၂၁ ရာစုပင်လုံ ရီပို့ကတ် (21 UPC Report Card) အပိုင်း-၄ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းမှု မည်မျှ ခရီးပေါက်ခဲ့သနည်း
Post By ISP Admin, On August 26, 2020
Process(လုပ်ငန်းစဉ်)
အကဲဖြတ်အမှတ်ပေးရလဒ်
ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်ကို နားလည်လိုပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (Process) ၏ အခန်းကဏ္ဍကို သိရှိထားသင့်ပါသည်။ ယခု ဖော်ပြချက်သည် NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းမှု လုပ်ငန်းစဉ်များအပေါ် အမှတ်ပေးအကဲဖြတ်ထားခြင်း ဖြစ်သည်။ ထိုသို့ အကဲဖြတ်အမှတ်ပေးရာတွင် ငြိမ်းချမ်းရေး ကြိုးပမ်းမှုနှင့်ပတ်သက်ပြီး ကျွမ်းကျင်သူများ၊ လေ့လာသုံးသပ်သူများ၊ သတင်းစာဆရာများ၊ စုစုပေါင်း ၁၇ ဦး၏ သဘောထားစစ်တမ်းဖြေဆိုမှု၊ သီးခြားဆွေးနွေးမှု များအပေါ် အခြေခံ၍ ISP Peace Desk က အကဲဖြတ် အမှတ်ပေးခဲ့ခြင်းဖြစ်ပါသည်။ အမှတ်ပေးရာတွင် ၀ – ၄၀ အထိကို လမ်းလွဲ အခြေအနေ၊ ၄၀ – ၇၀ ကို လမ်းကြောင်းမှန် အခြေအနေနှင့် ၇၀ – ၁၀၀ ကို ရလဒ်ကောင်း အခြေအနေ အဖြစ် သတ်မှတ်ပါသည်။ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (Process) ၏ အကျိုးသက်ရောက်မှုကို အကဲဖြတ်ရာ၌ ၃၀ မှတ်သာ ရရှိခဲ့သည့်အတွက် အားရဖွယ်မရှိခဲ့ဘဲ ငြိမ်းချမ်းရေး အတွက် ကောင်းမွန်သော အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ခြင်း မရှိကြောင်း သုံးသပ်ရပါသည်။
အသေးစိတ်ရလဒ်များ
ယခုကဏ္ဍအတွက် ပထမစစ်တမ်းမေးခွန်းအဖြစ် “လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း သက်ဆိုင်ရာ အစုအဖွဲ့များ အားလုံးပါဝင်ရေးမူ၏ အမှန်တကယ်သက်ရောက်မှု” အပေါ် သုံးသပ်အကဲဖြတ်ရန် မေးမြန်းခဲ့ပါသည်။ ဖြေဆိုသူဦးရေစုစုပေါင်း၏ ၂၉ ရာခိုင်နှုန်းက အဆင်မပြေကြောင်း၊ ၂၃ ရာခိုင်နှုန်းက လုံးဝအဆင်မပြေကြောင်း၊ အခြား ၂၄ ရာခိုင်နှုန်းက အနည်းငယ်အဆင်မပြေကြောင်းကိုလည်းကောင်း၊ ကျန် ၂၄ ရာခိုင်နှုန်းက ကြားနေအဖြစ် သဘောထားမှတ်ချက် ပြုခဲ့ကြသည်။ ISP Peace Desk ၏ အမှတ်ပေးအကဲဖြတ် သုံးသပ်မှုရမှတ်မှာ ၃၀ မှတ် ဖြစ်ပြီး လမ်းလွဲအခြေအနေတွင်ရှိနေသည်ဟု သတ်မှတ်ပါသည်။
ဒုတိယစစ်တမ်းမေးခွန်းအဖြစ် “လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် အစိုးရ၏ ဗဟိုချုပ်ကိုင်မှုပုံစံက အားကောင်း လာသည်ဟု ယူဆနိုင်ပါသလား” ဟူသည့် မေးခွန်းကို မေးမြန်းခဲ့ရာ ဖြေဆိုသူဦးရေ စုစုပေါင်း၏ ၅၃ ရာခိုင်နှုန်းက ယူဆကြောင်း၊ ကျန် ၄၇ ရာခိုင်နှုန်းက မယူဆကြောင်း သဘောထား မှတ်ချက် ပြုခဲ့ကြသည်။ ISP Peace Desk ၏ အမှတ်ပေး အကဲဖြတ်သုံးသပ်မှုရမှတ်မှာ ၄၅ မှတ် ဖြစ်ပြီး လမ်းကြောင်းမှန်အခြေအနေတွင် ရှိနေသည်ဟု သတ်မှတ် ပါသည်။
နောက်ဆုံးစစ်တမ်းမေးခွန်းအဖြစ် “အစိုးရ၏ ဗဟိုချုပ်ကိုင်မှု အားကောင်းလာခြင်းက ငြိမ်းချမ်းရေး ဖြစ်စဉ် အပေါ် သက်ရောက်နိုင်မှု” ကို သုံးသပ်ရန် မေးမြန်းခဲ့ပါသည်။ ဖြေဆိုသူဦးရေ စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းက အဆင်မပြေကြောင်း၊ ၃၆ ရာခိုင်နှုန်းက လုံးဝအဆင်မပြေကြောင်းနှင့် ကျန် ၁၄ ရာခိုင်နှုန်းက ကြားနေအဖြစ် အသီးသီး သဘောထားမှတ်ချက်ပြုခဲ့ကြသည်။ ISP Peace Desk ၏ အမှတ်ပေး အကဲဖြတ် သုံးသပ်မှုရမှတ်မှာ ၁၅ မှတ် ဖြစ်ပြီး လမ်းလွဲအခြေအနေတွင် ရှိနေသည်ဟု သတ်မှတ်ပါသည်။
သို့ဖြစ်ရာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း လက်ရှိဖော်ဆောင်နေသောငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အကျိုးသက်ရောက်မှုနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူများ၊ လေ့လာသုံးသပ်သူများ၊ သတင်းစာ ဆရာများ၏ သဘောထားစစ်တမ်းဖြေဆိုမှု၊ သီးခြား ဆွေးနွေးမှုများ အပေါ် အခြေခံ၍ ISP Peace Desk ၏ အကဲဖြတ်အမှတ်ပေးမှုအရ စုစုပေါင်း ပျမ်းမျှရမှတ် ၃၀ မှတ် ဖြစ်ပြီး လမ်းလွဲအခြေအနေတွင် ရှိနေသည်ဟု သတ်မှတ်နိုင်ကာ အားရဖွယ် မရှိခဲ့ဘဲ ငြိမ်းချမ်းရေးအတွက် ကောင်းမွန်သော အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ခြင်း မရှိကြောင်း သုံးသပ်ရပါသည်။
