နေပြည်တော် ထိပ်သီးဆွေးနွေးပွဲမှ မည်သည့် ရလဒ်မျိုး မျှော်လင့်နိုင်မည်နည်း

Post By Nyein Nyein Pyae On October 14, 2018

နေပြည်တော် ထိပ်သီးဆွေးနွေးပွဲမှ မည်သည့် ရလဒ်မျိုး မျှော်လင့်နိုင်မည်နည်း

မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်မှာ အခက်အခဲ အကျပ်အတည်းများဖြင့် ရှေ့မတိုး နောက်မဆုတ် ဖြစ်နေသည်။ ထိုအခြေအနေမှ ရုန်းထွက်နိုင်ရန် အသစ် ဖန်တီးလိုက်သော လမ်းစတခု အဖြစ် ခေါင်းဆောင်များ၏ ထိပ်သီး ဆွေးနွေးပွဲကို အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်၌ ပြုလုပ်မည် ဖြစ်သည်။

မူလက ပုပ္ပါးတွင် ပြုလုပ်မည်ဟု သတင်းကြီးနေရာမှ ယခု နေပြည်တော်၌ပင် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ နေပြည်တော် ထိပ်သီး ဆွေးနွေးပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့မှ ခေါင်းဆောင်များ တက်ရောက်မည် ဖြစ်သည်။ ဆွေးနွေးပွဲကို ၁၀+၁၀ ထိပ်သီးဆွေးနွေးပွဲဟုပင် ခေါ်ဆိုသည်။

ဤဆောင်းပါးတွင် ယခု ထိပ်သီးဆွေးနွေး၌ မည်သည့် ရလဒ်မျိုးကို မျှော်လင့်နိုင်မည်နည်းဟု စောကြော ကြည့်ပါမည်။ ပါဝင် ဆွေးနွေးကြမည့် ခေါင်းဆောင်များအကြား မျော်မှန်းချက် အမြင်ကွာခြားချက်များကို လက်တွေ့ကျကျ မညှိနှိုင်းနိုင်ပါက ယခု ဆွေးနွေးပွဲသည် သင်္ကေတ သဘော ပိုဆောင်နိုင်မည်ဖြစ်ပြီး အခြေခံကျသည့် ရလဒ်များ ထွက်ပေါ်လာ ဖွယ်မရှိလှပေ။ ဖြစ်တောင့်ဖြစ်ခဲ ထိပ်သီး ဆွေးနွေးပွဲတွင် တင်းမာမှုများကို ရှောင်ရှားပြီး ပြေပြစ်သော ဆက်ဆံရေးကို တည်ဆောက် နိုင်မည်ဆိုပါက နောက်နောင် အလျဉ်းသင့်ပါက ဤကဲ့သို့သော ထိပ်သီးဆွေးနွေးပွဲများကို ထပ်မံပြုလုပ်၍ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်ကြမည်စသော ပူးတွဲ ကြေညာချက်မျိုးတော့ ထွက်လာနိုင်လောက်ပါသည်။

အပေါ်ယံအားဖြင့် လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို တစ်ဆို့နေစေသောအကြောင်းမှာ ခွဲမထွက်ရေးနှင့် တခုတည်းသော တပ်မတော် အချက် နှစ်ချက်ပေါ် သဘောတူညီမှု မရှိ၍ဟု ယူဆကြသော်လည်း အနှစ်သာရ အားဖြင့်မူ တဖက်နှင့်တဖက် မြော်မြင်ချက် ကွာဟမှုပေါ် အရင်းခံသည့် ပြဿနာဖြစ်သည်ဟု ဆိုရပါမည်။

