ကွဲပြားမှုကြီးမားသော လူ့အဖွဲ့အစည်းများတွင် နိုင်ငံတည်ထောင်ခြင်းနှင့် နိုင်ငံတည်ဆောက်ခြင်း

Post By Min Khin Maung Yin, On September 12, 2018

ကွဲပြားမှုကြီးမားသော လူ့အဖွဲ့အစည်းများတွင် နိုင်ငံတည်ထောင်ခြင်းနှင့် နိုင်ငံတည်ဆောက်ခြင်း

မင်းခင်မောင်ရင် ၁

■ နိဒါန်း

နှစ်ပေါင်း ၇၀ အတွင်းသို့ ချဉ်းလာနေပြီ ဖြစ်သည့်တိုင် နည်းမျိုးစုံသုံး ဖြေရှင်းခဲ့ကြသော်လည်း ပြေလည်သွားခြင်း မရှိသည့် လူမျိုးစုပြဿနာမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဖြစ်ထွန်းတိုးတက်မှု အရပ်ရပ်ကို ဟန့်တားနေသော အခြေခံအကျဆုံး ပြဿနာတစ်ရပ် ဖြစ်သည်ဆိုခြင်းအား အများသဘောတူနိုင်မည်ဟု ယုံကြည်ပါသည်။ လူမျိုးစုပြဿနာသည် ပါဝင် ပတ်သက်နေကြသည့် အကျိုးရှင် အုပ်စုများ၊ အထူးသဖြင့် အဆုံးအဖြတ် အင်အားရှိသည့် မြန်မာအာဏာရ အစိုးရများက နည်းမျိုးစုံဖြင့် ဖြေရှင်းရန် ကြိုးပမ်းနေခဲ့ကြသည့် ကြားမှ ပြေငြိမ်းသွားခြင်း မရှိဘဲ၊ ယနေ့ထက်တိုင် တင်းခံနေသည့် ပြဿနာတစ်ရပ် ဖြစ်ပါသည်။ မြန်မာအစိုးရ အဆက်ဆက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပညှိနှိုင်းခြင်း၊ လက်နက်ချစေခြင်း၊ လက်နက်နှင့် ဒီမိုကရေစီ လဲလှယ်စေခြင်း၊ စစ်အနိုင်တိုက် ခြေမှုန်းခြင်း၊ အပစ်အခတ် ရပ်စဲရေးမှ နယ်ခြားစောင့်တပ် အသွင်ပြောင်းစေခြင်း အစရှိသဖြင့် ပုံစံမျိုးစုံသုံး ဖြေရှင်းခဲ့ကြသော်လည်း ပြဿနာ ပြေငြိမ်းမသွားခဲ့ပါ။

သို့ရာတွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရများ လက်ထက်တွင် လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်း အများစုနှင့် တည်တံ့သော အပစ်အခတ် ရပ်စဲရေးများ ရယူထိန်းသိမ်းနိုင်ခဲ့ပါသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အရပ်သားတစ်ပိုင်း အစိုးရလက်ထက်တွင် အတိုင်းအတာ တစ်ခုအထိ တည်တံ့သော အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများကို တစ်ဆက်တစ်စပ်တည်း ကျင်းပနိုင်ခဲ့သည့်အပြင်၊ ပဓာနအကျိုးရှင် အုပ်စုများ အကျယ်အပြန့် ပါဝင်ခွင့်ရခဲ့ကြသည့် ငြိမ်းချမ်းရေး ညီလာခံတစ်ခုကိုပါ ကျင်းပနိုင်ခဲ့ပါသည်။ ထို့အတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးထင်ကျော် အစိုးရကလည်း ပိုမိုကျယ်ပြန့်သည့် ငြိမ်းချမ်းရေး ညီလာခံတစ်ရပ်ကို ထပ်မံ ကျင်းပနိုင်ခဲ့ရုံမျှမက နိုင်ငံတကာတွင် ကျင့်သုံးခဲ့ကြသည့် ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်များနှင့် အညီဖြစ်သည့် မြန်မာနိုင်ငံ ငြိမ်းချမ်းမှု တည်ဆောက်ရေးလုပ်ငန်းစဉ် အသစ်တစ်ခုကိုပါ ထုတ်ပြန်နိုင်ခဲ့ပါသည်။ ထို့အပြင် ခေတ်အဆက်ဆက် မြန်မာ့တပ်မတော်၏ အုပ်စိုးမှုအောက်တွင် နှုတ်မှ ထုတ်ဖော် မပြောရဲသည်အထိ ဖြစ်ခဲ့သည့် တားမြစ်ဝေါဟာရ “ဖက်ဒရယ်”ကိုလည်း ဦးသိန်းစိန်အစိုးရ လက်ထက်မှ အစပြု၍ အစိုးရ၊ နိုင်ငံရေးပါတီများနှင့် လူမျိုးစု အဖွဲ့အစည်း၊ အသင်းအပင်းများသာမက မြန်မာနိုင်ငံ၏ သီးခြား နိုင်ငံရေးယူနစ်တစ်ခုဖြစ်လာသည့် မြန်မာ့ တပ်မတော်ကပါ မြန်မာနိုင်ငံတွင် လူမျိုးစုပြဿနာ ဖြေရှင်းရေးတွင် အဓိကကျသည့် ဖြေရှင်းမှုပုံစံတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ကြပြီဟု ဆိုရမည်ဖြစ်ပါသည်။ မြန်မာ့တပ်မတော်၊ လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းများ၊ အစိုးရနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ အားလုံးက ဖက်ဒရယ်ဝါဒ အခြေခံမူများဖြင့် မြန်မာနိုင်ငံ၏ လူမျိုးစုပြဿနာ၊ တစ်နည်းအားဖြင့် မြန်မာနိုင်ငံ တည်ထောင်ရေး ပြဿနာကို ဝိုင်းဝန်းဖြေရှင်းကြတော့မည့် အနေအထားဟု မှတ်ယူခဲ့ရပါသည်။

သို့ရာတွင် ပြည်တွင်းပြည်ပ နိုင်ငံရေးအကဲခတ်များ အံ့သြတကြီး ဖြစ်ခဲ့ကြရသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အပြောင်းအလဲများ ဆောင်ရွက်နိုင်ခဲ့သည့် သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာပင် အပစ်ရပ်ပြီးသား လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့အချို့နှင့် မြန်မာ့တပ်မတော်တို့အကြား အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုများ နိုင်ငံ၏ အရှေ့မြောက်ဘက်တွင် ပြန်လည် ဖြစ်ပွားလာခဲ့ပြီး ယခုလက်ရှိ ပိုမိုကျယ်ပြန့်သည့် အရပ်သားတစ်ပိုင်း အစိုးရ လက်ထက်ထဲအထိ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်တန့်သွားသည်ဟူ၍ မရှိခဲ့ပါ။ ထို့အပြင် စစ်ပွဲများဖြင့် အနိုင်တိုက် ဖြေရှင်းခဲ့ပြီးဖြစ်သည့် ကိုးကန့်ဒေသတွင်သာမက ငြိမ်းချမ်းပြီဟု မှတ်ယူထားကြသည့် နိုင်ငံ အရှေ့တောင်ပိုင်း ကရင်ဒေသ အချို့တွင်ပါ လက်နက်ကိုင်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပါသည်။ ရခိုင်ဒေသတွင်လည်း ဆယ်စုနှစ်များစွာ စစ်အနိုင်တိုက် ဖြေရှင်းခဲ့ပြီးဖြစ်သည့် လက်နက်ကိုင်ခုခံမှု ပြန်လည် အစပျိုးခဲ့ပြီ ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင်းသို့ ရောက်လာသည့်အခါ အပစ်ရပ်ထားစဉ် ကာလများအတွင်း မြန်မာ့တပ်မတော်က “လက်နက်ကိုင်အဖွဲ့အစည်းများ” ဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည့် လူမျိုးစု လက်နက်ကိုင် နိုင်ငံရေးအဖွဲ့အစည်းများကို ပြည်တွင်းစစ် ပြင်းထန်ခဲ့သည့် ကာလများအတွင်း ခေါ်ဝေါ်ခဲ့သည့်အတိုင်း “သောင်းကျန်းသူ”ဟု ပြောင်းလဲ ခေါ်ဝေါ်လာပါသည်။

ဖက်ဒရယ်ဝါဒ သဘောတရား အကောက်အယူများအပေါ် အခြေပြုသည့် လူမျိုးစု ဖက်ဒရယ် ပြည်ထောင်စုပုံစံ ဖြေရှင်းမှုမျိုးကို ကွဲလွဲမှုကြီးမားသည့် နိုင်ငံလူ့အဖွဲ့အစည်းများတွင် ကာလတာရှည် ဖြစ်ပွားနေခဲ့သော လက်နက်ကိုင် ပဋိပက္ခများအား ဖြေရှင်းရာ၌ ထိရောက်မှုရှိသည့်အပြင်၊ ရေရှည်တည်တံ့သည့် ဖြေရှင်းမှုပုံစံအဖြစ်လည်း ပညာရှင်အများစုက သဘောတူ ထောက်ခံကြပါသည်။ ပြဿနာတွင် ပါဝင်နေကြသည့် အကျိုးရှင်အားလုံးက မြန်မာနိုင်ငံ ပြည်တွင်းစစ် ပြဿနာကို ဆိုခဲ့သည့် ဖက်ဒရယ်ဝါဒ အခြေခံပေါ်မှ ဖြေရှင်းကြတော့မည့် အနေအထားသို့ ရောက်ရှိပြီးသည့် အခြေအနေမျိုးတွင်မှ မြန်မာငြိမ်းချမ်းမှု တည်ဆောက်ရေးဖြစ်စဉ်မှာ အကောင်းဘက်သို့ ဆက်ရွေ့မလာဘဲ အကြမ်းဖက်တိုက်ပွဲများ တစ်စထက်တစ်စ ပြန်လည် ကျယ်ပြန့်လာသည့်အပြင် လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် မြန်မာစစ်တပ်ကြား ရန်ဘက် ဆက်ဆံရေးသို့ ပြန်လည် ရောက်ရှိလာသည့် အနေအထားမှာ ဆင်ခြင်တွေးတောစရာ မေးခွန်းများ ထွက်ပေါ်လာစေပါသည်။ ဤအခြေအနေသို့ ပြန်လည် ဆိုက်ရောက်လာရသည့် အကြောင်းရင်းများစွာ ရှိမည်ဖြစ်ပါသည်။ သို့ရာတွင် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် ငြိမ်းချမ်း ဒီမိုကရေစီကျသည့် နိုင်ငံတစ်ရပ် တည်ဆောက်ရေးတွင် ပဓာနကျသည့် အကျိုးရှင်များဖြစ်ကြသော အစိုးရ၊ မြန်မာ့တပ်မတော်နှင့် လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများအကြား တစ်ခုနှင့် တစ်ခု ချိတ်ဆက်နေသည့် မြန်မာပြည်ထောင်စုနိုင်ငံ တည်ထောင်ရေး (nation building) နှင့် လစ်ဘရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး (state building) ပြဿနာကို ဖြေရှင်းမည့်ပုံစံအဖြစ် မူအားဖြင့် သဘောတူထားခဲ့ကြပြီး ဖြစ်သည့် ဖက်ဒရယ် ပြည်ထောင်စုဆိုင်ရာ အကောက်အယူများကို သိမြင်ခံယူပုံတွင် အခြေခံကျကျ ကွဲလွဲနေကြသည်ဟု ယူဆပါသည်။ ဤနေရာ၌ သာလွန်အင်အားဖြင့် အဆုံးအဖြတ်အခန်းမှ ဦးဆောင် ပါဝင်နေသည့် မြန်မာ့တပ်မတော်နှင့် အချို့သော အင်အားစုများက ကွဲလွဲမှုကြီးမားသည့် နိုင်ငံလူ့အဖွဲ့အစည်းများတွင် တည်ထောင်ကြရသည့် ပြည်ထောင်များ၏ နိုင်ငံ (state-nation) ပုံစံအစား၊ မြန်မာပဒေသရာဇ်များ အေဒီဒုတိယ ထောင်စုနှစ်စွန်းစ ကာလများ ကတည်းက အစပြုခဲ့ပြီး ယခုထက်တိုင် အပြီးမသတ်နိုင်သေးသည့် တစ်ပြည်ထောင် အမျိုးသားနိုင်ငံ (unitary nation-state) တည်ထောင်ရေးကို ပြီးမြောက် အောင်မြင်သည်အထိ ဆက်လက် ဆောင်ရွက်သွားရန် အားသန်နေသည်သို့ ဖြစ်နေပါသည်။ မြန်မာ့တပ်မတော်နှင့် အချို့သော အင်အားစုများက လူမျိုးစုဖက်ဒရယ်စနစ်အစား လူမှု-ယဉ်ကျေးမှု ကွဲပြားခြင်းကို ဖျက်သိမ်းသည့် လူမျိုးစုရောနှော ကွယ်ပျောက်ရေး ဖက်ဒရယ်စနစ် (anti-ethnic federalism) (ဥပမာ Anderson, 2014, p. 4) ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ထောင်လိုစိတ် ပြင်းပြနေကြသည်ဟု ဆိုရပါမည်။

ဤဆောင်းပါးတွင် ပြည်ထောင်များ၏ နိုင်ငံပုံစံဖြင့် မဟုတ်ဘဲ တစ်ပြည်ထောင် အမျိုးသားနိုင်ငံပုံစံ သို့မဟုတ် လူမျိုးစု ရောနှောကွယ်ပျောက်ရေး ဖက်ဒရယ်စနစ်ဖြင့် မြန်မာနိုင်ငံ တည်ထောင်ရေး ပြဿနာကို ဖြေရှင်းရန် အလွန်ခဲယဉ်းမည် ဖြစ်သည့်အပြင် တန်ကြေးလည်း ကြီးလိမ့်မည်ဟု ဆိုပါမည်။ တစ်ဆက်တည်းတွင် အခွင့်ထူးပေးသည့် စုစည်းလူမျိုးစု ဖက်ဒရယ်ဒီမိုကရေစီစနစ် ကျင့်သုံးသည့် ပြည်ထောင်များ၏ နိုင်ငံဖွဲ့စည်း တည်ထောင်ခြင်းဖြင့်သာ မြန်မာနိုင်ငံ ပြည်တွင်းစစ်ပြဿနာ ဖြေရှင်းရေးအတွက် အသင့်လျော်ဆုံး အဖြေဖြစ်မည်ဟု အဆိုပြုပါသည်။ အကောက်အယူများ၊ သမိုင်းကြောင်းနှင့် နိုင်ငံတကာအတွေ့အကြုံအချို့တို့ကို အထောက် အထားပြုပြီး မြန်မာနိုင်ငံ တည်ထောင်ရေးပြဿနာကို ချိန်ထိုးခွဲခြမ်း ကြည့်ပါမည်။ အဆုံးတွင် မြန်မာနိုင်ငံ တည်ထောင်ရေးအတွက် အထောက်အကူ ဖြစ်ကောင်းဖြစ်နိုင်သည့် တင်ပြချက်များဖြင့် ဆောင်းပါးကို အဆုံးသတ်ပါမည်။

■ နိုင်ငံ တည်ထောင်ရေးနှင့် နိုင်ငံသားများအပေါ် နိုင်ငံတော်အာဏာ ကျင့်သုံးခြင်း

ယခုလက်ရှိ ကမ္ဘာ့ကုန်းမြေ တစ်ခုလုံးကို နိုင်ငံတကာက အသိအမှတ်ပြုထားသည့် နိုင်ငံပေါင်း ၁၉၅ နိုင်ငံဖြင့် ပိုင်းခြားထားပြီး၊ ၁၉၂ နိုင်ငံမှာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြပါသည်။ ဆိုခဲ့သည့် အသိအမှတ်ပြု ခံထားရပြီးသား နိုင်ငံအများစုကို ပြန်ကြည့်လျှင် တစ်သားတည်း ရှိကြသည့် လူမျိုးတစ်မျိုးမျိုးက ၎င်းတို့ နေထိုင်ကြသည့် နယ်မြေများပေါ်တွင် မိမိတို့၏ နိုင်ငံများကို မိမိတို့ဘာသာ တည်ထောင်ခဲ့ကြခြင်းမျိုး မဟုတ်ဘဲ အုပ်စိုးသူ (ဘုရင်၊ သို့မဟုတ် အစိုးရအဖွဲ့) များက စစ်အောင်ပွဲများမှ တစ်ဆင့် သိမ်းပိုက် စိုးမိုးနိုင်ခဲ့ကြသည့် နယ်နိမိတ်များကို အင်အားအပေါ် အခြေပြု၍ ပိုင်းခြားသတ်မှတ်ခြင်းဖြင့် လည်းကောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းစနစ် (international system) တစ်ခုခု၏ ကြားဝင်ဖြန်ဖြေမှုဖြင့် စစ်ပွဲများ အဆုံးသတ်ပြီး၊ နှစ်ဘက် သဘောတူညီချက်များအရ နယ်နိမိတ် ပိုင်းခြားသတ်မှတ်ခြင်းဖြင့် လည်းကောင်း၊ တည်ထောင်ခဲ့ကြခြင်း ဖြစ်ပါသည်။ ၁၇ ရာစု နှစ်လယ်ပိုင်း ကာလများကတည်းက မည်သည့် နိုင်ငံအသစ်တစ်ခုမျှ သက်ဆိုင်ရာ နိုင်ငံနယ်နိမိတ်အတွင်း နေထိုင်ကြသည့် လူမျိုးတစ်မျိုးတည်း၏ စစ်အင်အား သက်သက်ဖြင့် တည်ထောင်နိုင်ခဲ့ခြင်း မရှိတော့ပါ။ ဖြစ်တည်ပြီးသား နိုင်ငံများ သို့မဟုတ် ဆိုခဲ့သည့် နိုင်ငံတကာ အဖွဲ့အစည်းစနစ် တစ်ရပ်ရပ်၏ အသိအမှတ်ပြုမှု၊ သို့မဟုတ် အလွန်အရေးပါသည့် မဟာအင်အားကြီးနိုင်ငံ တစ်နိုင်နိုင်ငံ၏ အထောက်အပံ့နှင့် အသိအမှတ်ပြုမှု မပါဘဲ မည်သည့် တစ်ပြည်ထောင် အမျိုးသားနိုင်ငံအသစ် တစ်နိုင်ငံကိုမျှ မတည်ထောင်နိုင်ခဲ့တော့ပါ (Linz, 1993, Oppenheim, 1967, pp. 125-27)။

ဤတွင် စစ်အောင်ပွဲများဖြင့် နယ်မြေသိမ်းပိုက် တည်ထောင်ခဲ့ကြသည့် ကမ္ဘာအရပ်ရပ်မှ နိုင်ငံအားလုံးနီးပါးတို့တွင် စစ်အောင်နိုင်ခဲ့သည့် ဧကရာဇ်ဘုရင် သို့မဟုတ် အာဏာပိုင်အဖွဲ့က ကိုယ်စားပြုသည့် လူမျိုးများအများစု နေထိုင်သည့် နယ်မြေအပိုင်းအခြားကိုသာမက လူမျိုးတစ်မျိုး၏ အမှတ်အသားသရုပ် (national identity) များဖြစ်သည့် ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှုဓလေ့၊ သမိုင်းအမှတ်အသား (historical memory) မတူ ကွဲပြားသည့် အခြားလူမျိုးများ အထူးသဖြင့် စစ်ရှုံးသွားခဲ့သည့် လူမျိုးစုများ၊ အလိုမတူ တိုက်ခိုက်သိမ်းသွင်းခံရသည့် လူမျိုးများ နေထိုင်ကြသည့် နယ်မြေများပါ ပါဝင်နေလေ့ ရှိပါသည်။ အမေရိကန်နိုင်ငံ တည်ဆောက်ရေး ဆရာ ဖရန်စစ်ဖူကူယားမားက ယင်းသို့သော နယ်မြေအပိုင်းအခြား တစ်ခုအတွင်း ရောက်ရှိနေထိုင်ကြသည့် လူမျိုးတစ်မျိုးတည်းကို ဖြစ်စေ၊ လူမျိုး၊ ဘာသာစကား၊ ကိုးကွယ် ယုံကြည်မှု၊ ယဉ်ကျေးမှုဓလေ့၊ သမိုင်းအမှတ်အသား မတူကြသည့် လူမျိုးအများကို စုစည်း၍ဖြစ်စေ၊ တစ်ခုတည်းသော အမျိုးသားဆိုင်ရာ နှုန်း၊ စံ၊ တန်ဖိုးများကို အများညီ တည်ဆောက်ပြီး အတူတကွ သဘောတူလက်ခံ ကျင့်သုံးလာစေခြင်းကို နိုင်ငံတည်ထောင်ခြင်း (nation-building) ဟု အဓိပ္ပာယ်ဖွင့်ပါသည် (Fukuyama, 2006, p. 3)။ ယင်းသို့သော အမျိုးသားဆိုင်ရာ နှုန်း၊ စံ၊ တန်ဖိုးများ၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့နှင့်၊ သမိုင်း အမှတ်အသားတို့သည် တီထွင်ဖန်တီး၊ တည်ဆောက် ယူရသည့် သို့မဟုတ် အလွယ်တကူ ဖျက်ဆီးနိုင်သည့် အရာများလည်းမဟုတ် ရှည်ကြာသည့် သမိုင်းစဉ်တလျှောက် သူ့ဘာသာ တဖြည်းဖြည်း တရွေ့ရွေ့ ဖြစ်ပေါ် တိုးတက်ရသည့် လူမှုအမှတ်အသား သရုပ်များဖြစ်သည်ဟု ဆရာအများစုတို့ သဘောတူကြပါသည်။ သို့အတွက် လူများစုလူမျိုး (the majority ethnic) သို့မဟုတ် အောင်ပွဲခံ လူမျိုးတစ်မျိုးတည်းကိုသာ ပဓာနထား ကိုယ်စားပြုသည့် နိုင်ငံရေး ဦးဆောင်ကိုယ်ထည် (political leading body) တစ်ရပ်ရပ်က မတူကွဲပြားသည့် အခြားလူမျိုးများနှင့် သမိုင်းစဉ်တလျှောက် ၎င်းတို့ ချပ်ရပ်နေထိုင်ခဲ့ကြသည့် နယ်မြေများကိုပါ တစ်နည်းနည်းဖြင့် သိမ်းသွင်းစုစည်းပြီး မိမိတို့ လိုလားသည့် နှုန်း၊ စံ၊ တန်ဖိုးများနှင့် အမှတ်အသား သရုပ်များကို နိုင်ငံအတွင်း နေထိုင်ကြသူအားလုံးတို့နှင့် သက်ဆိုင်သည့် အမျိုးသားအမှတ်အသား သရုပ်အဖြစ် ဖန်တီးတည်ဆောက်ကာ နိုင်ငံတစ်နိုင်ငံအဖြစ် တည်ထောင်ခြင်းကို “တစ်ပြည်ထောင် အမျိုးသားနိုင်ငံ တည်ထောင်ခြင်း”ဟု သတ်မှတ်ကြပါသည်။

“နိုင်ငံတိုင်းသည် တစ်ပြည်ထောင် အမျိုးသားနိုင်ငံများသာ ဖြစ်ရမည်”ဟူသည့် အယူအဆကို ၁၈ ရာစုနှောင်းပိုင်း ပြင်သစ်တော်လှန်ရေး ကာလများတွင် ခေတ်ပေါ် ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံ၏ စံကျသည့် နိုင်ငံတော် ဖွဲ့စည်းပုံအဖြစ် အကျယ်အပြန့် လက်ခံထားခဲ့ကြပါသည်။ တစ်ပြည်ထောင် အမျိုးသားနိုင်ငံဖွဲ့စည်းပုံ စနစ်ဘက်မှ ရှေ့နေလိုက်သူများက တစ်ပြည်ထောင် အမျိုးသားနိုင်ငံ ပုံစံသည်သာ ဒီမိုကရေစီ လူ့အဖွဲ့အစည်း တည်ဆောက်ရန်အတွက် မရှိမဖြစ် လိုအပ်သည့် ပြည်သူတစ်ဦးချင်းစီ၏ နိုင်ငံအပေါ် ယုံကြည်ကိုးစားမှုနှင့် နိုင်ငံချစ်စိတ်ကို ပျိုးထောင်မွေးမြူနိုင်မည်ဟု ငြင်းခုန်ခဲ့ကြပါသည်။ ထို့အပြင် လူမှု-ယဉ်ကျေးမှုလက္ခဏာ (socio-cultural characteristics) ကွာခြားမှု များစွာမကြီးမားသည့် နိုင်ငံများနှင့် လူမျိုးကွဲများ များစွာမရှိသည့် လူ့အဖွဲ့အစည်းများတွင် တစ်ပြည်ထောင် အမျိုးသားနိုင်ငံ တည်ထောင်ကြရာ၌ များစွာ ပြဿနာမရှိခဲ့သည့်အပြင်၊ စည်းမျဉ်းခံ ဘုရင်စနစ် သို့မဟုတ် ပဒေသရာဇ်လွန် ဒီမိုကရေစီ နိုင်ငံများအဖြစ် အသွင်ပြောင်း တည်ဆောက်ကြရာတွင်လည်း အများစု အောင်မြင်မှု ရခဲ့ကြပါသည်။ လူမျိုးရေးကွဲပြားမှု နည်းပါးသည့် နိုင်ငံများဖြစ်ကြသည့် ဆွီဒင်၊ ဂျပန်နှင့် ပေါ်တူဂီနိုင်ငံတို့ သည် တစ်ပြည်ထောင် အမျိုးသားနိုင်ငံ အခြေခံပေါ်မှ ဒီမိုကရေစီ လူ့အဖွဲ့အစည်းများအဖြစ်သို့ ချောမွေ့စွာ အသွင်ပြောင်းနိုင်ခဲ့ကြပြီး ဖွံ့ဖြိုးပြီးနိုင်ငံများအဖြစ် အောင်မြင်မှုလည်း ရခဲ့ကြပါသည်။ ထို့နည်းတူ လူမျိုးအရ တစ်သားတည်းနီးပါး ရှိကြသည့် ဟန်ဂေရီ၊ ချက်သမ္မတနိုင်ငံနှင့် ပိုလန် တို့၏ ဆိုရှယ်လစ်ခေတ်လွန် ဒီမိုကရေစီ တည်ဆောက်မှုများ အချိန်တိုအတွင်း အောင်မြင်ခဲ့ကြပါသည်။

သို့နှင့် ပဒေသရာဇ်များ အပါအဝင် နိုင်ငံရေး ခေါင်းဆောင်များက နိုင်ငံ၏ နယ်နိမိတ်မျဉ်းနှင့် လူမှု-ယဉ်ကျေးမှုစည်းကြောင်း၊ တနည်းအားဖြင့် လူမျိုးများ ချပ်ရပ်နေထိုင်ရာ ဒေသတို့ တစ်ထပ်တည်း ကျစေရန် ကြိုးပမ်းခဲ့ကြပါတော့သည်။ မိမိတို့ ကိုယ်စားပြုသည့် လူမှု-ယဉ်ကျေးမှုကို အသားပေး တည်ဆောက်ပြီး ဖြစ်တည်လာနိုင်ခြေရှိသည့် သို့မဟုတ် ဖြစ်တည်ပြီးသား အခြားလူမျိုးများ၏ လူမှု-ယဉ်ကျေးမှုများကို ဖျက်သိမ်း ဟန့်တားရန် ကမ္ဘာအနှံ့ နည်းမျိုးစုံဖြင့် ဖိနှိပ်ခဲ့ကြပါသည်။ ယင်းကို ပုံစံလေးမျိုးဖြင့် ဆောင်ရွက်ခဲ့ကြသည်ဟု ဆရာများက ဆိုပါသည်။ ပထမနည်းမှာ အခြားလူနည်းစု လူမျိုးစုအားလုံးတို့အား လူများစုလူမျိုး၏ လူမှု-ယဉ်ကျေးမှုနှင့် အမျိုးသား အမှတ်အသားသရုပ်ကို နိုင်ငံ၏ အမှတ်အသား သရုပ်အဖြစ် မိမိတို့ဆန္ဒအလျောက် သက်ဝင်လက်ခံ လာကာ သစ္စာခံလာစေသည့်နည်း ဖြစ်ပါသည်။ ဥပမာ- စတုတ္ထရာမမင်းဆက် မောင်းဂွတ်ဘုရင်နှင့် နဝမမြောက် ချက်ကရီမင်းဆက် ဘူမိဘော အဒူယာဒက်ခေတ် ထိုင်းနိုင်ငံတွင် ထိုစဉ်က ထိုင်းနိုင်ငံ နယ်ခြားမျဉ်းတစ်လျှောက် ပြန့်နှံ့အခြေချ နေထိုင်နေကြသည့် ထိုင်း မဟုတ်သည့် လူမျိုးစုငယ်များကို ထိုင်းများအဖြစ် ခံယူလာစေရန် ဆောင်ရွက်နိုင်ခဲ့ပြီး ထိုလူမျိုးစုငယ် အားလုံးပါဝင်သည့် တစ်ပြည်ထောင် ထိုင်းနိုင်ငံကို တည်ထောင်နိုင်ခဲ့ပါသည်။ ထိုစဉ်ကာလများ ကတည်းက ထိုင်းနိုင်ငံ နယ်စပ်တလျှောက်တွင် နေထိုင်နေကြသည့် ရှမ်း၊ ကရင်၊ မွန်၊ လားဟူ၊ ဓနု၊ မောင်း အစရှိသည့် လူမျိုးစုငယ်များ အားလုံးတို့က ထိုင်းနိုင်ငံသားများအဖြစ် ခံယူနိုင်ခဲ့ကြပြီ ဖြစ်ပါသည်။ ဒုတိယပုံစံမှာ ဘုံအမျိုးသား အမှတ်အသားသရုပ် တစ်ရပ်ကို ဖန်တီးတည်ဆောက်ကာ နိုင်ငံနယ်နိမိတ်အတွင်း မှီတင်း နေထိုင်ကြသည့် လူမျိုးအားလုံး သက်ဝင်ယုံကြည် လာစေရန်နှင့်၊ နိုင်ငံအပေါ် သစ္စာစောင့်သိ လာကြစေရန် တွန်းတိုက်လှုံ့ဆော်သည့်၊ တစ်ခါတစ်ရံ အတင်းအကျပ် လက်ခံလိုက်နာစေသည့် နည်းလမ်းတို့ဖြင့် ကွဲပြားနေသည့် လူမျိုးစုများ၏ လူမှု-ယဉ်ကျေးမှုများကို တစ်ခုတည်းအဖြစ် ဝါးမြို ပေါင်းစပ်ခြင်းမျိုး ဖြစ်ပါသည် (ဥပမာ- ကိုလိုနီခေတ် အိန္ဒိယ)။ တတိယနည်းမှာ လူများစုလူမျိုး၏ အမျိုးသား အမှတ်အသားသရုပ်ကို အခြားလူမျိုးများအား အတင်း အကျပ် ဖိအားသုံး လက်ခံစေခြင်း၊ ယုံကြည် သက်ဝင်စေခြင်းတို့အပြင် ဖြစ်တည်ပြီးသား အခြားလူမျိုးများ၏ အမျိုးသား အမှတ်အသားသရုပ်များကို ပုံဖျက်ခြင်း၊ ဖျက်ဆီးခြင်း၊ အသစ်ဖြစ်တည် မလာစေရန် အင်အားသုံး ပိတ်ဆို့နှိပ်ကွပ်ခြင်း စသည့်နည်းလမ်းများ ဖြစ်ပါသည်။ (ဥပမာ-တတိယသမ္မတနိုင်ငံခေတ် ပြင်သစ်)။ နောက်ဆုံး စတုတ္ထနည်းလမ်းမှာ အဆိုးရွားဆုံးဖြစ်ပြီး တစ်ခါတစ်ရံ လူမျိုးတုံး သတ်ဖြတ်မှုများပါ ပါဝင်သည့် အကြမ်းဖက် အတင်းအကျပ် ပြုသည့်နည်း ဖြစ်ပါသည်။ (ဥပမာ- ကိုဆိုဗို၊ ရဝမ်ဒါ)။

ဆိုခဲ့သည့် နိုင်ငံတကာက အသိအမှတ်ပြုသည့် နိုင်ငံများတွင် သက်ဆိုင်ရာနိုင်ငံ၏ နယ်နိမိတ်အတွင်း ချပ်ရပ်နေထိုင်ကြသော နိုင်ငံသားများနှင့် နိုင်ငံသားအဖြစ် ခံယူသူများကိုသာမက နိုင်ငံခြားသားများပါ ပါဝင်သည့် အများပြည်သူတို့အပေါ် နိုင်ငံတော်အာဏာ ကျင့်သုံးခွင့် ရှိကြောင်းကိုလည်း ထိုစဉ်ကတည်းက ရှိနေခဲ့သည့် နိုင်ငံတကာစနစ်အတွင်း အများညီ သဘောတူကြပါသည်။ ယင်းသို့သော အအုပ်ချုပ်ခံ အများပြည်သူတို့အပေါ် နိုင်ငံတော်အာဏာ ကျင့်သုံးကြရာတွင် “ကျွနု်ပ်တို့”ဟူသည့် ခံယူချက် (we-feeling) မျိုး တစ်သားတည်း ရှိကြသည့် လူများစု လူမျိုးတစ်မျိုးတည်းဖြင့် ဖွဲ့စည်း တည်ထောင်ထားသည့် တစ်ပြည်ထောင် အမျိုးသား နိုင်ငံများတွင် များစွာပြဿနာ မရှိလှပါ။ သို့ရာတွင် ကမ္ဘာ့နိုင်ငံအများစုတို့တွင် ဆိုခဲ့သည့် “ကျွနု်ပ်တို့”ဟူသည့် ခံယူချက်မျိုး မရှိကြဘဲ၊ မိမိတို့ကိုယ်မိမိ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် ရှိသည့် လူမျိုးများအဖြစ် အခိုင်အမာ မှတ်ယူထားကြသည့် မတူကွဲပြားသည့် လူနည်းစုလူမျိုးစုများပါ ပါဝင်နေလေ့ ရှိပါသည်။ ယင်းသို့သော လူမျိုးစုံလူ့အဖွဲ့အစည်းတွင် အများပြည်သူတို့အပေါ် အထက်တွင်ဆိုခဲ့သည့် နိုင်ငံတော်အာဏာ ကျင့်သုံးကြသည့်အခါ လုံခြုံရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ဘာသာရေးနွယ်သည့် ပြဿနာအမျိုးမျိုး ပေါ်ပေါက်လာလေ့ ရှိပါသည်။ အရှေ့တောင်အာရှ နိုင်ငံများတွင် ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ပွဲ အများစုတို့သည် သက်ဆိုင်ရာ နိုင်ငံအစိုးရများ၏ အုပ်ချုပ်မှုဆိုင်ရာ အားနည်းချက်၊ စီးပွားရေး နိမ့်ကျမှုနှင့် ဖွံ့ဖြိုးမှု နောက်ကျသည့်အတွက် ဖြစ်ပွားခဲ့ခြင်း မဟုတ်ဘဲ၊ ဗဟိုအစိုးရနှင့် ဗဟိုထိန်းချုပ်မှုကို ခုခံဆန့်ကျင်ကြသည့် လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှုဓလေ့ မတူကြသည့် ဒေသ သို့မဟုတ် ပြည်နယ်များမှ နိုင်ငံရေး အားသန်သည့် လူမျိုးစုများအကြား နိုင်ငံရေးအကြောင်းခံအပေါ် အခြေပြု ဖြစ်ပွားသည့် အများအားဖြင့် လက်နက်ကိုင် အကြမ်းနည်းပဋိပက္ခများ ဖြစ်သည်ဟု ဆရာအများစုတို့ ထောက်ပြကြပါသည် (Parks, Colletta & Oppenheim, 2013)။

၁၉ ရာစု အစောပိုင်း တတိယ ပြင်သစ်သမ္မတနိုင်ငံ (the Third Republic) ကို တစ်ပြည်ထောင် အမျိုးသားနိုင်ငံအဖြစ် တည်ထောင်ခဲ့ကြစဉ်က နိုင်ငံသားအားလုံးတို့အား တစ်ခုတည်းသော ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့် နိုင်ငံရေး အမှတ်အသားသရုပ် (single cultural and political identity) အောက်သို့ ဝါးမျို သွတ်သွင်းရန်အတွက် မူဝါဒမျိုးစုံကို အင်အားသုံး ချမှတ်ခဲ့ကြပါသည်။ ပြင်သစ် ဘာသာစကားကို နိုင်ငံတစ်ဝှမ်းလုံးတွင် အသုံးပြုသည့် တစ်ခုတည်းသော ဘာသာစကားအဖြစ် အတင်းအကြပ် ပြဌာန်းခဲ့ပါသည်။ ဒေသနှင့် လူမျိုးအပေါ် အခြေပြုသည့် အခြား မည်သည့် ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု၊ ဓလေ့ထုံးတမ်းဆိုင်ရာ ကွဲပြားမှုကိုမျှ အာဏာပိုင်များက လက်မခံခဲ့ကြပါ။ နိုင်ငံတစ်ဝန်းလုံးရှိ အစိုးရ စာသင်ကျောင်း အားလုံးတွင် တစ်ခုတည်းသော ပြင်သစ်ပညာရေးဌာနက လေ့ကျင့်သင်ကြား ပေးထားသည့် ဆရာ၊ ဆရာမ များက တစ်ခုတည်းသော သင်ရိုးညွှန်းတမ်းအတိုင်း၊ တစ်ထပ်တည်း တူညီသည့် သင်ခန်းစာများကို သင်ကြားပို့ချကြရပါသည်။ နိုင်ငံကို စီမံအုပ်ချုပ်သည့် အင်စတီကျူးရှင်း အားလုံးတို့တွင်လည်း မဖြစ်မနေ လိုက်နာကြရသည့် တစ်ပြည်ထောင် အမျိုးသားနိုင်ငံကို သစ္စာစောင့်သိ လာစေပြီး၊ အသွေးအသားကျ ကျင့်သားရလာစေမည့် ကျင့်ဝတ်ထုံးတမ်းများ တပြေးညီပြဌာန်းပြီး ဖိအားပေး လိုက်နာစေသည်ဟု ဆိုပါသည်။ ဤနည်းဖြင့် လူမျိုး၊ ဘာသာစကားနှင့် ဒေသအပေါ် အခြေခံသည့် ကွဲလွဲမှု အားလုံးကို အပြင်းအထန် ဝါးမျိုဖျက်သိမ်းပြီး တစ်ခုတည်းသော ပြင်သစ် အမျိုးသားကြန်အင်လက္ခဏာကို တည်ဆောက်ယူခဲ့သည်ဟု ယူဂျင်းဝေဘာက သူ၏ “လယ်သမားများအား ပြင်သစ်နိုင်ငံကြီးသားပြုခြင်း” စာအုပ်တွင် အသေးစိတ် မှတ်တမ်း တင်ထားသည်ကို တွေ့ရပါသည် (Weber, 1976)။ ထိုစဉ်ကာလများတွင် ဖက်ဒရယ်ဝါဒအကြောင်း ဟောပြော ရေးသားမှုအားလုံးကို နိုင်ငံတော် ပုန်ကန်ခြားနားမှုအဖြစ်ပင် သတ်မှတ်ပြီး ပြင်းထန်စွာ အရေးယူခဲ့ပါသည် (Stepan, Linz, and Yadav 2010a, 3)။ ၁၉ ရာစုတွင် ထင်ပေါ်ခဲ့ကြသည့် အထူးသဖြင့် ပြင်သစ်တော်လှန်ရေးနှင့် နှီးနွယ်သည့် တိုးတက်သော အယူအဆရှိသူများနှင့် ဒီမိုကရက်များ အများစုတို့က ဖက်ဒရယ်ဝါဒ အယူအဆကို အပြင်းအထန် ဆန့်ကျင်ခဲ့ကြကာ ကွဲလွဲမှုကင်းပြီး လူမျိုးအရ တစ်သားတည်းကျသည့် တစ်ပြည်ထောင် အမျိုးသားနိုင်ငံပုံစံကို ဒီမိုကရေစီ လူ့အဖွဲ့အစည်း တည်ဆောက်ရန်အတွက် အကောင်းဆုံး စံပုံစံအဖြစ် တိုက်တွန်း ဆော်သြ ခဲ့ကြပါသည် (Furet, Furet, & Ozouf, 1989, pp. 54-73, pp. 742-753)။