နောက်ခံအကြောင်းအရင်းများ
ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (Process) ၏ အကျိုးသက်ရောက်မှုက အားရဖွယ် မရှိခဲ့ဘဲ ငြိမ်းချမ်းရေးအတွက် ကောင်းမွန်သော အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ခြင်း မရှိကြောင်းကို ပေါ်လွင်စေသည့် နောက်ခံအကြောင်းအရင်းများ ရှိနေပြီး ထိုအချက်များအား ယခုအပိုင်းတွင် ဖော်ပြပါမည်။
Process(လုပ်ငန်းစဉ်)
လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လေ့လာရာတွင် ပိုင်းခြားသုံးသပ်သင့်သည့် ကဏ္ဍများစွာ ရှိသည်။ ယခုစာစုတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်ဆင့်များအနက် NCA စာချုပ်ကတဆင့် ငြိမ်းချမ်းရေးဖော်ဆောင်သည့် ဖြစ်စဉ် မရပ်သွားရေးအတွက် အားထုတ်သည့်လုပ်ငန်းစဉ်၊ NCA စာချုပ်မထိုးရ သေးသော အဖွဲ့များအား NCA လုပ်ငန်းစဉ်မူဘောင်ထဲ ဝင်ရောက်လာအောင်ကြိုးပမ်းသည့် လုပ်ငန်းစဉ်တို့အပြင် ပါဝင်ပတ်သက်သူအစုအဖွဲ့များအားလုံးက NCA မှတဆင့် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာမည့်လုပ်ငန်းစဉ်အပေါ် ယုံကြည်မှု ရှိ၊ မရှိ လေ့လာသွားရန် ဖြစ်ပါသည်။ NLD အစိုးရသက်တမ်းအတွင်း NCA အခြေပြုငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့မတိုး၊ နောက်မဆုတ်အခြေအနေဖြစ်ပေါ်ခဲ့ပြီး အကျပ်အတည်း (Deadlock) သဖွယ် ကြုံတွေ့ခဲ့ရသည်။
ထို့အပြင် မွန်ပြည်သစ်ပါတီ(NMSP/MNLA)အဖွဲ့နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)ကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ NCA ဘောင်ထဲဝင်ရောက်လာသကဲ့သို့ အခြားတဖက်တွင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် ပလက်ဝေဒေသနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ဆွေးနွေးမှုများနှင့် အပြိုင် စစ်ရှိန်လည်း မြင့်တက်လာသည်ကို တွေ့ရပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်းမှ ထွက်ရှိလာသောရလဒ်များမှာ ယေဘုယျအားဖြင့် ပါဝင်ပတ်သက်သူအစုအဖွဲ့များအကြား သဘောတူညီချက် အချို့ ရရှိခဲ့သကဲ့သို့ ၂၀၂၀ အလွန်အထိ ငြိမ်းချမ်းရေးခရီးထပ်ဆက်မည်ဆိုသည့် အချက်များ ရရှိခဲ့ခြင်းက အပြုသဘောဆောင်သော လက္ခဏာအချို့ ဖြစ်ပါသည်။
သို့ဖြစ်ရာ ယခုဆက်လက်ဖော်ပြမယ့်စာစုတွင် NLD အစိုးရလက်ထက် ပြည်တွင်းစစ်ပဋိပက္ခချုပ်ငြိမ်း ရေးနှင့် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းမှု လုပ်ငန်းစဉ်များအနက် အမည်ပြောင်းလဲကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ၊ NCA လက်မှတ်ထိုးထားသည့်အဖွဲ့များနှင့် လက်မှတ်မထိုးရသေးသည့်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့အကြား အခင်းအကျင်းများကို အပိုင်းသုံးပိုင်းဖြင့် အကျဉ်းချုံးသုံးသပ်ဖော်ပြသွားမည် ဖြစ်သည်။
၁။ NCA လက်မှတ်မထိုးရသေးသောအဖွဲ့များနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်အခင်းအကျင်း
ဤကဏ္ဍတွင် NCA လက်မှတ်မရေးထိုးထားသောအဖွဲ့များ၏ NCA လမ်းကြောင်းအပေါ် အမြင်သဘောထားများ၊ ပါဝင်ပတ်သက်သူ အစုအဖွဲ့များအကြား NCA လမ်းကြောင်းအပေါ် ချဉ်းကပ်မှုများမှတဆင့် ငြိမ်းချမ်းရေးဖြစ်စဉ်အခင်းအကျင်းအပေါ် သက်ရောက်နိုင်မှုများ စသည့်အချက်များကို ကောက်နုတ် ဆွေးနွေးသွားမည် ဖြစ်သည်။
NCA အပေါ် သဘောထားအမြင်များ
အစိုးရ၏ NCA အခြေပြု ငြိမ်းချမ်းရေးဆွေးနွေးမှုပုံစံအပေါ် အခြား NCA လက်မှတ်မရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်များ၏ အမြင်သဘောထားများမှာ ဆက်စပ်လေ့လာစရာ ဖြစ်ပါသည်။
ထိုကဲ့သို့ သဘောထားမှတ်ချက်များအနက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် အင်အား အကြီးဆုံးဖြစ်ပြီး အပစ်ရပ်လက်မှတ်မထိုးထားသည့် “၀” အဖွဲ့(UWSP/UWSA)၏ NCA အပေါ် သဘောထားအမြင်မှာ သတိပြုစရာ ဖြစ်ခဲ့သည်။
