ချက်များ
  • အကြံပြုချက်များ တို့ ဖြစ်ပါတယ်။

ကဏ္ဍတခုချင်းစီမှာလည်း သက်ဆိုင်ရာ အခန်းငယ်များနဲ့ ချဉ်းကပ်ဆွေးနွေးထားတာ ကြောင့် တရားစီရင်ရေးမဏ္ဍိုင်က ပြည်သူလူထုအပေါ်မှာ  ဘယ်လောက် လွှမ်းခြုံမှုရှိနေသလဲဆိုတဲ့ အချက်ကို လေ့လာနိုင်မှာဖြစ်သလို အကြံပြုချက်တွေကိုလည်း ဖတ်ရှုရပါမယ်။

သုတေသနစစ်တမ်းကနေ အဓိကတွေ့ရှိတဲ့အချက်တွေက စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဥပမာ -“မည်သည့်အမှု(အငြင်းပွားမှု) ဖြစ်ပွားခဲ့သနည်း” ဆိုတဲ့ စစ်တမ်းမေးခွန်းကို ပြည်နယ်သုံးခုမှာ မေးမြန်းတဲ့အခါ “မြေယာပိုင်ဆိုင်မှု” က အများဆုံးရင်ဆိုင်ရတဲ့ အမှုအခင်းဖြစ်ပြီး “ခိုက်ရန်ဖြစ်ပွားမှု” က ဒုတိယအများဆုံး ဖြစ်ပွားတဲ့ အမှုအခင်းဖြစ်တယ်လို့ ဖြေဆိုကြပါတယ်။ ပြည်နယ်တွေပါမက ဒေသအသီးသီးမှာ လူမှုဘဝဖွံ့ဖြိုးရေးအတွက် မြေယာပိုင်ဆိုင်မှုပဋိပက္ခတွေက အဓိကဖြေရှင်းရမယ့် ပြဿနာဖြစ်နေသလားဆိုတဲ့ အချက်က ဆက်စပ်စဉ်းစားရမယ့် ကိစ္စဖြစ်လာပါတယ်။

“ဥပဒေနှင့်ဆိုင်သော ယေဘုယျ သတင်းအချက်အလက်များနှင့် ဗဟုသုတအသိအမြင်များကို သင်သိရှိ/ရရှိထားပါသလား” ဆိုတဲ့ စစ်တမ်းမေးခွန်းမှာတော့ ဖြေဆိုသူရဲ့ ၄၆ ရာခိုင်နှုန်းကသာ “ရရှိပါသည်” ဆိုပြီး ဖြေဆိုခဲ့တာဖြစ်ပါတယ်။ ဖြေဆိုခဲ့သူစုစုပေါင်းရဲ့ တဝက်ကျော် ၅၂ ရာခိုင်နှုန်းက “မရရှိပါ” နဲ့ “မသိပါ” လို့ ဖြေဆိုခဲ့တာကို ကြည့်ခြင်းအားဖြင့် ပြည်သူတွေအကြားမှာ ဥပဒေဗဟုသုတ ပိုမိုပြန့်ပွားအောင် ကြိုးပမ်းဖို့ လိုနေသေးတယ်လို့ သုံးသပ်နိုင်ပါတယ်။

“အမှုစတင်ဖြစ်ပွားစဉ် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ကို အသိပေးအကြောင်းကြားသလား” ဆိုတဲ့ စစ်တမ်းမေးခွန်းမှာ ဖြေဆိုသူရဲ့  ၇၈ ရာခိုင်နှုန်းက တိုင်ကြားတယ်လို့ ဖြေဆိုခဲ့ကြပါတယ်။ဒါပေမဲ့ “အမှုစတင်ဖြစ်ပွားခြင်းကို ရဲတပ်ဖွဲ့အား အသိပေးတိုင်ကြားကြသလား” ဆိုတဲ့ စစ်တမ်းမေးခွန်းမှာတော့ ဖြေဆိုသူရဲ့ ၄၁ ရာခိုင်နှုန်းကသာ တိုင်ကြားခဲ့တယ်လို့ ဖြေဆိုထားတာဖြစ်ပါတယ်။ ဆက်စပ်မေးခွန်းအဖြစ် “ရဲတပ်ဖွဲ့အား တိုင်ကြားခြင်းမပြုပါက အဘယ့်ကြောင့်မတိုင်ကြားကြပါသလဲ” လို့ မေးမြန်းတဲ့အခါမှာ ဖြေဆိုသူအားလုံးရဲ့ အများစုက “ရပ်ရွာအတွင်း၌သာ ညှိနှိုင်းဖြေရှင်းလိုခြင်း” ဆိုတဲ့အချက်ကို ဖြေဆိုခဲ့ကြပါတယ်။

ဒါ့အပြင်“တရားရုံးတော်တွင် အမှုရင်ဆိုင်ဖြေရှင်းခြင်းသည် တရားမျှတမှုကိုရရှိစေသည်ဟု ယုံကြည်ပါသလား” ဆိုတဲ့ စစ်တမ်းမေးခွန်းမှာတော့ ပြည်နယ်သုံးခုက ဖြေဆိုသူအားလုံးရဲ့ ၄၀ ရာခိုင်နှုန်းကသာ “ယုံကြည်ထားသည်” လို့ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။ “မယုံကြည်ပါ” နဲ့ “မသိပါ” လို့ ဖြေဆိုသူအားလုံးရဲ့ တဝက်ကျော်က ဖြေဆိုခဲ့ကြတာကလည်း စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

ဒီစစ်တမ်းစာအုပ်မှာ တရားရေးမဏ္ဍိုင်ရဲ့ ယန္တရားတွေအပေါ် ဒေသနေပြည်သူလူထုရဲ့ အမြင်တွေ အပါအဝင် ပြည်သူတွေအကြားမှာ ဥပဒေဗဟုသုတ ဘယ်လောက်ရှိနေပြီလဲ၊တရားမျှတမှု လက်လှမ်းမီရေးကို ဘယ်အတိုင်းအတာအထိ နားလည်သဘောပေါက်နေကြသလဲ စတဲ့ အချက်တွေကို စိတ်ဝင်စားဖွယ် ချိန်ထိုး လေ့လာနိုင်မှာ ဖြစ်တာကြောင့် တရားမျှတရေးကို ဦးဆောင်ဦးရွက်ပြုနေကြတဲ့ တရားစီရင်ရေးဆိုင်ရာ ပုဂ္ဂိုလ်များ၊အစိုးရဝန်ကြီးဌာနများ၊ဥပဒေပြုလွှတ်တော်များ နဲ့ အရပ်ဖက်အဖွဲ့အစည်းများ ဖတ်ရှုလေ့လာသင့်တဲ့ စစ်တမ်းစာအုပ်တအုပ် ဖြစ်ပါတယ်။

◼ တရားမျှတမှု လက်လှမ်းမီရေးဆိုင်ရာ လေ့လာတိုင်းတာမှုစစ်တမ်း” သုတေသန စစ်တမ်း စာအုပ်ကို ရယူလိုပါက လောကအလင်းလူမှုဖွံ့ဖြိုးရေးအဖွဲ့ ၏ ရုံးခန်းဖြစ်သည့် နံပါတ် ၂၀၊ ၆ လွှာ (A-B)၊ ဘောဂသိန္ဒိကွန်ဒို၊ ဘောဂသိန္ဒိလမ်း(သမိုင်းမြို့သစ်ဘူတာအနီး)၊ ၂ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၊