အလားတူ လူမှု-ယဉ်ကျေးမှု ကွဲပြားမှု ကြီးမားလှသည့် အိန္ဒိယနိုင်ငံ၏ နိုင်ငံတည်ထောင်ရေးမှာ ပြင်သစ်တို့ကဲ့သို့ ကံမကောင်းခဲ့ပါ။ နယ်ချဲ့ဗြိတိသျှတို့က တောင်အာရှတိုက်ငယ်ကို “အိန္ဒိယ”နိုင်ငံအဖြစ် တစ်ပြည်ထောင် အမျိုးသားနိုင်ငံ ဖွဲ့စည်းပုံဖြင့် တည်ထောင်ခဲ့သည်ဟု လန်ဒန် King’s College မှ ပါမောက္ခ ဆွန်နီခူလ်နာနီက ဆိုပါသည် (Khilnani, 1997)။ ဗြိတိသျှတို့က လူမျိုး၊ ဘာသာစကား၊ ယုံကြည်ကိုးကွယ်မှု၊ ဓလေ့ထုံးတမ်း၊ သမိုင်းအမှတ်အသား မတူကြသည့်အပြင် လူမျိုး တစ်မျိုးချင်းလည်း အချုပ်အခြာ အာဏာပိုင်စိုးသည့် သီးခြား အမျိုးသားနိုင်ငံများအဖြစ် တည်ရှိနေခဲ့သော တောင်ဘက် အိန္ဒိယသမုဒ္ဒယာမှ မြောက်ဘက် ဟိမဝန္တာ တောင်တန်းများအထိ အပြန့်ကျယ်သည့် တောင်အာရှတိုက်ငယ် အနံှ့ မင်းညီမင်းသားများ တစ်ဗိုလ်တစ်မင်း အုပ်စိုးနေခဲ့ကြသည့် လွတ်လပ်သည့် အမျိုးသားနိုင်ငံ ၅၆၈ နိုင်ငံကို စုစည်းပြီး၊ တစ်ခုတည်းသော နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ စနစ်၊ တစ်ခုတည်းသော စီမံအုပ်ချုပ်မှုဆိုင်ရာ ဘုံဘာသာစကား (အင်္ဂလိပ်ဘာသာ)၊ အရပ်သား အမှုထမ်း၊ အရာထမ်းများဖြင့် ဖွဲ့စည်းသည့် တစ်ပုံစံတည်းသော ဗျူရိုကရေစီ စီမံအုပ်ချုပ်မှု အစဉ်အလာ၊ တစ်ခုတည်းသော စစ်တပ်နှင့် အခြားသော နိုင်ငံမောင်းနှင်ရေး ယန္တရားများကို အနောက်လစ်ဘရယ်နှုန်း၊ စံ၊ တန်ဖိုးများအတိုင်း တည်ဆောက်ပေးခြင်း အားဖြင့်၊ “အိန္ဒိယ” ဟူသည့်နိုင်ငံကို တည်ထောင်ခဲ့ပါသည်။ ပြဿနာမှာ ယခု တမီလ်နာဒူးပြည်နယ်တွင် အစဉ်အဆက် နေထိုင်ခဲ့ကြသည့် ဒြာဝိဒိယန်လူမျိုးစု ခေါင်းဆောင်များက ဗြိတိသျှများ ရေးဆွဲပေးသည့် အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်ပြဌာန်းသည့် နေ့တွင်ပင် မီးရှို့ဆန္ဒပြခဲ့ကြသည့်အပြင် လွတ်လပ်ရေး ကြေညာသည့်နေ့တွင်လည်း အိန္ဒိယ အမျိုးသားအလံကို မီးတင်ရှို့ခဲ့ကြပါသည်။

ထို့အပြင် ပန်ဂျပ်၊ မီဇိုရမ်၊ နာဂလင်းနှင့် ကက်ရှမီးယား ပြည်နယ်များ၏ အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် သီးခြား လွတ်လပ်ရေးအတွက် လက်နက်စွဲကိုင် ခုခံတော်လှန်မှုများနှင့် ယခုတိုင် ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။

■ နိုင်ငံရေး အားသန်သည့် လူမျိုးစုံ လူ့အဖွဲ့အစည်း

ကမ္ဘာ့နိုင်ငံ အားလုံးနီးပါးတွင် မတူကွဲပြားသည့် လူမှုယဉ်ကျေးမှုမျိုးစုံ ရှိကြသည်ချည်း ဖြစ်သော်လည်း၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကွဲပြားမှုပုံစံနှင့် အတိုင်းအဆ မတူကြပါ။ ဆရာများက ယင်းတို့ကို အမျိုးအစား သုံးမျိုးဖြင့် ခွဲခြားကြပါသည်။ လူမှုယဉ်ကျေးမှု နက်ရှိုင်းစွာ ကွဲပြားသည့် နိုင်ငံများကို ပထမ အမျိုးအစားအဖြစ် သတ်မှတ်ပါသည်။ ယင်းတွင် သီးခြား နယ်မြေအပိုင်းအခြားများတွင် စုစည်း နေထိုင်နေကြပြီး နိုင်ငံ နယ်နိမိတ်အတွင်း အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့် အတွက်သာမက တစ်ခါတစ်ရံ လွတ်လပ်ရေး အတွက်ပါ ဦးဆောင် တိုက်ပွဲဝင်နေကြသည့် နိုင်ငံရေး ခေါင်းဆောင်များ၊ ပါတီ အဖွဲ့အစည်းများ၊ လက်နက်ကိုင် တပ်ဖွဲ့များပါ အခိုင်အမာရှိကြသည့် လူမျိုးစု တစ်မျိုး သို့မဟုတ် တစ်မျိုးထက်မက နေထိုင်လေ့ ရှိကြပါသည်။ ထိုလူ့အဖွဲ့အစည်းမျိုးကို ဆရာ ဂျူအန်လင့်ဇ်နှင့် အဲလ်ဖရက် စတီဗင်တို့က “နိုင်ငံရေး အားသန်သည့် လူမျိုးစုံ လူ့အဖွဲ့အစည်း” (robustly politically multinational) ဟု အမည်ပေးပါသည် (Stepan, Linz, & Yadav, 2010a, p. vi)။ ကွိဘက်လွတ်မြောက်ရေး လှုပ်ရှားမှုအတွက် ကနေဒါ၊ ဘာ့စ်နှင့် ကက်တလန် လှုပ်ရှားမှုတို့အတွက် စပိန်နှင့် ဖလင်းဒါး လှုပ်ရှားမှုအတွက် ဘယ်လ်ဂျီယံတို့သည် ထင်သာသည့် နိုင်ငံရေး အားသန်သည့် လူမျိုးစုံလူ့အဖွဲ့အစည်း ဥပမာအချို့ ဖြစ်ပါသည်။ လူမျိုးအရ ကွဲပြားခြားနားသော်လည်း လူမျိုးကို အခြေခံသည့် ဒေသအပိုင်းအခြား တစ်ခုခုတွင် စုစည်းနေထိုင်မှု မရှိသည့်အပြင် နိုင်ငံရေး စုဖွဲ့မှုလည်း အားမကောင်းသည့် လူမျိုးစုံနိုင်ငံများကိုမူ ဆရာများက ဒုတိယ အမျိုးအစားအဖြစ် သတ်မှတ်ကြပါသည်။ ယင်းတို့တွင် လူမျိုးစုများကြားတွင် လူမှု-ယဉ်ကျေးမှု သိသာစွာ ကွဲပြားနေသော်လည်း၊ ပထမ အမျိုးအစားမှာကဲ့သို့ နိုင်ငံရေးအရ တည်ဆောက်ထားခြင်း မရှိဘဲ ပြန့်ကွဲ နေထိုင်ကြသည့် လူ့အဖွဲ့အစည်းမျိုးကို ဆိုလိုပါသည်။ ဆွစ်ဇာလန်နှင့် အမေရိကန် ပြည်ထောင်စုတို့တွင် လူမျိုး၊ ဘာသာစကား၊ လူမှု-ယဉ်ကျေးမှုအရ သိသာစွာ ကွဲပြားသည့် လူမျိုးစုံ နေထိုင်ကြသော်လည်း နယ်မြေအရ စုစည်းမှု၊ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် သို့မဟုတ် လွတ်လပ်ရေးအတွက် တောင်းဆို တိုက်ပွဲဝင်ရန် နိုင်ငံရေးအရ တည်ဆောက်ထားမှု မရှိသလောက် ဖြစ်ပါသည်။ ယင်းနောက်တွင် လူမျိုးအရ တစ်သားတည်း ဖြစ်သည့် နိုင်ငံများကို တတိယအမျိုးအစားအဖြစ် သတ်မှတ်ကြပါသည်။ လူမှု-ယဉ်ကျေးမှုအရ တစ်မျိုးတည်း၊ တစ်သားတည်း ဖြစ်သည့် လူများစု လူမျိုးတစ်မျိုးတည်းက တစ်နိုင်ငံလုံးကို လွှမ်းခြုံထားနိုင်ပြီး နိုင်ငံအတွင်းရှိ အခြားလူနည်းစု လူမျိုးများကလည်း လူမှုယဉ်ကျေးမှုအရ ကွဲပြားသည့်လူမျိုးအဖြစ် မရပ်တည်နိုင်လောက်အောင် အားနည်းသည့် နိုင်ငံမျိုးကို ဆိုလိုပါသည်။ ဂျပန်၊ ပေါ်တူဂီနှင့် မြောက်ပိုင်းဥရောပ စကင်ဒီနေးဗီးယန်းနိုင်ငံများတွင် လူမျိုးကွဲများ ရှိသော်လည်း အချိုးအစားအားဖြင့် သေးငယ်သည့်အပြင် လူမျိုးတစ်မျိုးအဖြစ်လည်း သီးခြား ရပ်တည်နေကြခြင်းမျိုးလည်း မဟုတ်ကြပါ။

သို့နှင့် ပထမအမျိုးအစား နိုင်ငံရေး အားသန်သည့် လူမျိုးစုံ လူ့အဖွဲ့အစည်းများတွင် ပါဝင်သည့်နိုင်ငံများမှ နိုင်ငံ နယ်နိမိတ်မျဉ်းနှင့် လူမှု-ယဉ်ကျေးမှု အဝန်းအဝိုင်းကို ထပ်တူပြုပြီး၊ တစ်ပြည်ထောင် အမျိုးသားနိုင်ငံ တည်ထောင်ရေးကို အားသန်ကြသည့် နိုင်ငံခေါင်းဆောင်များက နိုင်ငံနယ်နိမိတ်အတွင်းရှိ လူနည်းစု လူမျိုးစုများ၏ သမိုင်းအမှတ်အသားနှင့် လူမှု-ယဉ်ကျေးမှု ရောနှော အားနည်းသွားစေရန် အကွက်ချ စီမံလေ့ရှိကြပါသည်။ မိမိတို့ ကိုယ်စားပြုသည့် လူမျိုးတစ်မျိုး၏ လူမှု-ယဉ်ကျေးမှုကို အထူးပစားပေး ဖွံ့ဖြိုးတိုးတက်စေပြီး ကျန်အခြားလူမျိုးစုများ၏ လူမှုယဉ်ကျေးမှုများကို နိုင်ငံရေးအရ ဖြစ်တည်လှုပ်ရှား မလာစေရန်နှင့် ဖြစ်တည်ပြီးသား လူမျိုးစု နိုင်ငံရေး တည်ဆောက်မှုများ အားနည်းသွားစေရန် နည်းမျိုးစုံ အသုံးပြု ဖိနှိပ်လေ့ ရှိပါသည်။ နယ်မြေဒေသ အပိုင်းအခြား တစ်ခုအတွင်း လူမျိုးအရ စုစည်းနေထိုင်မှု မရှိစေရန်၊ ရှိပြီးသား စုစည်းနေထိုင်မှုများကို သေးငယ်သည့် အစိတ်အပိုင်းများအဖြစ် ပြန့်ကွဲသွားစေရန်နှင့် လူမျိုးစုများအကြား လူမျိုးရေး တင်းမာမှုမှတစ်ဆင့် လူမျိုးရေး ပဋိပက္ခများ ဖြစ်ပေါ်နေစေရန်အတွက် လူမျိုးစု တစ်မျိုးမျိုး စုစည်းနေထိုင်သည့် ပြည်နယ်ဒေသ တစ်ခုကို ရည်ရွယ်ရင်းရှိရှိဖြင့် အပိုင်းပိုင်း ခွဲထုတ်ပြီး အခြားလူမျိုးကွဲများ နေထိုင်သည့် ပြည်နယ်ဒေသများထဲသို့ ပေါင်းထည့်လေ့ ရှိပါသည်။ ထို့အပြင် လူမျိုးစု တစ်မျိုးမျိုးကို လူမျိုးစုအဖြစ် သတ်မှတ်ရန် မဖြစ်နိုင်တော့လောက်အောင် လူဦးရေအရ သွေးနှော လျော့နည်းသွားပြီ ဖြစ်ကြောင်းကို သက်သေထူရန်အတွက် နိုင်ငံတစ်နိုင်ငံ၏ လူမှုဖူလုံရေးနှင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဓိကထား ဆောင်ရွက်ကြသည့် သန်းခေါင်စာရင်း ကောက်ခံခြင်း ကဲ့သို့သော လုပ်ငန်းမျိုးကိုပင် အလွဲသုံးလေ့ ရှိကြပါသည်။ ယင်းကို သန်းခေါင်စာရင်းနိုင်ငံရေး (census politics) ဟု ဆရာများက အမည်တပ်ပါသည်။ ထို့အပြင် နိုင်ငံ့သမိုင်း ပြုစုခြင်းကဲ့သို့ လူမျိုးစုနိုင်ငံရေးနှင့် ဆက်နွယ်ခဲလှသည့် ပညာရပ်ဆိုင်ရာ လုပ်ငန်းမျိုးကိုပင် လူမျိုးစုများ၏ နှစ်ပရိစ္ဆေဒ များစွာကတည်းက အခြေတည်ပြီးသား သမိုင်းအမှတ်အသားများကို ပြင်ဆင် ဖျက်သိမ်းရန်အတွက် ရည်ရွယ်ရင်းရှိရှိ အလွဲသုံးကြသည်မျိုးလည်း အများအပြား ရှိခဲ့ပါသည်။

■ မြန်မာအမျိုးသားနိုင်ငံ တည်ထောင်ရေး

ဤဆောင်းပါးတွင် အသုံးပြုမည့် ဗမာ၊ မြန်မာ အခေါ်အဝေါ်နှင့် ပတ်သက်၍ လေ့လာမိသမျှ ဦးစွာ ရှင်းလင်းတင်ပြလိုပါသည်။ အေဒီ ၁၈ ရာစု နှစ်လယ်ပိုင်းတွင် ဗမာပဒေသရာဇ်တို့၏ နောက်ဆုံး မင်းဆက်ဖြစ်သည့် ကုန်းဘောင်မင်းဆက်ကို တည်ထောင်ခဲ့သည့် အလောင်းဘုရား ဘုရင်သည် ပြိုင်ဘက် ရှမ်းနှင့် မွန်ပဒေသရာဇ်များကို စစ်ပွဲများဖြင့် အနိုင်ယူ ခြေမှုန်းနိုင်ခဲ့သည့်အပြင် ယိုးဒယားနိုင်ငံကိုပါ ကျူးကျော်နိုင်ခဲ့သော်လည်း ၎င်းနတ်ရွာစံသည်အထိ စစ်အင်အားဖြင့် တိုက်ခိုက် သိမ်းပိုက်ခဲ့သည့် ၎င်း၏နိုင်ငံကို အတိအကျ အမည်တပ်မသွားနိုင်ခဲ့ပါ။ ၁၈၆၀ ပြည့်နှစ် ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီသို့ရေးသည့် စာတစ်စောင်တွင် အလောင်းမင်းတရားသည် မိမိကိုယ်မိမိ တမ္ပရဒီပနှင့် သုနာပရ္တတိုင်း ရာမညဒေသနှင့် ကမ္ဘောဇတိုင်းတို့၏ဘုရင် (the King of Tampradipa and Thunaparanta, of Ramannadesa and of Kamboza) ဟု ဖော်ပြခဲ့ပါသည်။ ၁၉ ရာစု နှစ်လယ်ပိုင်းမှ အစပြု၍ အင်းဝနန်းတော်က နိုင်ငံ၏အမည်ကို “မြန်မာနိုင်ငံ”ဟု သုံးစွဲနေပြီဟု ဆရာသန့်မြင့်ဦးက သူ၏ The making of Burma စာအုပ်တွင် ဆိုပါသည် (Thant Myint-U, 2001, p. 83)။ ထိုအချိန်မှ အစပြု၍ မြန်မာနိုင်ငံဟူသည့် ဌာနေ ဘာသာစကားဖြင့် ခေါ်တွင်သည့် နိုင်ငံ၏ အမည်သည် မည်သည့်အခါတွင်မျှ အပြောင်းအလဲ မရှိခဲ့တော့ပါ။ သို့ရာတွင် ဆိုခဲ့သည့် မြန်မာတို့နှင့် ခေတ်ပြိုင် လူ့ယဉ်ကျေးမှု တစ်ခုဖြစ်သည့် မွန်အဘိဓာန်များတွင် မြန်မာဟူသည့် ဝေါဟာရကို ရှာမတွေ့ပါ။ မွန်တို့က မြန်မာများကို ဗမယ်(မွန်အသံထွက်-Bamaue) ဟု ယခုတိုင် ခေါ်ကြဆဲဖြစ်ပါသည်။ ၁၆ ရာစုနှစ်များအတွင်း ရာမညဒေသနှင့် ကူးလူး ဆက်ဆံခဲ့ကြသည့် အနောက်တိုင်းသား အများစုတို့၏ မှတ်တမ်းများတွင် မွန်အသံထွက်အတိုင်း ခေါ်ဝေါ် သုံးစွဲထားသည့် ပထဝီဒေသ၊ မြစ်ချောင်းနှင့် မြို့အမည်များ အများအပြား တွေ့ရှိရပါသည်။ ဥပမာအဖြစ် ပြည်(မွန်အသံထွက်-Pronue)၊ မြိတ် (မွန်အသံထွက်-Mengue)၊ သံလွင် (မွန်အသံထွက်-Slonue) အစရှိသည်တို့ကို အင်္ဂလိပ်ဘာသာ Prome, Margue, Salween အဖြစ် အသံဖလှယ် ခေါ်ဝေါ်ခဲ့ကြသည်ကို တွေ့နိုင်ပါသည်။ ထိုနည်းတူ မွန်အသံထွက် ဗမယ်ကို Burma ဟု အသံဖလှယ်ခဲ့သည်ဟု ယူဆပါသည်။ သို့အတွက် “ဗမာ”သည် လည်းကောင်း၊ “မြန်မာ”သည်လည်းကောင်း ၁၉ ရာစုနှောင်းပိုင်းမှ အစပြု၍ ယခု မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း နိုင်ငံရေး ဦးဆောင်မှုအခန်းကို ရယူနိုင်ခဲ့သည့် လူများစုလူမျိုးကို ခေါ်တွင်ခြင်းသာ ဖြစ်ပါသည်။ သို့ရာတွင် စစ်အင်အားဖြင့် နိုင်ငံ့အာဏာ ရယူထားခဲ့သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရက “ဗမာ” ကို ယခု မြန်မာနိုင်ငံရှိ လူများစုလူမျိုး၏ အမည်အဖြစ် လည်းကောင်း၊ “မြန်မာ” ကို ဗမာ အပါအဝင်၊ အခြားသော ဗမာ မဟုတ်သည့် လူနည်းစု လူမျိုးအားလုံးတို့အား ပေါင်းရုံးခေါ်ဆိုသည့် အများဆိုင်အမည်အဖြစ် လည်းကောင်း အာဏာရ အစိုးရတစ်ရပ်၏ အခွင့်အာဏာဖြင့် ကြေညာချက် ထုတ်ပြန်ပြဌာန်းခဲ့ပါသည်။ သု့ိအတွက် ဤဆောင်းပါးတွင် ဗမာနှင့် မြန်မာကို အာဏာရ အစိုးရတစ်ရပ်က အတည်ပြု ပြဌာန်းခဲ့ပြီး ယခုတိုင် အသက်ဝင်ဆဲဖြစ်သည့် အထက်ပါ အဓိပ္ပာယ်သတ်မှတ်ချက်များအတိုင်း သုံးနှုန်းသွားပါမည်။

အေဒီ ဒုတိယထောင်စုနှစ်စွန်းစကာလ တမ္ပရဒီပဘုရင် အနုရုဒ္ဓါမင်း လက်ထက်တွင် အစပြုခဲ့ပြီး ဗမာပဒေသရာဇ်များ၊ ဗြိတိသျှနယ်ချဲ့များ၊ နယ်ချဲ့ဆန့်ကျင်ရေးကာလ ဗမာမျိုးချစ် ခေါင်းဆောင်များ၊ လွတ်လပ်ရေးခေတ် ပါလီမာန် ဒီမိုကရက်များနှင့် စစ်ခေါင်းဆောင် အဆက်ဆက်တို့၏ တစ်ပြည်ထောင် ဗမာအမျိုးသားနိုင်ငံ တည်ထောင်ရေး ကြိုးပမ်းမှုများ ယနေ့ထက်တိုင် အပြီးမသတ်နိုင်သေးသည်ကို တွေ့ရပါသည်။ ယခု မြန်မာနိုင်ငံ နယ်နိမိတ် တစ်ခုလုံးကို ဗမာလူမျိုးများက သာလွန်စစ်အင်အားဖြင့် တိုက်ခိုက်သိမ်းပိုက်ပြီး နိုင်ငံတည်ထောင်ခဲ့ခြင်း မဟုတ်သည်ကို အများသိပြီး ဖြစ်ပါသည်။ မွန်နှင့် ရခိုင်ပဒေသရာဇ်များ ဗမာပဒေသရာဇ်များကို စစ်ရှုံး သွားခဲ့သော်လည်း ထိုလူမျိုးစုတို့၏ ပုန်ကန်ခုခံမှုများ ဗြိတိသျှတို့နယ်ချဲ့တို့ ကျူးကျော် ဝင်ရောက်လာသည့် ကာလအထိ ရပ်တန့်သွားခြင်း မရှိသည်ကို တွေ့ရမည်ဖြစ်ပါသည်။၂ ရှမ်းပဒေသရာဇ်နိုင်ငံများသည် ကုန်းဘောင်မင်းဆက်၏ ပဏ္ဍာဆက်နိုင်ငံ ဖြစ်ခဲ့သော်လည်း စစ်အာဏာသိမ်း ဆိုရှယ်လစ်အစိုးရ လက်ထက်ရောက်သည်အထိ အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့် ဆုံးရှုံးမသွားခဲ့ပါ။ ကချင်၊ ချင်းတို့က မြန်မာနိုင်ငံ လွတ်လပ်ရေး ရချိန်ကျမှသာ နိုင်ငံနယ်နိမိတ်အတွင်းသို့ ဆွဲသွင်းခံခဲ့ကြရခြင်း ဖြစ်ပြီး ကရင်နီနယ်မှာ မင်းတုန်းမင်းနှင့် ဗြိတိသျှအာဏာပိုင်များအကြား ထားရှိခဲ့သည့် သဘောတူညီချက်အရ မြန်မာနိုင်ငံ လွတ်လပ်ရေးရသည်အထိ လွတ်လပ် သည့် သီးခြားနိုင်ငံအဖြစ် ရှိနေခဲ့ပါသည်။ ၁၉၆၀ ပြည့်နှစ်နှောင်းပိုင်း ဗမာပြည် ကွန်မြူနစ်ပါတီတပ်ဖွဲ့များ ဝင်ရောက်လာချိန်ကျမှသာ ဗမာများ ဝနယ်ကို ဝင်ရောက်လာနိုင်ခဲ့ခြင်း ဖြစ်ပြီး၊ ကိုးကန့်ဒေသသည်လည်း “ယန်း”စော်ဘွား မျိုးဆက် (Young Dynesty)၏ အုပ်ချုပ်မှုအောက်တွင် နှစ်ဆယ်ရာစု နှစ်လယ်ပိုင်းအထိ တည်ရှိနေခဲ့ပါသည်။ လွတ်လပ်ရေးနှင့်အတူ ဗြိတိသျှတို့ ပိုင်းခြား သတ်မှတ်ပေးခဲ့သည့် ပထဝီဆိုင်ရာ နယ်နိမိတ် သတ်မှတ်ချက်အဖြစ်မှ လွဲ၍ လူမျိုးစုဒေသ အများစုသည် မည်သည့်အခါမျှ မြန်မာအမျိုးသားနိုင်ငံ၏ အစိတ်အပိုင်း မဟုတ်ခဲ့ဟု ဆရာအများ ထောက်ပြကြပါသည် (Rudland & Pedersen, 2000, p. 9; Taylor, 2005; Steinberg, p. 2001)။

ဗြိတိသျှများက ၎င်းတို့၏ ကိုလိုနီပိုင်နက် အိန္ဒိယတိုက်ငယ်ကို ယခု မြန်မာနိုင်ငံနှင့် ရေ၊ မြေ နယ်နိမိတ်ချင်း ထိစပ်နေသည့် ပြင်သစ်ပိုင် အင်ဒိုချိုင်းနား ကိုလိုနီနယ်သားများ မကြာခဏ ထိပါးလာသည့်အပြင် ၁၉ ရာစု အစောပိုင်းသို့ ရောက်လာသည့်အခါ ဗမာဘုရင်တို့၏ မန္တလေး နန်းတော်ထဲအထိ ထိုးဖောက်လာမှုကို ဟန့်တားရန်အတွက် လုံခြုံရေးကြားခံနယ်အဖြစ် အိန္ဒိယနိုင်ငံ၏ ထပ်တိုးပြည်နယ်အဖြစ် တိုက်ခိုက် သိမ်းသွင်းခဲ့ခြင်း ဖြစ်ပါသည် (Smith 1991, p. 40)။ ပြဿနာမှာ ဗြိတိသျှ ကိုလိုနီအုပ်စိုးသူများက ၎င်းတို့၏ အကျိုးစီးပွားအတွက် အိန္ဒိယနိုင်ငံကို တည်ထောင်ခဲ့စဉ်ကနှင့်မတူ စီးပွားရေး အကျိုးအမြတ်အတွက် အလားအလာလည်း နည်းပါး သည့်အပြင် ကိုလိုနီအုပ်စိုးမှုကိုလည်း တစိုက်မတ်မတ် ခုခံဆန့်ကျင်နေသည့် ဗမာပြည်နယ်ကို နိုင်ငံတစ်နိုင်ငံအဖြစ် တည်ထောင်ပေးရန် စိတ်ကူးခဲ့ပုံ မရပါ။ အိန္ဒိယတွင် ဖော်ဆောင်ခဲ့သော စရိတ်စက ကြီးလေးသည့် နိုင်ငံတည်ထောင်ခြင်း (nation-building)နှင့် ဥပဒေပြုရေး၊ စီမံအုပ်ချုပ်ရေး၊ တရားစီရင်ရေး အစရှိသည့် နိုင်ငံရေး အဆောက်အဦများ (political institutions) ကို အနောက် လစ်ဘရယ်စံနှုန်းများနှင့်အညီ တည်ဆောက်ခြင်း၊ တရားဥပဒေ စိုးမိုးရေးနှင့် နိုင်ငံ၏ စီးပွားရေး၊ လူမှုဖူလုံရေး အစရှိသည်တို့ တိုးတက်စေရေးနှင့် မျှတထိရောက်မှု ရှိစေရေးတို့ကို တည်ဆောက်ရသည့် “နိုင်ငံတည်ဆောက်ရေး” (state-builiding) ဆိုင်ရာ လုပ်ငန်းများကို မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း တစ်ခုမျှ လုပ်ဆောင်ခဲ့ခြင်း မရှိဟု ပညာရှင်အများစု သဘောညီကြပါသည် (Callahan, 2004; South, 2009; Smith, 1991)။ ဆရာ သန့်မြင့်ဦးက ဗြိတိသျှများသည် ကုန်ကျစရိတ် သက်သာပြီး လွယ်ကူသည့် အလွယ်လမ်းကို လိုက်ခဲ့သည်ဟု မှတ်ချက်ပြုပါသည် (Thant Myint-U, 2001)။ ယင်းအစား နယ်ချဲ့ကိုလိုနီ ပြုခံရခြင်းကို နည်းမျိုးစုံဖြင့် ခုခံနေကြသည့် ဗမာနှင့် အခြားသော လူမျိုးစုများကို အိန္ဒိယမှ တပ်ဖွဲ့များ ပို့လွှတ်နှိမ်နင်းခြင်းကိုသာ လုပ်ဆောင်ခဲ့သည်။ ထို့အပြင် မွန်၊ ရခိုင်တို့ကဲ့သို့ စစ်ရှုံး၍ မဟုတ်ဘဲ နဂိုကတည်းက ဗမာဘုရင့်နိုင်ငံတော်၏ တိုက်ရိုက် အုပ်ချုပ်မှုအောက်တွင် ရှိမနေခဲ့သည့် တောင်ပေါ်လူမျိုးစု ဒေသများကို ကိုလိုနီပြုခြင်းအားဖြင့် စီးပွားရေးအရ အကျိုးများမည်ဟု မယူဆခဲ့သည့်အတွက် လူမျိုးစု တောင်တန်းဒေသများကို မြေပြန့် ဗမာပြည်မမှ သီးခြားခွဲထုတ်ကာ နယ်ခြားဒေသ အုပ်ချုပ်ရေးအဖြစ် သီးခြားပိုင်းခြားပြီး ဆိုင်ရာလူမျိုးစုတို့၏ အစဉ်အလာ အုပ်ချုပ်မှုအောက်တွင် ဆက်လက် ထားရှိခဲ့ပါသည် (Smith, 1991, p. 42)။ တောင်ပေါ်လူမျိုးနွယ် အချို့တို့၏ စာပေနှင့် ဘာသာ ကိုးကွယ်ယုံကြည်မှု တို့ကိုလည်း စနစ်တကျ ဖြစ်ထွန်းစေခဲ့ပါသည်။ သို့နှင့် သီးခြားစီ လွတ်လပ်စွာ တည်ရှိနေခဲ့ကြသည့် ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရှမ်း၊ ပအိုဝ်းနှင့် အခြားသော ဗမာ မဟုတ်သည့် ကုန်းမြင့်ဒေသနေ လူမျိုးစုများ၏ အချုပ်အခြာအာဏာ ပိုင်စိုးမှုကို သာမက လူမျိုးဆိုင်ရာ အမှတ်အသားသရုပ်များ (National identity) ကိုပါ ပိုမို ခိုင်မာလာစေသည်သို့ ဖြစ်ခဲ့ပါသည်။

တစ်ဖက်တွင် ဗမာ ပဒေသရာဇ်များကို စစ်ရှုံး၍ အဖက်ဖက်မှ ဖိနှိပ်ခံ နေခဲြ့ကရသည့် မွန်၊ ရခိုင် လူမျိုးစုများအတွက်မူ ဗြိတိသျှ ကိုလိုနီနိုင်ငံ တည်ဆောက်ရေးမှာ ဘူးလေးရာဖရုံဆင့်သည် သို့ ဖြစ်ခဲ့ပါသည်။ ဗြိတိသျှတို့က အောက်ဗမာပြည် ဒေသရှိ အစဉ်အလာဖူလုံရေး လယ်ယာကုန်ထုတ်စနစ်ကို စီးပွားဖြစ် လယ်ယာကုန်ထုတ်စနစ်သို့ အသွင်ပြောင်းခဲ့ပါသည်။ အကျိုးဆက်အဖြစ် အိန္ဒိယနွယ်ဖွား လယ်လုပ်သားများအပြင်၊ ဘဏ်များနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အပါအဝင် စီးပွားဖြစ် လယ်ယာကုန်ထုတ်မှုစနစ်နှင့် စပ်ဆိုင်သည့် စီမံအုပ်ချုပ်ရေးနှင့် စီးပွားရေး အဆောက်အဦများ အထူးသဖြင့် မွန်ဒေသသို့ အလုံးအရင်းဖြင့် ဝင်ရောက် လာပါတော့သည်။ ထိုစဉ်က မြန်မာနိုင်ငံလူဦးရေ ၁၄.၆၅ သန်းကျော် ရှိသည့်အနက် အိန္ဒိယတိုင်းသား အရေအတွက် တစ်သန်းကျော် ရှိခဲ့သည်ဟု ၁၉၃၁ ခုနှစ်၊ Census of India မှတ်တမ်း စာမျက်နှာ ၁၇၆-၁၇၇ တွင် ဖော်ပြထားပါသည်။ ခြောက်သွေ့ဒေသ အလယ်ဗမာပြည်မှ ဗမာအများအပြားလည်း စီပွားအခွင့်အလမ်းအလို့ငှာ အောက်ပြည်သို့ စုန်ဆင်းခဲ့ကြပါသည်။ ထို့အပြင် ဗြိတိသျှတို့က ဗမာစာကို ရုံးသုံး ဘာသာစကားအဖြစ် ပြဌာန်းလိုက်သဖြင့် ဗမာပြုမှုဖြစ်စဉ် ပိုမိုပြင်းထန်ခဲ့ပါသည်။ တောင်ပိုင်း မြေပြန့်ဒေသတွင် ဗမာပဒေသရာဇ် အဆက်ဆက်တို့၏ ဖိနှိပ်မှုများအောက်တွင် ရှင်ကျန်ရပ်တည်ရေးအတွက် ခက်ခဲစွာ ရုန်းကန်နေကြရသည့် မွန်လူမျိုးတို့အတွက် ဗြိတိသျှတို့ထံမှ အခြား တောင်ပေါ်နေ လူမျိုးစုများနည်းတူ လူမျိုးဆိုင်ရာ အမှတ်အသားသရုပ်များ စနစ်တကျ ဖြစ်ထွန်းလာစေရေးအတွက် အထောက်အကူ မရခဲ့ယုံမျှမက၊ ကြီးစွာသော ဗမာပြုမှု ဖြစ်စဉ်ကိုပါ ရင်ဆိုင်ခဲ့ကြရပါသည်။ အကျိုးဆက်အဖြစ် လူမှု-ယဉ်ကျေးမှု ရောနှောခံရမှုဒဏ်ကို မွန်လူမျိုးများ အပြင်းအထန် ခံခဲ့ကြရပါသည်။ ဥပမာအားဖြင့် ၁၈၅၆ ခုနှစ်၊ ဟင်္သာတခရိုင် သန်းခေါင်စာရင်းတွင် ခရိုင်နေ လူဦးရေ၏ ထက်ဝက်ကျော်မှာ မွန်လူမျိုးများ ဖြစ်သည်ဟု ဖော်ပြထားသော်လည်း နောင်နှစ် ၅၀ ကျော်အကြာ ၁၉၁၁ ခုနှစ်တွင် ကောက်ယူသည့် သန်းခေါင်စာရင်းအရ ခရိုင်လူဦးရေ ၅၃၂၃၅၇ ဦးအနက် ၁၂၂၄ ဦးသာ မွန်လူမျိုးအဖြစ် အမည်ပေါက်ခဲ့ပြီး ၃၉၉ ဦးသာ မွန်စကား ပြောတတ်သည်ဟု ဆိုပါသည်။ မွန်စာ ရေးတတ် ဖတ်တတ်သူ ဦးရေမှာ ၅၀ ပင် မပြည့်တော့ဟု ၁၉၁၅ ခုနှစ် ဟင်္သာတခရိုင်ဂေဇက်၊ စာမျက်နှာ ၂၉-၃၀ တွင် ဖော်ပြထားပါသည်။

ထိုမှ နှစ်ကာလအားဖြင့် တိုတောင်းလှသည့် ဂျပန် လွတ်လပ်ရေးခေတ်တွင် ဂျပန်တို့ ပိုင်းခြား သတ်မှတ်ပေးလိုက်သည့် ဗမာနိုင်ငံ နယ်နိမိတ်အတွင်း နေထိုင်ကြသည့် အခြားလူမျိုးစုများအပေါ် ဗမာနိုင်ငံအကြီးအကဲ၏ နိုင်ငံတည်ထောင်ရေး အယူအဆနှင့် လက်တွေ့ကျင့်သုံး အကောင်အထည်ဖော်ခဲ့သည့် မူဝါဒများမှာ ပြင်းထန် ဆိုးရွားလှပါသည်။ ဂျပန် လွတ်လပ်ရေးခေတ် နိုင်ငံတော်အဓိပတိ ဒေါက်တာဘမော်က ခေတ်အခြေအနေ လိုအပ်ချက်အရ နိုင်ငံအတွင်းရှိ အခြားသော ဗမာ မဟုတ်သည့် လူမျိုးအားလုံးတို့အား ဗမာလူမျိုး တစ်မျိုးတည်းအဖြစ် ရောနှောပေါင်းစပ်၍ ပိုမိုကြီးမြတ်သည့် ဗမာအမျိုးသားနိုင်ငံတော် (Greater Burma nation) တည်ထောင်ရန် လိုအပ်သည်ဟု ၎င်းကိုယ်တိုင် ရေးသားသည့် မြန်မာ့ထွက်ရပ်လမ်း (Break-through in Burma) စာအုပ်၊ စာမျက်နှာ ၂၈၀ တွင် ဖော်ပြထားပါသည်။ ဒေါက်တာဘမော်က ဗြိတိသျှ ကိုလိုနီနယ်ချဲ့ လက်အောက်မှ လွတ်လပ်သွားပြီ ဖြစ်သည့်အပြင် သမိုင်းစဉ်တလျောက် ဖြစ်ပွားခဲ့သည့် လူမျိုးစုပဋိပက္ခ အတိတ်သမိုင်းလည်း အဆုံးသတ်ခဲ့ပြီ။ ဗမာအမျိုးသားနိုင်ငံသစ် တစ်နိုင်ငံနှင့်၊ သမိုင်းသစ်တစ်ခု ယခုအချိန်မှ အစပြုပြီဟုပင် ကြွေးကြော်ခဲ့ပါသည် (Ba Maw, 1968, p. 280)။ ဆိုခဲ့ပါ အယူအဆအရ မြန်မာနိုင်ငံတွင် လူမျိုးအရ တကွဲတပြားစီ ဆက်လက် တည်ရှိရန် မလိုအပ်တော့၊ စည်းလုံးညီညွတ်သော ဗမာလူမျိုး တစ်မျိုးတည်းအဖြစ် တစ်သားတည်း ရှိသော ဗမာအမျိုးသားနိုင်ငံကို တည်ထောင်ရန်သာ လိုအပ်တော့သည်။ သို့အတွက် ဗမာ ဘာသာစကားမှ လွဲ၍ တခြားလူမျိုးစုများ၏ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို အသုံးပြုရန် မလိုအပ်တော့ဟူသည့် အယူအဆကို ဦးဆောင် ချမှတ်ခဲ့ပါသည် (Ba Maw, 1968, pp. 280-281)။ သို့နှင့် ဂျပန်ခေတ် ဗမာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် “နိုင်ငံတော်အဓိပတိ”အဖြစ် အာဏာရှင် နိုင်ငံများတွင် ကြွေးကြော်လေ့ရှိကြသည့် “တစ်သွေး၊ တစ်သံ၊ တစ်နိုင်ငံ”ဟူသည့် အမျိုးသား-ဆိုရှယ်လစ် (national-socialist) ကြွေးကြော်သံ၌ “တစ်နိုင်ငံ”အစား မိမိကိုယ်တိုင်၏ ခေါင်းဆောင်မှုကို အစားသွင်းကာ “တစ်သွေး၊ တစ်သံ၊ တစ်ခုတည်းသော ခေါင်းဆောင်မှု” ဟူသည့် ကြွေးကြော်သံဖြင့် နယ်ချဲ့အင်္ဂလိပ်များ လက်ထက် တလျှောက်လုံး အထောက်အပံ့ပေး ခွင့်ပြုခဲ့သည့် ဗမာ မဟုတ်သော အခြားလူမျိုးစုများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု သင်ကြားပို့ချမှုနှင့် အသုံးပြုမှုတို့ကို အလုံးစုံ ပိတ်ပင်လိုက်ပါသည် (Taylor, 1987, p. 284)။ ထိုနည်းတူ ခေတ်သစ် မြန်မာနိုင်ငံသမိုင်း တလျောက်လုံး အများစု ဗမာလူမျိုးကို ပဓာနထား ကိုယ်စားပြုခဲ့ကြသည့် နိုင်ငံ့ခေါင်းဆောင်များနှင့် အစိုးရများသည် နိုင်ငံလွတ်လပ်ရေးအတွက် အခရာကျခဲ့သည့် ခေါင်းဆောင်များအကြား သဘောတူညီချက် (elite pact) ဟု ဆိုရမည့် ပင်လုံစာချုပ်အရ အခြေတည်ခဲ့ပြီး ဖြစ်သည့် ပြည်ထောင်စုနိုင်ငံကို တစ်ပြည်ထောင်စနစ်ဖြင့် ရုပ်လုံးဖော်ရန် နည်းမျိုးစုံသုံး ကြိုးပမ်းခဲ့ကြသည်ကို တွေ့ရပါသည်။ ထိုမှ စစ်အာဏာသိမ်းမှုများဖြင့် အာဏာ ရယူခဲ့ကြသည့် လူများစုဗမာများကို ပဓာနထား ကိုယ်စားပြုကြသည့် စစ်ခေါင်းဆောင်များ ဦးဆောင်သည့် စစ်အစိုးရများ အဆက်ဆက် ပြည်ထောင်စု မြန်မာနိုင်ငံကို တစ်ပြည်ထောင် အမျိုးသားနိုင်ငံအဖြစ် တည်ထောင်ရန်ကိုသာ စိုက်လိုက်မတ်တပ် ကြိုးပမ်းနေကြသည်ကို ယနေ့တိုင် တွေ့ကြရမည် ဖြစ်ပါသည်။