“၀” အဖွဲ့က NCA ပါ အချက်များအား ပြင်ဆင်ခွင့်နှင့် တစုံတရာ အကြောင်းရှိလာပါက လက်မှတ်ရေးထိုး ထားခြင်းမှ နုတ်ထွက်ခွင့်ကို အစိုးရနှင့် တပ်မတော်က စာရေးသားပြီး ကတိပေးရန် တောင်းဆိုထားခြင်း ဖြစ်သည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် မီဒီယာများကို ဖြန့်ဝေခဲ့သော တင်ပြချက်မှတ်တမ်းအရ “၀” အဖွဲ့က NCA ပါ အချက်များအပေါ် ယုံကြည်မှုမရှိဘဲ ပြင်ဆင်လိုသည့် ၎င်းတို့၏ သဘောထားကို ပြသခဲ့သည်။ တပ်မတော်နှင့် အပစ်ရပ်လက်မှတ်ရေးထိုး ထားသည့် အဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် NCA စာချုပ်ပါ အပစ်ရပ်စဲ ရေး ပုဒ်မများသည့် ချို့ယွင်းချက်များ ရှိနေသည်ဟု“၀” အဖွဲ့က ထောက်ပြခဲ့သည်။ ထို့အပြင် “၀” အဖွဲ့က NCA ယန္တရားပါ နိုင်ငံရေး ဆွေးနွေးမှု မူဘောင်သည်လည်း ဆိုးရွားသည့် ချို့ယွင်းချက်များ ရှိနေသည်ဟုလည်း ညွှန်းဆိုခဲ့သည်။
အပစ်ရပ်လက်မှတ်ထိုးပါက အပစ်အခတ်ရပ်စဲရေးကို အာမခံနိုင်ရမည်ဖြစ်ပြီး နိုင်ငံရေးဆွေးနွေးရာ၌လည်း တရားမျှတသည့် နိုင်ငံရေးသဘောတူညီမှု ဖြစ်လာရန် အာမခံချက်ပေးနိုင်ရမည်ဟု ၎င်းတို့၏ သဘောထားကို “၀” အဖွဲ့က ထုတ်ဖော်ပြသခဲ့သည်။ သို့ရာတွင် NCA ပါ အချက်များကို ပြင်ဆင်ရန် အစိုးရနှင့် တပ်မတော်တို့က သဘောထားမရှိခြင်းကြောင့် “၀” အဖွဲ့၏ NCA လက်မှတ်ထိုးရေး အခြေအနေမှာ အလှမ်းဝေးနေဆဲ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ခဲ့ကြသည်။
ထို့အပြင် “၀” အဖွဲ့ ဦးဆောင်၍ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ကို စုပေါင်းထားသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ပေါ်ပေါက်လာခြင်းမှာ NCA လက်မှတ်မထိုးရသေးသော အဖွဲ့များ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှု အခင်းအကျင်းတွင် အာရုံစိုက်စရာ ဖြစ်ခဲ့သည်။
ယင်းအဖွဲ့၏ အဖွဲ့ဝင်များဖြစ်သော ULA/AA၊ PSLF/TNLA နှင့် MNTJP/MNDAA အဖွဲ့တို့နှင့် တပ်မတော်အကြား စစ်ရေးတင်းမာမှုများ တိုးမြှင့်လာခဲ့ပြီးနောက် FPNCC ကို နိုင်ငံရေးအရ ပူးပေါင်း ဆောင်ရွက်ရန်သာ ဖွဲ့စည်းထားပြီး စစ်ရေးအရ ပတ်သက်မှုမရှိဟု အဖွဲ့ဦးဆောင်သူ “၀” အဖွဲ့ က ရှင်းလင်းခဲ့သည်။ သို့ရာတွင် အဖွဲ့ဝင်များအကြား လက်နက်နှင့် စစ်ရေးဆိုင်ရာ အကူအညီများ အပြန်အလှန် ဖလှယ်နေကြသကဲ့သို့ “၀” အဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် သဘောထားအတိုင်းသာ ဆောင်ရွက်နေကြကြောင်း မှတ်ချက်ပေးမှုများလည်း ရှိနေသည်။
FPNCC သည် NCA ကို လက်မှတ်မထိုးရန်၊ စာချုပ်အသစ် ဖော်ဆောင်ပေးရန်၊ တဖွဲ့ချင်း မဆွေးနွေး ဘဲ FPNCC အနေဖြင့်သာ ဆွေးနွေးရန် မူဝါဒ ချမှတ်ထားသည်။ အလားတူ အစိုးရနှင့် တပ်မတော် ဘက်မှလည်း FPNCC ကို အသိအမှတ် မပြုကြောင်း၊ NCA ပြင်ပ ဆွေးနွေးမှုကို လက်မခံနိုင်ကြောင်း၊ တဖွဲ့ချင်း သို့မဟုတ် လေးဖွဲ့ နှင့် သုံးဖွဲ့ခွဲကာ ဆွေးနွေးနိုင်ကြောင်း စသည့် မူဝါဒချမှတ်ထားရာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ပါဝင်သူအစုအဖွဲ့များအကြား မကျေမလည်ဖြစ်စေသည့် မူဝါဒ ကွဲလွဲမှုများ ဖြစ်ခဲ့သည်။
NCA လက်မှတ်မထိုးရသေးသော ရှစ်ဖွဲ့အနက် FPNCC အဖွဲ့တွင် မပါဝင်ဘဲ လက်မှတ်ထိုးရန် အနီးစပ်ဆုံး အနေအထားတွင် ရှိခဲ့သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှာလည်း ပြည်နယ်အ တွင်း ဖြစ်ပွားခဲ့သော နိုင်ငံရေးအခြေအနေများကြောင့် လက်မှတ်ထိုးရန် နှောင့်နှေးခဲ့သည်။ KNPP အနေဖြင့် NCA ထိုးနိုင်ရေး အခက်အခဲ ဖြစ်ပွားခဲ့ရသောအချက်များမှာ ကယားပြည်နယ် အစိုးရနှင့် ကယားလူထုကြား ဗိုလ်ချုပ် ကြေးရုပ် စိုက်ထူရေး သဘောထား ကွဲလွဲခြင်း၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက KNPP တပ်ဖွဲ့ဝင် သုံးဦးနှင့် အရပ်သား တဦး တပ်မတော်နှင့် ပစ်ခတ်မှုအတွင်း သေဆုံးသွားသောကိစ္စ ဖြေရှင်း မရသေးခြင်းနှင့် NCA ထိုးထားသော အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ မပြေလည်ခြင်း တို့ကြောင့်ဟု သုံးသပ်မှုများ ရှိနေသည်။
အပစ်ရပ်ဆွေးနွေးမှုများနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်များ