ISP Peace Desk ၏ လေ့လာတွေ့ရှိချက်အရ ယခု ငြိမ်းချမ်းရေးဖြစ်စဉ်ကို အစိုးရနှင့် တပ်မတော်တို့က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး အဖြစ် မှတ်ယူလာခြင်းမှာ ပို၍ သိသာလာခဲ့သည်။ ငြိမ်းချမ်းရေး ဖြစ်စဉ်မှ တဆင့် ပြည်ထောင်စု တည်ဆောက်ရေး (nation-building) မြော်မြင်ချက် အမြင် maximalist approach မှသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုသာ ရသလောက် ပြင်ဆင်နိုင်ရေး minimalist approach အထိုင်ပေါ် ပြန်ဆင်းနေသည့် လက္ခဏာများကို တွေ့နေရသည်။ တိုင်းရင်းသားနှင့် အများပြည်သူ၏ အမြင်၌မူ ငြိမ်းချမ်းရေး ဖြစ်စဉ်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ထက်ပို ကျယ်ပြန့်ပြီး ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး (nation-building) အဖြစ် ရှုမြင်ထားကြသည်။ အစိုးရနှင့် တပ်မတော်၏ အမြင်၊ တိုင်းရင်းသားများ၏ အမြင်၊ အမြင်နှစ်ခုမှာ ကွဲလွဲချက်များ ရှိလာသည်။

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား ပြည်ထောင်စုမျှော်မှန်းချက် အမြင်(Vision) နှစ်ခုကို ယခုပြုလုပ်မည့် နေပြည်တော် ထိပ်သီး အစည်းအဝေး၌ သဲသဲကွဲကွဲ မြင်လာရဖွယ် ရှိသည်။ သို့သော် ထိပ်သီး အစည်းအဝေးတွင် တဖက်နှင့်တဖက် အမြင်မရှင်းလျှင်၊ အပေးအယူ မလုပ်နိုင်လျှင် အဖြေထွက်မည် မဟုတ်သလို ၊ မဆုတ်သာ မတိုးသာ တစ်ဆို့နေသည့် လက်ရှိ နိုင်ငံရေးအကျပ်အတည်းကိုလည်း ကျော်လွှားနိုင်မည် မဟုတ်ကြောင်း ယခု ဆောင်းပါးတွင် သုံးသပ် ဖော်ပြမည် ဖြစ်သည်။ အနှစ်ချုပ်အားဖြင့် ဘက်အသီးသီး၏ မတူညီသော မြော်မြင်ချက်ကို ဦးစွာ တင်ပြပြီး ဖြစ်ပေါ်နေသော မြော်မြင်ချက်အဟနှင့် အလုပ်ဖြစ်နိုင်ခြေ တချို့ကို ဆောင်းပါး အဆုံးသတ်၌ ဖော်ပြပါမည်။း

မတူညီသော မြော်မြင်ချက်များ

● အစိုးရ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကြွေးကြော်သံဖြင့် တက်လာခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) အစိုးရ အနေဖြင့် ရွေးကောက်ပွဲ ကတိကဝတ် တည်ရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လိုနေသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ငြိမ်းချမ်းရေး ဖြစ်စဉ်မှ တဆင့် လုပ်ဆောင်နိုင်မည်ဟူသော မြော်မြင်ချက် ထားရှိခဲ့သည်။ သို့သော် ၁၉၄၇ ခုနှစ် ပင်လုံဖြင့် လွတ်လပ်ရေးကို ယူခဲ့သလို ၂၁ရာစု ပင်လုံဖြင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်မည်ဟုလည်း ကြွေးကြော်ခဲ့သည်။ ထို့ကြောင့်ပင် အစိုးရ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မည့် ရည်ရွယ်ချက်က အဓိကလား၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖြစ်နိုင်သလောက် ပြင်ဆင်ရေးက အဓိကလားဟု ဝိဝါဒကွဲစရာ ဖြစ်ခဲ့သည်။ အချိန်နဲ့အမျှ ထင်ရှားလာသည်မှာ ၂၁ ရာစုပင်လုံ ညီလာခံများမှ ရရှိလာသည့် သဘောတူညီချက်များကို စုစည်း၍ ပြည်ထောင်စု သဘောတူ စာချုပ်အဖြစ် လွှတ်တော်တွင် အတည်ပြု၊ ထို့နောက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းမည်ဆိုသော အချက်ဖြစ်သည်။