မြန်မာ အာဏာရအစိုးရ ခေါင်းဆောင် အဆက်ဆက်တို့သည် တိုင်းပြုပြည်ပြု သဘောတူညီချက် (constituent agreement) ဖြစ်သည့် ပင်လုံစာချုပ်အရ နိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စု ပုံစံဖြင့် သဘောတရားအရ ဖွဲ့စည်းခဲ့သော်လည်း ထိုဖက်ဒရယ် ပုံစံအားလုံးမှာ အထက်တွင် ဆိုခဲ့သည့် လူမျိုးစုများ ရောနှော ကွယ်ပျောက်သွားရေးကို ဦးတည်ချက် ထားရှိသည့် ဖက်ဒရယ်ပုံစံများ ဖြစ်နေခဲ့သည်ဟု ဆိုရပါမည်။ လွတ်လပ်ရေးခေတ်ဦးမှ အစပြု၍ ယနေ့ကာလအထိ မြန်မာအစိုးရ အဆက်ဆက်တို့သည် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းရှိ လူနည်းစု လူမျိုးစုများ၏ စုဖွဲ့မှု၊ သမိုင်းအမှတ်အသားနှင့် လူမှု-ယဉ်ကျေးမှု ရောနှော အားနည်းသွားစေရန် အကွက်ချ စီမံခဲ့ကြပါသည်။ နယ်မြေဒေသ အပိုင်းအခြားတစ်ခုအတွင်း လူမျိုးအရ စုစည်းနေထိုင်မှု မရှိစေရန် ရှိပြီးသား စုစည်းနေထိုင်မှုများကို သေးငယ်စေသည့် အစိတ်အပိုင်းများအဖြစ် ပြန့်ကွဲသွားစေရန်အတွက် ရည်ရွယ်ရင်း ရှိရှိဖြင့် ခေတ်အဆက်ဆက် ကြိုးပမ်းခဲ့ကြသည်ကို တွေ့ရပါသည်။ ဥပမာအားဖြင့် လွတ်လပ်ရေး ခေတ်ဦးတွင် ယခုတိုင် ရှမ်းနီများ အများစုနေထိုင်သည့် ဗန်းမော်ခရိုင်ကို ရှမ်းပြည်နယ်အတွင်းမှ ပိုင်းထုတ်လိုက်ပြီး ကချင်ပြည်နယ်ထဲသို့ ပေါင်းထည့်ခဲ့ပါသည်။ အလားတူပင် မွန်လူမျိုးများ အများစုနေထိုင်သည့် ဘားအံတောင်ပိုင်း ဒေသနှင့်၊ ကော့ကရိတ်မြို့နယ်တို့ကို ကရင်ပြည်နယ်ထဲသို့ ပေါင်းထည့်ခဲ့ပါသည်။ ဆိုရှယ်လစ်ခေတ်တွင်လည်း ရှမ်းမျိုးနွယ်စုများ အများစုနေထိုင်သည့် ပြင်ဦးလွင် “မေမြို့” နှင့် မိုးကုတ်မြို့နယ်တို့ကို မန္တလေးတိုင်းထဲသို့ လည်းကောင်း၊ ကရင်နှင့် ပအိုဝ်းအများစု နေထိုင်ကြသည့် ဘီးလင်း၊ ကျိုက်ထိုနှင့် သထုံနယ်များကို မွန်ပြည်ထဲသို့ လည်းကောင်း၊ မွန်လူမျိုး အများစုနေထိုင်သည့် ရေဖြူမြို့နယ်ကို တနင်္သာရီတိုင်းထဲသို့ လည်းကောင်း ခွဲထုတ် ပေါင်းစပ်ခဲ့ပါသည်။ နဝတ၊ နအဖခေတ်တွင် ကြာအင်းဆိပ်ကြီး နှင့် ဘုရားသုံးဆူ မြို့နယ်များတွင် နေထိုင်ကြသည့် မွန်လူမျိုးများမှာ ကရင်ပြည်နယ်သားများ ဖြစ်သွားကြပါသည်။ သို့နှင့် လူဦးရေအချိုးအရ မည်သည့်လူမျိုးစု ပြည်နယ်တွင်မျှ သက်ဆိုင်ရာ လူမျိုးများက အများစုလူမျိုးစုများအဖြစ် မရှိကြတော့သည့်အဖြစ်သို့ ရောက်ရှိ သွားပါတော့သည်။

ထို့အပြင် ဗမာခေါင်းဆောင် အဆက်ဆက်တို့သည် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း နေထိုင်ကြသည့် လူမျိုးကွဲ အရေအတွက် အလွန်အမင်း များပြားခြင်းကို လူမျိုးကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံ တည်ထောင်ရန် မဖြစ်နိုင်ရခြင်း အကြောင်းတစ်ရပ်အဖြစ် တစိုက်မတ်မတ် အကြောင်းပြနေခဲ့ကြပါသည်။ ၁၉၃၁ ခုနှစ် အိန္ဒိယ သန်းခေါင်စာရင်းဌာနမှ ဝန်ထမ်းများဖြင့် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ ဗြိတိသျှ-အိန္ဒိယ၏ ဗမာပြည်နယ်တွင် လူမျိုးကွဲပေါင်း ၁၃၅ မျိုး ရှိသည်ဟု မှတ်တမ်း တင်ထားပါသည်။ သို့ရာတွင် ထိုနှစ်တွင်ပင် ထုတ်ပြန်သည့် အိန္ဒိယနိုင်ငံ သန်းခေါင်စာရင်း ၁၉၃၁၊ အတွဲ ၁၁၊ စာတွဲ ၁၊ တွင် “ဗမာပြည်နယ်ရှိ လူမျိုးစုများသည် ၎င်းတို့၏ လူမျိုးအမည်ကို အဝတ်ပုဆိုး လဲလှယ် ဝတ်ဆင်သကဲ့သို့ မကြာခဏ အမျိုးမျိုး ပြောင်းလဲပြောတတ်ကြသည်”ဟု အိန္ဒိယသန်းခေါင်စာရင်း အရာရှိတစ်ဦးက စိတ်ရှုပ်ထွေးစွာဖြင့် ငြီးငြူ အစီရင်ခံကြောင်း သန်းခေါင်စာရင်း ကော်မရှင်နာမင်းကြီးက ၎င်း၏ အစီရင်ခံစာတွင် မှတ်တမ်းတင်ထားသည်ကို တွေ့ရပါသည် (Commissioner, 1931, p. 254)။ ၁၉၃၁ ခုနှစ်တွင် ထိုစဉ်က ဗြိတိသျှအင်းဒီးယား အစိုးရက၊ အိန္ဒိယနိုင်ငံ ဗမာပြည်နယ်အတွက် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ “ကရင်”ဟူသည့် လူမျိုးအမည်သည် မတူကွဲပြားသည့် ဒေသများတွင် နေထိုင်ကြသည့် အသက်မွေးဝမ်းကျောင်းမှုပုံစံ၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု မတူသည့် လူမျိုးကွဲ ၁၇ မျိုးကို ပေါင်းရုံး ခေါ်ဝေါ်သည့် အများဆိုင်လူမျိုးအမည် (collective name) ဖြစ်ပါသည်။ ယင်းတို့အနက် လူမျိုးကွဲ ၁၁ မျိုးကို ယနေ့ထက်တိုင် ခွဲခြားနိုင်သေးသော်လည်း ထိုကရင်မျိုးနွယ်စုအတွင်းရှိ လူမျိုးကွဲများ အားလုံးကို ၎င်းတို့အသုံးပြုသည့် ဘာသာစကားအပေါ် အခြေခံ၍ ပိုးနှင့် စကော၊ သို့မဟုတ် ဖလုံနှင့် စဝေါ လူမျိုးကွဲနှစ်ခုအဖြစ် ခွဲခြား စုစည်းနိုင်သည်ဟု ကရင်ပညာရှင်များ အပါအဝင် ဘာသာဗေဒ ကျွမ်းကျင်သူများက ဆိုကြပါသည်။ ဥပမာ (Jones, 1961) နှင့်(Htawmepa, 1999, p. 15)။ ကရင်နည်းတူ ကချင်သည်လည်း လူမျိုးတစ်မျိုး၏ အမည်မဟုတ်ဘဲ ဂျင်းဖော၊ ရဝမ်၊ လီဆူး၊ လချိုက်၊ လဝေါ်၊ အဇီးနှင့် အခြားသော ကချင်မျိုးနွယ်စုအတွင်းရှိ လူမျိုးကွဲများကို ပေါင်းရုံး ခေါ်ဆိုသည့် အများဆိုင်လူမျိုးစု အမည်ဖြစ်ပါသည်။ ထို့နည်းတူ လူမျိုးကွဲ ၅၃ မျိုး ရှိသည်ဟု ထိုစဉ်က မှတ်တမ်းတင်ထားသည့် ချင်းလူမျိုးကွဲများကိုလည်း ဘာသာဗေဒအရ လူမျိုးကွဲ ၅ မျိုးအဖြစ်သို့ စုစည်းနိုင်သည်ဟု ချင်းခေါင်းဆောင်အများစုတို့ သဘောတူကြပါသည်။ အချို့သော ချင်းလူမျိုးကွဲ အမည်များမှာ လူမျိုးအမည်များ မဟုတ်ဘဲ မိသားစုအမျိုးအနွယ်နှင့်သာ သက်ဆိုင်သည့် အမည်များ ဖြစ်နေသည်ဟုလည်း ချင်းခေါင်းဆောင်အချို့တို့က ဆိုပါသည်။

၁၉၉၂ ခုနှစ် အမေရိကန် ဘာသာစကား အင်စတီကျုတစ်ခုက ထုတ်ဝေသည့် ကမ္ဘာ့ ဘာသာစကားများစာအုပ် (၁၂ ကြိမ်မြောက် တည်းဖြတ် ထုတ်ဝေခြင်း) တွင်လည်း မြန်မာနိုင်ငံတွင် လူဦးရေ ငါးသိန်းအထက် ပြောဆို သုံးစွဲသည့် ဘာသာစကားများအဖြစ် ကရင် (စကောနှင့် ပိုး)၊ ချင်း၊ ဂျင်းဖော၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းနှင့် ၀ ဘာသာစကား ရှစ်မျိုးကို ထည့်သွင်းထားပါသည် (Grimes, 1992)။ အရေအတွက်အရ အလွန်အမင်း ဖောင်းပွနေသည့် ၁၃၅ မျိုးဟူသည့် ဘာသာ စကားများအနက် အများစုမှာ တစ်ခုနှင့်တစ်ခု တစ်နည်းနည်းဖြင့် ဆက်နွယ်နေပြီး ဘာသာ စကားတစ်ရပ် (lingua franca) အဖြစ် သတ်မှတ်ရလောက်သည့် အင်္ဂါရပ်များနှင့် ညီညွတ်မှုမရှိဟု ဆရာများက ဆိုကြပါသည်။ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်း ကောက်ခံရာတွင် အိန္ဒိယမှ လာသော သန်းခေါင်စာရင်း ဝန်ထမ်းများက ရပ်၊ ရွာ၊ ဒေသအလျောက် တစ်ခုနှင့်တစ်ခု သံတူကြောင်းကွဲ ပြောဆိုကြသည့် ဝေးလံခေါင်ဖျား ဒေသနေ လူမျိုးစုများ၏ ဘာသာစကားကို နားလည်မှု လွဲမှားရာမှ တကယ်မရှိသည့် လူမျိုးများကို မှားယွင်း မှတ်တမ်းတင်မိခြင်းအားဖြင့် အိန္ဒိယနိုင်ငံ၊ ဗမာ ပြည်နယ်တွင် လူမျိုး ၁၃၅ မျိုး နေထိုင်သည့်အဖြစ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်ဟု ဆရာအချို့တို့ ဆိုကြပါသည် (Callahan, 2003, p. 148)။ ယင်းအမှားကို မြန်မာအစိုးရ အဆက်ဆက် ပြန်လည်တည့်မတ်ရန် မကြိုးစားဘဲ ယင်းကို လူမျိုးကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန် မဖြစ်နိုင်ရခြင်း အကြောင်းတစ်ရပ်အဖြစ် ယခုထက်တိုင် အသုံးချ၊ ထောက်ပြ ပြောဆိုနေဆဲ ဖြစ်ပါသည်။ ပိုဆိုးသည်မှာ ယခုနောက်ဆုံး ၂၀၁၄ ခုနှစ် အရပ်သားတစ်ပိုင်းအစိုးရ လက်ထက်တွင် ကုလသမဂ္ဂနှင့် အနောက် ဒီမိုကရေစီနိုင်ငံအချို့တို့၏ နည်းပညာနှင့် ငွေကြေးအကူအညီ ဖြင့် ကောက်ယူခဲ့သည့် မြန်မာနိုင်ငံ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် လူမျိုးကွဲပေါင်း ၄၅၀ ကျော် နေထိုင်သည့် နိုင်ငံအဖြစ်သို့ ရောက်ရှိလာပြီး၊ လူနည်းစု လူမျိုးများ၏ လူဦးရေအချိုးမှာလည်း နိုင်ငံလူဦးရေ စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းပင် မပြည့်တော့သည့် အနေအထားသို့ ရောက်ရှိသွားပါသည်။

ထို့အပြင် မြန်မာအာဏာပိုင်များက ဆိုခဲ့သည့် လူမျိုးကွဲများသည် ကာလတာရှည်ခဲ့ပြီ ဖြစ်သည့် သွေးနှော၊ ဗမာအသွင်ပြောင်းမှု ဖြစ်စဉ်အောက်တွင် လူဦးရေပမာဏ၊ ဘာသာစကားနှင့် လူမှု-ယဉ်ကျေးမှုတို့အရ လူမျိုးကွဲများ အဖြစ်ဖြင့်ပင် မရှိတော့သရောင် ဝါဒဖြန့် ထုတ်ဖော်ပြောဆိုနေကြဆဲ ဖြစ်ပါသည်။ “ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရနှင့် နိုင်ငံသူနိုင်ငံသားများသည် မြန်မာနိုင်ငံတွင် မှီတင်း နေထိုင်ကြကုန်သည့် ၁၃၅ မျိုးသော လူမျိုးစုများအား မကောင်းကြံလိုသည့် စိတ်ထားမျိုး စိုးစဉ်းမျှ မရှိကြပါ။ မြန်မာနိုင်ငံရှိ လူမျိုး ၁၃၅ မျိုးတို့သည် မြန်မာနိုင်ငံ ပိုင်နက်နယ်မြေအတွင်း ရာစုနှစ်ပေါင်းများစွာ အတူတကွ နေထိုင်ခဲ့ကြသည့်အပြင်၊ နှစ်ကာလ ကြာမြင့်ခဲ့ပြီ ဖြစ်သည့် ထိုလူမျိုးစုများ၏ သွေးနှောမှုနှင့် မြန်မာ အသွင်ပြောင်းမှု ဖြစ်စဉ်မှာလည်း ပြီးမြောက်ခဲ့ပြီ ဖြစ်သဖြင့် လူမျိုးကွဲများဟုပင် ဆိုရန်မဖြစ်နိုင်တော့ပါ”ဟု လန်ဒန်မြို့ မြန်မာသံရုံးက ၂၀၀၀ ပြည့်နှစ်၊ ဧပြီ ၁၂ ရက်တွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် မြန်မာသတင်းစာစောင်တွင် ဖော်ပြထားသည်ကို တွေ့ရပါသည်။ အလားတူပင် ၁၉၁၄ ခုနှစ်၊ မြန်မာသန်းခေါင်စာရင်း၏ ရလဒ်များကို သက်သေပြုပြီး မြန်မာ စစ်ခေါင်းဆောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်၊ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲမြို့တွင် ကျင်းပသည့် ဥရောပသမဂ္ဂ စစ်ရေးကော်မတီ၏ ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးတွင် မိန့်ခွန်းပြောကြားစဉ် မြန်မာနိုင်ငံ လူဦးရေ၏ ၈၅ ရာခိုင်နှုန်းသည် ဗမာလူမျိုးများ ဖြစ်သည်ဟု ထည့်သွင်း ပြောကြားသွားသည်မှာလည်း ခေတ်အဆက်ဆက် တစ်ပြည်ထောင် အမျိုးသားနိုင်ငံ တည်ထောင်ရေး သန္နိဌာန်ကို ထပ်လောင်း အတည်ပြုနေသကဲ့သို့ ရှိနေပါသည်။ ရှမ်းမျိုးနွယ်စုများ၊ ကချင်မျိုးနွယ်စုများ၊ ကရင်မျိုးနွယ်စုများ အစရှိသည့် ဗမာမဟုတ်သည့် လူမျိုးစုများတို့သည် သက်ဆိုင်ရာ လူမျိုးစုများ၏ နဂိုမူလ အမျိုးသား ကြန်အင်လက္ခဏာနှင့် အမှတ်အသား သရုပ်များ ကွယ်ပျောက်ခြင်း သို့တည်းမဟုတ် စွန့်လွှတ်ခြင်း၊ ဗမာအသွင်ပြောင်းခြင်း အစရှိသည့် နည်းလမ်းများဖြင့် အမှန်တကယ်ပင် ဗမာ လူမှု-ယဉ်ကျေးမှုကို သက်ဝင် လက်ခံကြပြီး ဗမာလူမျိုးများအဖြစ် သွေးနှော အသွင်ပြောင်းသွားကြပြီလော ဆိုသည်ကို လက်တွေ့ကျကျ ပြန်လည်သုံးသပ် ချင့်တွက်ကြပါရန် ဆုံးဖြတ်ခွင့်ရှိကြသည့် ခေါင်းဆောင်များ အားလုံးတို့အား မေတ္တာရပ်ခံလိုပါသည်။

■ အားကောင်းမောင်းသန် လူမျိုးစုံ မြန်မာလူ့အဖွဲ့အစည်း

မြန်မာနိုင်ငံရှိ လူနည်းစု လူမျိုးစု အများစုကိုကြည့်လျှင် လူမျိုးစု အားလုံးနီးပါး တွင် ၎င်းတို့၏ အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဥပဒေဘောင် အတွင်းမှသာမက၊ လက်နက်ကိုင် တိုက်ပွဲပုံသဏ္ဍာန်ဖြင့်ပါ ရာစုနှစ် တစ်ဝက်ကြာမက တောင်းဆို တိုက်ပွဲဝင်နေကြပြီး၊ သက်ဆိုင်ရာ လူမျိုးတိုင်းတွင်လည်း ၎င်းတို့၏ နိုင်ငံရေးပါတီ၊ လက်နက်ကိုင်တပ်ဖွဲ့၊ အာဏာပိုင် အဖွဲ့အစည်း၊ အများပြည်သူဆိုင်ရာ လူမှုဝန်ဆောင်မှု အဖွဲ့အစည်းများ၊ လူမှုအသင်းအဖွဲ့များနှင့် စီးပွားရေး အဖွဲ့အစည်းများ ပီပီပြင်ပြင်၊ ခိုင်ခိုင်မာမာ မဟုတ်သည့်တိုင် ကိုယ်စီ ရှိနေကြပါသည်။ သို့အတွက် ယင်းလူမျိုးစုများကို ဆိုခဲ့သည့် သဘောတရား အကောက်အယူများအရ နိုင်ငံရေးအရ နိုးကြားနေသည့် လူနည်းစု လူမျိုးစုများအပေါ် ၎င်းတို့၏ သဘောဆန္ဒနှင့်အညီ မဟုတ်ဘဲ ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်အာဏာ ကျင့်သုံးခဲ့စဉ်ကတည်းက လူမျိုးဆိုင်ရာ ပဋိပက္ခများ ဥပဒေတွင်း လှုပ်ရှားမှုပုံစံဖြင့်သာမက လက်နက်ကိုင် တော်လှန်ပုန်ကန်မှုပုံစံဖြင့်ပါ ဖြစ်ပေါ်ခဲ့ပါသည်။ ဥပမာ- တိုင်းပြုပြည်ပြု ဆွေးနွေးပွဲများတွင် လူမျိုးတစ်မျိုးအဖြစ် အသိအမှတ်ပြု ထည့်သွင်းစဉ်းစားခြင်း မခံကြရတော့သည့် ရခိုင်နိုင်ငံရေးအုပ်စု သုံးစုအနက် ပြင်းထန်သော ရခိုင်မျိုးချစ်အုပ်စုက မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ် အစောပိုင်းတွင်ပင် အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အမြုတေအဆင့်တွင်သာ ရှိသေးသည့် မပြည့်မစုံ မြန်မာပြည်ထောင်စုကို လက်နက်ကိုင် တော်လှန်နေနှင့်ပြီ ဖြစ်ပါသည် (Smith, 1991, pp. 80-81)။ တစ်ဆက်တည်းတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ခုနစ်လအကြာ မွန်လူငယ်များ ဦးဆောင်ပြီး အာဏာရ ဖဆပလ အစိုးရ၏ နိုင်ငံရေးဖိနှိပ်မှုနှင့် အင်အားသုံးအနိုင်ကျင့်မှုကို ရရာလက်နက်များ စွဲကိုင်ခုခံခဲ့ကြပါသည်။ ၁၉၄၉ ခုနှစ်တွင် ကရင်လူမျိုးစုများက ကိုယ်ပိုင်ပြဌာန်းခွင့် ထိုမှ သီးခြားလွတ်လပ်ရေးအတွက် အင်အား အလုံးအရင်းဖြင့် လက်နက်ကိုင် တော်လှန်ရေးစစ်ပွဲ စတင်ဆင်နွှဲခဲ့ကြပါသည်။ ထိုနှစ်တွင်ပင် ပအိုဝ်းအမျိုးသားများ နှင့် ၁၉၅၉ ခုနှစ်တွင် ရှမ်းလူမျိုးစုများကလည်း လက်နက်ကိုင် တော်လှန်ရေးများ စတင်ခဲ့ကြပါသည်။ ထိုနှစ်နှောင်းပိုင်းတွင် ပင်လုံစာချုပ်အရ ပြည်ထောင်စုကို ကာကွယ်ရန် တာဝန်ရှိသည်ဟု အစဉ်တစိုက် ခံယူပြီး အခြားသော လူမျိုးစုများ၏ ခုခံပုန်ကန်မှုများကို နှိမ်နင်းရာတွင် ဗမာ ဗဟိုအစိုးရဘက်မှ တလျှောက်လုံး ဝင်တိုက်နေခဲ့သည့် ကချင်လူမျိုးစုများကပါ ဗမာအစိုးကို လက်နက်ကိုင် တော်လှန်လာခဲ့ကြပါသည်။ ၁၉၆၄ ခုနှစ်တွင် ကယန်းလူမျိုးစုများ၊ ၁၉၇၂ ခုနှစ်တွင် လားဟူ အစရှိသည့် လူနည်းစု လူမျိုးစုအားလုံးနီးပါး ဗမာဗဟိုအစိုးရကို လက်နက်ကိုင် ပုန်ကန်ခြားနားခဲ့ကြပါသည်။ လူမျိုး၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့၊ ကိုးကွယ်ယုံကြည်မှု၊ သမိုင်းအမှတ်အသား မတူကွဲပြားသည့်၊ နိုင်ငံရေးနိုးကြားနေသည့် အားကောင်းမောင်းသန် လူမျိုးစုများအပေါ် တစ်ပြည်ထောင် ဗမာအမျိုးသားနိုင်ငံ၏ နိုင်ငံတော်အာဏာ ကျင့်သုံးရာမှ အခြေတည် ဖြစ်ပွားခဲ့သည့် မြန်မာပြည်တွင်းစစ်မှာ ယခု နှစ်ပေါင်း ၇၀ တွင်းသို့ ချဉ်းနင်း ဝင်ရောက်လာပြီ ဖြစ်ပါသည်။

ထို့အပြင် ဆိုခဲ့သည့် ဗမာ မဟုတ်သော လူမျိုးစုအားလုံးနီးပါး၏ လျစ်လျူရှု ဘေးဖယ်ထားရန် မဖြစ်နိုင်သည့် လူဦးရေ အချိုးအစားတစ်ရပ်ကလည်း မြန်မာအမျိုးသားနိုင်ငံ၏ ကျေးဇူးသစ္စာကို စောင့်သိ ရိုသေကြသည့် မြန်မာများအဖြစ် မခံယူနိုင်ဘဲ ဖြစ်နေကြသည်ကိုလည်း တွေ့နေရပါသည်။ ထိုလူမျိုးစုများနှင့် ၎င်းတို့ မှီတင်းနေထိုင်နေကြသည့် နိုင်ငံတော်တို့ကြားတွင် ယုံကြည်ကိုးစားမှုနှင့် နှစ်ဦးနှစ်ဘက် သဘောတူကြသည့် ပဋိညာဉ်တစ်ရပ် ပျောက်ဆုံးနေခြင်းပင် ဖြစ်ပါသည်။ ဤတွင် လူမျိုးစုများဘက်မှ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးနှင့် စီးပွားရေးဘဝတွင်းသို့ ပါဝင်ပေါင်းစည်းခြင်း မပြုမီ မိမိတို့၏ လူမျိုးစု အမှတ်အသားသရုပ်နှင့် ယဉ်ကျေးမှု ဓလေ့များကို ထိန်းသိမ်းလိုကြသည်ချည်း ဖြစ်ပါသည်။ မိမိတို့ဘာသာ သမိုင်းအစဉ်အဆက် စီမံအုပ်ချုပ်နေခဲ့ကြသည့် ပြည်နယ်ဒေသများသို့ မြန်မာဗဟိုအစိုးရများ၏ လက်နက်ကိုင်တပ်ဖွဲ့များ ဝင်ရောက် အခြေချ တပ်စွဲခြင်းကို အချုပ်အခြာအာဏာ ကျူးကျော်ခံရမှု၊ ကိုလိုနီပြုဖိနှိပ်မှု၊ ပြည်နယ်ဒေသ၏ မြေယာနှင့် သဘာဝအရင်းအမြစ်များ လုယက်ခံရမှုများအဖြစ် မှတ်ယူလေ့ ရှိကြပါသည်။ ထိုင်းနိုင်ငံ တောင်ပိုင်း၊ အင်ဒိုနီးရှားမှ အာချေးနှင့် ဖိလစ်ပိုင်နိုင်ငံမှ မင်ဒါနာအို ဒေသခံ လူနည်းစုလူမျိုးစု ပြည်သူများနည်းတူ လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားသည့် နယ်မြေများ၊ သို့မဟုတ် မြန်မာတပ်မတော်နှင့် လူမျိုးစု လက်နက်ကိုင်များ အားပြိုင်နေကြသည့် ပြည်နယ်ဒေသများမှ လူမျိုးစုပြည်သူများအဖို့ မြန်မာတပ်ဖွဲ့များ ၎င်းတို့ဒေသတွင်းသို့ ဝင်ရောက်ခြင်းကို မြေသိမ်းရန်၊ ၎င်းတို့အား ဖိနှိပ်ခြိမ်းခြောက် သတ်ဖြတ်ရန်၊ ချွေးတပ်သားများအဖြစ် အပါအဝင် နည်းအမျိုးမျိုးဖြင့် အတင်းအကြပ် လုပ်အားပေး ခိုင်းစေရန်၊ အကြောင်းပြချက် အမျိုးမျိုးဖြင့် ငွေကြေးများ အတင်းအကြပ် မတရားကောက်ခံရန်၊ ဒေသခံ လူမျိုးစုများ၏ ဘာသာ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ပုံဖျက်ရန်နှင့် ဒေသခံ လူမျိုးစုများကို ယင်းတို့ဒေသ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး လုပ်ငန်းများမှ ဖယ်ထုတ်ရန်ဖြစ်သည်ဟု မှတ်ယူလေ့ ရှိကြပါသည် (Parks, 2013, p. 41)။

တစ်ဖက်တွင်လည်း လူနည်းစု လူမျိုးစုများ အလွန်အမင်း အပိုင်းပိုင်း ကွဲပြားနေလျှင်လည်း ဆိုခဲ့သည့် လူများစုငယ် အားလုံးတို့အား သင့်လျော်သည့် အခွင့်အရေး ရရှိစေမည့် ပြည်ထောင်များ၏ နိုင်ငံတစ်ရပ်ကို တည်ထောင်ရန် မဖြစ်နိုင်ဟု ဆရာကြီး လစ်ဗင်စတန်က သတိပေးခဲ့ဖူးပါသည် (Livingston, 1956, p. 9)။ ထိုမျှမက ရှိရှိသမျှသော မတူကွဲပြားသည့် လူမျိုးအားလုံး သီးခြားနိုင်ငံ တည်ထောင်ကြမည်ဆိုလျှင် ယခုခေတ်ပေါ် နိုင်ငံတော်စနစ်နှင့် အတူလိုက်ပါ၍ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် အမျိုးသားနိုင်ငံ တည်ထောင်ရန် အလွန်ခက်ခဲမည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဘူးထရို့စ်ဂါလီက ၎င်း၏ ငြိမ်းချမ်းရေးအတွက် အစီအစဉ် တစ်ရပ်ဟု အမည်ပေးထားသည့် အစီရင်ခံစာ တစ်စောင်တွင် ထောက်ပြခဲ့ဖူးပါသည် (Boutros Ghali, p. 1992)။ ဖက်ဒရယ် ပြည်ထောင်စုတစ်ခု ဖွဲ့စည်း တည်ထောင်နိုင်ရန်အတွက် ဆိုခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး၊ ပထဝီဒေသနှင့် လူမှု-ယဉ်ကျေးမှုအရ အပိုင်းပိုင်းကွဲနေသော လူမျိုးစု အစိတ်အပိုင်းများသည် ပြည်ထောင်စု၏ အခြေခံယူနစ်များအဖြစ် ၎င်းတို့ စုစည်းနေထိုင်သည့် နယ်မြေ အပိုင်းအခြားများအတွင်းတွင် ဦးစွာပထမ တူရာတူရာ မဖြစ်မနေ ပေါင်းစည်းကြရန် လိုအပ်သည်ဟု ဆရာများက ဆိုပါသည်။ ဆရာကြီး လစ်ဗင်စတန်က အလွန်အမင်း အကွဲကွဲအပြားပြား ဖြစ်နေသည့် အခြေခံယူနစ်များဖြင့် လူမျိုးစုဖက်ဒရယ် ပြည်ထောင်စုတစ်ရပ် တည်ထောင်ရန် ခက်ခဲမည်ဖြစ်သဖြင့် ယင်းသို့သော အလွန်အကျွံ ကွဲပြားနေသည့် လူမှု-ယဉ်ကျေးမှု အစိတ်အပိုင်းများသည် တစ်ပြည်ထောင်စနစ် တစ်ခုခုအတွင်းသို့ ဖိအားသုံး၊ အတင်းအကြပ် စုစည်းခံရနိုင်ခြေ များသည်ဟုလည်း အစောပိုင်း ကာလများကတည်းက သတိပေးခဲ့ပါသည်။

ထို့အပြင် ၆၉ နှစ် ကျော်ခဲ့ပြီဖြစ်သည့် ပြည်တွင်းစစ် သမိုင်းဖြစ်စဉ် တစ်ခုလုံးက ဗမာများ နှင့် ကျန်လူမျိုးစုများ ကြားတွင်သာမက၊ လူမျိုးစုများ အချင်းချင်းကြားတွင်ပင် ယုံကြည်မှု ကင်းမဲ့စေခဲ့ပြီ ဖြစ်ပါသည်။ သမိုင်းစဉ်တစ်လျှောက် မွန်နှင့် မွန်၊ မွန်နှင့် ကရင်၊ ကရင်နှင့် ကရင်၊ ကရင်နှင့် ကရင်နီ၊ ကရင်နှင့် ပအိုဝ်း၊ ပအိုဝ်းနှင့် ပအိုဝ်း၊ ပအိုဝ်းနှင့် ရှမ်းမျိုးနွယ်စုများ၊ ရှမ်းနှင့် ရှမ်း၊ ရှမ်းနှင့် ကချင်၊ ကချင်နှင့် ကချင် အစရှိသည်ဖြင့် လူမျိုးစုများ အချင်းချင်းအကြားတွင် သာမက သက်ဆိုင်ရာ လူမျိုးစု တစ်မျိုးတည်း အတွင်းတွင်ပင် အကြမ်းနည်းပဋိပက္ခများ အပြန်အလှန် ဖြစ်ပွားခဲ့ပြီး ဖြစ်ပါသည်။ တစ်ဖက်တွင်လည်း မိမိလူမျိုးကို သမိုင်းဆက် ရှည်ကြာ ယဉ်ကျေးဖွံ့ဖြိုးသည့် လူမျိုး၊ သို့မဟုတ် လက်ရှိအခြေအနေတွင် လက်နက်၊ လူသူ၊ ဓနအင်အား သာလွန် အဆင့်မြင့်သည့် လူမျိုးအဖြစ် အခြားလူမျိုးများကို လက်အောက်ခံအဖြစ် ဆက်ဆံလိုသည့် လူမျိုးစုခေါင်းဆောင် အချို့နှင့် အဖွဲ့အစည်းအချို့တို့၏ ပဒေသရာဇ်ဆန်သည့် အတွေးအခေါ်သည် ယနေ့ ခေတ်ပေါ် နိုင်ငံလူ့အဖွဲ့အစည်းနှင့် အံမဝင်တော့ပါ။ နိုင်ငံတစ်နိုင်ငံအတွင်းရှိ လူမျိုးစုတိုင်းသည် လူများစု ဖြစ်စေ၊ လူနည်းစု ဖြစ်စေ မိမိလူမျိုး၏ တရားဝင်ဖြစ်မှု (legitimacy) အတွက် မိမိတို့လူမျိုးသည် နိုင်ငံနယ်နိမိတ်အတွင်း အစောဆုံး အခြေချနေထိုင်သည့် ဌာနေလူမျိုး (indigenous) ဖြစ်ကြောင်း ငြင်းခုန်လေ့ ရှိကြသည့်နည်းတူ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း နေထိုင်နေကြသည့် လူမျိုးစု အားလုံးနီးပါးကလည်း မိမိတို့သည် မြန်မာနိုင်ငံအတွင်းသို့ အစောဆုံး ရောက်ရှိ အခြေချနေထိုင်သည့် လူမျိုးဖြစ်သည်ဟု ပြောဆိုကြသည်ချည်း ဖြစ်ပါသည်

(Horowitz, 2000, pp. 202-204)။ သို့နှင့် မည်သည့်လူမျိုးက ပို၍ စောရောက်ပြီး ပို၍ ဌာနေလူမျိုးစု ပီသသည် ဆိုသည်ကို သက်သေထူရန်မှာ မြန်မာနိုင်ငံတွင်းရှိ လူမျိုးစုများအတွက် အရေးပါသည့် အကြောင်းအရာ တစ်ရပ် ဖြစ်လာပါတော့သည်။ ယင်းသို့သော ကောင်းကျိုးထက် ဆိုးကျိုးများကိုသာ သယ်ဆောင်လာနိုင်ခြေ ရှိသည့် သဘောထားမျိုးကို စွန့်ချန်ထားရစ်ရန် လိုပါသည်။ လီဆူးက ဂျိန်းဖောအဖြစ်၊ ပအိုဝ်းက ရှမ်းအဖြစ်၊ ကရင်နီက ကရင်အဖြစ် ခံယူနိုင်ကြမည် မဟုတ်သည့်အပြင် လက်အောက်ခံ လူမျိုးစုအဖြစ် နေထိုင်နိုင်မည် မဟုတ်သည်ကိုလည်း သတိချပ်ကြရန် လိုအပ်ပါသည်။ ၁၉၅၆ ခုနှစ်မှ အစပြု၍ ညီညွတ်ရေးတပ်ပေါင်းစု ခုနစ်ခုအထိ ဖွ့ဲစည်း တည်ဆောက်ခဲ့ပြီး ဖြစ်သော်လည်း လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများကြား စုစည်းညီညွတ်မှုမှာ ယခုတိုင် မေးခွန်းထုတ်စရာ ဖြစ်နေဆဲ ဖြစ်ပါသည်။ ယခု မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ရောက်ရှိနေထိုင်နေကြသည့် လူမျိုးစုများကို ဦးဆောင်နေကြသည့် လူမျိုးစုခေါင်းဆောင်များ အနေဖြင့်လည်း ပြည်ထောင်စုနိုင်ငံ တစ်နိုင်ငံ၏ အဖွဲ့ဝင်လူမျိုးစုများအဖြစ် မိမိတို့ဆိုင်ရာ လူ့အဖွဲ့အစည်းများ စွန့် လွှတ်ရန်လိုမည့် အခွင့်အရေးများ၊ တာဝန်ယူရမည့် လုပ်ငန်းတာဝန်များကို စွန့်လွှတ် တာဝန်ယူနိုင်ရန်အတွက် ပြင်ဆင်ကြရမည် ဖြစ်ပါသည်။

■ တစ်ပြည်ထောင် အမျိုးသားနိုင်ငံ ပြဿနာ

လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ဒီမိုကရက်တိုက်ဇေးရှင်း ဆရာများရော ငြိမ်းချမ်းရေး ဆရာများကပါ တစ်ပြည်ထောင် အမျိုးသားနိုင်ငံ ဖွဲ့စည်းပုံသည်သာ ဒီမိုကရေစီ လူ့အဖွဲ့အစည်း တည်ဆောက်ရန် အကောင်းဆုံးဖြစ်သည် ဆိုသည့် အစဉ်အလာ နိုင်ငံရေး မြော်မြင်မှုဟောင်း (the old political wisdom) နှင့် ဒီမိုကရေစီနိုင်ငံများ အပါအဝင် နိုင်ငံရေး အားသန်သည့် လူမျိုးစုံ တစ်ပြည်ထောင်နိုင်ငံများအတွင်း ရှည်ကြာပြီး အဖျက်စွမ်းအားကြီးသည့် လူမျိုးအပေါ် အခြေခံသည့် ပြည်တွင်းစစ်ပွဲများ တစ်ရံမလပ် ဖြစ်ပွားနေသည့် ကမ္ဘာ့နိုင်ငံရေး ပကတိရုပ် အခြေအနေတို့၏ သဟဇာတဖြစ်မှုကို မေးခွန်း ထုတ်လာကြပါသည်။ ပြဿနာမှာ နိုင်ငံရေး အားသန်သည့် လူနည်းစု လူမျိုးတစ်မျိုးထက်မက နေထိုင်ကြသည့် နိုင်ငံများတွင် တစ်ပြည်ထောင် အမျိုးသားနိုင်ငံ တည်ထောင်ရေး ကြိုးပမ်းမှုများ ဆုံးခန်းတိုင်သည်အထိ အောင်မြင်ပြီးမြောက်ခဲလှခြင်းပင် ဖြစ်ပါသည်။ ၂၀ ရာစုနှစ်များသို့ ချဉ်းနင်း ဝင်ရောက်လာကတည်းက စပိန်ကဲ့သို့သော အခြေကျပြီးသား တစ်ပြည်ထောင်ပုံစံ နိုင်ငံဟောင်းများတွင်ပင် ရည်ရွယ်ရင်း ရှိရှိဖြင့် မူဝါဒများချမှတ် ကြိုးပမ်းခဲ့ကြသည့် တစ်ပြည်ထောင် အမျိုးသားနိုင်ငံ တည်ထောင်ရေး ကြိုးပမ်းမှုများ ပိုမိုခက်ခဲလာသည်ဟု ဆိုပါသည် (Stepan, Linz, & Yadav 2010b, p. 52)။ ထို့အပြင် ဆိုခဲ့သည့် တစ်ပြည်ထောင်နိုင်ငံ ပုံစံသည် ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အများပါဝင်ခွင့်ရှိရန် လိုအပ်သည့် ဒီမိုကရက်တစ် နိုင်ငံရေးနှင့်လည်း သဟဇာတဖြစ်လေ့ မရှိဘဲ ပဋိပက္ခမျိုးစုံ ဖြစ်ပေါ်စေခဲ့သည်ချည်း ဖြစ်သည်ဟု ဆိုကြပါသည်။ သို့အတွက် ဆိုခဲ့သည့် အစဉ်အလာ တစ်ပြည်ထောင်အမျိုးသားနိုင်ငံ ဖွဲ့စည်းပုံအပေါ် ယုံကြည်မှုသည် ယနေ့ခေတ်ပေါ် ကမ္ဘာ့အခြေအနေနှင့် ကိုက်ညီမှု မရှိတော့သည့်အပြင် နိုင်ငံလူ့အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းဒီမိုကရေစီကျရေး တို့အတွက် အန္တရာယ်လည်း များလှသည်ဟု ငြင်းဆိုကြပါသည် (Stepan, Linz, & Yadav, 2010b)။ ထို့အပြင် လူမျိုးရေး ပဋိပက္ခအများစုတို့သည် လူနည်းစုလူမျိုးများက ပြည်နယ်ဒေသများအတွင်း ဗဟိုအစိုးရ ထိန်းချုပ်မှုမှ ကင်းလွတ်သည့် စီမံအုပ်ချုပ်ခွင့် အာဏာ ပိုမိုရရှိရေးအတွက် ကြိုးပမ်းကြရာမှ ပေါ်ပေါက်လာသည်ချည်း ဖြစ်သည်ဟု ဆရာကြီး ရောဘတ်ဂါးက ထောက်ပြပါသည် (Gurr, 2000, p. 195)။ လူမျိုးစုအခွင့်အရေး တောင်းဆိုမှုများတွင် ပြည်နယ်အဆင့်သို့ အုပ်ချုပ်ရေးအာဏာ ပိုမိုခွဲဝေပေးရေး (devolution) မှသည် လုံး၀ သီးခြားလွတ်လပ်ရေးအထိ ရှိတတ်ကြပါသည်။ ယင်းတောင်းဆိုမှုများသည် အများအားဖြင့် ဗဟိုအစိုးရ၏ မမျှတသော လုပ်ရပ်များ၊ သို့မဟုတ် လျစ်လျူရှုမှုများကြောင့် ဆိုင်ရာလူမျိုးစုတို့၏ လူမှု-ယဉ်ကျေးမှုနှင့် လူမှု-စီးပွားရေး ရှင်သန်ဖွံ့ဖြိုးမှုကို ခြိမ်းခြောက် ခံနေရသည်ဟူသည့် ခံစားလာရမှုအပေါ်တွင် အခြေတည် ဖြစ်ပွားသည်က များပါသည်။ သို့တည်းမဟုတ် ဗဟိုအစိုးရသည် ဆိုင်ရာလူမျိုးစု၊ သို့မဟုတ် ဒေသနှင့်သာ သီးခြားသက်ဆိုင်သည့် အရေးကိစ္စများကို ဝင်ရောက် စွက်ဖက်နေသည်ဟု တွေ့မြင်လာကြသည့် အခါမျိုးတွင်လည်း ဖြစ်ပွားတတ်သည်ဟု ဆိုကြပါသည် (Erk & Anderson, 2009, p. 192) ။