NCA မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များအနက် တပ်မတော်နှင့် စစ်ရေးတင်းမာမှု ရှိသည့် အဖွဲ့များနှင့် အစိုးရတို့အကြား အပစ်ရပ်ဆွေးနွေးမှုများကလည်း ချဉ်းကပ်သုံးသပ်ရမည့်ဖြစ်စဉ်များ ဖြစ်သည်။
မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ဖြစ်သည့် KIO/KIA ၊ ULA/AA၊ PSLF/TNLA နှင့် MNTJP/MNDAA အဖွဲ့တို့နှင့် အစိုးရကိုယ်စားလှယ်များအကြား အပစ်ရပ်ဆွေးနွေးမှုများကို ၂၀၁၉ ဖေဖော်ဝါရီမှစ၍ ပြည်တွင်းတွင် လေးကြိမ်နှင့် တရုတ်နိုင်ငံ ကူမင်းမြို့တို့တွင် နှစ်ကြိမ် ပြုလုပ်ခဲ့သည်။ နှစ်ဖက်ဆွေးနွေးမှု များတွင် မြောက်ပိုင်းလေးဖွဲ့က ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (Bilateral Ceasefire Agreement) ရေးထိုးရန် တောင်းဆိုမှုကို အစောပိုင်းက အစိုးရဘက်မှ Bilateral အစား အပစ်ရပ်သ ဘောတူညီချက်(Deed of commitment) ထိုးရန်သာ သဘောထားပေးမှုလည်း ရှိခဲ့သည်။ ထို့အပြင် ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ် အဆိုပြုချက်မူကြမ်းပါ အချက်များနှင့် ပတ်သက်၍လည်း နှစ်ဖက် ညှိနှိုင်း၍ မရခြင်းကြောင့် ၂၀၁၉ ဒီဇင်ဘာက ကူမင်းမြို့ တွင် တွေ့ဆုံခဲ့ပြီး နောက် ယခုအချိန်အထိ ထပ်မံ တွေ့ဆုံနိုင်ခြင်း မရှိတော့ပေ။ ယင်းလေးဖွဲ့အနက် တပ်မတော်နှင့် စစ်ရေးတင်းမာမှု နည်းပါးသော KIO/KIA အဖွဲ့ကလည်း အားလုံးပါဝင်ရေးမူကို ဆုပ်ကိုင်ထား၍ NCA လက်မှတ်ထိုးရန် နီးစပ်မှုမရှိ ဖြစ်နေသည်။
တပ်မတော်ကဲ့သို့ပင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကလည်း ၂၀၁၉ စက်တင်ဘာမှ စပြီး ယခုလကုန်အထိ တဖက်သတ်အပစ်ရပ်ကြေညာမှု ခြောက်ကြိမ် ပြုလုပ်ခဲ့သော်လည်း အပြန်အလှန်ယုံကြည်မှု မရှိခြင်း ကြောင့် တိုက်ပွဲများ မရပ်တန့်ခဲ့ပေ။ ၂၀၁၉ ဩဂုတ် ၁၅ ရက်တွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်များတွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း တပ်မတော်က တုံ့ပြန်တိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန်မပြုလုပ်ခဲ့သည့်အပြင် ဩဂုတ်လကုန်တွင် အပစ်ရပ်ကြေညာမှုကိုလည်း ရက်တိုးမြှင့်ပေးခဲ့သည်။
တဆက်တည်းမှာပင် ရခိုင်ပြည်နယ်ကို ကွန်ဖက်ဒရေးရှင်းအဆင့် လိုချင်ကြောင်း AA အဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ပြောကြားမှုက ဖက်ဒရယ်ကို ဦးတည်ထားသည့် လက်ရှိပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထိုးနှက်မှုတရပ်ဖြစ်ခဲ့သည်။
“၀” အဖွဲ့ ရရှိထားသည့်အခွင့်အာဏာကို စံထား၍ ကွန်ဖက်ဒရေးရှင်း လိုချင်ကြောင်း ပြောကြားခြင်း ဖြစ်သည်ဟု AA အဖွဲ့က ပြောကြားခဲ့မှုအပေါ်တွင် သဘောထားကွဲလွဲမှုများ ရှိခဲ့ကြသည်။ “၀” အဖွဲ့သည် ၎င်းတို့ဒေသလုံခြုံရေးအတွက် ကိုယ်ပိုင်လက်နက်ကိုင်အဖွဲ့အပြင် ပြည်ထဲရေး၊ လ.ဝ.က၊ အကောက်ခွန်၊ တရားရေးစသည့် ဌာနများကို ဖွဲ့စည်း၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိထားသည်။ သို့ရာတွင် “၀” အဖွဲ့အနေဖြင့် ကွန်ဖက်ဒရေးရှင်းဟူ၍ သုံးနှုန်းမှု မရှိခဲ့သကဲ့သို့ ရခိုင်ပြည်နယ်၏ ပထဝီအနေအထားအရလည်း အခြေအနေများကို ပိုဆိုးရွားသွားစေနိုင်ကြောင်း ထောက်ပြမှုများ ရှိခဲ့သည်။
ထို့အပြင် AA အဖွဲ့အနေဖြင့် ကွန်ဖက်ဒရေးရှင်း တောင်းဆိုလာခြင်းကြောင့် NCA လုပ်ငန်းစဉ်ကို လက်မခံဘဲ နိုင်ငံတနိုင်ငံ ပုံစံနှစ်မျိုး ( one country two systems model) ဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မောင်းနှင်ရန် ရည်ရွယ်နေကြောင်းလည်း သုံးသပ်မှုများ ထွက်ပေါ်လာခဲ့ပါသည်။ အစိုးရက ၂၀၂၀ ပြည့်နှစ် မတ်လတွင် ULA/AA အဖွဲ့ကို မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ ခြင်းကြောင့် အပစ်ရပ်ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ရန် အခက်အခဲ ရှိသွားခဲ့သည်။ ထို့အပြင် ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားရာတွင် AA အဖွဲ့ကို ချန်လှပ်ခဲ့သည်။ တဆက်တည်းမှာပင် AA အဖွဲ့အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာလိုက်ခြင်း၏ အကျိုးဆက်အဖြစ် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သက်ရောက်မှုများ ရှိလာနိုင်မည်ကို ထောက်ပြခဲ့ကြသည်။
