By Nyein Ko Ko Soe, On တိုက်ပွဲဖြစ်ပွားမှုများ (ဒီဇင်ဘာ ပထမပတ်)
Post By Nyein Ko Ko Soe, Pan Su Wai, On December 11, 2019

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ (ဒီဇင်ဘာ ပထမပတ်)ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ကျောက်တော်၊ ရသေ့တောင်မြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ တွင် တိုက်ပွဲဖြစ်ပွားမှု ရှစ်ကြိမ်ထက် မနည်းရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရှိရပါသည်။
ဒီဇင်ဘာပထမပတ်အတွင်း တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုများသာ ရှိခဲ့ပြီး ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ဖြစ်ပွားမှုများတွင် အရပ်သားသေဆုံးမှု စုစုပေါင်း လေးဦးအထိ ရှိခဲ့ပါသည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု
ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်တွင် ဒီဇင်ဘာ ၆ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း အသက်ရှစ်နှစ်အရွယ် ကျောင်းသားကလေးငယ်တစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ပါသည်။ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ တပ်မတော်စစ်ကြောင်းကို AA အဖွဲ့က RPG ဖြင့် လာရောက်ပစ်ခတ်မှုကြောင့် အပြန်အ လှန်ပစ်ခတ်မှုအတွင်း ကလေးငယ် သေဆုံးရခြင်းဖြစ်နိုင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ပါသည်။
ဒီဇင်ဘာ ပထမပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) ရသေ့တောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုအများဆုံး ဖြစ်ပွားခဲ့ပြီး ရေစိုးချောင်း၊ ကျောက်တန်း၊ ရေပုတ်ကျေးရွာတို့အနားတွင် တိုက်ပွဲများ ရက်ဆက် ဖြစ်ပွားခဲ့ကာ တပ်မတော်မှ လက်နက်ကြီးများ၊ ရဟတ်ယာဉ်များ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။
ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု
ချင်းပြည်နယ် ပလက်ဝမြို့နယ်၌ ဒီဇင်ဘာ ပထမပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် အရပ်သား သုံး ဦး သေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရခဲ့ပါသည်။
ဒီဇင်ဘာ ၉ ရက် မနက်ပိုင်းက ချင်းပြည်နယ် ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းဌာနချုပ်နှင့် နှုန်းဗူးငယ်ရွာ အခြေစိုက် ဗျူဟာကုန်းတခုကို AA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဗျူဟာ ကုန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ ခြောက်နာရီခန့် ကြာမြင့်ခဲ့ကြောင်း AA အဖွဲ့က ထုတ်ပြန်ခဲ့ပါသည်။
ပလက်ဝမြို့နယ်တခုလုံးကို နိုဝင်ဘာ ၉ ရက်မှစ၍ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်းဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားပြီးနောက် ပလက်ဝမြို့ပေါ်တွင် တပ်မတော်က လုံခြုံရေးတင်းကျပ်ခဲ့ကာ လမ်းတချို့ကို အသွားအလာပိတ်ခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရပါသည်။
ထို့ပြင် ဒီဇင်ဘာ ၁၀ ရက်မနက်ပိုင်း၌ ပလက်ဝမြို့နှင့် တောင်ပြိုမြို့အကြား နှုန်းဗူးကျေးရွာအနီး ကုလားတန်မြစ်အတွင်း ပလက်ဝမှ တောင်ပြိုသို့ ပြေးဆွဲနေသည့် စက်လှေတစီး လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး ကလေးငယ်တဦး အပါအဝင် အရပ်သား သုံးဦး သေဆုံးကာ ခြောက်ဦး ဒဏ်ရာရခဲ့ပါသည်။ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ တပ်မတော်နှင့် AA အဖွဲ့အကြား အပြန်အလှန်စွပ်စွဲပြစ်တင်မှုများ ပြုလုပ်ခဲ့ကြပါသည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာ ပထမပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။
ဆက်စပ် ဆောင်းပါးများ
By Nyein Ko Ko Soe, On
By Nyein Ko Ko Soe, On တိုက်ပွဲဖြစ်ပွားမှုများ (ဇန်နဝါရီ စတုတ္ထပတ်)
By Nyein Ko Ko Soe, On