■ ပြည်ထောင်များ၏ နိုင်ငံအဖြေ

သို့နှင့် လူမျိုးရေးအပေါ် အခြေခံသည့် ပြည်တွင်းစစ်ပွဲများ ကမ္ဘာအနှံ့ ဖြစ်ပွားလာသည့် ၁၉၈၀ ပြည့်နှစ်များတွင် ပညာရှင်များရော၊ မူဝါဒရေးဆွဲ အကောင်အထည်ဖော်သူများပါ ဒီမိုကရေစီ လူ့အဖွဲ့အစည်းအဖြစ် အသွင်ပြောင်း တည်ဆောက်နေကြသည့် နိုင်ငံများတွင် မတူကွဲပြားသည့် လူမှု-ယဉ်ကျေးမှု လက္ခဏာများရှိနေကြသည့် နိုင်ငံရေးအားသန်သည့် လူမျိုးစုပြည်ထောင်များ ရှိနေသည့် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး ကိုယ်ထည်အတွင်း ဒီမိုကရေစီလည်း ကျပြီး ငြိမ်းချမ်းတည်ငြိမ်စွာ အတူတကွ ထားရှိနိုင်မည့် အခြားသော နိုင်ငံဖွဲ့စည်းပုံ စနစ်များကို ရှာဖွေဖော်ထုတ်ရန် ကြိုးပမ်းခဲ့ကြပါသည်။ ဆရာများက ကမ္ဘာ့နိုင်ငံအများစုတွင် လူဦးရေ အချိုးအစားအားဖြင့် လျစ်လျူပြုရန် မဖြစ်နိုင်သည့် နိုင်ငံရေးအားသန်သည့် လူနည်းစု လူမျိုးများ၏ တည်ရှိမှုကို အမှန်တကယ် ဖြစ်တည်နေသည့် နိုင်ငံလူ့အဖွဲ့အစည်း၏ ပကတိရုပ် လက်တွေ့အဖြစ် ဦးစွာပထမ လက်ခံကြရန် လိုအပ်သည်ဟု သတိပေးကြပါသည်။ ထို့နောက်တွင် နိုင်ငံ့ခေါင်းဆောင်များ အနေဖြင့် တစ်ပြည်ထောင် အမျိုးသားနိုင်ငံ ပုံစံအစားဆိုခဲ့သည့် မတူကွဲပြားသည့် လူမျိုးစုပြည်ထောင်များ၊ သို့မဟုတ် ပြည်နယ်များဖြင့် ဖွဲ့စည်းသည့် ပြည်ထောင်များ၏ နိုင်ငံအင်္ဂါရပ်များ (characteristic of a state-nation) ကို တည်ဆောက်ကြရန် လိုအပ်သည်ဟု အကြံပြုကြပါသည်။ ယင်းသို့သော ပြည်ထောင်များ၏ နိုင်ငံကို တည်ထောင်ကြရာတွင် ၁၉ ရာစုနှစ် ကာလများကတည်းက အသုံးပြုခဲ့ကြသည့် ဖက်ဒရယ်ဝါဒ အကောက်အယူများအပေါ် အခြေခံသည့် နိုင်ငံဖွဲ့စည်း တည်ဆောက်ပုံစနစ်များကို ကျင့်သုံးကြပါသည်။ ဖက်ဒရယ်စနစ်သည် လူမျိုးစုများ၏ အစုအဖွဲ့ဆိုင်ရာ အခွင့်အရေး (collective rights) ကို ပြည်နယ်ဒေသတွင်း နိုင်ငံရေး အဆောက်အဦများမှတစ်ဆင့် ကိုယ်စားပြုရာတွင် ထိရောက်မှု အရှိဆုံးသော စနစ်တစ်ရပ် ဖြစ်သည်ဆိုခြင်းကို အများညီ သဘောတူကြပါသည် (Elazar, 1987)။ တည်ရှိပြီးသား နိုင်ငံနယ်နိမိတ်ကို မပြိုကွဲစေဘဲ နယ်မြေဒေသ တစ်ခုအတွင်း စုစည်းနေထိုင်ကြသည့် လူမျိုး၊ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ ကွဲပြားမှုကြောင့် ဖြစ်ပွားသည့် လူမျိုးရေး ပဋိပက္ခများနှင့် အငြင်းပွားမှုများကို ဖြေရှင်းရာတွင် လူမျိုးစု ဖက်ဒရယ်ဝါဒကို အဓိကထား အသုံးပြုခဲ့ကြပါသည် (Erk & Anderson, 2009, p. 191; Anderson, 2016)။ လူမျိုးစု ဖက်ဒရယ်ဝါဒ အကောက်အယူကို လက်တွေ့ အကောင်အထည် ဖော်ကြရာတွင်လည်း အမျိုးသားအဆင့်တွင် ဖက်ဒရယ် ပူးတွဲအုပ်ချုပ်ရေး (federal shared-rule) စနစ်တစ်ရပ် ထားရှိပြီး နိုင်ငံ၏ အခြေခံယူနစ်ဖြစ်သည့် ပြည်နယ်အဆင့်တွင် အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် (rights to national self-determination) ပေးအပ်ထားသည့် စနစ်ကို လူမျိုးစုပြဿနာများ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံရေး အဆောက်အဦ (political structure) သစ်တစ်မျိုးအဖြစ် တီထွင်ဖန်တီး တည်ဆောက်ခဲ့ကြရခြင်း ဖြစ်သည်ဟု ဆရာအများက ဆိုကြပါသည်။

ထိုမျှမက နိုင်ငံအချို့တို့တွင် လူမျိုးစု ဖက်ဒရယ် ဖွဲ့စည်းပုံစနစ်နှင့်အတူ လူနည်းစု လူမျိုးစုများကို သီးသန့် အခွင့်အရေး ပေးသည့်စနစ် (consociational practice) ကိုပါ ပေါင်းစပ် ကျင့်သုံးသည့် “အခွင့်ထူးပေးသည့် ဖက်ဒရယ်” (asymmetrical federal) ပုံစံဖြင့် ပြည်ထောင်များ၏ နိုင်ငံစနစ်ကို ကျင့်သုံးကြပါသည်။ အမှန်စင်စစ် ဘယ်လဂျီယံ၊ ကနေဒါနှင့် အိန္ဒိယနိုင်ငံတို့ကဲ့သို့ လူမှု-ယဉ်ကျေးမှုနှင့် သမိုင်းအမှတ်အသား မတူကြသည့်အပြင် နယ်မြေအဝန်းအဝိုင်း တစ်ခုတွင် စုစည်းနေထိုင်ကြသည့် နိုင်ငံရေးအရစုဖွဲ့မှုလည်း အားကောင်းသည့် လူမျိုးတစ်မျိုးထက်မက နေထိုင်ကြသည့် ဒီမိုကရေစီနိုင်ငံ အားလုံးနီးပါးတို့တွင် တန်းတူညီမျှသည့် လူမျိုးစု ဖက်ဒရယ်ပုံစံဖြင့်ပင်မက အထက်တွင်ဆိုခဲ့သည့် အခွင့်ထူးပေးသည့် ဖက်ဒရယ်ပုံစံကိုပါ ပေါင်းစပ် ဖွဲ့စည်းထားကြသည်ဟု ဆရာများက ဆိုကြပါသည် (Stepan, Linz & Yadav, 2010b, p. 53; Lijphart,1969)။ တပြိုင်နက်တည်းတွင် ပြည်ထောင်များ၏ နိုင်ငံစနစ်ကို လူမှု-ယဉ်ကျေးမှု မတူကွဲပြားသည့် လူမျိုးစုတစ်မျိုး၊ သို့မဟုတ် တစ်မျိုးထက်မက နေထိုင်သည့် တစ်ပြည်ထောင် နိုင်ငံများတွင်လည်း လူမျိုးစု ဖက်ဒရယ်ဝါဒ အခြေခံပေါ်တွင် အသုံးပြုကြသည်ကို တွေ့ရပါသည်။ ထိုကဲ့သို့သော တစ်ပြည်ထောင်နိုင်ငံ နယ်နိမိတ်အတွင်း နိုင်ငံ၏လူများစု လူမျိုးများနေထိုင်သည့် ဒေသတွင် တစ်ပြည်ထောင်စနစ် ကျင့်သုံးနေစဉ်တွင်ပင် လူမှု-ယဉ်ကျေးမှု ကွဲပြားသည့်အပြင် နိုင်ငံရေး အားသန်သည့် လူနည်းစုလူမျိုးစုများကို ဖက်ဒရယ်ဝါဒ သဘောတရားများအတိုင်း သီးခြားအစီအမံများ ချမှတ်ပြီး သီးသန့် အခွင့်အရေးပေး စုစည်းခြင်းမျိုးကို “ဖက်ဒရေစီ” (federacy) ဟု ခေါ်ပါသည်။ ဥပမာအားဖြင့် ဆိုဗီယက်ယူနီယံဟောင်း၏ ပြည်နယ် တစ်ခုဖြစ်ခဲ့သည့် လူဦးရေ ၂ ဒသမ ၉ သန်းရှိသည့် မော်လ်ဒိုဗာသမ္မတနိုင်ငံမှ လူဦးရေ ၁၆၀,၀၀၀ ခန့်ရှိသည့် ဂါဂေါဇီးယား (Gagauzia) ပြည်နယ်၊ လူဦးရေ ၄ ဒသမ ၇ သန်းရှိသည့် ဒိန်းမတ်နိုင်ငံမှ လူဦးရေ ၅၆,၀၀၀ ခန့်ရှိသည့် ဂရင်းလန်ကျွန်းနှင့်၊ လူဦးရေ ၅ ဒသမ ၅ သန်းရှိသည့် ဖင်လန်နိုင်ငံမှ လူဦးရေ ၂၈,၀၀၀ ခန့်ရှိသည့် အလန်းဒ်ကျွန်းစုပြည်နယ် တို့သည် တစ်ပြည်ထောင် သမ္မတနိုင်ငံ ဖွဲ့စည်းပုံစနစ်များအတွင်း သက်ဆိုင်ရာ လူမျိုးများကို ဖက်ဒရယ် အထူးအခွင့်အရေးများ ပေးအပ်ထားသည့် သီးခြားကိုယ်ပိုင်ပြဌာန်းခွင့် ရှိသည့် ပြည်နယ်များ ဖြစ်ကြပါသည်။

သို့ရာတွင် လူမျိုးအခြေခံဖြင့် ဖွဲ့စည်းထားခဲ့သည့် ဆိုဗီယက်ယူနီယံ၊ ချက်ကို စလိုဗက်ကီးယားနှင့် ယူဂိုစလားဗီးယား လူမျိုးစု ဖက်ဒရယ်ပြည်ထောင်စုများ ပြိုကွဲခဲ့သည့် ၁၉၉၀ ပြည့်နှစ်များတွင် ဖက်ဒရယ်နှင့် ဒီမိုကရက် တိုက်ဇေးရှင်း ဆရာအများစုနှင့် မူဝါဒရေးဆွဲသူများက လူနည်းစုလူမျိုးစု အခွင့်အရေးများကို အသိအမှတ်ပြု အကာအကွယ်ပေးခြင်းကို လူမျိုးရေးပဋိပက္ခ ဖြေရှင်းမှု နည်းလမ်းဆိုင်ရာ ပထမအခြေခံမူအဖြစ် လည်းကောင်း၊ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ခြင်းကို ယင်း၏ ဒုတိယအခြေခံမူအဖြစ် လည်းကောင်း အကျယ်အပြန့် သဘောတူခဲ့ကြပါသည် (Gurr, 2002, p. 34)။ ကမ္ဘာပေါ်တွင် လူမှု-ယဉ်ကျေးမှုကွဲပြားမှု ကြီးမားသည့် လူမျိုးစုံ လူ့အဖွဲ့အစည်း အများအပြား ရှိသော်လည်း အများစုမှာ ဒီမိုကရေစီနိုင်ငံများ မဟုတ်ကြပါ။ သို့ရာတွင် ရေရှည် တည်တံ့သည့် ယင်းသို့သော နိုင်ငံရေး အားသန်သည့် လူမျိုးစုံနေထိုင်ကြသည့် ဒီမိုကရေစီနိုင်ငံ အားလုံးသည် လူမျိုးစု ဖက်ဒရယ်နိုင်ငံများ ဖြစ်ကြသည်ဟု ပါမောက္ခ အဲလ်ဖရက် စတီပင်က ဆွစ်ဇာလန်၊ ကနေဒါ၊ ဘယ်လ်ဂျီယန်၊ စပိန်နှင့် အိန္ဒိယနိုင်ငံတို့ကို သက်သေထူပြီး ငြင်းခုန်ပါသည် (Stepan, 1999, pp. 19-20)။ ဆိုခဲ့သည့် နိုင်ငံများအနက် ဆွစ်ဇာလန်မှလွဲ၍ ကျန်နိုင်ငံများ အားလုံးတို့တွင် လူမျိုးရေးပြဿနာများ ပေါ်ပေါက် ဖြစ်ပွားခဲ့သော်လည်း နှိုင်းယှဉ်ချက်အရ နိုင်ငံရေးတည်ငြိမ်မှု အရှိဆုံးနိုင်ငံများ ဖြစ်သည်ဟု ပါမောက္ခစတီပင်က ထောက်ပြပါသည်။ ဆွစ်ဇာလန်တွင် ၁၈၄၈ ခုနှစ် ကက်သလစ်ကန်တုန်များ (ပြည်နယ်များ) ခွဲထွက်မှုကြောင့် ပေါ်ပေါက်ခဲ့သည့် ဆွန်းဒါးဘန်း ပြည်တွင်းစစ် နောက်ပိုင်းတွင် လူမျိုးစုပြဿနာ ဖြစ်ပွားခြင်း မရှိခဲ့တော့ပါ။ ဒီမိုကရေစီနိုင်ငံရေးစနစ် တည်ဆောက်ခြင်းအားဖြင့် လူ့အဖွဲ့အစည်းကို တည်ငြိမ်မှု ရစေသည့်အပြင် မတူကွဲပြားသည့် လူမျိုးစုများအကြားတွင်လည်း ရင်းနှီးသည့် လူမျိုးစုချင်း ဆက်ဆံရေးများ ဖြစ်ပေါ်စေသည်ဟု သဘောညီကြပါသည်။ လက်တွေ့တွင်လည်း အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်း တည်ဆောက်ခဲ့သည့် နိုင်ငံအများအပြားတို့တွင် လူမျိုးစုများအကြား ဆက်ဆံရေး ပိုမိုကောင်းမွန် တိုးတက်လာသည်ကို တွေ့ရသည်ဟု ဆရာများက သက်သေနှင့်တကွ ထောက်ပြကြပါသည် (Gurr, 2002, Lindberg, 2006)။ ပါမောက္ခ ရောဘတ်ဂါးက ဗဟိုနှင့် အနောက်အာဖရိက၊ ကိုဆိုဗိုနှင့် ချေချင်းညာ၊ တီမောလိစ်နှင့် မြန်မာနိုင်ငံတို့တွင် ဖြစ်ပွားနေခဲ့သည့် လူမျိုးရေး အကြမ်းဖက်မှုများက ဆိုခဲ့သည့် “ဒီမိုကရေစီ တည်ဆောက်မှုသည် လူမျိုးစုများကြား ဆက်ဆံရေး ပိုမိုကောင်းမွန် တိုးတက်လာစေသည်” ဆိုသည့် သဘောတရား အကောက်အယူနှင့် ဆန့်ကျင်သည်သို့ ဖြစ်နေသော်လည်း ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာအရ ဆိုခဲ့သည့် အယူအဆသည် လက်တွေ့အားဖြင့် မှန်ကန်ဆဲဖြစ်သည်ဟု သက်သေများနှင့်တကွ ငြင်းခုန်ပါသည်။ ပါမောက္ခ ဂါးက ၁၉၆၀ ပြည့်နှစ်ကျော် ကာလများမှ အစပြု၍ ကမ္ဘာအနှံ့ လူနည်းစုလူမျိုးစုများ၏ အနေအထား၊ အဆင့်အတန်းနှင့် အခွင့်အလမ်း (status) များ မြင့်မား တိုးတက်လာမှု၊ လူမျိုးရေးစစ်ပွဲများ သိသာစွာ လျော့ကျလာမှု၊ ကာလကြာရှည် ဖြစ်ပွားနေခဲ့သည့် လူမျိုးရေး စစ်ပွဲအများစုကို ရပ်တန့်ဖြေရှင်းနိုင်ခဲ့မှု၊ နိုင်ငံအစိုးရများ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက သီးခြား လူမျိုးစုအခွင့်အရေးကို အသိအမှတ်ပြုလာမှုနှင့် လူမျိုးရေး ပဋိပက္ခများကို သာမန်အကြမ်းဖက်မှု၊ လောဘသက္ကာယနွယ်သော ရာဇဝတ်မှုများအဖြစ် အစဉ်အလာ သတ်မှတ်ခဲ့ကြရာမှ နိုင်ငံရေးပြဿနာများအဖြစ် အသိအမှတ်ပြု ဖြေရှင်းလာမှုများကို ဒီမိုကရေစီစနစ် တည်ဆောက်ခြင်းကြောင့် ရရှိလာသည့် အကျိုးကျေးဇူးများအဖြစ် တင်ပြခဲ့ပါသည် (Gurr, 2002, pp. 28-29)။

■ လူမျိုးစု ဖက်ဒရယ်ဝါဒနှင့် ခွဲထွက်မှု ပြဿနာ

ပညာရှင်များကြားတွင် လူမျိုးစု ဖက်ဒရယ်ဝါဒ၏ လူမျိုးစုပြဿနာ ဖြေရှင်းနိုင်ခြေအပေါ် ဆယ်စုနှစ်များနှင့် ချီ၍ အပြင်းအထန် အငြင်းပွားခဲ့ကြပါသည် (McGarry, 2002; Anderson, 2014)။ ဆိုခဲ့သည့် အငြင်းပွားမှု အားလုံးနီးပါးတို့သည် ဖက်ဒရယ်နိုင်ငံ ဖွဲ့စည်းပုံစနစ်က ခွဲထွက်မှုကို တွန်းဆော်သလော သို့တည်းမဟုတ် လျော့နည်း ပပျောက်စေသလော ဆိုသည့်အပေါ်တွင် အမြင်သဘောထား ကွဲခဲ့ကြခြင်း ဖြစ်ပါသည်။ အချုပ်အားဖြင့် လူမျိုးစု ဖက်ဒရယ်ဝါဒကို ဆန့်ကျင်သူများက လူမျိုးစု ဖက်ဒရယ် ဖွဲ့စည်းပုံသည် အဆုံးသတ်တွင် ရှောင်လွဲ၍ မရနိုင်သည့် နိုင်ငံပြိုကွဲမှုသို့ ဦးတည်စေမည့် တငွေ့ငွေ့ အတွင်းလှိုက်စွဲ လောင်နေသည့် အင်စတီကျူးရှင်းဆိုင်ရာ အစီအမံဖြစ်သည်ဟု ငြင်းဆိုကြပါသည်။ အခြားတစ်ဘက်တွင် လူမျိုးစုဖက်ဒရယ်ဝါဒကို ထောက်ခံသူများက နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် လူမျိုးအပေါ် အခြေခံသည့် လူမှု-ယဉ်ကျေးမှု ကွဲပြားမှုကြောင့် ဖြစ်ပေါ်လေ့ရှိသည့် လူမျိုးရေး တင်းမာမှုများကို လျော့ကျစေပြီး နိုင်ငံနယ်နိမိတ် မပြိုကွဲရေးကို အထောက်အကူ ဖြစ်စေသည်ဟု ဆိုကြပါသည်။

လူမျိုးစုဖက်ဒရယ်ဝါဒကို ထောက်ခံသူများက ဖက်ဒရယ်ဝါဒ အခြေခံများသည် လူမျိုးအရ ကွဲပြားမှုကြီးမားသည့် လူ့အဖွဲ့အစည်းများတွင် လူနည်းစု လူမျိုးစုများ၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အင်စတီကျူးရှင်းဆိုင်ရာ အစီအမံတစ်မျိုး ဖြစ်သည်ဟု ဆိုကြပါသည် (Lijphart, 1977; McGarry & O’Leary, 2009; Levy, 2007; Hechter, 2001; Wolff, 2013)။ ဆရာများက လူနည်းစု လူမျိုးစုများကို ပညာရေး၊ စာပေနှင့် ရုံးသုံးဘာသာစကား ကဲ့သို့သော အကဲဆတ်သည့် ကိစ္စရပ်များကို အတိုင်းအတာ တစ်ခုအထိ ကိုယ်ပိုင်စီမံ အုပ်ချုပ်ခွင့် ပြုခြင်းအားဖြင့် လူမျိုးစုဖက်ဒရယ်ဝါဒက ဆိုခဲ့သည့် လူမျိုးရေးပဋိပက္ခများ အခြေတည် ဖြစ်ပွားလေ့ရှိသည့် အကြောင်းရင်းများကို နိုင်ငံ၏ ဗဟိုအဆင့်မှ ဖယ်ထုတ်လိုက်ပြီးသား ဖြစ်နိုင်သည့်အပြင် နိုင်ငံ၏ စီမံအုပ်ချုပ်မှုစနစ် တစ်ခုလုံးတွင်လည်း လူမျိုးရေးကို အခြေခံသည့် တင်းမာမှုများ လျော့နည်း သွားနိုင်သည်ဟု ဆိုကြပါသည်။ တဆက်တည်းတွင် လူနည်းစုလူမျိုးစုများကို စိတ်ပိုင်းဆိုင်ရာ ခံစားမှုနှင့် သက်ဆိုင်သည့် အရေးကိစ္စများကို ၎င်းတို့ဘာသာ ထိန်းချုပ်ခွင့်ပြုခြင်းအားဖြင့် ခွဲထွက်လိုစိတ် လျော့ပါးလာစေပြီး၊ တည်ဆဲနိုင်ငံ၏ ဘုံနယ်နိမိတ်ကို တစ်စုတစ်စည်းတည်း ထိန်းသိမ်းလိုစိတ်ကိုလည်း စေ့ဆော်သည်ဟု ရှေ့နေလိုက်ကြပါသည်။

တစ်ဖက်တွင် လူမျိုးစုဖက်ဒရယ်ဝါဒကို ဆန့်ကျင်သူများက ဖက်ဒရယ်ဝါဒ အခြေခံပေါ်တွင် လူနည်းစုလူမျိုးများ၏ အစုအဖွဲ့ဆိုင်ရာ အခွင့်အရေးကို အသိအမှတ်ပြုခြင်းအားဖြင့် လူမျိုး-ဘာသာစကား ကွဲပြားမှုကြောင့် ဖြစ်ပွားသည့် ပဋိပက္ခများကို ဖြေရှင်းနိုင်သော်လည်း၊ ရေရှည်တွင် ယင်းသို့သော အသိအမှတ်ပြုမှုမျိုးက လူမျိုးစုများအကြား လူမှု-ယဉ်ကျေးမှု ကွဲပြားမှုကို ပိုမိုခိုင်မာ လာစေနိုင်သည့်အပြင် (Nordlinger, 1972; Lorwin, 1968)၊ လူမျိုးစု အမျိုးသားရေး ဝါဒီများကို ပြည်ထောင်စုအစိုးရအား စိန်ခေါ်ရန်အတွက် လိုအပ်သည့် အင်စတီကျူးရှင်းဆိုင်ရာ အရင်းအမြစ်များ ဖန်တီးပေးသကဲ့သို့ ဖြစ်စေပြီး ၎င်းတို့၏ ခွဲထွက်ရေး လှုပ်ရှားမှုများကို အထောက်အကူ ဖြစ်စေသည့် လက်နက်ကိရိယာများနှင့် ရေခံမြေခံကိုလည်း တပ်ဆင် ဖန်တီးပေးရာ ရောက်သည်။ သို့အတွက် လူမျိုးစု ခေါင်းဆောင်များ၊ သက်ဆိုင်ရာ လူမျိုးများကို စုစည်း ညီညွတ်လာစေပြီး ဗဟိုအစိုးရကို ဆန့်ကျင်လာကြစေရန် နိုင်ငံရေးအရ တရားဝင် လှုံ့ဆော်ခွင့် ပေးသကဲ့သို့ ဖြစ်စေသည်ဟု ကန့်ကွက်ကြပါသည်။ (Bunce, 1999; Bunce 2004; Roeder, 2009; Cornell, 2002)။ ထိုမျှမက လူမျိုးစု ဖက်ဒရယ်စနစ်ဖြင့် ဖွဲ့စည်းသည့် နိုင်ငံများ၏ ပြည်နယ်များတွင် ပြည်နယ်၏ အမည်၊ အလံ၊ အစိုးရအဖွဲ့၊ သို့မဟုတ် နိုင်ငံရေးခေါင်းဆောင်၊ ဥပဒေပြု ပါလီမန်၊ ဗြူရိုကရေစီ ဝန်ထမ်းအဖွဲ့အစည်း အစရှိသည့် အမျိုးသားနိုင်ငံ တစ်နိုင်ငံ၏ အင်္ဂါရပ်များ အပြည့်အစုံ ပါရှိနေပြီး ဖြစ်သဖြင့် ယင်းတို့ကို သီးခြားနိုင်ငံအဖြစ် လက်တွေ့ အကောင်အထည်ဖော်ရန် အဆင်သင့် အလွယ်တကူ ဖြစ်စေသည်ဟုလည်း ငြင်းသူက ငြင်းပါသည် (Brubaker, 1996, p. 41)။ ထို့အပြင် လူမျိုးစု ဖက်ဒရယ်ဖွဲ့စည်းပုံများတွင် အတိအကျ ပိုင်းခြားသတ်မှတ်ထားသည့် လူမျိုးစုများ နေထိုင်ကြသည့် ပြည်နယ် နယ်နိမိတ်မျဉ်းများနှင့် ဗဟိုအစိုးရထံမှ လူမျိုးဆိုင်ရာ အခွင့်အရေး အမျိုးမျိုးကို တောင်းဆိုခွင့် ရှိသည့် ပြည်နယ်အစိုးရများ၏ စီမံအုပ်ချုပ်မှုဆိုင်ရာ အင်စတီကျူးရှင်းများကို ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် အခိုင်အမာ အကာအကွယ်ပြု ထားရသည်ဖြစ်၍ ဗဟိုနှင့် ပြည်နယ်အစိုးရများ ကြားတွင်လည်း မလိုအပ်ဘဲနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာ ပဋိပက္ခများ ဖြစ်ပွားစေသည်ဟုလည်း စောဒက တက်ကြပါသည် (Cornell, 2002)။ တပြိုင်နက်တည်းတွင် လူမျိုးစု ဘာသာစကားဖြင့် သင်ကြားသည့် ပညာရေးစနစ်နှင့် ပြည်နယ်ဒေသတွင်း မီဒီယာများသည်လည်း လူမျိုးစုများ၏ အမျိုးသားကြန်အင် လက္ခဏာကို ပို၍ စူးရှနက်ရှိုင်း လာစေသည်ဟု စွပ်စွဲသူလည်း အများအပြား ရှိပါသည်။ လူမျိုးစု မီဒီယာများသည် မီဒီယာသတင်းများနှင့် အဖြစ်အပျက်များကို တင်ပြကြရာတွင် ဝါဒဖြန့်ချိသည့် နည်းလမ်းများ အသုံးပြုပြီး လူမျိုးရေး လှုံ့ဆော်မှုများကို ပိုမိုလျင်မြန်စွာ ဆောင်ရွက်လာနိုင်စေသည် ဟုလည်း သတိပေးကြပါသည် (Cornell, 2002, p. 255)။ လူမျိုးစု ဖက်ဒရယ်ဖွဲ့စည်းပုံကို ဦးဆောင် ဆန့်ကျင်သူ တစ်ဦးဖြစ်သည့် ဆရာ ဆဗင်တီကော်နဲလ်က “ပြည်ထောင်စုအတွင်းမှ ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသကို ခွင့်ပြုသည့် အင်စတီကျူးရှင်းများသည် လူမျိုးတစ်မျိုး၏ အင်္ဂါရပ်များ အပြည့်အစုံ မရှိသေးသည့် လူနည်းစုလူမျိုးတစ်မျိုးကို ယင်း၏ အမျိုးသား အမှတ်အသားသရုပ်များ သတ်သတ်မှတ်မှတ် ဖြစ်ထွန်းပေါ်ပေါက် လာစေနိုင်သည့်အပြင်၊ ထိုလူမျိုးစု လူ့အဖွဲ့အစည်းအတွင်း နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်းများအပြင် လက်နက်ကိုင် တပ်ဖွဲ့ကဲ့သို့သော နိုင်ငံရေး အင်စတီကျူးရှင်းများ ပေါ်ပေါက် အခြေတည်လာစေပြီး၊ ၎င်းတို့၏ သွေးစည်းညီညွတ်မှုကို ပိုမိုခိုင်မာလာစေရာမှ တစ်ဆင့် သီးခြားခွဲထွက်ပြီး လွတ်လပ်သည့်နိုင်ငံ တည်ထောင်ရေးအတွက် လှုပ်ရှားလာစေနိုင်သဖြင့် နောက်ဆုံးတွင် ပြည်ထောင်စုပြိုကွဲရေးကို ဦးတည်စေသည်”ဟုပင် ငြင်းခုန်ခဲ့ပါသည် (Cornell, 2002, p. 252)။

သို့ရာတွင် လူမျိုးစု ဖက်ဒရယ်စနစ်ကို ထောက်ခံသူများက ဆိုခဲ့သည့် လူမျိုးစု ဖက်ဒရယ်ဝါဒ ဆန့်ကျင်မှုများသည် ခိုင်မာမှု မရှိသည့်အပြင် သဘောတရားအဖြစ် ယေဘုယျပြု ကောက်ချက်ဆွဲရန် မလုံလောက်သည့် ဆိုဗီယက်ယူနီယံ၊ ချက်ကိုစလိုဗက်ကီးယားနှင့် ယူဂိုစလားဗီးယားနိုင်ငံ သုံးနိုင်ငံတို့တွင် ဖြစ်ပေါ်ခဲ့သည့် အဖြစ်အပျက်များအပေါ် အဓိကထား အခြေပြုထားခြင်းသာ ဖြစ်သည်ဟု ထောက်ပြကြပါသည် (Anderson, 2014; Leff, 1999)။ ချက်ကိုစလိုဗက်ကီးယား၊ ဆိုဗီယက်ယူနီယံနှင့် ယူဂိုစလားဗီးယား ပြည်ထောင်စုတို့၏ ပြိုကွဲမှုတို့သည် ပဓာနအားဖြင့် ဆိုရှယ်လစ်စနစ်၏ အားနည်းချက်များကြောင့်သာ ဖြစ်ပြီး၊ အမျိုးသား ဖက်ဒရယ်ဝါဒနှင့် များစွာ မသက်ဆိုင်၊ သို့အတွက် လူမျိုးစု ဖက်ဒရယ်အစီအမံများသည် ဆိုဗီယက်ယူနီယံ ပြိုကွဲရခြင်း၏ ပဓာနအကြောင်းရင်း ဖြစ်သည်ဟု မဆိုနိုင်ဟု ငြင်းဆိုကြပါသည်။ ဆိုခဲ့သည့် သုံးနိုင်ငံစလုံးသည် ဒီမိုကရေစီ မဟုတ်သည့် ဆိုရှယ်လစ်တစ်ပါတီ အာဏာရှင်စနစ် အခြေခံပေါ်တွင် အတုအယောင် (pseudo) လူမျိုးစုဖက်ဒရယ် စနစ်ဖြင့် နိုင်ငံကို ဖွဲ့စည်းထားကြခြင်း ဖြစ်ပါသည်။ ယင်းနိုင်ငံများတွင် အထူးသဖြင့် ဆိုဗီယက်ယူနီယံကို စုဖွဲ့ တည်ထောင်ခဲ့စဉ်က ရင်ဆိုင်ခဲ့ရသည့် နိုင်ငံရေးအားသန်သည့် လူမျိုးစုပြဿနာများကို ဖြေရှင်းရန်အတွက် လူမျိုးစုများ စုစည်းနေထိုင်သည့် နယ်မြေ နယ်နိမိတ်မျဉ်းများကို ပြည်နယ် နယ်နိမိတ်များအဖြစ် သတ်မှတ်ပြီး ပြည်ထောင်စုကို အင်အားသုံး ဖွဲ့စည်းခဲ့ရသည်ဟု ဆိုပါသည်။ သီးခြား လွတ်လပ်သည့် နိုင်ငံများ ဖြစ်ခဲ့ကြသည့် အဇာဘိုင်ဂျန်၊ ဂျော်ဂျီယာနှင့် အာမေးနီးယားတို့ကို အမှတ် ၁၁ တပ်နီတော်က စစ်အင်အား အသာစီးဖြင့် အနိုင်တိုက်ခဲ့ပြီးမှ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့ရန် စေ့စပ်ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါသည်။ ဆိုဗီယက်တပ်နီတော်က ပြည်ထောင်စု ဖွဲ့စည်းရန်အတွက် ၎င်းတို့လိုချင်သည့် သဘောတူညီချက်များ ရရှိပြီး တစ်ပတ်အကြာတွင် မျိုးချစ်စိတ် ပြင်းထန်သည့် အဇာဘိုင်ဂျန်ဝန်ကြီးချုပ်နှင့် စစ်ဦးစီးချုပ် နှစ်ဦးစလုံးကို ကွပ်မျက်ခဲ့ပါသည်။ ယင်းသို့သော အတင်းအကြပ် အင်အားသုံးဖွဲ့စည်းသည့် ဖက်ဒရယ် ဖွဲ့စည်းပုံကို ဆရာ အဲဖရက်စတီဗင်က “ဆွဲစု-ဖက်ဒရယ်”(putting together federation) ဟု အမည်ပေးပါသည် (Stepan, 1999, p. 23)။ ထို့အပြင် ဆိုဗီယက်ယူနီယံတွင် တစ်ပါတီ ဗဟိုချုပ်ကိုင်မှုစနစ်ကို ကျင့်သုံးသည် ဖြစ်၍ ပြည်နယ်အစိုးရများသို့ မည်သည့် စီမံအုပ်ချုပ်ခွင့် အာဏာကိုမျှ ခွဲဝေပေးအပ်ထားခြင်း မရှိခဲ့ပါ (McGarry & O’Leary, 2009, p. 9)။ ထို့အပြင် လူတန်းစား လွတ်မြောက်ရေး အတွေးအခေါ်အပေါ်တွင် အခြေခံသည့် ဆိုရှယ်လစ်နှုန်း၊ စံ၊ တန်ဖိုးများဖြင့် လူမျိုးစုများ၏ သီးခြား လူမှု-ယဉ်ကျေးမှု အားလုံးကို အင်အားသုံး ဖိနှိပ်ထားခဲ့ကြပါသည်။

ဆရာအများစုတို့က ထိုနိုင်ငံများသည် တစ်ပြည်ထောင်စနစ်၊ သို့မဟုတ် လူမျိုးစု ကွယ်ပျောက်ရေး ဖက်ဒရယ်စနစ်ဖြင့် ဖွဲ့စည်းထားခဲ့လျှင်လည်း ယခုကြုံတွေ့ခဲ့ကြရသည့်အတိုင်း ဆိုရှယ်လစ် ဗဟိုချုပ်ကိုင်မှုစနစ် ပြိုလဲခြင်းနှင့်အတူ ပြိုကွဲသွားနိုင်ခြေ ရှိသည်သာ ဖြစ်သည်ဟု စောဒက တက်ကြပါသည်။ ဥပမာအားဖြင့် ချက်ကိုစလိုဗက်ကီးယားသည် ၁၉၁၈ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ တစ်ပြည်ထောင်နိုင်ငံ ဖြစ်ခဲ့ပြီး လူမျိုးရေး ပြဿနာကြောင့် ၁၉၆၈ ခုနှစ်တွင် နိုင်ငံကို လူမျိုးစုဖက်ဒရယ်စနစ်ဖြင့် ပြောင်းလဲ ဖွဲ့စည်းခဲ့ရပါသည်။ သို့ရာတွင် ဆိုရှယ်လစ်စနစ် ပြိုလဲမှုနှင့်အတူ ၁၉၉၄ ခုနှစ်တွင် နိုင်ငံနှစ်နိုင်ငံအဖြစ် အပြီးသတ် ပြိုကွဲသွားခဲ့ပါသည်။ အလားတူပင် ယူဂိုစလားဗီးယားနိုင်ငံသည် ၁၉၁၈ ခုနှစ်မှ ၁၉၃၉ ခုနှစ်အထိ တစ်ပြည်ထောင်နိုင်ငံအဖြစ် ရှိနေခဲ့ပြီး၊ အလားတူ လူမျိုးစုပြဿနာများ ပေါ်ပေါက်လာသဖြင့် ၁၉၄၆ ခုနှစ်တွင် လူမျိုးစု ဖက်ဒရယ်စနစ်ကို ကျင့်သုံးခဲ့ရပါသည်။ ဆိုရှယ်လစ်ကမ္ဘာ ပြိုကွဲမှုနှင့်အတူ ၁၉၉၂ ခုနှစ်တွင် အပိုင်းပိုင်း ပြိုကွဲသွားခဲ့ပြန်ပါသည်။ ပြောင်းပြန်ဖြစ်စဉ်အဖြစ် အီသီယိုပီးယား-အီရီထရီးယားသည် ၁၉၅၂ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ လူမျိုးစု ဖက်ဒရယ်နိုင်ငံ ဖြစ်ခဲ့ပြီး လူမျိုးရေး ပြဿနာကြောင့်ပင် ၁၉၆၂ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ တစ်ပြည်ထောင်နိုင်ငံအဖြစ် စုစည်းခဲ့ကြပါသည်။ သို့ရာတွင် အထက်တွင် ပြခဲ့သည့် ဥပမာများနည်းတူ ၁၉၉၃ ခုနှစ်တွင် သီးခြားနိုင်ငံများအဖြစ် အပြီးသတ် ပြိုကွဲသွားခဲ့ပါသည်။ သို့အတွက် ယင်းသို့သော ထူးခြားသည့် နိုင်ငံရေး အားသန်သည့် လူမျိုးစုံ လူ့အဖွဲ့အစည်းများတွင် မည်သို့သော ဖွဲ့စည်းပုံစနစ်မျိုးကမျှ နိုင်ငံ၏ ဘုံနယ်နိမိတ်ကို အတူတကွ စုစည်းထားနိုင်မည် မဟုတ်ဘဲ၊ အဆုံးသတ်တွင် သီးခြားနိုင်ငံများအဖြစ် ပြိုကွဲသွားမည်သာ ဖြစ်သည်ဟု ဆရာများက ဆိုကြခြင်း ဖြစ်ပါသည်။