ဥပမာအနေဖြင့် အစိုးရသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်မီကာလတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ သုံးကြိမ် ပြုလုပ်ပြီး အဆိုပါ ညီလာခံများမှတဆင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်ရန် မျှော်မှန်းထားကြောင်း နောက်ဆုံး ပြုလုပ်ထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် အစိုးရက ပြောဆိုခဲ့သည်။ စက်တင်ဘာ ၁၉ရက်က နိုင်ငံတော် အခြေအနေအရပ်ရပ်နှင့် စပ်လျဉ်းပြီး အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၏ ရှင်းလင်း တင်ပြချက်တွင် “ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေး အတွက် အခြေခံ အုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး” ဆိုသည့် အချက်လည်း ပါဝင်ခဲ့သည်။

သို့သော် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှ တဆင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရန်မှာ မျှော်လင့်ထားသည်ထက် ပို၍ ခက်ခဲနေသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မပြင်ဆင်မီ ပြည်ထောင်စု စာချုပ်အတွက် ပြည့်စုံသော အချက်အလက်များ သဘော တူညီထားမှသာ ဖြစ်နိုင်ခြေရှိသည်။ ပြည်ထောင်စု သဘောတူစာချုပ် ရရှိရန်မှာ နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ၊ လုံခြုံရေးကဏ္ဍ ဆိုသည့် ခေါင်းစဉ်ငါးခုစလုံး၌ သဘောတူညီချက်များ ရထားရမည်ဖြစ်သည်။ ထိုကဏ္ဍ ငါးခုစလုံး သဘောတူညီချက် မရလျှင် ပြည်ထောင်စု သဘောတူညီချက် စာချုပ် လုပ်၍ရမည် မဟုတ်ပေ။ ယခုအချိန်ထိ လုံခြုံရေးကဏ္ဍတွင် သဘောတူညီချက် တစ်ချက်မှ မရသေးပေ။ ထိုအချိန်မှာပင် ပြည်ထောင်စုမှ ခွဲမထွက်ရေးကိစ္စနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အတွက် အာမခံချက်၊ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲခွင့်ရရေး အလဲအထပ်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ခရီးဆက်ရာ၌ မပြေလည်သော အကျပ်အတည်း ဖြစ်လာခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းက ပြုလုပ်ခဲ့သော အစိုးရနှင့် တပ်မတော်အကြား ဆွေးနွေးမှုများ၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် အစိုးရဘက် (တနည်းအားဖြင့် NLD ပါတီဘက်မှ) ပြင်ဆင်လို့သည့် အချက်များအပေါ် တပ်မတော်ဘက်က သဘောထား တောင်းယူခြင်းများ ရှိခဲ့သည်ဟု ငြိမ်းချမ်းရေး ဆွေးနွေးမှုများနှင့် နီးစပ်မှုရှိသော သတင်းရင်းမြစ်အချို့က ပြောကြသည်။ တပ်မတော်အနေဖြင့် အစိုးရ ပြင်ဆင်လိုသော အချက်များကို လိုက်လျောနိုင်ပါ လိုက်လျောမည် ဖြစ်ပြီး၊ မလိုက်နိုင်သည့် အချက်များကို တင်းခံထားမည့် သဘောရှိသည်။ သို့ဆိုပါလျှင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသည် ငြိမ်းချမ်းရေးထက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်နိုင်သည့် အတိုင်းအတာအလျောက် ပြင်ဆင်ရေးကသာ အခရာကျနေသည်ကို တွေ့နိုင်ပါသည်။