သို့ရာတွင် အစိုးရကိုယ်စားလှယ်များနှင့် သုံးသပ်သူများ၏ ပြောဆိုချက်အရ AA အဖွဲ့အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရသော်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နိုင်သေးကြောင်း မှတ်ချက်ပြုခဲ့ကြသည်။ တဖန် အစိုးရမှ AA အပါအဝင် မြောက်ပိုင်းလေးဖွဲ့နှင့် အဖွဲ့လိုက် Bilateral၊ တဖွဲ့ချင်း Bilateral နှင့် ထိုမှတဆင့် NCA လမ်းကြောင်းသို့ ဖော်ဆောင်ရန်ဟူသည့် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရေး အဆင့်သုံးဆင့်ကို အဆိုပြုခဲ့ရာ မြောက်ပိုင်းအဖွဲ့ များမှ လက်ခံကြောင်း အကြောင်းပြန်ခဲ့သည်။
၂။ NCA လက်မှတ်ထိုးထားသည့်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်အခင်းအကျင်း
ဤကဏ္ဍတွင် NCA အခြေပြုငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်များအတွင်းမှ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ရပ်တည်ချက်များ၊ သဘောထားအမြင်များက ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သက်ရောက်နိုင်မှုများကို ကောက်နုတ်ဆွေးနွေးသွားမည် ဖြစ်သည်။
ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်အကျပ်အတည်း
NLD အစိုးရလက်ထက်အတွင်း NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ လှုပ်ရှားမှုများအနက် KNU နှင့် RCSS/SSA တို့မှ ၂၀၁၈ နှစ်ကုန်ပိုင်းမှ စ၍ ငြိမ်းချမ်းရေးဆိုင်ရာအစည်းအဝေးများတွင် ပါဝင်မှု ရပ်ဆိုင်းခဲ့ခြင်းမှတဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်တွင် အကျပ်အတည်းပေါ်ပေါက်ခဲ့သည်မှာ သတိပြုစရာဖြစ်ရပ်တခု ဖြစ်ခဲ့သည်။
၂၀၁၈ အောက်တိုဘာတွင် RCSS/SSA က JMC အစည်းအဝေးများ၌ ပါဝင်ခြင်းမှ ရပ်ဆိုင်းမည်ဟု ကြေညာချက် ထုတ်ခဲ့ပြီး နိုဝင်ဘာတွင် KNU ကလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပါဝင်ခြင်းမှ ရပ်ဆိုင်းထားသည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။
ယင်းနောက် KNU က အားလုံးပါဝင်နိုင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ပေါ်လာရန် အဆိုပြုမှုအဖြစ် အပစ်ရပ် ၁၀ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)ကို ဖျက်သိမ်း၍ အပစ်ရပ်လက်မှတ် မထိုးသည့် အဖွဲ့များပါ ပါဝင်နိုင်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတိုင်ပင်ခံအစည်းအဝေး (PPCM) ဖွဲ့စည်းရန် အဆိုပြုခဲ့သည်။ ထို့အပြင် PPST မှ နုတ်ထွက်ရန်လည်း စာတင်ခဲ့ခြင်းကြောင့် KNU ၏ PPST နှင့် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ယုံကြည်မှုမှာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။ KNU ၏ PPCM အဆိုပြုမှုအပေါ် ကျန်အပစ်ရပ်အဖွဲ့များက လက်ခံမှု မရှိခဲ့၍ KNU နှင့် အခြားအပစ်ရပ် အဖွဲ့များအကြား သဘောထားကွဲလွဲမှုလည်း ဖြစ်ပေါ်ခဲ့သည်။
ယင်းကာလအတွင်း အဆိုပါအဖွဲ့ နှစ်ဖွဲ့နှင့် တပ်မတော်တို့အကြား စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်ခဲ့ပြီး NCA ကို ချိုးဖောက်ကြောင်း အပြန်အလှန်စွပ်စွဲမှုများ ရှိခဲ့သည်။ ၂၀၁၉ အောက်တိုဘာအတွင်း NCA နှစ်ပတ်လည်အခမ်းအနား တက်ရောက်ရန် နေပြည်တော်သို့ လာရောက်သော RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွက်စစ်၏ ခရီးစဉ်ကို တပ်မတော်က တားမြစ်ခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာ နောက်ဆုတ်ခဲ့ရပြန်သည်။
