ထိန်းချုပ်ကန့်သတ်ခြင်းမှသည် နာလန်ထူခြင်းဆီသို့ From Containment to Recovery (အစီရင်ခံစာမိတ်ဆက်)
Post By Zaw Htet Oo, On October 16, 2020
ကိုဗစ် – ၁၉ ရဲ့ ရိုက်ခတ်မှုအကျိုးဆက်တွေအဖြစ် ကမ္ဘာ့ဒေသအသီးသီးမှာ မတူညီတဲ့စိန်ခေါ်ချက်တွေ ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ရောဂါကပ်ဘေးက ကမ္ဘာ့နိုင်ငံတွေရဲ့ ကျန်းမာရေးနဲ့ စီးပွားရေးစနစ် တွေကို သိမ့်ခါစေရုံသာမက လူမှုအရင်းအနှီးတွေကိုလည်း ဆက်နွှယ် နိမ့်ကျစေနိုင်ပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုး ဆဲ နိုင်ငံတွေအတွက် ဒီစိန်ခေါ်ချက်တွေဟာ အဆမတန် မြင့်မားလွန်းလှပါတယ်။ နဂိုကတည်းက ရှိရင်းစွဲ၊ တဝဲ လည်လည် ဖြစ်နေတဲ့ လူ့အဖွဲ့အစည်း၊ ယန္တရားတွေရဲ့ ဆင်းရဲမွဲတေမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးတဲ့ အခြေအနေ တွေဟာ ကိုဗစ်-၁၉ ကြောင့် ဘူးလေးရာ ဖရုံဆင့်ဆိုသလို ဖြစ်လာကြပါတယ်။ ရောဂါကပ်ဘေးကြောင့် တိုင်း ပြည်တွေရဲ့ စီးပွားရေး ယန္တရား ချိနဲ့စေနိုင်ပြီး စီးပွားဆုတ်ယုတ်မှုလို ရုတ်ချည်း အကျိုးဆက်တွေ ရှိလာနိုင်သလို၊ လူမှုအရင်းအနှီး အားကောင်းအောင် ပံ့ပိုးဖို့ ပျက်ကွက်ရာမှတဆင့် လူ့စွမ်းအားအရင်းအမြစ် နိမ့်ကျစေမယ့်၊ ရေရှည်သဘောဆောင်တဲ့ အကျိုးဆက်တွေကလည်း ဆင်ခြင်စရာပါ။ ယခုစာစုကတော့ မြန်မာအပါအဝင် ဖွံဖြိုး ဆဲ အရှေ့အာရှနဲ့ ပစိဖိတ်ကျွန်းစုဒေသတွေက နိုင်ငံအချို့ရဲ့ ရောဂါကပ်ဘေးနဲ့ ဆက်စပ်နေတဲ့ လူမှုစီးပွား ညွှန်းကိန်း ပြောင်းလဲမှုတွေကို စုစည်းလေ့လာထားတဲ့ အစီရင်ခံစာ တစောင်ကို မိတ်ဆက်ဖော်ပြမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဘဏ် (World Bank) အဖွဲ့က ၂၀၂၀၊ စက်တင်ဘာလအတွင်းမှာ “From Containment to Recovery” ဆိုတဲ့ အစီရင်ခံစာ တစောင်ကို ထုတ်ဝေခဲ့ပါတယ်။ အရှေ့အာရှနဲ့ ပစိဖိတ်ကျွန်းစုဒေသက နိုင်ငံ တွေရဲ့ ရောဂါကပ်ဘေး အကျိုးဆက်အခြေအနေတွေကို စုစည်းဖော်ပြထားပါတယ်။ နိုင်ငံတနိုင်ငံချင်းစီကို အထူးပြု ဖော်ပြထားတာမဟုတ်ပဲ ဒေသတခုလုံးစာ အခြေအနေတွေအပေါ် ဆက်စပ်နှိုင်းယှဉ်တင်ပြထားတာ ဖြစ်ပါတယ်။ စီးပွားရေးဆိုင်ရာ ညွှန်းကိန်းတွေကတဆင့် လူ့အဖွဲ့အစည်းရဲ့ အခြေအနေကို နှိုင်းဆဖော်ပြထားတာ ဖြစ်ပြီး လေ့လာသူတွေအဖို့ ဒေသအတွင်း စီးပွားရေးကျဆင်းနိုင်မှုအကျပ်အတည်းကို မှန်းဆဆင်ခြင်နိုင်ပါ တယ်။ အစီရင်ခံစာတွေ့ရှိချက်များစွာအနက် အလေးဂရုပြုစရာအချက်အချို့ကို အကျဉ်းချုပ်ဖော်ပြလိုပါတယ်။