အထက်ပါ အချက်များကို ကြည့်ခြင်းအားဖြင့် NLD အစိုးရသည် ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်မှတဆင့် ၎င်းတို့၏ အမြင့်ဆုံး ရည်မှန်းချက်ဖြစ်သော ပြည်ထောင်စု တည်ဆောက်ရေး maximalist approach အစား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး minimalist approach အထိုင်ပေါ် ရောက်နေကြောင်း မြင်သာ ပါသည်။ သေချာသည်မှာ အစိုးရနှင့် တပ်မတော်သည် တိုင်းရင်းသားများ လိုလားနေသည့် ပြည်ထောင်စု တည်ဆောက်ရေးထက် ရနိုင်သလောက်ကိုသာ ဖြစ်အောင်လုပ်မည့် အနိမ့်ဆုံး ရည်မှန်းချက် အထိုင်ကို ပြန်ဆင်းနေသည်ဟု ဆိုရပါမည်။

● တပ်မတော်

တပ်မတော်က ပြည်ထောင်စု ဆိုသည်မှာ ရှိပြီးသားဖြစ်၍ အသစ် တည်ဆောက်စရာမလို ဟူသော အထိုင်မှာ နေနေသူဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် အပစ်အခတ် ရပ်စဲရေးလုပ်၊ နောက်ဆုံးတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လက်နက်ဖြုတ်သိမ်း၍ နိုင်ငံရေးပါတီအသွင်ပြောင်းကာ လွှတ်တော် နိုင်ငံရေးထဲ ဝင်စေလိုသည့် မြော်မြင်ချက်ရှိသည်။

အောက်တိုဘာ ၁၅ ရက်တွင် ပြုလုပ်မည့် ထိပ်သီး ဆွေးနွေးပွဲတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် အစည်းဝေး တချိန်လုံးတွင် တက်ရောက်ဆွေးနွေး ညှိနှိုင်းမည်လော၊ အဖွင့်မိန့်ခွန်းပြော၍ ပြန်မည်လော၊ သို့မဟုတ် နေ့တဝက်ခန့်တက်၍ ပါဝင် ဆွေးနွေးမည်လော ဆိုသည်မှာ ထိပ်သီးဆွေးနွေးပွဲ အလုပ်ဖြစ် မဖြစ်ကို တိုင်းတာနိုင်မည့် အချက်တရပ် ဖြစ်ပါသည်။ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်အနေဖြင့် လုံခြုံရေးနှင့် တပ်ပိုင်းဆိုင်ရာကိစ္စများကို ဦးစားပေး မိန့်ခွန်း ပြောကြားမည်ဟု မျှော်လင့်ရပေသည်။ ဤသို့ဆိုရင် တခုတည်းသော တပ်မတော် အကြောင်းကို အသားပေးပြောကြားနိုင်ခြေ ရှိနေသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက လိုလားသော လုံခြံရေး ကဏ္ဍ ပြုပြင်ပြောင်းလဲရေး(SSR)အရ ပြန်လည် ပေါင်းစည်းရေး အစား တပ်မတော်က လိုလားသော လက်နက်စွန့်ရေး (DDR)ကို နိုင်ငံရေး ဖြည့်ဆည်းမှုများနှင့် အလဲအထပ်အဖြစ် တောင်းဆိုနိုင်ပေသည်။

တပ်မတော်အနေဖြင့် ယခုအချိန်တွင် အခြေခံ ဥပဒေပါ အချက်အချို့ပြင်ဆင်ရန် လိုက်လျောပြီး ယင်းအစား ပြည်ထောင်စု သဘောတူညီချက် စာချုပ်ပါ လုံခြုံရေးကဏ္ဍ၌ တခုတည်းသော တပ်မတော်နှင့် ခွဲမထွက်ရေး ဆိုသည့် တပ်မတော်မူကို ချုပ်ကိုင်မည့် အပေးအယူမျိုး လုပ်ဆောင်နိုင်ခြေရှိသည်။ အခြားတဖက်တွင်လည်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုမှ တဆင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ကိစ္စ၌ ၎င်းတို့ မပြင်လိုသည့် အချက်များ ရှိပါက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံတွင် တင်းခံထားမည့် သဘောရှိသည်။ ဥပမာအနေဖြင့် ယခု အကျပ်အတည်းဖြစ်နေသော လုံခြုံရေး ကဏ္ဍကဲ့သို့ ကိစ္စရပ်တွင် သဘောတူညီချက် တစုံတရာ မပေးဘဲ ပြည်ထောင်စုစာချုပ် ချုပ်ဆိုခြင်း အထမြောက်ခြင်းမရှိရန် ကျားကန်ထားမည့် လုပ်ဆောင်မှုမျိုး ဖြစ်သည်။

● တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကမူ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ပါ ကတိကဝတ်ကို ပြန်လည်အသက်သွင်း၍ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်ရန်၊ အာဏာနှင့် အရင်းအမြစ် ခွဲဝေရန်၊ လုံခြုံရေး ကဏ္ဍပြုပြင်ပြောင်းလဲရန် ဆိုသည့် မြော်မြင်ချက်များဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဓိပ္ပါယ်ဖွင့်ဆိုထားကြသည်။

လက်တွေ့အားဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်၌ အကျပ်အတည်းတွေ့နေသည့်တိုင် နေပြည်တော် ထိပ်သီးဆွေးနွေးပွဲအတွက် အဆင်သင့် မဖြစ်ခြင်းများ ရှိနေသည်။ သို့သော် အစိုးရက ချိန်းဆိုသည့် နေ့ရက်တွင် ဆွေးနွေးပွဲ မတက်ဖြစ်ပါက တွေ့ဆုံဆွေးနွေးရေးပင် ပျက်ပြားသွားနိုင်သည့် သဘော ရှိခြင်းကြောင့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်ဆိုသော ပြောဆိုချက်များ ရှိနေသည်။ ထို့ကြောင့် ထိပ်သီး ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ် ရှေ့ဆက်နိုင်မည့် အချက်များကို ဆွေးနွေးမည် ဖြစ်သည်။ သို့သော် တခုတည်းသော တပ်မတော်နှင့် ခွဲမထွက်ရေး ဆိုသည့် ကိစ္စရပ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်က အဆင်သင့်မဖြစ်သေးသည့် အနေအထားရှိသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြားမှာပင် ယင်းအပေါ် အမြင် မတူညီကြသေးပေ။ ထို့ကြောင့် လာမည့် ထိပ်သီးအစည်းအဝေးတွင် ယင်းနှစ်ခုကို တပ်မတော်က တင်ပြလာပါက နားထောင်မည်ဖြစ်သော်လည်း ဆွေးနွေးမှု မလုပ်သေးဟူသော သဘောထားမျိုး ရှိနေကြသည်။

အစီအစဉ်

အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၏ ဖိတ်စာတွင် ဖော်ပြထားသော ထိပ်သီ းအစည်းအဝေ အစီအစဉ်အရ တခုတည်းသော တပ်မတော် ထားရှိရေးမူ ချမှတ်နိုင်ရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများတွင် တစ်ဆိုနေသည့် ကိုယ်ပိုင် ပြဌာန်းခွင့်နှင့် ခွဲမထွက်ရ package အား ဖြေရှင်းကျော်လွှားနိုင်မည့် နည်းလမ်းများ တို့ကို ဆွေးနွေးမည်ဖြစ်သည်။

ထို့အတူ နိုင်ငံရေး ဆွေးနွေးပွဲများတွင်များတွင် ခေါင်းဆောင်များ အကြား သဘောတူညီချက်ရရှိပြီးမှ ချပေးသည့်ပုံစံ ကျင့်သုံးမည့် ကိစ္စအား ဆွေးနွေးခြင်း၊ လက်ရှိ နိုင်ငံရေး ဆွေးနွေးမှု ပုံစံကို ပိုမို ရှင်းလင်း လွယ်ကူစေရန် ဆောင်ရွက်မည့် ကိစ္စဆွေးနွေးခြင်း၊ လာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံညီလာခံ သုံးကြိမ်အတွင်း အခြေခံမူမျာ းရရှိအောင် ဆောင်ရွက်မည့် ကိစ္စဆွေးနွေးခြင်း၊ NCA မထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပါအဝင် အားလုံးပါဝင်ရေး ကိစ္စအား ဆွေးနွေးခြင်းတို့ ပြုလုပ်မည်ဖြစ်သည်။