ယခုနှစ် ဇန်နဝါရီတွင်တော့ တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲအဖြစ် JICM အစည်းအဝေးကို ပြုလုပ်နိုင်ခဲ့ပြီး ကိုဗစ်ကာလတွင်လည်း အစိုးရ၏ တိုင်းရင်းသားလက်နက်ကိုင် (EAO) များနှင့် ညှိနှိုင်း ပူးပေါင်းရေးကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ကိုဗစ် -၁၉ ကပ်ရောဂါအရေး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် နိုင်ခဲ့သည်။ သို့ရာတွင် အစိုးရ၏ ကိုဗစ်ကာလ ငွေကြေးထောက်ပံ့မှုကို အပစ်ရပ် ၁၀ ဖွဲ့အနက် KNU နှင့် RCSS/SSA တို့က ရယူရန် ငြင်းဆန်ခဲ့ခြင်းမှာ အာရုံစိုက်စရာ ဖြစ်ခဲ့သည်။
ပင်လုံအကြို ညှိနှိုင်းအစည်းအဝေးများတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃)၌ ထည့်သွင်းချုပ်ဆိုရန် အပိုင်း ၁ NCA အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင် ၁၅ ချက်၊ အပိုင်း ၂ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ် များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ ခေါင်းစဉ် ရှစ်ခုနှင့် အပိုင်း ၃ ဒီမိုကရေစီနှင့် ဖက်ဒရယ် အခြေခံမူ ၅ ချက်တို့ကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား သဘောတူညီမှု ရရှိခဲ့သည်။
သို့ရာတွင် အပြီးသတ်ဆွေးနွေးချိန်တွင်မူ ဖက်ဒရယ် အခြေခံမူ ၅ ချက်၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက သုံးနှုန်းလိုသည့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေအစား အစိုးရမှ ပြည်နယ်အခြေခံဥပဒေသာ သုံးနှုန်းခွင့်ပြုလိုခြင်း ကြောင့် သဘောတူညီမှု မရရှိခဲ့ဘဲ ချန်လှပ်ခဲ့ရသည်။
၃။ အစိုးရနှင့် တပ်မတော်တို့၏ ငြိမ်းချမ်းရေးဖြစ်စဉ်အခင်းအကျင်း
ဤကဏ္ဍတွင် ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ပါဝင်သူအစုအဖွဲ့အများအနက် အစိုးရနှင့် တပ်မတော်တို့၏ ငြိမ်းချမ်းရေးဖြစ်စဉ် အခင်းအကျင်းတို့ကို ကောက်နုတ်ဆွေးနွေးသွားမည် ဖြစ်ပါသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ
“ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကျင်းပခြင်း” နှင့် ပတ်သက်၍ သုံးသပ်ပါက ပြည်ခိုင်ဖြိုးပါတီ အစိုးရ သက်တမ်းကုန်ခါနီးတွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသည် ထူးခြားမှုမရှိခဲ့ဘဲ သမ္မတ ဦးသိန်းစိန်နှုတ်ဆက်ပွဲနှင့် ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုပွဲသာ ဖြစ်ခဲ့သည်။ သို့သော် အစုအဖွဲ့အသီးသီးက စာတမ်း ၇၂ စောင်တင်သွင်းခဲ့ပြီး အစုအဖွဲ့အသီးသီး၏ ရပ်တည် ချက်များနှင့် တိုင်းရင်းသားများ လိုလားသည့် သဘောဆန္ဒများကို သိရှိခွင့်ရခဲ့ကြသည်။
NLD အစိုးရလက်ထက်တွင်မူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမည်ပြောင်းလဲမှုများဖြင့် စတင်ခဲ့ပါသည်။ ယခင်အစိုးရလက်ထက်က ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်တွင် အဓိက မောင်းနှင်အားတခု ဖြစ်ခဲ့သည့် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန(MPC)ကို အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်ချမ်းရေးဗဟိုဌာန(NRPC) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
“ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ” ကိုလည်း “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ−၂၁ ရာစုပင်လုံ အစည်းအဝေး” ဟူ၍ ပြောင်းလဲ ကျင်းပခဲ့သည်။ ထို့အတူ ငြိမ်းချမ်းရေးကော်မရှင်ကိုလည်း ဖွဲ့စည်းခဲ့ပါသည်။ ထိုအပြောင်းအလဲများကပင် ယခင် အစိုးရ၏ချဉ်းကပ်ပုံနှင့် မတူသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တခု ပေါ်ပေါက်လာခဲ့သည်။ အခြားတဖက်တွင်လည်း ယခင်အစိုးရလက်ထက်က ပေါ်ပေါက်ခဲ့သည့် NCA လုပ်ငန်းစဉ်များ အခြေခံ၍ ဆက်လက်လုပ်ဆောင်ခဲ့ပြီး ဗဟိုချုပ်ကိုင်မှု များသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တရပ်လည်း အားကောင်းလာခဲ့ပါသည်။
၂၀၁၆ ခုနှစ် သြဂုတ်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ−၂၁ ရာစုပင်လုံ ပထမ အစည်းအဝေးကို ပြုလုပ်ခဲ့ပြီး သဘောတူညီချက်များ မရှိခဲ့ဘဲ အစိုးရသစ်လက်ထက် စတင်ပြုလုပ်သည့် အဖွင့် ညီလာခံတခုအဖြစ်သာ မှတ်တမ်းဝင်ခဲ့သည်။