လူမျိုးစုဖက်ဒရယ် ဖွဲ့စည်းပုံစနစ်က လူမျိုးစုများ၏ အမျိုးသားကြန်အင် လက္ခဏာများကို ပိုမို ထက်ရှနက်ရှိုင်းစေပြီး ခွဲထွက်ရေးသို့ ဦးတည်စေသည် ဆိုသည့် ငြင်းခုန်ချက်အပေါ် ဆရာ အများအပြား ဆန့်ကျင် တုံ့ပြန်ခဲ့ကြပါသည်။ ဟားဗတ်တက္ကသိုလ်မှ လီယမ် အင်ဒါဆင်က လူမျိုးစု ဖက်ဒရယ်စနစ်ကို ဆန့်ကျင်သူများ အဓိကထား တိုက်ခိုက်ခဲ့ကြသည့် ဆိုဗီယက်ယူနီယံ ဥပမာကိုပင် အသုံးပြု ရှင်းပြခဲ့ပါသည် (Anderson, 2014, pp. 181-182)။ ဆိုခဲ့သည့် ဆန့်ကျင်သူများက အကယ်၍သာ ဆိုဗီယက်ယူနီယံတွင် လူမျိုးစုဖက်ဒရယ်ဆိုင်ရာ အင်စတီကျူးရှင်းများကို ခွင့်မပြုခဲ့ဘဲ တစ်ပြည်ထောင်စနစ်ဖြင့်သာ နိုင်ငံကို တည်ထောင်ခဲ့ပါက ဆိုရှယ်လစ်စနစ် ပြိုလဲသွားပြီး နောက်တွင်ပင် နိုင်ငံ၏ ဘုံနယ်နိမိတ် ပြိုကွဲသွားမည် မဟုတ်ဘဲ တစ်စုတစ်စည်းတည်း ကျန်ရှိနေမည်ဟု ငြင်းခုန်ခဲ့ကြခြင်း ဖြစ်ပါသည်။ ယင်းကို ဆရာအင်ဒါဆင်က ဆိုခဲ့သည့် ငြင်းခုန်ချက် ကိုယ်တိုင်ကပင်လျှင် လူမျိုးစု ဖက်ဒရယ်ဝါဒသည် ပြည်ထောင်စုပြိုကွဲစေသည့် အဓိက အကြောင်းအချက်အဖြစ်ထက် ခွဲထွက်ရေး အောင်မြင်စေရန် အထောက်အကူပြုသည့် ကြားခံအကူအဖြစ် စွပ်စွဲပြောဆိုနေခြင်းသာ ဖြစ်သည်ဟု ထောက်ပြပါသည်။ သို့အတွက် ဆိုဗီယက်ယူနီယံ ပြိုကွဲခြင်းဟူသည့် အကျိုးဆက် (effect) အတွက် လူမျိုးစုဖက်ဒရယ်ဝါဒသည် မူလအကြောင်းရင်း (cause) မဟုတ် ဆိုသည်ကို ဝန်ခံပြီးသား ဖြစ်နေသည်ဟု ထောက်ပြပါသည်။ ထို့အပြင် အကယ်၍သာ ထိုငြင်းခုန်ချက် မှန်သည်ဆိုလျှင် ဆိုဗီယက်ယူနီယံ စနစ်အောက်သို့ အစောဆုံး ဝင်ရောက်ခဲ့ကြရသည့် ကနဦးပြည်နယ်များ အဘယ်ကြောင့် ဆိုဗီယက်ကွန်မြူနစ်ပါတီ ယိုင်လဲချိန်တွင် အလျင်အဦး ခွဲမထွက်ဘဲ ယူနီယံကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန် နောက်ဆုံးအချိန်အထိ ကြိုးပမ်းနေခဲ့ကြသည်ကို ရှင်းပြရန် မဖြစ်နိုင်ဟု ထောက်ပြကြပါသည်။ ဆိုဗီယက်စနစ်အတွင်း သက်တမ်းအတိုဆုံး ပြည်နယ်များ ဖြစ်ကြသည့် လာတ်ဗီးယား၊ လစ်သူယေးနီးယား၊ အက်စတိုး နီးယား၊ မော်ဒိုဗာနှင့် အာမေးနီးယားပြည်နယ်တို့က ခွဲထွက်ရေးကို အားသွန် ဆောင်ရွက်ခဲ့ကြပြီး ကျန် သက်တမ်းရှည် ပြည်နယ်အားလုံးက ၁၉၉၁ ခုနှစ်အထိ ဆိုဗီယက်ယူနီယံကို ပြည်ထောင်စုအဖြစ် ဆက်လက် ထိန်းသိမ်းထားရန် ဗဟိုအစိုးရနှင့်အတူ တောင့်ခံနေခဲ့ကြပါသည်။ ထိုဖြစ်ရပ်သည် အမျိုးသားဖက်ဒရယ် ဖွဲ့စည်းပုံက အချိန်ကြာလာသည်နှင့်အမျှ လူမျိုးစုများ၏ ကြန်အင်လက္ခဏာကို ပိုမိုနက်ရှိုင်း လာစေသည်ထက် ပြည်ထောင်စုအပေါ် ခင်တွယ်စိတ်၊ သို့မဟုတ် ပြည်ထောင်စု စိတ်ဓာတ်ကို ပိုမို ခိုင်ခန့်စေသည် ဆိုသည့် လူမျိုးစုဖက်ဒရယ်ဝါဒ ထောက်ခံသူများ၏ အဆိုပြုချက်ကို သက်သေထူနေသည်သို့ ဖြစ်နေပါသည်။ ဆန့်ကျင်သူများက ဆိုဗီယက်ယူနီယံစနစ် အောက်သို့ သွပ်သွင်းခြင်း မခံရမီကတည်းက အမျိုးသားရေးဝါဒ ပိုမို ပြင်းထန်စွာ ရှိနေခဲ့ကြသည့် ပြည်နယ်များက ခွဲထွက်ရေးကို ပို၍ အားသန်သည်ဟုလည်း ဆိုကြသဖြင့် ဆိုရှယ်လစ်စနစ် ပြိုလဲချိန်တွင် ဆိုခဲ့သည့် ခွဲထွက်ရေးပြည်နယ်များ၏ ခွဲထွက်ရန် အားသန်မှုသည် အမျိုးသား ဖက်ဒရယ် စနစ်ကြောင့်ဟု အကြောင်းပြရန် ဆီလျော်မှု မရှိပါဟု ဆရာအများတို့ ငြင်းဆိုကြပါသည် (Smith, 2013)။

လူမျိုးစုဖက်ဒရယ်ဝါဒကို ထောက်ခံသူများက နယ်မြေအပိုင်းအခြား တစ်ခုတွင် စုစည်း နေထိုင်ကြသည့် လူမျိုး၊ လူမှု-ယဉ်ကျေးမှုတို့အရ ကွဲလွဲနေကြသည့် နိုင်ငံရေးအားသန်သည့် လူမျိုးစုံ လူ့အဖွဲ့အစည်းများတွင် လူမျိုးစု ဖက်ဒရယ်ဖွဲ့စည်းပုံကို မကျင့်သုံးလိုလျှင် အခြားရွေးချယ်စရာ အင်စတီကျူးရှင်း အစီအမံအဖြစ် တစ်ပြည်ထောင် အမျိုးသားနိုင်ငံ၊ သို့မဟုတ် လူမျိုးစု ရောနှော ကွယ်ပျောက်ရေး ဖက်ဒရယ်စနစ်နှစ်ခုသာ ကျန်တော့သည်ဟု ထောက်ပြကြပါသည်။ တစ်ပြည်ထောင် အမျိုးသားနိုင်ငံ စနစ်တွင် အများအားဖြင့် အများစုလူမျိုးစုကို ကိုယ်စားပြုကြသည့် ခေါင်းဆောင်များက နိုင်ငံ၏ အာဏာအရပ်ရပ်ကို ဗဟိုတွင် ထိန်းချုပ်ထားမည်သာ ဖြစ်သဖြင့် ကြုံတွေ့ခဲ့ကြပြီး ဖြစ်သည့် လူမှု-ယဉ်ကျေးမှု ကွဲပြားမှုမှတစ်ဆင့် ဖြစ်ပေါ်သည့် လူမျိုးရေး တင်းမာမှုများ၊ ထိုမှ လူမျိုးရေး ပဋိပက္ခကို ဖြေရှင်းနိုင်မည် မဟုတ်ဟု ဆိုကြပါသည်။ တစ်ဖက်တွင် လူမျိုးစု ရောနှော ဖျက်သိမ်းရေး ဖက်ဒရယ်ပုံစံဖြင့် လူမျိုးစုဒေသများကို အပိုင်းပိုင်းဖြစ်အောင် ခွဲစိတ်ခြင်း၊ သမိုင်း အမှတ်အသားများ ဖျက်ဆီးခြင်းနှင့် ရောထွေးစေခြင်း၊ လူမျိုး၊ ဘာသာစကားနှင့် လူမှု-ယဉ်ကျေးမှုများ ရောနှော အားနည်းသွားစေရန် သမိုင်းခေတ်အဆက်ဆက် နည်းမျိုးစုံဖြင့် ကြိုးပမ်းခြင်းမျိုးသည်လည်း ယနေ့ကဲ့သို့သော ခေတ်ပေါ် လူ့အဖွဲ့အစည်းတွင် လူနည်းစု လူမျိုးများ၏ နယ်မြေဒေသအရ ကူးလူးဆက်ဆံမှုနှင့် နိုင်ငံရေးအရ အားကောင်းမောင်းသန်ဖြစ်မှုကို လျှော့ချရန် မတတ်နိုင်ခဲ့သည်သာမက လူမျိုးရေး တင်းမာမှုကို အရှိန်မြှင့်ပေးလိုက်သည်သို့ ဖြစ်ခဲ့ပါသည်။ ဆိုခဲ့သည့် တစ်ပြည်ထောင် အမျိုးသားနိုင်ငံပုံစံကိုရော လူမျိုးစု ရောနှော ကွယ်ပျောက်ရေး ဖက်ဒရယ်ပုံစံကိုပါ နိုင်ငံရေး အားသန်သည့် လူမျိုးစုံနိုင်ငံများစွာတို့တွင် နည်းမျိုးစုံဖြင့် လက်တွေ့အကောင်အထည် ဖော်ခဲ့ကြပြီးဖြစ်သည့်အပြင် အများစု အောင်မြင်မှုမရခဲ့သည့် သာဓကများလည်း ကမ္ဘာ အနှံ့ အခိုင်အမာ မြင်တွေ့ခဲ့ကြရပြီး ဖြစ်ပါသည် (Anderson, 2014, p. 176)။

■ ဖက်ဒရယ်ဝါဒ အကောက်အယူများ

ဖက်ဒရယ်ဝါဒနှင့် ပတ်သက်၍ ဆရာများက အမျိုးမျိုး အဓိပ္ပာယ် ဖွင့်ခဲ့ကြပါသည်။ ဤဆောင်းပါးတွင် ဖက်ဒရယ်ဝါဒဆိုင်ရာ အကောက်အယူအများစုကို ခြုံငုံမိသည်ဟု ယူဆသဖြင့် ဒီမိုကရေစီဂုရုကြီး ရောဘတ် အယ်လင်န်ဒါးလ် ဖွင့်ဆို အသုံးပြုသည့် ဖက်ဒရယ်ဝါဒ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို အသုံးပြုသွားပါမည်။ ဆရာကြီးဒါးလ်က ဖက်ဒရယ်စနစ်ကို “ဗဟိုအစိုးရ၏ အာဏာ မသက်ရောက်နိုင်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အကာအကွယ် ပြုထားသည့် အခွင့်အာဏာအချို့ကို နိုင်ငံ၏ ဒေသတွင်းယူနစ် (ပြည်နယ်၊ တိုင်း အစိုးရ) များသို့ အပ်နှင်းထားပြီး ကျန်ရှိသည့် အခြားသော အခွင့်အာဏာများကို ပြည်နယ်အစိုးရများ လက်လှမ်းမမီနိုင်စေရန် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့်ပင် ကန့်သတ်ထားသည့် နိုင်ငံဖွဲ့စည်းပုံစနစ်”ဟု အဓိပ္ပာယ်ဖွင့်ပါသည် (Dahl, 1983, p. 95)။ ယင်းကို ဆရာကြီးက ဒီမိုကရေစီစနစ်တွင် အများပြည်သူတို့သည် နောက်ဆုံး အဆုံးအဖြတ်အာဏာ ရှိကြသည်ဆိုသည့် သဘောတရား အကောက်အယူကို တစ်မျိုးထက်မကသော အများပြည်သူ၊ သို့မဟုတ် လူမျိုးများ နေထိုင်ကြသည့် နိုင်ငံ လူ့အဖွဲ့အစည်းများတွင် အများစုပြည်သူတို့၏ အလိုဆန္ဒကို ဒီမိုကရေစီနည်းကျ လက်တွေ့ အကောင်အထည်ဖော်နိုင်သည့် နည်းလမ်းတစ်ရပ်အဖြစ် ဖွင့်ဆိုခဲ့ခြင်း ဖြစ်ပါသည်။

ကနဦး ဖက်ဒရယ်ဆရာကြီးများတွင် တစ်ဦးအပါအဝင် ဖြစ်သည့် ပါမောက္ခ ဝီလီယံလစ်ဗင်းစတန်က နိုင်ငံလူ့အဖွဲ့အစည်းများသည် ယေဘုယျအားဖြင့် စီးပွားရေး၊ ဘာသာရေး၊ လူမျိုးရေး၊ ဘာသာစကား၊ ပထဝီဒေသ အလှမ်းကွာမှု၊ သမိုင်းနောက်ခံ မတူညီမှု၊ လွတ်လပ်သည့် နိုင်ငံအဖြစ် သီးခြားတည်ရှိခဲ့မှု၊ သီးခြား ကိုလိုနီနယ်မြေ ဖြစ်ခဲ့မှုနှင့် ကွဲပြားသည့် လူမှုရေးနှင့် နိုင်ငံရေးစနစ်တို့ဖြင့် တည်ရှိခဲ့မှုတို့ကြောင့် နိုင်ငံလူ့အဖွဲ့အစည်း အများစု၏ နိုင်ငံအတွင်းရှိ လူမှုအစုအစည်းများတွင် မတူကွဲပြားမှုများ ဖြစ်တည်နေလေ့ ရှိသည်။ ယင်းသို့ မတူကွဲပြားသည့် လူမှု-ယဉ်ကျေးမှုများနှင့် နိုင်ငံရေး အစုအစည်းများကို ယင်းတို့ တစ်ခုချင်းစီ၏ ပင်ကိုယ် လူမျိုးဆိုင်ရာ အမှတ်အသား သရုပ်များ မပျောက်ပျက်စေဘဲ တစ်ခုတည်းသော သီးခြားနိုင်ငံရေးနှင့် ဖွဲ့စည်းပုံဆိုင်ရာ ယူနစ်အသစ်တစ်ရပ်အဖြစ် စုဝေး ပေါင်းစည်းထားခြင်းကို ဖက်ဒရယ်လူ့အဖွဲ့အစည်းဟု လူမှုဖွံ့ဖြိုးမှုဗေဒ (sociological theory) အခြေခံပေါ်မှ အဓိပ္ပာယ်ဖွင့်ခဲ့ပါသည် (Livingston, 1956, p. 9)။ ထိုစဉ်က ပါမောက္ခ ဝယ်ဒါပ်စကီးက သြစတြေးလျတိုက်ပေါ်ရှိ ကိုလိုနီနယ် ခြောက်ခုကို နိုင်ငံတစ်နိုင်ငံအဖြစ် စုစည်း တည်ထောင်ရန်အတွက် ခေါင်းဆောင်များ ရေရှည် အမြော်အမြင်ဖြင့် စုပေါင်းရေးဆွဲ သဘောတူခဲ့ကြသည့် သြစတြေးလျား ဓနသဟာယ ဖွဲ့စည်းပုံကို “ဖွဲ့စည်း တည်ဆောက်ပုံဆိုင်ရာ ဖက်ဒရယ်” (structural federalism) စနစ်ဟု အမျိုးအစားခွဲခဲ့ပြီး၊ အကြမ်းအားဖြင့် ၁၇၈၇ ခုနှစ်တွင် နယ်မြေဒေသ၊ ဘာသာကိုးကွယ် ယုံကြည်မှုနှင့် အခြားသော ကွဲပြားမှုများကို ထိုစဉ်က တည်ရှိခဲ့သည့် ပြည်နယ်နယ်နိမိတ်အတိုင်း နိုင်ငံတစ်ခုအဖြစ် စုစည်းရန်အတွက် သဘောတူ ပိုင်းခြားခဲ့ကြသည့် အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို “လူမှုရေးဖက်ဒရယ်” (Social federalism) ဖွဲ့စည်းပုံဟု အမည်တပ်ခဲ့ပါသည် (Wildavsky, 1967, p. 261)။ သို့ရာတွင် ဆိုခဲ့သည့် လူမှုဖွံ့ဖြိုးရေး အခြေခံပေါ်မှ ဖွင့်ဆိုခဲ့သည့် ဆိုခဲ့ပါ ဖက်ဒရယ် ဖွဲ့စည်းပုံဆိုင်ရာ အကောက်အယူများကို တိကျမှုမရှိ ဝေေ၀ဝါးဝါး နိုင်လှသည်ဟု နှောင်းဆရာတို့ ဝေဖန်ခဲ့ကြပါသည်။

အကြောင်းအချက်စုံ ဖက်ဒရယ်သီအိုရီ (multiple-factor theory) ကို ဦးဆောင်ခဲ့ကြသည့် ပါမောက္ခ ကေ၊ စီ၊ ဝဲလ်နှင့် ကားလ်ဒွိုက်တို့က ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတစ်ခု အောင်မြင်စွာ တည်ဆောက်နိုင်ရေးအတွက် တင်ကူး အခြေအနေများ၊ အကြောင်းအချက်များနှင့် ပြည့်စုံရန် လိုအပ်သည်ဟု ငြင်းခုန်ကြပါသည်။ ဆရာများက ခေါင်းဆောင်များအကြား ဖက်ဒရယ် ပြည်ထောင်စုတစ်ရပ် ဖွဲ့စည်းလိုသည့် စိတ်ဆန္ဒရှိခြင်းနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရှိသည့် ပြည်နယ်ဒေသ အစိုးရများဖွဲ့စည်းလိုသည့် စိတ်ဆန္ဒရှိခြင်းတို့ကို ပထမလိုအပ်ချက်အဖြစ် သတ်မှတ်ကြပြီး ယင်းသို့ ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရများ ဖွဲ့စည်းနိုင်သည့် စွမ်းဆောင်ရည်ရှိခြင်းကို ဒုတိယ တင်ကူးလိုအပ်ချက်အဖြစ် သတ်မှတ်ပါသည်။ ပြည်ထောင်စုအဆင့် ဖက်ဒရယ် ပူးတွဲအုပ်ချုပ်ရေး နှင့် ပြည်နယ်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေး စနစ်နှစ်ခုကို အတူပူးတွဲကျင့်သုံးခြင်း တစ်နည်းအားဖြင့် အမျိုးသားအဆင့် ပေါင်းစပ်ညှိနှိုင်း အုပ်ချုပ်ရေးနှင့် ပြည်နယ်ဒေသအဆင့် ကိုယ်ပိုင်အုပ်ချုပ်ရေး နှစ်မျိုးတို့ကို သဟဇာတကျစွာ ပေါင်းစပ်ကျင့်သုံးခြင်းသည်ပင် လူမျိုးစုဖက်ဒရယ်ဝါဒ (ethno-federalism) ၏ မူလဘူတ သဘောအဓိပ္ပာယ် ဖြစ်သည်ဟု ဆရာများက ဆိုကြပါသည် (Riker, 1964; Watts, 1966, p. 12)။ ဗဟိုနှင့် ပြည်နယ်အစိုးရများသည် အတိအကျ သဘောတူ သတ်မှတ်ထားသည့် စီမံအုပ်ချုပ်ခွင့်များကို တစ်ဦးအပေါ်တစ်ဦး စွက်ဖက်လွှမ်းမိုးမှု ကင်းစွာဖြင့် လွတ်လပ်စွာ ကျင့်သုံးနိုင်ရမည့်အပြင်၊ ယင်းသို့သော အာဏာခွဲေ၀ ကျင့်သုံးမှုကိုလည်း အရှည်သဖြင့် ထိန်းသိမ်းထားနိုင်မှသာ စစ်မှန်သော ဖက်ဒရယ်စနစ် ဖြစ်သည်ဟု ဆိုပါသည်။ အမေရိကန် ပြည်ထောင်စုတွင် ပြောင်းလဲဖြစ်ပေါ်လာသည့် ဗဟိုနှင့် ပြည်နယ်များကြားရှိ စီမံအုပ်ချုပ်မှု နယ်ပယ်ဆိုင်ရာ အပြောင်းအလဲများကို ထောက်ပြပြီး ယင်းသို့သော အာဏာခွဲေ၀ ကျင့်သုံးမှုသည် လက်တွေ့ အကောင်အထည်ဖော် ကျင့်သုံးရန် မဖြစ်နိုင်ဟု ငြင်းဆိုကြသည့် ဆရာများ ရှိခဲ့သော်လည်း ဆရာကြီး အာ်ရ်၊ အယ်လ်၊ ဝပ်က ဆိုခဲ့သည့် ဗဟိုနှင့်ပြည်နယ်တို့အကြားရှိ ကိုယ်ပိုင်ပြဌာန်းခွင့် ကျင့်သုံးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု နှစ်မျိုးစလုံးကို ပေါင်းစပ် ကျင့်သုံးသည့် အာဏာခွဲေ၀ ကျင့်သုံးမှုပုံစံသည် ၁၉ ရာစုမှ ယနေ့အထိ တည်ထောင်ခဲ့ကြသည့် အောင်မြင်တည်တံ့သည့် ဖက်ဒရယ်နိုင်ငံများတွင် မရှိမဖြစ်သည့် လိုအပ်ချက် ဖြစ်လာရုံမျှမက ထိုနိုင်ငံများ၏ ဖွဲ့စည်းပုံဆိုင်ရာ အနှစ်သာရအဖြစ် တည်ရှိနေဆဲ ဖြစ်သည်ဟု သာဓကများနှင့် ထောက်ပြ ငြင်းခုန်ပါသည် (Watts, 1966; p. 12)။

စစ်ရေးအရ ခြိမ်းခြောက်ခံရမှုကြောင့် ဖြစ်ပေါ်လာသည့် စုပေါင်းကာကွယ်ရေးစနစ် လိုအပ်မှု၊ နိုင်ငံခြားတိုင်းပြည် တစ်ပြည်၏ သြဇာလွှမ်းမိုးမှုအောက်မှ လွတ်လပ် အမှီအခိုကင်းလိုမှု၊ စီးပွားရေး အခွင့်အလမ်းကောင်းအတွက် မျှော်လင့်မှု၊ ပထဝီအနေအထား ထိစပ်နေမှု၊ ဆင်တူသော နိုင်ငံရေး အင်စတီကျူးရှင်းများ ရှိခဲ့မှု ယခင်ကရှိခဲ့သည့် ဆန္ဒအလျောက် စုစည်းခဲ့ကြသည့် သဘောတူစာချုပ် သို့မဟုတ် ဖက်ဒရယ်ပြည်ထောင်စု တစ်ခုခု၏ ပြည်ထောင်စုဝင်နိုင်ငံ ဖြစ်ခဲ့မှု စသည်တို့ ကဲ့သို့သော အကြောင်းအချက်ကို ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းလိုစိတ် ဖြစ်ပေါ်စေသည့် တင်ကူးအခြေအနေများအဖြစ် သတ်မှတ်ခဲ့ကြပါသည်။ သီးခြားနိုင်ငံဖြစ်ခဲ့မှု သီးသန့် ကိုလိုနီနယ်မြေ ဖြစ်ခဲ့မှု၊ စီးပွားရေးအခြေခံ ကွဲပြားမှု၊ ပထဝီဒေသ ထူးခြားချက်၊ မတူညီသည့် လူမှု-နိုင်ငံရေး အင်စတီကျူးရှင်းများ တည်ရှိခဲ့မှုတို့ကဲ့သို့သော အကြောင်းအချက်များကို အမှီအခိုကင်းသည့် ပြည်နယ်ဒေသ အုပ်ချုပ်ရေး တည်ဆောက်လိုစိတ်အတွက် တင်ကူးအခြေအနေများအဖြစ် သတ်မှတ်ကြပါသည်။ ယင်းစိတ်ဆန္ဒ နှစ်ရပ်အပေါ် အခြေပြု၍ မှန်ကန် အားကောင်းပြီး ရေရှည် အမြော်အမြင်ရှိသည့် ခေါင်းဆောင်မှု တစ်ရပ်၏ ဦးဆောင်မှုဖြင့် ဆိုခဲ့သည့် ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းလိုစိတ်နှင့် ပြည်နယ်ဒေသတွင်း ကိုယ်ပိုင်ပြဌာန်းခွင့် ရှိသည့် အစိုးရများ တည်ထောင်လိုစိတ် နှစ်ရပ်စလုံးကို သဟဇာတဖြစ်စွာ ပေါင်းစည်းနိုင်မည့် ဖက်ဒရယ်မူပေါင် တစ်ရပ်ကို စုပေါင်း ရေးဆွဲကြပြီး သဘောတူ လက်ခံနိုင်ကြမှသာ ဖက်ဒရယ်ပြည်ထောင်စု တစ်ရပ်ကို အောင်မြင်စွာ တည်ထောင်နိုင်မည်ဟု ဆရာကြီးက အကြံပြုခဲ့ပါသည် (Wheare, 1963)။

ထိုစဉ်ကာလများအတွင်းပင် ဆရာကြီး ဝီလီယံရိုက်ကာ ဦးဆောင်သည့် နိုင်ငံရေး ဖက်ဒရယ် (political federal) သီအိုရီ ဆရာများ က ဖက်ဒရယ်ဝါဒသည် နိုင်ငံရေးအကြောင်းခံပေါ်မှ ပေါ်ပေါက်လာသည့် နိုင်ငံရေး ပြဿနာများကို အပေးအယူလုပ် စေ့စပ်ညှိနှိုင်းပြီး နိုင်ငံရေးအာဏာ ခွဲဝေကျင့်သုံးသည့် နည်းဖြင့် ဖြေရှင်းကြရာမှ ထွက်ပေါ်လာသည့် နိုင်ငံရေးအဖြေ ဖြစ်သည်ဟု ဆိုပါသည် (Paleker 2006, 307)။ နဂိုမူလ ကတည်းက လူမျိုး၊ လူမှု-ယဉ်ကျေးမှု ကွဲပြားမှုကြီးမားသည့် အင်ပါယာ၊ သို့မဟုတ် နိုင်ငံတစ်နိုင်ငံကို တိုက်ခိုက် အနိုင်ယူပြီးနောက် ပြိုပျက် အစည်းပြေသွားသည့် လူမျိုးနယ်မြေများ အားလုံးကို အောင်ပွဲခံ အင်ပိုင်ယာ၏ အရှင်သခင်များ၊ သို့မဟုတ် အစိုးရများအနေဖြင့် တိုက်ရိုက်စီမံ အုပ်ချုပ်ရန် ဖြစ်နိုင်လေ့ မရှိခဲ့ပါ။ ထို့အပြင် ဆိုခဲ့သည့် စစ်အောင်ပွဲများမှ သိမ်းပိုက်ခဲ့ကြသည့် နယ်မြေများအပေါ် သက်ရောက်လေ့ ရှိသည့် အခြားပြိုင်ဖက်၊ သို့မဟုတ် နိုင်ငံတကာအစီအစဉ် (international order) များ၏ စစ်ရေး နှင့် သံခင်းတမန်ခင်းနွယ်သည့် ခြိမ်းခြောက်မှုများကို တစ်ဦးချင်း ခုခံတုံ့ပြန်ရန် အတွက်လည်း အခက်အခဲ ရှိတတ်ကြပါသည်။ သို့နှင့် စစ်နိုင်နိုင်ငံများက မိမိတို့ တိုက်ခိုက် သိမ်းပိုက်ခဲ့ကြသည့် နယ်မြေများကို တိုက်ရိုက် မအုပ်ချုပ်ဘဲ သွယ်ဝိုက်၍ အာဏာစက် ဖြန့်ကျက်ထိန်းချုပ်နိုင်မည့် နည်းလမ်းတစ်ခုအဖြစ် ဖက်ဒရယ်ဆန်သည့် နိုင်ငံဖွဲ့စည်းပုံကို အသုံးပြုလေ့ ရှိကြသည်ဟု ဆိုပါ သည်။ သို့နှင့် ဖက်ဒရယ်ဝါဒသည် အင်ပါယာများ ပြိုပျက်ရာမှ တစ်နိုင်ငံစီအဖြစ် ကွဲထွက်လာသည့် နိုင်ငံများကို ပြန်လည် စုစည်းလိုသည့်၊ သို့မဟုတ် ပိုမိုကျယ်ဝန်းလာသည့် နိုင်ငံနယ်နိမိတ် တစ်ဝန်းလုံးသို့ နိုင်ငံရေး အာဏာစက် ဖြန့်ကျက်လိုသည့် နိုင်ငံရေးခေါင်းဆောင်များက တနည်းနည်းဖြင့် လွတ်လပ်သည့် နယ်မြေများအဖြစ် ရပ်တည်ခွင့်ရလာကြသည့် နယ်မြေများတို့မှ နိုင်ငံရေးခေါင်းဆောင်များနှင့် နိုင်ငံရေးအရ အပေးအယူလုပ်၊ စေ့စပ်ညှိနှိုင်းပြီး နဂိုမူလ ဌာနေ လူမျိုးများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုင်ရာ နိုင်ငံရေး အဆောက်အဦများကို မထိခိုက်စေဘဲ နိုင်ငံရေးအာဏာကို ဗဟိုနှင့်ပြည်နယ်ဒေသများအကြား ခွဲေ၀ ကျင့်သုံးကြခြင်းကို ဖက်ဒရယ်ဝါဒ ကျင့်သုံးသည်ဟု ဆရာကြီးက ဆိုလိုခြင်း ဖြစ်ပါသည် (Riker, 1964)။ ဆိုခဲ့သည့် နိုင်ငံရေး ဖက်ဒရယ်သီအိုရီက ဖက်ဒရယ်ပြည်ထောင်စုဟောင်းများ ဖြစ်ကြသည့် အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်၊ ကနေဒါနှင့် သြစတြေးလျား တို့ကိုသာမက ၁၉၄၅ ခုနှစ် နောက်ပိုင်းတွင် ဖွဲ့စည်း တည်ထောင်ခဲ့ကြသည့် အိန္ဒိယ၊ ပါကစ္စတန် (ဘင်္ဂလာဒေ့ရှ်နှင့် ပူးတွဲ)၊ မလေးယားပြည်ထောင်စု (စင်္ကာပူနှင့် ပူးတွဲ)၊ နိုက်ဂျီးရီးယား၊ အနောက်အင်ဒီးစ် အစရှိသည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံဖြင့် တည်ထောင်ခဲ့ကြသည့် နိုင်ငံများ၏ မူလဇစ်မြစ်၊ ဖြစ်ပေါ်တိုးတက်မှုနှင့် ပြိုကွဲမှုများကိုပါ ဖွင့်ဆိုရှင်းပြနိုင်သည်ဟု အများညီ သဘောတူကြပါသည် (Paleker, 2006, p. 307)။

အိန္ဒိယနိုင်ငံကို ဖွဲ့စည်းတည်ထောင် ဖြစ်ပေါ်စေခဲ့သည့် ဖက်ဒရယ်သဘောကို ကြည့်မည်ဆိုလျှင် ၁၉၄၇ ခုနှစ် ဗြိတိသျှ လက်အောက်မှ လွတ်မြောက်သည့်အချိန်တွင် အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်တွေ့ ကျင့်သုံးခဲ့ကြပြီးသား ဖြစ်သည့် လူမှု-ယဉ်ကျေးမှု မတူကွဲပြားကြသည့် ပြည်နယ်များမှ စော်ဘွား၊ မင်းညီမင်းသားများနှင့် နိုင်ငံရေးခေါင်းဆောင်များက မိမိတို့ ရရှိထားပြီးဖြစ်သည့် ပြည်နယ်ဒေသ၏ နိုင်ငံရေး အချုပ်အခြာ အာဏာကို ပိုမိုထိရောက်စေရန်နှင့် အခြား နယ်ချဲ့နိုင်ငံတစ်နိုင်ငံ၏ လက်တွင်းသို့ ပြန်လည် ဆုံးရှုံးမသွားစေရန်အတွက် မဖြစ်မနေ လိုအပ်လာသည့် လုံခြုံရေးနှင့် ကာကွယ်ရေး အစီအမံတစ်ရပ်ကို စုပေါင်း တည်ဆောက်လိုစိတ် ရှိနေခဲ့ကြပါသည်။ တစ်ပြိုင်နက်တည်းတွင် မိမိတို့ပြည်နယ် တစ်ခုချင်းစီ၏ အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်ကိုလည်း လက်မလွှတ်လိုကြပါ။ တစ်ဖက်တွင်လည်း အိန္ဒိယ ပြည်မခေါင်းဆောင်များက အိန္ဒိယ တိုက်ငယ်တစ်ခုလုံးသို့ ဗဟိုအိန္ဒိအစိုးရ၏ သြဇာအာဏာကို ဖြန့်ကျက် သက်ရောက်နိုင်ရန် ဆောင်ရွက်လိုသည့် ဆန္ဒလည်း ရှိနေခဲ့ပါသည်။ သို့နှင့် အိန္ဒိယ ပြည်မခေါင်းဆောင်များ၊ အထူးသဖြင့် ဆာဒါး ဗလာဘာဘိုင် ပါတဲ (အိန္ဒိယ၏ ပထမဦးဆုံး ပြည်ထဲရေးဝန်ကြီး ဖြစ်လာသူ) ကဲ့သို့ လူမျိုးစုပြဿနာ၏ နက်ရှိုင်းမှုကို နားလည်သည့် အမြော်အမြင်ကြီးသည့် ပြည်မခေါင်းဆောင်များက (Gandhi, 1991, pp. 459-460) ရှိနှင့်ပြီးသား လူမျိုးစုပြည်နယ်များ၏ နဂိုမူလ လူမှု-ယဉ်ကျေးမှု နှင့် နိုင်ငံရေး အဆောက်အအုံများကို မထိခိုက်စေဘဲ အပေးအယူ၊ စေ့စပ်ညှိနှိုင်းမှုများမှ တစ်ဆင့် အချို့ပြည်နယ်များတွင် လူမျိုးစုဆိုင်ရာ အထူးအခွင့်အရေး များကိုပါ လိုက်လျောပေးအပ်ပြီး စုစည်းညီညွတ်သည့် ပြည်ထောင်များ၏ အိန္ဒိယနိုင်ငံကို ဖက်ဒရယ်ဖွဲ့စည်းပုံဖြင့် တည်ထောင် နိုင်ခဲ့ကြပါသည်။ ယင်းသို့သော ဖွဲ့စည်းပုံမျိုးကို သာမန် ဖက်ဒရယ် (simple symmetrical federal) စနစ်မှ ခွဲခြားလို၍ “အခွင့်ထူးပေးသည့် ဖက်ဒရယ်” (asymmetrical federal) ဟု ဆရာများက အမည်တပ်ကြပါသည်။

အကယ်၍သာ ထိုစဉ်က အိန္ဒိယပြည်မ ခေါင်းဆောင်များက တတိယ ပြင်သစ်သမ္မတ နိုင်ငံပုံစံ တစ်ခုတည်းသော ဘာသာစကားနှင့် လူမှု-ယဉ်ကျေးမှု မူဝါဒများ ချမှတ်ပြီး တစ်ပြည်ထောင် အမျိုးသားနိုင်ငံကို အင်အားသုံး တည်ထောင်ခဲ့မည် ဆိုပါက ယခုကဲ့သို့သော လူမျိုးရေး ပဋိပက္ခများမှ နှိုင်းယှဉ်ချက်အရ ကင်းဝေးခြင်း၊ လူမျိုးစုအားလုံး ပါဝင်ဆုံးဖြတ်ခွင့် ရှိသည့် ဒီမိုကရေစီစနစ် (inclusionary democracy) နှင့် တစ်သီးပုဂ္ဂလ အခွင့်အရေး (individual rights) ခံစားခွင့်များကို ယနေ့ အိန္ဒိယနိုင်ငံတွင် မြင်တွေ့ရန် ခဲယဉ်းမည်ဟု ဆရာများက ထောက်ပြကြပါသည် (Stepan, Linz, & Yadav 2010b, p. 53)။ ဥပမာအားဖြင့် ပြည်ထောင်များ၏ အိန္ဒိယ ဖက်ဒရယ်နိုင်ငံတွင်းသို့ ကိုယ်ပိုင်ပြဌာန်းခွင့်ရ ပြည်နယ်အဖြစ် အပြည့်အ၀ ပူးပေါင်းလိုသည့် ဆန္ဒကို ပြသခဲ့ပြီးဖြစ်သည့် ကက်ရှ်မီးယား ဘုရင့်နိုင်ငံအရေးကို ထိုစဉ်က အိန္ဒိယ၏ ပြိုင်ဖက် နိုင်ငံများဖြစ်သည့် ပါကစ္စတန်တို့နှင့် နယ်စပ်ချင်း ထိစပ်နေသည်ကို အကြောင်းပြ၍ ထိုစဉ်က ဝန်ကြီးချုပ် ဂျဝါဟာလာနေရူး အင်အားသုံး ဖြေရှင်းခဲ့သဖြင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများကို သက်ဆိုင်သူ အားလုံးတို့ ယနေ့ကာလအထိ ရင်ဆိုင်နေကြရဆဲ ဖြစ်သည်ကို တွေ့မြင်နိုင်ပါသည်။ ထိုစဉ်က ဂျမူးနှင့် ကက်ရှ်မီးယားစော်ဘွားက သူ၏ ပုဂ္ဂိုလ်အမှတ်အသား သရုပ်ကို ဖော်ပြရာတွင် သူသည် ဦးစွာပထမ အိန္ဒိယတိုင်းသားဖြစ်ပြီး မဟာရာဂျာမှာ သူ၏ ဒုတိယ ပုဂ္ဂိုလ်ရေး ဂုဏ်ပုဒ် ဖြစ်သည်ဟုပင် အတိအလင်း ထုတ်ဖော်ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ထိုစဉ်က ဝန်ကြီးချုပ်နေရူးက ပြည်ထဲရေးဝန်ကြီးဖြစ်သူ ဆာဒါး ပါတဲလ်ကိုပင် အသိမပေးတော့ဘဲ ထူးခြားသည့် အခြေအနေအတွက် ဖက်ဒရယ် အခွင့်ထူးရရှိရန် တောင်းဆိုခဲ့သည့် ကက်ရှ်မီးယားသို့ တပ်ဖွဲ့များ စေလွှတ် ဖြေရှင်းခဲ့ပါသည်။ အကျိုးဆက်မှာ အများမြင်တွေ့နေကြရသည့်အတိုင်း ပဋိပက္ခသက်တမ်း ကြာမြင့်လာသည်နှင့်အမျှ အခြားသော ပယောဂများပါ ပါဝင်လာကာ အိန္ဒိယ၏ ပြည်တွင်းရေး လူမျိုးစုပြဿနာမှာ ဖြေရှင်းရန် အလွန်ခက်ခဲသည့် နိုင်ငံတကာအရေး ကိစ္စတစ်ရပ် ဖြစ်လာပါတော့သည်။

■ လက်တွေ့ဖက်ဒရယ်

ဖက်ဒရယ်ဝါဒဆိုင်ရာ သဘောတရား အကောက်အယူကို ၁၇၈၇ ခုနှစ် အမေရိကန်နိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အစပြု လက်တွေ့စမ်းသပ် အကောင်အထည် ဖော်ခဲ့ကြသည်ဟု ဆိုကြပါသည်။ ထိုမှတစ်ဆင့် နိုင်ငံရေး ဖွဲ့စည်းတည်ထောင်မှုဆိုင်ရာ တရားကိုယ်သဘော (mode of political organization)အဖြစ် ဆွစ်ဇာလန်၊ ကနေဒါ ဒိုမီနီယံ၊ သြစတြေးလျား ဓနသဟာယနှင့် အိန္ဒိယနိုင်ငံတို့၏ ဖွဲ့စည်းပုံ အခြေခံဥပဒေများတွင် သွတ်သွင်း အသုံးပြုခဲ့ကြပါသည်။ ဖက်ဒရယ်ဝါဒ ဆရာတစ်ဆူဖြစ်သည့် ကေ၊ စီ၊ ဝဲလ်က ဒုတိယက္ဘာစစ်ပြီးစ ကာလများတွင် စစ်နှင့် စီးပွားရေး အကြပ်အတည်းများ၏ ဖိအားကြောင့် တစ်ပြည်ထောင် ဗဟိုချုပ်ကိုင်မှု အယူအဆ၏ ခြိမ်းခြောက်မှုကို ကာလတစ်ခုကြာ ခံခဲ့ရသော်ငြားလည်း ဒုတိယက္ဘာစစ်လွန်ကာလ ၁၉၅၀ ပြည့်နှစ်များသို့ ရောက်လာသည့်အခါ အသစ်ပေါ်ထွန်းလာသည့် ဥရောပ၊ တောင်အမေရိက၊ အာရှနှင့် အာဖရိကနိုင်ငံ အများစုတွင် ဖက်ဒရယ်ဝါဒ အခြေခံများကို နိုင်ငံရေး ညီညွတ်မှုအတွက် အသုံးပြုခဲ့ကြသည်ဟု ဆိုပါသည် (Wheare, 1963)။ ဥပမာ ဥရောပတိုက်တွင် ဂျာမနီနှင့် ယူဂိုစလားဗီးယား၊ တောင်အမေရိကတိုက်တွင် အနောက်အင်ဒီးစ်၊ ဘရာဇီး၊ ဗင်နီဇွဲလားနှင့် အာဂျင်တီးနား၊ အာဖရိကတိုက်တွင် ရိုဒီးရှား၊ မာလာဝီနှင့် နိုက်ဂျီးရီးယား၊ အာရှတိုက်တွင် မလေးရှား၊ အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံတို့၏ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေများတွင် ဖက်ဒရယ်ဝါဒ အခြေခံများ ထည့်သွင်း ရေးဆွဲခဲ့ကြပါသည်။ ဆရာကြီး အာရ်၊ အယ်၊ ဝပ် က ဆိုဗီယက်ပြည်ထောင်စု ၁၉၅၈ ခုနှစ်၊ မာလီဖက်ဒရေးရှင်း ၁၉၅၉ ခုနှစ် နှင့် ဗဟိုအာဖရိက သမ္မတနိုင်ငံများပြည်ထောင်စု ၁၉၆၀ ပြည့်နှစ်တို့ကို သက်တမ်းတိုသည့် ပြည်ထောင်စုများဟု ခေါ်တွင်ခဲ့ပြီး ဖက်ဒရယ် ဖွဲ့စည်းပုံဟု ကြွေးကြော်ခဲ့သော်ငြားလည်း သံသယဖြစ်ဖွယ်ရာ တစ်ပြည်ထောင်ထိန်းချုပ်မှုများ အများအပြား ပါဝင်နေသဖြင့် ၁၉၄၇ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို တစ်ပြည်ထောင် ဖွဲ့စည်းပုံအဖြစ် သတ်မှတ်ပြီး သူ၏ ၁၉၆၆ ခုနှစ် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများ စာရင်းတွင် စာရင်း မသွင်းခဲ့တော့ပါ (Watts, 1966)။