ထိန်းချုပ်ကန့်သတ်ခြင်း (Containment)
အစီရင်ခံစာရဲ့ ကနဦးဖော်ပြချက်အပိုင်းတွေမှာ လက်ရှိကူးစက်ကပ်ရောဂါဘေးရဲ့ ဆက်စပ်အခြေအနေတွေကို နားလည်နိုင်ဖို့ အားထုတ်ထားပါတယ်။ ကိုဗစ် – ၁၉ ရိုက်ခတ်မှုကြောင့် တိုင်းပြည်တွေရဲ့ ဝင်ငွေ ဆုံးရှုံးရသလို တဖက်မှာလည်း ကျန်းမာရေးအသုံးစရိတ်ကို မြှင့်တင်ရပါတယ်။ တဆက်တည်းမှာပဲ ကုန်သွယ်မှု၊ ခရီးသွား ကဏ္ဍနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ကျပ်တည်းရပ်ဆိုင်းသွားတဲ့ အကျိုးဆက်က ကျန်ကမ္ဘာ့နိုင်ငံတွေအထိပါ သက်ရောက်မှုရှိလာပါတယ်။ ဒီလိုအခြေအနေမှာ ဖြစ်ပေါ်နေတဲ့ တိုင်းပြည်ရဲ့ လူမှုစီးပွားရေးအခြေအနေတွေကို အစိုးရက ထိန်းချုပ်ကန့်သတ်ခြင်းနဲ့ လုပ်ငန်းစု၊ အိမ်ထောင်စုတွေအတွက် အကူအညီပေးခြင်း၊ သက်သာခွင့်ပေး ခြင်းဆိုတဲ့ ပုံစံ နှစ်မျိုးနဲ့ ထိန်းကျောင်းဖို့ ကြိုးပမ်းကြပါတယ်။
ဒေသတွင်းနိုင်ငံအချို့မှာ အသုံးပြုတဲ့ ထိန်းချုပ်ကန့်သတ်ခြင်းမဟာဗျူဟာမှာ အပိုင်းသုံးခု ပေါင်းစပ်ပါဝင် ပါတယ်။ ပြည်သူလူထုရဲ့ သွားလာလှုပ်ရှားမှုတွေကို ထိန်းချုပ်မယ်၊ ရောဂါရှာဖွေစမ်းသပ်ခြင်းကို တိုးမြှင့်မယ်၊ ရောဂါ ကြိုတင်ကာကွယ်မှုအတွက် သတင်းအချက်အလက်တွေ ပေးမယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို ထိန်းချုပ် ကန့်သတ်ခြင်းရဲ့ နောက်ဆက်တွဲကတော့ စီးပွားရေးကျပ်တည်းမှုတွေပဲ ဖြစ်ပေါ်လာစေပါတယ်။ အရှေ့အာရှနဲ့ ပစိဖိတ် ကျွန်းစုဒေသက နိုင်ငံအများစုရဲ့ စီးပွားရေးဟာ ကုန်သွယ်ရေးနဲ့ ခရီးသွားလာရေးလုပ်ငန်းတွေအပေါ်မှာ အခြေပြုကြပါတယ်။ ကိုဗစ် – ၁၉ ရောဂါကပ်ဘေးမကျရောက်ခင်က ဒေသတွင်းနိုင်ငံတွေရဲ့ ဆင်းရဲမွဲတေမှု လျော့ကျနိုင်ခြေကို ရှစ်ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိ ခန့်မှန်းထားကြပေမယ့် အခုအချိန်မှာတော့ ဒီညွှန်း ကိန်းတွေဟာ လျော့နည်းသွားပြီ ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ၂၀၂၀ ခုနှစ်အတွင်းမှာ ဒေသအတွင်း လူဦးရေရဲ့ ၃၈ သန်းဟာ ဆင်းရဲမွဲတေမှု အခြေအနေကို ရောက်ရှိသွားနိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။