သို့ရာတွင် ၂၀၁၇ မေလတွင် ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ−၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးတွင်မူ အချက် (၃၇) ချက် ပါဝင်သော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁)ကို ချုပ်ဆိုနိုင်ခဲ့သည်။ သို့ရာတွင် တပ်မတော်ဘက်က တင်သွင်းခဲ့သည့် “ခွဲမထွက်ရ” နှင့် “တစ်ခုတည်းသော တပ်မတော်” ဟူသည့် အကြောင်းအရာများကြောင့် ရသင့်သည့် အရေးကြီးသော သဘောတူညီချက်များ မရရှိခဲ့ပေ။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ−၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ကို ၂၀၁၈ ဩဂုတ်တွင် ကျင်းပခဲ့ရာ အချက် ၁၄ ချက် ထပ်မံရရှိခဲ့၍ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၂)ကို ချုပ်ဆို နိုင်ခဲ့သည်။ သို့သော် ယင်းအစည်းအဝေးတွင် ဖြစ်ပေါ်တိုးတက်မှု ပိုမို ဆုတ်ယုတ်လာသည့် သဘောကို တွေ့ရှိရပြီး ဖက်ဒရယ်ဆိုင်ရာ မူဝါဒများကို ဆွေးနွေးရန် ဝေးကွာသွားသည့်အပြင် နိုင်ငံရေး ကဏ္ဍတွင် ကျားမဆိုင်ရာတန်းတူညီမျှမှုကိုသာ ဆွေးနွေးနိုင်ခဲ့သည်။ အခြားတဖက်တွင်လည်း လုံခြုံရေး ကဏ္ဍ အတွက် ဆွေးနွေးမည့်ခေါင်းစဉ်ကိုပင်လျှင် သဘောတူနိုင်ခဲ့ခြင်း မရှိပေ။
ထိုအချိန်နောက်ပိုင်း ခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လုံခြုံရေးကဏ္ဍများကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အကျပ်အတည်း ဖြစ်ပေါ်လာခဲ့ရသည်။ ယင်းအကျပ်အတည်းကို ဖြေရှင်းနိုင်ရန် အစိုးရက NCA ပြင်ပ လမ်းသစ်ထွင်ခြင်းအဖြစ် ၂၀၁၈ အောက်တိုဘာလအတွင်း နေပြည်တော်တွင် ၁၀+၁၀ ထိပ်သီး ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။ ယင်းဆွေးနွေးပွဲအပြီးတွင် KNU နှင့် RCSS/SSA အဖွဲ့များက ငြိမ်းချမ်းရေးဆိုင်ရာ အစည်းအဝေးတွေမှာ ပါဝင်မှု ရပ်ဆိုင်းခဲ့ သည့်အတွက် တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာ တနှစ်ကျော်ကြာ ရပ်ဆိုင်းသွားခဲ့ရသည်။
ထို့ကြောင့် NRPC အနေဖြင့် KNU နှင့် RCSS/SSA တို့ တရားဝင် ငြိမ်းချမ်းရေးအစည်းအဝေးများတွင် ပြန်လည်ပါဝင်လာရန် အလွတ်သဘောတွေ့ဆုံမှုများကို အကြိမ်များစွာ ပြုလုပ်ခဲ့ရသည်။ ၂၀၂၀ ဇန်နဝါ ရီတွင် JICM အစည်းအဝေး ပြန်လည်ပြုလုပ်နိုင်ခဲ့ပြီး ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးအတွက် ကျင်း ပမည့်အချိန် သတ်မှတ်ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဩဂုတ်မှသာ ကျင်းပနိုင်ခဲ့သည်။
သို့ရာတွင် AA အဖွဲ့ကို မဖိတ်ကြားခဲ့သကဲ့သို့ FPNCC အဖွဲ့ဝင်များနှင့် KNPP တို့ကလည်း မတက်ရန် ဆုံးဖြတ်ခဲ့ကြ၍ အပစ်ရပ်လက်မှတ်မထိုးထားသည့်အဖွဲ့အားလုံး မပါဝင်သည့် ပထမဆုံးအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ဖြစ်ခဲ့သည်။
တဆက်တည်းမှာပင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှောင့်နှေးမှုများ မဖြစ်ရအောင် တပ်မတော်ဘက်က အပစ်ရပ်ကြေညာပေးမှုအပါအဝင် လုပ်ဆောင်မှုများ ဆောင်ရွက်ပေးခဲ့သော်လည်း ယင်းကာလအတွင်း NRPC ၏ လုပ်ဆောင်မှုများမှာ အားရစရာမရှိဘဲ အကောင်အထည်မဖော်နိုင်ခဲ့ကြောင်း ဝေဖန်ပြောကြားမှုကလည်း စစ်ဘက် -အရပ်ဘက်ဆက်ဆံရေးအပေါ် သတိပြုစရာ ဖြစ်ခဲ့သည်။
ညီလာခံတက်သူ ဦးရေ သုံးချိုး တချိုးအထိ လျှော့ချကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ −၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးအဖွင့်တွင် ပြောကြားခဲ့သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ မိန့်ခွန်းများတွင် ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်ပြီး မတူညီသော သဘောတရားများကို ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရပြီး တိုင်းရင်းသားများ၏ သဘောဆန္ဒနှင့် လိုက်လျောညီထွေမှု မရှိသော ချဉ်းကပ်ပုံများကိုလည်း တွေ့ရှိခဲ့ရပါသည်။