မြော်မြင်ချက်များ အဟ

အစိုးရက ရွေးကောက်ပွဲ ကတိကဝတ်အတိုင်း အခြေခံ ဥပဒေပြင်ဆင်လိုနေသည်။ တပ်မတော်က လုံခြုံရေး ကဏ္ဍတွင် ၎င်းတို့၏ မူအတိုင်း ချုပ်ကိုင်နိုင်မည် ဆိုလျှင် အခြေခံ ဥပဒေပါအချက်အချို့ ပြင်ရန် လိုက်လျောပေးမည်ဆိုသော အပေးအယူကို ကိုင်ထားသည်။ ဤနေရာတွင် တပ်မတော်မူ ဖြစ်သည့် တခုတည်းသော တပ်မတော်နှင့် ခွဲထွက်ရေး ဆိုသည့် နှစ်ချက်ကို တိုင်းရင်းသားများဘက်က ဆွေးနွေးရန် အဆင်သင့် မဖြစ်သေးပေ။

ယင်းနှစ်ခု အဆင်သင့် မဖြစ်သေးလျှင် ပြည်ထောင်စု သဘောတူစာချုပ် ချုပ်ရန်အတွက် လုံလောက်သော အချက်အလက် ပြည့်စုံမည် ဟုတ်ပေ။ ထိုသို့မပြည့်စုံလျှင် ပြည်ထောင်စုသဘောတူညီစာချုပ်ဖြင့် အစိုးရ၏ ရည်မှန်းချက်ဖြစ်သော အခြေခံ ဥပဒေပြင်ဆင်ရေးမှာ ဝေးနေဦးမည်ဖြစ်သည်။

ဤအခြေအနေတွင် တပ်မတော်သည် နိုင်ငံရေးအရ သော့ချက် ကိုင်ထားသူ၊ အသာစီးရသူဖြစ်နေသည်။ အရပ်သား အစိုးရအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ကတိကဝတ် ဖြည့်ဆည်းလိုဇောနှင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲ ဖိအားကို တုန့်ပြန်လိုဇောတို့ဖြင့် တိုင်းရင်းသားများအပေါ်တွင် ဖိအားပေးသကဲ့သို့ မဖြစ်စေရန်လည်း သတိထားရမည်ဖြစ်သည်။

ထိပ်သီးဆွေးနွေးပွဲ အလုပ်ဖြစ်ဖို့

ယခု ထိပ်သီးအစည်းအဝေးသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှစ်ဦးတွဲပြီး တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များနှင့် ပထမဆုံးအကြိမ် သုံးပွင့်ဆိုင် မျက်နှာချင်းဆိုင် တွေ့ဆုံမှုဖြစ်၍ အပြုသဘောဆောင်သည်ဟု ဆိုနိုင်မည်။ ရှေ့တိုးမရ တစ်ဆို့သော နိုင်ငံရေးအကျပ်အတည်းအတွက် အလားအလာကောင်းဟု ဆိုနိုင်ပါသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA)အရ အကောင်အထည်ဖော် ဆောင်ရွက်နေသော ငြိမ်းချမ်းရေး ဖြစ်စဉ်တ ခုလုံး၏ အရေးအကြီးဆုံး အစည်းအဝေးဖြစ်သည့် JICM အမြင့်ဆုံး အစည်းအဝေးများမှာပင် ယခုလို သုံးပွင့်ဆိုင် တွေ့ဆုံဖူးခြင်း မရှိသေးပေ။ USDP အစိုးရလက်ထက် ၂၀၁၅ အောက်တိုဘာမှစ၍ NLD အစိုးရလက်ထက် ၂၀၁၈ ဖေဖော်ဝါရီအထိ JICM အစည်းအဝေး (၇)ကြိမ် ပြုလုပ်ခဲ့ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့်နဖြင့် တကြိမ်မျှ တက်ရောက်ခဲ့ခြင် းမရှိပေ။ ယင်းရှုထောင့်မှ ကြည့်လျှင် ယခု ထိပ်သီးအစည်းအဝေးသည် JICM မှာပင် မရသော တည့်ဆွေး နွေးနိုင်မည့် အခွင့်အရေးကို ရခြင်းဖြစ်၍ အလားအလာကောင်းဟု ဆိုနိုင်သည်။