■ တန်းတူယှဉ်တွဲ-ဖက်ဒရယ်နှင့် စုစည်း-ဖက်ဒရယ်

ဖက်ဒရယ်နိုင်ငံ ဖွဲ့စည်းရာတွင် ဆိုခဲ့သည့် နိုင်ငံရေးအာဏာ ခွဲဝေရေးအပေါ် အခြေခံဖွင့်ဆိုသည့် နိုင်ငံရေးဖက်ဒရယ် သီအိုရီက လွတ်လပ်သည့် အမျိုးသားနိုင်ငံများနှင့် လွတ်လပ်လာသည့် သီးခြား ကိုလိုနီနယ်များက မိမိတို့ဆန္ဒအလျောက် လာရောက် ပေါင်းစည်း ဖွဲ့စည်းကြသည့် (aggregation) ဖက်ဒရေးရှင်းပုံစံ (ဥပမာ-အမေရိကန်၊ သြစတြေးလျား)နှင့် နယ်မြေအပိုင်းအခြား တစ်ခုအတွင်း တစ်နည်းနည်းဖြင့် စုစည်းထားပြီးသား ဖြစ်သည့် အများအားဖြင့် လူမျိုးစု နယ်မြေများ ခွဲထွက်မည်ကို စိုးရိမ်သဖြင့် စုစည်း ဖွဲ့စည်းသည့် ဖက်ဒရေးရှင်းပုံစံ (disaggregation) (ဥပမာ-အိန္ဒိယ)ဟူ၍ ပုံစံနှစ်မျိုး ခွဲခြားကြပါသည် (Paleker 2006, 307)။ တစ်နည်းအားဖြင့် သီးခြားနိုင်ငံ သို့မဟုတ် နယ်မြေများအဖြစ် တည်ရှိခဲ့သော်လည်း အကြောင်းကြောင်းကြောင့် မိမိနိုင်ငံ တစ်နိုင်ငံချင်းစီ၏ အချုပ်အခြာအာဏာ အစိတ်အပိုင်းအချို့ကို မိမိတို့ သဘောဆန္ဒအလျောက် အများညီ စွန့်လွှတ် ပေါင်းစည်းကြပြီး ကျန်အာဏာများကို လွတ်လပ်စွာ ဆက်လက် ထိန်းချုပ်ထားကြသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ထောင်ကြခြင်းကို တန်းတူယှဉ်တွဲ လူမျိုးစု ဖက်ဒရယ်နိုင်ငံ (coming-together ethnofederation)ဟု သတ်မှတ်ပါသည်။ ယင်းသို့ သော တန်းတူယှဉ်တွဲ လူမျိုးစု ဖက်ဒရယ်နိုင်ငံမျိုးတွင် ပြည်ထောင်စုအဖြစ် မပူးပေါင်းခင် ကတည်းက ပါဝင်ပူးပေါင်းကြမည့် နယ်မြေများ သီးခြားစီ တည်ရှိနေခဲ့ကြသည့် အမျိုးသား နိုင်ငံများအကြား မည်သို့သော ဖက်ဒရယ်ပုံစံမျိုးဖြင့် ဖွဲ့စည်းကြမည် ဖြစ်ကြောင်း အလျင်အဦး ညှိနှိုင်းသဘောတူညီမှု ယူကြလေ့ရှိပါသည်။ (ဥပမာ-အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်၊ သြစတြေးလျား ဓနသဟာယ)။ သို့ရာတွင် လက်တွေ့တွင်မူ ယင်းသို့သော အခြေအနေမျိုးတွင် မည်သည့် ဖက်ဒရယ်ပုံစံမျိုးကို ရွေးချယ် သဘောတူကြခြင်းထက် နဂိုမူလ အမျိုးသားနိုင်ငံများအဖြစ် တသီးတခြားစီ ဆက်လက် နေထိုင်ကြမည်လော သို့တည်းမဟုတ် လူမျိုးစုဖက်ဒရယ် စနစ်ဖြင့် အတူယှဉ်တွဲ ပေါင်းစည်း နေထိုင်ကြမည်လော ဆိုသည့် ရွေးချယ်စရာ နှစ်ခုအနက် တစ်ခုခုကို အများအားဖြင့် မဖြစ်မနေ ရွေးချယ်ကြရခြင်းမျိုး ဖြစ်နေခဲ့ပါသည်။ ဥပမာအားဖြင့် ၁၉၆၃ ခုနှစ်မှ ၁၉၆၅ ခုနှစ်အထိ တည်တံ့ခဲ့သည့် ကိုလိုနီခေတ်လွန် မလေးယားပြည်ထောင်စု (မလေးရှား-စင်္ကာပူ) တည်ထောင်ရေးတွင် လူဦးရေဖွဲ့စည်းမှုအရ တစ်ပြည်ထောင်နိုင်ငံအဖြစ် တည်ထောင်မည်ဆိုပါက မလေးလူမျိုးစုများ မည်သည့်နည်းနှင့်မျှ လက်ခံနိုင်မည် မဟုတ်သည့် လူများစု တရုတ်လူမျိုးတို့ ကြီးစိုးမည့်နိုင်ငံကို တည်ထောင်သကဲ့သို့ ဖြစ်မည်ဖြစ်ပါသည်။ သို့အတွက် ဖက်ဒရယ်နိုင်ငံ တည်ထောင်ရန်မှတပါး အခြားရွေးစရာ မကျန်ခဲ့တော့ပါ။ မည်သို့သော ဖက်ဒရယ်နိုင်ငံ တည်ထောင်ကြမည် ဆိုသည်ကို နှစ်ဘက်ခေါင်းဆောင်များအကြား ဆွေးနွေးချိန်ပင် မရခဲ့ကြတော့ပါ။ ထို့နည်းတူ မွန်တီနီဂရိုးတွင် လူမျိုးစု ဖက်ဒရယ်စနစ်ဖြင့် ဆာဗီးယားနိုင်ငံနှင့် ပေါင်းစည်းလိုသည့် အုပ်စုများနှင့် သီးခြား လွတ်လပ်သည့် အမျိုးသားနိုင်ငံအဖြစ် ခွဲထွက်လိုသည့် အုပ်စုတို့အကြား သဘောကွဲလွဲ နေခဲ့ကြသော်လည်း ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပေါင်းစည်းရေးအုပ်စုက အနိုင်ရသဖြင့် ဆိုရှယ်လစ်ကမ္ဘာ ပြိုကွဲမှုနှင့်အတူ သီးခြားစီ ဖြစ်နေပြီးသား အမျိုးသားနိုင်ငံ နှစ်ခုတို့သည် ၁၉၉၂ ခုနှစ်တွင် တန်းတူယှဉ်တွဲ လူမျိုးစု ဖက်ဒရယ်အခြေခံပေါ်တွင် ယူဂိုစလားဗီးယား ဖက်ဒရယ်သမ္မတနိုင်ငံကို တည်ထောင် ခဲ့ကြရပါသည်။ ဤဖြစ်ရပ်တွင်လည်း မည်သို့သော ဖက်ဒရယ်ပုံစံဆိုသည်ကို ညှိနှိုင်းချိန် မရခဲ့ကြပါ။

မြန်မာပြည်ထောင်စုနိုင်ငံ နိုင်ငံတည်ထောင်ရေး ဖြစ်စဉ်တွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေး ရလုရခင် ၁၉၄၇ ခုနှစ်တွင် ကချင်၊ ချင်းနှင့် ရှမ်း (ကရင်နှင့် ကရင်နီ ကိုယ်စားလှယ်များ လေ့လာသူအဖြစ် ဖြင့်သာ တက်ရောက်ခဲ့ခြင်း ဖြစ်သည်) လူမျိုးစုများကို ကိုယ်စားပြုကြသည် ဆိုသည့် ခေါင်းဆောင်များက လူများစု ဗမာခေါင်းဆောင်များ၏ ကမ်းလှမ်းမှုကို လက်ခံခဲ့ကြပြီး ဗြိတိသျှ ကိုလိုနီအာဏာပိုင်များ လမ်းကြောင်းပေးနေသည့် အမျိုးသားနိုင်ငံများအဖြစ် တစ်သီးတခြားစီ လွတ်လပ်ရေး ယူကြမည့်အစား မိမိတို့ သဘောဆန္ဒအလျောက် ဗမာများနှင့်အတူ လွတ်လပ်ရေး ရယူပြီးနောက် တန်းတူယှဉ်တွဲ လူမျိုးစု ဖက်ဒရယ်နိုင်ငံ တည်ထောင်ရန် သဘော တူခဲ့ကြခြင်း ဖြစ်ပါသည်။ သို့အတွက် ထိုစဉ်က သဘောတူခဲ့ကြသည့် ဖက်ဒရယ်ဖွဲ့စည်းပုံသည် တန်းတူယှဉ်တွဲလူမျိုးစု ဖက်ဒရယ်ဖွဲ့စည်းပုံမျိုး ဖြစ်သည်ဟု ဆိုရပါမည်။ သို့ရာတွင် အထက်တွင် ပြဆိုခဲ့သည့် ဥပမာများနည်းတူ ထိုစဉ်က ပင်လုံမြို့တွင် ကျင်းပခဲ့သည့် အပေးအယူ စေ့စပ်ညှိနှိုင်းရေး အစည်းအဝေးများတွင် ပါဝင်ခဲ့ကြသည့် လူမျိုးစု သုံးမျိုး၏ ခေါင်းဆောင်များ အနေဖြင့် မည်သို့သော ဖက်ဒရယ်ပုံစံကို ရွေးချယ်ခွင့်ထက် အသစ်ဖွဲ့စည်းမည့် ဖက်ဒရယ်ပြည်ထောင်စုတွင် ပေါင်းစည်းနေထိုင်မည် သို့တည်းမဟုတ် သီးခြားနိုင်ငံအဖြစ် နေမည်ဆိုသည့် ရွေးချယ်စရာ နှစ်ခုအနက် တစ်ခုခုကို ရွေးချယ်ခဲ့ကြရခြင်း ဖြစ်ပါသည်။ ပင်လုံစာချုပ်သည် လွတ်လပ်ရေး ရပြီးနောက် အတူတကွ တည်ထောင်ကြမည့် ပြည်ထောင်စုအသစ်၏ အခြေခံယူနစ်များ ဖြစ်ကြသည့် ကချင်၊ ချင်းနှင့် ရှမ်းလူမျိုးစု အမျိုးသားနိုင်ငံများနှင့် ဗမာအမျိုးသားနိုင်ငံတို့မှ ခေါင်းဆောင်များအကြား မည်သို့သော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ထောင်ကြမည် ဆိုသည်ကို မသဲမကွဲ၊ ေ၀ဝါးစွာဖြင့် တင်ကူး သဘောတူထားခဲ့ကြသည့် နိုင်ငံတည်ထောင်ရေးဆိုင်ရာ ကနဦးပဋိညာဉ် တစ်ခု ဖြစ်ပါသည်။ ယင်းတွင် ကျန်အခြားသော လူမျိုးစုများ၏အရေးကို ထိုစဉ်က ဗမာနှင့် လူမျိုးစုခေါင်းဆောင်များ ထည့်မတွက်ခဲ့ကြပါ။

တစ်ဖက်တွင် အထက်တွင် ဆိုခဲ့သည့် နိုင်ငံ စတင်တည်ထောင်စဉ်က ဖက်ဒရယ်ပုံစံ တစ်မျိုးမျိုးဖြင့် တည်ထောင်ခဲ့ကြခြင်း မဟုတ်ဘဲ နိုင်ငံသမိုင်းကြောင်း လမ်းခုလတ်တွင် အကြောင်းကြောင်းကြောင့် လူမျိုးစု ဖက်ဒရယ်နိုင်ငံများအဖြစ် ပြောင်းလဲစုစည်း တည်ထောင်ကြရသည့် နိုင်ငံများကို စုစည်း-လူမျိုးစုဖက်ဒရယ် (holding-together ethnofederation) များဟု သတ်မှတ်ပါသည် (Stepan, 1999, p. 22)။ ၁၉၄၈ ခုနှစ်နှောင်းပိုင်းအထိ အိန္ဒိယ၊ ၁၉၆၉ ခုနှစ်အထိ ဘယ်လ်ဂျီယမ်၊ ၁၉၇၅ ခုနှစ်အထိ စပိန်နိုင်ငံတို့၏ နိုင်ငံဖွဲ့စည်းပုံများသည် တစ်ပြည်ထောင် နိုင်ငံရေး ဖွဲ့စည်း တည်ထောင်မှုပုံစံအတိုင်း ဖြစ်နေခဲ့ပါသည်။ သို့ရာတွင် ဆိုခဲ့သည့်နိုင်ငံများမှ နိုင်ငံရေး ခေါင်းဆောင်များက မိမိတို့ ဦးဆောင်နေသည့် နိုင်ငံကို လစ်ဘရယ် ဒီမိုကရေစီ နှုန်း၊ စံ၊ တန်ဖိုးများအတိုင်း တစ်စုတစ်စည်းတည်း ဆက်လက် စုစည်းသွားနိုင်ရန်အတွက် လွတ်လပ်သည့် နိုင်ငံများအဖြစ် ခွဲထွက်ရန် တာစူနေကြသည့် လူနည်းစု လူမျိုးစုပြည်နယ်များသို့ စီမံအုပ်ချုပ်ခွင့် အာဏာဖြန့်ခွဲ (devolution) သည့် နည်းလမ်းကို မဖြစ်မနေ ရွေးချယ်ခဲ့ကြရပါသည်။ သို့နှင့် လွတ်လပ်ရေးရပြီး သုံးနှစ်အကြာ ၁၉၅၀ ပြည့်နှစ်တွင် အိန္ဒိယ၊ ၁၉၇၈ ခုနှစ်တွင် စပိန်နှင့်၊ ၁၉၉၃ ခုနှစ်တွင် ဘယ်လ်ဂျီယမ်နိုင်ငံတို့၏ တစ်ပြည်ထောင် ဖွဲ့စည်းပုံအခြေခံဥပဒေများကို စုစည်း လူမျိုးစု ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများအဖြစ် အသီးသီး ပြောင်းလဲ ဖွဲ့စည်းခဲ့ကြရပါသည်။ သို့ရာတွင် အိန္ဒိယနိုင်ငံ၏ ဖြစ်ရပ်တွင် ပန်ဂျပ်၊ ကက်ရှမီးယား၊ ဂျူနာဂတ်နှင့်၊ ဟိုက်ဒရာဘတ်တို့ ကဲ့သို့သော စော်ဘွားနိုင်ငံများအတွက် ယင်းသု့ိသော ဖွဲ့စည်းပုံ အခြေခံဥပဒေ အသွင်ပြောင်းလဲ ဖွဲ့စည်းမှုမှာ နောက်ကျသွားခဲ့ပြီ ဖြစ်ပါသည်။ ထိုစဉ်က ဆိုခဲ့သည့် ပြည်နယ်များတွင် ပြည်တွင်းစစ် အရှိန်ရနေခဲ့ပြီ ဖြစ်ပါသည်။

၁၉၄၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ တိုင်းပြုပြည်ပြု ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဦးဆောင် ရေးဆွဲခဲ့သူ ဖြစ်သည့် ဘီ၊ အာရ်၊ အမ်ဘက်ကာက အိန္ဒိယ တိုင်းပြုပြည်ပြုလွှတ်တော်သို့ တင်ပြခဲ့ရာတွင် အိန္ဒိယ ဖွဲ့စည်းပုံအခြေခံဥပဒေကို အိန္ဒိယနိုင်ငံ တစ်စုတစ်စည်းတည်း ရှိရေးအတွက် ရည်ရွယ်ရင်း ရှိရှိဖြင့် ရေးဆွဲထားသည်ဟု ရှင်းလင်းစွာ ထုတ်ပြောခဲ့ပါသည်။ သို့အတွက် အမေရိကန်ပြည်ထောင်စုမှ တန်းတူယှဉ်တွဲ ပြည်နယ်များနည်းတူ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးကို ရည်မှန်းနေခဲ့ကြသည့် မင်းညီမင်းသား၊ ဘုရင့်နိုင်ငံငယ် ၅၆၈ နိုင်ငံလုံးမှ မဟာရာဂျာ၊ စော်ဘွား၊ မင်းညီမင်းသားများနှင့် နိုင်ငံရေး ခေါင်းဆောင်များမှာ မှန်းချက်နှင့် နှမ်းထွက် မကိုက်တော့ဘဲ တစ်ပြည်ထောင် အမျိုးသားနိုင်ငံ ဖွဲ့စည်းပုံဘောင်အတွင်းမှ မည်ကာမတ္တ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာဏာမျှဖြင့် ကျေနပ်ရမည်သို့ ဖြစ်ခဲ့ပါသည်။ အကျိုးဆက်မှာ နိုင်ငံအနှံ့ လူမျိုးရေး တင်းမာမှုများ ဖြစ်ပွားခဲ့ပြီး အချို့နေရာများတွင် ခွဲထွက်ရေး လှုပ်ရှားမှုများ အရှိန်ရလာမှုနှင့်အတူ ပြည်နယ်အချို့တို့နှင့် အိန္ဒိယ ဗဟိုအစိုးရတပ်များကြား ပြည်တွင်းစစ်ပွဲများ စတင် ဖြစ်ပွားခဲ့ပါသည်။ မြန်မာနိုင်ငံနည်းတူ လွတ်လပ်ရေးနှင့်အတူ တပါတည်း ပါလာခဲ့သည့် ကက်ရှမီးယားပြည်နယ်နှင့် အိန္ဒိိယ ဗဟိုအစိုးရတို့ကြား ပိုမို ကျယ်ပြန့်သည့် အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ် အခြေပြု ဖြစ်ပွားခဲ့သည့် ပဋိပက္ခမှာ ကာလကြာလာသည်နှင့်အမျှ ပြိုင်ဖက် ပါကစ္စတန်နှင့် တရုတ်နိုင်ငံတို့မှ ဘေးပယောဂများပါ ပါဝင်လာသဖြင့် ယခုထက်တိုင် မပြေငြိမ်းနိုင်သေးသည့် ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတစ်ခု ဖြစ်ခဲ့ပြီဖြစ်ပါသည်။ သို့ရာတွင် သုံးနှစ်နီးပါး ကြာမြင့်ခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲနေသည့် ကာလအတွင်းတွင်ပင် ဆိုခဲ့သည့် အိန္ဒိယ၏ ရာနှင့် ချီသည့် ပြည်နယ်များအကြားတွင် ပါကစ္စတန် ခွဲထွက်မှုကဲ့သို့ ခွဲထွက်မှုများ၊ နီးစပ်ရာ ပေါင်းစည်းစုဖွဲ့မှုများ၊ လက်နက်ကိုင် ခုခံမှုများ၊ အပစ်အခတ် ရပ်စဲမှုများနှင့် ပြန်လည် ပေါင်းစည်းမှု အစရှိသည့် ဖြစ်စဉ်များမှ တစ်ဆင့် အိန္ဒိယဟူသည့် နိုင်ငံ၏ အချုပ်အချာ အဝန်းအဝိုင်းအတွင်းသို့ ပုံစံအမျိုးမျိုးဖြင့် ရောက်ရှိသွားခဲ့ကြပါသည်။ သို့အတွက် မင်းညီမင်းသား နိုင်ငံငယ်များ၏ အပေးအယူ လုပ်နိုင်စွမ်း (bargaining power) မှာ မိမိတို့ သဘောဆန္ဒအလျောက် တန်းတူအနေအထားမှ လာရောက် ယှဉ်တွဲပေါင်းစည်းသည့် သီးခြားနိုင်ငံများ၏ အနေအထားမှ တစ်စထက်တစ်စ လျှောကျလာခဲ့ကာ အဆုံးတွင် အိန္ဒိယ ဗဟိုအစိုးရထံမှ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ကို ခုခံတောင်းဆိုရသည့် အနေအထားသို့ ရောက်ရှိသွားခဲ့ပါသည်။ အဆုံးတွင် အိန္ဒိယဗဟိုအစိုးရ ခေါင်းဆောင်များက ပြည်နယ်များသို့ လူမျိုးစုဆိုင်ရာ သီးခြားအထူးအခွင့်အရေးများ အလျှော့ပေး၊ ပေးအပ်ကာ စုစည်း-လူမျိုးစု ဖက်ဒရယ်ပုံစံဖြင့် အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးသတ်ခဲ့သည်ဟု ဆိုပါသည်။

မြန်မာနိုင်ငံ ဖွဲ့စည်းတည်ထောင်ရေးတွင်လည်း ကနဦးတွင် အထက်တွင် ဆိုခဲ့သည့်အတိုင်း ကချင်၊ ချင်းနှင့် ရှမ်း လူမျိုးစုခေါင်းဆောင်များက ဗမာခေါင်းဆောင်များ၏ ကမ်းလှမ်းမှုကို မိမိတို့ သဘောဆန္ဒအလျောက် လက်ခံခဲ့ကြကာ တန်းတူယှဉ်တွဲ လူမျိုးစု ဖက်ဒရယ်နိုင်ငံ တည်ထောင်ရန် သဘောတူခဲ့ကြသော်လည်း ကျန်သည့် အခြားသော လူမျိုးစုများမှာ မည်သည့် သဘောဆန္ဒကိုမျှ ထုတ်ဖော်ခွင့် မရကြတော့ဘဲ ပြည်ထောင်စု မြန်မာနိုင်ငံ၏ နယ်နိမိတ်အတွင်းသို့ အလိုလို ဆွဲစုခြင်း ခံခဲ့ကြရပါသည်။ ယခု အနှစ် ၇၀ အတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ၏ နယ်နိမိတ်အတွင်းသို့ ရောက်ရှိနေကြသည့် လူမျိုးစုများ၏ အနေအထားမှာ နဂိုမူလ တန်းတူယှဉ်တွဲ ဖက်ဒရယ်ပုံစံကို အပေးအယူလုပ် စေ့စပ်ညှိနှိုင်းနိုင်ခဲ့သည့် အနေအထားမျိုးတွင် ရှိမနေတော့ဟု ဆိုရပါမည်။ ယင်းအစား ပင်လုံစာချုပ်တွင် ပါဝင်ခဲ့သည် ဖြစ်စေ၊ ချန်ထားခံရသည် ဖြစ်စေ မိမိတို့၏ အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဗမာ ဗဟိုအစိုးရ အဆက်ဆက်ကို ဥပဒေတွင်းတိုက်ပွဲ၊ လက်နက်ကိုင် တိုက်ပွဲပုံစံများဖြင့် တောင်းဆို၊ ခုခံ၊ တိုက်ပွဲဝင်နေကြသည့် ဗဟိုခုခံရေး အင်အားစုများ (ethnic centrifugal forces) အနေအထားသို့ ရောက်ရှိနေပြီဟုလည်း ဆိုရပါမည်။ သို့အတွက် တန်းတူယှဉ်တွဲ လူမျိုးစုဖက်ဒရယ် ဖွဲ့စည်းပုံအစား စုစည်း-လူမျိုးစုဖက်ဒရယ် ဖွဲ့စည်းပုံအောက်တွင် လူမျိုးဆိုင်ရာ အထူးအခွင့်အရေးများ ခံစားခွင့် ရကြသည့် အခွင့်ထူးပေးသည့် လူမျိုးစုဖက်ဒရယ် “ပြည်ထောင်များ၏နိုင်ငံ” ပုံစံဖြင့် ပြည်ထောင်စု အသစ်တစ်ရပ် ဖွဲ့စည်းရန် လိုအပ်နေသည်ဟု အဆိုပြုပါသည်။

■ ပြည်ထောင်များ၏ နိုင်ငံတည်ထောင်ရေး မူဝါဒလုပ်ငန်းစဉ်များ

နိုင်ငံရေး အားသန်သည့် လူမျိုးစုံ လူ့အဖွဲ့အစည်းများတွင် နိုင်ငံနယ်နိမိတ်ကို တစ်စုတစ်စည်းတည်း ထိန်းထားနိုင်ရေးနှင့် ဒီမိုကရေစီစနစ် ကျင့်သုံးနိုင်ရန်အတွက် ပြည်ထောင်များ၏ နိုင်ငံဖွဲ့စည်းပုံကို အသုံးပြုရန် လိုသည်ဆိုသည့် အယူအဆကို ဦးဆောင်ခဲ့ကြသည့် လင့်ဇ်၊ စတီပင်နှင့် ယာဒက်ဗ်တို့က ယင်းသို့သော နိုင်ငံမျိုး တည်ထောင်နိုင်ရန်အတွက် အောက်ဖော်ပြပါ အဆင့်ဆင့်သော မူဝါဒလုပ်ငန်းစဉ်အစုကို အဆိုပြုကြပါသည် (Stepan, Linz, & Yadav, 2010b, pp. 54-58)။

၁။ တစ်ပြည်ထောင် အမျိုးသားနိုင်ငံ၊ အချိုးညီ ဖက်ဒရယ်ပြည်ထောင်စု၊ လူမျိုးကွဲပြားမှု ဖျက်သိမ်းရေး ဖက်ဒရယ်၊ သို့မဟုတ် ပေါင်းစည်း-လူမျိုးစု ဖက်ဒရယ်ပုံစံမျိုးဖြင့် မဟုတ်မူဘဲ အခွင့်ထူးပေးသည့် စုစည်း-လူမျိုးစု ဖက်ဒရယ်စနစ် ကျင့်သုံးသည့် ပြည်ထောင်များ၏ နိုင်ငံစနစ်ကို တည်ထောင်ရန်၊

တစ်ပြည်ထောင် နိုင်ငံဖွဲ့စည်းပုံနှင့် မတူ၊ လူမျိုးစု-ဖက်ဒရယ်နိုင်ငံ ဖွဲ့စည်းပုံများသည် ပထဝီဒေသ အပိုင်းအခြား တစ်ခုခုတွင် စုစည်း နေထိုင်ကြသည့် လူမှု-ယဉ်ကျေးမှု မတူကွဲပြားသည့် လူမျိုးစုများအား ၎င်းတို့ လိုလား တောင့်တကြသည့် အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်ကို တည်ဆဲ နိုင်ငံနယ်နိမိတ်အတွင်း ခွင့်ပြုပေးနိုင်သဖြင့် ယင်းသို့သော နိုင်ငံဖွဲ့စည်းပုံစနစ်သည် ပြည်ထောင်များ၏ နိုင်ငံ တည်ထောင်ရေးအတွက် အသင့်လျော်ဆုံး နိုင်ငံ ဖွဲ့စည်း တည်ထောင်ရေးပုံစံ ဖြစ်ပါသည်။ တပြိုင်နက်တည်းတွင် အခွင့်ထူးပေးသည့် ဖက်ဒရယ်ပုံစံဖြစ်ရန် လိုအပ်ရခြင်းမှာ ပြည်ထောင်စုဝင် လူမျိုးစုပြည်နယ် ယူနစ်တစ်ခုခု သို့မဟုတ် ပြည်နယ်အချို့တို့တွင် ဆိုင်ရာ လူမျိုးများတွင် နဂိုမူလ ကတည်းက အခြေတကျ တည်ရှိခဲ့သည့် သို့မဟုတ် အခွင့်ထူးအဖြစ် ပေးအပ်ခံထားရသည့် သို့မဟုတ် ရုပ်သိမ်း ခံထားရသည့် လူမျိုးစုဆိုင်ရာ အထူးအခွင့်အရေး (prerogative) များ ရှိနေလေ့ ရှိပါသည်။ ထို့အပြင် အချို့ပြည်နယ်တို့တွင် ထူးခြားသည့် ရေမြေ အနေအထား၊ သယံဇာတ ထွက်ရှိမှုများလည်း ရှိနေနိုင်သဖြင့် ယင်းသို့သော ပြည်နယ်များကို အခြားပြည်နယ်များနှင့်မတူ သီးခြားအခွင့်အရေးများ ပေးအပ်ရန် လိုအပ်ပါသည်။ ဥပမာအားဖြင့် စိုက်ပျိုးမြေဧရိယာ ကျယ်ဝန်းစွာရှိသည့် အိန္ဒိယမြောက်ပိုင်းမှ မီဇိုရမ်ပြည်နယ်သည် ၎င်းတို့ ကျင့်သုံးနေခဲ့သည့် အစဉ်အလာ မြေယာပိုင်ဆိုင်မှု ထုံးတမ်းဥပဒေကို အိန္ဒိယ ဗဟိုအစိုးရက လက်ခံ အသိအမှတ်ပြုမှသာ အိန္ဒိယပြည်ထောင် နိုင်ငံထဲသို့ ဝင်ရောက်လာမည့် အနေအထားတွင် ရှိနေပါသည်။ ယင်းသို့သော သက်ဆိုင်ရာ ပြည်နယ် တစ်ခုချင်းစီနှင့် ဗဟိုအစိုးရကြား အပေးအယူ၊ အလျှော့အတင်းများ ပြုလုပ်ပြီး ညှိနှိုင်းယူကြရသည့် အရေးကိစ္စမျိုးကို အခွင့်ထူးပေးသည့် ဖက်ဒရယ်ပုံစံတွင်သာ ဆောင်ရွက်ရန် ဖြစ်နိုင်ပါသည်။ တန်းတူရည်တူ သို့မဟုတ် အချိုးညီ ဖက်ဒရယ်နိုင်ငံ ဖွဲ့စည်းပုံတွင်မူ ပြည်ထောင်စု၏ အခြေခံယူနစ်များ အားလုံးတို့သည် တစ်ထပ်တည်း တူညီသည့် အခွင့်အာဏာများ ရရှိကြသည့် တပြိုင်နက်တည်းတွင် တန်းတူ တာဝန်ယူရမှုများ (equal rights and obligations) လည်း ရှိကြသည်ဖြစ်၍ ဆိုခဲ့သည့် ပြည်နယ်အလိုက် သီးခြားစီ အပေးအယူလုပ် ညှိနှိုင်းယူကြရသည့် အရေးကိစ္စများကို လက်သင့်ခံရန် မဖြစ်နိုင်ပါ။

၂။ နိုင်ငံသားများ၏ တစ်ဦးချင်း အခွင့်အရေးအပြင် လူမျိုးစုများ၏ အစုအဖွဲ့အလိုက် အခွင့်အရေးကိုပါ အသိအမှတ်ပြု အကာအကွယ်ပေးရန်၊

နိုင်ငံတစ်နိုင်ငံသည် ယင်း၏ နယ်နိမိတ် တစ်ဝန်းလုံးတွင် နေထိုင်ကြသည့် နိုင်ငံသား တစ်ဦးချင်းစီ၏ လစ်ဘရယ် အခွင့်အရေးများဖြစ်သည့် တစ်ဦးချင်း လွတ်လပ်ခွင့်၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ လူမှုဖူလုံရေးတို့ကို မည်သည့်နည်းနှင့်မျှ ချိုးဖောက်ခြင်း မပြုနိုင်စေရန် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် အကာအကွယ်ပြုမထားမချင်း မည်သည့်နည်းနှင့်မျှ ဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်ရန် မဖြစ်နိုင်ပါ။ ယင်းသို့သော ဗဟိုအစိုးရများက မဖြစ်မနေ တာဝန်ယူဆောင်ရွက်ရမည့် အရေးကိစ္စမျိုးကို မည်သည့်နည်းနှင့်မျှ ပြည်နယ်အစိုးရများသို့ ဖြန့်ခွဲအပ်နှင်းခြင်း (devolve) မပြုရပါ။ သို့ရာတွင် ပြည်နယ်ဒေသ အပိုင်းအခြား တစ်ခုအတွင်း စုစည်း နေထိုင်ကြသည့် လူမှု-ယဉ်ကျေးမှု ကွဲပြားသည့် လူမျိုးစုများအတွက် လူတစ်ဦးချင်းစီနှင့် သက်ဆိုင်သည့် လစ်ဘရယ် အခွင့်အရေး သက်သက်မျှဖြင့် လုံလောက်မည် မဟုတ်ပါ။ ဆိုင်ရာ လူမျိုးစုတို့အတွက် မဖြစ်မနေ ရှိအပ်သည့် သီးခြား အခွင့်အရေးများကိုလည်း တစ်ပြိုင်နက်တည်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် အသိအမှတ်ပြု အကာအကွယ်ပေးထားရန် လိုအပ်ပါသည်။ ယင်းကို ဆရာမိုက်ကယ်လ် ဝေါလ်ဇာက “လစ်ဘရယ်ဝါဒ အမှတ်-၂” (liberalism 2) ဟု အမည်တပ်ပါသည် (Taylor, 1994, p. 99)။ ယင်းတွင် နိုင်ငံက အခွင့်ထူးပေးရန် လိုအပ်သည်ဟု သဘောတူသည့် လူမျိုးစုများ၊ လူမှု-ယဉ်ကျေးမှုများ၊ ကိုးကွယ်ယုံကြည်မှုများ ရှင်သန် တည်တံ့ရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေး တို့အတွက် ဗဟိုအစိုးရ၏ ကတိကဝတ်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် အကာအကွယ်ပြု ပေးအပ်ရမည်လည်း ဖြစ်ပါသည်။ လူမျိုးစုအချို့တို့အတွက် ယင်းသို့သော အစုအဖွဲ့ဆိုင်ရာ အခွင့်အရေးမှ တစ်ဆင့် ရရှိကြသည့် အကာအကွယ်၊ အထောက်အပံ့ မရဘဲ နိုင်ငံ၏ နေ့စဉ် ဒီမိုကရေစီလူမှုဘဝတွင် ပါဝင်ရန် ခက်ခဲလေ့ ရှိပါသည်။ ဥပမာအားဖြင့် နိုင်ငံတွင် ပြဌာန်းထားသည့် ရုံးသုံး ဘာသာစကားနှင့် မတူသည့် သီးခြား ဘာသာစကားများကို အသုံးပြုနေကြသည့် လူမျိုးစုပြည်နယ်များတွင် နေထိုင်ကြသည့် လူမျိုးစုပြည်သူများ ၎င်းတို့ တစ်ဦးချင်းစီ၏ လစ်ဘရယ် အခွင့်အရေးများ ကျင့်သုံးနိုင်ရေးအတွက် ဆိုခဲ့သည့် လူမျိုးစု၏ ဘာသာစကားကို အထူးအခွင့်အရေးအဖြစ် အစိုးရ ရုံးဌာနများ၊ စာသင်ကျောင်းများ၊ လူထုမီဒီယာများတွင် အသုံးပြုရန် အသိအမှတ်ပြုခြင်းနှင့် ယင်းသို့ အသုံးပြုနိုင်ရန် လိုအပ်သည့် အထောက်အပံ့များ ပေးအပ်ခြင်းများ ပြုလုပ်ရန် လိုအပ်သည်ဟု ဆရာများက ဆိုကြပါသည် (Stepan, Linz, & Yadav, 2010b, pp. 56-57)။ ဤကဲ့သို့သော မူဝါဒမျိုးကို အထက်တွင် ဖော်ပြခဲ့သည့် ပထမမူဝါဒ ဖြစ်သည့် အခွင့်ထူးပေးသည့် စုစည်း-လူမျိုးစု ဖက်ဒရယ်စနစ် ကျင့်သုံးမှသာ လက်တွေ့ အကောင်အထည် ဖော်နိုင်မည်ဖြစ်သည်ဟု ဆရာများက သတိပေးပါသည်။

၃။ သမ္မတ၊ သို့မဟုတ် စပ်ကြား-သမ္မတ စနစ်အစား ပါလီမန် ဒီမိုကရေစီ အစိုးရပုံစံ ကျင့်သုံးရန်၊

သမ္မတ၊ သို့မဟုတ် စပ်ကြားသမ္မတ စနစ်တွင် နိုင်ငံ၏ အမြင့်ဆုံး စီမံခန့်ခွဲမှုအာဏာ တည်ရာဖြစ်သည့် အစိုးရအဖွဲ့ကို နိုင်ငံရှိ လူမျိုးတစ်မျိုးမှ တစ်ဦးသော ပုဂ္ဂိုလ်ကသာ သတ်မှတ်ထားသည့် နှစ်ကာလတစ်ခုအတွင်း ဦးဆောင် စီမံခန့်ခွဲခွင့် ရရှိမည်ဖြစ်သဖြင့် မတူသည့် လူမျိုးများကြား ခွဲဝေကျင့်သုံးနိုင်သည့် နိုင်ငံရေး အဆောက်အဦတစ်ရပ် မဖြစ်နိုင်တော့ပါ။ ဆန့်ကျင်ဘက်အားဖြင့် ပါလီမန် ဒီမိုကရေစီစနစ်တွင် မတူကွဲပြားသည့် လူမျိုးစုများကို အခြေခံ ဖွဲ့စည်းသည့် နိုင်ငံရေးပါတီများလည်း အနိုင်ရနိုင်ခြေ ရှိသဖြင့် ဗဟိုအစိုးရအဖွဲ့သည် မတူကွဲပြားသည့် လူမျိုးစုများကို ကိုယ်စားပြုသည့် နိုင်ငံရေးခေါင်းဆောင်များလည်း (ညွန့်ပေါင်းအစိုးရ ပုံစံဖြင့် ဖြစ်စေ) ပါဝင်ခွင့် ရနိုင်သည့် ခွဲဝေစိတ်ပိုင်းရန် ဖြစ်နိုင်သည့် နိုင်ငံရေး အဆောက်အဦတစ်မျိုး ဖြစ်လာပါသည်။ ထို့အပြင် ညွန့်ပေါင်းအစိုးရများသည် အစိုးရအဖွဲ့တွင် ပါဝင်နေကြသည့် အခြားသော အုပ်စုများ၏ ထောက်ခံမှုကို ထိမ်းထားနိုင်ရန်အတွက် အပေးယူ စေ့စပ်ညှိနှိုင်းမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်နေရမည် ဖြစ်သဖြင့် ပါလီမန် ဒီမိုကရေစီစနစ်က ယင်းအပေးအယူ စေ့စပ်ညှိနှိုင်းမှုများကိုသာမက အစိုးရ၏ စွမ်းဆောင်ရည်ကိုပါ ထိမ်းကျောင်း တည့်မတ်ပေးနိုင်ပါသည်။ သာမန် အခြေအနေမျိုးတွင် ယင်းသို့သော နိုင်ငံလူ့အဖွဲ့အစည်းမျိုးတွင် ပါတီတစ်ခုခုက အပြတ်အသတ် အနိုင်ရနိုင်ခြေ နည်းသဖြင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရန် လွယ်ကူသည့် ပါလီမန် ဒီမိုကရေစီ အစိုးရများသည် နိုင်ငံရေးအားသန်သည့် လူမျိုးစုံ လူ့အဖွဲ့အစည်းများအတွက် နယ်နိမိတ် မပြိုကွဲစေဘဲ၊ တည်ငြိမ်အေးချမ်းမှုကို ဆောင်ကြဉ်းလာနိုင်သည့် အစိုးရစနစ်မျိုး ဖြစ်သည်ဟု ဆရာများက ဆိုကြပါသည်။

၄။ ညွန့်ပေါင်း ဖွဲ့နိုင်သည့် နိုင်ငံရေး ပါတီစနစ်နှင့် အစိုးရ ရာထူးနေရာများကို ဗဟို-ပြည်နယ် မျှဝေနိုင်သည့် အခြေအနေ ဖန်တီးရန်၊

သာမန် အခြေအနေမျိုးတွင် ပါလီမန် ဒီမိုကရေစီစနစ် ကျင့်သုံးသည့် နိုင်ငံရေး သန်စွမ်းသည့် လူမျိုးစုံနိုင်ငံများတွင် နိုင်ငံလုံးဆိုင်ရာ ပါတီကြီးများ အနိုင်ရခဲလှသဖြင့် ပြည်နယ်အခြေစိုက် လူမျိုးစုပါတီများနှင့် အပေးအယူလုပ် ညှိနှိုင်းပြီး ညွန့်ပေါင်း ဖွဲ့ကြရသည်က များပါသည်။ ယင်းသို့ညွန့်ပေါင်းဖွဲ့လိုစိတ် ရှိကြသည့် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေး ခေါင်းဆောင်များ၏ နိုင်ငံရေး တိမ်းညွှတ်မှုကို ဗဟိုအစိုးရအဖွဲ့ကို “မျှဝေနိုင်သည့် နိုင်ငံရေး ကိုယ်ထည်” (sharable political goods) ဖြစ်လာစေနိုင်သည့် ပါလီမန် ဒီမိုကရေစီစနစ်မျိုးတွင်သာ အကောင်အထည် ဖော်နိုင်မည် ဖြစ်ပါသည်။ အထက်တွင် ဆိုခဲ့သည့်အတိုင်း သမ္မတ သို့မဟုတ် စပ်ကြားသမ္မတ စနစ်တွင် နိုင်ငံလုံးဆိုင်ရာ ပါတီကြီးတစ်ခုခုမှ သမ္မတ တစ်ဦးတည်း၏ သဘောဆန္ဒဖြင့် ဗဟိုအစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ကြသည် ဖြစ်၍ ဆိုခဲ့သည့် နိုင်ငံရေးကိုယ်ထည်ကို သာမန်အားဖြင့် အခြားပြည်နယ် အခြေစိုက် ပါတီများသို့ ဝေမျှပေးရန် သဘောတရားအရ လိုအပ်မနေပါ။ သမ္မတအဖြစ် အနိုင်ရသည့် နိုင်ငံလုံးဆိုင်ရာ ပါတီကြီး၏ မေတ္တာ၊ စေတနာအပေါ်တွင်သာ လုံးလုံးလျားလျား အားကိုး အမှီပြုရမည့်သဘော ဖြစ်ပါသည်။ အခြားတစ်ဘက်တွင် နိုင်ငံလုံးဆိုင်ရာ ပါတီကြီးများက အစိုးရဖွဲ့နိုင်ရေးအတွက် ပြည်နယ်အခြေစိုက် မဟာမိတ်ပါတီများနှင့် ညွန့်ပေါင်း ဖွဲ့ကြရသည့် အခြေအနေမျိုး၊ သို့မဟုတ် ပြောင်းပြန်အားဖြင့် သက်ဆိုင်ရာ ပြည်နယ်များတွင် ပြည်နယ်အခြေစိုက် ပါတီများက အစိုးရဖွဲ့နိုင်ရေးအတွက် နိုင်ငံလုံးဆိုင်ရာ ပါတီကြီးများ၏ အကူအညီ ရယူကြရသည့် အနေအထားမျိုးသို့ ရောက်လာလျှင် ဆိုခဲ့သည့် ခွဲထွက်ရေး အားသန်သည် ဆိုသည့် ပြည်နယ်အခြေစိုက် ပါတီများသည် တစ်နိုင်ငံလုံးအတွက် သတ်မှတ်ထားသည့် စည်းမျဉ်းဥပဒေသများကို နိုင်ငံလုံးဆိုင်ရာ ပါတီများနည်းတူ ပုံမှန်လက်ခံ သဘောတူကြရသည်ဖြစ်၍ ဗဟို တိမ်းညွတ်သည့် ပြည်နယ်အခြေစိုက် ပါတီများ ဖြစ်လာမည် ဖြစ်ပါသည်။