ဒီလို အခြေအနေတွေမှာ ဒေသတွင်းက အစိုးရတွေက စီးပွားရေးလုပ်ငန်းစုတွေနဲ့ အိမ်ထောင်စုတွေအတွက် အကူအညီတွေ၊ သက်သာခွင့်တွေကို ပံ့ပိုးလာကြပါတယ်။ ပြည်သူ့ကျန်းမာရေးစနစ်ကို အထောက်အပံ့ဖြစ်ဖို့၊ အိမ်ထောင်စုတွေရဲ့ စားသုံးမှုအဆင်ပြေနိုင်ဖို့၊ လုပ်ငန်းစုတွေ ဒေဝါလီမခံရဖို့ အစိုးရတွေက GDP ရဲ့ ပျမ်းမျှ ငါး ရာခိုင်နှုန်းခန့်ကို သုံးစွဲဖို့ ပြင်ဆင်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ GDP ရဲ့ တစ် ရာခိုင်နှုန်းပတ်ဝန်းကျင်ကိုသာ သုံးစွဲထားတဲ့ အခြေအနေမှာ ရှိနေတယ်လို့ စာတမ်းအချက်အလက်တွေက ဖော်ပြထားပါတယ်။
နာလန်ထူခြင်း (Recovery)
အစီရင်ခံစာရဲ့ ဆက်လက်ဖော်ပြချက်တွေမှာ စီးပွားရေး ကျဆင်းမှုတွေအတွက် ပြန်လည်ထူမတ်လာနိုင်ဖို့ ဆောင်ရွက်ကြတဲ့ အခြေအနေတွေကို သုံးသပ်ထားပါတယ်။ အစိုးရတွေက ကောင်းမွန်တဲ့ ထိန်းချုပ်ကန့်သတ် ခြင်း မဟာဗျူဟာကို ဖော်ဆောင်နိုင်ဖို့ စွမ်းဆောင်ရည်တွေ ပြည့်ဝဖို့ လိုတယ်လို့ ဆိုပါတယ်။ တဆက်တည်းမှာပဲ ရောဂါပိုးကူးစက်မှုကို ချုပ်ထိန်းဖို့လည်း ကြိုးပမ်းကြရမှာ ဖြစ်ပြီး၊ အဲဒီကတဆင့် ကမ္ဘာ့နိုင်ငံတွေအကြား စီးပွား ကူးလူးဆက်ဆံမှုတွေ နာလန်ထူနိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ကြောင်းဆိုပါတယ်။ နောက်တချက်ကတော့ စီးပွား ရေးလုပ်ငန်းတွေအတွက် အစိုးရရဲ့ ပံ့ပိုးကူညီနိုင်မှု မူဝါဒတွေ အားကောင်းဖို့ လိုတယ်လို့ ဆိုပါတယ်။
အချို့နိုင်ငံတွေမှာတော့ စီးပွားရေးနာလန်ထူနိုင်ဖို့ ပြင်ဆင်နေကြပေမယ့် ယခုဒေသတွင်းနိုင်ငံတွေရဲ့ စီးပွားရေး အခြေအနေကတော့ ကမ္ဘာ့နိုင်ငံတွေအပေါ် မှီခိုရပ်တည်နေရတဲ့ အနေအထားမှာ ရှိနေပါတယ်။ ကုန်သွယ်ရေး ကဏ္ဍက ပြန်လည်အသက်ဝင်လာနိုင် ရှိနေပေမယ့် ခရီးသွားလာရေးကဏ္ဍကတော့ နာလန်ပြန်ထူနိုင်ဖို့ မလွယ်ကူသေးဘူးလို့ ဆိုပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ ဒေသတွင်း စီးပွားဖွံ့ဖြိုးတိုးတက်မှုဟာ o ဒသမ ၉ ရာခိုင်နှုန်းခန့်သာ ရှိနိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ အကယ်၍ ၂၀၂၁ ခုနှစ်အတွင်းမှာ စီးပွားရေးနာလန်ထူမှုတွေ၊ ရောဂါ ကာကွယ်ဆေးတွေ ရရှိဖော်ဆောင်နိုင်ခဲ့ကြမယ်ဆိုရင်တော့ ဒေသတွင်း စီးပွားဖွံ့ဖြိုးတိုးတက်မှုက ၅ ဒသမ ၁ ရာခိုင်နှုန်း ခန့်အထိ တိုးမြှင့်လာနိုင်မယ်လို့ ခန့်မှန်းကြပါတယ်။