ထိပ်သီးဆွေးနွေးပွဲအပြင် သီးသန့် အစည်းအဝေးများလည်း ရှိမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့ သီးသန့် တွေ့ဆုံဆွေးနွေးမှု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့အကြား သီးသန့် တွေ့ဆုံဆွေးနွေးမှုတို့လည်း ဖြစ်နိုင်ခြေရှိသည်။

တချိန်တည်းမှာပင် ထိပ်သီးများ တွေ့ဆုံတိုင်း ပြေလည်သလား ဆိုသည့် စဉ်းစားချက်လည်း ရှိသည်။ ပြီးခဲ့သည့် အစိုးရလက်ထက်ကလည်း ခြောက်ပွင့်ဆိုင်၊ ဆယ်သုံးပွင့်ဆိုင် စသဖြင့် ထိပ်သီးတွေ့ဆုံပွဲများ ရှိခဲ့ဖူးသော်လည်း အလုပ်မဖြစ်ခဲ့၊ အဖြေမထွက်ခဲ့ပေ။

ထိပ်သီးဆွေးနွေးပွဲ အလုပ်ဖြစ်ရန်မှာ ပြည်ထောင်စု တည်ဆောက်ရေး အပေါ် တဖက်နှင့်တဖက် အမြင်ရှင်းရန် လိုအပ်နေသည်။ မိမိအ ထိုင်မှာပင် ဆုပ်ကိုင်နေ၍ အမြင် မရှင်းကြလျှင် ဘာမျှအလုပ်ဖြစ်မည် မဟုတ်ပေ။ လက်ရှိ အထိုင်အရ အရပ်သားအစိုးရနှင့် တပ်မတော်က အခြေခံဥပဒေ ပြင်ဆင်ရေးဆိုသည့် minimalist approach အထိုင်ပေါ်ရောက်နေပြီး တိုင်းရင်းသားများက ပြည်ထောင်စု တည်ဆောက်ရေး maximalist approach အထိုင်ပေါ်မှာရှိသည်။

ထို့အပြင် NCA လက်မှတ် ရေးထိုးထားသော ဆယ်ဖွဲ့တည်းနှင့်သာ မဟုတ်ဘဲ အဓိက အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်း အစိုးရနှင့် တပ်မတော်တို့က သုံးပွင့်ဆိုင် ဆွေးနွေးပွဲများ လုပ်သင့်သလို အားလုံးပါဝင်သော ငြိမ်းချမ်းရေးဖြစ်စဉ်၊ ပြည်ထောင်စု တည်ဆောက်ရေးဖြစ်စဉ် ဖြစ်အောင် လုပ်ဆောင်ရပါဦးမည်။ ယခု ထိပ်သီးအစည်းအဝေးတကြိမ်တည်းနဲ့အများကြီး အပြီးသတ် မျှော်လင့်ချက်မျိုး မထားဘဲ၊ နိုင်ငံရေး သဘောတူညီချက်များရသည်အထိ အကြိမ်ကြိမ်ထပ်မံ၍ အပေးအယူများဖြင့် ဟန်ချက် ထိန်းညှိသွားကြ သင့်လှပါသည်။

(ငြိမ်းငြိမ်းပြည့်သည် ISP Myanmar ၏ Communications Program မှ Program Manager ဖြစ်ပြီး ISP Peace Desk ၏ ပိုင်းခြားစိတ်ဖြာ သုံးသပ်ခြင်းကဏ္ဍ အယ်ဒီတာတဦးလည်း ဖြစ်သည်)