တိုက်ပွဲဖြစ်ပွားမှုများ (ဇန်နဝါရီ ပထမပတ်)

Post By Nyein Ko Ko Soe, On January 6, 2021

တိုက်ပွဲဖြစ်ပွားမှုများ (ဇန်နဝါရီ ပထမပတ်)

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၅ ရက်အထိ (ဇန်နဝါရီ ပထမပတ်) ကာလအတွင်း ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် တိုက်ပွဲ ၁၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သားတဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်၀ဒေသတို့တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲမဖြစ်ပွားသည်မှာ နှစ်လကျော်လာခဲ့ပြီဖြစ်သော်လည်း ကျောက်တော်မြို့နယ်တွင် မိုင်းပေါက်ကွဲ၍ ဒေသခံတဦး ထိခိုက်ခဲ့သည်။ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင် တပ်မတော်နှင့် KNU တပ်မဟာ(၃)တို့ စစ်ရေးတင်းမာနေသကဲ့သို့ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့အနီးတွင်လည်း တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲ၊ သီပေါနှင့် နမ္မတူမြို့နယ်များတွင် RCSS/SSA နှင့် PSLF/TNLA အဖွဲ့တို့ တိုက်ပွဲများရက်ဆက်ဖြစ်ပွားနေ၍ အရပ်သားရာနှင့်ချီ တိမ်းရှောင်နေရပါသည်။

 

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ဒီဇင်ဘာလ ၂၅ ရက်မှစ၍ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် လွယ်အံကျေးရွာအုပ်စုတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် တအာင်းအဖွဲ့(PSLF/TNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်ရှိအချိန်တွင် သီပေါနှင့် နမ္မတူမြို့နယ်များအထိ တိုက်ပွဲကျယ်ပြန့်လာခဲ့ပါသည်။

တိုက်ပွဲဖြစ်သည့်ဒေသ ကျယ်ပြန့်လာသည်နှင့်အတူ အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိလာခဲ့ကြောင်း 7 Day Daily သတင်းစာ၏ ဖော်ပြမှုအရ သိရပါသည်။ ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက နမ္မတူမြို့နယ် မိုင်းဟုမ်းရွာအနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ခြင်းကြောင့် တိုက်ပွဲအတွင်း ကြားညပ်သွားသည့် အရပ်သားတဦး သေဆုံး၊ တဦး ဒဏ်ရာရခဲ့သည်ဟု 7 Day သတင်းတွင် ဖော်ပြထားပါသည်။

RCSS နှင့် TNLA တို့သည် ကျောက်မဲမြို့နယ် လွယ်အံကျေးရွာအုပ်စုတွင် ဒီဇင်ဘာလ ၂၅ ရက်ကစ၍ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ၁၀ ရက်ကျော်ကြာလာပြီးနောက် သီပေါနှင့် နမ္မတူမြို့နယ်အထိ တိုက်ပွဲဧရိယာ ကျယ်ပြန့်နေပြီး စစ်ဘေးရှောင် အရပ်သားဦးရေ နှစ်ထောင်နီးပါးရှိနေပြီဖြစ်ပါသည်။

ထို့အပြင် ဒီဇင်ဘာ ၃၀ ရက်နံနက်က ပြည်ထောင်စုလမ်းမကြီး ကွတ်ခိုင်မြို့ မန်စံရွာအနီးတွင် တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသခံများက 7 Day သတင်းစာကို ပြောကြားခဲ့သည်။ သို့ရာတွင် ထိုတိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်က တစုံတရာ အတည်ပြုပြောကြားခဲ့ခြင်း မရှိကြောင်း 7 Day သတင်းတွင် ဖော်ပြထားပါသည်။

 

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

၂၀၂၀ ရွေးကောက်ပွဲကာလမှစ၍ တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများ ရပ်တန့်သွားသည်မှာ နှစ်လ ကျော်ကြာလာခဲ့ပြီ ဖြစ်သော်လည်း မြေမြှပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေဆဲဖြစ်ပါသည်။

ဧရာ၀တီသတင်းဌာန၏ ဖော်ပြမှုအရ ကျောက်တော်မြို့နယ် ခဘော်ကျေးရွာမှ အမျိုးသမီး တဦးမှာ ဇန်နဝါရီ ၄ ရက် နေ့လည်ပိုင်းက မြေမြှုပ်မိုင်းနင်းမိသည့်အတွက် ခြေတဖက်ပြတ်ကာ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရပါသည်။ မိုင်းထိသည့် အမျိုးသမီးမှာ အသက် ၄၃ နှစ် အရွယ် ရှိပြီး ရွာအရှေ့ဘက် တောင်ရှည်တောင်တန်းတွင် ညီအစ်မနှစ်ဦး ထင်းခုတ်ရန် သွားစဉ် မြေမြုပ်မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။

ကျောက်တော်မြို့နယ်အတွင်း တပ်မတော်နှင့် AA တို့ သုံးနှစ်နီးပါး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း မြေမြုပ်မိုင်း အပါအဝင် စစ်ကျန်လက်နက်များ ပေါက်ကွဲမှုကြောင့် အရပ်သား သေဆုံးထိခိုက်သူ ၁၇ ဦး ထိရှိ ကြောင်း ကျောက်တော်မြို့ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ဧရာ၀တီကို ပြောကြားခဲ့သည်။

 

တပ်မတော်နှင့် KNU အကြား တိုက်ပွဲဖြစ်ပွားမှု

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များတွင် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ စစ်ရေး တင်းမာနေသကဲ့သို့ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင်လည်း ယခုတပတ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။

ဇန်နဝါရီ ၅ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြမှုအရ တပ်မတော်နှင့် KNU တပ်မဟာ (၃) တို့သည် ဒီဇင်ဘာလကုန်ပိုင်းနှင့် ဇန်နဝါရီလဆန်း ပိုင်း၌ ထိတွေ့ပစ်ခတ်မှု သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

ထို့အပြင် ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် အစိုးရတပ်မတော်နှင့် KNU တပ်မဟာ ၅ တို့ကြား စစ်ရေး တင်းမာနေမှုကြောင့် ဒီဇင်ဘာလကုန်အပိုင်းအထိ ဒေသခံ ၃၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဧရာ၀တီ သတင်းဌာနက သတင်းဖော်ပြခဲ့ပါသည်။

KNU တပ်မဟာ ၅ အခြေစိုက်ရာ ဖာပွန်ခရိုင်နှင့် KNU တပ်မဟာ ၁ အခြေစိုက်ရာ မွန်ပြည်နယ် သထုံခရိုင် အကြား၌ တပ်မတော်ဘက်က စစ်သည် အင်အား စုစည်းထားသဖြင့် တပ်မတော်နှင့် KNU တို့ စစ်ရေးတင်းမာမှု အရှိန်မြင့်တက်နေဆဲ ဖြစ်ကြောင်း KNU ဒုဗိုလ်မှူးကြီးစောကလယ်ဒိုးက ဧရာ၀တီကို ပြောကြားခဲ့သည်။

 

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ပထမပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။