အလုံးစုံ ဖွံဖြိုးတိုးတက်မှုအပေါ် ဆိုးကျိုးသက်ရောက်မှုများ
ကူးစက်ကပ်ဘေး အကျိုးဆက်အဖြစ် အများပြည်သူနဲ့ ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှုတွေ အကန့်အသတ်နဲ့ ရှိလာတာ၊ ကြွေးမြီတွေ မြင့်တက်လာတာ၊ ကုန်ထုတ်လုပ်မှုတွေ ကျဆင်းလာတာနဲ့ လူမှုအရင်းအနှီးတွေ အားအင်ယုတ် လျော့လာတာတွေက တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို အကျပ်အတည်းနဲ့ ရင်ဆိုင်ရစေပါတယ်။ ဒီအချက် တွေက စီးပွားရေးတည်ငြိမ်မှုတွေအတွက် အခက်အခဲတွေလည်း ဖြစ်ပေါ်လာစေပါတယ်။ နာမကျန်းမှုတွေ၊ စားနပ်ရိက္ခာဖူလုံခြင်း မရှိမှုတွေ၊ အလုပ်လက်မဲ့ ဖြစ်ခြင်း၊ စာသင်ကျောင်းတွေနဲ့ အလှမ်းဝေးရခြင်း စတဲ့ အချက်တွေက လူမှုအရင်းအနှီးတွေကို ပျက်ယွင်းလာစေပါတယ်။ ကမ္ဘာ့ကပ်ရောဂါရဲ့ အကျိုးဆက်တွေကြောင့် နောက်လာမယ့် ဆယ်စုနှစ်အတွင်းမှာ ဒေသဖွံ့ဖြိုးမှုရဲ့ တစ်ရာခိုင်နှုန်းစီခန့်က နှစ်စဉ်ကျဆင်းသွားမယ်လို့လည်း အစီရင်ခံစာက သုံးသပ်ထားတာ သတိပြုစရာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ဆင်းရဲမွဲတေမှုအခြေအနေထဲ ကျရောက်နေကြသူတွေအဖို့ ပိုမို ခက်ခဲတဲ့ အခြေအနေတွေကို ရင်ဆိုင်ရဖွယ် ရှိပါတယ်။ ဒါပေမဲ့ သူတို့အတွက် နည်းပညာ အကူအညီက ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို ဖြေလျော့ ပေးနိုင် မယ်လို့လည်း အစီရင်ခံစာက ဆွေးနွေးထားပါတယ်။
မူဝါဒအကြံပြုချက်များ
အရှေ့အာရှက နိုင်ငံတွေနဲ့ ပစိဖိတ်ကျွန်းစုဒေသနိုင်ငံတွေက အစိုးရတွေ ထည့်သွင်း စဉ်းစားသင့်တဲ့ မူဝါဒ အကြံပြုချက် ခုနစ်ချက်ကိုလည်း အစီရင်ခံစာမှာ ထည့်သွင်းဆွေးနွေးထားပါတယ်။ အဲဒီ အကြံ ပြုချက်တွေကို အကျဉ်းချုပ် ဆက်လက်ဖော်ပြပါမယ်။ ဒီအချက်တွေကတော့
(၁) ကောင်းမွန်တဲ့ ထိန်းချုပ်ကန့်သတ်ခြင်း အစီအစဉ်ဖော်ဆောင်နိုင်ဖို့ စွမ်းရည်မြှင့်တင်မှုများ ပြုလုပ်ခြင်း