အစည်းအဝေးနောက်ဆုံးနေ့တွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) အဖြစ် သဘောတူညီချက် အချက် ၂၀ ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်နှင့် အဆင့် အလိုက် အကောင်အထည်ဖော်မှုများကို သဘောတူညီမှု ရရှိခဲ့သည်။ သို့ရာတွင် ဖက်ဒရယ်ပြည်ထောင်စု၏အခြေခံအကျဆုံးအချက်အဖြစ် တိုင်းရင်းသားများက ရှုမြင်ထားသည့်ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခွင့်အချက်ကို အသုံးအနှုန်း သဘောတူညီချက် မရရှိ၍ မချုပ်ဆိုနိုင်ခဲ့ခြင်းမှာ ထောက်ပြစရာ ဖြစ်ခဲ့သည်။
အယူဆမှတ်စု
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်သော အစိုးရလက်ထက် ငြိမ်းချမ်းရေး ကြိုးပမ်းမှု၏ အထင်ကရ ပြယုဂ်တခုဖြစ်သော ၂၁ ရာစု ပင်လုံ – ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (စတုတ္ထ အစည်းအဝေး) ကို ဩဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိ နေပြည်တော်၌ ပြုလုပ်ခဲ့သည်။
NLD အစိုးရသည် ရွေးကောက်ပွဲဝင်ချိန်ကပင် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို နံပါတ်တစ် ဦးစားပေးအနေဖြင့် ပြုလုပ်ရန် ရွေးကောက်ပွဲကြေညာစာတမ်းတွင် ဖော်ပြခဲ့သည်။ အသေးစိတ်အနေဖြင့် လုပ်ဆောင်မည်ဆိုသော အချက်ခြောက်ချက် ထားရှိခဲ့ပါသည်။ ထိုအတူ အစိုးရဖြစ်ချိန်တွင်လည်း ငြိမ်းချမ်းရေးကို အဓိကလုပ်ငန်းစဉ်တခုဖြင့် သဘောထား၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ချိတ်ဆက်နိုင်ရန်အထိ အားထုတ်ကြိုးပမ်းမှုများ ရှိခဲ့ပါသည်။ သို့သော် နောက်ပိုင်းတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမှုကို လွှတ်တော် တွင်းမှာသာ ဆောင်ရွက်ခဲ့ပါသည်။ NCA သဘောတူညီချက်အရ ရှိခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ၂၁ ရာစုပင်လုံ- ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဟု NLD အစိုးရလက်ထက်တွင် အမည် ပြောင်းလဲခဲ့ပြီး “၂၁ ရာစုပင်လုံမှ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုသို့” ဟူသည့် ဆောင်ပုဒ်ကိုလည်း ချမှတ်ခဲ့သည်။ ယင်းအပြင် ၂၀၂၀ ပြည့်နှစ်မတိုင်မီ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ခြောက်ကြိမ် ပြုလုပ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆိုင်ရာ အခြေခံမူများချမှတ်ပြီး ပြည်ထောင်စုသဘောတူ စာချုပ်ကို လွှတ်တော်၌ အတည်ပြုနိုင်ရန် အားထုတ်ခဲ့ပါသည်။ သို့ရာတွင် အဆိုပါ မျှော်မှန်းချက်များ အတိုင်း ဖြစ်မလာခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ ယခုပြုလုပ်ခဲ့သည့် ၂၁ ရာစု ပင်လုံ – ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (စတုတ္ထအစည်းအဝေး) သည် NLD အစိုးရ တာဝန်ယူသည့် ငါးနှစ်သက်တမ်းကာလအတွင်း နောက်ဆုံးပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးညီလာခံ ဖြစ်ပါသည်။ ထို့ကြောင့် ပြီးခဲ့သည့် ငါးနှစ်တာ ကာလအတွင်း အစိုးရ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှု မည်မျှ ခရီးပေါက်ခဲ့သည်ဆိုခြင်းအား လည်ပြန် ကြည့်ရန် လိုအပ်မည် ဖြစ်ပါသည်။
ISP Peace Desk အနေဖြင့် မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှု ဖြစ်စဉ်များကို လေ့လာရာတွင် ရှုမြင်ချက် လေးရပ်ကို အခြေခံပြီး ပိုင်းခြားလေ့လာ ဆန်းစစ်မှုများ ပြုလုပ်လေ့ရှိပါသည်။ ရှုမြင်ချက် လေးရပ်မှာ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ပြုလုပ်နေချိန်၌ ဖြစ်ပေါ်ခဲ့သည့် ဆက်စပ်အခြေအနေများ (Contexts)၊ တည်ဆောက်ပုံ ဒီဇိုင်း (Design)၊ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ နိုင်ငံများ (Actors) နှင့် လုပ်ငန်းစဉ်များ (Process) တို့ ဖြစ်ကြပြီး၊ ထိုအချက်များကို အခြေခံ၍ ပိုင်းခြားလေ့လာဆန်းစစ်မှု (Analysis) ကို ပြုလုပ်ခြင်း ဖြစ်သည်။
ယခု NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်ကို ပြန်လည်သုံးသပ်ရာ၌လည်း အထက်ပါ ရှုမြင်ချက်လေးရပ်ကို အခြေခံ၍ ပိုင်းခြား လေ့လာဆန်းစစ်မှု ပြုလုပ်မည် ဖြစ်ပါသည်။
ယခု Process(လုပ်ငန်းစဉ်)ကို အပိုင်း – ၄ အနေဖြင့် ဖော်ပြခြင်းဖြစ်ပြီး၊ ထိုအပိုင်းများကို အခြေခံ၍ ပိုင်းခြားလေ့လာဆန်းစစ်မှု (Analysis) ကို ဆက်လက်ဖော်ပြသွားပါမည်။