ယင်းသို့ နိုင်ငံလုံးဆိုင်ရာ ပါတီကြီးများနှင့် ပြည်နယ်အခြေစိုက် ပါတီများအား ညွန့်ပေါင်းဖွဲ့ရန် အခြေအနေ ဖန်တီးပေးနိုင်သည့် ပါတီစနစ် (party system) ကို လူမျိုးစု ဖက်ဒရယ်စနစ် ကျင့်သုံးသည့် ပါလီမန် ဒီမိုကရေစီ စနစ်မျိုးတွင်သာ လက်တွေ့ အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါသည်။

၅။ ကွဲပြားသည့် လူမှု-ယဉ်ကျေးမှု ဖျက်သိမ်း၊ ဝါးမျို၊ သိမ်းသွင်းရေး မဟုတ်သည့် နိုင်ငံရေးအရ ပျိုးထောင်စုစည်းရေး မူဝါဒများ ချမှတ် အကောင်အထည် ဖော်ရန်၊

မတူကွဲပြားသည့် လူမျိုးစုများကြား နိုင်ငံရေးအရ စုစည်းရေးကို လူမှု-ယဉ်ကျေးမှု စုစည်းရေးဖြစ်စဉ်နှင့် သီးခြားကင်းလွတ်စွာ ဆောင်ရွက်ရန် အရေးကြီးသည်ဟု ဆရာများက ဆိုကြပါသည်။ ပြည်ထောင်များ၏ နိုင်ငံအားလုံးတို့တွင် လူမှု-ယဉ်ကျေးမှု မတူကြသည့် အထူးသဖြင့် လူမျိုးနှင့် ဘာသာစကား ကွဲပြားကြသည့် လူမျိုးစုများသည် ၎င်းတို့ သက်ဆိုင်ရာ ပြည်နယ်များတွင် ၎င်းတို့ လူမျိုး၏ ဘာသာစကား အခြေခံဖြင့် ပညာသင်ကြားကြပြီး ၎င်းတို့၏ ဘာသာစကားကိုပင် ရုံးသုံးဘာသာအဖြစ် ပြဌာန်း အသုံးပြုခွင့်ကဲ့သို့သော အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျင့်သုံးကြသည်ဖြစ်၍ လူမျိုး၊ လူမှု-ယဉ်ကျေးမှုအရ လူများစု လူမျိုးကြီးအဖြစ်သို့ လုံးလုံး အသွင်ပြောင်း ဝါးမျိုခံရမည့် အနေအထားမျိုးသို့ မရောက်ရှိနိုင်တော့ပါ။ ယင်းသို့အားဖြင့် တစ်ပြိုင်နက်တည်းတွင် နိုင်ငံလုံးဆိုင်ရာ အစိုးရအမှုထမ်း၊ အရာထမ်း၊ ရာထူးဌာနန္တရများတွင်လည်း လူမျိုးစုပြည်နယ်များမှ အရည်အချင်း ပြည့်မီသူများ လက်လှမ်းမီနိုင်သည့် အခြေအနေမျိုးကိုလည်း ဖန်တီးပေးရာလည်း ရောက်ပါသည်။ အိန္ဒိယတွင် အင်္ဂလိပ်ဘာသာကို တစ်နိုင်ငံလုံးတွင် ကျင့်သုံးသည့် ရုံးသုံး ဘာသာစကားအဖြစ် ပူးတွဲ သတ်မှတ်ထားပါသည်။ သို့အတွက် လူများစုလူမျိုး၏ ဘာသာစကားဖြစ်သည့် ဟင်ဒီဘာသာ မတတ်ကျွမ်းသူ လူမျိုးစုပြည်နယ်များမှ အရည်အချင်း ပြည့်မီသူများကို အစိုးရဌာနများ၏ အကြီးအကဲ ရာထူးများဖြစ်သည့် ဥပဒေနှင့် တရားစီရင်ရေး၊ သတင်းအချက်အလက် ဆက်သွယ်ရေး၊ စီးပွားရေး စီမံခန့်ခွဲမှု၊ ပြည်ထောင်စု အရာထမ်းတို့ ကဲ့သို့သော နိုင်ငံလုံးဆိုင်ရာ ရာထူးများကို ယှဉ်ပြိုင် ရယူလာနိုင်စေပါသည်။ ဟင်ဒီဘာသာ မတတ်သဖြင့် ရှေ့တက်လမ်း ပိတ်ဆို့သွားသည်မျိုး မရှိတော့ပါ။ သို့အတွက် ယင်းသို့ နိုင်ငံလုံးနှင့် ဆိုင်သည့် ရာထူးဌာနန္တရများတွင် နေရာရနိုင်သည့် လူမျိုးစုဝင်များ နိုင်ငံလုံးဆိုင်ရာ အဝန်းအဝိုင်းကွန်ရက် စွန့်ခွါလိုစိတ်ကို လျော့နည်း ပပျောက်လာစေသည့် တပြိုင်နက်တည်းတွင် ပြည်ထောင်စု၏ အင်စတီကျူးရှင်းများအပေါ် ခင်တွယ်စိတ်ကိုလည်း တစ်ဆင့်ထက် တစ်ဆင့် ပိုမိုခိုင်မြဲ လာစေမည်ဖြစ်ပါသည်။ အကယ်၍သာ အထက်တွင် ဆိုခဲ့သည့်အတိုင်း ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီများနှင့် နိုင်ငံလုံးဆိုင်ရာ ပါတီကြီးများအကြား ဗဟိုနှင့် ပြည်နယ်အဆင့် အစိုးရများညွန့်ပေါင်းဖွဲ့ရာတွင် အပြန်အလှန် အထောက်အကူ ပြုနိုင်စေသည့် အခြေအနေမျိုး ရှိလာလျှင် လူနည်းစု လူမျိုးစုဝင်များ နိုင်ငံလုံးဆိုင်ရာ ရာထူးဌာနန္တရများကို ပုဂ္ဂိုလ်အရည်အချင်းအလျောက် လက်လှမ်းမီ ရယူနိုင်ကြသည့် အခြေအနေမျိုး ရှိလာလျှင် လူနည်းစု လူမျိုးများက ၎င်းတို့ မှီတင်း နေထိုင်ကြသည့် ပြည်ထောင်များ၏ နိုင်ငံက ၎င်းတို့၏ လူမျိုးစုဆိုင်ရာ အခွင့်အရေးများကို အထောက်အပံ့ပေး အကာအကွယ်ပြုသည်ဟု မြင်လာကြမည် ဖြစ်ပါသည်။ ယင်းသို့သော အခြေအနေမျိုး ရောက်မှသာ နိုင်ငံရေး အားသန်သည့် လူမျိုးစုများကို ဆိုခဲ့သည့် ပြည်ထောင်များ၏ နိုင်ငံ၏ နိုင်ငံသားများအဖြစ် နိုင်ငံရေးအရ စုစည်းနိုင်သည့် အခြေအနေသို့ ရောက်ရှိနိုင်မည် ဖြစ်ပါသည်။

၆။ လူမှု-ယဉ်ကျေးမှုအပေါ် အခြေခံသည့် မျိုးချစ်များက ခွဲထွက်လိုစိတ် ပြင်းထန်သည့် မျိုးချစ်များကို ဆန့်ကျင်သည့် နိုင်ငံရေးဝန်းကျင် ဖန်တီးဖြစ်ပေါ်လာစေရန်၊

အမျိုးသားရေးဝါဒသည် အခြေခံအားဖြင့် “နိုင်ငံရေးနှင့် လူမျိုးရေး ယူနစ်များသည် တစ်ထပ်တည်းကျ တူညီရန် လိုသည်”ဆိုသည့် အကောက်အယူအပေါ် အခြေပြုသည့် နိုင်ငံရေး သဘောတရား တစ်ရပ်ဖြစ်သည်။ အမျိုးသားရေး ခံစားချက်ဟု ဆိုရာ၌လည်း ဆိုခဲ့သည့် သဘောတရား အကောက်အယူပါ အခြေအနေကို သွေဖီချိုးဖောက် ခံရသည်ဟု ခံစားရရာမှ ပေါ်ထွက်လာသည့် ဒေါသတရား တစ်မျိုးဖြစ်သည်။ ယင်းသို့သော အမျိုးသားရေးဝါဒတွင် မြစ်ဖျားခံသည့် အမျိုးသားရေး ခံစားချက်ပေါ်တွင် အခြေပြု ပေါက်ဖွားလာလေ့ ရှိသည့် အမျိုးသားရေးလှုပ်ရှားမှု တို့သည် အဆုံးတွင် ခွဲထွက်ရေးသို့ ဦးတည်သည်ချည်း ဖြစ်ခဲ့ပါသည်။ သို့ရာတွင် အထက်တွင် ဖော်ပြခဲ့သည့် ပြည်ထောင်များ၏ နိုင်ငံတည်ထောင်ရေး မူဝါဒအဆင့်ဆင့်ကို ချမှတ် အကောင်အထည်ဖော်နိုင်ပါက နိုင်ငံရေးအားသန်သည့် လူမျိုးစုံ လူ့အဖွဲ့အစည်းများအတွင်း ခွဲထွက်လိုစိတ် ပြင်းထန်သည့် မျိုးချစ်များကို လူမှု-ယဉ်ကျေးမှုအပေါ် အခြေခံသည့် မျိုးချစ်များက “လူမှု-ယဉ်ကျေးမှုအပေါ် အခြေပြုသည့် အမျိုးသားရေး လှုပ်ရှားမှု” (cultural-natioanlist moverment) များမှတဆင့် ခုခံ ဆန့်ကျင်ကြသည့် အနေအထားမျိုး ဖြစ်ပေါ်လာမည် ဖြစ်ပါသည်။ ယင်းတွင် အထက်တွင် အဆိုပြုခဲ့သည့် ပါလီမန် ဒီမိုကရေစီစနစ် အခြေခံပေါ်တွင် အခွင့်ထူးပေးသည့် လူမျိုးစု စုစည်း-ဖက်ဒရယ်စနစ် ကျင့်သုံးခြင်း၊ လူနည်းစု လူမျိုးစုများအား ၎င်းတို့ပြည်နယ်များ၏ ဒီမိုကရက်တစ် နိုင်ငံရေးကို စီမံဆုံးဖြတ်ခွင့် ရစေခြင်း၊ ဗဟို-ပြည်နယ်နိုင်ငံရေး အုပ်စုများကြား အပြန်အလှန် အထောက်အကူ ပြုသည့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ကြသည့် နိုင်ငံရေးဝန်းကျင် ဖန်တီးပေးခြင်းနှင့် လူမျိုးစုပြည်သူများကို ၎င်းတို့ဆိုင်ရာ ယဉ်ကျေးမှု၊ ဘာသာစကား၊ လူမျိုးစု သမိုင်းမှန်များအပေါ် အခြေပြုပြီး ပညာသင်ကြားနိုင်ရန် အထောက်အပံ့ပေး တည်ဆောက်ခြင်းနှင့် နိုင်ငံလုံးဆိုင်ရာ ရာထူးဌာနန္တရများ ယှဉ်ပြိုင်ရယူနိုင်သည့် အခြေအနေများ ဖန်တီးပေးခြင်းအားဖြင့် ဆိုခဲ့သည့် အခြေအနေမျိုးကို ဖန်တီးနိုင်ပါသည်။ အကယ်၍သာ မိမိတို့ဆိုင်ရာ လူမျိုးစု လူ့အဖွဲ့အစည်းများတွင် ဆိုခဲ့သည့် လူမှု-ယဉ်ကျေးမှု အမျိုးသားရေးဝါဒီများ အာဏာရနေပါက ခွဲထွက်ရေး အမျိုးသားဝါဒီများ၏ ခွဲထွက်ရေး လှုပ်ရှားမှုများကို ၎င်းတို့ ရရှိခံစားနေကြသည့် လူမျိုး၊ လူမှု-ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီးပွားရေး အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် ၎င်းတို့တွင် ရှိသည့် နိုင်ငံရေးနှင့် လုံခြုံရေးအင်အားများ အပါအဝင် အခြားသော အရင်းအမြစ်များ ပုံအောသုံး ဆန့်ကျင်ကြမည်မှာ မလွဲပါဟု ဆရာ လင့်၊ စတီဗင်နှင့် ယာဒက်ဗ်တို့က ဆိုကြပါသည်။ ၁၉၄၉ ခုနှစ် ကရင်နှင့် မွန်လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့များ မော်လမြိုင်မြို့ကို သိမ်းပိုက်ထားခဲ့စဉ်က ကချင်သေနတ်ကိုင် တပ်ရင်းက မွန်နှင့် ကရင်တပ်များကို တိုက်ထုတ်ရာတွင် အစိုးရဘက်မှနေ၍ အဓိက တိုက်အားအဖြစ် ပါဝင်ခဲ့ယုံမျှမက မွန် ခွဲထွက်ရေးလှုပ်ရှားမှု အားကောင်းသည့် ကမာဝက်ကဲ့သို့သော ရွာကြီးများကို အင်အားသုံး အကြမ်းဖက် ဖိနှိပ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း အစရှိသည့် လုပ်ရပ်များ ကျူးလွန်ခဲ့ကြသည့်အပေါ် ကချင်ခေါင်းဆောင် တစ်ဦး၏ အောက်ပါ ရှင်းပြချက်မှာ စိတ်ဝင်စားစရာ ကောင်းလှပါသည်။ “ကချင်ဟာ ပင်လုံစာချုပ်မှာ လက်မှတ် ရေးထိုးထားတဲ့ လူမျိုးစုပြည်နယ် တစ်ခုဖြစ်တယ်၊ ဒါကြောင့် ပင်လုံစာချုပ်အရ ဖြစ်ပေါ်လာတဲ့ ပြည်ထောင်စုနိုင်ငံကို ကာကွယ်ဖို့ ကချင်မှာ တာဝန်ရှိတယ်။ အဲဒီတုန်းက ကရင်တွေနဲ့ မွန်တွေရဲ့ လုပ်ရပ်ဟာ ပြည်ထောင်စုကို ပြိုကွဲစေတဲ့ လုပ်ရပ်ဖြစ်တယ်။ ဒါကြောင့် ကချင်က ကရင်နဲ့ မွန်တပ်တွေကို အစိုးဘက်ကနေ ဝင်တိုက်ခဲ့တာ ဖြစ်တယ်” ဟူသတတ်။

၇။ ကွဲပြားခြားနားသော်လည်း အပြန်အလှန် အထောက်အကူပြု ဖြည့်ဆည်းကြသည့် အမျိုးသား အမှတ်အသားသရုပ်များ ရှင်သန်စေသည့် အခြေအနေများ ဖြစ်ပေါ်လာခြင်း၊

အထက်တွင် ဆိုခဲ့သည့် ပြည်ထောင်များ၏ နိုင်ငံတည်ထောင်ရေးမူဝါဒ ခြောက်ချက်အပေါ် အခြေပြု တည်ထောင်သည့် နိုင်ငံစနစ်မျိုး အောက်တွင်သာ ခွဲထွက်ရေး ပြဿနာများနှင့် လူမျိုးရေး ပဋိပက္ခများကို ဖြေရှင်းနိုင်သည့် ရေရှည် တည်တံ့သည့် နိုင်ငံရေးအဖြေကို ရနိုင်ကြမည် ဖြစ်ပါသည်။ လူမျိုးစုပြည်နယ်များမှ ခေါင်းဆောင်များနှင့် အများပြည်သူတို့အနေဖြင့် ၎င်းတို့နှင့် အနီးကပ်တိုက်ရိုက် သက်ဆိုင်သည့် ပြည်နယ်ဒေသကို သာမက၊ နိုင်ငံတစ်ခုလုံး၏ ကျေးဇူးသစ္စာကို စောင့်သိလာကြမည့်အပြင် နိုင်ငံချစ်စိတ်နှင့် နိုင်ငံဖွဲ့စည်းပုံအပေါ် အခြေပြုသည့် မျိုးချစ်စိတ်လည်း အမှန်တကယ် ထက်သန်လာမည် ဖြစ်ပါသည်။ သို့မှသာ လူမျိုးစုပြည်သူများ အနေဖြင့် နိုင်ငံလုံးဆိုင်ရာ ဗဟိုအစိုးရနှင့် အင်စတီကျူးရှင်းများအပေါ် ယုံကြည်အားထားစိတ် ဝင်လာနိုင်ကြမည် ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံ၏ သမိုင်းဖြစ်စဉ်တွင် နိုင်ငံလူ့အဖွဲ့အစည်းအများစုတွင် ဖြစ်ပေါ်လေ့ရှိသည့် လူမျိုးတုံး သတ်ဖြတ်ခဲ့မှုများ အပါအဝင် ဆိုးရွားပြင်းထန်သည့် လူမျိုးရေး ပဋိပက္ခများ၏ အကျိုးဆက်ဆိုးများကို ဘေးဖယ်ထားပြီး ကိုလိုနီလက်အောက်မှ အတူတကွ လွတ်မြောက်လာခဲ့မှု၊ ရန်ုလိုသော အိမ်နီးချင်းနိုင်ငံများ၏ ရန်သတ္တရုပြု ခြိမ်းခြောက်မှုများမှ အကာအကွယ် ရနေမှု၊ ပိုမိုကျယ်ပြန့်သည့် စီးပွားရေးဈေးကွက်မှ အကျိုးအမြတ်များ ရနေမှု အစရှိသည့် ကောင်းကျိုးတရားများကို မျက်မှောက်ပြုကာ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးတွင် အင်တိုက်အားတိုက် ပါဝင်လာကြမည် ဖြစ်ပါသည်။

■ အိန္ဒိယပြည်ထောင်များ၏ အခွင့်ထူးပေးသည့် လူမျိုးစု-ဖက်ဒရယ်နိုင်ငံ

အိန္ဒိယပြည်ထောင်များ၏ နိုင်ငံကို မတော်တဆ၊ သို့မဟုတ် ပြဿနာများ ကြုံတွေ့ပြီးမှ ပေါ်လာသည့် စိတ်ကူးတည့်ရာ ဖြေရှင်းမှုမျိုးဖြင့် တည်ထောင်ခဲ့ကြခြင်း မဟုတ်ပါ။ ၁၉၄၇ ခုနှစ် ဗြိတိသျှတို့ ထွက်ခွာမသွားမီ ဆယ်စုနှစ် များစွာကတည်းက အိန္ဒိယခေါင်းဆောင် အများစု အမြော်အမြင်ကြီးစွာဖြင့် ပြည်ထောင်များ၏ အိန္ဒိယနိုင်ငံ တည်ထောင်ရန်အတွက် အစီအမံများကို ရည်ရွယ်ရင်း ရှိရှိဖြင့် ချမှတ်ခဲ့ကြပြီး အိန္ဒိိယလူမျိုးစု-ဖက်ဒရယ်နိုင်ငံကို အခက်အခဲ အမျိုးမျိုးကြားမှ ပေးဆပ်မှုမျိုးစုံဖြင့် မဖြစ်မနေ တည်ထောင်ခဲ့ကြခြင်း ဖြစ်ပါသည်။ ၁၉၂၀ ပြည့်နှစ်များ ကတည်းက ဗြိတိသျှ ဆိုင်မွန်ကော်မရှင်၏ အစီရင်ခံချက်အပေါ် အခြေပြု ရေးဆွဲမည့် လွတ်လပ်သည့် အိန္ဒိယနိုင်ငံအတွက် ဖွဲ့စည်းအခြေခံဥပဒေကို အိန္ဒိယခေါင်းဆောင်များ ပယ်ချခဲ့ကြပြီး မိုတီလယ် နေရူး (အိန္ဒိယနိုင်ငံ၏ ပထမဦးဆုံး ဝန်ကြီးချုပ် ဂျဝါဟလာနေရူး၏ ဖခင်) ဦးဆောင်သည့် လွတ်လပ်သည့် ကော်မရှင်အသစ် တစ်ရပ်ကို ၎င်းတို့ဘာသာ သီးခြားဖွဲ့စည်းခဲ့ကြပါသည်။ ၁၉၂၈ ခုနှစ်တွင် ပါတီပေါင်းစုံသို့ တင်ပြခဲ့သည့် နေရူးကော်မရှင် အစီရင်ခံစာသည် ၁၉၅၀ ပြည့်နှစ် ဖက်ဒရယ် အိန္ဒိယဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ထောက်ရာ၊ တည်ရာ ရေခံမြေခံ ဖြစ်ပါသည်။ ဥပမာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃ တွင်ဖော်ပြထားသည့် “အိန္ဒိယ ဓနသဟာယ နယ်မြေအပိုင်းအခြားအတွင်း မွေးဖွားသူ၊ သို့မဟုတ် ယင်းသို့ မွေးဖွားသည့်၊ သို့မဟုတ် ဥပဒေနှင့်အညီ နိုင်ငံသား ဖြစ်လာသည့်ဖခင်မှ မွေးဖွားသူတိုင်း”ဟူသည့် အိန္ဒိယနိုင်ငံသားဆိုင်ရာ အဓိပ္ပာယ်သတ်မှတ်ချက်သည် နေရူးကော်မရှင်က အဆိုပြုခဲ့သည့်အတိုင်း ဖြစ်ပါသည်။ အလားတူပင် အိန္ဒိယတွင် ပါလီမန်အစိုးရ စနစ်ကို ကျင့်သုံးသည် (ပုဒ်မ-၅)၊ လွှတ်တော်နှစ်ရပ်စနစ် ထားရှိ ကျင့်သုံးသည် (ပုဒ်မ-၈)နှင့် ဖက်ဒရယ်စနစ် ကျင့်သုံးသည် (ပုဒ်မ-၉) တို့သည်လည်း ဆိုခဲ့ပါ ကော်မရှင်က အဆိုပြုသည့် အကြံပြုချက်များအတိုင်း ရေးဆွဲထားခြင်း ဖြစ်ပါသည်။

ထို့အပြင် အိန္ဒိယနိုင်ငံတွင် တစ်ပြည်ထောင် အမျိုးသားနိုင်ငံ တည်ထောင်ရေးကို ရှေ့နေလိုက်ကြသည့် ပညာရှင်များနှင့် လက်တွေ့ အကောင်အထည်ဖော်သူများ တစ်စိုက်မတ်မတ် ကျားကျားမီးယပ် အကြာင်းပြ ပြောဆိုနေကြသည့် လူမျိုးစုဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ထောင်ရန် အဟန့်အတားဖြစ်စေသည်ဆိုသည့် အင်္ဂါရပ်များဖြင့် ပြည့်နှက်နေပါသည်။ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု အလွန်အမင်း ကွဲပြားနေသည့်အပြင် ဒေသအများစု အထူးသဖြင့် လူမျိုးစု ဒေသအများစုတွင် စီးပွားရေးအရ ဖွံ့ဖြိုးမှု နောက်ကျကျန်ရစ်နေသည့် နိုင်ငံလည်း ဖြစ်ပါသည်။ ဖက်ဒရယ်စနစ် ကျင့်သုံးသည် ဖြစ်စေ၊ တစ်ပြည်ထောင်စနစ် ကျင့်သုံးသည် ဖြစ်စေ နိုင်ငံရေး ထက်သန်သည့် အားကောင်းမောင်းသန် လူမျိုးစုံ၊ လူမှု-ယဉ်ကျေးမှုစုံ လူ့အဖွဲ့အစည်းများတွင် ဘာသာစကားသည် အရေးကြီးသည့် ပြဿနာတစ်ရပ် ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ် အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရသည့်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူများစုလူမျိုးက အသုံးပြုသည့် ဟင်ဒီဘာသာစကားအပြင် လူဦးရေ ၁၃ သန်းအထက် အသုံးပြုနေသည့် ဘာသာစကား ၁၁ မျိုး ရှိပါသည် (Dasgupta, 1970, pp. 31-68)။ အများစုမှာ သီးခြားကိုယ်ပိုင် အက္ခရာများလည်း ရှိကြပါသည်။ ထို့အပြင် အိန္ဒိယသည် ကမ္ဘာပေါ်ရှိ ဘာသာတရားအားလုံး နီးပါးကို ကိုးကွယ်ယုံကြည်သည့် ဘာသာကိုးကွယ် ယုံကြည်မှုဆိုင်ရာ ကွဲပြားမှု အကြီးမားဆုံး နိုင်ငံတစ်ခုလည်း ဖြစ်ပါသည်။ ဘာသာကြီးများဖြစ်သည့် ဟိန္ဒူ၊ ဗုဒ္ဓ၊ ဆစ်ခ်၊ ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာ ကိုးကွယ်သူ ထုနှင့်ထည်နှင့် ရှိကြပြီး ၂၀၀၉ ခုနှစ် စာရင်းအရ အစ္စလာမ်ဘာသာ ကိုးကွယ်သူ ၁၆၁ သန်းဖြင့် ကမ္ဘာ့ တတိယ အစ္စလာမ်ဘာသာ ကိုးကွယ်သူ အများဆုံးနေထိုင်သည့် နိုင်ငံဖြစ်ပါသည်။ ထိုမျှမက အိန္ဒိယသည် အခြားလူမျိုးစု ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံများ ဖြစ်ကြသည့် ဘယ်လ်ဂျီယမ်၊ ကနေဒါနှင့် စပိန်နိုင်ငံများကဲ့သို့ တစ်ဦးချင်း ဝင်ငွေမြင့်မားသည့် နိုင်ငံမဟုတ်ပါ။ ယခုတိုင် ဖွံ့ဖြိုးဆဲနိုင်ငံ အဆင့်တွင်သာ ရုန်းကန်နေရဆဲ ဖြစ်ပါသည်။ ဆိုခဲ့သည့် လူမျိုးစု ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေးကို အဟန့်အတား ဖြစ်နေစေသည်ဟု ဆိုကြသည့် အကြောင်းခံများနှင့် ပြည့်နှက်နေသည့် အိန္ဒိယ လူ့အဖွဲ့အစည်းကို အိန္ဒိယ၏ အမြော်အမြင်ရှိသည့် ခေါင်းဆောင်များက ယနေ့အထိ နှိုင်းယှဉ်ချက်အရ ငြိမ်းချမ်း တည်ငြိမ်သည့် ပြည်ထောင်များ၏ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံအဖြစ် စိတ်ကူးပုံဖော်၊ အပေးအယူလုပ် စေ့စပ်ညှိနှိုင်းသည့်နည်းဖြင့် အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ကြခြင်း ဖြစ်ပါသည်။

သို့ရာတွင် အိန္ဒိယပြည်ထောင်များ၏ လူမျိုးစု ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကို အလွယ်တကူ တည်ထောင်နိုင်ခဲ့ကြသည် မဟုတ်ပါ။ အမှားအယွင်းများစွာ၊ အခက်အခဲများစွာကို တန်ကြေးများ ပေးဆပ်ပြီး၊ ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်ဖြတ်ပြီး နောက်တွင်မှ တည်ထောင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ၁၉၂၁ ခုနှစ် မဒရပ်စ်တွင် ကျင်းပခဲ့သည့် အိန္ဒိယ အမျိုးသားကွန်ဂရက်တွင် လူမျိုးစုများ စုစည်းချပ်ရပ် နေထိုင်ကြသည့် နယ်မြေဒေသများကို သက်ဆိုင်ရာ လူမျိုးများ၏ သဘောဆန္ဒအတိုင်း ပြည်နယ်နယ်နိမိတ်များ ပြန်လည်ပိုင်းခြား သတ်မှတ်ရန်နှင့် အခြေအနေအရ လိုအပ်သည့် ပြည်နယ်များအား အခွင့်ထူးပေးသည့် ပြည်နယ်များအဖြစ် တည်ထောင်ပြီး (ပုဒ်မ ၈၆)၊ ထိုပြည်နယ်များနှင့် လူများစု ဟင်ဒီများ နေထိုင်သည့် ဒေသများကို စုစည်းကာ စုစည်း-လူမျိုးစု ဖက်ဒရယ်နိုင်ငံ ဖွဲ့စည်းပုံဖြင့် အိန္ဒိယနိုင်ငံကို တည်ထောင်ရန် နေရူးကော်မရှင်၏ အဆိုပြုထောက်ခံချက်ကို ဆိုခဲ့သည့် ကွန်ဂရက်က တခဲနက် ထောက်ခံခဲ့သော်လည်း အိန္ဒိယ လွတ်လပ်ရေးရပြီး ၁၀ နှစ်ကြာလာသည့် ၁၉၅၇ ခုနှစ်ရောက်မှသာ လူမျိုးအပေါ် အခြေခံသည့် ပြည်နယ် နယ်နိမိတ်များ ပြန်လည် သတ်မှတ်နိုင်ခဲ့ပြီး သက်ဆိုင်ရာ ဒေသခံ လူများစုလူမျိုး၏ ဘာသာစကားကို ရုံးသုံး ဘာသာစကားအဖြစ် အသုံးပြုသည့် အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် ရှိသည့် ပြည်နယ်များအဖြစ် တည်ထောင်နိုင်ခဲ့ကြပါသည်။ ယခု အိန္ဒိယနိုင်ငံတွင် ယင်းသို့ လူမျိုးစုများ ချပ်ရပ် နေထိုင်သည့် ဒေသအပေါ် အခြေခံပြီး ပြန်လည် ပိုင်းခြားထားသည့်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် လူမျိုးဆိုင်ရာအခွင့်ထူးများ အပ်နှင်းထားသည့် အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ပြည်နယ် ၂၂ ပြည်နယ် ရှိပါသည်။ ထိုမျှမက သက်ဆိုင်ရာ လူမျိုးစု၏ ထူးခြားသည့် အခြေအနေအရ အခွင့်ထူးပေးရန် လိုအပ်သည့် ပြည်နယ်များ၊ ဥပမာ မီဇိုရာမ်ကဲ့သို့ ကျယ်ပြောလှသည့် စိုက်ပျိုးမြေရှိပြီး သီးခြားနိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုနှင့် လူမှု-ယဉ်ကျေးမှုရှိသည့် ပြည်နယ်အတွက် ပြည်နယ် ရွေးကောက်ပွဲများတွင် မီဇိုများသာ မဲပေးခွင့် ရှိရန်နှင့် မီဇိုများသာ မြေယာပိုင်ဆိုင်ခွင့် ရှိရန်ကဲ့သို့သော အခွင့်ထူးများ သဘောတူပေးအပ်ရေးမှာ ပြဿနာမျိုးစုံနှင့် ရင်ဆိုင်ခဲ့ကြရပြီး ၁၉၈၆ ခုနှစ်ကျမှသာ “မီဇိုသဘောတူညီချက်” (1986 Mizo Agreement) ဖြင့် အခွင့်ထူးပေး တည်ထောင်နိုင်ခဲ့ကြပါသည်။ ယင်းသို့သော ဖြေရှင်းမှုမျိုးက ဆယ်စုနှစ်များစွာ ဖြစ်ပွားနေခဲ့သည့် မီဇို ခွဲထွက်ရေး လက်နက်ကိုင်လှုပ်ရှားမှုကို အဆုံးသတ်စေခဲ့ပါသည်။

ဘာသာတရား ကိုးကွယ်ယုံကြည်မှုနှင့် ပတ်သက်၍လည်း နေရူးကော်မရှင်၏ ထောက်ခံ အကြံပြုချက်နှင့် အဆက်ဆက်သော အိန္ဒိယခေါင်းဆောင်များ၏ အမြော်အမြင် ကြီးမားပုံနှင့် လက်တွေ့ကျစွာ ဆုံးဖြတ် ဆောင်ရွက်ခဲ့ပုံမှာ လေးစား အတုယူဖွယ် ဖြစ်ပါသည်။ နေရူး အစီရင်ခံစာနှင့် အိန္ဒိယခေါင်းဆောင်များ အိန္ဒိယတွင် အမှန်တကကယ် တည်ရှိနေသည့် ဘာသာရေးဆိုင်ရာ ကွဲလွဲမှုကို အရှိအတိုင်း လက်ခံပြီး တည့်မတ်စွာ ရင်ဆိုင်ခဲ့ကြပါသည်။ လူများစုလူမျိုးက ကိုးကွယ်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် မည်သည့် ဘာသာတရားကိုမျှ နိုင်ငံ၏ ဘာသာအဖြစ် ပြဌာန်းခြင်းကို တားမြစ်ထားပါသည်။ တစ်ဘက်တွင် ဘာသာတရား အားလုံးကို တန်းတူ အသိအမှတ်ပြုပြီး ဘာသာရေး အဖွဲ့အစည်းများ၊ အများပြည်သူတို့၏ လူမှုရေးဝန်ဆောင်မှုနှင့် ဆက်နွယ်သည့် ဥပမာအားဖြင့် ပညာရေး ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများ လှုပ်ရှားဆောင်ရွက်မှုများအတွက် အထောက်အပံ့ ပေးပါသည်။ ဆွီဒင်၊ ဒိန်းမတ်၊ နော်ဝေနှင့် ဂျာမနီ ကဲ့သို့သော အနောက်ဥရောပ နိုင်ငံများတွင် ခရစ်ယာန်ဘာသာ အထွဋ်အမြတ်ဆိုင်ရာ နေ့များနှင့် ဆက်နွယ်သော ပြန်တမ်းဝင် ရုံးပိတ်ရက် ၃၉ ရက်စီ ရှိသော်လည်း အခြား ခရစ်ယာန် မဟုတ်သည့် ဘာသာဝင်များအတွက် ယင်းသို့သော ရုံးပိတ်ရက်မျိုး တစ်ရက်မျှ မရှိပါ။ အိန္ဒိယတွင် လူများစု ဟိန္ဒူဘာသာဝင်များအတွက် ဘာသာရေး ရုံးပိတ်ရက် ငါးရက် ရှိစဉ်တွင် အခြားဘာသာဝင်များအတွက် ဘာသာရေး ရုံးပိတ်ရက် ၁၀ ရက်ရှိပြီး ယင်းအနက် ငါးရက်မှာ အစ္စလာမ် ဘာသာဝင်များ၏ ဘာသာရေးဆိုင်ရာ အထွဋ်အမြတ်ရက်များနှင့် သက်ဆိုင်ပါသည်။ ယင်းသို့သော ဘာသာရေးဆိုင်ရာ သမာသမတ်ကျမှုကို ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် အကာအကွယ်ပြုထားသဖြင့် မည်သည့် လူပုဂ္ဂိုလ်၊ နိုင်ငံရေးအဖွဲ့အစည်းကမှ မိမိတို့ ကိုယ်စားပြုသည့် ဘာသာတရားကို ဦးစားပေး အထောက်အကူပြုသည့် လုပ်ရပ်မျိုးကို မလုပ်ဆောင်နိုင်တော့ပါ။ ဥပမာအားဖြင့် ဟိန္ဒူ အမျိုးသားရေးဝါဒအပေါ် အဓိကထား အခြေပြုသည့် ဘရာတိယဂျာနာတာပါတီ ရွေးကောက်ပွဲ အနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့သည့် ကာလမျိုးတွင်ပင် အစ္စလာမ်ဘာသာဝင်များ အထွဋ်အမြတ် ပြုကြသည့် မက္ကာဘုရားဖူးခရီးစဉ်အတွက် အစိုးရမှ ထောက်ပံ့ကြေးပေးသည့် အစီအစဉ်ကို ဖျက်သိမ်းခြင်း မပြုခဲ့ပါ။ ချုံ့၍ဆိုရလျှင် ယင်းသို့သော ပြည်ထောင်များ၏ နိုင်ငံဖွဲ့စည်းပုံမျိုးဖြင့် အိန္ဒိယ၏ ကွဲပြားမှုကြီးမားလှသည့် လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုနှင့် စီပွားရေး လူတန်းစား အလွှာပေါင်းစုံကို အိန္ဒိယနိုင်ငံ နယ်နိမိတ်အတွင်း အတူတကွ စုစည်းကာ အခွင့်ထူးပေးသည့် လူမျိုးစုဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကို တည်ထောင်ခဲ့ကြခြင်း ဖြစ်ပါသည်။

■ မြန်မာအမျိုးသားနိုင်ငံ တည်ထောင်ရေး အကွေ့အကောက်များ

ကိုလိုနီခေတ်လွန် မြန်မာနိုင်ငံ တည်ထောင်ရေးတွင်လည်း ဗမာခေါင်းဆောင်များသည် အိန္ဒိယနည်းတူ မြန်မာပြည်ထောင်များ၏ လူမျိုးစု ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ထောင်နိုင်သည့် အခွင့်အရေးမျိုး ရခဲ့ကြပါသည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဦးအောင်ဆန်းနှင့် ထိုစဉ်က ဗြိတိသျှဝန်ကြီးချုပ် ကလီးမင့် အက်တလီတို့ ချုပ်ဆိုခဲ့သည့် မြန်မာနိုင်ငံ လွတ်လပ်ရေးဆိုင်ရာ သဘောတူစာချုပ် ၃ အပိုဒ် ၈ အရ လူများစု လူမျိုးဗမာများကို ကိုယ်စားပြုကြသည့် ခေါင်းဆောင်များနှင့် လူနည်းစုလူမျိုးများကို ကိုယ်စားပြုကြသည့် ခေါင်းဆောင်အချို့တို့ကြား ဗြိတိသျှ ကိုလိုနီခေတ်လွန် မြန်မာနိုင်ငံ တည်ထောင်မည့် ပုံစံတစ်ခုကို မဖြစ်မနေ သဘောတူညီကြရန် လိုအပ်ခဲ့ပါသည်။ စာချုပ်ပါ လိုအပ်ချက်အတိုင်း ပင်လုံတွင် ကျင်းပခဲ့သည့် ညှိနှိုင်းဆွေးပွဲသို့ တက်ရောက်ခွင့် ရှိခဲ့ကြသည့် လူမျိုးစု ခေါင်းဆောင်များနှင့် ဗမာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်တို့ကြား လူမျိုးစုနယ်မြေများကို အခြေခံယူနစ်အဖြစ် အသုံးပြုဖွဲ့စည်းသည့် ဖက်ဒရယ်နိုင်ငံ ဖွဲ့စည်း တည်ထောင်ရေးကို ဆွေးနွေး ညှိနှိုင်း သဘောတူခဲ့ကြပါသည်။ သို့ရာတွင် မြန်မာနိုင်ငံ အနာဂတ်နှင့် ပတ်သက်၍ ဆုံးဖြတ်ခွင့် ရှိကြသည့် ထိုစဉ်က ဗမာခေါင်းဆောင် အများစုတို့သည် အထက်တွင် ဆိုခဲ့သည့်အတိုင်း မြန်မာပြည်ထောင်များ၏ နိုင်ငံထက် တစ်ပြည်ထောင် ဗမာအမျိုးသားနိုင်ငံ တည်ထောင်ရေးကို အားသန်ခဲ့ကြပါသည်။ ပင်လုံညီလာခံ ပြီးနောက် ၁၉၄၇ ခုနှစ် ဇွန် ၁၆ ရက်တွင် ကျင်းပခဲ့သည့် တိုင်းပြည်ပြုလွှတ်တော် ညီလာခံ၌ ဦးအောင်ဆန်း တင်သွင်းခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးဆိုင်ရာ “လမ်းညွှန်ပြဌာန်းချက်”၊ သို့မဟုတ် အခြေခံမူအဖြစ် ကျင့်သုံးရမည့် အချက် ခုနစ်ချက်တွင် ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည့် လူမျိုးစုများအား အခွင့်ထူးပေးသည့် လူမျိုးစု-ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းရန် အခြေခံမူများကို အတိအလင်း ဖော်ပြထားပါသည်။ ဥပမာအားဖြင့် “တောင်တန်းသားများနှင့် ကရင်နီနယ်များ အပါအဝင်ဖြစ်သော မြန်မာနိုင်ငံတော်သူ နိုင်ငံသားတို့၏ ကိုယ်စားလှယ်များသည် တိုင်းသူပြည်သားတို့၏ အာသီသဆန္ဒနှင့် လျော်ညီစွာ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို စီစဉ်ရေးဆွဲရန် အလို့ငှာ စုံညီစုဝေးကြလျက်၊ အောက်ပါ ပြဌာန်းချက်များကို ချမှတ်ကြကြောင်း” အစချီလျက် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် “မြန်မာပြည်ထောင်စုနိုင်ငံတော်”ဟု ခေါ်တွင်စေသော… (လမ်းညွှန် ပြဌာန်းချက်-၁)၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေက သတ်မှတ်ဖော်ပြသည့် တစ်သီးပုဂ္ဂလ ပြည်နယ်များ ပါဝင်စေလျှက်၊ ထိုသို့ သတ်မှတ်ဖော်ပြသည့် တစ်သီးပုဂ္ဂလ ပြည်နယ်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ် ဖော်ပြထားသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာ ရရှိစေရမည် (လမ်းညွှန်ပြဌာန်းချက်-၂)၊ ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်းပြဌာန်း ထားရှိစေရမည် (လမ်းညွှန်ပြဌာန်းချက်-၅) အစရှိသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာတွင် အခြေခံရမည့် အခြေခံမူများကို အထက်တွင် ဆိုခဲ့သည့်အတိုင်း ပြည်ထောင်များ၏ အခွင့်ထူးပေးသည့် လူမျိုးစု ဖက်ဒရယ်နိုင်ငံ ဖွဲ့စည်းတည်ထောင်ရေးဆိုင်ရာ အကောက်အယူများနှင့်အညီ ချမှတ် ပြဌာန်းခဲ့ပြီးသား ဖြစ်ပါသည်။ သို့ရာတွင် ဆိုခဲ့သည့် ခေါင်းဆောင်များအကြား တင်ကူးသဘောတူညီကြသည့် ခေါင်းဆောင် သဘောတူညီချက် (Elite Pact) အရ ချမှတ်ထားပြီး ဖြစ်သည့် မြန်မာပြည်ထောင်များ၏ နိုင်ငံဖွဲ့စည်း တည်ထောင်ရေး အခြေခံမူများကို မျက်ကွယ်ပြုပြီး ၁၉၄၇ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဦးဆောင် ရေးဆွဲခဲ့ကြသည့် ဗမာ နိုင်ငံရေးခေါင်းဆောင်များနှင့် ပညာရှင်များက တစ်ပြည်ထောင်နိုင်ငံ ပုံစံဖြင့် ရေးဆွဲခဲ့ကြပါသည်။ ထို့အပြင် ပင်လုံစာချုပ်ကို အခြေခံ ရေးဆွဲခဲ့သည်ဆိုသည့် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ထိုစဉ်ကတည်းက အသားကျနှင့်နေပြီ ဖြစ်သည့် ဖက်ဒရယ်ဝါဒ အကောက်အယူများနှင့် သိသာစွာ ကွဲလွဲနေခဲ့ပါသည်။ ထို့အပြင် နိုင်ငံ တည်ထောင်ရေးနှင့် ပတ်သက်၍ သီးခြား အကြံအစည်ရှိခဲ့ကြဟန်တူသည့် ပင်လုံ စေ့စပ်ဆွေးနွေးပွဲများတွင် လေ့လာသူအဖြစ်ဖြင့်သာ ပါဝင်ခဲ့သည့် ကရင်လူမျိုးများ ဗမာဘုရင်များကို စစ်ရှုံးခဲ့သည့် မွန်နှင့် ရခိုင်လူမျိုးများနှင့် အခြားသော လူမျိုးစုများတို့ကို ထိုမြန်မာပြည်ထောင်စု၏ တိုင်းပြုပြည်ပြုနိုင်ငံ ဖွဲ့စည်းပုံတွင် ထည့်သွင်း မစဉ်းစားခဲ့ကြတော့ပါ။ ထို့အပြင် အခြားသော နိုင်ငံတည်ထောင်ရေးဆိုင်ရာ အရေးကြီးသည့် ကိစ္စရပ်အများအပြားကိုလည်း အတိအကျ သတ်မှတ်မထားသည့် “နောင်ကာလများတွင်” ဆွေးနွေးရန်အတွက် ရွှေ့ဆိုင်းခဲ့ကြပါသည်။ ဆိုခဲ့ပါ ပြည်ထောင်စု မြန်မာနိုင်ငံ၏ တိုင်းပြုပြည်ပြု ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဦးဆောင်ရေးဆွဲသူ ဖြစ်သည့် ဦးချန်ထွန်း ကိုယ်တိုင်ပင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် သဘောတရားအရ ပြည်ထောင်စုစနစ် ဖြစ်သော်လည်း လက်တွေ့တွင် တစ်ပြည်ထောင်စနစ်သာ ဖြစ်သည်ဟု နောက်ပိုင်းတွင် ပြောင်ပြောင်တင်းတင်း ထုတ်ပြောကြောင်း ဗြိတိသျှသမိုင်းပါမောက္ခ ဟျုဂျ်တင်ကာက သူ၏ ၁၉၆၇ ခုနှစ်ထုတ် ပြည်ထောင်စုမြန်မာနိုင်ငံ စာအုပ်တွင် ဖော်ပြထားပါသည် (Tinker, 1967)။ သို့အတွက် နိုင်ငံတကာမှ ဖက်ဒရယ်ပညာရှင်များက ထိုစဉ်က ပြည်ထောင်စု မြန်မာနိုင်ငံကို ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံအဖြစ် လက်မခံခဲ့ကြခြင်း ဖြစ်နိုင်ပါသည် (Watts, 1966, p. 12; Paleker, 2006, p. 309)။