(၂) ဘဏ္ဍာရေးစနစ် ပြုပြင်ပြောင်းလဲမှုကို စတင်ခြင်း
(၃) စီးပွားရေးအရ အမျှော်အမြင်ရှိရှိသုံးစွဲမှုကို ဆက်လက်ထိန်းသိမ်းခြင်း
(၄) လူမှုအရင်းအနှီးများကို ကာကွယ်မြှင့်တင်ပေးခြင်း
(၅) စာသင်ကျောင်းများအတွက် ကောင်းမွန်သော မဟာဗျူဟာမြောက်အခြေအနေများကို ဖန်တီးပေးခြင်း
(၆) စီးပွားရေးလုပ်ငန်းစုများအား ပံ့ပိုးပေးခြင်း နဲ့
(၇) ကုန်သွယ်မှုကဏ္ဍ ပြုပြင်ပြောင်းလဲခြင်း စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ မူဝါဒအကြံပြုချက် တခုချင်းစီ အတွက် ထည့်သွင်းစဉ်းစားစရာ အချက်အလက်အထောက်အထားတွေကို အစီရင်ခံစာမှာ အကျယ်တဝင့် ဆွေး နွေးထားပါတယ်။
အချုပ်အားဖြင့်ဆိုရရင် ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးရဲ့ နောက်ဆက်တွဲအခြေအနေတွေကြောင့် ဒေသတွင်း ဖွံ့ဖြိုးဆဲနိုင်ငံတွေအဖို့ စီးပွားရေးအကျပ်အတည်းတွေကတဆင့် လူမှုအရင်းအနှီးပျက်ယွင်းမှုတွေဆီကိုပါ တွန်းပို့ ပေးနိုင်တယ်ဆိုတဲ့ အခင်းအကျင်းက သတိပြုစရာအကောင်းဆုံးဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံငယ်တွေအဖို့ ရောဂါကပ်ဘေးကြောင့် ဖြစ်ပေါ်လာတဲ့ စိန်ခေါ်ချက်တွေကို ဖြေရှင်းရာမှာ နဂို ရှိရင်းစွဲ ကျင့်သုံးနေတဲ့ စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေးမူဝါဒ အခင်းအကျင်းတွေကို မဟာဗျူဟာမြောက် ပြန်လည် မွန်းမံနိုင်ဖို့ လိုအပ်တာကို ထောက်ပြထားပါတယ်။ တဆက်တည်းမှာပဲ ကူးစက်ရောဂါကာကွယ်ရေး လိုအပ်ချက်အတွက် ထိန်းချုပ် ကန့်သတ်ခြင်းပုံစံတွေ ဆောင်ရွက်ကြရသလို၊ လူမှုစီးပွား အခြေအနေတွေ နာလန်ပြန် ထူနိုင်ဖို့၊ ပြန်ပြီး လည် ပတ်နိုင်ဖို့ မူဝါဒအပြောင်းအလဲတွေ ဖော်ဆောင်နိုင်ဖို့ကလည်း အရေးတကြီး လိုအပ်နေ ကြောင်း ဆွေးနွေး အကြုံချက်တွေကို လေ့လာဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
အယ်ဒီတာမှတ်ချက် – အစီရင်ခံစာပါ တွေ့ရှိဖော်ပြသုံးသပ်ချက်များသည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၇ ရက် အထိ နောက်ဆုံး ရရှိထားသော အချက်အလက်များအပေါ် အခြေခံဖော်ပြထားခြင်း ဖြစ်ပါသည်။
ယခုဖော်ပြပါ “From Containment to Recovery ” အစီရင်ခံစာအပြည့်အစုံကို Download ရယူနိုင်ပါသည်။