မူလရည်ရွယ်ချက် မည်သို့ ရှိသည်ကို မသိရသော်လည်း ၁၉၄၇ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သည့် လူမျိုးစုပြည်နယ်များအား တစ်ခုနှင့်တစ်ခု တန်းတူညီတူ မဟုတ်သည့် သီးခြား အခွင့်အရေးများ ပေးအပ်ထားသည့် အခွင့်ထူးပေးသည့် ဖက်ဒရယ်ဆန်သည့် ပြဌာန်းချက်များကိုလည်း တွေ့ရပါသည်။ လွတ်လပ်သည့် ကရင်နီနယ်များကို စုစည်းခေါ်ဝေါ်သည့် ကရင်နီပြည်နယ်နှင့် အခန်း ၁၊ ပုဒ်မ ၅ အရ ဒေသဆိုင်ရာ ဖက်ဒရယ်နယ်မြေအဖြစ် ဖွဲ့စည်းထားပြီး ဖြစ်သည့် ရှမ်းပြည်နယ်များ (Federated Shan States) နှင့် ၀ ပြည်နယ် (the Wa States) တို့ကို ပူးပေါင်းပြီး ပြည်ထောင်စု၏ ယူနစ်တစ်ခုအဖြစ် ဖွဲ့စည်းခဲ့သည့် ရှမ်းပြည်နယ် နှစ်ပြည်နယ်တို့တွင်သာ ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း ၁၀ အရ ခွဲထွက်ခွင့် ရှိသည့် ပြည်နယ်များ ဖြစ်ခဲ့ပါသည်။ မြစ်ကြီးနားခရိုင် တစ်ခုတည်းသာ မြူနီစီပယ် အုပ်ချုပ်ရေးဒေသအဖြစ် ရှိခဲ့သည့် ကချင်ပြည်နယ်အတွက် အခြေအနေ လိုအပ်ချက်အရ ရှမ်းမျိုးနွယ်စုများ နေထိုင်ကြသည့် ဗန်းမော်ခရိုင်ကို ဖက်ဒရယ်ရှမ်းပြည်နယ်မှ ခွဲထုတ်ပြီး ကချင်ပြည်နယ်ထဲသို့ ပေါင်းထည့်ခဲ့ကြပါသည်။ သို့အတွက် ကချင်ပြည်နယ်သည် ပုဒ်မ ၁၇၈ အရ ခွဲထွက်ခွင့်နှင့် အကျုံးမဝင်ပါ။ ၄ ထို့အတူ ချင်းဒေသကိုလည်း ပြည်နယ်အဆင့် မဟုတ်သည့် အထူးအုပ်ချုပ်ရေးတိုင်း (Special Administrative Division) အဖြစ် ဖွဲ့စည်းခဲ့ပါသည်။

ပါလီမန် ဒီမိုကရေစီခေတ် လွန်ပြီးနောက် နိုင်ငံတော်အာဏာကို အင်အားသုံး ရယူခဲ့ကြသည့် တော်လှန်ရေးကောင်စီ အစိုးရ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အစိုးရ၊ နိုင်ငံတော် အေးချမ်းသာယာရေးအစိုးရ အဆက်ဆက်တို့က တစ်ပြည်ထောင် မြန်မာအမျိုးသားနိုင်ငံ တည်ထောင်ရေးကိုသာ နည်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့ကြသည်ကို တွေ့ရမည် ဖြစ်ပါသည်။ မြန်မာပြည်ထောင်စုနိုင်ငံ၏ လူမှု-ယဉ်ကျေးမှု ကျယ်ပြန့်ဖြစ်ထွန်း တိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်သည့် လူမျိုးစုများ၏ စာပေ၊ ဘာသာစကား၊ ဓလေ့ထုံးတမ်းများ ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်ခြင်းများကို အထောက်အကူ မပြုရုံမျှမက ကြီးစွာသော အနှောင့်အယှက် အဟန့်အတားများကို တစိုက်မတ်မတ် ချမှတ် ဖိနှိပ်ခဲ့ကြပါသည်။ လွန်ခဲ့သည့် နှစ်များအတွင်း လူများစုဗမာများကို အဓိကကိုယ်စားပြုကြသည့် မြန်မာနိုင်ငံရေး ခေါင်းဆောင်များ၏ နိုင်ငံတည်ထောင်ရေးဆိုင်ရာ အကောက်အယူမှာ လုံးလုံးပိတ် တစ်ပြည်ထောင် အမျိုးသားနိုင်ငံစနစ်မှ ဖက်ဒရယ်စနစ်သို့ ပြောင်းလဲလာသည်ဟု ဆိုနိုင်သော်လည်း ဆိုခဲ့သည့် ခေါင်းဆောင်များ တည်ဆောက်ရန် ကြိုးပမ်းနေသည့် ဖက်ဒရယ်စနစ်မှာ လူမျိုးစုဖက်ဒရယ်စနစ် မဟုတ်ဘဲ လူမှု-ယဉ်ကျေးမှုချင်း ကွဲပြားနေကြသည့် လူနည်းစုလူမျိုးစုများအား ဝါးမျို ဖျက်သိမ်းရေးသို့ ဦးတည်သည့် လူမျိုးစု ရောနှောကွယ်ပျောက်ရေး ဖက်ဒရယ်ပုံစံမျိုး ဖြစ်နေသည်ကို တွေ့ရပါသည်။ ငြိမ်းချမ်းမှု တည်ဆောက်ရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သည့် သမ္မတဦးသိန်းစိန်၏ အရပ်သားတစ်ပိုင်း အစိုးရမှ ခေါင်းဆောင်အချို့က လူမျိုးစု ကွယ်ပျောက်ရေး ဖက်ဒရယ်နိုင်ငံ ဖွဲ့စည်းတည်ထောင်ရေးကို ဦးတည် ကြိုးပမ်းခဲ့သည်ကို တွေ့ရပါသည်။ ဥပမာ အရပ်သားတစ်ပိုင်း အစိုးရလက်ထက် ပြည်ထောင်စု မြန်မာနိုင်ငံ၏ အရေးကြီးသည့် အင်စတီကျူးရှင်း တစ်ခုဖြစ်သည့် မြန်မာနိုင်ငံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပုံနှိပ် ထုတ်ဝေသည့် “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် မဟာဗျူဟာစီမံကိန်း ၂၀၁၄-၂၀၁၈”၊ မြန်မာဘာသာမူ၊ စာမျက်နှာ နှစ်တွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံစနစ်ကို “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည် လွှတ်တော်စနစ် ကျင့်သုံးသော နိုင်ငံဖြစ်သည်”ဟု ဖော်ပြထားသော်လည်း၊ ယင်းစီမံကိန်း အင်္ဂလိပ်ဘာသာမူ၊ စာမျက်နှာ ၂ တွင်မူ “Myanamr is a unitary presidential republic with a union system” ဟု ဖော်ပြထားသည်ကို အံ့သြဖွယ်ရာ တွေ့ရှိရပါသည်။ လက်တွေ့တွင် မည်သို့ သဘောဆောင်သည်ကို ရှင်းရှင်းလင်းလင်း ဝေခွဲရန် ခက်ခဲသော်လည်း “မြန်မာနိုင်ငံသည် ပြည်ထောင်စုစနစ် ကျင့်သုံးသည့် တစ်ပြည်ထောင် သမ္မတနိုင်ငံ ဖြစ်သည်”ဟု အင်္ဂလိပ်ဘာသာတွင် အတိအလင်း ဖော်ပြထားခြင်း ဖြစ်ပါသည်။ ထို့အတူ ကွယ်လွန်သွားပြီ ဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင် ဦးအောင်သောင်း၏ “ပြည်နယ် ခုနစ်ခုကို သက်ဆိုင်ရာ လူမျိုးစုအမည်ဖြင့် ခေါ်ဝေါ်မည့်အစား မြို့တော်အမည်များဖြင့်” ပြောင်းလဲဖွဲ့စည်း ခေါ်ဝေါ်ရန် အကြံပြုချက် ၅ သည် လည်းကောင်း၊ နိုင်ငံလူဦးရေ၏ ၈၅ ရာခိုင်နှုန်းသည် ဗမာလူမျိုးများ ဖြစ်သည်ဟု ဆိုသည့် မြန်မာကာကွယ်ရေးဦးစီးချုပ်၏ ထုတ်ဖော်ပြောဆိုချက်သည် လည်းကောင်း၊ တစ်ပြည်ထောင်စနစ် တွေးခေါ်မှုနှင့် လူမျိုးစု ရောနှောကွယ်ပျောက်ရေး ဖက်ဒရယ်စနစ် အခြေခံများကို စစ်ခေါင်းဆောင်များ၊ နိုင်ငံရေး ခေါင်းဆောင်များ မပြောင်းလဲနိုင်ကြသေးကြောင်း ပြဆိုသည့် သာဓကများဟု ဆိုရပါမည်။

■ အခွင့်ထူးပေးသည့် စုစည်း-ဖက်ဒရယ် မြန်မာပြည်ထောင်များ၏ နိုင်ငံတည်ထောင်ရေး

မြန်မာငြိမ်းချမ်းရေးဗဟိုဌာန၊ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးနှင့် အကောင်အထည်ဖော်ရေး အစီအစဉ်၏ တွေ့ရှိချက်များအရ ၂၀၁၅ ခုနှစ်အတွင်း လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများနှင့် မြန်မာစစ်တပ်နှင့် လူမျိုးစုတပ်များ သူတပြန်ကိုယ်တပြန် စိုးမိုးသည့် နှစ်ဘက် အားပြိုင်နယ်မြေများမှ မြို့နယ် ၂၇ မြို့နယ်တို့တွင် တိုက်ပွဲကြီးငယ် ၃၃၄ ပွဲ ဖြစ်ပွားခဲ့ပါသည်။ ယင်းတိုက်ပွဲများ၏ ၂၂ ရာခိုင်နှုန်း (ခြောက်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ)သည် သဘာဝအရင်းအမြစ် စီမံခန့်ခွဲခွင့်နှင့် ဆက်နွယ်ခဲ့ပြီး၊ ကျန် ၈၀ ရာခိုင်နှုန်းနီးပါး (၂၁ မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ)မှာ နယ်မြေစိုးမိုးရေးနှင့် ကုန်သွယ်လမ်းကြောင်း ထိန်းသိမ်းရေးအပေါ်တွင် အကြောင်းခံ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အစီရင်ခံစာက ဆိုပါသည်။ မြန်မာတပ်မတော်တပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် သို့မဟုတ် ဖြစ်ပွားနေသည့် လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းအားလုံးမှ တာဝန်ရှိသူများက တိုက်ပွဲအများစုသည် မြန်မာတပ်မတော်တပ်ဖွဲ့များ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အသိအမှတ်ပြုထားပြီး ဖြစ်သည့် နယ်မြေအပိုင်းအခြားများနှင့် နှစ်ဘက် အားပြိုင်နယ်မြေများအတွင်းသို့ နဂိုမူလ သဘောတူညီချက်များကို လေးစားလိုက်နာမှု မရှိဘဲ ကျူးကျော် ဝင်ရောက်လာသဖြင့် သက်ဆိုင်ရာ လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့များက ပြန်လည် ခုခံကြရာမှ တိုက်ပွဲများ ဖြစ်ပွားရခြင်းဖြစ်သည်ဟု တစ်သဘောတည်း ပြောဆိုကြပါသည်။ လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက “အစိုးရတပ်တွေ ငါတို့ ထိန်းချုပ်နယ်မြေထဲ ဝင်မလာရင် ဘာတိုက်ပွဲမှ ဖြစ်စရာမရှိဘူး”ဟု ပွင့်ပွင့်လင်းလင်းပင် ပြောပါသည်။ မြန်မာတပ်မတော် တာဝန်ရှိသူ အချို့ကလည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ နယ်မြေစိုးမိုးရေး ဆောင်ရွက်နေသော တပ်ဖွဲ့များနှင့် ထိတွေ့မှုဖြစ်ခြင်း သဘောမျိုး ရှင်းလင်းပြောကြားသည်ကိုလည်း မကြာခဏ တွေ့မြင်ရပါသည်။ လူမျိုးစု ခေါင်းဆောင်များ အနေဖြင့် နိုင်ငံရေး စေ့စပ်ညှိနှိုင်း ဆွေးနွေးမှုများမှ တစ်ဆင့် မြန်မာနိုင်ငံ လူမျိုးစုပြဿနာကို အပြီးသတ် ဖြေရှင်းနိုင်မည့် နိုင်ငံတည်ထောင်ရေး ပုံစံတစ်ရပ်ကို အများညီ သဘောမတူနိုင်မချင်း မြန်မာတပ်မတော်နှင့် ပုံစံတစ်မျိုးမျိုးဖြင့် သဘောတူထားခဲ့ပြီး ဖြစ်သည့် သဘောတူညီချက်များအတိုင်း ၎င်းတို့သက်ဆိုင်ရာ အခြေခံဒေသများကို ဆက်လက် ထိန်းချုပ်ထားလိုသည့်ဆန္ဒမှာ သဘာဝကျသည်ဟု ဆိုရပါမည်။

တစ်ဖက်တွင်လည်း မြန်မာတပ်မတော် အနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံဖြစ်မှု (stateness) တွင် ပဓာနကျသည့် နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်စိုးမှုကို ကျင့်သုံးဆောင်ရွက်ရာ၌ အဓိက တာဝန်ရှိသည့် အားဖြည့်ရေး အင်စတီကျူးရှင်း (enforcing institution) တစ်ရပ်အနေဖြင့် ဗဟိုအစိုးရ၏ အတင်းအကြပ် ပြုမူခွင့်အာဏာ (coercive power) ကျင့်သုံးရန်နှင့် အစိုးရ၏ လူမှုဝန်ဆောင်မှုများ (social services delivery) များ နိုင်ငံနယ်နိမိတ်အနှံ့ ဖြန့်ကျက်နိုင်ရေးအတွက် ဆိုခဲ့သည့် နယ်မြေစိုးမိုးရေးကို မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်ပါသည်။ အာဏာရှင်စနစ် တစ်မျိုးမျိုးမှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းနေသည့် အခြေအနေမျိုးတွင် ဗဟိုအစိုးရများ နိုင်ငံနယ်နိမိတ်အနှံ့ မဖြစ်မနေ ပေးအပ်ကြရသည့် လူမှုဝန်ဆောင်မှုများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ အများပြည်သူဆိုင်ရာ ပို့ဆောင်ဆက်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ အခြေခံ အဆောက်အအုံများ ဖြစ်သည့် လျှပ်စစ်ဓာတ်အား၊ လမ်းတံတားများနှင့် ဆက်သွယ်ရေး ကွန်ရက်များကို တည်ဆောက် မြှင့်တင်နိုင်ရေးအတွက် ဆိုခဲ့သည့် နယ်မြေစိုးမိုးရေးမျိုး ပိုမိုလိုအပ်ပါသည်။ သို့အတွက် မြန်မာတပ်မတော်က ဆိုခဲ့သည့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများအတွင်းသို့ ကျူးကျော် ဝင်ရောက်ပြီး နယ်မြေစိုးမိုးရေး ဆောင်ရွက်လိုခြင်းသည်လည်း သဘာဝကျသည်ဟု ဆိုရပါမည်။ သို့ရာတွင် ယင်းသို့ သဘာဝကျသော်လည်း မတူကွဲပြားနေသည့် နှစ်ဘက် လိုအင်ဆန္ဒများကို အင်အားသုံး အတင်းအကြပ် အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့ကြသဖြင့် အောင်မြင်မှုရရန် အလားအလာ ကောင်းမွန်နေခဲ့သည့် မြန်မာငြိမ်းချမ်းမှု တည်ဆောက်ရေးဖြစ်စဉ် လမ်းကြောင်းပေါ်မှ တိမ်းချော် ပျက်ပြားသွားနိုင်သည့် ယခုအနေအထားသို့ ရောက်ရှိလာခြင်း ဖြစ်သည်ကို သတိချပ်စေလိုပါသည်။

ပြဿနာမှာ ဤဆောင်းပါးအစတွင် ငြင်းခုန်ခဲ့သည့်အတိုင်း မြန်မာပြည်ထောင်စုနိုင်ငံ တည်ထောင်ရေးအတွက် လူများစု ဗမာခေါင်းဆောင်များနှင့် လူနည်းစု လူမျိုးစုခေါင်းဆောင်များအကြား အထူးသဖြင့် မြန်မာတပ်မတော်နှင့် လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့များအကြား တည်ထောင်မည့် မြန်မာပြည်ထောင်စု ပုံစံကို ယခုတိုင် ညှိနှိုင်း သဘောမတူနိုင်ကြသေးခြင်းပင် ဖြစ်ပါသည်။ မြန်မာပြည်ထောင်စု နိုင်ငံတည်ထောင်ရေးတွင် ပဓာနကျသည့် အင်အားစုများ ဖြစ်ကြသည့် မြန်မာတပ်မတော်၊ လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအားလုံးတို့က ၂၀၀၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ရန် လိုအပ်သည်ကို သဘောတူခဲ့ကြပြီး ဖြစ်ပါသည်။ သို့ရာတွင် မြန်မာတပ်မတော်က လူမျိုးစုများ ရောနှောကွယ်ပျောက်ရေး (anti-ethnicity) သို့ ဦးတည်သည့် ဒေသန္တရအပေါ် အခြေခံသည့် စုစည်းဖက်ဒရယ် (holding-together) နိုင်ငံ တည်ထောင်ရန် ပြင်ဆင် ကြိုးပမ်းနေစဉ်တွင် လူနည်းစု လူမျိုးစုခေါင်းဆောင်များက လူမျိုးအခြေခံပေါ်တွင် တန်းတူယှဉ်တွဲ (comming-together) ဖက်ဒရယ်နိုင်ငံ တည်ထောင်ရေးကို တင်းခံ တောင်းဆိုနေကြပါသည်။ အထက်တွင် အကျယ်အပြန့် ဖွင့်ဆို ရှင်းပြခဲ့သည့်အတိုင်း နိုင်ငံရေးသန်သည့် အားကောင်းသော လူမျိုးစုံ လူ့အဖွဲ့အစည်းများတွင် တစ်ပြည်ထောင် အမျိုးသားနိုင်ငံစနစ်ဖြင့်သော် လည်းကောင်း၊ လူမျိုးစု ရောနှော ကွယ်ပျောက်ရေး ဖက်ဒရယ်နိုင်ငံစနစ်ဖြင့်သော် လည်းကောင်း သဟဇာတဖြစ်ပြီး၊ ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုကို မတည်ဆောက်နိုင်ပါ။ ထို့အတူ ၁၉၄၇ ခုနှစ် လူမျိုးစုခေါင်းဆောင်များ အနေဖြင့် ပင်လုံစာချုပ်တွင် မိမိတို့ သဘောဆန္ဒအလျောက် လက်မှတ်ရေးထိုးပြီး တန်းတူပေါင်းစည်းရေး ဖက်ဒရယ်စနစ်ဖြင့် ပြည်ထောင်စုနိုင်ငံ တည်ထောင်ရေးတွင် ပါဝင်ခဲ့ကြခြင်း ဖြစ်သော်လည်း ယခုလက်ရှိ အနေအထားမှာ အထက်တွင် ဆိုခဲ့သည့်အတိုင်း ၁၉၄၇ ခုနှစ် လွတ်လပ်ရေးမရခင် အနေအထားမျိုး မဟုတ်တော့ပါ။ သို့အတွက် မြန်မာတပ်မတော် အနေဖြင့် အောင်မြင်မှုရရန် ဖြစ်နိုင်ခြေ နည်းသည့်အပြင် နိုင်ငံကိုလည်း အဖက်ဖက်မှ နိမ့်ကျစေခဲ့သည့် အနှစ် ၇၀ ပြည့်တော့မည့် တစ်ပြည်ထောင် အမျိုးသားနိုင်ငံ၊ သို့မဟုတ် လူမျိုးစု ရောနှောကွယ်ပျောက်ရေး ဖက်ဒရယ်နိုင်ငံ တည်ထောင်ရေးကို ရပ်တန်းက ရပ်သင့်ပြီဟု အဆိုပြုလိုပါသည်။ တစ်ပြိုင်နက်တည်းတွင် လူမျိုးစုခေါင်းဆောင်များ အနေဖြင့် တန်းတူယှဉ်တွဲ ဖက်ဒရယ်နိုင်ငံ တည်ထောင်ရန် မိမိတို့ ဆန္ဒအလျောက် လာရောက်ခဲ့ကြသည့် အနေအထားမှ မြန်မာတပ်မတော်၏ အင်အားအသာစီးဖြင့် အတင်းအကြပ် ဆွဲစုခံထားရသည့် (putting-together) အနေအထားသို့ ပြောင်းလဲသွားခဲ့ပြီ ဆိုသည်ကိုလည်း လက်တွေ့ကျကျ လက်ခံကြရန် လိုအပ်ပါသည်။ သို့မှသာ မြန်မာနိုင်ငံကဲ့သို့ နိုင်ငံရေး အားသန်သည့် လူမျိုးစုံ လူ့အဖွဲ့အစည်းတွင် အမြစ်တွယ်နေသည့် လူမျိုးရေးပဋိပက္ခများ ချုပ်ငြိမ်းပြီး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် မြန်မာပြည်ထောင်များ၏ အခွင့်ထူးပေးသည့် စုစည်းလူမျိုးစု ဖက်ဒရယ်နိုင်ငံတစ်ရပ် တည်ထောင်ရန်အတွက် မဖြစ်မနေ လိုအပ်သည့် မြန်မာနိုင်ငံ လွတ်လပ်ရေးမရင်ခင် ကာလများကတည်းက ယခုတိုင် မဆောင်ရွက်နိုင်ခဲ့သည့် ကနဦး သဘောတူညီချက် တစ်ရပ်ကို စတင်အပေးအယူလုပ် ညှိနှိုင်းဆွေးနွေးနိုင်ကြမည် ဖြစ်ပါသည်။

လက်ရှိ အနေအထားမှာ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာသော်လည်း အားတက်စရာအချက်မှာ ငြိမ်းချမ်းမှု တည်ဆောက်ရေးနှင့် ဆက်နွယ်သည့် တွေ့ဆုံဆွေးနွေးပွဲများ အားလုံး အပြီးသတ် ပျက်ပြားသွားသည့် အခြေအနေမျိုးသို့ ရောက်ရှိ မသွားသေးပါ။ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ရေးအတွက် မြန်မာတပ်မတော်၊ အစိုးရနှင့် လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအကြား ဆွေးနွေးပွဲများလည်း ပုံစံအမျိုးမျိုးဖြင့် အစဉ်မပြတ် ကျင်းပဆွေးနွေးနေကြဆဲ ဖြစ်ပါသည်။ ယခု လောလောဆယ် မြန်မာတပ်မတော်၏ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်မှုကို ခုခံနေရသည့် ကချင်လွတ်လပ်ရေးအဖွဲ့၏ ကိုယ်စားလှယ်များသည်ပင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ စာပွဲဝိုင်းများတွင် ရှိနေကြဆဲ ဖြစ်ပါသည်။ ဆရာကြီး လက်ခ်ဒါ ဘရာဟိမီ၊ မာတီအာတီဆရီ အစရှိသည့် ကမ္ဘာ့ငြိမ်းချမ်းရေး ခေါင်းဆောင်များ (The Elders) က ၎င်းတို့၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း တွေ့မြင်ခဲ့ရသည်များအပေါ် အထောက်အထားပြုပြီး မြန်မာတပ်မတော် ခေါင်းဆောင်များရော လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များပါ ငြိမ်းချမ်းရေး ရလိုသည့် နိုင်ငံရေးစိတ်ဆန္ဒ (political will) ရှိကြသည်ဟု အကဲဖြတ်ကြသည်ကို အားတက်ဖွယ် ကြားသိရပါသည်။ အထက်တွင် ဆိုခဲ့သည့်အတိုင်း မြန်မာနိုင်ငံ လူမျိုးစုပဋိပက္ခ၏ အဓိကကျသည့် ဘက်နှစ်ဘက် ဖြစ်သည့် မြန်မာတပ်မတော်နှင့် လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့များတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်သည်ဆိုခြင်းကို လည်းကောင်း၊ ယင်းတွင် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံပုံစံ သည်သာ လူမျိုးစုပြဿနာ ပြေငြိမ်းစေနိုင်သည့် နိုင်ငံဖွဲ့စည်း တည်ထောင်မှုပုံစံ ဖြစ်သည်ဆိုခြင်းကို လည်းကောင်း အခြေခံအားဖြင့် သဘောတူခဲ့ကြပြီး ဖြစ်ပါသည်။ ကျန်ရှိနေသေးသည့် မည်သို့သော ဖက်ဒရယ်ပုံစံမျိုး ဆိုသည်ကို ဖွင့်ဆိုမည့် ရှည်လျားကောင်း ရှည်လျားနိုင်သည့် နာမဝိသေသနများကိုသာ ဆက်လက် ညှိနှိုင်းသဘောတူကြရန် လိုအပ်တော့သည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ အနှစ် ၇၀ လုံးလုံး တစ်ခါမျှ ပြန်လည် တည်ဆောက်ခွင့် မရခဲ့ကြသည့် ဆင်းရဲနွမ်းပါး၊ ခက်ခဲ ပင်ပန်းလှပြီဖြစ်သည့် မြန်မာပြည်ထောင်များ၏ နိုင်ငံသူနိုင်ငံသားများ၏ နေ့စဉ်ဘဝကို ထောက်ထားပြီး တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းသို့ ရောက်ရှိနေကြပြီ ဖြစ်သည့်အပြင် အတွေ့အကြုံလည်း အလုံအလောက် ရရှိနေကြပြီဖြစ်သည့် ဘက်အားလုံးမှ ခေါင်းဆောင်များ အခွင့်ထူးပေးသည့် စုစည်း-ဖက်ဒရယ် မြန်မာပြည်ထောင်များ၏ နိုင်ငံတည်ထောင်ရန်အတွက် တိုင်းပြုပြည်ပြု ပဋိညာဉ်တစ်ရပ် ပေါ်ထွက်လာရေးအတွက် ဆက်လက်ကြိုးပမ်း ညှိနှိုင်းဆွေးနွေးနိုင်ကြမည်ဟု မျှော်လင့်ပါသည်။

Nation-building and State-building in Diverse and Divided Societies

by Min Khin Maung Yin

Ethnic conflict in Myanmar is a pressing issue resisting every single means of resolutions tried by all key stakeholders. The article argues that a major challenge is incomplete nation-building. While the Burman leaders, particularly the military, have attempted to build a unitary nation-state, the diverse non-Burman leaders have called for “a coming together” type of ethnic federal union. Since the quasi-civilian government led by President U Thein Sein formally launched a peace process in 2011, key stakeholders—the military, the government, and the ethnic armed groups—have agreed in principle to reform the structure of government into a federal one. However, the perceptions held by the different factions on the federalism appear to be also very different. This article argues that the nation of Myanmar needed to be restructured as a “holding together ethnic federal states-nation,” which is discussed in greater detail.

■ စာညွှန်း

၁ မင်းခင်မောင်ရင်သည် The University of New South Wales တွင် ပါရဂူဘွဲ့ ကျမ်းပြုနေသူ ဖြစ်သည်။

၂ မွန်ပဒေသရာဇ်များ ၁၇၅၇ ခုနှစ်တွင် အလောင်းဘုရားကို စစ်ရှုံးပြီးနောက် ၁၇၇၁၊ ၁၇၇၄ ခုနှစ်များတွင် ဆင်ဖြူရှင်မင်းကို လည်းကောင်း၊ ၁၇၈၁ ခုနှစ်တွင် ဘိုးတော်ဘုရားကို လည်းကောင်း ပုန်ကန်ခဲ့ကြပြီး၊ ၁၈၂၄ ခုနှစ်၊ အင်္ဂလိပ်-ဗမာ ပထမစစ်ပွဲတွင် အင်္ဂလိပ်တို့ဘက်မှ ဝင်တိုက်ခဲ့ကြသည်။ ထို့အတူ ကိုလိုနီခေတ်လွန် ခေတ်ပေါ် မြန်မာနိုင်ငံသမိုင်းတွင် ရခိုင်တို့သည် ၁၉၄၇ ခုနှစ်တွင် လွတ်လပ်ရေး ရလုနီးပါး ဖြစ်နေသည့် တစ်ပြည်ထောင် မြန်မာအမျိုးသားနိုင်ငံကို ပထမဦးဆုံး လက်နက်ကိုင် တော်လှန်ခုခံရေးစစ်ပွဲ စတင်ဆင်နွှဲခဲ့သည့် လူမျိုးဖြစ်ပါသည်။ (Smith, 1991, pp. 80-81)

၃ ကိုယ်စားလှယ်အဖွဲ့ဝင် ဦးစောနှင့် သခင်ဗစိန်တို့က ထိုစာချုပ်တွင် လက်မှတ်မထိုးခဲ့ကြပါ။

၄ ကချင်ခေါင်းဆောင်အချို့တို့က ဆိုခဲ့သည့် ၁၀ နှစ်နောက်ပိုင်း ခွဲထွက်လိုက ခွဲထွက်ခွင့်ကို ဗန်းမော်ခရိုင်နှင့် လဲလှယ်ခဲ့သည်ဟု ဆိုကြပါသည်။

၅ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ၏ အစီရင်ခံစာအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ၏ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မှု အစီရင်ခံစာ စာမျက်နှာ ၅ တွင် ဖော်ပြထားသည့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအောင်သောင်း၏ အဆိုပြုချက်။

■ ကျမ်းကိုးစာရင်း

Anderson, L. (2016). Ethnofederalism and the Management of Ethnic Conflict: Assessing the Alternatives. Publius 46 (1):1.
Anderson, L. (2014). Ethnofederalism: The Worst Form of Institutional Arrangement…? International Security 39 (1):165-204.
Ba Maw (1968). Breakthrough in Burma: Memoirs of a Revolution, 1939-1946. New Haven: Yale University Press.
Boutros-Ghali, B. (1992). An Agenda for Peace: Preventive Diplomacy, Peacemaking, and Peace-keeping. In report of the Secretary General pursuant to the statement adopted by the summit meeting of the Security Council on 31 January 1992. New York: United Nations.
Brubaker, R. (1996). Nationalism Reframed: Nationhood and the National Question in the New Europe. In Nationhood and the National Question in the New Europe. Cambridge and New York: Cambridge University Press.
Bunce, V. (1999). Subversive Institutions: The Design and the Destruction of Socialism and the State. Cambridge and New York: Cambridge University Press.
Bunce, V. (2004). Federalism, Nationalism, and Secession, In A. Ugo and N. Bermeo (Eds), Federalism and Territorial Cleavages Baltimore: Johns Hopkins University Press.
Callahan, M. (2003). Language Policy in Modern Burma. In M. Brown and S. Ganguly (Eds.), Fighting words: Language policy and ethnic relations in Asia, Cambridge: Belfer Centre for Science and International Affairs, John F. Kennedy School of Government, Harvard University.
Callahan, M. (2004). Making Enemies: War and State Building in Burma. Singapore: Singapore University Press.
Commissioner, C. (1931). Census of India, 1931. Delhi: Government of India.
Cornell, S. (2002). Autonomy as a Source of Conflict: Caucasian Conflicts in Theoretical Perspective. World Politics 54 (2):245-276.
Dahl, R. (1983). Federalism and the Democratic Process. Nomos 25:95-108.
Dasgupta, J. (1970). Language Conflict and National Development: Group Politics and National Language Policy in India. edited by Berkeley Center for South University of California and Studies Southeast Asia. Berkeley: University of California Press.
Elazar, D. (1987). Exploring Federalism. Tuscaloosa, AL: University of Alabama Press.
Erk, J. & Lawrence A. (2009). The Paradox of Federalism: Does Self-rule Accommodate or Exacerbate Ethnic Divisions? Regional & Federal Studies 19 (2):191-202. doi: 10.1080/13597560902753388.
Fukuyama, F. (2006). Nation-building: Beyond Afghanistan and Iraq. Baltimore: Johns Hopkins University Press.
Furet, F., Furet F., & Ozouf, M. (1989). A Critical Dictionary of the French Revolution. Cambridge, Mass.: Belknap Press of Harvard University Press.
Gandhi, R. (1991). Patel: A Life. Ahmedabad, India: Navajivan Publishing House.
Grimes, B., ed. (1992). Ethnologue: Language of the World. 12th ed. Dallas, Tex.: Summer Institute of Linguistics.
Gurr, T. (2000). Peoples versus States: Minorities at Risk in the New Century. Washington, D.C.: United States Institute of Peace Press.
Gurr, T. (2002). Attaining Peace in Divided Societies: Five Principles of Emerging Doctrine.” International Journal on World Peace 19 (2):27-51.
Hechter, M. (2001). Containing Nationalism. Oxford: Oxford University Press.
Horowitz, D. (2000). Ethnic Groups in Conflict. Berkeley: University of California Press.
Htawmepa, P. (1999). Grandpa will tell you (3): Karen will rule upon worms eating the earth. Kwe Kalu.
Jones, R.(1961). Karen Linguistic Studies: Descriptions, Comparisons, and Texts. Berkeley: University of California Press.
Khilnani, S. (1997). The idea of India. New York: Farrar Straus Giroux.
Leff, C. (1999). Democratization and Disintegration in Multinational States: The Breakup of the Communist Federations. World Politics 51 (2):205-235.
Levy, J. (2007). Federalism, Liberalism, and the Separation of Loyalties. APSR 101 (3):459-477.
Lijphart, A. (1969). Consociational Democracy. World Politics 21 (2): 207-225.
Lijphart, A. (1977). Democracy in Plural societies: A Comparative Exploration. New Haven: Yale University Press.
Lindberg, S. (2006). The Surprising Significance of African Elections. Journal of Democracy 17 (1):139-151.
Linz, J. (1993). State building and Nation building. European Review 1 (4):355-369.
Livingston, W. (1956). Federalism and Constitutional Change. Oxford : Clarendon Press.
Lorwin, V. (1968). Belgium: Religion, Class and Language in National Politics. In R. Dahl (Ed), In Political Oppositions in Western Democracies, New Haven, Conn.: Yale University Press.
McGarry, J. (2002). Federalism (Federation) as a Method of Ethnic Conflict Regulation. Paper presented at conference on “From Power-sharing to Democracy: Post-Conflict Institutions in Ethnically Divided Societies”, London, Ontario. SHOULD HAVE DATES/ORGANISER
McGarry, J. & O’Leary B. 2009. Must Pluri-national Federations Fail? Ethnopolitics 8 (1):5-25.
Thant Myint-U. (2001). The Making of Modern Burma. Cambridge: Cambridge University Press.
Nordlinger, E. (1972). Conflict Regulation in Divided Societies. Cambridge, Mass.: Center for International Affairs, Harvard University.
Oppenheim, L. (1967). International Law: A Treatise. Edited by Hersch Lauterpacht. 8th ed. Vol. 1. London: Longmans.
Paleker, S. (2006). Federalism: A Conceptual Analysis. The Indian Journal of Political Science 67 (2):303-310.
Parks, T., Colletta, N. and Oppenheim, B. (2013). The Contested Corners of Asia: Subnational Conflict and International Development Assistance. San Fransisco: The Asia Foundation.
Riker, W. (1964). Federalism: Origin, Operation, Significance. Boston: Little Brown.
Roeder, P. (2009). Ethnofederalism and the Mismanagement of Conflicting Nationalisms. Regional and Federal Studies 19 (2):203-219.
Rudland, E., & Pedersen, M. (2000). Strong Regimeç Weak State. In R. May, E. Rudland and M. Pedersen (Eds), Burma-Myanmar: Strong Regime, Weak State? Adelaide: Crawford House Publishing.
Smith, B. (2013). Separatist Conflict in the Former Soviet Union and Beyond: How Different Was Communism?
Smith, M. (1991). Burma: Insurgency and the Politics of Ethnicity. London: Zed Books.
South, A. (2009). Ethnic Politics in Burma: States of Conflict. London: Routledge.
Steinberg, D. (2001). Burma: the State of Myanmar. Washington, D.C.: Georgetown University Press.
Stepan, A. (1999). Federalism and Democracy: Beyond the U.S. Model. Journal of Democracy 10 (4):19-34.
Stepan, A., Linz, J. & Yadav, Y. (2010a). Crafting State-Nations: India and Other Multinational Democracies. Baltimore: Johns Hopkins University Press.
Stepan, A., Linz, J. & Yadav, Y. 2010b. The Rise of “State-Nations”. Journal of Democracy 21 (3):50-68. doi: 10.1353/jod.0.0187.
Taylor, C. (1994). Multiculturalism: Examining the Politics of Recognition. In A. Gutmann and C. Taylor. Princeton, N.J.: Princeton University Press.
Taylor, R. (1987). The State in Burma. Honolulu: University of Hawaii Press.
Taylor, R. (2005). Do States make Nations? The Politics of Identity in Myanmar Revisited. South East Asia Research 13 (3):261-286.
Tehlo, M. (2014). Political Transition in Myanmar: The role of India and the International Community. International Journal of Social Science and Humanities Research 2 (4):1-9.
Tinker, H. (1967). The Union of Burma: A Study of the First Years of Independence. 4th ed. London: Royal Institute of International Affairs, Oxford University Press.
Watts, R. (1966). New Federations: Experiments in the Commonwealth. Oxford, England: Oxford University Press.
Weber, E. (1976). Peasants into Frenchmen: The Modernization of Rural France 1870-1914. Standford: Stanford University Press.
Wheare, K. (1963). Federal Government. 4th ed. ed. London: Oxford University Press.
Wildavsky, A. (1967). American Federalism in Perspective. Boston: Little Brown.
Wolff, S. (2013). Conflict Management in Divided Societies: The many Uses of Territorial Self-governance.” International Journal on Minority and Group Rights 20 (1):27-50.

Secured By miniOrange